အခန်း (၅၇၁-၅၇၃)
Vol. 39 Ch. 571-573
အခန်း ၅၇၁ - ၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒ အလယ်အလတ်အဆင့်... မိန်းမလှနှစ်ဦး၏ ပြုစုမှု
“ဒီလောက်တောင် မြန်တာလား...”
ဝိညာဉ်စွမ်းအားနှင့် ဓားဆန္ဒတို့၏ ပြောင်းလဲမှုကို ခံစားလိုက်ရသည့်အခါ လော့ချန်သည် စိတ်လှုပ်ရှားစွာဖြင့် တီးတိုး ရေရွတ်လိုက်မိသည်။
ဝိညာဉ်စွမ်းအား တိုးတက်လာခြင်းမှာ ဒုတိယအချက်သာ ဖြစ်ပြီး အဓိကမှာမူ ဓားဆန္ဒပင် ဖြစ်၏။ ဤနယ်ပယ်သို့ ရောက်ရှိပြီးနောက် ဓားဆန္ဒ၏ အနည်းငယ်သော တိုးတက်မှုတိုင်းမှာ အလွန်ပင် ခက်ခဲလှပြီး အချိန်အတော်ကြာအောင် နားလည်သဘောပေါက်ရန် ကြိုးစားအားထုတ်ကာ ဓားဆန္ဒ၏ ထက်မြက်မှုကို သွေးယူရမည် ဖြစ်သည်။ သူသည် ဓားဘုရင်၏ ဆန္ဒကို အသုံးပြုကာ ဓားဆန္ဒကို သန့်စင်နေလျှင်ပင် တစ်ရက်၊ နှစ်ရက်အတွင်း တိုးတက်မှု ရရှိရန်မှာ မလွယ်ကူပေ။
ယခုတင်က ခဏလေးအတွင်းမှာတင် သူ ရရှိလိုက်သော ရလဒ်မှာ ဆယ်ရက်၊ ရက်သတ္တပတ် နှစ်ပတ်ခန့် ကြိုးစားအားထုတ်ရမည့် အခြေအနေနှင့် အတူတူပင် ဖြစ်နေချေပြီ။
“စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်တဲ့ ကျင့်ကြံရေး နယ်မြေဆိုတာ တကယ်ကို မမှားဘူးပဲ...”
လော့ချန်၏ မျက်ဝန်းထဲတွင် အလင်းတန်းများ ဝင်းလက်သွားသည်။ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် ကျင့်ကြံခြင်းက ဤမျှလောက်အထိ အကျိုးကျေးဇူး ကြီးမားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ယခုမူ မိုင်ပေါင်း ထောင်ချီ၍ ခက်ခက်ခဲခဲ လာခဲ့ရခြင်းမှာ တန်ဖိုးရှိလှပေသည်။
“ငါသာ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်နိုင်မယ်ဆိုရင် ဂိုဏ်းသုံးဂိုဏ်း အတွင်းစည်း တပည့်တွေထဲမှာ နံပါတ်တစ် မဖြစ်နိုင်ရင်တောင် အဲဒီအဆင့်နဲ့ သိပ်ဝေးတော့မှာ မဟုတ်ဘူး”
လော့ချန် ယုံကြည်ချက် အပြည့် ရှိနေသည်။
ယူလန်ရှင်းသည် ၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒကို ပြည့်စုံသည့်အဆင့်အထိ နားလည်ထားသဖြင့် လော့ရှာဂိုဏ်း အတွင်းစည်း၏ ထိပ်သီး မျိုးဆက်တပည့်များထဲတွင် အဆင့်တစ် ဖြစ်သလို စီနီယာအစ်မကြီးလည်း ဖြစ်ပေသည်။ သူ၏ ကျင့်ကြံဆင့်မှာ ယူလန်ရှင်းကို မမီသေးသော်လည်း သူ၏ သတ်ဖြတ်လိုသော ဓားဆန္ဒမှာ ဓားဘုရင်၏ ဆန္ဒမှ ဆင်းသက်လာခြင်းဖြစ်ရာ အစွမ်းမှာ အလွန်ပင် ကြီးမားလှသလို သာမန် ဓားဆန္ဒများထက် များစွာ သာလွန်ပေသည်။ အကယ်၍ သူသာ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒကို နားလည်သွားမည်ဆိုပါက ယူလန်ရှင်းနှင့် သေချာပေါက် ရင်ပေါင်တန်းနိုင်မည်မှာ ဧကန်ပင်။
သူသည် သက်ပြင်းတစ်ချက်ကို အသာအယာ ရှူထုတ်လိုက်ပြီးနောက် နက်မှောင်လှသော အိုင်အောက်ခြေကို စိုက်ကြည့်လျက် မိမိဘာသာ ရေရွတ်လိုက်သည်။
“အခွင့်အရေးက ရခဲတာဆိုတော့ ငါ့ရဲ့ အကန့်အသတ်က ဘယ်မှာလဲဆိုတာ စမ်းသပ်ကြည့်ရမှာပဲ...”
ဤအကွာအဝေးအထိ လျှောက်လှမ်းခဲ့ပြီးနောက် လော့ချန်သည် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် အကြောင်းကို အတိုင်းအတာတစ်ခုအထိ နားလည်သွားခဲ့ချေပြီ။ အိုင်ရေအတွင်း နှစ်ပေါင်းများစွာ စုပုံနေသော သတ်ဖြတ်လိုသည့် အရှိန်အဝါများနှင့် ရှုပ်ထွေးလှသော ဆန္ဒများမှာ ဝေဝါးလှသည့် ထူးဆန်းသော အရှိန်အဝါတစ်ခုကို ဖြစ်ပေါ်စေခြင်းပင်။ ထိုအရှိန်အဝါများမှာ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် တိုးဝင်လာပြီး စိတ်ထဲရှိ မကောင်းသော ခံစားချက်များကို ပိုမို ကြီးမားလာစေကာ စစ်မှန်လှသော ပုံရိပ်ယောင်များဖြင့် စိတ်ဝိညာဉ်ကို တိုက်ခိုက်ခြင်း ဖြစ်ပေသည်။ ထိုတိုက်ခိုက်မှုများကို တောင့်ခံနိုင်ပါက စိတ်ဓာတ်နှင့် ဇွဲလုံ့လမှာ အဆက်မပြတ် တိုးတက်လာမှာ ဖြစ်ပေသည်။
သို့သော်လည်း ၎င်းမှာ အလွန်ပင် ဘေးအန္တရာယ် များလှသော ကိစ္စတစ်ခုလည်း ဖြစ်ပေသည်။
ယခုတင်ကကဲ့သို့ပင် ထိုအေးစက်လှသော ဓားစွမ်းအင် ခုတ်ပိုင်းလာစဉ် လော့ချန်သာ ထိတ်လန့်သွားခဲ့မည်ဆိုပါက ပုံရိပ်ယောင်အတွင်း နစ်မွန်းသွားမည်ဖြစ်ပြီး ရုန်းထွက်နိုင်ရန် ခက်ခဲသွားမည်မှာ သေချာလှပေသည်။ ၎င်းက လက်တွေ့ဘဝကိုပါ သက်ရောက်မှု ရှိစေမှာဖြစ်ရာ သူ့အား ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သလို၊ စိတ်ဓာတ်များ ပြိုလဲသွားပြီး ရူးသွားသည့်အထိ ဖြစ်နိုင်သည်မဟုတ်ပါလော။
ထိုထူးဆန်းသော အရှိန်အဝါများ၏ ပြင်းအားအရ လော့ချန် ခန့်မှန်းသည်မှာ စတုတ္ထအလွှာသည် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများ တောင့်ခံနိုင်မည့် အမြင့်ဆုံး အကန့်အသတ် ဖြစ်ပေလိမ့်မည်။ ပဉ္စမအလွှာမှာမူ မြေကမ္ဘာအဆင့် သန်မာသူများ တောင့်ခံနိုင်မည့် အကန့်အသတ်ဖြစ်ရာ သာမန် သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများ ဝင်ရောက်လာပါက ချက်ချင်းပင် စိတ်ဓာတ်များ ပြိုလဲသွားမည် ဖြစ်သည်။
လော့ချန်သည် မည်သည့် ဘေးအန္တရာယ်မျှ မရှိဘဲ ရှိနေခြင်းမှာ သူ၏ ဝါးမြိုခြင်း သိုင်းဝိညာဉ်ကြောင့် သူ၏ ဝိညာဉ်စွမ်းအားမှာ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများထက် များစွာ သာလွန်နေရုံတင်မကဘဲ မြေကမ္ဘာအဆင့် သန်မာသူများကိုပင် ကျော်လွန်နေသောကြောင့် ဖြစ်ပေသည်။
လော့ချန်သည် မိမိ၏ အကန့်အသတ်မှာ မည်သည့်နေရာတွင် ရှိနေသနည်း ဆိုသည်ကို မြင်တွေ့လိုနေသည်။
ဆဋ္ဌမအလွှာလား။
ဒါမှမဟုတ် သတ္တမအလွှာလား။
“စွပ်...”
သူသည် များစွာ မတွေးတောတော့ဘဲ အောက်ဘက်သို့ ဆက်လက် ငုပ်လျှိုးသွားလိုက်သည်။
နက်ရှိုင်းလေလေ ပတ်ဝန်းကျင်ရှိ ထူးဆန်းသော အရှိန်အဝါများမှာ ပိုမို ပြင်းထန်လာလေလေဖြစ်ရာ လော့ချန်သည်လည်း ပုံရိပ်ယောင်များအတွင်းသို့ အကြိမ်ကြိမ် ကျရောက်သွားခဲ့ရသည်။ သို့သော်လည်း သူ၏ ဝိညာဉ်စွမ်းအားမှာ သန်မာလှသလို စိတ်ဓာတ်မှာလည်း ခိုင်မာသဖြင့် ထိုပုံရိပ်ယောင်များမှာ သူ့အား များစွာ သက်ရောက်မှု မပေးနိုင်ပေ။
ဤအတောအတွင်း လော့ချန်သည် သူ၏ ဝိညာဉ်စွမ်းအားနှင့် ဓားဆန္ဒတို့ တိုးတက်လာမှုကို ရှင်းလင်းစွာ ခံစားနေရသည်။ ထိုပြောင်းလဲမှုမှာ အလွန်ပင် သိမ်မွေ့လှသဖြင့် အာရုံခံစားမှု အလွန် မထက်မြက်ပါက သတိပြုမိရန် ခက်ခဲလှပေသည်။
“ငါ ဒီထဲကို စဝင်တုန်းက ၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် အစောပိုင်းအဆင့်ပဲ ရှိသေးပေမဲ့ အခုတော့ အလယ်အလတ်အဆင့်ကို ရောက်နေပြီပဲ”
ဓားဆန္ဒ တိုးတက်လာမှုကို ခံစားလိုက်ရသည့်အခါ လော့ချန်သည် အောက်သို့ ငုပ်လျှိုးသည့် အရှိန်ကို အလိုလို မြှင့်တင်လိုက်မိသည်။
မကြာမီမှာပင် သူသည် ပဉ္စမအလွှာနှင့် ဆဋ္ဌမအလွှာတို့၏ ကြားခံနယ်မြေသို့ ရောက်ရှိလာခဲ့သည်။
ရှေ့ရှိ အိုင်ရေပြင်မှာ တောက်ပလှသော အလင်းတန်းများဖြင့် ပြည့်နှက်နေပြီး တောက်လောင်နေသော မီးပင်လယ်ကြီး တစ်ခုအလား ရှိနေတော့သည်။ အနားသို့ ချဉ်းကပ်လိုက်ရုံနှင့်ပင် လော့ချန်သည် ထိတ်လန့်ဖွယ် ကောင်းလှသော ဖိနှိပ်မှုများကို ခံစားလိုက်ရပြီး ပြင်းထန်လှသော ထူးဆန်းသည့် အရှိန်အဝါများမှာလည်း ခန္ဓာကိုယ်အတွင်းသို့ အတင်းအကျပ် တိုးဝင်နေတော့သည်။
“တောင့်ခံနိုင်ဦးမှာပါ။ စမ်းကြည့်ရမှာပဲ...”
လော့ချန်မှာ မူလကတည်းက စည်းကမ်းဘောင်ထဲတွင် နေတတ်သူ မဟုတ်ပေ။ ဤမျှလောက်သော အခွင့်အရေးမျိုးကို သူသည် သေချာပေါက် အစွမ်းကုန် အသုံးချကာ အမြင့်ဆုံး ရလဒ်ကို ရယူလိုသည်ဖြစ်ရာ အံကို တင်းတင်းကြိတ်လျက် ဆဋ္ဌမအလွှာအတွင်းသို့ တိုက်ရိုက် တိုးဝင်လိုက်တော့သည်။
“ဆဋ္ဌမအလွှာတဲ့လား...”
လော့ချန် ဆဋ္ဌမအလွှာအတွင်းသို့ တိုးဝင်သွားသည်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရသည့်အခါ ယင်းလီမှာ ထိုနေရာ၌တင် မှင်တက်မိသွားခဲ့ရပြီး သူမ၏ စိတ်ထဲ၌ မည်သို့ ခံစားနေရသည်ကိုပင် ဖော်ပြရန် ခက်ခဲနေတော့သည်။
ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ ဆဋ္ဌမအလွှာ ဆိုသည်မှာ မြေကမ္ဘာအဆင့် သန်မာသူများပင်လျှင် ဇွတ်မတိုးရဲသော နေရာဖြစ်ပြီး အနည်းငယ်မျှ လွဲချော်သွားသည်နှင့် စိတ်ဝိညာဉ်မှာ ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည် မဟုတ်ပါလော။ သူမ ကိုယ်တိုင်ပင်လျှင် ဝင်ရောက်သည့်အခါ အလွန် သတိထားရခြင်း ဖြစ်ပေသည်။
“တကယ်လို့ သူက ဆဋ္ဌမအလွှာမှာတောင် တောင့်ခံနိုင်မယ်ဆိုရင်တော့... သူ့မှာ တန်ဖိုးကြီး ရတနာတစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်။ မဟုတ်ရင်တော့ သူ့ရဲ့ ဝိညာဉ်စွမ်းအားက မယုံကြည်နိုင်လောက်တဲ့ အဆင့်တစ်ခုကို ရောက်နေလို့ပဲ ဖြစ်ရမှာပဲ...”
ယခုအချိန်တွင် ယင်းလီသည် လော့ချန်မှာ အသုံးမကျသော သိုင်းဝိညာဉ်ကို နိုးကြားထားရုံသက်သက် မဟုတ်ကြောင်း အသေအချာ ပြောရဲချေပြီ။ အနည်းဆုံးတော့ ဝိညာဉ်စွမ်းအားနှင့် ဇွဲလုံ့လပိုင်းတွင်မူ သူသည် ပါရမီရှင်ဟု ခေါ်ဆိုရန် ထိုက်တန်လှသလို ရှေးယခင်မှ ယနေ့တိုင် တွေ့ရခဲသော လူမျိုးလည်း ဖြစ်ပေသည်။
“စွပ်...”
အိုင်ရေပြင်မှာ လှုပ်ခတ်သွားပြီး ယင်းလီသည်လည်း ဆဋ္ဌမအလွှာရှိ ရေပြင်အတွင်းသို့ ပျောက်ကွယ်သွားခဲ့ချေပြီ။
“ဝီ... ဝီ... ဝီ...”
လော့ချန် ဆဋ္ဌမအလွှာအတွင်းသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ထူးဆန်းသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။ ပျားကောင်ပေါင်း သောင်းချီ၍ သူ၏ နားနားတွင် အော်ဟစ်နေသကဲ့သို့ ခံစားလိုက်ရပြီးကမ္ဘာကြီးမှာလည်း လည်ပတ်နေကာ မိမိ၏ ခန္ဓာကိုယ်ကိုပင် အာရုံခံ၍ မရတော့ပေ။
ရုတ်တရက်ဆိုသလို သူ၏ ခန္ဓာကိုယ်မှာ လေးလံသွားပြီး ခြေဖဝါးမှာ မြေပြင်သို့ ထိတွေ့သွားကာ... မျက်စိရှေ့တွင်လည်း မယုံကြည်နိုင်လောက်သော မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ကောင်းကင်ယံမှာ မီးတောက်များအလား နီရဲနေပြီး ဧရာမ မီးငှက်ကြီး တစ်ကောင်မှာ ကောင်းကင်တွင် ဝဲပျံနေသဖြင့် မီးလောင်နေသော တိမ်တိုက်ကြီး တစ်ခုအလား ရှိနေတော့သည်။
ထိုမီးငှက်ကြီး၏ နောက်ကျောပေါ်တွင်မူ ပုံရိပ်နှစ်ခု ရပ်နေသည်။ ရှေ့ဆုံးမှ သက်လတ်ပိုင်းအရွယ် လူကြီးမှာ ပါးရိုး မြင့်မားလှသလို အကြည့်မှာလည်း ကြောက်စရာ ကောင်းလှပြီး ၎င်းမှာ ဆွန်ယင်ယန် ပင် ဖြစ်၏။ သူ၏ ဘေးနားတွင်မူ ဆွန်ချွမ်ဝူ ရပ်နေသည်။
၎င်းမှာ လော့ချန် လင်ကျန်းမြို့ အပြင်ဘက်တွင် ထိုနှစ်ဦးအား ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်က မြင်ကွင်းပင် ဖြစ်၏။
“တိရစ္ဆာန်လေး... သေစမ်း...”
ဆွန်ယင်ယန်သည် မီးငှက်ကြီးပေါ်တွင် ရပ်လျက် အေးစက်စွာ စိုက်ကြည့်ကာ ဘာမှမပြောဘဲ လက်သည်းဖြင့် တစ်ချက် ကုတ်ပိုင်းလိုက်ရာ ကောင်းကင်ယံရှိ တိမ်တိုက်များမှာ ပြင်းထန်စွာ ဆွဲဖြဲခြင်း ခံလိုက်ရပြီး ဧရာမ အက်ကြောင်းကြီး တစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
လော့ချန်သည် သူ၏ ခန္ဓာကိုယ်မှာ အလွန်ပင် လေးလံနေသဖြင့် လက်ညှိုးတစ်ချောင်းကိုပင် လှုပ်ရှားရန် ခက်ခဲနေသည်ဟု ခံစားလိုက်ရသည်။
“ဖူး...”
လက်သည်းရိပ် ဖြတ်သန်းသွားသည့် ခဏမှာပင် လော့ချန်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ဆွဲဖြဲခြင်း ခံလိုက်ရပြီး သွေးစများနှင့် အသားစများမှာ အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်ကျဲသွားခဲ့ချေပြီ။
“ဟားဟား... တိရစ္ဆာန်လေး... ငါ မင်းကို အရင်သတ်မယ်၊ ပြီးရင် မင်းရဲ့ အဖေကို အသုံးမကျတဲ့သူ ဖြစ်အောင် လုပ်မယ်။ မင်းတို့ လော့မိသားစု တစ်ခုလုံးကိုလည်း အမြစ်ပြတ်အောင် ချေမှုန်းပစ်မယ်...”
ဆွန်ယင်ယန်သည် ရူးသွပ်စွာ ရယ်မောလိုက်သည်။
ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်သွားပြီဖြစ်ရာ အကယ်၍သာ အခြားလူတစ်ဦးသာဆိုပါက မိမိကိုယ်ကိုယ် သေဆုံးသွားပြီဟု ယူဆမိမှာ သေချာလှပေသည်။ ထိုသို့သာ ဖြစ်ခဲ့မည်ဆိုပါက လက်တွေ့ဘဝတွင်လည်း သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားမှာဖြစ်သလို သေဆုံးသွားသည်အထိ ဖြစ်နိုင်ပေသည်။
လော့ချန်၏ ပျက်စီးနေသော မျက်ဝန်းအစုံမှာမူ လျှပ်စီးများအလား ထက်မြက်နေပြီး သူ၏ ခါးတွင် ချိတ်ဆွဲထားသော ဓားမှာလည်း တုန်ခါလျက် ထိတ်လန့်ဖွယ်ကောင်းသော ထက်မြက်မှုများကို ထုတ်လွှတ်နေတော့သည်။
“အဘိုးကြီး... ငါ မင်းကို တစ်ခါ သတ်နိုင်ခဲ့ရင် ဒုတိယတစ်ခါလည်း သေချာပေါက် သတ်နိုင်သေးတယ်... ဟားဟားဟား...”
တစ်ခဏအတွင်းမှာပင်...
ပျက်စီးနေသော ခန္ဓာကိုယ်မှာ ပြန်လည် စုစည်းသွားခဲ့ပြီး မူလအတိုင်း ဖြစ်သွားခဲ့ချေပြီ။ လော့ချန်သည် လျှပ်စီးဓားကို ဆွဲထုတ်လိုက်ပြီး ဓားဖြင့် တစ်ချက် ခုတ်ပိုင်းလိုက်သည်။
“ရှူး...”
ဓားစွမ်းအင်များ ဖြတ်သန်းသွားသည့် ခဏမှာပင် ဆွန်ယင်ယန် သားအဖနှင့် မီးငှက်ကြီးတို့မှာ ချက်ချင်းပင် ဆွဲဖြဲခြင်း ခံလိုက်ရပြီး သွေးများနှင့် အသားစများမှာ ကောင်းကင်ယံအနှံ့ ပြန့်ကျဲသွားတော့သည်။
လော့ချန်သည် ဆွန်ယင်ယန်၏ ပျက်စီးသွားသော ခန္ဓာကိုယ်ကို ကြည့်ကာ အေးဆေးစွာပင် ရေရွတ်လိုက်သည်။
“အရင်တုန်းကတောင် ငါ မင်းကို မကြောက်ခဲ့တာ... အခုဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး...”
ထိုစဉ် ကောင်းကင်ယံမှ သွေးစများနှင့် အသားစများ ကျဆင်းလာခဲ့သော်လည်း မည်သည့် သွေးနံ့မျှ ရှိမနေဘဲ မွှေးရနံ့များသာ သင်းပျံ့လာခဲ့သည်။
လော့ချန် ခေတ္တမျှ မှင်တက်မိသွားပြီးနောက် ထပ်မံ ကြည့်လိုက်သည့်အခါ အလောင်းများမှာ ပျောက်ကွယ်သွားခဲ့ချေပြီ။ ရှေ့တွင်မူ မက်မွန်တောကြီးတစ်ခု ရှိနေပြီး ပန်းပွင့်လေးများမှာလည်း လေထဲတွင် ဝေ့ဝဲနေကာ... ပန်းခြုံများကြားတွင်မူ အိုင်တစ်ခုမှာ ပုန်းကွယ်နေတော့သည်။
အိုင်အတွင်း၌ မြူခိုးများ ဖုံးလွှမ်းနေပြီး လှပကျော့ရှင်းသော အမျိုးသမီး နှစ်ဆယ်၊ သုံးဆယ်ခန့်မှာ ရေချိုးနေကြသည်။ ဆံပင်နက်များမှာ ရေတံခွန်အလား စီးကျနေသလို၊ အသားအရေမှာလည်း နှင်းများအလား ဖြူဖွေးနေကာ... ဆွဲဆောင်မှုရှိလှသော သူမတို့၏ ခန္ဓာကိုယ်လေးများမှာ မြူခိုးများကြားတွင် ဝင်းလက်နေသဖြင့် ကျောက်စိမ်းများထက်ပင် ပိုမို ဆွဲဆောင်မှု ရှိနေတော့သည်။
လော့ချန်သည် ၎င်းမှာ စိမ်းလဲ့တောင်ကြားရှိ ရောင်စဉ်ငါးသွယ်စမ်းရေတွင်း ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။ အိုင်အတွင်း၌ ယင်းလီ အပါအဝင် လော့ရှာဂိုဏ်းမှ တပည့်မလေး နှစ်ဆယ်၊ သုံးဆယ်ခန့် ရှိနေသည်။
လော့ချန် မှင်တက်မိနေစဉ်မှာပင် ထိုလော့ရှာဂိုဏ်း တပည့်မလေးများမှာ အိုင်အတွင်းမှ ထွက်လာကြပြီး အသံများ ဆူညံသွားတော့သည်။ သူမတို့၏ ကိုယ်ပေါ်တွင်မူ ပါးလွှာလှသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြပြီး ဖြူဖွေး ဝင်းမွှတ်သော အသားအရေပေါ်၌ ရေစက်လေးများ တင်ကျန်နေသဖြင့် အလင်းတန်းများ ဝင်းလက်နေတော့သည်။
သူမတို့သည် ရန်လိုသော အမူအရာများ မရှိကြဘဲ ချစ်မြတ်နိုးသော အကြည့်များဖြင့် ပြုံးရွှင်လျက် လော့ချန်ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာကြရာ ထိုမြင်ကွင်းကြောင့် လော့ချန်ပင်လျှင် ရင်ခုန်သံများ မြန်ဆန်လာခဲ့ပြီး သွေးများပင် ဆူဝေလာရသည်။
“သခင်လေးလော့ချန်...”
“သခင်လေးလော့ချန်... ကျွန်မတို့ သခင်လေး ရေချိုးဖို့အတွက် ပြုစုပေးပါရစေ...”
ယင်းလီနှင့် ချီယွဲ့မှာ ရှေ့ဆုံးမှ ရှိနေကြပြီး လော့ချန်၏ လက်မောင်းတစ်ဖက်စီကို ဆွဲကိုင်ထားကြသည်။ သူမတို့၏ နှုတ်ခမ်းလေးများမှာ စိုပြေနေသလို၊ သွားလေးများမှာလည်း ကျောက်စိမ်းအလား ရှိနေကာ အလွန်ပင် ချိုသာစွာ ပြုံးနေကြပြီး နူးညံ့လှသော လက်ကလေးများဖြင့် လော့ချန်၏ ကိုယ်ပေါ်သို့ အသာအယာ တို့ထိလျက် ရှိနေကြသည်။ သူမတို့၏ အကြည့်များမှာလည်း လော့ချန်ကို လန်းဆန်းသွားစေနိုင်သလို ဆွဲဆောင်မှုရှိလှသော ကိုယ်ဟန်များမှာလည်း လော့ချန်၏ ကိုယ်ပေါ်တွင်ကပ်တွယ်လျက် ရှိနေကြတော့သည်။
နှစ်ဦးစလုံးမှာ ထူးချွန်လှပသော အမျိုးသမီးများ ဖြစ်ကြသလို၊ ယင်းလီမှာမူ ဂိုဏ်းသုံးဂိုဏ်းရှိ အမျိုးသား တပည့်များစွာ တမ်းတနေရသော ထူးချွန်သည့် သမီးတော်တစ်ဦး ဖြစ်ပေသည်။ ဤမြင်ကွင်းမျိုးမှာ မည်သည့် အမျိုးသားကိုမဆို ရူးသွပ်သွားစေနိုင်သလို၊ ဤ အာရုံအတွင်း၌ နစ်မွန်းသွားစေရန်နှင့် ရုန်းမထွက်နိုင်အောင် လုပ်ဆောင်ရန်အတွက်မူ လုံလောက်လှပေသည်။
အခန်း ၅၇၁ ပြီးပါပြီ။
အခန်း ၅၇၂ - ၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် ပြည့်စုံမှုအဆင့်
ယင်းလီနှင့် ချီယွဲ့တို့၏ ဝန်းရံခြင်းကို ခံထားရသဖြင့် လော့ချန်သည် နှာခေါင်းဝတွင် မွှေးရနံ့များ ပြည့်နှက်နေသည်ဟု ခံစားလိုက်ရပြီး ပါးလွှာလှသော အဝတ်အစားများမှာ ဆွဲဆောင်မှုရှိလှသော ထိုကိုယ်ဟန်များကို အပြည့်အဝ ဖုံးကွယ်ထားနိုင်ခြင်း မရှိဘဲ နူးညံ့ထွားကျိုင်းလှသော အထိအတွေ့များကို ပေးစွမ်းနေတော့သည်။
လော့ချန်မှာ သွေးကြွနေသော လူငယ်အရွယ် ဖြစ်သည်နှင့်အညီ ဤကဲ့သို့သော လှပကျော့ရှင်းသည့် မြင်ကွင်းကြောင့် တစ်ခဏချင်းမှာပင် ရင်ခုန်သံများ မြန်ဆန်လာခဲ့ပြီး တံတွေးကို အကြိမ်ကြိမ် မျိုချနေမိကာ ထိုအမျိုးသမီးနှစ်ဦး၏နောက်သို့ လိုက်ပါသွားချင်စိတ်များ ပေါ်ပေါက်လာရသည်။
သို့သော်လည်း ထိုအတွေးမှာ တစ်ခဏသာ ဖြစ်ပေသည်။
“ဘာ ရေချိုးပေးမှာလဲ... သေစမ်း...”
လော့ချန်၏ စိတ်ထဲ၌ ထိတ်လန့်သွားပြီး အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရာ သူ၏ အာရုံခံစားမှုနယ်ပယ်အတွင်းရှိ ရွှေရောင်လှိုင်းတံပိုးများမှာ ဆူဝေလာပြီး စိတ်ဝိညာဉ်မှာလည်း ပြန်လည် ကြည်လင် တည်ငြိမ်သွားခဲ့သဖြင့် ချီယွဲ့ထံသို့ လက်သီးဖြင့် တိုက်ရိုက် ထိုးနှက်လိုက်တော့သည်။
“အား...”
ချီယွဲ့သည် အော်ဟစ်လိုက်သော်လည်း ဆွဲဆောင်မှုရှိလှသော သူမ၏ ခန္ဓာကိုယ်လေးမှာမူ ထိုလက်သီးချက်ကြောင့် ချက်ချင်းပင် ပေါက်ကွဲပျက်စီးသွားခဲ့ချေပြီ။
“လော့ချန်... နင် ဘာလုပ်လိုက်တာလဲ...”
ယင်းလီသည် မျက်မှောင်ကြုတ်လိုက်သော်လည်း သူမ၏ ထူးချွန်လှပသော မျက်နှာလေးမှာမူ အမျက်ထွက်နေသည့် အေးစက်မှုမျိုး မရှိတော့ဘဲ လူကို သနားစဖွယ် ဆွဲဆောင်နေသည့် အရှိန်အဝါမျိုးသာ ရှိနေတော့သည်။
“သတ်စမ်း... သတ်စမ်း...”
လော့ချန်သည် လုံးဝ စိတ်မလှုပ်ရှားတော့ဘဲ လက်သီးချက်များကို အဆက်မပြတ် ထိုးနှက်လိုက်ရာ ယင်းလီနှင့် အခြားသော လော့ရှာဂိုဏ်း တပည့်များ၏ ပုံရိပ်များမှာလည်း တစ်ဦးပြီးတစ်ဦး ပေါက်ကွဲ ပျက်စီးသွားကြတော့သည်။
နောက်ဆုံးတွင်မူ တစ်ခုလုံးသော မက်မွန်တောကြီးမှာလည်း ပြိုလဲ ပျောက်ကွယ်သွားခဲ့ချေပြီ။
“နှစ်ထပ် ပုံရိပ်ယောင် ဖြစ်နေတာပဲ... ဒုက္ခရောက်တော့မလို့...”
လော့ချန်သည် ပုံရိပ်ယောင်ကို ဖြိုခွဲလိုက်နိုင်ပြီးနောက် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှ ဖြစ်ပေါ်လာသော ပုံရိပ်ယောင်များမှာ လူ၏ စိတ်နှလုံးရှိ အားနည်းချက်များကို တိုက်ရိုက် ဦးတည်တိုက်ခိုက်ခြင်းဖြစ်ရာ အမှန်တကယ်ပင် ဆန်းကြယ်လှပေသည်။
လော့ချန်သည် ဆွန်ယင်ယန်၏ အပိုင်းပိုင်း ဆွဲဖြဲခံရသည့် ပုံရိပ်ယောင်မှ ရုန်းထွက်နိုင်ခဲ့ရုံရှိသေးသော်လည်း ချက်ချင်းပင် လှပသော အမျိုးသမီးများကြားသို့ ကျရောက်သွားခဲ့ခြင်းဖြစ်ရာ ဤကဲ့သို့သော အပြောင်းအလဲကို သာမန်လူတစ်ဦးသာဆိုပါက ချက်ချင်း သတိပြုမိမှာ မဟုတ်ဘဲ ၎င်းအတွင်း၌ နစ်မွန်းသွားမှာ သေချာလှပေသည်။ လော့ချန်ပင်လျှင် တစ်ခဏမျှ စိတ်လွင့်သွားခဲ့ရသည်မဟုတ်ပါလော။
သူ ပုံရိပ်ယောင်မှ ရုန်းထွက်နိုင်ခြင်းမှာ ပထမအချက်အနေဖြင့် သူ၏ ဝိညာဉ်စွမ်းအား သန်မာလှသလို စိတ်ဓာတ်မှာလည်း ခိုင်မာသဖြင့် ဆင်ခြင်တုံတရား အနည်းငယ် ကျန်ရှိနေသေးသောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာမူ ချီယွဲ့မှာ လှပသည်မှာ မှန်သော်လည်း သူမသည် သူ့အား အကြိမ်ကြိမ် ပြဿနာရှာထားသူဖြစ်ရာ နှစ်ဦးသားကြားတွင် မည်သည့် ခံစားချက်မှ မရှိကြသလို တစ်ဦးကိုတစ်ဦး မုန်းတီးနေကြသူများ ဖြစ်နေသောကြောင့်ပင်။
ထိုသို့သောသူက သူ့အား ပြုစုပေးမည်ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ ဤသည်က လော့ချန်အား ပုံရိပ်ယောင်နှင့် လက်တွေ့ကို ရှင်းလင်းစွာ ခွဲခြားသိမြင်စေခဲ့သည်။
“ဆဋ္ဌမအလွှာရှိတဲ့ ရေပြင်က တကယ်ကို မရိုးရှင်းဘူးပဲ။ မြေကမ္ဘာအဆင့် သန်မာသူတွေတောင် ဇွတ်မတိုးရဲတာ မထူးဆန်းတော့ဘူး...”
လော့ချန်သည် ပတ်ဝန်းကျင်ရှိ တောက်ပနေသော အိုင်ရေများကို လှမ်းကြည့်လိုက်ရာ ပြင်းထန်လှသော ထူးဆန်းသည့် အရှိန်အဝါများကြောင့် သူ၏ စိတ်ထဲ၌ပင် ဖိအားများ ဖြစ်ပေါ်လာခဲ့သဖြင့် ချက်ချင်းပင် စိတ်ဓာတ်ကို အစွမ်းကုန် စုစည်းလျက် ဓားဆန္ဒကို နှိုးဆွလိုက်တော့သည်။
“ဒီမှာပဲ ကျင့်ကြံရမလား... ဒါမှမဟုတ်...”
လော့ချန် ခေတ္တမျှ တုံ့ဆိုင်းလိုက်ပြီးနောက် ဆက်လက်၍ နက်ရှိုင်းစွာ ငုပ်လျှိုးရန် ဆုံးဖြတ်လိုက်သည်။
ဤနေရာက သူ့အား ဖိအားပေးနေသည်မှာ မှန်သော်လည်း သူ၏ အကန့်အသတ်သို့မူ မရောက်ရှိသေးပေ။ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်သို့ လာရောက်ကျင့်ကြံရန်မှာ ဒုတိယအကြိမ် အခွင့်အရေး ရှိတော့မည်မဟုတ်ဟု သူ ယူဆထားသဖြင့် သေချာပေါက် အစွမ်းကုန် အသုံးချရမှာ ဖြစ်ပေသည်။
“ဝုန်း...”
အိုင်ရေပြင်မှာ လှုပ်ခတ်သွားပြီး လော့ချန်သည် အောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ငုပ်လျှိုးသွားတော့သည်။
အနောက်တွင်မူ ယင်းလီ၏ တစ်ကိုယ်လုံးတွင် နှင်းပွင့်များ ဝေ့ဝဲနေပြီး ဆွဲဆောင်မှုရှိလှသော သူမ၏ ပုံရိပ်မှာ တောက်ပနေသော အိုင်ရေများကြားတွင် လေညင်းတစ်ချက် တိုက်ခတ်လိုက်သကဲ့သို့ နူးညံ့လှပစွာဖြင့် ရွေ့လျားနေတော့သည်။ လော့ချန် ဆက်လက် ငုပ်လျှိုးနေသည်ကို မြင်ရသည့်အခါ ယင်းလီသည် ခေတ္တမျှ တုံ့ဆိုင်းလိုက်ပြီးနောက်မှသာ လိုက်ပါသွားတော့သည်။
သူမ၏ ကျင့်ကြံဆင့်နှင့်ဆိုလျှင်ပင် ဆဋ္ဌမအလွှာသို့ ဝင်ရောက်ခြင်းမှာ ဖိအားများစွာ ရှိနေသော်လည်း လော့ချန်အပေါ်တွင်မူ အလွန်ပင် သိချင်စိတ် ပြင်းပြနေသဖြင့် မလိုက်သွားဘဲ မနေနိုင်ခြင်းပင်။
ခေတ္တမျှ ကြာပြီးနောက် လော့ချန်၏ ရှေ့မှောက်တွင် အလင်းတန်းများမှာ ရုတ်တရက် မှိန်သွားခဲ့ပြီး ပြောမပြတတ်သော ကျယ်ပြောလှသည့် ဖိနှိပ်မှုကြီးတစ်ခု တိုးဝင်လာခဲ့သဖြင့် သူ၏ စိတ်ဝိညာဉ်မှာ လှုပ်ခတ်သွားခဲ့ရကာ ကျောက်တုံးကြီး တစ်လုံးဖြင့် ဖိထားသကဲ့သို့ ခံစားလိုက်ရသည်။
သေသေချာချာ ကြည့်လိုက်သည့်အခါ ရှေ့ရှိ အိုင်ရေပြင်မှာ မည်သည့် အလင်းရောင်မျှ ရှိမနေဘဲ အဆုံးမရှိသော မှောင်မိုက်မှုများသာ ပြည့်နှက်နေကာ ဝေဝါးနေပြီး အောက်ခြေသို့လည်း မမြင်ရတော့ပေ။
“ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ရဲ့ သတ္တမအလွှာပဲ...”
လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သတ္တမအလွှာကို လှမ်းကြည့်လိုက်ရုံနှင့်ပင် သူ၏ စိတ်ထဲ၌ ထိတ်လန့်မှုများ ဖြစ်ပေါ်လာခဲ့ပြီး သူ၏ အာရုံခံစားမှုအရ ထိုနေရာတွင် မည်သည့်အရာမျှ ရှိမနေဘဲ မှောင်မိုက်မှုနှင့် ဟင်းလင်းပြင်သာ ရှိနေသဖြင့် အရာအားလုံးကို ဝါးမြိုတော့မည့်အလား ရှိနေတော့သည်။
“တော်ပါပြီ... ဒီမှာပဲ ကျင့်ကြံတော့မယ်...”
လော့ချန် ဆက်လက်၍ မငုပ်လျှိုးတော့ပေ။
ဤနေရာရှိ ထူးဆန်းသော အရှိန်အဝါများမှာ သူ တောင့်ခံရန် ခဲယဉ်းလာခဲ့ချေပြီ။ အိုင်ရေများမှာ အရပ်မျက်နှာ အနှံ့အပြားမှ သူ့အား ဖိအားပေးနေသဖြင့် အလွန်ပင် လေးလံလှသလို စိတ်ဝိညာဉ်မှာလည်း ပုံရိပ်ယောင်နှင့် လက်တွေ့ကြားတွင် အဆက်မပြတ် လှုပ်ခတ်နေတော့သည်။ အကယ်၍ သူသာ သတ္တမအလွှာအောက်ချေဘက်သို့ ဆက်လက်၍ ဇွတ်တိုးဝင်မည်ဆိုပါက သူ၏ ဝိညာဉ်စွမ်းအားနှင့်ပင် တောင့်ခံနိုင်မည် မဟုတ်ဘဲ ချက်ချင်းပင် စိတ်ဓာတ်များ ပြိုလဲသွားနိုင်ပေသည်။
ဆုံးဖြတ်ချက် ချပြီးနောက် လော့ချန်သည် ချက်ချင်းပင် ချေချိတ်ထိုင်လိုက်ပြီး စိတ်ကို ကြည်လင်စေသော ဆေးလုံးတစ်လုံးကို ထုတ်ယူကာ စားသုံးလိုက်ပြီးနောက် ထို ထူးဆန်းသော အရှိန်အဝါများကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ စတင် လက်ခံလိုက်တော့သည်။
အခြားတစ်ဖက်တွင်မူ ယင်းလီသည်လည်း ရပ်တန့်လိုက်သည်။ သူမသည် လော့ချန် ရှာမတွေ့နိုင်အောင် အလှမ်းဝေးသော နေရာတွင် ရှိနေခြင်းပင်။ ၎င်းအပြင် ဤနေရာသို့ ရောက်လာခြင်းက သူမအား ဖိအားများစွာ ပေးနေသဖြင့် သူမ၏ လှပကျော့ရှင်းသော မျက်နှာပေါ်တွင်လည်း လေးနက်သော အမူအရာများ ပေါ်ထွက်နေတော့သည်။
လော့ချန်သည် ကျင့်ကြံခြင်းကိုပင် စတင်နေပြီဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ ယင်းလီ၏ မျက်ဝန်းထဲတွင် ထူးဆန်းလှသော အလင်းတန်းများ ဝင်းလက်သွားသည်။
“သတ္တမအလွှာနဲ့ နီးကပ်နေတဲ့ နေရာဆိုတာ ကောင်းကင်အဆင့် ထိပ်သီးသန်မာသူတွေတောင်မှ အချိန်အကြာကြီး မတောင့်ခံနိုင်တဲ့ နေရာပဲလေ။ သူက ဒီမှာ ကျင့်ကြံဖို့ကိုတောင် ရွေးချယ်တယ်ဆိုတော့... သူ့ရဲ့ စိတ်ဓာတ် ပြိုလဲသွားမှာကို မကြောက်ဘူးလား...”
“ဒါဆိုရင်... သူ့ရဲ့ ဝိညာဉ်စွမ်းအားက ကောင်းကင်အဆင့် ထိပ်သီးသန်မာသူတွေရဲ့ အဆင့်ကိုတောင် ရောက်နေတာလား...”
အတွေးပေါင်းများစွာမှာ ယင်းလီ၏ ဦးနှောက်ထဲ၌ ဖြတ်ပြေးသွားကြသည်။ သူမအနေဖြင့် လူတစ်ဦးအား ဤမျှလောက်အထိ ဖောက်ထွင်းမမြင်နိုင်သည်မှာ ဤသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်၏။
ယင်းလီသည် ခေတ္တမျှ တုံ့ဆိုင်းလိုက်ပြီးနောက် သူမသည်လည်း ချေချိတ်ကာ ထိုင်လိုက်သည်။ လော့ချန်သည် ဤနေရာတွင် အချိန်မည်မျှအထိ တောင့်ခံနိုင်မည်နည်း ဆိုသည်ကို သူမ မြင်တွေ့လိုနေခြင်းပင်။
လော့ချန်သည် တောက်ပနေသော အိုင်ရေများကြားတွင် တရားထိုင်လျက် ထိုင်နေပြီး သူ၏ မျက်ခုံးတန်းလေးများမှာလည်း တစ်ခါတစ်ရံ ပြေလျော့သွားသလို၊ တစ်ခါတစ်ရံတွင်မူ ကြုတ်သွားတတ်သည်။
ယခုအချိန်တွင် သူသည် မိမိ၏ ခန္ဓာကိုယ်ကိုပင် အာရုံခံ၍ မရတော့ဘဲ ဝေဝါးနေကာ အာရုံ ငါးပါးစလုံးမှာလည်း ပျောက်ကွယ်နေချေပြီ။
များပြားလှသော ထူးဆန်းသည့် အရှိန်အဝါများ ကိုယ်တွင်းသို့ တိုးဝင်လာသည်နှင့်အမျှ သူသည် တဖြည်းဖြည်းနှင့် ပုံရိပ်ယောင် စိတ်ဝိညာဉ်ကမ္ဘာအတွင်းသို့ ကျရောက်သွားခဲ့ရသည်။ သူ၏ စိတ်ဓာတ်မှာ ပြင်းထန်လှသော လှိုင်းတံပိုးများကြားမှ လှေငယ်လေးတစ်စင်းအလား ရှိနေပြီး ပုံရိပ်ယောင်များကြားတွင် လိုက်ပါနေရကာ အနည်းငယ်မျှ လွဲချော်သွားသည်နှင့် ပျက်စီးသွားမှာ သေချာလှပေသည်။
ထိုခံစားချက်မှာ အလွန်ပင် ဆန်းကြယ်လှပေသည်။ ရေတံခွန်ကြီးတစ်ခုအောက်တွင် ရောက်နေသကဲ့သို့ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်မှာ အမျိုးမျိုးသော ခက်ခဲမှုများနှင့် စစ်ဆေးမှုများကို ခံနေရခြင်း ဖြစ်ပြီး ပုံရိပ်ယောင်နှင့် လက်တွေ့မှာလည်း တစ်သားတည်း ဖြစ်နေတော့သည်။
လော့ချန် လုပ်နိုင်သည်မှာ စိတ်ဓာတ်ကို အစွမ်းကုန် စုစည်းကာ မိမိကိုယ်မိမိ ပျောက်ကွယ်မသွားစေရန် စိတ်ထဲရှိ ကြည်လင်မှု အစအနလေးကိုသာ တင်းတင်းဆုပ်ကိုင်ထားရန် ဖြစ်ပေသည်။
အချိန်များမှာ ရေကဲ့သို့ စီးဆင်းသွားခဲ့ချေပြီ။ လော့ချန်သည် ကြီးမားလှသော အိပ်မက်တစ်ခုကို မက်နေသကဲ့သို့ ခံစားနေရပြီး နှစ်ပေါင်းများစွာ ကုန်ဆုံးသွားသကဲ့သို့ပင်။
၎င်းက သူ၏ စိတ်ဝိညာဉ်ကို အဆက်မပြတ် တိုးတက်လာစေသလို ဓားဆန္ဒမှာလည်း ပိုမို သန့်စင်လာခဲ့သည်။ ဓားစွမ်းရည်ကို မကျင့်ကြံမီ စိတ်စွမ်းရည်ကို အရင်ကျင့်ကြံရမည်ဖြစ်ရာ ခိုင်မာလှသော စိတ်နှလုံး ရှိမှသာ ပြင်းထန်လှသော ဓားဆန္ဒကို တောင့်ခံနိုင်မည် မဟုတ်ပါလော။
၎င်းမှာ ဓားလမ်းစဉ် အဆင့်အတန်း တူညီနေလျှင်ပင် လူငယ်ပါရမီရှင်များမှာ အဘယ်ကြောင့် ဝါရင့် ဓားသမားကြီးများကို မမီသနည်း ဆိုသည့် အကြောင်းရင်းလည်း ဖြစ်ပေသည်။ ၎င်းမှာ အတွေ့အကြုံ ကွာခြားချက်ဖြစ်သလို ဓားသမားတစ်ဦး၏ အခြေခံအုတ်မြစ်လည်း ဖြစ်ပေသည်။
လော့ချန်သည် အမျိုးမျိုးသော ပုံရိပ်ယောင် တိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ရသဖြင့် ထိုအတွေ့အကြုံ ကွာခြားချက်ကို ပြည့်စုံသွားစေခဲ့ချေပြီ။ သူ၏ စိတ်ဝိညာဉ်မှာ အသွင်ကူးပြောင်းမှုများ ပြီးမြောက်လာသည်နှင့်အမျှ သူ၏ စိတ်ဓာတ်မှာ ပိုမို ခိုင်မာလာခဲ့ပြီး ဓားဆန္ဒမှာလည်း တဖြည်းဖြည်းနှင့် ပြည့်စုံလာကာ ယခင်ကထက် ပိုမို ထက်မြက်လာခဲ့သည်။
၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် အလယ်အလတ်အဆင့်။
၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် နောက်ဆုံးအဆင့်။
“ဝူး...”
အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိပေ။
ရုတ်တရက်ဆိုသလို ထိတ်လန့်ဖွယ်ကောင်းသော ဓားဆန္ဒတစ်ခုမှာ လော့ချန်၏ ခန္ဓာကိုယ်မှ ကောင်းကင်သို့ ထိုးတက်သွားပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့ရာ တစ်ခုလုံးသော အိုင်ရေပြင်မှာ ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ပြီး ဆူပွက်လာတော့သည်။
“၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးနယ်ပယ် ပြည့်စုံမှုအဆင့်...”
ယင်းလီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး လော့ချန်ကို ကြည့်ကာ သူမ၏ မျက်ဝန်းထဲတွင် ပြင်းထန်လှသော တုန်လှုပ်မှုများ ပြည့်နှက်နေသဖြင့် ဘာပြောရမည်မှန်းပင် မသိတော့ပေ။
ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်သည် စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်သည်မှာ မှန်သော်လည်း ဓားဆန္ဒ ကျင့်ကြံရန် ခက်ခဲမှုကိုမူ လူတိုင်း သိရှိထားကြသည်မဟုတ်ပါလော။ အထူးသဖြင့် ဓားဆန္ဒအစပျိုးအဆင့်၏ အထက်အဆင့်သို့ ရောက်ရှိပြီးနောက် အဆင့်ငယ် တစ်ဆင့် တိုးတက်ရန်မှာပင် အလွန် ခက်ခဲလှပေသည်။
ယင်းလီသည် သေသေချာချာ မှတ်မိနေသည်။ နက်မှောင်မြူခိုးတောင် စစ်ဆေးမှုတွင် လော့ချန်၏ ဓားဆန္ဒမှာ တိုက်ပွဲကြားထဲတွင် အဆင့်တက်သွားခဲ့ပြီး ၈၀ ရာခိုင်နှုန်းသော အဆင့်သို့ အခုမှ ရောက်ရှိထားခြင်း ဖြစ်သည်။
ဤမျှလောက်သော အချိန်တိုအတွင်းမှာတင် သူသည် ၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးနယ်ပယ် ပြည့်စုံမှုအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး အဆင့်ငယ် သုံးဆင့်တိုင်အောင် ဆက်တိုက် တိုးတက်လာခဲ့ခြင်းပင်။
ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် ဤမျှလောက်အထိ ကြီးမားသော အာနိသင် မရှိနိုင်သည်မှာ သေချာလှပေသည်။ မဟုတ်လျှင်မူ တစ်ခုလုံးသော လော့ရှာဂိုဏ်း အတွင်းစည်းတွင် ယူလန်ရှင်း တစ်ဦးတည်းသာလျှင် ၈၀ ရာခိုင်နှုန်းသော ပြည့်စုံသည့် ဓားဆန္ဒနယ်ပယ်သို့ ရောက်ရှိနေမည် မဟုတ်ပေ။
၎င်းမှာ လော့ချန်၏ ကိုယ်ပိုင် ပါရမီကြောင့်သာ ဖြစ်ပေလိမ့်မည်။
“ဓားလမ်းစဉ်မှာ နှစ်ပေါင်း တစ်ရာမှာ တစ်ယောက် ပေါ်ထွန်းခဲတဲ့ ပါရမီရှင်ပဲ။ အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတာတောင်မှ ယွမ်မန်လီက သူ့ကို ရွှမ်ယွမ်ဂိုဏ်းထဲ ခေါ်လာတာ မထူးဆန်းတော့ဘူး...”
ယင်းလီ၏ နှုတ်ခမ်းနီနီလေးမှ သက်ပြင်းတစ်ချက်ကို အသာအယာ ရှူထုတ်လိုက်ပြီး သူမ၏ အကြည့်မှာလည်း တောက်ပနေတော့သည်။
ဓားဆန္ဒမှာ ၈၀ ရာခိုင်နှုန်း ပြည့်စုံမှုအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ နောက်ထပ် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒသို့ ရောက်ရှိမှာဖြစ်ပြီး ၎င်းမှာ စစ်မှန်သော ဓားဆန္ဒ၏ တံခါးဝသို့ ခြေတစ်ဖက် လှမ်းလိုက်ခြင်းပင် ဖြစ်၏။ စစ်မှန်သော ဓားဆန္ဒကို နားလည်နိုင်ရန်မှာလည်း မဝေးတော့ပြီ ဖြစ်သည်။
အခန်း ၅၇၂ ပြီးပါပြီ။
အခန်း ၅၇၃ - သတ္တမအလွှာ... နတ်ဘုရားသားတော်နှင့် ပြန်လည်ဆုံတွေ့ခြင်း
“၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် ပြည့်စုံမှုအဆင့်... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ခုနစ် နောက်ဆုံးအဆင့်...”
ဓားဆန္ဒ အဆင့်တက်သွားခြင်းက လော့ချန်၏ စိတ်ဝိညာဉ်ကို လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။
ဆူဝေနေသော အိုင်ရေများကြားတွင် လော့ချန်သည် မျက်လုံးများကို ဖွင့်လိုက်ရာ ထက်မြက်လှသော အလင်းတန်းများမှာ လူကို အသက်ရှူရပ်သွားစေနိုင်လောက်သည့်အလား ရှိနေပြီး ပတ်ဝန်းကျင်ရှိ အိုင်ရေများကိုပင် နောက်သို့ ဆုတ်ခွာသွားစေတော့သည်။ ဓားဆန္ဒမှာ ဤမျှလောက် မြန်မြန်နှင့် ၈၀ ရာခိုင်နှုန်းသော ပြည့်စုံမှုအဆင့်သို့ ရောက်ရှိသွားခြင်းမှာ လော့ချန်ကိုယ်တိုင်ပင် ထင်မှတ်မထားသည့် ကိစ္စပင် ဖြစ်၏။
၎င်းအပြင် လော့ချန် ခံစားနေရသည်မှာ သူ၏ ဓားဆန္ဒမှာ ဆက်လက်၍ လှုပ်ရှားနေဆဲဖြစ်ပြီး ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်သို့ ရောက်ရှိရန်မှာလည်း ပါးလွှာလှသော အလွှာတစ်ခုသာ ခြားတော့သည့်အလား ရှိနေကာ အချိန်မရွေး ထပ်မံ၍ အဆင့်တက်သွားနိုင်သည့် အလားအလာမျိုး ရှိနေခြင်းပင်။
“ဒါဟာ ငါ ဓားဘုရင်ရဲ့ ဆန္ဒနဲ့ ဓားဆန္ဒကို သွေးယူနေလို့ပဲ ဖြစ်ရမယ်”
လော့ချန်သည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်သည်။
ဓားဘုရင်၏ ဆန္ဒဖြင့် ဓားဆန္ဒကို သန့်စင်နေခြင်းဖြစ်ရာ သူ၏ ဓားဆန္ဒ ထက်မြက်မှုမှာ မူလ အဆင့်အတန်းထက် များစွာ ကျော်လွန်နေခဲ့ချေပြီ။ သူ၏ ကိုယ်ပိုင် အတွေ့အကြုံနှင့် အခြေခံအုတ်မြစ် အားနည်းနေသေးသဖြင့်သာ ဓားဆန္ဒမှာ လျင်မြန်စွာ အဆင့်မတက်နိုင်ခဲ့ခြင်း ဖြစ်သော်လည်း ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် ကျင့်ကြံခြင်းက ထိုအချက်ကို ကွက်တိ ပြည့်စုံသွားစေခဲ့ခြင်းပင်။
ဓားဆန္ဒမှာ စိတ်နှလုံးအတွင်းရှိ အချုပ်အနှောင်များမှ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်ရာ အတောင်ပံဖြန့်နေသော ငှက်တစ်ကောင်အလား ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
ဓားဆန္ဒမှာ ဆက်တိုက် အဆင့်တက်သွားသည်နှင့်အမျှ လော့ချန်၏ ကျင့်ကြံဆင့် ပိတ်ဆို့မှုမှာလည်း ပြိုလဲသွားခဲ့ပြီး ကိုယ်တွင်းရှိ ချီစွမ်းအင်များမှာ ဆူဝေလျက် အဆက်မပြတ် မြင့်တက်လာကာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ခုနစ် အစောပိုင်းအဆင့်မှနေ၍ အဆင့် ခုနစ် နောက်ဆုံးအဆင့်သို့ တစ်ဟုန်ထိုး တက်လှမ်းသွားခဲ့ချေပြီ။
ဤကိစ္စအပေါ် လော့ချန်မှာ အံ့သြခြင်း မရှိပေ။
ဓားဆန္ဒသည် ဓားသမားတစ်ဦး၏ကဏ္ဍပေါင်းစုံကို သက်ရောက်မှု ပေးနိုင်သည်ဖြစ်ရာ ဓားဆန္ဒ တစ်ဟုန်ထိုး တိုးတက်လာခြင်းမှာ ကျင့်ကြံဆင့် အပါအဝင် အခြားသော အရာများစွာကိုပါ ပြောင်းလဲစေခြင်းပင်။ ဓားဆန္ဒကို နားလည်ထားသော ထိပ်သီး ဓားသမားများ၏ ကျင့်ကြံဆင့်မှာလည်း အလွန်ပင် မြင့်မားကြသည်မဟုတ်ပါလော။
“အရှိန်ရတုန်းမှာပဲ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် အထိ ရောက်အောင် တစ်ခါတည်း ကြိုးစားကြည့်မယ်။ ငါသာ အဲဒီအဆင့်ကို ရောက်သွားရင်တော့ ဂိုဏ်းသုံးဂိုဏ်း အတွင်းစည်းရဲ့ လူငယ်မျိုးဆက်တွေကြားမှာ ငါ့ကို ယှဉ်နိုင်တဲ့သူ ရှိမှာ မဟုတ်တော့ဘူး...”
လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် လျှပ်စီးများအလား ထက်မြက်မှုများ ဝင်းလက်သွားသည်။
၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် ဆိုသည်မှာ ကြီးမားလှသောကန့်သတ်ချက်တစ်ခု ဖြစ်ပေသည်။ ၎င်းကို နားလည်သွားခြင်းမှာ ‘ပြည့်စုံလုနီးပါးပါး ဓားဆန္ဒပိုင်ရှင်’ တစ်ဦး ဖြစ်လာခြင်းကို ကိုယ်စားပြုသည်ဖြစ်ရာ အစွမ်းမှာလည်း အဆင့်တူ ဓားသမားများထက် များစွာ သာလွန်သွားမှာ ဖြစ်သဖြင့် အဓိပ္ပာယ် အလွန်ပင် ကြီးမားလှပေသည်။
အကယ်၍ သူသာ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒကို နားလည်သွားမည်ဆိုပါက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ခုနစ် အဆင့်မှာသာ ရှိနေဦးမည်ဆိုလျှင်ပင် ယူလန်ရှင်းကို အနိုင်ယူရန် အပြည့်အဝ ယုံကြည်ချက် ရှိပေသည်။
သူသည် စိတ်ပင်ပန်းမှုများကို ကုစားပေးနိုင်သော ဆေးလုံးအချို့ကို ထပ်မံ စားသုံးလိုက်ပြီးနောက် မျက်လုံးများကို မှိတ်လျက် ဆက်လက် ကျင့်ကြံနေတော့သည်။
ဓားဆန္ဒမှာ ဆက်တိုက် အဆင့်တက်သွားခြင်းကြောင့် ဖြစ်နိုင်သည်။ လော့ချန်သည် စိတ်ဝိညာဉ်ကမ္ဘာအတွင်းရှိ ပုံရိပ်ယောင်များ၏ ဖိအားမှာ များစွာ လျော့နည်းသွားသည်ဟု ခံစားလိုက်ရသည်။ သို့သော်လည်း ၎င်းက နောက်ဆက်တွဲ သက်ရောက်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့ရာ ၎င်းမှာ ကျင့်ကြံမှု ရလဒ်များမှာလည်း ယခင်ကထက် လျော့နည်းသွားခြင်းပင်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်နှင့်အမျှ လော့ချန်သည် ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်နှင့် ပိုမို နီးကပ်လာသည်ဟု ခံစားနေရသည်။ လေညင်းတစ်ချက် တိုက်ခတ်လိုက်ရုံဖြင့်ပင် ထိုပါးလွှာလှသော အလွှာမှာ လွင့်ပျောက်သွားတော့မည့်အလား ရှိနေတော့သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိပေ။ လော့ချန်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။
“အခုထိ မရသေးဘူးပဲ...”
၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်မှာ ကြီးမားလှသောကန့်သတ်ချက်တစ်ခု ဖြစ်သည်နှင့်အညီ အလွန်ပင် နီးကပ်နေပြီဟု ထင်ရသော်လည်း လက်လှမ်းမမီနိုင်သော အရာတစ်ခုအလား ရှိနေသဖြင့် သူ မည်မျှပင် ကြိုးစားအားထုတ်ပါစေ ၎င်း၏ အနှစ်သာရကိုမူ ဖမ်းဆုပ်နိုင်ခြင်း မရှိသေးပေ။
ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက သူ၏ အကန့်အသတ်သို့ မရောက်မီမှာပင် ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒကို အောင်မြင်စွာ နားလည်နိုင်ပါ့မလား ဆိုသည်မှာ သံသယဖြစ်စရာပင်။
စိတ်ကို ကြည်လင်စေသော ဆေးလုံးများက စိတ်ပင်ပန်းမှုများကို ကုစားပေးနိုင်သည်မှာ မှန်သော်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကိုမူ လုံးဝ ပျောက်ကွယ်စေနိုင်ခြင်း မရှိပေ။ သူ၏ အကန့်အသတ်သို့ ရောက်ရှိသွားသည်နှင့် သူသည် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှ မထွက်ဘဲ နေနိုင်မည်မဟုတ်ပေ။
ထိုသို့သာ ဖြစ်ခဲ့မည်ဆိုပါက ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒကို နားလည်ရန်မှာ အချိန်မည်မျှအထိ ထပ်မံ စောင့်ဆိုင်းရမည်နည်း ဆိုသည်ကို သူ မသိရှိပေ။ စစ်မှန်သော ဓားဆန္ဒကို နားလည်ရန်မှာမူ ပို၍ပင် ဝေးကွာသွားမှာ သေချာလှပေသည်။
အတွေးပေါင်းများစွာ ဖြတ်ပြေးသွားပြီးနောက် လော့ချန်၏ အကြည့်မှာ မှောင်မိုက်လှသော သတ္တမအလွှာရှိ ရေပြင်ဆီသို့ အလိုလို ရောက်ရှိသွားခဲ့ပြီး တဖြည်းဖြည်းနှင့် ခိုင်မာလာခဲ့ချေပြီ။
“ကျားဂူထဲ မဝင်ဘဲ ကျားသား မရနိုင်ဘူး။ စမ်းကြည့်ရမှာပဲ...”
အခက်အခဲတွေ့တိုင်း နောက်ဆုတ်တတ်ခြင်းမှာ လော့ချန်၏ စရိုက် မဟုတ်ပေ။ ဤအဆင့်သို့ ရောက်နေပြီဖြစ်ရာ သူသည် အရှုံးပေးရန် လုံးဝ မစဉ်းစားတော့ပေ။
သူသည် ဓားဆန္ဒကို အစွမ်းကုန် နှိုးဆွလိုက်ပြီးနောက် ကိုယ်ကို လှည့်လျက် သတ္တမအလွှာရှိ ရေပြင်ဆီသို့ လျှောက်လှမ်းသွားတော့သည်။
သူ၏ အတွေးမှာ ရိုးရှင်းလှသည်။ ဆဋ္ဌမအလွှာရှိ ရေပြင်က သူ့အား ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒသို့ မရောက်ရှိစေနိုင်ပါက သတ္တမအလွှာရှိ ရေပြင်ကမူ သေချာပေါက် လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပေသည်။
“သူ ဘာလုပ်မလို့လဲ... သတ္တမအလွှာ ထဲကို ဝင်မလို့လား...”
ယင်းလီသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အံ့သြတုန်လှုပ်သွားရပြီး နေရာမှ ချက်ချင်း ထရပ်လိုက်မိသည်။
ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ သတ္တမအလွှာ ဆိုသည်မှာ သူမ ကိုယ်တိုင်ပင်လျှင် ဇွတ်မတိုးရဲသော နယ်မြေတစ်ခု ဖြစ်သည်မဟုတ်ပါလော။ ကြားသိထားရသည်မှာ ‘ကျိရန်’ အဆင့်သို့ ရောက်ရှိမှသာ သတ္တမအလွှာအတွင်းသို့ ဝင်ရောက်ရန် အရည်အချင်း ရှိသည်ဟူ၍ဖြစ်သည်။
သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူတစ်ဦးအနေဖြင့် မည်မျှပင် သန်မာပါစေ သတ္တမအလွှာသို့ ဝင်လိုက်သည်နှင့် စိတ်ဓာတ်များ ချက်ချင်း ပြိုလဲသွားမှာ ဖြစ်ပေသည်။
ယင်းလီသည် ဝင်ရောက် တားဆီးရမလား ဆိုသည်ကို တုံ့ဆိုင်းနေမိသည်။
အမှန်အတိုင်း ပြောရမည်ဆိုလျှင် သာမန် သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်ပါလျက်နှင့် သူမအပေါ် မလေးမစား ပြုမူခဲ့ရုံတင်မကဘဲ ရောင်စဉ်ငါးသွယ်စမ်းရေတွင်းထဲသို့ပါ ဇွတ်ဝင်ရောက်ပြီး သူမ ရေချိုးနေသည်ကို မြင်တွေ့ခဲ့သဖြင့် သူမ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သလို၊ နောက်ပိုင်းတွင်လည်း သူမ၏ စံချိန်ကို ချိုးဖျက်ခဲ့သည်မဟုတ်ပါလော။
ဤသည်က ယင်းလီ၏ စိတ်ထဲ၌ လော့ချန်အပေါ် မကျေနပ်မှုများ ရှိနေစေခဲ့သော်လည်း သူမ၏ အဆင့်အတန်းကြောင့်သာ အရေးမယူခဲ့ခြင်း ဖြစ်ရာ လော့ချန် အရှက်ကွဲပြီး သင်ခန်းစာ ရသွားမည်ဆိုပါက သူမသည် အလွန်ပင် ပျော်ရွှင်မိမှာ သေချာလှပေသည်။
သို့သော်လည်း ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ သတ္တမအလွှာမှာမူ အသေးအဖွဲ ကိစ္စမဟုတ်ဘဲ သူမကိုယ်တိုင်ပင် ယုံကြည်ချက် မရှိသော နေရာ ဖြစ်နေသည်မဟုတ်ပါလော။ လော့ချန်သာ ဝင်သွားမည်ဆိုပါက သေချာပေါက် သေဆုံးသွားမှာ ဖြစ်ပေသည်။
“နေဦး...”
ယင်းလီသည် တစ်ဖက်လူ သေဆုံးသွားသည်ကို မမြင်လိုသဖြင့် နောက်ဆုံးတွင်မူ တားဆီးရန် စကားဆိုလိုက်သည်။
သို့သော်လည်း အကွာအဝေးမှာ အလှမ်းဝေးနေသလို ထိုတုံ့ဆိုင်းနေသည့် ခဏအတွင်းမှာပင် လော့ချန်၏ ပုံရိပ်မှာ လှုပ်ရှားသွားပြီး ရှေ့ရှိ မှောင်မိုက်လှသော ဟင်းလင်းပြင်ကြားသို့ တိုးဝင်သွားခဲ့ချေပြီ။
“တကယ့်ကို သတ္တိရှိလွန်းတဲ့ ကောင်ပဲ။ အသက်ကို ဂရုမစိုက်တော့ဘူးလား။ ဘယ်လိုနေရာမျိုးကို ဇွတ်တိုးဝင်နေတာလဲ...”
ယင်းလီသည် ပြင်းထန်စွာ မျက်မှောင်ကြုတ်လိုက်မိပြီး နှုတ်ခမ်းကို ကိုက်လျက် အနောက်မှကပ်လျက် လိုက်ပါသွားတော့သည်။
သူမသည် သတ္တမအလွှာရှိ ရေပြင်၏ အစွန်းပိုင်း ဧရိယာအထိသာ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ပြီး လော့ချန်ကို တွေ့သည်နှင့် ချက်ချင်းပင် ပြန်လည် ခေါ်ထုတ်လာရန် စဉ်းစားလိုက်ခြင်းပင်။
ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ သတ္တမအလွှာတွင်မူ အိုင်ရေများမှာ မည်သည့် အလင်းတန်းမျှ ရှိမနေဘဲ အလင်းရောင် အားလုံးမှာ ဝါးမြိုခြင်း ခံထားရသကဲ့သို့ ရှိနေတော့သည်။
လော့ချန် ဝင်လိုက်သည်နှင့် သူသည် မှောင်မိုက်လှသော ချောက်နက်ကြီးတစ်ခုအတွင်းသို့ တိုးဝင်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး ထိတ်လန့်ဖွယ် ကောင်းလှသော ဖိနှိပ်မှုများမှာ အရပ်မျက်နှာ အနှံ့အပြားမှ သူ့အား ဝါးမြိုတော့မည့်အလား ရှိနေသဖြင့် တစ်ခုလုံးသော လေဟာနယ်မှာလည်း တုန်ခါသွားခဲ့ရကာ သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကိုပါ ပြင်းထန်စွာ တိုက်ခိုက်နေတော့သည်။
အခြေအနေ မကောင်းမှန်း သိရှိသဖြင့် လော့ချန်သည် ချက်ချင်းပင် ဓားဆန္ဒကို အစွမ်းကုန် နှိုးဆွလိုက်သည်။
သူ၏ အာရုံခံစားမှုနယ်ပယ်အတွင်း၌ ရွှေရောင်လှိုင်းတံပိုးများမှာ ပြင်းထန်စွာ ဆူဝေလာခဲ့ပြီး ကောင်းကင်သို့ ထိုးတက်သွားကာ မိုးကြိုးလျှပ်စီးများလည်း ထွက်ပေါ်နေတော့သည်။
ရုတ်တရက်... မြင်ကွင်းတစ်ခု လော့ချန်၏ မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
ကမ္ဘာကြီးတစ်ခုလုံးမှာ မှောင်မိုက်နေပြီး နတ်ဘုရားတစ်ပါးအလား ပုံရိပ်တစ်ခုမှာ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။ ထိုပုံရိပ်၏ တစ်ကိုယ်လုံးမှာ ဝေဝါးလှသော အလင်းတန်းများ ဖုံးလွှမ်းထားသဖြင့် သူ မည်မျှပင် ကြိုးစားကြည့်ပါစေ ထိုသူ၏ ရုပ်သွင်ကိုမူ ရှင်းလင်းစွာ မြင်တွေ့ရခြင်း မရှိပေ။ သို့သော်လည်း တောက်ပလှသော မျက်ဝန်းအစုံမှာမူ ကောင်းကင်ယံမှ နေမင်းကြီးအလား၊ ကြယ်တာရာများအလား ရှိနေတော့သည်။
ထိုသူ၏ အရှိန်အဝါမှာကမ္ဘာကြီးကို အုပ်စိုးထားသကဲ့သို့ ရှိနေသဖြင့် လူကို အလိုလို ကြောက်ရွံ့သွားစေကာ ဒူးထောက် အရှုံးပေးချင်စိတ်များ ပေါ်ထွက်လာစေပြီး လော့ချန်ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။
လော့ချန်သည် ၎င်းမှာ ဆွန်ယင်ယန်အား ခိုင်းစေကာ သူ၏ ဖခင်ကို ဒဏ်ရာရအောင် လုပ်ဆောင်ခဲ့သော ကျိမိသားစုမှ အရှင်သခင် ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။
“ဟွန်း... တိရစ္ဆာန်လေး။ မင်း ရှိနေတာက ငါတို့ ကျိမိသားစု အတွက် အရှက်ရစရာပဲ။ မင်းကမ္ဘာပေါ်မှာ ရှိမနေသင့်ဘူး။ ကိုယ့်ရဲ့ ကံကြမ္မာကို လက်ခံပြီးတော့... သေလိုက်စမ်း...”
မြင့်မားလှသော ပုံရိပ်ကြီး၏ အသံတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး နေမင်းကြီးအလား မျက်ဝန်းများဖြင့် လော့ချန်ကို စိုက်ကြည့်လျက် နှာခေါင်းတစ်ချက် ရှုတ်ကာ လက်ဝါးဖြင့် ဖိနှိပ်လိုက်တော့သည်။
“ဘုန်း...”
ထိုလက်ဝါးချက်အောက်တွင် ကောင်းကင်မှာ ကောင်းကင် မဟုတ်တော့သလို၊ မြေကြီးမှာလည်း မြေကြီး မဟုတ်တော့ဘဲ အရာအားလုံးမှာ တွန့်လိမ် ပျက်စီးသွားကာ ရှုပ်ထွေးမှုများအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
လော့ချန်သည် သူ၏ တစ်ကိုယ်လုံးရှိ အသားစများနှင့် အရိုးများမှာ ညည်းညူနေရပြီး အချိန်မရွေး ပျက်စီးသွားတော့မည့်အလား ခံစားလိုက်ရသည်။ သို့သော်လည်း သူ၏ မျက်ဝန်းများမှာမူ ထိုပုံရိပ်ကြီးကို စိုက်ကြည့်လျက် ထက်မြက်လှသော အလင်းတန်းများမှာ ယခင်ကထက် ပိုမို တောက်ပလာခဲ့သည်။
“ငါ့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ဖို့ဆိုတာ... မင်းမှာ အရည်အချင်း မရှိသေးဘူး... သေစမ်း...”
သူသည် အော်ဟစ်လိုက်ပြီးနောက် ခန္ဓာကိုယ်ကို မတ်မတ်ထားလျက် ဓားဖြင့် အစွမ်းကုန် တစ်ချက် ခုတ်ပိုင်းလိုက်သည်။
“ရှူး...”
တောင်ကြီးတစ်လုံးအလား ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး ကောင်းကင်ကို ဖုံးလွှမ်းထားသော ထိုဧရာမ လက်ဝါးကြီးကို ဟန့်တားလိုက်တော့သည်။
ထိုစဉ် ကောင်းကင်ယံမှာ ဆွဲဖြဲခြင်း ခံလိုက်ရပြီး နောက်ထပ် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့ပြန်သည်။
၎င်းမှာ လှပထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦး ဖြစ်ပေသည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေခြင်းဖြစ်ပြီး သူ၏ ကိုယ်ဟန်မှာ မြင့်မားကျော့ရှင်းကာ သူ၏ မျက်ဝန်းများမှာလည်း ကောင်းကင်ယံမှ ကြယ်တာရာများအလား တောက်ပနေသဖြင့် ကိုးထပ်ကောင်းကင်ယံထက်တွင် တစ်ကိုယ်တည်း အုပ်စိုးနေသော ဘုရင်တစ်ပါးအလား ရှိနေတော့သည်။
လော့ချန်၏ သူငယ်အိမ်မှာ ကျုံ့သွားခဲ့ရပြီး လက်သီးကိုလည်း တင်းတင်းဆုပ်ထားမိသည်။
၎င်းမှာ ကျိမိသားစု၏ နတ်ဘုရားသားတော် ကျိယွမ်ဟောင် ပင် ဖြစ်၏။
ကျိယွမ်ဟောင်သည် လော့ချန်ကို ငုံ့ကြည့်လိုက်ရာ ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသကဲ့သို့ ရှိနေပြီး အေးစက်စွာ လှောင်ပြုံးလိုက်သည်။
“ပုရွက်ဆိတ် တစ်ကောင်ကများ လမင်းကြီးနဲ့ ယှဉ်ပြီးတော့ တောက်ပချင်နေတာလား။ မင်း ငါ့ကို စိန်ခေါ်ချင်တယ်ဆိုတော့ ဒီနေ့တော့ မင်း ဘယ်လောက်အထိ သိမ်ငယ်ပြီးတော့ အသိဉာဏ် မရှိဘူးလဲဆိုတာ သိအောင် လုပ်ပေးရမှာပေါ့...”
“ပျက်စီးစမ်း...”
ကျိယွမ်ဟောင်သည် လှောင်ပြုံးလိုက်ပြီး လက်ညှိုးဖြင့် တစ်ချက် တို့လိုက်သည်။
“ဘုန်း...”
လေဟာနယ်အတွင်း၌ တောင်ကြီးတစ်လုံးအလား ရွှေရောင် လက်ညှိုးကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး ထိုလက်ညှိုးမှာ ကြယ်တံခွန်တစ်ခုအလား လျင်မြန်စွာ ကျဆင်းလာသဖြင့် လမ်းတစ်လျှောက်ရှိ အရာအားလုံးမှာ တစ်ခဏချင်းမှာတင် ပြာအဖြစ် ပြောင်းလဲသွားတော့သည်။
“ဘမ်း...”
ရွှေရောင်လက်ညှိုးကြီး မကျရောက်မီမှာပင် လော့ချန်၏ ခန္ဓာကိုယ်မှာ ပြင်းထန်လှသော ဖိအားကြောင့် ပေါက်ကွဲသွားခဲ့ပြီး သွေးစများနှင့် အသားစများမှာလည်း လုံးဝ ပျောက်ကွယ်သွားတော့မည့်အလား ရှိနေတော့သည်။
ရုတ်တရက် တောက်ပလှသော အလင်းတန်းတစ်ခု ဝင်းလက်သွားသည်။ ၎င်းမှာ လော့ချန်၏ စိတ်ဝိညာဉ်နှင့် ဇွဲလုံ့လပင် ဖြစ်၏။
“ခက်ခဲမှုတွေ... ကျရှုံးမှုတွေနဲ့ စစ်ဆေးမှုတွေ အားလုံးက ငါ့ရဲ့ ဓားကို သွေးမဲ့ ကျောက်သားတွေပဲ... ငါ့ရဲ့ ထက်မြက်မှုကို ပိုပြီးတော့ တောက်ပလာအောင် လုပ်ပေးမယ့်အရာတွေပဲ... ငါ့ရဲ့ နှလုံးသားက ဓားတစ်လက်လိုပဲ... ငါ့ရဲ့ ဆန္ဒကလည်း ဓားတစ်လက်လိုပဲ... ဘယ်သောအခါမှ မကျိုးမကွဲဘဲ ရှေ့ကိုပဲ တည့်တည့်သွားမယ်... ဘုရင်လာရင် ဘုရင်ကိုသတ်မယ်၊ နတ်ဘုရားလာရင် နတ်ဘုရားကို သတ်မယ်... ဒါဟာ ငါ့ရဲ့ စိတ်ဓာတ်ပဲ... ငါ့ရဲ့ ဓားလမ်းစဉ်ပဲ...”
“သတ်စမ်း... သတ်စမ်း... သတ်စမ်း...”
လော့ချန်၏ အကြိမ်ကြိမ် သန့်စင်ထားသော စိတ်ဝိညာဉ်မှာ သံမဏိအလား ခိုင်မာနေချေပြီ။ ယခုအခါတွင် ပြိုင်ဘက်ကင်းလှသော ထက်မြက်မှုများကို ထုတ်ဖော်လိုက်ပြီး စိတ်ထဲမှ အော်ဟစ်လိုက်သည့်အခါ ပျက်စီးသွားသော အသားစများနှင့် သွေးစများမှာ တစ်ခဏချင်းမှာတင် ပြန်လည် စုစည်းသွားခဲ့ချေပြီ။
“သတ်စမ်း...”
လျှပ်စီးဓားမှာ အိမ်မှ ထွက်လာခဲ့ပြီးကမ္ဘာကို တုန်လှုပ်စေမည့် ဓားစွမ်းအင် တစ်ခုမှာ ကောင်းကင်သို့ ထိုးတက်သွားကာ မြင့်မားလှသော ပုံရိပ်ကြီးနှင့် ကျိယွမ်ဟောင်တို့ နှစ်ဦးစလုံးအား တစ်ခဏချင်းမှာတင် ချေမှုန်းပစ်လိုက်တော့သည်။
အခန်း ၅၇၃ ပြီးပါပြီ။