အခန်း (၅၇၇-၅၇၉)
Vol. 39 Ch. 577-579
အခန်း ၅၇၇ - ၃ ရက်... နှစ်ပေါင်းတစ်ရာအတွင်း ပထမဆုံးသော ဓားလမ်းစဉ်ပါရမီရှင်
“ထွက်လာပြီ...”
လော့ရှာဂိုဏ်း အကြီးအကဲများနှင့် အတွင်းစည်းတပည့် ၁၄ ဦးစလုံးသည် ရေပြင်ထက်သို့ တိုးထွက်လာသော ပုံရိပ်ဆီသို့ အံ့သြတုန်လှုပ်သော မျက်နှာထားများဖြင့် ပြိုင်တူ ကြည့်လိုက်ကြသည်။
“ဝှစ်...”
ပုံရိပ်မှာ ရေပြင်ကို ခွဲထွက်လာပြီး အိုင်ရေပြင်ထက်၌ ဝဲပျံလျက် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ အနောက်တောင်ဘက်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။ အပြာရောင်ဝတ်စုံနှင့် ခါးတွင် ဓားရှည်တစ်လက် ချိတ်ဆွဲထားပြီး ထိုသူမှာ လော့ချန် ပင် ဖြစ်၏။
“ဒါဟာ တကယ်ပဲ ငါ့ရဲ့ အာရုံမှားတာ မဟုတ်ဘူးပဲ...”
လော့ချန်သည် ဝေးကွာလှသော နေရာရှိ ထိတ်လန့်ဖွယ် အရိုးစုကြီးများကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အလင်းတန်းများ ပေါ်ထွက်လာသည်။ သူသည် အနောက်တောင်ဘက်ကမ်းစပ်သို့ တမင်တကာ ဆင်းသက်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ ကိုယ်တွင်းရှိ နဂါးအရှိန်အဝါ ယခင်က လှုပ်ရှားခဲ့ခြင်းမှာ အာရုံမှားခြင်း ဟုတ်၊ မဟုတ် အတည်ပြုလိုသောကြောင့်ပင်။
သူ၏ ခြေဖဝါး မြေပြင်ပေါ်သို့ နင်းလိုက်သည့် ခဏမှာပင် ဒန်ထျန်အတွင်း၌ ငြိမ်သက်နေသော နဂါးအရှိန်အဝါမှာ ချက်ချင်းပင် ပြင်းထန်စွာ လှုပ်ရှားလာခဲ့ပြီး ခေါင်းကို မြင့်မားစွာ မော့လျက် ရေအောက်ကမ္ဘာ၏ ပိုမို နက်ရှိုင်းသော နေရာဆီသို့ စိုက်ကြည့်နေကာ မျက်ဝန်းအစုံမှ ကိုးရောင်ခြယ် အလင်းတန်းများ ဝင်းလက်လာလျက် ဝေဝါးလှသော ဟိန်းဟောက်သံများကို ယခင်ကထက် ပိုမို ပြင်းထန်စွာ ထုတ်လွှတ်နေတော့သည်။ ဤရေအောက်ကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာတွင် တစ်စုံတစ်ခုက သူ့အား ဆွဲဆောင်နေကြောင်း သူ ရှင်းလင်းစွာ ခံစားနေရသည်။
“အဲဒီမှာ ဘာရှိလို့လဲဆိုတာ တကယ်ကို သိချင်မိတယ်...”
မည်သည့် ရတနာက နဂါးအရှိန်အဝါကို ဤမျှလောက်အထိ လှုပ်ရှားစေခဲ့သနည်း ဆိုသည်ကို လော့ချန် အလွန်ပင် သိလိုနေသည်။ ထိုစဉ် လေထုကို ခွဲထွက်လာသော အသံများနှင့်အတူ လော့ရှာဂိုဏ်း အကြီးအကဲများနှင့် တပည့်များ အားလုံးမှာ ထိုနေရာသို့ ရောက်ရှိလာကြသည်။
“လော့ချန်... မင်း နောက်ဆုံးတော့ ထွက်လာပြီပဲ...”
လော့ချန် ဘေးကင်းစွာ ပြန်ထွက်လာသည်ကို မြင်ရသည့်အခါ အကြီးအကဲ ပိကျိုးရွှေသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူမသည် လော့ချန်အား ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်သို့ စေတနာဖြင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ရာ လော့ချန်သာ အတွင်း၌ တစ်ခုခု ဖြစ်သွားပါက သူမလည်း စိတ်မကောင်း ဖြစ်ရမှာ သေချာလှပေသည်။
“အကြီးအကဲ ပိကို နှုတ်ဆက်ပါတယ်...”
လော့ချန်က ရှေ့သို့ ကြိုဆိုလျက် နှုတ်ဆက်လိုက်သည်။ ပိကျိုးရွှေသည် လော့ချန်ကို တစ်ချက် အကဲခတ်ကြည့်လိုက်ရာ ၃ ရက်မျှသော အချိန်တိုအတွင်း လော့ချန်၏ စိတ်နေစိတ်ထားမှာ များစွာ ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။ မည်သည့်အချက်က ပြောင်းလဲသွားသည်ကို သူမ အတိအကျ မပြောနိုင်သော်လည်း ပြုံးလျက် မေးမြန်းလိုက်သည်။
“မင်း ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် ထဲမှာ ၃ ရက်တောင် ကျင့်ကြံခဲ့တာဆိုတော့... ဘာတွေများ တိုးတက်လာလဲ... ဆိုစမ်းပါအုံး...”
၃ ရက်။
လော့ချန် အနည်းငယ် အံ့သြသွားရသည်။ နာရီအနည်းငယ်သာ ကုန်ဆုံးသွားသည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ဤမျှလောက်အထိ ကြာမြင့်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ရလဒ် အချို့တော့ ရှိပါတယ်။ ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အလယ်အလတ်အဆင့်ကို ရောက်သွားသလို... ဓားဆန္ဒပိုင်းမှာလည်း တိုးတက်မှု ရှိခဲ့ပါတယ်...”
ဤတစ်ကြိမ် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် ကျင့်ကြံခွင့်ရခြင်းမှာ အကြီးအကဲ ပိကျိုးရွှေ၏ ကျေးဇူးကြောင့် ဖြစ်ရာ လော့ချန်သည် ဖုံးကွယ်ထားရန် မစဉ်းစားတော့ဘဲ ချီစွမ်းအင် ဖုံးကွယ်ထားမှုကို တိုက်ရိုက် ရုပ်သိမ်းလိုက်တော့သည်။
“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အလယ်အလတ်အဆင့်... ဟင်... မင်းရဲ့ ကျင့်ကြံဆင့်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အလယ်အလတ်အဆင့်ကို ရောက်သွားတာလား...”
အကြီးအကဲ ပိကျိုးရွှေသည် မူလက သာမန်အတိုင်း ရေရွတ်လိုက်သော်လည်း နောက်မှ သတိဝင်လာခဲ့ပြီး အံ့သြတုန်လှုပ်သော မျက်နှာထားဖြင့် လော့ချန်ကို သေသေချာချာ စိုက်ကြည့်လိုက်သည်။ လော့ချန်၏ ကိုယ်ပေါ်မှ ပြင်းထန်လှသော ချီစွမ်းအင် လှိုင်းများကို ခံစားမိသည့်အခါ သူမသည် ထိုနေရာ၌ပင် မှင်တက်မိသွားခဲ့ရသည်။ အခြားသော လော့ရှာဂိုဏ်း အကြီးအကဲများနှင့် တပည့်များမှာလည်း စိတ်ထဲမှ တုန်လှုပ်နေကြပြီး အမြဲတမ်း တည်ငြိမ်လှသော ယန်ချင်းရှုံး ပင်လျှင် အံ့သြသွားခဲ့ရသည်။
ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်အတွင်းရှိ ထူးဆန်းသော အရှိန်အဝါများသည် စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်သည်မှာ မှန်သော်လည်း ကျင့်ကြံဆင့် တိုးတက်မှုအတွက်မူ အတိုင်းအတာတစ်ခုအထိသာ ထောက်ပံ့ပေးနိုင်ခြင်း ဖြစ်သည်။ ကျင့်ကြံဆင့် အနိမ့်ဆုံးဖြစ်သော ယန်ချင်းရှုံးသည် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ စတုတ္ထအလွှာတွင် ၁၀ နာရီခန့် ကျင့်ကြံခဲ့သဖြင့် ကျင့်ကြံဆင့်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၄ နောက်ဆုံးအဆင့်မှနေ၍ အဆင့် ၅ အစောပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့ရာ ၎င်းမှာပင် ကြီးမားသော အောင်မြင်မှု ဖြစ်နေချေပြီ။
လော့ချန်မှာမူ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ အစောပိုင်းအဆင့်မှနေ၍ အဆင့် ၈ အလယ်အလတ်အဆင့်သို့ တစ်ဟုန်ထိုး တက်လှမ်းသွားခဲ့ရာ အဆင့်ကြီး တစ်ခုစာအထိ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ အမှန်တော့ သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့်သို့ ရောက်ရှိလာသည်နှင့်အမျှ အဆင့်တက်ရန် ခက်ခဲမှုမှာ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်ထက် များစွာ သာလွန်ပေသည်။ ထိုကွာခြားချက်မှာ အနည်းငယ်မျှ မဟုတ်ဘဲ ဆယ်ဆ၊ အဆပေါင်းများစွာ ကွာခြားလှပေသည်မဟုတ်ပါလော။
ဘေးနားရှိ ယူလန်ရှင်းမှာ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မစောင့်နိုင်တော့ဘဲ မေးမြန်းလိုက်သည်။
“လော့ချန်... နင့်ရဲ့ ဓားဆန္ဒ အဆင့်က ဘယ်အဆင့်ကို ရောက်သွားပြီလဲ...”
ထိုစကားကြောင့် လူတိုင်း၏ အကြည့်မှာ လော့ချန်၏ ကိုယ်ပေါ်သို့ ပြိုင်တူ ရောက်ရှိသွားကြသည်။ သူတို့လည်း အလွန်ပင် သိလိုနေကြခြင်းပင်။ လူတိုင်း သိရှိထားကြသည်မှာ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်သည် စိတ်ဝိညာဉ်နှင့် ဝိညာဉ်စွမ်းအားပိုင်း ကျင့်ကြံမှုအတွက် အကောင်းဆုံးဖြစ်သည်ဟူ၍ပင်။ လော့ချန်၏ ကျင့်ကြံဆင့်က ဤမျှလောက်အထိ မြန်မြန် တိုးတက်လာသည်ဆိုလျှင် ဓားဆန္ဒပိုင်းမှာရော မည်မျှအထိ တိုးတက်လာပါမည်နည်း။
လော့ချန်သည် ဘာမှ ပြန်မပြောပေ။ သို့သော်လည်း ယခုတင်က တည်ငြိမ်နေသော သူ၏ အရှိန်အဝါမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ဝေဝါးလှသလို ထက်မြက်လှသော ဓားစွမ်းအင်တစ်ခု သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာရာ သူသည် အိမ်မှ ထွက်လာသော ပြိုင်ဘက်ကင်းလှသည့် ရတနာဓားတစ်လက်အလား ဖြစ်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ မြူခိုးများကိုပင် ဆွဲဖြဲပစ်လိုက်တော့သည်။
“ဒေါက်... ဒေါက်... ဒေါက်...”
လော့ရှာဂိုဏ်း တပည့်မလေး အချို့မှာ ထိုဓားစွမ်းအင်၏ ဖိအားကြောင့် နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားကြရသည်။ ချီယွဲ့သည်လည်း နောက်သို့ တစ်လှမ်း ဆုတ်ခွာလိုက်ရပြီး လက်သီးကို တင်းတင်းဆုပ်ကာ လော့ချန်ကို စိုက်ကြည့်နေတော့သည်။
“ဝူး...”
ယူလန်ရှင်း၏ ခန္ဓာကိုယ်မှလည်း ထက်မြက်လှသော ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး လော့ချန်၏ ဓားဆန္ဒကို ဟန့်တားလိုက်ကာ လော့ချန်ကို ကြည့်ရင်း အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်မိသည်။
“၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်။ ပြည့်စုံလုနီးပါး ဓားဆန္ဒပိုင်ရှင်...”
ယူလန်ရှင်း၏ စိတ်ထဲတွင် ပြင်းထန်လှသော တုန်လှုပ်မှုများ ဖြစ်ပေါ်နေသည်။ လော့ရှာဂိုဏ်း အတွင်းစည်း၏ စီနီယာအစ်မကြီးအနေဖြင့် သူမသည် မိမိ၏ ဓားလမ်းစဉ် ပါရမီအပေါ် ယုံကြည်ချက် အပြည့်ရှိသော်လည်း သူမ ၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ပြီးနောက် တစ်နှစ်ကျော်ကြာအောင် ကြိုးစားအားထုတ်ခဲ့ရပြီး ယခုတစ်ကြိမ် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်အတွင်း ကျင့်ကြံပြီးမှသာ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒသို့ နောက်ဆုံးတွင် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤမျှလောက်သော တိုးတက်မှုနှုန်းမှာ ဂိုဏ်းသုံးဂိုဏ်း အတွင်းစည်းတစ်ခုလုံးတွင်ပင် သူမနှင့် ရင်ပေါင်တန်းနိုင်သူ အလွန်နည်းပါးလှပေသည်။ လော့ချန်မှာမူ ၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒကို နားလည်ခဲ့သည်မှာ အချိန်မည်မျှ ကြာမြင့်သွားပြီနည်း။ နက်မှောင်မြူခိုးတောင် စစ်ဆေးမှုမှ ယခုအချိန်အထိ တွက်ချက်ကြည့်မည်ဆိုပါက ၄ ရက်ပင် မပြည့်သေးသည် မဟုတ်ပါလော။
ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်သည် စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်သည်မှာ မှန်သော်လည်း ၃၊ ၄ ရက်အတွင်းမှာတင် ၈၀ ရာနှုန်းမှနေ၍ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒသို့ တိုက်ရိုက် နားလည်စေနိုင်သည်ဆိုခြင်းမှာ မဖြစ်နိုင်သည့် ကိစ္စပင် ဖြစ်၏။ ၎င်းအပြင် ယူလန်ရှင်း ခံစားမိသည်မှာ လော့ချန်၏ ဓားဆန္ဒမှာ အလွန်ပင် သိပ်သည်းနေပြီး သူမထက်ပင် သာလွန်နေသကဲ့သို့ ရှိနေသဖြင့် ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒသို့ အခုမှ ရောက်ရှိခဲ့ရုံသာ မဟုတ်သည်မှာ သေချာလှပေသည်။
အခြားသူများမှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေကြရပြီး ကိုယ်တိုင် မြင်တွေ့ခဲ့ရလျှင်ပင် ၎င်းမှာ အမှန်တကယ် ဖြစ်နိုင်သည်ဟု မယုံကြည်နိုင်ကြပေ။ ပြည့်စုံလုနီးပါး ဓားဆန္ဒပိုင်ရှင် ဆိုသည့် အဓိပ္ပာယ်မှာ အလွန်ပင် ကြီးမားလှပေသည်မဟုတ်ပါလော။ တစ်ခုလုံးသော ဂိုဏ်းကြီး ၃ ဂိုဏ်း၏ အတွင်းစည်း တပည့်များထဲတွင် ဤနယ်ပယ်သို့ ရောက်ရှိသူမှာ ၃ ဦးထက် မပိုပေ။ ထိုသူများထဲမှ တစ်ဦးချင်းစီမှာ အဆင့်မြင့် သိုင်းဝိညာဉ်ကို နိုးကြားထားကြသူများဖြစ်သလို နယ်ပယ်တစ်ခု၌ နာမည်ကျော်ကြားသော ပါရမီရှင်များလည်း ဖြစ်ကြသည်။ ထိုလူများနှင့် နှိုင်းယှဉ်ပါက လော့ချန်မှာမူ သိုင်းဝိညာဉ်၊ ပါရမီ သို့မဟုတ် နာမည်ကျော်ကြားမှုပိုင်းတွင်ပင် အလွန်ပင် နိမ့်ပါးလွန်းလှသည် မဟုတ်ပါလော။
ယန်ချင်းရှုံး တစ်ဦးတည်းသာလျှင် တည်ငြိမ်စွာ ရှိနေဆဲ ဖြစ်သည်။ လော့ချန် သူမအား ဓားဆန္ဒ နားလည်အောင် ကူညီပေးခဲ့စဉ်ကတည်းက လော့ချန်၏ ဓားလမ်းစဉ် ပါရမီမှာ သာမန် မဟုတ်သည်ကို သူမ သိရှိထားပြီးဖြစ်ရာ ယခု မြင်တွေ့ရသည်မှာ သူမ ထင်မှတ်ထားသည်ထက်ပင် ပိုမို သန်မာနေခြင်းပင်။
“ဟားဟား... အရမ်းကောင်းတယ်။ လော့ချန်... ငါ တကယ်ပဲ လူမမှားခဲ့ဘူးပဲ...”
အကြီးအကဲ ပိကျိုးရွှေမှာမူ အံ့သြတုန်လှုပ်နေရင်းမှ လော့ချန်အတွက် စိတ်ရင်းဖြင့် ဝမ်းသာပေးနေတော့သည်။ ယခင်က လော့ချန်ကို အထင်သေးခဲ့ကြသော လော့ရှာဂိုဏ်း အကြီးအကဲများမှာမူ ယခုအခါတွင် ဘာမှ မပြောနိုင်ကြတော့ပေ။ လော့ချန်၏ စွမ်းဆောင်ရည်မှာ အလွန်ပင် ထူးကဲလှသဖြင့် သူတို့ပင်လျှင် အားကျနေမိကြသည်။ ထိုနေရာရှိ အဆင့်အတန်း အမြင့်ဆုံးဖြစ်သော အကြီးအကဲ လင်လန်က လော့ချန်ကို တစ်ချက်ကြည့်ကာ ဆိုလိုက်သည်။
“ကဲ... မင်းတို့က ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှာ ကျင့်ကြံခဲ့ကြပြီး စိတ်ဓာတ်နဲ့ ဇွဲလုံ့လတွေကလည်း အသွင်ကူးပြောင်းသွားကြပြီ။ ဒီအတောအတွင်း ကျင့်ကြံမယ်ဆိုရင်တော့ အဆပေါင်းများစွာ ပိုပြီးတော့ ခရီးရောက်မှာ သေချာလှတယ်။ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲနဲ့ အစွမ်းကုန် ကြိုးစားကြ။ အကြီးအကဲ ချန်... သူတို့ကို အပြင်ကို ခေါ်သွားလိုက်တော့...”
မှာကြားပြီးနောက် အကြီးအကဲ လင်လန်သည် အကြီးအကဲ တစ်ဦးကို လော့ချန် တို့အား ခေါ်ဆောင်သွားရန် ခိုင်းစေလိုက်သည်။ လင်လန်၏ စိတ်ထဲတွင်လည်း မေးခွန်းများစွာ ရှိနေသည်။ အဖြေအားလုံးမှာ ယင်းလီ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှ ပြန်ထွက်လာမှသာ သိရှိနိုင်မှာ ဖြစ်ပေသည်။ ထိုအချိန်မတိုင်မီမှာမူ လော့ချန် တို့အား အရင်ဆုံး ထွက်ခွာသွားစေခိုင်းလိုက်ခြင်းပင် ဖြစ်ပေသည်။
“ငါ့နောက်ကို လိုက်ခဲ့ကြ...”
အကြီးအကဲ ချန်က ရှေ့မှ လမ်းပြလျက် ရေအောက်ကမ္ဘာ၏ အပေါ်ဘက်သို့ ပျံသန်းသွားတော့သည်။ မထွက်ခွာမီ လော့ချန်သည် အနောက်တောင်ဘက်သို့ နောက်ဆုံးအကြိမ် လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။ အစွမ်းထက်လာသည့် တစ်နေ့တွင် ဤနေရာသို့ ပြန်လာပြီး မည်သည့် လျှို့ဝှက်ချက် ရှိနေသနည်း ဆိုသည်ကို သေချာပေါက် စုံစမ်းရပေမည်။
“ဝှစ်...”
အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် လော့ချန်သည် အခြားသူများ၏ အနောက်မှကပ်လျက် လိုက်ပါသွားရာ တစ်ခဏချင်းမှာတင် မြူခိုးများကြား၌ ပျောက်ကွယ်သွားတော့သည်။ လူအုပ်စု ထွက်ခွာသွားသည်ကို ကြည့်ကာ အကြီးအကဲ လင်လန်သည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
“အသက် ၁၅ နှစ်အရွယ်မှာတင် ပြည့်စုံလုနီးပါး ဓားဆန္ဒပိုင်ရှင် ဖြစ်လာတယ်ဆိုတော့... ဒါဟာ ငါတို့ တာယွဲ့မင်းဆက် ရဲ့ သမိုင်းတစ်လျှောက်မှာတောင် ထိပ်တန်း ပါရမီရှင် တစ်ယောက်ပဲ။ တကယ်လို့ သူက ၃ နှစ်အတွင်းမှာ၊ အသက် ၁၈ နှစ် မတိုင်ခင်မှာ စစ်မှန်တဲ့ ဓားဆန္ဒကို နားလည်နိုင်မယ်ဆိုရင်တော့ တာယွဲ့မင်းဆက်ရဲ့ နှစ်ပေါင်း တစ်ရာအတွင်း စံချိန်ကို ချိုးဖျက်ပြီးတော့... နှစ်ပေါင်း တစ်ရာအတွင်း ပထမဆုံးသော ပါရမီရှင် ဓားကျင့်ကြံသူ ဖြစ်လာလိမ့်မယ်...”
လော့ရှာဂိုဏ်း တပည့်များက လော့ချန်ကို မမီသည်ကို လက်မခံလိုသော အကြီးအကဲ တစ်ဦးက ဆိုလိုက်သည်။
“ဒါက ပြောဖို့ စောပါသေးတယ်။ ပြည့်စုံလုနီးပါး ဓားဆန္ဒပိုင်ရှင်နဲ့ စစ်မှန်တဲ့ ဓားဆန္ဒပိုင်ရှင် ဆိုတာက တစ်လှမ်းတည်းလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ အရမ်းကို ဝေးကွာလှတာပါ။ လူများစွာက ၅ နှစ်၊ ၁၀ နှစ် ကြာတဲ့အထိတောင် ဒီခြေလှမ်းကို မတက်နိုင်ကြဘူးလေ။ နောက်ပြီး သူက အသုံးမကျတဲ့ သိုင်းဝိညာဉ်ကိုပဲ နိုးကြားထားတာဆိုတော့... နောင်တစ်ချိန်မှာ ယန်ချင်းရှုံးက သူ့ကို ကျော်ဖြတ်သွားမှာကလည်း မဖြစ်နိုင်တာ မဟုတ်ပါဘူး...”
ယန်ချင်းရှုံးသည်လည်း ဤတစ်ကြိမ်တွင် များစွာ တိုးတက်လာခဲ့သည်။ ကျင့်ကြံဆင့်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၅ သို့ ရောက်ရှိသွားရုံတင်မကဘဲ ဓားဆန္ဒမှာလည်း ၆၀ ရာခိုင်နှုန်းသို့ အဆင့်တက်သွားခဲ့သည်မဟုတ်ပါလော။ အကြီးအကဲ လင်လန်က ခေါင်းညိတ်လိုက်ပြီး ဆိုလိုက်သည်။
“ဘာပဲဖြစ်ဖြစ်... သူက ၃ ရက်အတွင်းမှာတင် ဒီလောက်အထိ တိုးတက်လာနိုင်တယ်ဆိုတာကတော့ တကယ့်ကို မယုံကြည်နိုင်စရာပဲ။ ဒီ ၃ ရက်အတွင်းမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာကိုတော့ တကယ်ပဲ သိချင်မိတယ်...”
“ဝုန်း...”
စကားအဆုံးတွင် အိုင်ရေပြင်ထက်၌ နောက်ထပ် ပုံရိပ်တစ်ခု တိုးထွက်လာခဲ့ချေပြီ။
အခန်း ၅၇၇ ပြီးပါပြီ။
အခန်း ၅၇၈ - ထူးဆန်းသော ယင်းလီ... အဆင့်တက်ပြီးရင်း တက်ခြင်း
အိုင်ရေပြင်မှာ လှုပ်ခတ်လာပြီး မြူခိုးများမှာလည်း အသာအယာ ဆူဝေနေစဉ် ပုံရိပ်တစ်ခုမှာ ရေပြင်ကို နင်းလျက် လျှောက်လှမ်းလာခဲ့သည်။
ယင်းလီသည် အနက်ရောင်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားခဲ့ပြီဖြစ်သည်။ သူမ၏ ကိုယ်ဟန်မှာ နူးညံ့ကျော့ရှင်းလှသလို၊ လည်တိုင်မှာလည်း ဖြူစင်သွယ်လျနေကာ၊ နှုတ်ခမ်းနီနီလေးမှာလည်း စိုပြည်နေသော်လည်း သူမ၏ မျက်ဝန်းအစုံမှာမူ ပုံမှန်ထက် ပိုမို အေးစက်နေတော့သည်။ သူမ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မြူခိုးများ ဖုံးလွှမ်းသွားသလို အလင်းစက်လေးများလည်း ဝင်းလက်နေသဖြင့် လူ့ပြည်သို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးအလား ရှိနေတော့သည်။
ထိုနေရာရှိ လော့ရှာဂိုဏ်း အကြီးအကဲများမှာ ချက်ချင်းပင် ရှေ့ထွက် ကြိုဆိုလိုက်ကြသည်။
အကြီးအကဲ လင်လန်သည် ယင်းလီကို တစ်ချက် အကဲခတ်ကြည့်လိုက်ရာ သူမတွင် စိတ်ရှုပ်စရာ ကိစ္စတစ်ခုခု ရှိနေသည်ဟု ခံစားလိုက်ရသဖြင့် မေးမြန်းလိုက်သည်။
“ယင်းလီ... နင် ဘာမှမဖြစ်ဘူးမလား”
“ဘာမှမဖြစ်ပါဘူး”
ယင်းလီက ခေါင်းကို အသာအယာ ခါယမ်းပြလိုက်သည်။
အကြီးအကဲ လင်လန်သည်လည်း မိမိဘာသာ အတွေးလွန်နေမိသည်ဟု ယူဆလိုက်သည်။ ယင်းလီ၏ ကျင့်ကြံဆင့်နှင့်ဆိုလျှင် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ သတ္တမအလွှာသို့ မဝင်သရွေ့ ဘာပြဿနာမှ ရှိနိုင်မည် မဟုတ်ပေ။
“ဘာမှမဖြစ်ရင် တော်ပါပြီ။ ဒါနဲ့ မင်း သိပြီးပြီလား... ရွှမ်ယွမ်ဂိုဏ်း တပည့် လော့ချန်က ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် ထဲမှာ ၃ ရက်တိတိ ကျင့်ကြံခဲ့တာလေ။ သူ ပြန်ထွက်လာတော့ ကျင့်ကြံဆင့်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အလယ်အလတ်အဆင့်ကို ရောက်သွားရုံတင်မကဘဲ ဓားဆန္ဒကလည်း ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် ကို ရောက်သွားပြီးတော့ ပြည့်စုံလုနီးပါး ဓားဆန္ဒပိုင်ရှင် တစ်ယောက် ဖြစ်သွားပြီ...”
လော့ချန်၏ အမည်ကို ကြားလိုက်ရသည့်အခါ ယင်းလီ၏ မျက်ဝန်းများမှာ ဝင်းလက်သွားပြီး ခေါင်းကို ထပ်မံညိတ်ပြလိုက်သည်။
“ကျွန်မ သိပါတယ်...”
သူမသည် လော့ချန် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူဖြစ်ရာ မသိဘဲ နေပါမည်လော။
“ယင်းလီ... ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် ထဲမှာ တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ။ အဲဒီကောင်က အသုံးမကျတဲ့ သိုင်းဝိညာဉ်ကိုပဲ နိုးကြားထားတာလေ... ဘယ်လိုလုပ်ပြီး ဒီလောက်အထိ တိုးတက်လာရတာလဲ...”
“ဟုတ်တယ်... ကျင့်ကြံဆင့်ကို ထားလိုက်ဦး... ၃ ရက်တည်းနဲ့ ဓားဆန္ဒက ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ တက်သွားတယ်ဆိုတာ တကယ်ကို ထိတ်လန့်စရာပဲ။ သာမန်လူတစ်ယောက်ဆိုရင် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ရင်တောင်မှ ဒီလို ရလဒ်မျိုး ရဖို့ မလွယ်ဘူးလေ”
“သူ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် ထဲမှာ ဘာတွေ လုပ်ခဲ့တာလဲ...”
လော့ရှာဂိုဏ်း အကြီးအကဲများမှာ ယင်းလီကို ကြည့်ကာ မိမိတို့၏ သံသယများကို တစ်ဦးပြီးတစ်ဦး မေးမြန်းလိုက်ကြသည်။
ယင်းလီ၏ အကြည့်မှာ ခေတ္တမျှ လှုပ်ခတ်သွားပြီးမှသာ ပြန်လည် တည်ငြိမ်သွားခဲ့ပြီး ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
“ကျွန်မက သူနဲ့ အလှမ်းဝေးတဲ့နေရာမှာ ရှိနေတာဆိုတော့ ဘာမှ သတိမထားမိခဲ့ပါဘူး။ ဒါပေမဲ့ အချက်တစ်ချက်ကိုတော့ အတည်ပြုနိုင်ပါတယ်... သူ့ရဲ့ ဓားလမ်းစဉ် ပါရမီက တကယ်ကို ထိတ်လန့်စရာ ကောင်းတာပဲ။ အကြီးအကဲတို့... ကျွန်မ နည်းနည်း ပင်ပန်းနေလို့ အရင် ပြန်နားပါရစေဦး...”
ယင်းလီသည် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်အတွင်း ဖြစ်ပျက်ခဲ့သမျှကို ထပ်မံ မပြောလိုတော့သဖြင့် စကားတစ်ခွန်းသာ ချန်ထားခဲ့ကာ အေးစက်သော လေညင်းတစ်ချက်အလား ရေအောက်ကမ္ဘာမှ ပျောက်ကွယ်သွားတော့သည်။
လော့ရှာဂိုဏ်း အကြီးအကဲများမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ကျန်ရစ်ခဲ့ကြသည်။
“ထူးဆန်းတယ်... တကယ်ကို ထူးဆန်းတယ်...”
အတွင်းစည်း အကြီးအကဲ တစ်ဦးက သက်ပြင်းချလျက် ရေရွတ်လိုက်မိသည်။
“ယင်းလီက ဘယ်အရာမဆို အစအဆုံး လုပ်တတ်တဲ့သူလေ။ ဒီတစ်ခါ လော့ချန် နောက်ကို လိုက်သွားပြီးတော့ ဘာမှ မစုံစမ်းနိုင်ဘဲ ပြန်လာတယ်ဆိုတာ... သူမရဲ့ စရိုက်နဲ့ လုံးဝ မကိုက်ညီဘူး...”
ကျန်ရှိနေသော အကြီးအကဲများမှာလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့လည်း ထိုသို့ပင် ခံစားနေရခြင်းပင်။
အကြီးအကဲ လင်လန်မှာမူ ဘာမှ မပြောပေ။ သူမသည် ယင်းလီ ပျောက်ကွယ်သွားရာ လမ်းကြောင်းကို ကြည့်ကာ သူမ၏ မျက်ဝန်းထဲတွင် သံသယများ ပြည့်နှက်နေတော့သည်။
လွန်ခဲ့သော ၃ ရက်ကနှင့် နှိုင်းယှဉ်ပါက ယင်းလီ၏ အရှိန်အဝါမှာ တစ်စုံတစ်ခု ပြောင်းလဲသွားသည်ဟု သူမ ခံစားနေရသည်။ ပိုမို သန်မာလာသကဲ့သို့ ရှိနေခြင်းပင်။
ထိုပြောင်းလဲမှုမှာ အလွန်ပင် သိမ်မွေ့လှသော်လည်း သူမနှင့် ယင်းလီ၏ ကျင့်ကြံဆင့်မှာ နီးကပ်နေသဖြင့်သာ သူမ သတိပြုမိခြင်း ဖြစ်ပေသည်။
“တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ...”
အကြီးအကဲ လင်လန်သည် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ကို ကြည့်ကာ ဤ ၃ ရက်အတွင်း ဖြစ်ပျက်ခဲ့သမျှမှာ မရိုးရှင်းကြောင်း၊ လုံးဝ မရိုးရှင်းကြောင်း ခံစားနေရတော့သည်။
“ဝှစ်...”
လော့ချန် တို့မှာ အကြီးအကဲ ချန်၏ အနောက်မှ လိုက်ပါလျက် ရေအောက်ကမ္ဘာမှ ထွက်ခွာလာခဲ့ကြပြီး အိုင်ရေအောက်တွင် အမွှေးတိုင် တစ်တိုင်ခန့်ကြာအောင် ပြန်လည် ငုပ်လျှိုးတက်လာခဲ့ပြီးမှသာ ရေပြင်ထက်သို့ ရောက်ရှိလာခဲ့ကြသည်။
အပြင်ဘက်တွင်မူ သန်းခေါင်ယံအချိန် ရောက်ရှိနေပြီဖြစ်ရာ ကောင်းကင်ယံ၌ ရောင်စုံတိမ်တိုက်များ ရှိနေသလို ကြယ်တာရာများမှာလည်း ကျဲပျံ့နေသဖြင့် အလွန်ပင် တိတ်ဆိတ်လှပေသည်။
“ကဲ... ပြောစရာရှိတာတွေကိုတော့ အကြီးအကဲ လင်လန်က ပြောပြီးသားဆိုတော့... နင်တို့ ပြန်ပြီးတော့ အစွမ်းကုန် ကျင့်ကြံကြ။ နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းနိုင်အောင် ကြိုးစားကြပေါ့...”
အကြီးအကဲ ချန်က မှာကြားပြီးနောက် ကောင်းကင်သို့ ပျံတက်သွားခဲ့ပြီး မကြာမီမှာပင် ပျောက်ကွယ်သွားတော့သည်။
လူ ၁၅ ဦးစလုံးမှာလည်း လော့ရှာဂိုဏ်း၏ ကျွန်းမကြီး ရှိရာဘက်သို့ ပျံသန်းသွားကြတော့သည်။
လမ်းခရီးတွင် ယန်ချင်းရှုံး အနားသို့ ရောက်ရှိလာပြီး ပြုံးလျက် ဆိုလိုက်သည်။
“လော့ချန်... နင့်ရဲ့ ကျင့်ကြံမှု အရှိန်က တကယ်ကို ကြောက်စရာ ကောင်းတာပဲ။ ငါ နင့်ကို အမီလိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ထင်တယ်”
လော့ချန်က ပြုံးလျက် ဆိုလိုက်သည်။
“နင်လည်း အများကြီး တိုးတက်လာတာပဲလေ”
ယန်ချင်းရှုံးက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
“၆၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် ဆိုတာက ဓားဆန္ဒအစပျိုးအဆင့် အလယ်အလတ်အဆင့်ပဲ ရှိသေးတာဆိုတော့ ဘာမှ မဟုတ်ပါဘူး။ နင့်ရဲ့ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်နဲ့ ယှဉ်ရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး”
သူမက ဆက်ပြောသည်။
“နင် မသိတာ ဖြစ်နိုင်ပေမဲ့ ပြည့်စုံလုနီးပါး ဓားဆန္ဒပိုင်ရှင် တစ်ယောက် ဖြစ်လာဖို့က ဘယ်လောက်အထိ ခက်ခဲလဲဆိုတာလေ။ တစ်ခုလုံးသော ဂိုဏ်းကြီး ၃ ဂိုဏ်းရဲ့ အတွင်းစည်းမှာ နင်နဲ့ စီနီယာအစ်မကြီး ယူလန်ရှင်း အပါအဝင်မှ အဲဒီအဆင့် ရောက်တဲ့သူက လက်ငါးချောင်းတောင် မပြည့်ဘူး။ ဒီသတင်းသာ ပြန့်သွားရင်တော့ တာယွဲ့မင်းဆက်တစ်ခုလုံး တုန်လှုပ်သွားမှာ သေချာတယ်”
“ဒီလောက်တောင် နည်းတာလား...”
လော့ချန် အနည်းငယ် အံ့သြသွားရသည်။
ထိုစဉ် ယူလန်ရှင်းသည် ပြုံးလျက် လှမ်းကြည့်ကာ ဆိုလိုက်သည်။
“လော့ချန်... ဒီတစ်ခါ ကျင့်ကြံမှု ပြီးသွားရင် ငါတို့ နှစ်ယောက် ယှဉ်ပြိုင်ကြည့်ကြမလား...”
နှစ်ကြိမ်တိုင်အောင် ဓားဆန္ဒချင်း ယှဉ်ပြိုင်ခဲ့ရသဖြင့် ယူလန်ရှင်းသည် လော့ချန်၏ ဓားဆန္ဒအပေါ် အလွန်ပင် စိတ်ဝင်စားနေရုံတင်မကဘဲ မည်သူက ပိုမို သာလွန်သနည်း ဆိုသည်ကိုပါ သိမြင်လိုနေခြင်း ဖြစ်ပေသည်။
နှစ်ဦးစလုံးမှာ ပြည့်စုံလုနီးပါး ဓားဆန္ဒပိုင်ရှင်များ ဖြစ်ကြရာ လော့ချန်သည် သူမနှင့် ယှဉ်ပြိုင်ရန် အရည်အချင်း ရှိနေချေပြီ။ ကျင့်ကြံဆင့် ကွာခြားချက်ကိုမူ ယူလန်ရှင်းက ဂရုမစိုက်ပေ။ တိုက်ခိုက်သည့်အခါ သူမ၏ ကျင့်ကြံဆင့်ကို လော့ချန်နှင့် အတူတူဖြစ်အောင် ဖိနှိပ်ထားလိုက်ရုံသာ ဖြစ်သည်မဟုတ်ပါလော။
“ကောင်းပါပြီ...”
လော့ချန်သည်လည်း ယူလန်ရှင်းမှတစ်ဆင့် သူ၏ အစွမ်းမှာ မည်သည့်အဆင့်သို့ ရောက်ရှိနေပြီလဲ ဆိုသည်ကို သိရှိလိုသဖြင့် ခေါင်းညိတ် သဘောတူလိုက်သည်။
ချီယွဲ့မှာမူ အနောက်ဘက် အနည်းငယ် အကွာမှ လိုက်ပါလာသည်။ သူမသည် လော့ချန်ကို ကြည့်ကာ သူမ၏ အကြည့်မှာ အေးစက်နေသလို ပြင်းထန်လှသော ယှဉ်ပြိုင်လိုစိတ်များလည်း ပြည့်နှက်နေတော့သည်။
လော့ချန်၏ ကြီးမားလှသော တိုးတက်မှုများက သူမအား ဖိအားများစွာ ပေးနေသော်လည်း ထိုသို့ ဖြစ်လေလေ သူမသည် လော့ချန်ကို အနိုင်ယူပြီး မိမိကိုယ်မိမိ သက်သေပြလိုလေလေ ဖြစ်ပေသည်။
လော့ချန်၏ အာရုံခံစားမှုမှာ မည်မျှအထိ ထက်မြက်သနည်း။ သူသည် ချီယွဲ့၏ အကြည့်ကို သတိပြုမိသော်လည်း စိတ်ထဲတွင်မူ ထည့်မထားပေ။
အကယ်၍ လွန်ခဲ့သော ၃ ရက်ကသာဆိုပါက ချီယွဲ့ကို ရင်ဆိုင်ရန် သူ အနည်းငယ် ဖိအားရှိနိုင်သော်လည်း ယခုအခါတွင်မူ သူ၏ အစွမ်းမှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီဖြစ်ရာ ထိုဖိအားများမှာ ပျောက်ကွယ်သွားခဲ့ချေပြီ။
ယခုအချိန်တွင် သူ့အား စိတ်ဝင်စားမှု ပေးနိုင်သူမှာ အနည်းဆုံးတော့ ဂိုဏ်းကြီး ၃ ဂိုဏ်း၏ ထိပ်သီးမျိုးဆက်တပည့် အဆင့် ၃ အတွင်း ရှိသူများသာ ဖြစ်ပေလိမ့်မည်။
ချီယွဲ့၏ လော့ရှာဂိုဏ်း ထိပ်သီးမျိုးဆက်တပည့် အဆင့်သတ်မှတ်ချက်မှာ အဆင့် ၆ သာ ရှိသေးသည်မဟုတ်ပါလော။
အကယ်၍ သူမသည်ပင်လျှင် သူ့အတွက် အဟန့်အတား ဖြစ်နေဦးမည်ဆိုပါက တာယွဲ့မင်းဆက် သွေးကြောနိုးကြားမှုနယ်ပယ်ကို အုပ်စိုးရန်နှင့် နယ်ပယ်အဆင့်သတ်မှတ်ချက်စာရင်းထဲ ဝင်ရန် ဆိုသည့် အတွေးများမှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သွားမှာ သေချာလှပေသည်။
ခေတ္တမျှ ကြာပြီးနောက် လူအုပ်စုမှာ လော့ရှာဂိုဏ်း၏ ကျွန်းမကြီးသို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။
ယန်ချင်းရှုံး တို့နှင့် လမ်းခွဲပြီးနောက် လော့ချန်သည် သူ နေထိုင်ရာ အိမ်တော်သို့ တိုက်ရိုက် ပြန်လာခဲ့သည်။
သူသည် မူလက ယင်းလီကို စိုးရိမ်သဖြင့် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှ ထွက်လာသည်နှင့် လော့ရှာဂိုဏ်းမှ ချက်ချင်း ထွက်ခွာရန် စဉ်းစားခဲ့သော်လည်း အကြီးအကဲ လင်လန်၏ စကားများကြောင့် ထိုအတွေးကို ဖျောက်ပစ်လိုက်သည်။
ဘေးအန္တရာယ်များလှသော မင်ရှာအိုင်နှင့် နှိုင်းယှဉ်ပါက ချီစွမ်းအင်များ ကြွယ်ဝလှသော လော့ရှာဂိုဏ်းမှာမူ ယခုအချိန်တွင် ကျင့်ကြံရန် အကောင်းဆုံး နေရာဖြစ်သည်မှာ သေချာလှပေသည်။
“အရင်ဆုံး ကျင့်ကြံကြည့်ရမယ်... ဘယ်လောက်အထိ ထပ်ပြီးတော့ တိုးတက်လာမလဲဆိုတာ ကြည့်ရမှာပေါ့...”
စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် လော့ချန်သည် လက်ချောင်းလေးဖြင့် ထိလိုက်ရာ ဆေးပုလင်းလေး တစ်လုံး ထွက်ပေါ်လာသည်။
၎င်းမှာ ယခင်က ယင်းလီ ပေးခဲ့သော သွေးကြောဖွင့်ဆေးလုံးများ ဖြစ်ပေသည်။ သူသည် ဆေးလုံး ၂ လုံးကို သုံးစွဲခဲ့ပြီဖြစ်ရာ ယခုအခါတွင် ၈ လုံး ကျန်ရှိနေသေးသဖြင့် ကျင့်ကြံဆင့် တိုးတက်လာစေရန် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
“ယင်းလီ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် ထဲက ထွက်လာပြီလား မသိဘူး...”
လော့ချန်သည် တီးတိုးရေရွတ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ကို အသာအယာ ရှူထုတ်လိုက်ကာ အတွေးများကို ဖျောက်ပစ်လျက် သွေးကြောဖွင့်ဆေးလုံး တစ်လုံးကို စားသုံးကာ စတင် ကျင့်ကြံနေတော့သည်။
“ဘုန်း...”
သွေးကြောဖွင့်ဆေးလုံး၏ အာနိသင်အောက်တွင် ကိုယ်တွင်းရှိ ချီစွမ်းအင်သိုလှောင်ရာ အိမ်တော် ၉ ခုမှာ ပြင်းထန်စွာ လည်ပတ်နေပြီး ကျယ်ပြောလှသော ချီစွမ်းအင်များမှာ သွေးကြော ၇၂ သွယ်အတွင်း လှည့်ပတ်နေသဖြင့် ဧရာမ မြစ်ကြီးတစ်စင်း စီးဆင်းနေသကဲ့သို့ ရှိနေတော့သည်။ အကြိမ်တိုင်း လှည့်ပတ်ပြီးတိုင်း လော့ချန်သည် သူ၏ သွေးကြောများမှာ အနည်းငယ်မျှ ပိုမို သန်မာလာသည်ကို ရှင်းလင်းစွာ ခံစားနေရသည်။
၃ ရက် ကြာပြီးနောက်...
“ဘုန်း...”
ပြင်းထန်လှသော ချီစွမ်းအင် လှိုင်းတစ်ခု လော့ချန်၏ ခန္ဓာကိုယ်မှ ပျံ့နှံ့သွားခဲ့ပြီး တစ်ခုလုံးသော ကျင့်ကြံဆောင်အတွင်း ပြည့်နှက်သွားကာ လေထုမှာပင် ရေကဲ့သို့ တုန်ခါသွားခဲ့လေသည်။
“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ နောက်ဆုံးအဆင့်...”
လော့ချန်၏ အသံထဲတွင် ဝမ်းသာအားရ ဖြစ်နေမှုများ ပါဝင်နေသည်။
အကြီးအကဲ လင်လန် ပြောခဲ့သကဲ့သို့ပင် ဤအတောအတွင်း ကျင့်ကြံခြင်းမှာ အလွန်ပင် ချောမွေ့လှသဖြင့် အဆပေါင်းများစွာ ပိုမို ခရီးရောက်ခဲ့ချေပြီ။ သွေးကြောဖွင့်ဆေးလုံး၏ ကူညီမှုကြောင့်လည်း ၃ ရက်တည်းနှင့် သူ၏ ကျင့်ကြံဆင့်မှာ နောက်ထပ် အဆင့်တစ်ခု တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ကိုယ်တွင်းရှိ သွေးကြော ၇၂ သွယ်မှာ များစွာ ကြီးမားလာခဲ့သလို ချီစွမ်းအင် ပမာဏမှာလည်း တစ်ဟုန်ထိုး တိုးတက်လာကာ အရည်အသွေးမှာလည်း မြင့်တက်လာခဲ့ချေပြီ။
“အရှိန်ရတုန်းမှာပဲ... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ ကို တစ်ခါတည်း ရောက်အောင် ကြိုးစားကြည့်မယ်...”
လော့ချန်၏ မျက်ဝန်းထဲတွင် ခိုင်မာသော အလင်းတန်းများ ဝင်းလက်သွားပြီးနောက် နောက်ထပ် သွေးကြောဖွင့်ဆေးလုံး တစ်လုံးကို စားသုံးကာ ဆက်လက် ကျင့်ကြံနေတော့သည်။
ရက်များမှာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့၏။
၁၀ ရက် ကြာပြီးနောက်...
လော့ချန်၏ ကျင့်ကြံဆင့်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။
နောက်ထပ် ၂ ရက် ကြာပြီးနောက် လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်ရာ ထက်မြက်လှသော အလင်းတန်းများမှာ ဝင်းလက်သွားခဲ့ပြီး ဓားအလင်း၊ ဓားစွမ်းအင်များအလား လူကို အသက်ရှူရပ်သွားစေနိုင်လောက်သည့်အလား ရှိနေတော့သည်။
အခန်း ၅၇၈ ပြီးပါပြီ။
အခန်း ၅၇၉ - စီနီယာအစ်မကြီးကို စိန်ခေါ်ခြင်း... ကိုယ်တိုင် ပြန်လည်တောင်းဆိုခြင်း
“ကြည့်ရတာတော့ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ်က အကန့်အသတ်ပဲ ထင်တယ်။ အချိန်တိုအတွင်းမှာ ကျင့်ကြံဆင့် ထပ်တိုးဖို့ဆိုတာ မလွယ်တော့ဘူး...”
ကျင့်ကြံဆင့်၏ ပြောင်းလဲမှုများကို ခံစားရင်း လော့ချန်သည် မိမိဘာသာ ရေရွတ်လိုက်မိသည်။ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံမှု အရှိန်မှာ သိသိသာသာ နှေးကွေးသွားခဲ့ပြီး သွေးကြောဖွင့်ဆေးလုံးများ သုံးစွဲလျှင်ပင် ထူးခြားမှု မရှိတော့ဘဲ ပိတ်ဆို့မှုနယ်ပယ်သို့ ရောက်ရှိသွားခြင်းပင်။
၎င်းမှာ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် ကျင့်ကြံစဉ်က နှိုးဆွထားသော အလားအလာများမှာ ကုန်ဆုံးသွားခြင်းကြောင့် ဖြစ်မည်ဟု လော့ချန် ခန့်မှန်းလိုက်သည်။
“ထားလိုက်တော့။ ထွက်သွားရမယ့် အချိန်လည်း ရောက်ပြီပဲ...”
သွေးကြောဖွင့်ဆေးလုံး ၈ လုံးစလုံးမှာလည်း ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ဆက်လက် ကျင့်ကြံနေလျှင်ပင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သို့ တက်လှမ်းရန်မှာ မဖြစ်နိုင်တော့ပေ။ လော့ရှာဂိုဏ်းသို့ ရောက်ရှိခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်ကျော်မျှသော အချိန်အတွင်း ရရှိခဲ့သည့် ရလဒ်များမှာမူ သူ မျှော်လင့်ထားသည်ထက် များစွာ သာလွန်ခဲ့ချေပြီဖြစ်ရာ လော့ချန်သည် ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း မထွက်ခွာမီ သူ လုပ်ဆောင်ရမည့် ကိစ္စတစ်ခု ကျန်ရှိနေသေးသည်။
လော့ချန်သည် နေရာမှ ထရပ်လိုက်ပြီး ကိုယ်လက်သန့်စင်ကာ အိမ်တော် ပြင်ပသို့ လျှောက်လှမ်းထွက်ခွာလာခဲ့သည်။
တောင်ပေါ်မှ ဆင်းလာစဉ်မှာပင် လော့ရှာဂိုဏ်း အတွင်းစည်း တပည့်မလေး သုံးဦးနှင့် ဆုံတွေ့ခဲ့သည်။ သူမတို့မှာ အသက် ၁၅၊ ၁၆ နှစ်ခန့်သာ ရှိကြသေးပြီး ငယ်ရွယ်နုပျိုလှကြသည်။
“အား... လော့ချန်...”
“စီနီယာအစ်ကို လော့ချန်...”
ထိုသုံးဦးမှာ အချင်းချင်း စနောက်နေကြခြင်းဖြစ်သော်လည်း လော့ချန်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည့်အခါ အံ့သြသွားကြပြီး ပါးပြင်လေးများမှာလည်း ချက်ချင်း နီမြန်းသွားကာ အလွန်ပင် သိချင်စိတ် ပြင်းပြနေကြသည်။
လော့ချန်၏ နက်မှောင်မြူခိုးတောင် စစ်ဆေးမှုတွင် စွမ်းဆောင်နိုင်ခဲ့မှုများမှာ လော့ရှာဂိုဏ်းတစ်ခုလုံး၌ ပျံ့နှံ့နေခဲ့ချေပြီ။ ယင်းလီ၏ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းမှာ လော့ရှာဂိုဏ်း တပည့်များအပေါ်တွင် ကြီးမားလှသော သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ပြီး လော့ချန်မှာ အသုံးမကျသော သိုင်းဝိညာဉ်ကိုသာ နိုးကြားထားသူဖြစ်ပါလျက်နှင့် အဘယ်ကြောင့် ဤမျှလောက်အထိ ထူးကဲသော စွမ်းဆောင်ရည်မျိုး ရှိနေရသနည်း ဆိုသည်မှာ စဉ်းစားမရနိုင်အောင် ဖြစ်နေကြရသည်။
လော့ချန်က ခေါင်းညိတ်ပြလိုက်ပြီး မေးမြန်းလိုက်သည်။
“မင်းတို့ရဲ့ စီနီယာအစ်မကြီး ယူလန်ရှင်း ဘယ်မှာ နေလဲဆိုတာ သိပါရစေ...”
“စီနီယာအစ်မကြီးလား...”
ထိုသုံးဦးမှာ အနည်းငယ် အံ့သြသွားကြပြီး မျက်နှာသွယ်သွယ်နှင့် တပည့်မလေး တစ်ဦးက မျက်တောင်လေးများကို ခတ်လျက် အနောက်တောင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
“စီနီယာအစ်မကြီးက ‘ရှို့ရှာဖုန်း’ တောင်ထိပ်မှာ နေတာလေ။ ရောင်စဉ်ငါးသွယ် တိမ်တိုက်တွေ ဖုံးလွှမ်းနေတဲ့ တောင်ထိပ်က ‘ရှို့ရှာဖုန်း’ တောင်ပဲ...”
“ကျေးဇူးတင်ပါတယ်”
လော့ချန်၏ ပုံရိပ်မှာ လှုပ်ရှားသွားပြီး ‘ရှို့ရှာဖုန်း’ တောင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားရာ တစ်ခဏချင်းမှာပင် အစအနပင် မကျန်အောင် ပျောက်ကွယ်သွားတော့သည်။
“ဟိဟိ... ဂျူနီယာညီမလေး... နင့်ရဲ့ ပါးပြင်တွေ ဘာလို့ ဒီလောက်အထိ နီနေရတာလဲ...”
“ဟင်... စီနီယာအစ်မ ယွမ်... ခုနက စီနီယာအစ်ကို လော့ချန်လို့ တတွတ်တွတ် ခေါ်နေတာ အစ်မ မဟုတ်ဘူးလား...”
“ကဲ... တော်ကြတော့။ နင်တို့ နှစ်ယောက်ကတော့ မျက်နှာမှာ အတည်ပေါ့လို့ကို မရဘူး...”
အသက်အကြီးဆုံး တပည့်မလေးက သူမတို့၏ စနောက်မှုများကို ဟန့်တားလိုက်ပြီး လော့ချန် ထွက်ခွာသွားရာ လမ်းကြောင်းကို ကြည့်လျက် တီးတိုးရေရွတ်လိုက်သည်။
“လော့ချန်နဲ့ စီနီယာအစ်မကြီးတို့ ဓားလမ်းစဉ်ချင်း ယှဉ်ပြိုင်ကြမလို့လို့ ငါ ကြားထားတယ်။ လော့ချန် စီနီယာအစ်မကြီးကို လာရှာတာကလည်း အဲဒီကိစ္စအတွက်ပဲ ဖြစ်ရမယ်...”
“လော့ချန်က စီနီယာအစ်မကြီးနဲ့ တိုက်ခိုက်မလို့လား။ သူ့မှာ အဲဒီလောက်အထိ အစွမ်းရှိလို့လား...”
ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် ကျင့်ကြံမှု ပြီးဆုံးသွားပြီးနောက် လူတိုင်းမှာ တံခါးပိတ် ကျင့်ကြံနေကြခြင်းဖြစ်ရာ လော့ချန်မှာ ပြည့်စုံလုနီးပါး ဓားဆန္ဒပိုင်ရှင် တစ်ဦး ဖြစ်လာခဲ့ပြီဆိုသည့် သတင်းမှာ လူအများ မသိရှိကြသေးပေ။ သေချာသည်မှာ လော့ချန် ကျင့်ကြံမှုမှ ထွက်လာသည်နှင့်အမျှ သူ၏ သတင်းများမှာ မကြာမီမှာပင် တစ်ခုလုံးသော လော့ရှာဂိုဏ်းကိုသာမက တာယွဲ့မင်းဆက် တစ်ခုလုံးကိုပါ တုန်လှုပ်သွားစေမှာ သေချာလှပေသည်။
“ဓားလမ်းစဉ်ချင်း ယှဉ်ပြိုင်တာပဲ ဖြစ်မှာပါ။ သူတို့ နှစ်ယောက်စလုံးက ဓားလမ်းစဉ် ပါရမီရှင်တွေဆိုတော့... ဒီတိုက်ပွဲက သေချာပေါက် စိတ်လှုပ်ရှားစရာ ကောင်းမှာပဲ။ မြန်မြန် သွားကြည့်ကြရအောင်...”
စကားအနည်းငယ် ပြောဆိုပြီးနောက် ထိုသုံးဦးမှာ ‘ရှို့ရှာဖုန်း’ တောင်ဆီသို့ အပြေးအလွှား လိုက်ပါသွားကြတော့သည်။
‘ရှို့ရှာဖုန်း’ တောင်ထိပ်...
ရောင်စဉ်ငါးသွယ် မြူခိုးများကြားတွင် ခမ်းနားလှသော ခြံဝင်းတစ်ခု ရှိနေပြီး အပြင်ဘက်တွင်မူ သစ်တောကြီး တစ်ခုနှင့်အတူ ကြည်လင်လှသော အိုင်ငယ်လေး တစ်ခုလည်း ရှိနေကာ ရေပြင်ထက်တွင်လည်း ကြာရွက်အချို့ ပေါ်နေသဖြင့် အလွန်ပင် တိတ်ဆိတ်ပြီး စိတ်အေးချမ်းစဖွယ် ကောင်းလှပေသည်။
အိုင်ငယ်လေး၏ ဘေးနားတွင်မူ အဝါရောင်ဝတ်စုံနှင့် တည်ငြိမ်လှပသော အမျိုးသမီး တစ်ဦးမှာ ဓားရေးလေ့ကျင့်နေသည်။
ထိုသူမှာ လော့ရှာဂိုဏ်း အတွင်းစည်း၏ စီနီယာအစ်မကြီး ယူလန်ရှင်းပင် ဖြစ်၏။
ယူလန်ရှင်းသည် လျင်မြန်လှသော ခြေလှမ်းများကို အသုံးပြုလျက် လက်ထဲရှိ ဓားကို အဆက်မပြတ် ဝေ့ယမ်းနေသည်။ ရိုးရှင်းလှသော အခြေခံ ဓားကွက်များမှာပင် သူမ၏ လက်ထဲတွင် အလွန်ပင် ဆန်းကြယ်လှသလို မုန်တိုင်းတစ်ခု ကျရောက်တော့မည့်အလား အရှိန်အဝါများလည်း ရှိနေတော့သည်။
“ရှူး... ရှူး... ရှူး...”
လေထဲတွင် ဝေ့ဝဲနေသော သစ်ရွက်အချို့မှာ ဓားအလင်းတန်းများနှင့် ထိတွေ့လိုက်သည်နှင့် တစ်ခဏချင်းမှာတင် အပိုင်းအစပေါင်း သောင်းချီ၍ ပျက်စီးသွားခဲ့ရပြီး ၎င်းတို့မှာ ဓားစွမ်းအင် လေပွေကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ရှိ ရောင်စဉ်ငါးသွယ် မြူခိုးများကိုပါ ဆွဲဆောင်လျက် အိုင်ရေပြင်ထက်မှ ဖြတ်သန်းသွားတော့သည်။
“စွပ်...”
တစ်ခုလုံးသော အိုင်ရေပြင်မှာ နှစ်ပိုင်း ကွဲသွားခဲ့ပြီး ခေတ္တမျှ ကြာပြီးမှသာ ရေပြင်မှာ ပြန်လည် စုစည်းသွားခဲ့လေသည်။
ယူလန်ရှင်းသည် ဓားကို ပြန်သိမ်းလျက် ရပ်တန့်လိုက်ပြီး ဆိုလိုက်သည်။
“ထွက်လာခဲ့တော့...”
လော့ချန်သည် သစ်တောအတွင်းမှ ထွက်လာခဲ့ပြီး လက်ခုပ်တီးလျက် ပြုံး၍ ဆိုလိုက်သည်။
“ကောင်းမွန်တဲ့ ဓားကွက်တွေပဲ။ ဓားစွမ်းအင်က ကမ္ဘာကြီးရဲ့ အရှိန်အဝါတွေကိုပါ ဆွဲဆောင်နိုင်နေပြီဆိုတော့ နင် စတုတ္ထနယ်ပယ် ကို ရောက်ဖို့က သိပ်မဝေးတော့ဘူးပဲ။ ဂုဏ်ယူပါတယ်...”
လော့ချန် ဖြစ်နေသည်ကို မြင်ရသည့်အခါ ယူလန်ရှင်းက အသာအယာ ပြုံးလိုက်သည်။
“လော့ချန်... ငါလည်း နင့်ကို လာရှာဖို့ ပြင်နေတာပဲ...”
လော့ချန်က ပြုံး၍ ဆိုလိုက်သည်။
“ငါလည်း ကျင့်ကြံမှုကနေ အခုမှ ထွက်လာတာပါ။ လော့ရှာဂိုဏ်းကနေ မထွက်ခွာခင်မှာ နင်နဲ့ တစ်ပွဲလောက် တိုက်ခိုက်ချင်လို့လေ...”
“ရှပ်... ရှပ်... ရှပ်...”
သစ်တောအတွင်းမှ ခြေသံများ ထွက်ပေါ်လာခဲ့ပြီး သတင်းကြားသိထားကြသော လော့ရှာဂိုဏ်း တပည့်များမှာလည်း တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။
“လော့ချန်က တကယ်ပဲ စီနီယာအစ်မကြီး ကို စိန်ခေါ်ဖို့ လာတာပဲ...”
“သူ့မှာ ဘယ်လို ယုံကြည်ချက်မျိုး ရှိလို့ စီနီယာအစ်မကြီးနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားနေရတာလဲ...”
လော့ချန်၏ စကားအဆုံးတွင် ပတ်ဝန်းကျင်၌ ဆွေးနွေးသံများ ဆူညံသွားတော့သည်။ ယူလန်ရှင်းသည် လော့ရှာဂိုဏ်း အတွင်းစည်းတွင် အလွန်ပင် အဆင့်အတန်း မြင့်မားသူဖြစ်သဖြင့် လော့ချန်၏ စိန်ခေါ်မှုကို လူအများက မောက်မာလွန်းသည်ဟုသာ ယူဆကြသည်။
ယူလန်ရှင်းမှာမူ အလွန်ပင် တည်ငြိမ်နေပြီး လော့ချန်ကို စိုက်ကြည့်ကာ ချိုသာစွာ ပြုံးလိုက်သည်။
“နင် ငါနဲ့ တိုက်ခိုက်ဖို့ ဒီလောက်အထိ စိတ်စောနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ငါလည်း အတူတူပါပဲ။ ဒါဆိုရင်လည်း ဘယ်သူ့ရဲ့ ဓားလမ်းစဉ်က ပိုပြီးတော့ သာလွန်လဲဆိုတာ ကြည့်ကြတာပေါ့။ ဒါနဲ့... နင့်ရဲ့ ကျင့်ကြံဆင့်က အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ။ ငါကတော့ နင့်ရဲ့ အဆင့်အတိုင်းပဲ ဖိနှိပ်ထားပြီးတော့ တိုက်ခိုက်မှာပါ...”
“နေဦး...”
လော့ချန် ဘာမှ ပြန်မပြောရသေးမီမှာပင် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ဝှစ်...”
မြူခိုးများမှာ ဆွဲဖြဲခြင်း ခံလိုက်ရပြီး ချီယွဲ့သည် သစ်တောအတွင်းမှ ပျံသန်းထွက်ပေါ်လာခဲ့သည်။
ချီယွဲ့သည် လွန်ခဲ့သော ၅ ရက်ကတည်းက ကျင့်ကြံမှုမှ ထွက်လာခဲ့ခြင်းဖြစ်ပြီး လော့ချန်၏ လှုပ်ရှားမှုများကို အမြဲ စောင့်ကြည့်နေသူ ဖြစ်ပေသည်။ လော့ချန် ‘ရှို့ရှာဖုန်း’ တောင်သို့ လာသည်ကို သိရှိလိုက်ရသည်နှင့် သူမသည်လည်း အမြန်ဆုံး လိုက်ပါလာခဲ့ခြင်းပင်။
“စီနီယာအစ်မကြီး... ကျွန်မနဲ့ လော့ချန် ကြားက ကိစ္စက မပြီးသေးဘူး...”
ချီယွဲ့သည် ယူလန်ရှင်း၏ ဘေးနားတွင် ဆင်းသက်လိုက်ပြီး ရှေ့သို့ တစ်လှမ်း တိုးလျက် လော့ချန်ကို စိုက်ကြည့်လိုက်သည်။ သူမ၏ အေးစက်လှသော အကြည့်များထဲတွင် ဖိနှိပ်မှုများနှင့် ပြင်းထန်လှသော ယှဉ်ပြိုင်လိုစိတ်များ ပြည့်နှက်နေတော့သည်။
“လော့ချန်... အဲဒီနေ့က နင် ငါ့ကို အရှက်ခွဲခဲ့ပြီးတော့ လူအများရှေ့မှာ တောင်းပန်ခိုင်းခဲ့တယ်နော်။ ဒါဟာ ငါ့ဘဝရဲ့ အကြီးမားဆုံး အရှက်ရမှုပဲ။ အခုတော့ အဲဒီအတွက် ငါကိုယ်တိုင် ပြန်ပြီးတော့ တောင်းဆိုရမှာပေါ့...”
‘ငါက နင့်ကို အရှက်ခွဲခဲ့တယ် ဟုတ်လား...’
‘ဒါတွေအားလုံးက နင်ကိုယ်တိုင် ဖန်တီးခဲ့တာ မဟုတ်ဘူးလား...’
လော့ချန် စိတ်ထဲမှ ရယ်ချင်သွားမိသည်။ သူသည် ချီယွဲ့ကို တစ်ချက် အကဲခတ်ကြည့်လိုက်ရာ သူမ၏ အရှိန်အဝါမှာ ယခင်ကထက် ပိုမို နက်နဲလာသည်ကို တွေ့ရှိလိုက်ရသဖြင့် ဤအတောအတွင်း သူမလည်း များစွာ တိုးတက်လာသည်မှာ သေချာလှပေသည်။
သို့သော်လည်း ထိုတိုးတက်မှုမှာ သူနှင့် နှိုင်းယှဉ်ပါက မပြောပလောက်ပေ။
လော့ချန်သည် ခေါင်းကို ခါယမ်းလိုက်ပြီး အေးဆေးစွာ ဆိုလိုက်သည်။
“လွန်ခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်လောက်ကသာဆိုရင်တော့... နင့်ကို အနိုင်ယူဖို့ဆိုတာ မလွယ်ကူလှဘူး။ ဒါပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းလဲသွားပြီလေ။ နင်က ငါ့ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး။ ဒါကြောင့် ဒီအတိုင်းပဲ ထားလိုက်တာ ပိုကောင်းပါလိမ့်မယ်...”
ထိုစကားကြောင့် ချီယွဲ့၏ မျက်ဝန်းများမှာ ပြင်းထန်စွာ လှုပ်ခတ်သွားပြီး သွားကို ကြိတ်လျက် အော်ဟစ်လိုက်တော့သည်။
“ငါက နင့်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး ဟုတ်လား။ တကယ်ကို မောက်မာတာပဲ။ အရင်တစ်ခါ နင် ငါ့ကို ဖိနှိပ်နိုင်ခဲ့တာက ငါ အမှတ်တမဲ့ ဖြစ်သွားလို့ပါ။ နင် ပြည့်စုံလုနီးပါး ဓားဆန္ဒပိုင်ရှင် ဖြစ်လာတာနဲ့ပဲ ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာလား။ ဒီအတောအတွင်းမှာ တိုးတက်လာတာက နင်တစ်ယောက်တည်း မဟုတ်ဘူးနော်...”
“ဘုန်း...”
စကားအဆုံးတွင် တောင်ကြီးတစ်လုံးအလား ပြင်းထန်လှသော ဖိနှိပ်မှုတစ်ခု ချီယွဲ့၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး ထိုဖိအားများကြောင့် ပတ်ဝန်းကျင်တွင် လေပွေများပင် ထွက်ပေါ်လာသဖြင့် ထိတ်လန့်စရာ ကောင်းလှပေသည်။ ကျင့်ကြံဆင့် နိမ့်ပါးလှသော အတွင်းစည်း တပည့်မလေး အချို့မှာမူ မနေနိုင်တော့ဘဲ နောက်သို့ တစ်ဦးပြီးတစ်ဦး ဆုတ်ခွာသွားကြရသည်။
“တကယ်ကို ပြင်းထန်တဲ့ အရှိန်အဝါပဲ။ ကြည့်ရတာတော့ စီနီယာအစ်မ ချီယွဲ့က ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် ထဲမှာ အများကြီး တိုးတက်လာတာပဲ။ ထိပ်သီး မျိုးဆက်တပည့် အဆင့် ၃ အတွင်းကိုတောင် ဝင်နိုင်ဖို့ မျှော်လင့်ချက် ရှိနေပြီ...”
“ဟင်... စီနီယာအစ်မ ချီယွဲ့ ပြောတာက လော့ချန်က ပြည့်စုံလုနီးပါး ဓားဆန္ဒပိုင်ရှင် တဲ့လား။ ဒါဆိုရင် လော့ချန်ကလည်း ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် ကို နားလည်သွားပြီပေါ့...”
“၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် ဟုတ်လား။ စီနီယာအစ်မကြီး ယူလန်ရှင်းနဲ့ အတူတူပဲပေါ့။ ဒါ... ဒါဟာ မဖြစ်နိုင်တာ...”
ချီယွဲ့၏ စကားတစ်ခွန်းက လူတိုင်းကို တုန်လှုပ်သွားစေခဲ့ပြီး လော့ရှာဂိုဏ်း တပည့်များမှာလည်း တစ်ဦးပြီးတစ်ဦး ထိုနေရာသို့ စုရုံးရောက်ရှိလာကြသည်။
ပြင်းထန်လှသော အရှိန်အဝါများကြားတွင် ရပ်နေသော ချီယွဲ့သည် လော့ချန်ကို စိုက်ကြည့်လျက် အေးစက်စွာ လှောင်ပြုံးလိုက်သည်။
“စိတ်ချပါ။ ငါက နင့်ကို အနိုင်ကျင့်မှာ မဟုတ်ပါဘူး။ ငါ့ရဲ့ ကျင့်ကြံဆင့်ကိုလည်း နင်နဲ့ အတူတူဖြစ်အောင် ဖိနှိပ်ထားမှာပါ။ နင်က ဒီလောက်အထိ ယုံကြည်ချက် ရှိနေတယ်ဆိုတော့... ငါ့ရဲ့ စိန်ခေါ်မှုကို ငြင်းပယ်စရာ အကြောင်းပြချက် မရှိတော့ဘူး မဟုတ်လား။ ဒါမှမဟုတ် နင်က ပါးစပ်ကပဲ ပြောတတ်တဲ့သူလား...”
ချီယွဲ့သည် လော့ချန်ကို အတင်းအကျပ် ပြောဆိုနေခြင်းဖြစ်ရာ မည်သို့ပင်ဖြစ်စေ ဤတိုက်ပွဲမှာ ရှောင်လွှဲ၍ မရနိုင်တော့ပေ။
မဟုတ်လျှင်မူ သူမသည် ယခင်က အရှက်ရခဲ့သည်များကို မည်သို့ ပြန်လည် ဆေးကြောနိုင်ပါမည်နည်း။
အခန်း ၅၇၉ ပြီးပါပြီ။