အခန်း (၅၈၀-၅၈၂)
Vol. 39 Ch. 580-582
အခန်း ၅၈၀ - သူမကို အနိုင်ယူရန်မှာ ငါ့အတွက် လက်ဖဝါးတစ်ချက် လှန်ရုံသာ
“ချီယွဲ့...”
ယူလန်ရှင်းသည် ချီယွဲ့အား ဖျောင်းဖျရန် ပြင်လိုက်သော်လည်း ချီယွဲ့က တိုက်ရိုက်ပင် စကားဖြတ်ပြောလိုက်သည်။
“စီနီယာအစ်မကြီး... ခုနက သူပြောတဲ့ စကားတွေကို အစ်မလည်း ကြားတယ်မလား။ သူက ကျွန်မကိုတင်မကဘူး... ကျွန်မတို့ လော့ရှာဂိုဏ်း တစ်ခုလုံးကိုပါ လုံးဝ အထင်မသေးတာလေ။ ဒီအတိုင်းသာ လွှတ်ပေးလိုက်ရင် ကျွန်မရဲ့ မျက်နှာက ဘယ်မှာ သွားထားရမလဲ... ကျွန်မတို့ လော့ရှာဂိုဏ်း ရဲ့ ဂုဏ်သိက္ခာတွေလည်း ထိခိုက်ကုန်မှာပေါ့”
ချီယွဲ့သည် အေးစက်လှသော အကြည့်ဖြင့် လော့ချန်ကို စိုက်ကြည့်ကာ ဆိုလိုက်သည်။
“ဒီနေ့တော့ ငါ သူနဲ့ သေချာပေါက် တစ်ပွဲ တိုက်ရမယ်။ စိတ်ချပါ... ဒါက ယှဉ်ပြိုင်ရုံသက်သက်ပဲဆိုတော့ ငါ ညှာတာပေးမှာပါ...”
ထိုစဉ်က ခံစားခဲ့ရသော အရှက်ရမှုများကို တွေးမိတိုင်း ချီယွဲ့၏ စိတ်ထဲ၌ ထိန်းမနိုင်သိမ်းမရ ဖြစ်ပေါ်လာတတ်သည်။ သူမသည် ဤနေ့ရက်ကို အမြဲတမ်း မျှော်လင့်နေခဲ့ခြင်းဖြစ်ရာ လော့ချန်အား အမျိုးမျိုးသော စကားများဖြင့် ဖိအားပေးလျက် မတိုက်ခိုက်ဘဲ မနေနိုင်အောင် လုပ်ဆောင်နေခြင်းပင်။
“နင်က ညှာတာပေးမယ် ဟုတ်လား...”
လော့ချန်က မျက်ခုံးတစ်ချက် ပင့်လျက် ပြုံးလိုက်ပြီး ခေါင်းကို ခါယမ်းကာ ဆိုလိုက်သည်။
“ကြည့်ရတာတော့ နင်က ကိုယ့်အစွမ်းကိုယ် အရမ်း ယုံကြည်ချက် ရှိနေတာပဲ။ ဒါဆိုရင်လည်း နင့်ရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးရတာပေါ့။ ဒါပေမဲ့ နင့်ရဲ့ ကျင့်ကြံဆင့်ကိုတော့ ဖိနှိပ်မထားပါနဲ့... မဟုတ်ရင် ရှုံးသွားတဲ့အခါ အကြောင်းပြချက်တွေ ပေးနေဦးမယ်။ နင် အစွမ်းကုန်သာ ထုတ်သုံးလိုက်ပါ... နင့်ရဲ့ ဂုဏ်ယူမှုတွေက ဘယ်လောက်အထိ အသုံးမကျလဲဆိုတာ ငါ သိအောင် လုပ်ပေးမယ်”
ဤစကား ထွက်ပေါ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ လော့ရှာဂိုဏ်း တပည့်များမှာ အလွန်ပင် အံ့သြသွားကြသည်။
ချီယွဲ့မှာ လော့ရှာဂိုဏ်း အတွင်းစည်း၏ ထိပ်သီးမျိုးဆက်တပည့် အဆင့် ၆ ဖြစ်သလို ကျင့်ကြံဆင့်မှာလည်း သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်ပေသည်။ သူမ၏ အစွမ်းနှင့် နာမည်ကျော်ကြားမှုမှာ မည်သူမျှ သံသယဖြစ်စရာ မလိုပေ။
အကယ်၍ လော့ချန်သာ ရွှမ်ယွမ်ဂိုဏ်း၏ ‘ရွှမ်ဟော်စာရင်း’ ထိပ်သီး ၁၀ ဦးအတွင်း ပါဝင်သူဖြစ်ပါက ဤစကားကို ပြောရန် အရည်အချင်း ရှိနိုင်သော်လည်း လော့ချန်မှာမူ ‘ရွှမ်ဟော်စာရင်း’ ထဲမှာပင် စာရင်းမဝင်သေးသူ မဟုတ်ပါလော။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ပုံမှန်အားဖြင့် လော့ချန်နှင့် ချီယွဲ့၏ ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးအလား ဖြစ်နေခြင်းပင်။
တစ်ခဏချင်းမှာပင် လော့ရှာဂိုဏ်း တပည့်အများစုမှာ လော့ချန်သည် မောက်မာလွန်းလှသလို အသိဉာဏ် မရှိဘဲ မိမိကိုယ်မိမိ အထင်ကြီးလွန်းနေသည်ဟုသာ ယူဆလိုက်ကြသည်။
“ဟားဟား... ငါ့ကို အစွမ်းကုန် ထုတ်သုံးခိုင်းတယ် ဟုတ်လား...”
ချီယွဲ့၏ လှပသော မျက်နှာလေးမှာ နီမြန်းလာခဲ့ပြီး လူတိုင်းမှာ သူမ၏ ဒေါသများကို ခံစားနေရကာ အေးစက်စွာ ဆိုလိုက်သည်။
“ဒီစကား ပြောခဲ့တာကို နင် နောင်တရစေရမယ်...”
“ဝူး...”
ထက်မြက်လှသော အရှိန်အဝါများမှာ လေပြင်းများအဖြစ် ပြောင်းလဲသွားပြီး လော့ချန်၏ ကိုယ်ပေါ်ရှိ ဝတ်စုံကို တဖျတ်ဖျတ် လွင့်ပျံစေသည်။ လူတိုင်းမှာ ဖိနှိပ်လာသော အရှိန်အဝါများကို ခံစားနေရသဖြင့် နောက်သို့ ဆုတ်ခွာသွားကြပြီး ကျယ်ပြောလှသော ကွင်းပြင်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့လေသည်။
အခြေအနေများမှာ ဤအဆင့်အထိ ရောက်ရှိနေပြီဖြစ်ရာ ယူလန်ရှင်းသည်လည်း ဟန့်တား၍ မရနိုင်တော့မှန်း သိရှိသဖြင့် ရှေ့သို့ ထွက်လာခဲ့သည်။
“ဒီနေရာက တိုက်ခိုက်ဖို့ မသင့်တော်ဘူး။ နေရာပြောင်းကြရအောင်”
စကားပြောနေစဉ်မှာပင် ယူလန်ရှင်း၏ အကြည့်မှာ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်ပြီး ဆိုလိုက်သည်။
“နင်တို့တွေ လိုက်မလာကြနဲ့တော့...”
“ဝှစ်...”
ယူလန်ရှင်း၏ ပုံရိပ်မှာ လှုပ်ရှားသွားပြီး ကျွန်းမကြီး၏ ပြင်ပသို့ ပျံသန်းသွားတော့သည်။
ချီယွဲ့သည် ပြင်းထန်လှသော ယှဉ်ပြိုင်လိုစိတ်များဖြင့် လော့ချန်ကို တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် အနောက်မှကပ်လျက် လိုက်ပါသွားသည်။
လော့ချန် ထွက်ခွာရန် ပြင်လိုက်စဉ် လူအုပ်ကြားထဲရှိ ရင်းနှီးသော ပုံရိပ်နှစ်ခုကို မြင်တွေ့လိုက်ရသဖြင့် ဆိုလိုက်သည်။
“ယန်ချင်းရှုံး... နဝမမင်းသမီး... နင်တို့လည်း လိုက်ခဲ့ကြလေ...”
“ကောင်းပါပြီ...”
ယန်ချင်းရှုံးနှင့် နဝမမင်းသမီး ကျင်းယွီရှီး တို့မှာ ဝမ်းသာအားရဖြင့် ရှေ့သို့ ထွက်လာခဲ့ကြသည်။
အခြေအနေကို သိမြင်လိုခြင်းက အချက်တစ်ချက်ဖြစ်သလို၊ ဤကဲ့သို့သော ပါရမီရှင်များ၏ တိုက်ပွဲကို မြင်တွေ့ရခြင်းက သူမတို့အတွက် များစွာ အကျိုးရှိစေမှာ သေချာလှပေသည်။
အထူးသဖြင့် ယန်ချင်းရှုံး ဖြစ်ပေသည်။
သူမနှင့် လော့ချန်၏ ဓားဆန္ဒမှာ ဆင်တူသော နေရာများစွာ ရှိနေပြီး လော့ချန်မှာ ပြည့်စုံလုနီးပါး ဓားဆန္ဒပိုင်ရှင် ဖြစ်နေပြီဖြစ်ရာ ဤတိုက်ပွဲမှတစ်ဆင့် တစ်စုံတစ်ခုကို နားလည်သွားရန် သူမ မျှော်လင့်နေခြင်းပင်။
လူ ၅ ဦးစလုံးမှာ လေထဲတွင် ဝဲပျံလျက် မြူခိုးများကြား၌ တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားကြတော့သည်။
“အား... စီနီယာအစ်မကြီးက ငါတို့ကို ဘာလို့ လိုက်ခွင့်မပြုတာလဲ...”
“စီနီယာအစ်မကြီးက ဒီကိစ္စကို အကျယ်အကျယ် မဖြစ်စေချင်လို့ နေမှာပါ။ ဒါဆိုရင်တော့ ဒီတိုက်ပွဲမှာ ဘယ်သူနိုင်နိုင်၊ ဘယ်သူရှုံးရှုံး နှစ်ဦးစလုံးအပေါ်မှာ များစွာ သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလေ...”
“ဘယ်သူ နိုင်မလဲဆိုတာ တကယ်ပဲ သိချင်မိတယ်...”
“ပြောနေစရာ လိုသေးလို့လား။ တကယ်လို့ စီနီယာအစ်မ ချီယွဲ့က ကျင့်ကြံဆင့်ကို ဖိနှိပ်ထားမယ်ဆိုရင်တော့ လော့ချန် မှာ အနိုင်ရဖို့ အခွင့်အရေး အနည်းငယ် ရှိနိုင်တာပေါ့။ ဒါပေမဲ့ စီနီယာအစ်မ ချီယွဲ့ကသာ အစွမ်းကုန် ထုတ်သုံးမယ်ဆိုရင်တော့... လော့ချန် မှာ ရှုံးဖို့ပဲ ရှိတော့တာပေါ့။ တစ်ခဏချင်းမှာတင် အသတ်ခံရမှာ သေချာတယ်...”
လူတိုင်းမှာ ဤတိုက်ပွဲကို ကိုယ်တိုင် မြင်တွေ့လိုကြသော်လည်း ယူလန်ရှင်း၏ အမိန့်ကိုမူ မလွန်ဆန်ရဲကြသဖြင့် တိုက်ပွဲရလဒ်ကိုသာ အမျိုးမျိုး ခန့်မှန်းနေကြတော့သည်။
လော့ချန် အနိုင်ရလိမ့်မည်ဟု မည်သူမျှ မယူဆကြပေ။ အဘယ်ကြောင့်ဆိုသော် နှစ်ဦးသား၏ ကွာခြားချက်မှာ အလွန်ပင် ကြီးမားလွန်းနေသောကြောင့် ဖြစ်ပေသည်။
ဓားဆန္ဒမှာ အရှိန်အဝါဖြင့် ယှဉ်ပြိုင်ရာတွင် အစွမ်းထက်နိုင်သော်လည်း တကယ့် တိုက်ခိုက်ရေး စွမ်းရည်ကိုမူ အပြည့်အဝ ကိုယ်စားမပြုနိုင်သည် မဟုတ်ပါလော။
တိမ်ပင်လယ်ထက်တွင်...
လော့ချန်သည် ယန်ချင်းရှုံး၊ နဝမမင်းသမီး တို့နှင့်အတူ ပျံသန်းနေသည်။
နဝမမင်းသမီးသည် ရှေ့မှ ချီယွဲ့ကို လှမ်းကြည့်လျက် မနေနိုင်ဘဲ မေးမြန်းလိုက်သည်။
“လော့ချန်... စီနီယာအစ်မ ချီယွဲ့က ကြယ် ၈ ပွင့် သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ ပါရမီရှင် တစ်ယောက်လေ။ ဒီတစ်ခါ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် ထဲမှာလည်း အများကြီး တိုးတက်လာတာဆိုတော့... နင် သူ့ကို အနိုင်ယူဖို့ ယုံကြည်ချက် ရှိရဲ့လား...”
လော့ချန်က လက်ဖဝါးကို တစ်ချက်လှန်ပြလိုက်ပြီး ပြုံး၍ ဆိုလိုက်သည်။
“သူမကို အနိုင်ယူဖို့ဆိုတာ... ငါ့အတွက် အဲ့သလောက် လွယ်ပါတယ်တယ်”
ဤစကားကို ကြားလိုက်ရသည့်အခါ ယန်ချင်းရှုံးနှင့် နဝမမင်းသမီး ကျင်းယွီရှီး တို့မှာ ခေတ္တမျှ မှင်တက်မိသွားကြပြီး လော့ချန်သည် စနောက်နေခြင်းသာ ဖြစ်လိမ့်မည်ဟု ယူဆလိုက်ကြသဖြင့် ထိုစကားကို စိတ်ထဲ၌ ထည့်မထားကြပေ။
လော့ချန်၏ အစွမ်းမှာ အလွန်ပင် သန်မာလှသလို သူ၏ကျင့်ကြံဆင့်ထက် ကျော်လွန်၍ တိုက်ခိုက်နိုင်သည်ကို သူမတို့ သိရှိထားကြသော်လည်း ချီယွဲ့မှာမူ လော့ရှာဂိုဏ်း၏ ထိပ်သီးမျိုးဆက်တပည့် ဖြစ်သည်နှင့်အညီ သာမန်လူတစ်ဦး မဟုတ်သည်မှာ သေချာလှသည်မဟုတ်ပါလော။
ချီယွဲ့ကို အနိုင်ယူရန်မှာ လက်ဖဝါး လှန်လိုက်သကဲ့ လွယ်သည်ဟု ပြောခြင်းမှာ စနောက်ခြင်းမဟုတ်ဘဲ အခြား ဘာဖြစ်နိုင်ပါဦးမည်နည်း။
လူ ၅ ဦးစလုံးမှာ ကျွန်းမကြီးမှ ထွက်ခွာလာခဲ့ပြီးနောက် မြောက်ဘက်သို့ မိုင် ရာနှင့်ချီ၍ ပျံသန်းလာခဲ့ကြရာ ခြောက်ကပ်လှသော ကျွန်းငယ်လေး တစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။
ထိုကျွန်းမှာ မိုင် ၂၀၊ ၃၀ ခန့် ကျယ်ဝန်းပြီး တစ်ဝက်မှာ မြင့်မားလှသော တောင်တန်းများ ဖြစ်ကာ ကျန်တစ်ဝက်မှာမူ ကွင်းပြင်ကြီး ဖြစ်ပေသည်။ တောင်တန်းများပေါ်တွင်မူ ထူးဆန်းလှသော ကျောက်ဆောင်ကြီးများ ရှိနေသလို သစ်ပင်သစ်တောများမှာလည်း အလွန်ပင် ကျဲပျံ့နေတော့သည်။
“ဒီနေရာပဲ ဖြစ်ရမယ်”
ယူလန်ရှင်းသည် ရပ်တန့်လိုက်ပြီး လော့ချန်နှင့် ချီယွဲ့ကို လှည့်ကြည့်ကာ ဆိုလိုက်သည်။
“ဒါဟာ ယှဉ်ပြိုင်ရုံသက်သက်ပဲ ဖြစ်ရမယ်။ နှစ်ဦးစလုံး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းကြဖို့ မျှော်လင့်ပါတယ်။ အချင်းချင်း စိတ်ဝမ်းကွဲရတဲ့အထိတော့ မဖြစ်စေနဲ့ပေါ့...”
“စီနီယာအစ်မကြီး စိတ်ချပါ။ ကျွန်မမှာ အတိုင်းအတာ ရှိပါတယ်...”
ချီယွဲ့သည် စကားတစ်ခွန်းသာ ချန်ထားခဲ့ပြီးနောက် မြင့်မားလှသော တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။ သူမသည် လော့ချန်ကို ထက်မြက်လှသော အကြည့်ဖြင့် စိုက်ကြည့်လိုက်ရာ သူမ၏ ကိုယ်ပေါ်မှ ချီစွမ်းအင်များမှာ ဆူဝေလာခဲ့ပြီး ပြင်းထန်လှသော ဖိနှိပ်မှုများကြောင့် တောင်ထိပ်ပေါ်ရှိ ကျောက်စိုင်ကျောက်ခဲများမှာလည်း လေထဲသို့ ပျံတက်သွားကြသဖြင့် အရှိန်အဝါမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။
“ဝှစ်...”
လော့ချန်သည် ချီယွဲ့၏ အရှေ့ ပေ သုံးရာကျော်အကွာ၌ ဆင်းသက်လိုက်သည်။ သူ၏ ကိုယ်ပေါ်တွင်လည်း ချီစွမ်းအင်များမှာ လှည့်ပတ်နေပြီး ချီယွဲ့၏ အရှိန်အဝါကို တိုက်ရိုက် ရင်ဆိုင်လိုက်သည့်အခါ ပတ်ဝန်းကျင်တွင် ထူးဆန်းလှသော ငြိမ်သက်မှုတစ်ခု ဖြစ်ပေါ်သွားခဲ့ချေပြီ။
“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ်...”
လော့ချန်၏ ကျင့်ကြံဆင့်ကို မြင်တွေ့လိုက်ရသည့်အခါ ယူလန်ရှင်းသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်မိပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။
ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှ ထွက်လာပြီးနောက် စိတ်ဓာတ်နှင့် ဝိညာဉ်စွမ်းအား တိုးတက်မှုများကြောင့် ကျင့်ကြံမှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်တတ်သည်မှာ မှန်သော်လည်း ထိုကဲ့သို့သော အချိန်မှာ အလွန်ပင် တိုတောင်းလှသလို အဆင့်ငယ် တစ်ဆင့် တိုးတက်ရန်မှာပင် အလွန် ခက်ခဲလှပေသည်။ လော့ချန်မှာမူ ဤမျှလောက်သော အချိန်တိုအတွင်းမှာတင် အဆင့်ငယ် နှစ်ဆင့်တိုင်အောင် တစ်ဟုန်ထိုး တက်လှမ်းနိုင်ခဲ့ခြင်းမှာ ဤအရှိန်အဟုန်ကို ‘ထိတ်လန့်စရာ’ ဟုသာ ဆိုရပေတော့မည်။
“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ်တဲ့လား...”
ထိုသုံးဦးထဲတွင် နဝမမင်းသမီးမှာ အလွန်ပင် တုန်လှုပ်နေရပြီး သူမ၏ ဦးနှောက်ထဲ၌လည်း ဆူညံသံများ ထွက်ပေါ်နေတော့သည်။
လော့ချန် လော့ရှာဂိုဏ်းသို့ စတင် ရောက်ရှိစဉ်က ကျင့်ကြံဆင့်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ သာ ရှိသေးသည်ကို သူမ ရှင်းလင်းစွာ မှတ်မိနေပေသည်။ အချိန်မည်မျှသာ ရှိသေးသနည်း။ ယခုမူ သူသည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် သန်မာသူတစ်ဦး ဖြစ်နေချေပြီ။ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် ဤမျှလောက်သော အာနိသင်မျိုး မရှိနိုင်သည်မှာ သေချာလှသည် မဟုတ်ပါလော။
ခြောက်ကပ်လှသော တောင်တန်းထက်တွင်။
လော့ချန်၏ အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ ချီယွဲ့သည်လည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး ဆိုလိုက်သည်။
“နင့်ရဲ့ ကျင့်ကြံဆင့်က ထပ်ပြီးတော့ အဆင့်တက်သွားတာကိုး။ ဒါကြောင့်လည်း ဒီလောက်အထိ ယုံကြည်ချက်တွေ ရှိနေတာပေါ့။ ငါလည်း ငါ့ရဲ့ ကျင့်ကြံဆင့်ကို သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် အထိပဲ ဖိနှိပ်ထားပါမယ်။ နင် ရှုံးသွားတဲ့အခါ ငါက အဆင့်နဲ့ နှိပ်ကွပ်တယ်လို့ မပြောနိုင်အောင်ပေါ့...”
လော့ချန်က ဆိုလိုက်သည်။
“နင် အစွမ်းကုန်ပဲ ထုတ်သုံးပါလို့ဆို...”
“စကားတွေ အများကြီး ပြောမနေနဲ့။ ငါ့ရဲ့ တစ်ကွက်တည်းကို တောင့်ခံနိုင်မှ ကြုံးဝါးစမ်းပါ...”
အကြိမ်ကြိမ် အထင်သေးခြင်း ခံလိုက်ရသဖြင့် ချီယွဲ့မှာ လုံးဝ ဒေါသထွက်သွားခဲ့ချေပြီ။ သူမသည် အေးစက်စွာ လှောင်ပြုံးလိုက်ပြီး မျက်ဝန်းထဲတွင် ထက်မြက်လှသော အလင်းတန်းများ ဝင်းလက်သွားကာ မီတာ ရာနှင့်ချီသော အကွာအဝေးကို လျစ်လျူရှုလျက် လော့ချန်၏ အရှေ့သို့ တစ်ခဏချင်းမှာတင် ရောက်ရှိလာခဲ့ပြီး လက်သီးပေါ်တွင် ဝေဝါးလှသော ကျောက်စိမ်းရောင် အလင်းတန်းများနှင့်အတူ လော့ချန်၏ မျက်နှာဆီသို့ တိုက်ရိုက် ထိုးနှက်လိုက်တော့သည်။
လော့ချန်မှာ ပြည့်စုံလုနီးပါး ဓားဆန္ဒပိုင်ရှင် ဖြစ်သည်နှင့်အညီ ချီယွဲ့သည်လည်း နှုတ်မှ အထင်သေးသော်လည်း စိတ်ထဲတွင်မူ လျှော့မတွက်ရဲပေ။ သူမသည် ကျင့်ကြံဆင့်ကို သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ်သို့ ဖိနှိပ်ထားသော်လည်း သူမ၏ တိုက်ခိုက်ရေး စွမ်းရည်ကိုမူ အမြင့်ဆုံးသို့ နှိုးဆွထားခြင်း ဖြစ်ပေသည်။
“ဘုန်း...”
ဤလက်သီးချက်မှာ အလွန်ပင် မြန်ဆန်လှသလို လက်သီးရှိန်မှာလည်း တောင်ကြီးတစ်လုံးအလား ခိုင်မာလှကာ လေထုကို အလွှာလိုက် ထိုးဖောက်လျက် လော့ချန်၏ မျက်နှာတည့်တည့်သို့ တိုးဝင်သွားခဲ့ချေပြီ။
သူမ မြန်သော်လည်း လော့ချန်က ပို၍ မြန်ဆန်ပေသည်။
လော့ချန်သည် ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး ဓားကိုပင် ဆွဲမထုတ်ဘဲ ဟင်းလင်းပြင်၌ လက်ညှိုးဖြင့် တစ်ချက် တို့လိုက်သည်။
“ရှူး...”
တံခါးချပ်တစ်ခုအလား ကြီးမားလှသော ဓားစွမ်းအင် တစ်ခု ကောင်းကင်ယံသို့ ထိုးထွက်လာခဲ့ပြီး နေရောင်အောက်တွင် တောက်ပလှသော အလင်းတန်းများနှင့်အတူ ချီယွဲ့၏ လက်သီးချက်ကို ချက်ချင်းပင် ဟန့်တားလိုက်တော့သည်။
“ကလစ်...”
ကွဲအက်သံ နှင့်အတူ ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် ပတ်ဝန်းကျင်ရှိ မြေပြင်များမှာ တစ်ခဏချင်းမှာတင် အက်ကွဲသွားခဲ့ရပြီး ပြင်းထန်လှသော ဓားစွမ်းအင်များက လက်သီးရှိန်ကို ဆွဲဖြဲပစ်လိုက်သဖြင့် ချီယွဲ့မှာ ကြယ်တံခွန်တစ်ခုအလား နောက်သို့ တစ်ဟုန်ထိုး လွင့်ထွက်သွားခဲ့ရကာ လမ်းတစ်လျှောက်ရှိ အရာအားလုံးမှာလည်း ပေါက်ကွဲ ပျက်စီးကုန်ပြီး မိုင်ပေါင်းများစွာအထိ လွင့်ထွက်သွားရတော့သည်။
အခန်း ၅၈၀ ပြီးပါပြီ။
အခန်း ၅၈၁ - သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူကို အနိုင်ယူခြင်း
“ဘုန်း...”
သုံးလေးမိုင်ခန့်အထိ လွင့်ထွက်သွားပြီးနောက် ချီယွဲ့သည် တောင်ထိပ်တစ်ခုကို ဧရာမ အပေါက်ကြီးဖြစ်အောင် ရိုက်မိသွားပြီးမှသာ ရပ်တန့်သွားခဲ့ရာ သူမ၏ လှပသော မျက်နှာလေးပေါ်တွင်လည်း ပုံမှန်မဟုတ်သော နီမြန်းမှုများ ပေါ်ထွက်နေတော့သည်။
လော့ချန်မှာမူ မူလနေရာ၌ပင် ရပ်နေပြီး အလွန်ပင် တည်ငြိမ်အေးဆေးနေတော့သည်။
“ဒီလောက်အထိ လွယ်လွယ်ကူကူနဲ့ စီနီယာအစ်မ ချီယွဲ့ကို နောက်ဆုတ်သွားအောင် လုပ်နိုင်တာလား... ဒါဟာ...”
နဝမမင်းသမီးသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ယန်ချင်းရှုံးနှင့် တစ်ဦးကိုတစ်ဦး ကြည့်ကာ မှင်တက်မိနေကြရသည်။
လော့ရှာဂိုဏ်း အတွင်းစည်း၏ ထိပ်သီးမျိုးဆက်တပည့် အဆင့် ၆ ဖြစ်သည်နှင့်အညီ ချီယွဲ့၏ ပါရမီနှင့် အစွမ်းမှာမူ သံသယဖြစ်စရာ မလိုပေ။ ချီယွဲ့သည် ကျင့်ကြံဆင့်ကို သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ်သို့ ဖိနှိပ်ထားသော်လည်း သူမ၏ တိုက်ခိုက်ရေး စွမ်းရည်မှာ သာမန် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် သန်မာသူများနှင့် နှိုင်းယှဉ်၍ ရနိုင်သည် မဟုတ်ပါလော။
ထိုနှစ်ဦးမှာ လုံးဝ မထင်ထားခဲ့သည်မှာ ချီယွဲ့သည် လော့ချန်၏ ရှေ့မှောက်တွင် မည်သည့် ခုခံနိုင်စွမ်းမျှ မရှိဘဲ တစ်ကွက်တည်းနှင့်ပင် အရှုံးပေးလိုက်ရခြင်း ဖြစ်သည်။
ဤသည်က အဓိပ္ပါယ်မှာ ကျင့်ကြံဆင့် တူညီနေပါက ချီယွဲ့သည် လော့ချန်နှင့် ယှဉ်ပြိုင်ရန် အရည်အချင်း လုံးဝ မရှိခြင်းပင် ဖြစ်၏။
ယူလန်ရှင်း၏ အကြည့်မှာလည်း တစ်ဖြည်းဖြည်းနှင့် ထက်မြက်လာခဲ့ချေပြီ။ လော့ချန်၏ အစွမ်းမှာ သူမ ထင်မှတ်ထားသည်ထက်ပင် များစွာ သာလွန်နေတော့သည်။ ချီယွဲ့က ကျင့်ကြံဆင့်ကို ဖိနှိပ်ထားသလို လော့ချန်သည်လည်း ဓားဆန္ဒကို ထုတ်မသုံးခဲ့ပေ။
အမှန်တော့ ပြည့်စုံလုနီးပါး ဓားဆန္ဒပိုင်ရှင် တစ်ဦးအနေဖြင့် ဓားဆန္ဒကို အသုံးပြုခြင်းနှင့် အသုံးမပြုခြင်းမှာမူ ကောင်းကင်နှင့် မြေကြီးအလား ကွာခြားလှသည်မဟုတ်ပါလော။
“၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကိုပါ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့... သူ့ရဲ့ အစွမ်းက ထိပ်သီး မျိုးဆက်တပည့်တွေရဲ့ အဆင့်ကို မရောက်သေးရင်တောင်မှ သိပ်ပြီးတော့ ဝေးမှာ မဟုတ်တော့ဘူး...”
ယူလန်ရှင်း၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားသည်။ သူမသည်လည်း ယခင်က လော့ချန်အား ချီယွဲ့ကို အစွမ်းကုန် ထုတ်သုံးခိုင်းခြင်းမှာ မောက်မာလွန်းသည်ဟု ယူဆခဲ့သော်လည်း ယခုကြည့်ရသည်မှာ ထိုသို့ မဟုတ်ပုံ ပေါ်နေချေပြီ။
ပိုမို မြင့်မားသော ကောင်းကင်ယံရှိ မြူခိုးတိမ်တိုက်များကြားတွင်မူ ဝေဝါးလှသော လှိုင်းတံပိုးများ ထွက်ပေါ်နေသည်။
တိမ်တိုက်များထက်တွင် ပုံရိပ်များစွာ ရပ်နေကြပြီး ၎င်းတို့မှာ သတင်းကြားသိသဖြင့် လာရောက်ကြည့်ရှုကြသော လော့ရှာဂိုဏ်း အကြီးအကဲများပင် ဖြစ်၏။ သူတို့၏ အကြည့်များကြောင့် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များမှာလည်း လှုပ်ခတ်နေသဖြင့် သူတို့၏ စိတ်ထဲတွင် မည်မျှအထိ တုန်လှုပ်နေသည်ကို သိသာလှပေသည်။
“တစ်ကွက်တည်းနဲ့ ချီယွဲ့ ကို နောက်ဆုတ်သွားအောင် လုပ်နိုင်တယ်ဆိုတော့... ဒီကောင်လေးက အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတာဆိုတာ တကယ်ကို မယုံနိုင်စရာပဲ...”
တစ်စုံတစ်ယောက်က သက်ပြင်းချလျက် ရေရွတ်လိုက်မိသည်။
အကြီးအကဲ တစ်ဦးက ဆိုလိုက်သည်။
“သူက ပြည့်စုံလုနီးပါး ဓားဆန္ဒပိုင်ရှင် ဖြစ်နေပြီလေ။ အဆင့်တူ သန်မာသူတွေကို ဖိနှိပ်နိုင်တာက မထူးဆန်းပါဘူး။ ချီယွဲ့က ကျင့်ကြံဆင့်ကို ဖိနှိပ်မထားဘဲ အစွမ်းကုန် ထုတ်သုံးလိုက်တာနဲ့ သူက ဘယ်လိုမှ ပြိုင်ဘက် မဟုတ်တော့ပါဘူး။ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် လေးနဲ့တော့ အဆင့်ကြီး တစ်ခုစာ ကွာခြားချက်ကို ကျော်ဖြတ်ဖို့ဆိုတာ မလွယ်ပါဘူး။ ချီယွဲ့နဲ့ ရင်ဆိုင်ဖို့ဆိုတာကတော့ ပိုပြီးတော့တောင် မဖြစ်နိုင်သေးဘူး...”
ကျန်ရှိနေသော အကြီးအကဲများမှာလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့လည်း ထိုသို့ပင် တွေးတောနေခြင်းပင်။
လော့ရှာဂိုဏ်း အတွင်းစည်း၏ ထိပ်သီးမျိုးဆက်တပည့် တစ်ဦးဖြစ်သည်နှင့်အညီ ချီယွဲ့သည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူများကြားတွင်ပင် ထူးချွန်သူတစ်ဦး ဖြစ်သည်မဟုတ်ပါလော။
ဂိုဏ်းသုံးဂိုဏ်း အတွင်းစည်း၏ လူငယ်မျိုးဆက်သစ်များထဲတွင် ချီယွဲ့ကို အနိုင်ယူနိုင်သူမှာ လက်ချိုးရေတွက်၍ ရနိုင်သော်လည်း ထိုလူများထဲတွင်မူ လော့ချန် လုံးဝ မပါဝင်နိုင်သည်မှာ သေချာလှပေသည်။
တောင်ထိပ်ပေါ်တွင်...
လော့ချန်၏ ဝတ်စုံမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေပြီး သူသည် ချီယွဲ့ကို ကြည့်ကာ အေးဆေးစွာ ဆိုလိုက်သည်။
“နင့်ရဲ့ အစွမ်းအားလုံးကို မခြွင်းမချန် ထုတ်သုံးလိုက်ပါ။ နင့်ရဲ့ အကန့်အသတ်က ဘယ်မှာလဲဆိုတာ ငါ မြင်ချင်လို့ပါ...”
ချီယွဲ့၏ အကြည့်မှာ အလွန်ပင် အေးစက်နေပြီး သူမ၏ ကိုယ်ပေါ်မှ ချီစွမ်းအင်များမှာ ပြင်းထန်လှသော လှိုင်းတံပိုးကြီးများအလား ဆူဝေလာကာ လေပြင်းများအဖြစ် ပြောင်းလဲလျက် အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားတော့သည်။
လော့ချန်၏ လက်ညှိုးတစ်ချက်တည်းနှင့် လွင့်ထွက်သွားရခြင်းမှာ သူမအတွက်မူ မည်သို့မျှ သည်းမခံနိုင်သော အရှက်ရမှု ဖြစ်ပေသည်။ သူမသည် ကျင့်ကြံဆင့်ကို အဘယ်ကြောင့် ဖိနှိပ်ထားမိသနည်း ဆိုသည်ကိုပင် နောင်တရနေမိသည်။ မဟုတ်လျှင်မူ သူမ၏ အစွမ်း ၆၀၊ ၇၀ ရာခိုင်နှုန်းခန့်ကို အသုံးပြုရုံနှင့်ပင် လော့ချန်အား အလွယ်တကူ ဖိနှိပ်နိုင်မှာဖြစ်ပြီး ဤမျှလောက်အထိ အရှက်ကွဲမှာ မဟုတ်သည်မှာ သေချာလှပေသည်။
“ကောင်းပြီ။ နင့်ရဲ့ ဆန္ဒအတိုင်း ဖြစ်စေရမယ်...”
အော်ဟစ်လိုက်ပြီးနောက် ချီယွဲ့သည် ကျင့်ကြံဆင့်ကို ဖိနှိပ်မထားတော့ဘဲ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူတစ်ဦး၏ အရှိန်အဝါများကို ပေါက်ကွဲထွက်ပေါ်စေကာ တစ်ခဏချင်းမှာပင် လော့ချန်၏ အပေါ်တည့်တည့်သို့ ရောက်ရှိလာခဲ့သည်။
“ရှုံးနိမ့်စမ်း။ ကျောက်စိမ်းရောင်လက်ဖဝါးစွမ်းအား...”
သူမသည် လေထဲတွင် ရှိနေစဉ်မှာပင် သူမ၏ တစ်ကိုယ်လုံးတွင် တောက်ပလှသော ကျောက်စိမ်းရောင် အလင်းတန်းများ ဝင်းလက်သွားခဲ့ပြီး ကျောက်စိမ်းအလား လက်ဖဝါးချက်များမှာ လော့ချန်ထံသို့ မုန်တိုင်းသဖွယ် အဆက်မပြတ် တိုးဝင်သွားတော့သည်။
“ချွင်... ချွင်... ချွင်...”
လက်ဝါးချက်တိုင်းမှာ တံခါးချပ်တစ်ခုအလား ကြီးမားလှသလို၊ သိပ်သည်းပြီး ကြည်လင်လှကာ အလင်းတန်းများလည်း ဖြာထွက်နေပြီး လေဟာနယ်ကို ထိုးဖောက်လိုက်သည့်အခါတွင်လည်း သံချင်းရိုက်သံများ ထွက်ပေါ်နေသဖြင့် တစ်ခုလုံးသော တောင်ထိပ်ကြီးကို လုံးဝ ဖုံးလွှမ်းသွားခဲ့ချေပြီ။
“ဘုန်း... ဘုန်း... ဘုန်း...”
လက်ဝါးချက်များ မကျရောက်မီမှာပင် ၎င်းတို့အတွင်း ပါဝင်သော ပြောမပြတတ်သည့် ပြင်းထန်လှသော စွမ်းအားများကြောင့် တစ်ခုလုံးသော တောင်ထိပ်မှာ ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး ကျောက်ဆောင်များလည်း ပေါက်ကွဲပျက်စီးနေတော့သည်။
“ချင်း...”
လော့ချန်၏ အကြည့်မှာ တည်ငြိမ်နေပြီး လျှပ်စီးဓားမှာ တစ်ခဏချင်းမှာပင် အိမ်မှ ထွက်လာခဲ့ကာ လေဟာနယ်အတွင်း၌ အသာအယာ လှုပ်ရှားလိုက်သည့်အခါ ထက်မြက်လှသော ဓားစွမ်းအင်များမှာ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး မည်သည့်အရာမျှ ထိုးဖောက်၍ မရနိုင်သော ဓားကွန်ရက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကွဲအက်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ဖုံးလွှမ်းနေသော ထိုကျောက်စိမ်းရောင် လက်ဝါးချက်များ အားလုံးမှာမူ ဓားကွန်ရက်ကြီး၏ ဟန့်တားခြင်းကို ခံလိုက်ရသဖြင့် လော့ချန်ကို အနည်းငယ်မျှပင် ဒဏ်ရာမရစေနိုင်တော့ပေ။
“ဟင်...”
ချီယွဲ့၏ လှပသော မျက်ဝန်းအစုံမှာ ပြင်းထန်စွာ လှုပ်ခတ်သွားရသည်။
သူမသည် ကျင့်ကြံဆင့်ကို ဖိနှိပ်မထားတော့ဘဲ လက်ဝါးချက်တိုင်းမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူတစ်ဦး၏ အစွမ်းအပြည့် ပါဝင်နေခြင်း ဖြစ်သည်။ လက်ဝါးချက်ပေါင်း ဆယ်ဂဏန်း၊ ရာဂဏန်းခန့် ပြိုင်တူ ကျရောက်လာမှုကိုမူ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူတစ်ဦးပင်လျှင် နောက်သို့ ဆုတ်ခွာ ရှောင်တိမ်းရမှာဖြစ်သော်လည်း လော့ချန်မှာမူ ခြေတစ်လှမ်းမျှပင် မရွေ့လျားဘဲ တောင့်ခံနိုင်သည်တဲ့လား။
ဤမြင်ကွင်းကို ကြည့်ကာ အခြားသူများမှာလည်း ရင်ခုန်သံများ မြန်ဆန်လာခဲ့ရပြီး အထူးသဖြင့် ယန်ချင်းရှုံးနှင့် နဝမမင်းသမီး တို့မှာမူ အသက်ရှူရန်ပင် မေ့လျော့နေကြတော့သည်။
လော့ချန်သည် လက်ဖဝါးစွမ်းအားများကို ဟန့်တားလိုက်ပြီး ပြင်းထန်လှသော အရှိန်အဝါများကြားမှ ချီယွဲ့ကို လှမ်းကြည့်ကာ ဆိုလိုက်သည်။
“နင့်ရဲ့ တကယ့် အဆုံးသတ် တိုက်ကွက် ကိုပဲ ထုတ်သုံးလိုက်ပါတော့။ မဟုတ်ရင်တော့ ခဏနေရင် အနိုင်အရှုံးက ပေါ်သွားတော့မှာမလို့ပါ...”
ချီယွဲ့သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူမ၏ အကြည့်မှာ ထက်မြက်နေသည်။ သူမသည် လော့ချန်ကို တစ်ခါမျှ အလေးမထားခဲ့ဖူးသလို၊ လော့ချန်သည် ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒကို နားလည်သွားပြီး ပြည့်စုံလုနီးပါး ဓားဆန္ဒပိုင်ရှင် ဖြစ်လာလျှင်ပင် အတူတူပင် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် နှစ်ဦးသား၏ အဆင့်အတန်း၊ ပါရမီနှင့် အစွမ်း ကွာခြားချက်များမှာ ရှင်းလင်းစွာ ရှိနေသောကြောင့် ဖြစ်ပေသည်။
သို့သော်လည်း သူမ လုံးဝ မထင်ထားခဲ့သည်မှာ ယနေ့တွင်မူ အသုံးမကျသော သိုင်းဝိညာဉ်ကိုသာ နိုးကြားထားပြီး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ်သာ ရှိသေးသော လော့ချန်ကြောင့် ဤမျှလောက်အထိ အကျပ်ရိုက်လိမ့်မည်ဟုပင် ဖြစ်၏။
“ဝူး...”
လေထုများ ဆူဝေလာပြီး ကြယ်ပွင့် ၈ ပွင့် ပါဝင်သော၊ ဝေဝါးလှသော အလင်းတန်းများ ဝင်းလက်နေသော ကျောက်စိမ်းသိုင်းဝိညာဉ်မှာ ချီယွဲ့၏ အနောက်တွင် ပေါ်ထွက်လာလေသည်။
ကျောက်စိမ်းအလင်းတန်းများမှာ ပိုမို တောက်ပလာခဲ့ပြီး ချီယွဲ့၏ တစ်ကိုယ်လုံးကို လုံးဝ ဖုံးလွှမ်းသွားခဲ့ရာ ပတ်ဝန်းကျင် မီတာ ရာနှင့်ချီသော နေရာရှိ လေထုမှာလည်း တွန့်လိမ်နေပြီး မြင်ကွင်းများမှာလည်း ဝေဝါးနေတော့သည်။
အလွန်အမင်း ဒေါသထွက်နေသဖြင့် ချီယွဲ့သည် အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိတော့ဘဲ သူမ၏ အရှိန်အဝါကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်လိုက်ရာ ထိတ်လန့်ဖွယ် အရှိန်အဝါများမှာ ပင်လယ်လှိုင်းကြီးတစ်ခုအလား တောင်ထိပ်ပေါ်ရှိ အရာအားလုံးကို ဝေးရာသို့ လွင့်စင်သွားစေတော့သည်။
လော့ချန်ဆီသို့ တစ်ချက် ကြည့်လိုက်ရင်း ချီယွဲ့သည် ကောင်းကင်ယံ၌ ရပ်နေကာ သူမ၏ ကိုယ်ပေါ်တွင် အလင်းတန်းများမှာ ဝင်းလက်နေပြီး သူမ၏ အမူအရာမှာလည်း အေးစက်နေသဖြင့် လူသားများကို ငုံ့ကြည့်နေသော နတ်ဘုရားတစ်ပါးအလား မြင့်မြတ်လှပေသည်။
“နင်သာ ငါ့ရဲ့ ဒီလက်ဖဝါးချက်ကို တောင့်ခံနိုင်မယ်ဆိုရင်တော့ ငါ ချက်ချင်းပဲ အရှုံးပေးလိုက်မယ်...”
လော့ချန်သည် ဓားကို ကိုင်ဆောင်လျက် ခေါင်းကို မော့ကြည့်ကာ အေးဆေးစွာပင် ဆိုလိုက်သည်။
“နင် စိတ်ကြိုက်သာ လုပ်ပါ...”
“ဂျိမ်း...”
ကျောက်စိမ်းရောင် အလင်းတန်းများ ဝင်းလက်သွားပြီး လျှပ်စီးတစ်ခုအလား လော့ချန်ထံသို့ တည့်တည့်မတ်မတ် ကျဆင်းလာတော့သည်။
ထိုလျှပ်စီးအတွင်း၌ ချီယွဲ့၏ ပုံရိပ်မှာ ပေါ်ထွက်လာခဲ့ပြီး သူမ၏ ကိုယ်ဟန်မှာ လျှပ်စီးတစ်ခုအလား လေဟာနယ်ကို ထိုးဖောက်လျက် ကြည်လင်လှသော ကျောက်စိမ်းရောင် အလင်းတန်းများ ဝင်းလက်နေသည့် ညာဘက်လက်ဖဝါးဖြင့် ပြင်းထန်စွာ ရိုက်နှက်လိုက်တော့သည်။
“ငွေလမင်း တုန်လှုပ်ခြင်း...”
“ဘုန်း... ဘုန်း... ဘုန်း...”
ဧရာမ လခြမ်းကြီးတစ်ခု ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး တောင်ပြိုမြေပြိုမတတ် ထိတ်လန့်ဖွယ် အရှိန်အဝါများလည်း ရှိနေတော့သည်။
လော့ချန်၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ထိုထိတ်လန့်ဖွယ် ဖိအားများကို တောင့်မခံနိုင်တော့ဘဲ တစ်ခဏချင်းမှာတင် မြူမှုန်အဖြစ် ပြောင်းလဲသွားတော့၏။
ကွဲအက်သံများနှင့်အတူ တစ်ခုလုံးသော တောင်ထိပ်ကြီးမှာလည်း အလယ်တည့်တည့်မှနေ၍ နှစ်ခြမ်း ကွဲထွက်သွားတော့သည်။
“လော့ချန်...”
ယန်ချင်းရှုံးနှင့် နဝမမင်းသမီး တို့မှာ ဤမြင်ကွင်းကို ကြည့်ကာ တစ်ခဏချင်းမှာတင် စိုးရိမ်စိတ်များကြောင့် အသက်ရှူပင် ရပ်တန့်သွားကြရသည်။ အကွာအဝေးမှာ အလွန်ပင် ဝေးနေသော်လည်း တိုးဝင်လာသော ထိတ်လန့်ဖွယ် အရှိန်အဝါများကိုမူ သူမတို့လည်း မထိန်းချုပ်နိုင်အောင် ခံစားနေရသည်။
ဖိနှိပ်လာသော ထို လခြမ်းလက်ဖဝါးစွမ်းအားကို ကြည့်ရင်း လော့ချန်၏ စိတ်ထဲ၌ ထိတ်လန့်သွားရသည်။
တစ်ဖက်လူမှာ လော့ရှာဂိုဏ်း၏ ထိပ်သီးမျိုးဆက်တပည့် တစ်ဦးဖြစ်သည်နှင့်အညီ တကယ်ကို ထူးခြားလှပေသည်။ အကယ်၍ လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်ကသာဆိုပါက သူသည် သေချာပေါက် ပြိုင်ဘက် မဟုတ်သည်မှာ သေချာလှပေသည်။
နှမြောစရာကောင်းသည်မှာ ယနေ့အချိန်တွင်မူ သူသည် ယခင်က လော့ချန် မဟုတ်တော့ခြင်းပင်။
“ဘုန်း...”
မျက်ခုံးနှစ်ခုကြားမှ တုန်ခါသွားခဲ့ပြီးကမ္ဘာကို တုန်လှုပ်စေမည့် ထက်မြက်မှုများ လော့ချန်၏ ခန္ဓာကိုယ်မှ ကောင်းကင်သို့ ထိုးတက်သွားကာ အရပ်မျက်နှာ အနှံ့အပြားသို့ ဖုံးလွှမ်းနေသော ထိုပျက်စီးခြင်း အရှိန်အဝါအားလုံးကို တစ်ခဏချင်းမှာတင် ချေမှုန်းပစ်လိုက်တော့သည်။
“ကြယ်ကြွေခြင်း...”
မျက်ဝန်းထဲတွင် ထက်မြက်လှသော အလင်းတန်းများ ဝင်းလက်သွားပြီး လော့ချန်၏ ကိုယ်ပေါ်မှ ဓားဆန္ဒများမှာ ဆူဝေလာကာ ဓားတစ်ချက်ဖြင့် ခုတ်ပိုင်းလိုက်တော့သည်။
“ဘုန်း...”
‘ပြည့်စုံမှုအဆင့်’ သို့ ရောက်ရှိထားသော ‘ကြယ်ကြွေခြင်း’နှင့် ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် တို့၏ ပေါင်းစပ်မှုကြောင့် ဤဓားကွက်၏ အစွမ်းမှာမူ ခန့်မှန်းရန် ခက်ခဲလှပေသည်။ တောက်ပလှသော ဓားစွမ်းအင်များမှာ ကောင်းကင်ယံမှ ကျဆင်းလာသော စစ်မှန်သည့် ကြယ်တာရာများအလား ရှိနေပြီး ကောင်းကင်ယံ၌ မှောင်မိုက်လှသော လေဟာနယ် လမ်းကြောင်းကြီးတစ်ခုကိုပင် ဆွဲဖြဲပစ်လိုက်တော့သည်။
“ဗြီး...”
လူတိုင်း၏ စိုက်ကြည့်နေမှုအောက်တွင် ထိုသတ်ဖြတ်ရေး တိုက်ကွက် နှစ်ခုမှာ တစ်ခုနှင့်တစ်ခု တိုက်ရိုက် ရိုက်ခတ်သွားခဲ့ပြီး ထိတ်လန့်ဖွယ်ကောင်းသော ချီစွမ်းအင်များမှာ အလွှာလိုက် ပေါက်ကွဲထွက်ပေါ်လာကာ များပြားလှသော လေပွေများကို ဖြစ်ပေါ်စေသလို လျှပ်စီးများလည်း အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်ကျဲသွားတော့သည်။
“ရှူး...”
လခြမ်းလက်ဖဝါးစွမ်းအားမှာ ခေတ္တမျှသာ တောင့်ခံနိုင်လိုက်ပြီး ချက်ချင်းပင် ထိုးဖောက်ခြင်း ခံလိုက်ရကာ အနည်းငယ်မျှ သေးငယ်သွားခဲ့သော ကျန်ရှိနေသည့် ဓားစွမ်းအင်များမှာမူ ချီယွဲ့၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသဖြင့် သူမအား မိုင်ပေါင်းများစွာအထိ လွင့်ထွက်သွားစေခဲ့ပြီး သူမ၏ ကာကွယ်မှုချီစွမ်းအင် အလွှာကို ထိုးဖောက်တော့မည့်အချိန်မှာမှ ထိုဓားစွမ်းအင်မှာ လမ်းကြောင်း ရုတ်တရက် ပြောင်းလဲသွားကာ ကောင်းကင်ယံသို့သာ ထိုးတက်သွားတော့သည်။
အခန်း ၅၈၁ ပြီးပါပြီ။
အခန်း ၅၈၂ - ပြည့်စုံလုနီးပါး ဓားဆန္ဒပိုင်ရှင်နှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှု
“ဒါ... ဒါဟာ မဖြစ်နိုင်တာ။ ဒီ လော့ချန်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ပဲ ရှိသေးတာလေ... ဘယ်လိုလုပ်ပြီး တိုက်ခိုက်ရေးစွမ်းရည်က ဒီလောက်အထိ ပြင်းထန်နေရတာလဲ...”
ပိုမို မြင့်မားသော ကောင်းကင်ယံရှိ ချီယွဲ့အပေါ် ယုံကြည်ချက် အပြည့်ရှိနေကြသော လော့ရှာဂိုဏ်း အကြီးအကဲများမှာ တစ်ဦးပြီးတစ်ဦး ပါးစပ်အဟောင်းသား ဖြစ်နေကြရသည်။
လော့ချန်ကို အမြဲတမ်း အထင်ကြီးခဲ့သော အကြီးအကဲ ပိကျိုးရွှေ ပင်လျှင် မယုံကြည်နိုင်အောင် ဖြစ်နေရသည်။
ထိပ်သီးမျိုးဆက်တပည့် တစ်ဦးဖြစ်လာခြင်းမှာ ကိုယ်တိုင်က ပါရမီရှင်တစ်ဦး ဖြစ်ရုံတင်မကဘဲ ကျင့်ကြံဆင့်ထက် ကျော်လွန်၍ တိုက်ခိုက်နိုင်သော ပါရမီရှင်များလည်း ဖြစ်ကြသည်မဟုတ်ပါလော။
လော့ချန်မှာမူ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ကျင့်ကြံဆင့်နှင့် ချီယွဲ့ကို အနိုင်ယူခဲ့ခြင်း ဖြစ်သည်။
ကိုယ်တိုင် မြင်တွေ့ခဲ့ရလျှင်ပင် ၎င်းမှာ အမှန်တကယ် ဖြစ်နိုင်သည်ဟု မယုံကြည်နိုင်ကြဘဲ မျက်စိရှေ့ရှိ မြင်ကွင်းမှာ ပုံရိပ်ယောင်များသာ ဖြစ်လိမ့်မည်ဟု ယူဆနေကြတော့သည်။
ယန်ချင်းရှုံးနှင့် နဝမမင်းသမီး တို့မှာမူ မှင်တက်မိနေကြလေသည်။
“ဖူး...”
ချီယွဲ့၏ ကာကွယ်မှုမှာ ဓားစွမ်းအင်ကြောင့် အပြည့်အဝ ပျက်စီးသွားခြင်း မရှိသော်လည်း ထက်မြက်လှသော ဓားဆန္ဒမှာမူ ကိုယ်အကာအကွယ်ချီစွမ်းအင်ကို ထိုးဖောက်လျက် ကိုယ်တွင်းသို့ တိုးဝင်သွားခဲ့ချေပြီ။
သူမသည် တောင့်မခံနိုင်တော့ဘဲ ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရပြီး သူမ၏ မျက်ဝန်းအစုံမှာလည်း လော့ချန်ကို စိုက်ကြည့်လျက် နှုတ်ခမ်းနီနီလေးမှာလည်း သွေးစများ ထွက်ပေါ်လာသည်အထိ တင်းတင်းစေ့ထားမိသည်။
လော့ရှာဂိုဏ်း အတွင်းစည်း၏ ထိပ်သီးမျိုးဆက်တပည့် တစ်ဦးဖြစ်သလို၊ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူတစ်ဦး ဖြစ်ပါလျက်နှင့် နာမည်ကျော်ကြားမှု မရှိသေးသော၊ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သို့ပင် မရောက်သေးသည့် လော့ချန်၏ လက်အောက်တွင် ရှုံးနိမ့်ခဲ့ရသည်တဲ့လား။
၎င်းမှာ သူမ တစ်ခါမျှ မတွေးတောခဲ့ဖူးသော ကိစ္စပင် ဖြစ်၏။
၎င်းအပြင် သူမအနေဖြင့် လက်ခံရန် ခက်ခဲလှသော အမှန်တရားလည်း ဖြစ်ပေသည်။
ကြီးမားလှသော အရှက်ရမှုများက ချီယွဲ့ကို ဝါးမြိုသွားခဲ့ပြီး သူမ၏ ကိုယ်ပေါ်မှ ချီစွမ်းအင်များမှာ ပြန်လည်၍ ဆူဝေလာကာ ဆက်လက် တိုက်ခိုက်ရန် ပြင်လိုက်သည်။
“ဝှစ်...”
ပုံရိပ်တစ်ခု လှုပ်ရှားသွားခဲ့ပြီးနောက် ယူလန်ရှင်းသည် ချီယွဲ့၏ အရှေ့သို့ ရောက်ရှိလာကာ ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
“ချီယွဲ့... လော့ချန် ခုနက ညှာတာပေးခဲ့တာပါ။ နင်က သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး...”
“ကျွန်မ...”
ချီယွဲ့သည် လော့ချန်ကို ကြည့်လိုက်ရာ သူမ၏ စိတ်ထဲ၌ မကျေနပ်မှုများနှင့် တုံ့ဆိုင်းမှုများ ပြည့်နှက်နေသော်လည်း နောက်ဆုံးတွင်မူ သူမ၏ ကိုယ်ပေါ်မှ ဆူဝေနေသော ချီစွမ်းအင် လှိုင်းများမှာ ပြန်လည် ငြိမ်သက်သွားခဲ့ပြီး အားအင်ကုန်ခမ်းစွာ ဆိုလိုက်သည်။
“ငါ ရှုံးသွားပြီ...”
ရိုးရှင်းလှသော စကားတစ်ခွန်း ဖြစ်သော်လည်း ချီယွဲ့အတွက်မူ တောင်ကြီးတစ်လုံးအလား လေးလံလှပေသည်။
စကားအဆုံးတွင် ချီယွဲ့သည် ပါးစပ်မှ သွေးများ ထပ်မံ အန်ထုတ်လိုက်ရပြီး သူမ၏ မျက်နှာမှာလည်း ဖြူဖျော့သွားခဲ့တော့သည်။ ယခုအချိန်တွင် သူမ၏ ဂုဏ်ယူမှုများ အားလုံးမှာ အစအနပင် မကျန်အောင် ချေမှုန်းခြင်း ခံလိုက်ရပြီ ဖြစ်သည်။ ယူလန်ရှင်းသည် ချီယွဲ့၏ ခံစားချက်ကို နားလည်ပေးနိုင်ပေသည်။ ထိပ်သီးမျိုးဆက်တပည့် တစ်ဦးအနေဖြင့် မာနရှိသည်မှာ မထူးဆန်းသလို အခုမှ နာမည်ရလာသော လော့ချန်၏ လက်ထဲတွင် ရှုံးနိမ့်သွားရခြင်းကို ပို၍ပင် မည်သူမျှ ကျေနပ်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း အရှုံးမှာ အရှုံးသာ ဖြစ်ရာ ဘာမှ ပြောနေစရာ မလိုတော့ဘဲ ပြန်လည်၍ ကျင့်ကြံပြီးမှသာ နောင်တစ်ချိန်တွင် ဤအရှက်ရမှုကို ပြန်လည် ဆေးကြောရပေမည်။
ချီယွဲ့အား နဝမမင်းသမီးနှင့် ယန်ချင်းရှုံးတို့ထံ အပ်နှံလိုက်ပြီးနောက် ယူလန်ရှင်းသည် လော့ချန်၏ အရှေ့သို့ ရောက်ရှိလာခဲ့ပြီး နှစ်ဦးသားမှာ ပေ ရာနှင့်ချီ၍ ဝေးကွာသော နေရာ၌ ရပ်နားလိုက်ကြသည်။
တစ်ခဏချင်းမှာပင် လူတိုင်း၏ အကြည့်မှာ ထိုနှစ်ဦး၏ ကိုယ်ပေါ်သို့ ပြိုင်တူ ရောက်ရှိသွားကြသည်။
အကယ်၍ ယခင်ကသာဆိုပါက လော့ချန်သည် ယူလန်ရှင်းနှင့် ယှဉ်ပြိုင်ရန် အရည်အချင်း ရှိလိမ့်မည်ဟု မည်သူမျှ ယူဆမည် မဟုတ်ပေ။
ယခုတင်က တိုက်ပွဲကမူ လော့ချန်သည် မိမိကိုယ်မိမိ သက်သေပြနိုင်ခဲ့ချေပြီ။
နှစ်ဦးစလုံးမှာ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားကြသော ဓားကျင့်ကြံသူ ပါရမီရှင်များ ဖြစ်ကြသလို၊ ပြည့်စုံလုနီးပါး ဓားဆန္ဒပိုင်ရှင်များလည်း ဖြစ်ကြသည်။
၎င်းမှာ ဂိုဏ်းသုံးဂိုဏ်း အတွင်းစည်း တပည့်များထဲတွင် ထိပ်သီး ဓားသမားနှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်သည်မှာ သံသယဖြစ်စရာ မရှိပေ။
လေပြင်းတစ်ချက် တိုက်ခတ်လိုက်သဖြင့် ဖုန်မှုန့်များမှာ လွင့်ပျောက်သွားခဲ့ပြီး ထိုနှစ်ဦး၏ ဝတ်စုံစလေးများမှာလည်း လွင့်ပျံနေတော့သည်။
အဝါရောင်ဝတ်စုံနှင့် ယူလန်ရှင်းသည် လော့ချန်ကို စိုက်ကြည့်လိုက်ပြီး ခေတ္တမျှ ကြာပြီးမှသာ ဆိုလိုက်သည်။
“အရင်တုန်းကတော့ ငါ့ရဲ့ ကျင့်ကြံဆင့်ကို နင်နဲ့ အတူတူဖြစ်အောင် ဖိနှိပ်ထားဖို့ စဉ်းစားခဲ့တာပါ။ ဒါပေမဲ့ အခုကြည့်ရတာတော့... အဲဒီလို လုပ်မယ်ဆိုရင် ငါ သေချာပေါက် ရှုံးသွားမှာပဲ။ ဒါကြောင့် ငါ့ရဲ့ ကျင့်ကြံဆင့် အသာစီးရမှုကိုပဲ ယူရတော့မယ် ထင်တယ်...”
လော့ချန်က ပြုံး၍ ဆိုလိုက်သည်။
“ငါကလည်း နင့်ကို အစွမ်းကုန် ထုတ်သုံးစေချင်တာပါ။ အစွမ်းကုန်ပဲ တိုက်ခိုက်ကြရအောင်...”
ချီယွဲ့နှင့် တိုက်ခိုက်စဉ်က လော့ချန်သည် သူ၏ အစွမ်း ၆၀၊ ၇၀ ရာခိုင်နှုန်းခန့်ကိုသာ ထုတ်သုံးခဲ့ခြင်းဖြစ်ပြီး ယူလန်ရှင်းမှတစ်ဆင့် သူ၏ အစွမ်းမှာ မည်သည့်အဆင့်သို့ ရောက်ရှိနေပြီလဲ ဆိုသည်ကို မြင်တွေ့လိုနေခြင်းပင်။
သူသည် ‘ရွှမ်ဟော်စာရင်း’၏ နံပါတ်တစ် နေရာကို ယှဉ်ပြိုင်ရန် အရည်အချင်း ရှိ၊ မရှိ ဆိုသည်ကို သိရှိလိုနေခြင်း ဖြစ်သည်။
ထိုစကားကြောင့် ယူလန်ရှင်း၏ မျက်ဝန်းထဲတွင် လှိုင်းတံပိုးများ ထသွားခဲ့သည်။
“နင် ငါ့ကို အစွမ်းကုန် တိုက်ခိုက်စေချင်တာလား...”
လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ်...”
ယူလန်ရှင်းသည် လော့ချန်မှာ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သိရှိလိုက်ရသဖြင့် စိတ်ထဲမှ ထိတ်လန့်သွားရသည်။ သို့သော်လည်း သူမသည် စကားများများ ပြောတတ်သူ မဟုတ်သဖြင့် ဘာမှ ထပ်မမေးတော့ဘဲ ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင်လည်း... ငါ အားနာမနေတော့ဘူး”
“ဝူး...”
စကားအဆုံးတွင် စိမ်းပြာရောင် ဓားရှည်တစ်လက် ယူလန်ရှင်း၏ လက်ထဲတွင် တိတ်တဆိတ် ပေါ်ထွက်လာခဲ့သည်။
ထိုဓားရှည်ထက်တွင် ကြယ်ပွင့် ၄ ပွင့်မှာ ဝင်းလက်နေသလို ဓားစွမ်းအင်များလည်း ထွက်ပေါ်နေသဖြင့် ကြယ် ၄ ပွင့် အဆင့်မြင့် ရတနာလက်နက် ဖြစ်ပေသည်။
ဓားကို ဆုပ်ကိုင်လိုက်သည့် ခဏမှာပင် သန့်စင်လှသလို ထိတ်လန့်ဖွယ်ကောင်းသော ဓားဆန္ဒတစ်ခု ယူလန်ရှင်း၏ ကိုယ်မှ ကောင်းကင်သို့ ထိုးတက်သွားပြီး ပြင်းထန်လှသော ထက်မြက်မှုများမှာ အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့လျက် လော့ချန်ထံသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
အစွမ်းကုန် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ရာ ယူလန်ရှင်းသည်လည်း မည်သည့်အရာကိုမျှ ဖုံးကွယ်မထားတော့ဘဲ ဓားဆန္ဒကို အမြင့်ဆုံးအဆင့်သို့ နှိုးဆွလိုက်ခြင်းပင် ဖြစ်၏။
“ဘုန်း...”
ပြင်းထန်လှသော ဓားဆန္ဒနှစ်ခု ထိတွေ့သွားသည့်အခါ လေဟာနယ်အတွင်း၌ပင် တွန့်လိမ်မှုများ ဖြစ်ပေါ်လာခဲ့ပြီး မှောင်မိုက်လှသော အက်ကြောင်းကြီး တစ်ခုနှင့်အတူ လျှပ်စီးများလည်း ဝင်းလက်သွားတော့သည်။
“ဒါဟာ ပြည့်စုံလုနီးပါး ဓားဆန္ဒပိုင်ရှင် တွေရဲ့ အစွမ်းပဲ။ ဓားဆန္ဒချင်း ယှဉ်ပြိုင်တာတောင်မှ ဒီလောက်အထိ ထိတ်လန့်စရာ ကောင်းနေတာလား...”
နဝမမင်းသမီးနှင့် ယန်ချင်းရှုံး တို့မှာ အလွန်ပင် တုန်လှုပ်နေရပြီး တိုးဝင်လာသော ထက်မြက်မှုများကြောင့် တောင့်ခံရန် ခဲယဉ်းလာသဖြင့် ချီယွဲ့နှင့်အတူ နောက်သို့ အမြန်ဆုံး ဆုတ်ခွာသွားကြရသည်။
“ခံယူစမ်း။ စမ်းရေအလျင်...”
ဓားဆန္ဒကို ထုတ်ဖော်ပြီးနောက် ယူလန်ရှင်းသည် များစွာ မတွေးတောတော့ဘဲ တိုက်ရိုက်ပင် တိုက်ခိုက်လိုက်ရာ သူမ၏ ဓားရှည် လှုပ်ရှားလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လေထုများမှာ ဆွဲထုတ်ခြင်း ခံလိုက်ရသကဲ့သို့ ရှိနေပြီး လေဟာနယ်အတွင်း၌ ရေလှိုင်းသံများ ပဲ့တင်ထပ်သွားခဲ့သည်။
“ရှူး... ရှူး... ရှူး...”
ချီစွမ်းအင်များမှာ ရေလှိုင်းများအလား ဆူဝေနေပြီး သူမ၏ ဓားချက်နှင့်အတူ ကြည်လင်လှသော ဓားစွမ်းအင်များအဖြစ် ပြောင်းလဲလျက် ဧရာမ လှိုင်းလုံးကြီးတစ်ခုအလား လော့ချန်ထံသို့ လိမ့်ဝင်သွားတော့သည်။
လော့ချန်သည် ထိုဓားစွမ်းအင်အတွင်း ပါဝင်သော ပြင်းထန်လှသည့် အရှိန်အဝါများကို ခံစားလိုက်ရသဖြင့် လျှော့မတွက်ရဲတော့ပေ။ သူ၏ မျက်ဝန်းထဲတွင် ထက်မြက်မှုများ ဝင်းလက်သွားပြီး ချီစွမ်းအင်ကို အစွမ်းကုန် နှိုးဆွလျက် ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ‘ကြယ်ကြွေခြင်း’ ကို ထပ်မံ၍ ထုတ်ဖော်လိုက်သည်။
“ဘုန်း...”
ကြယ်တံခွန်တစ်ခုအလား တောက်ပလှသော ဓားအလင်းတန်းမှာ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး ကြည်လင်လှသော ထိုဓားစွမ်းအင်များနှင့် တိုက်ရိုက် ရိုက်ခတ်သွားခဲ့ရာ ပြင်းထန်လှသော ပေါက်ကွဲမှုများနှင့်အတူ ထိတ်လန့်ဖွယ် ချီစွမ်းအင် လှိုင်းများမှာ ပတ်ဝန်းကျင်ရှိ တောင်ထိပ်များကို တစ်ခဏချင်းမှာတင် ဖြိုချပစ်လိုက်ပြီး ဧရာမ ကျောက်ဆောင်ကြီးများမှာလည်း အရပ်မျက်နှာ အနှံ့အပြားသို့ လွင့်ပျံတက်သွားတော့သည်။
“ဝှစ်... ဝှစ်...”
ပုံရိပ်နှစ်ခုမှာ တစ်ချိန်တည်းမှာပင် နောက်သို့ ဆုတ်ခွာသွားကြသည်။
လော့ချန်သည် ဧရာမ ကျောက်ဆောင်ကြီးတစ်ခုပေါ်သို့ ဆင်းသက်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် အံ့သြမှုများ ပြည့်နှက်နေတော့သည်။ ‘အတွင်းစည်းရဲ့ စီနီယာအစ်မကြီး ဆိုတာ တကယ်ကို မရိုးရှင်းဘူးပဲ။ ချီယွဲ့ ထက် အများကြီး ပိုပြီးတော့ သန်မာတာပဲ။ ဓားဆန္ဒတစ်ခုတည်းနဲ့တော့ ကျင့်ကြံဆင့် ကွာခြားချက်ကို ကျော်ဖြတ်ဖို့ မလွယ်ဘူးပဲ...’
ယူလန်ရှင်းမှာမူ ပို၍ပင် ထိတ်လန့်သွားရသည်။ သူမသည် ဓားဆန္ဒကို အစွမ်းကုန် နှိုးဆွခဲ့သော်လည်း လော့ချန်ကို အသာစီး မရခဲ့ရုံတင်မကဘဲ သူမ၏ ဓားဆန္ဒမှာ လော့ချန်၏ ဖိနှိပ်ခြင်းကိုပင် ခံနေရသကဲ့သို့ ရှိနေသည်မဟုတ်ပါလော။
“ကောင်းပြီ။ နောက်ပိုင်းကျရင်တော့ ငါ ညှာတာပေးမှာ မဟုတ်တော့ဘူး”
ယူလန်ရှင်း၏ မျက်နှာမှာ လေးနက်သွားခဲ့ချေပြီ။
ဤခဏတွင် သူမသည် လော့ချန်အား မိမိနှင့် တန်းတူ ပြိုင်ဘက်တစ်ဦးအဖြစ် လုံးဝ သတ်မှတ်လိုက်ပြီဖြစ်ရာ သူမ၏ အနောက်ရှိ လေဟာနယ်အတွင်း၌ ကြယ်ပွင့် ၉ ပွင့် ပါဝင်သော၊ ရေစီးကြောင်း ဝဲကတော့သိုင်းဝိညာဉ်မှာ ပေါ်ထွက်လာခဲ့သည်။
တစ်ခဏချင်းမှာပင် ယူလန်ရှင်း၏ အရှိန်အဝါမှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး သူမ၏ ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များမှာ ရေလှိုင်းများအလား လှုပ်ခတ်နေကာ လေထုမှာပင် စေးပျစ်လာသဖြင့် လူကို လေးလံသော ခံစားချက်ကြီးတစ်ခုကို ပေးစွမ်းနေတော့သည်။
“ရေဓားအဆက်မပြတ်ခြင်း...”
“ဘုန်း...”
သူမ၏ ဓားရှည် ဝေ့ယမ်းလိုက်သည်နှင့် မီတာ တစ်ထောင်ခန့် ရှည်လျားလှသော ဧရာမ ရေလှိုင်းကြီးတစ်ခုမှာ ဟိန်းဟောက်လျက် ထွက်ပေါ်လာခဲ့သည်။ သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ထိုရေလှိုင်းကြီးမှာ သေးငယ်လှသော ဓားစွမ်းအင်ပေါင်း သောင်းချီ၍ ဖွဲ့စည်းထားခြင်းဖြစ်ရာ ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လေထုမှာ တစ်ခဏချင်းမှာတင် ဆွဲဖြဲခြင်း ခံလိုက်ရတော့သည်။
“ဟင်... ဒီဓားကွက်က ငါ့ရဲ့ ‘နတ်ဆိုးမုန်တိုင်းကွက်’နဲ့ အတော်လေး ဆင်တူတာပဲ။ ဒါပေမဲ့ အနှစ်သာရတော့ ကွဲပြားတယ်...”
လော့ချန်၏ မျက်ဝန်းများ ဝင်းလက်သွားသည်။ မိမိနှင့် အဆင့်တူသော ဓားသမားတစ်ဦးနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ရခြင်းဖြစ်ရာ သူ၏ စိတ်ထဲ၌လည်း ပြင်းထန်လှသော ယှဉ်ပြိုင်လိုစိတ်များ ပေါ်ထွက်လာခဲ့ပြီး သိုင်းဝိညာဉ်ကိုလည်း နှိုးဆွလိုက်သဖြင့် သူ၏ အရှိန်အဝါမှာလည်း တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာခဲ့ချေပြီ။
“ဘုန်း...”
ခြေတစ်ချက် နင်းလိုက်သည်နှင့် လော့ချန်၏ ခြေဖဝါးအောက်ရှိ ကျောက်ဆောင်ကြီးမှာ ချက်ချင်းပင် ပေါက်ကွဲပျက်စီးသွားခဲ့ပြီး သူသည် ထိုဓားစွမ်းအင် ရေလှိုင်းကြီးဆီသို့ တိုက်ရိုက် တိုးဝင်လျက် လေထဲမှာပင် ဓားဖြင့် တစ်ချက် ခုတ်ပိုင်းလိုက်သည်။
“နတ်ဆိုးမုန်တိုင်း...”
“ဘုန်း...”
ဓားစွမ်းအင် လေပွေကြီးတစ်ခုမှာ ဆူဝေလျက် ထွက်ပေါ်လာခဲ့ပြီး ထိုရေလှိုင်းကြီးနှင့် တိုက်ရိုက် ရိုက်ခတ်သွားခဲ့ရာ ကောင်းကင်ယံ၌ မီးရှူးမီးပန်းများ ဖောက်လိုက်သကဲ့သို့ အလင်းတန်းများမှာ ပွင့်ထွက်သွားခဲ့ပြီး ပေါက်ကွဲပျက်စီးသွားသော ချီစွမ်းအင်များမှာလည်း အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်ကျဲသွားသဖြင့် ပတ်ဝန်းကျင်ရှိ တောင်တန်းများမှာလည်း ချက်ချင်းပင် ပျက်စီးကုန်တော့သည်။
“ရှူး... ရှူး... ရှူး...”
အချို့သော ဓားစွမ်းအင်များမှာ ထိုပေါက်ကွဲမှုများကြားမှ ဖောက်ထွက်လာခဲ့ပြီး ယူလန်ရှင်းထံသို့ တိုက်ရိုက် ဦးတည်သွားသဖြင့် သူမအား နောက်သို့ ဆုတ်ခွာသွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။
“စီနီယာအစ်မကြီး နောက်ဆုတ်သွားရတယ် ဟုတ်လား...”
ဤမြင်ကွင်းကြောင့် ယန်ချင်းရှုံး တို့မှာ ရင်ခုန်သံများပင် မြန်ဆန်လာခဲ့ရသည်။ ယူလန်ရှင်းသည် လော့ရှာဂိုဏ်း အတွင်းစည်း၏ စီနီယာအစ်မကြီးဖြစ်ပြီး သူမ၏ အစွမ်းမှာ လော့ရှာဂိုဏ်း တစ်ခုလုံးတွင် ပြိုင်ဘက်ကင်းသူ ဖြစ်သည်မဟုတ်ပါလော။
ယခုမူ ယူလန်ရှင်းသည် လော့ချန်ကြောင့် နောက်သို့ ဆုတ်ခွာလိုက်ရသည်တဲ့လား။
ဤအမှန်တရားကြောင့် သူမတို့မှာ မည်သို့ ခံစားရမည်မှန်းပင် မသိတော့ပေ။
အထူးသဖြင့် ချီယွဲ့ ဖြစ်ပေသည်။ သူမ၏ မျက်နှာပေါ်တွင်လည်း အမူအရာပေါင်းစုံမှာ တစ်လှည့်စီ ပေါ်ထွက်နေတော့သည်။
သူမသည် မူလက လော့ချန်သည် မိမိနှင့် တိုက်ခိုက်စဉ်က သူ၏ အစွမ်းကုန်ကို ထုတ်သုံးခဲ့သည်ဟု ယူဆထားခဲ့ခြင်း ဖြစ်သော်လည်း ယခုကြည့်ရသည်မှာ ထိုစဉ်က လော့ချန်သည် လုံးဝ အတည်အတန့် မတိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ ၎င်းက သူမ၏ ဂုဏ်ယူမှုများကို ပြင်းထန်စွာ ထိုးနှက်လိုက်ခြင်းပင် ဖြစ်၏။
“တကယ်ကို ပြင်းထန်တဲ့ ဓားကွက်ပဲ။ အနှစ်သာရ နှစ်မျိုး... မဟုတ်ဘူး... သုံးမျိုးတောင် ပါဝင်နေတာပဲ...”
ယူလန်ရှင်းသည် တိုးဝင်လာသော ဓားစွမ်းအင်များကို ချေမှုန်းလိုက်ပြီးနောက် စိတ်ထဲမှ အံ့သြသွားရသလို ယှဉ်ပြိုင်လိုစိတ်များလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ချေပြီ။ သူမသည် ကောင်းကင်ယံ၌ မတ်မတ်ရပ်လျက် သူမ၏ ကိုယ်ပေါ်မှ ဓားဆန္ဒများမှာလည်း ကောင်းကင်သို့ ထိုးတက်နေကာ လော့ချန်ကို ကြည့်ရင်း ဆိုလိုက်သည်။
“လော့ချန်... ဒီတစ်ခါ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှာ ကျင့်ကြံစဉ်က ငါမြေကမ္ဘာရဲ့ အရှိန်အဝါ အစအနလေးကို နားလည်ခဲ့တယ်။ နောက်ထပ် ငါ ထုတ်သုံးမယ့် ဓားကွက်ကတော့ ငါ့ရဲ့ အစွမ်းကုန်ပဲ ဖြစ်လိမ့်မယ်။ တကယ်လို့ နင်သာ ဒီဓားကွက်ကို တောင့်ခံနိုင်မယ်ဆိုရင်တော့... ဂိုဏ်းသုံးဂိုဏ်း အတွင်းစည်းမှာ နင်နဲ့ ယှဉ်နိုင်တဲ့သူဟာ ၃ ယောက်ထက် မပိုတော့ဘူး...”
“ဒါပေမဲ့ ဒါဟာ ငါ ပထမဆုံးအကြိမ် အစွမ်းကုန် ထုတ်သုံးမှာ ဖြစ်သလို၊ အပြည့်အဝလည်း မထိန်းချုပ်နိုင်သေးဘူးဆိုတော့... နောက်ဆက်တွဲ ရလဒ်ကတော့ ခန့်မှန်းရ ခက်လိမ့်မယ်။ နင် ဆက်ပြီးတော့ တိုက်ချင်သေးလား...”
အခန်း ၅၈၂ ပြီးပါပြီ။