← Chapters

အခန်း (၅၈၃-၅၈၅)

Vol. 39 Ch. 583-585

အခန်း (၅၈၃-၅၈၅)

Vol. 39 Ch. 583-585

အခန်း ၅၈၃ - တစ်ပိုင်းတစ်စ မဟာသန်မာသူ... အနိုင်နှင့်အရှုံး

“ယူလန်ရှင်းက မြေကမ္ဘာရဲ့ အရှိန်အဝါ အစအနလေးကို နားလည်သွားပြီပဲ”

“အရမ်းကောင်းတယ်။ ဒါဆိုရင်တော့ လော့ချန်မှာ အနိုင်ရဖို့ အခွင့်အရေး လုံးဝ မရှိတော့ဘူး။ သူ အရှုံးကြီး ရှုံးတော့မှာပဲ”

ယူလန်ရှင်း၏ စကားကို ကြားလိုက်ရသည့်အခါ ဤတိုက်ပွဲအတွက် စိုးရိမ်နေကြသော လော့ရှာဂိုဏ်း အကြီးအကဲများသည် တစ်ဦးပြီးတစ်ဦး သက်ပြင်းချနိုင်ကြတော့သည်။ လော့ရှာဂိုဏ်း၏ စီနီယာအစ်မကြီးဖြစ်သော ယူလန်ရှင်းသည် အခုမှ နာမည်ရလာသော လော့ချန်ကြောင့် ဤမျှလောက်အထိ အကျပ်ရိုက်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။

လော့ချန်မှာမူ နာမည်ကျော်ကြားမှု မရှိသေးသော လူငယ်တစ်ဦးသာ ဖြစ်ရာ အကယ်၍ ယူလန်ရှင်းသာ ရှုံးနိမ့်သွားမည် သို့မဟုတ် နှစ်ဦးသား သရေကျသွားမည်ဆိုပါက ၎င်းမှာ လော့ရှာဂိုဏ်းအတွက်မူ ဂုဏ်ယူစရာ ကိစ္စတစ်ခု မဟုတ်သည်မှာ သေချာလှပေသည်။ သို့သော်လည်း ယခုအခါတွင်မူ စိုးရိမ်နေရန် မလိုအပ်တော့ပေ။

မြေကမ္ဘာ၏ အရှိန်အဝါကို စတင်နားလည်လာခြင်းမှာ အနည်းငယ်မျှသာ ဖြစ်လျှင်ပင် သာမန်ကိစ္စ မဟုတ်ပေ။ ၎င်းမှာ ‘စတုတ္ထနယ်ပယ်’ ၏ တံခါးဝသို့ ခြေလှမ်းလိုက်ခြင်း ဖြစ်သည်နှင့်အညီ ‘တစ်ပိုင်းတစ်စ မဟာသန်မာသူ’ ဟုပင် ခေါ်ဆိုနိုင်ချေပြီ။ ထိုသူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍ ရနိုင်သည် မဟုတ်ချေ။

“ဂိုဏ်းသုံးဂိုဏ်း ထိပ်သီးတွေ့ဆုံပွဲ ပြီးသွားတာ တစ်နှစ်တောင် မပြည့်သေးဘူး။ သူက ဒီလောက်အထိ တိုးတက်လာတာလား”

အကြီးအကဲ ပိကျိုးရွှေ ခေတ္တမျှ စိတ်လွင့်သွားရသည်။ သူမသည် လော့ချန်ကို အမြဲတမ်း အထင်ကြီးခဲ့သော်လည်း လော့ချန်သည် ဤမျှလောက်အထိ အောင်မြင်မှုများ ရရှိလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။

“ဟင်...”

အကြည့်တစ်ချက် ဝေ့ဝိုက်လိုက်စဉ်မှာပင် အကြီးအကဲ ပိကျိုးရွှေ၏ မျက်နှာပေါ်တွင် အံ့သြရိပ်များ ပေါ်ထွက်လာသည်။ မီတာ တစ်ထောင်ခန့် ဝေးသော နေရာရှိ ရောင်စုံတိမ်တိုက်များထက်တွင် မြူခိုးများ ဖုံးလွှမ်းနေပြီး အလင်းစက်လေးများ ဝင်းလက်နေစဉ်မှာပင် လှပကျော့ရှင်းသော ပုံရိပ်တစ်ခု ထိုနေရာ၌ ရပ်နေခြင်းပင် ဖြစ်၏။ သူမ၏ မျက်ဝန်းအစုံမှာ ရေလှိုင်းများအလား တည်ငြိမ်နေသလို သူမ၏ ကိုယ်ဟန်မှာလည်း မြင့်မြတ်လှကာ ဆံပင်နက်များသည်လည်း လေထဲတွင် လွင့်ပျံနေပြီး အရှိန်အဝါမှာ တိတ်ဆိတ်အေးစက်နေသဖြင့် လူ့ပြည်သို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးအလား ရှိနေကာ အောက်ဘက်ရှိ လော့ချန်ကို အမူအရာမရှိဘဲ စိုက်ကြည့်နေတော့သည်။

“ယင်းလီ...”

အကြီးအကဲ ပိကျိုးရွှေ အနည်းငယ် အံ့သြသွားရသည်။ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် ကျင့်ကြံမှု ပြီးဆုံးသွားပြီးနောက် ယင်းလီမှာ အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေသူ ဖြစ်ပေသည်။ သူမသည် ဤနေရာသို့ ရောက်ရှိလာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ အကြီးအကဲ ပိကျိုးရွှေသည် ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး များစွာ မတွေးတောတော့ဘဲ အောက်ဘက်ရှိ စစ်တလင်းဆီသို့သာ အကြည့်များကို ပြန်လည်ပို့လွှတ်လိုက်သည်။

“မြေကမ္ဘာရဲ့ အရှိန်အဝါ ဟုတ်လား...”

ယူလန်ရှင်း၏ စကားကို ကြားလိုက်ရသော်လည်း လော့ချန်မှာမူ အလွန်ပင် တည်ငြိမ်နေဆဲ ဖြစ်သည်။ ‘ရှို့ရှာဖုန်း’ တောင်ပေါ်တွင် ရှိနေစဉ်ကတည်းက သူသည် ထိုအချက်ကို သတိပြုမိခဲ့ခြင်း ဖြစ်ပေသည်။ သူသည် အသက်ကို အသာအယာ ရှူထုတ်လိုက်ပြီး ဓားကို တစ်ချက် ဝေ့ယမ်းလိုက်ရာ သူ၏ ကိုယ်ပေါ်မှ ဓားရှိန်များသည် ပိုမို ပြင်းထန်လာခဲ့ပြီး ပြုံးလျက် ဆိုလိုက်သည်။

“နင် စိတ်ကြိုက်သာ ထုတ်သုံးပါ။ ငါလည်း ငါ့ရဲ့ အကန့်အသတ်က ဘယ်မှာလဲဆိုတာ စမ်းသပ်ကြည့်ချင်လို့လေ...”

လော့ချန်သည် ယူလန်ရှင်းမှတစ်ဆင့် သူ၏ အစွမ်းမှာ မည်သည့်အဆင့်သို့ ရောက်ရှိနေပြီလဲ ဆိုသည်ကို မြင်တွေ့လိုနေခြင်း ဖြစ်ရာ ဤအတိုင်း အရှုံးပေးရန် လုံးဝ မဖြစ်နိုင်ပေ။ ယူလန်ရှင်းသည် မြေကမ္ဘာ၏ အရှိန်အဝါကို စတင်နားလည်လာခြင်းမှာ သာမန်ကိစ္စ မဟုတ်သည်မှာ မှန်သော်လည်း သူသည်လည်း မိမိ၏ အစွမ်းကုန်ကို ထုတ်မသုံးရသေးသလို ‘စစ်မှန်သောနဂါးစွမ်းအားကျင့်စဉ်’ ကိုလည်း ထုတ်ဖော်ရန် အခွင့်အရေး မရသေးသည်မဟုတ်ပါလော။

တကယ်တမ်းတွင် ဤအတောအတွင်း ကျင့်ကြံခဲ့သဖြင့် သူ၏ ‘စစ်မှန်သောနဂါးစွမ်းအားကျင့်စဉ်’ မှာလည်း ခြေလှမ်းကြီး တစ်လှမ်း တိုးတက်လာခဲ့ပြီဖြစ်ရာ ဒုတိယအဆင့်သို့ ရောက်ရှိရန် ပါးလွှာသော အလွှာတစ်ခုသာ ခြားပေတော့သည်။

လော့ချန်၏ ပြိုင်ဘက်ကင်းလှသော ယုံကြည်ချက်များကို ခံစားလိုက်ရသည့်အခါ ယူလန်ရှင်းသည်လည်း အံ့သြသွားရပြီး ထပ်မံ၍ တုံ့ဆိုင်းမနေတော့ဘဲ လှပစွာ ပြုံးလိုက်သည်။

“ဒါဆိုရင်လည်း ငါတို့ တစ်ကွက်တည်းနဲ့ပဲ အနိုင်အရှုံးကို ဆုံးဖြတ်ကြတာပေါ့။ နင် သတိထားပါ...”

“ဝူး...”

စကားအဆုံးတွင် ယူလန်ရှင်း၏ အနောက်ရှိ ရေစီးကြောင်း ဝဲဂယက်သိုင်းဝိညာဉ်မှာ တုန်ခါသွားခဲ့ပြီး တစ်ခဏချင်းမှာတင် တစ်ခုလုံးသော ကမ္ဘာကြီးအတွင်းရှိ ရေဓာတ်များသည် သူမထံသို့ ရူးသွပ်စွာ စုစည်းလာခဲ့ရာ အောက်ဘက်ရှိ အိုင်ရေပြင်မှာလည်း ပြင်းထန်စွာ လှုပ်ခတ်လာတော့သည်။

“ဝုန်း... ဝုန်း... ဝုန်း...”

လေထုများ ဆူဝေလာပြီး ယူလန်ရှင်း၏ ပတ်ဝန်းကျင်တွင် ဧရာမ ရေလှိုင်းလေပွေကြီးများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့ကာ ၎င်းတို့မှာ ကောင်းကင်သို့ ထိုးတက်နေသဖြင့် ဧရာမ ရေနဂါးကြီးများ ဟိန်းဟောက်နေသည့်အလား ရှိနေတော့သည်။ ယူလန်ရှင်းသည် ရေလှိုင်းဝဲကတော့ကြီးများကြားတွင် ရပ်နေပြီး သူမ၏ ဝတ်စုံမှာ လေထဲတွင် လွင့်ပျံနေကာ သူမသည် မည်သည့် ပြောင်းလဲမှုမျှ ရှိမနေသော်လည်း လူကိုမူ အဆုံးမရှိအောင် မြင့်မားနေသကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနေပြီး ကောင်းကင်ယံအထိ ထိုးတက်နေတော့သည်။

“ကောင်းကင်ရေဓာတ် ပေါင်းစည်းခြင်း...”

အရှိန်အဝါများ အထွတ်အထိပ်သို့ ရောက်ရှိသွားသည့် ခဏမှာပင် ယူလန်ရှင်းသည် သူမ၏ သတ်ဖြတ်ကွက်ကို တိုက်ရိုက် ထုတ်ဖော်လိုက်တော့သည်။

သူမ၏ ဓားရှည် ခုတ်ပိုင်းလိုက်သည်နှင့် ထိုရေလှိုင်းဝဲကတော့ကြီးများသည် မည်သည့်အရာကိုမျှ ဂရုမစိုက်သော အမူအရာဖြင့် လော့ချန်ထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားတော့သည်။ ပတ်ဝန်းကျင်ရှိ ရေဓာတ်များကို အဆက်မပြတ် ဝါးမြိုနေသဖြင့် ထိုရေလှိုင်းဝဲကတော့ကြီးများ၏ အစွမ်းမှာလည်း ပိုမို ထိတ်လန့်စရာ ကောင်းလာခဲ့ပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ဖုံးလွှမ်းလျက် လေဟာနယ်ကို ဖိနှိပ်လိုက်သည့်အခါတွင်လည်း ပြင်းထန်လှသော ပေါက်ကွဲသံများ ထွက်ပေါ်နေကာ လမ်းတစ်လျှောက်ရှိ တောင်တန်းများသည် ပြိုလဲ ပျက်စီးကုန်ပြီး မိုးကြိုးလျှပ်စီးများလည်း ဝင်းလက်နေသဖြင့် ကမ္ဘာပျက်တော့မည့်အလား ရှိနေကာ စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေတော့သည်။

“လော့ချန်...”

ယန်ချင်းရှုံးနှင့် နဝမမင်းသမီးတို့သည် အလွန်ပင် စိုးရိမ်နေကြသဖြင့် အသက်ရှူရန်ပင် မရဲကြတော့ပေ။ ဤဓားကွက်၏ အရှိန်အဝါမှာ အမှန်တကယ်ပင် ထိတ်လန့်စရာ ကောင်းလှသည်မဟုတ်ပါလော။ သူမတို့မှာ မိုင်ပေါင်းများစွာ ဝေးသော နေရာ၌ ရှိနေကြသော်လည်း ထိုတိုးဝင်လာသော ဖိအားများကိုမူ သူမတို့လည်း မထိန်းချုပ်နိုင်အောင် ခံစားနေရဆဲ ဖြစ်ပေသည်။

“မြေကမ္ဘာရဲ့ အရှိန်အဝါကို ကိုယ့်ရဲ့ အစွမ်းအဖြစ် အသုံးပြုတာက တကယ်ကို မရိုးရှင်းဘူးပဲ။ အရှိန်အဝါတစ်ခုတည်းနဲ့တင် ရန်သူကို ကြောက်ရွံ့သွားစေနိုင်တာပဲ...”

လော့ချန်၏ စိတ်ထဲတွင်လည်း တုန်လှုပ်မှုများ ဖြစ်ပေါ်နေသည်။ တိုးဝင်လာသော ပြင်းထန်လှသည့် ဓားစွမ်းအင်နှင့် ဖိအားများကြောင့် သူ၏ ကိုယ်တွင်းရှိ ချီစွမ်းအင်များသည်ပင် လှည့်ပတ်ရန် ခက်ခဲလာသဖြင့် သူသည် အနည်းငယ်မျှ ထိန်ချန်ထားခြင်း မရှိတော့ပေ။

“အုန်း...”

နဂါးဟိန်းဟောက်သံများနှင့်အတူ လော့ချန်သည် ‘စစ်မှန်သောနဂါးစွမ်းအားကျင့်စဉ်’ကို တိုက်ရိုက် နှိုးဆွလိုက်ရာ ယခင်ကထက် များစွာ ပြင်းထန်လှသော ချီစွမ်းအင် လှိုင်းတစ်ခု သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး လေထုမှာပင် ရေကဲ့သို့ တုန်ခါသွားခဲ့ချေပြီ။

သူသည် ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး စိတ်ဝိညာဉ်ကို ဓားဆန္ဒအတွင်းသို့ နစ်မြုပ်စေလိုက်သည်။ သူ၏ စိတ်မှာ တည်ငြိမ်နေသော်လည်း သူ၏ ပတ်ဝန်းကျင်တွင်မူ စိတ်နှလုံးကို တုန်လှုပ်စေနိုင်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများသည် လှည့်ပတ်နေပြီး ပိုမို ပြင်းထန်လာခဲ့ရာ မုန်တိုင်းတစ်ခု မကျရောက်မီ တိတ်ဆိတ်မှုမျိုး၊ အလင်းရောင် မပေါ်ထွက်မီ မှောင်မိုက်မှုမျိုးကို ပေးစွမ်းနေတော့သည်။

အရပ်မျက်နှာ အနှံ့အပြားသို့ ဖုံးလွှမ်းနေသော ထိုရေလှိုင်းဝဲကတော့ကြီးများ အနားသို့ ရောက်ရှိလာသည့် ခဏမှာပင် လော့ချန်၏ ဓားစွမ်းအင်မှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး သူ၏ အကြည့်မှာ လျှပ်စီးနှစ်ခုအလား ထက်မြက်နေကာ ဓားဖြင့် တစ်ချက် ခုတ်ပိုင်းလိုက်တော့သည်။

“နတ်ဆိုးမုန်တိုင်း... သတ်စမ်း...”

“ဘုန်း...”

ဓားစွမ်းအင် လေပွေကြီးတစ်ခုမှာ ဟိန်းဟောက်လျက် ထွက်ပေါ်လာခဲ့ပြီး ထိုရေလှိုင်းဝဲကတော့ကြီးများနှင့် တိုက်ရိုက် ရိုက်ခတ်သွားခဲ့ရာ ကျယ်ပြောလှသော ချီစွမ်းအင် လှိုင်းများသည်လည်း အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်ကျဲသွားတော့သည်။ လူတိုင်း၏ စိုက်ကြည့်နေမှုအောက်တွင် ထိတ်လန့်စရာ ကောင်းလှသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့ချေပြီ။

မြေကမ္ဘာ၏ အရှိန်အဝါကို ဆွဲဆောင်ထားသော ထိုရေလှိုင်းဝဲကတော့ကြီးများသည် တစ်ခုပြီးတစ်ခု ထိုးဖောက်ခြင်း ခံလိုက်ရပြီး ပြိုလဲပျက်စီးသွားကာ မိုးသက်မုန်တိုင်းအလား ရေစက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုရေစက်များသည် အလွန်ပင် လေးလံလှသဖြင့် အောက်ဘက်ရှိ တောင်တန်းများကိုပင် ပေါက်ကွဲ ပျက်စီးစေတော့သည်။

လော့ချန် ထုတ်ဖော်လိုက်သော ဓားစွမ်းအင် လေဆင်နှာမောင်းကြီးမှာလည်း အဆက်မပြတ် တိုက်ခိုက်ခံနေရသော်လည်း ဓားဆန္ဒ၏ ပံ့ပိုးမှုအောက်တွင်မူ အလွန်ပင် သိပ်သည်းနေပြီး အလွှာလိုက် အလွှာလိုက် ပြိုလဲပျက်စီးသွားသော်လည်း အရှိန်အဟုန်မှာမူ လျော့နည်းမသွားဘဲ ပြတ်သားလှသော အရှိန်အဝါများဖြင့် ဆက်လက်၍ ချေမှုန်းနေတော့သည်။

“ဘုန်း...”

နောက်ဆုံးတွင်မူ ထိုသတ်ဖြတ်ကွက် နှစ်ခုစလုံးသည် အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီး ပေါက်ကွဲ ပျက်စီးသွားခဲ့ရာ ထိတ်လန့်ဖွယ်ကောင်းသော ရိုက်ခတ်မှုကြောင့် ကြည်လင်လှသော အလင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာပြီး တစ်ဟုန်ထိုး ကြီးမားလာတော့သည်။

“ဝှစ်... ဝှစ်...”

ယူလန်ရှင်းနှင့် လော့ချန်တို့သည် တစ်ဦးပြီးတစ်ဦး နောက်သို့ ဆုတ်ခွာသွားကြသည်။ လော့ချန်မှာမူ နောက်သို့ ခြေလှမ်း တစ်ဆယ်ကျော်ခန့်သာ ဆုတ်ခွာလိုက်ရသည်။ ယူလန်ရှင်းမှာမူ မီတာ ရာနှင့်ချီ၍ နောက်သို့ လွင့်ထွက်သွားခဲ့ရပြီး သူမ၏ လှပသော မျက်နှာလေးပေါ်တွင်လည်း ထူးဆန်းသော နီမြန်းမှုများ ပေါ်ထွက်လာခဲ့ကာ လော့ချန်ကို ကြည့်ရင်း သူမ၏ မျက်ဝန်းထဲတွင် ပြင်းထန်လှသော တုန်လှုပ်မှုများနှင့် သံသယများ ပြည့်နှက်နေတော့သည်။

“နင့်မှာ ဒီလောက်အထိ အစွမ်းတွေ ရှိနေသေးတာလား...”

ယခုတင်က ဓားကွက်မှာ အနှစ်သာရ သုံးမျိုး ပါဝင်နေရုံတင်မကဘဲ ဖျက်ဆီးအားမှာလည်း ထိတ်လန့်စရာ ကောင်းလှသလို ၎င်းအတွင်း၌ ပါဝင်သော ပြတ်သားလှသည့် သတ်ဖြတ်လိုစိတ်မှာလည်း အလွန်ပင် ပြင်းထန်လှသဖြင့် ယူလန်ရှင်း၏ စိတ်ကိုပင် သက်ရောက်မှု ပေးနိုင်ခဲ့ပေသည်။

လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် ဟုတ်သလို၊ မဟုတ်သလို အမူအရာဖြင့် ဆိုလိုက်သည်။

“ဒါက ငါ ကျင့်ကြံထားတဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုပါ။ တိုက်ခိုက်ရေးစွမ်းရည်ကို တစ်ခဏချင်းမှာတင် တစ်ဟုန်ထိုး မြင့်တက်စေနိုင်တာလေ။ ဆက်ပြီးတော့ တိုက်ခိုက်မယ်ဆိုရင်တော့ ငါပဲ အောက်စီးရောက်သွားမှာပါ...”

‘စစ်မှန်သောနဂါးစွမ်းအားကျင့်စဉ်’သည် ချီစွမ်းအင်နှင့် စိတ်ဝိညာဉ်ကို များစွာ ကုန်ဆုံးစေသည်မှာ မှန်သော်လည်း လော့ချန်၏ ဝိညာဉ်စွမ်းအားနှင့် ချီစွမ်းအင် ပမာဏအရဆိုလျှင်မူ အမွှေးတိုင် တစ်တိုင်ခန့်ကြာအောင် တောင့်ခံရန်မှာမူ ပြဿနာ မရှိပေ။ သူ ထိုသို့ ပြောခြင်းမှာ မိမိအတွက် အခြေအနေတစ်ခု ချန်ထားခဲ့ခြင်းဖြစ်ပြီး လူတိုင်းကို အလွန်အမင်း မအံ့သြစေလိုသလို မိမိ၏ အရေးကြီးသော ဝှက်ဖဲတစ်ခုကိုလည်း ဖုံးကွယ်ထားလိုသောကြောင့်ပင်။

သေချာသည်မှာ ဖော်ထုတ်လိုက်လျှင်ပင် သူ ကြောက်ရွံ့ခြင်း မရှိပေ။ မကြာမီမှာပင် ‘စစ်မှန်သောနဂါးစွမ်းအားကျင့်စဉ်’ သည် ဒုတိယအဆင့်သို့ တက်လှမ်းတော့မှာဖြစ်ရာ ထိုအခါကျလျှင် ၎င်းမှာ သူ၏ နောက်ထပ် ဝှက်ဖဲသစ်တစ်ခု ဖြစ်လာမှာ သေချာလှပေသည်။

“ချင်း...”

ဓားကို အိမ်အတွင်းသို့ ပြန်သိမ်းလိုက်ပြီးနောက် လော့ချန်သည် ယူလန်ရှင်းကို ကြည့်ကာ ပြုံး၍ ဆိုလိုက်သည်။

“ဒီလောက်အထိ အားရပါးရ မတိုက်ခိုက်ရတာ ကြာပြီပဲ။ ဒီနေ့တော့ သရေလို့ပဲ သတ်မှတ်လိုက်ကြရအောင်။ နောက်မှ အခွင့်အရေး ရရင်တော့ ငါတို့ အနိုင်အရှုံးကို ထပ်ပြီးတော့ ဆုံးဖြတ်ကြတာပေါ့...”

ယူလန်ရှင်းမှာမူ တိတ်ဆိတ်နေသော်လည်း စိတ်ထဲတွင်မူ ခါးသီးစွာ ပြုံးနေမိသည်။

‘သူမက ဘယ်လို အဆင့်အတန်းမျိုးလဲ။ လော့ချန်ကရော ဘယ်လို ကျင့်ကြံဆင့်မျိုးလဲ...’

၎င်းအပြင် နောက်ဆုံးတစ်ကွက်တွင် သူမ၏ ဓားစွမ်းအင်မှာ လုံးဝ ချေမှုန်းခြင်း ခံလိုက်ရသလို လော့ချန်၏ ဓားဆန္ဒကလည်း သူမအား သက်ရောက်မှု ပေးနိုင်ခဲ့သည်မဟုတ်ပါလော။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် သူမ ရှုံးနိမ့်ခဲ့ခြင်းပင် ဖြစ်၏။ ၎င်းမှာ အရှုံးကြီး ရှုံးနိမ့်ခဲ့ခြင်းလည်း ဖြစ်ပေသည်။

“သရေတဲ့လား...”

ယန်ချင်းရှုံးနှင့် နဝမမင်းသမီးတို့သည် ထိုနေရာ၌ပင် မှင်တက်မိလျက် ကျန်ရစ်ခဲ့ကြချေပြီ။ သူမတို့မှာ မည်သို့ပင်ဖြစ်စေ ဤတိုက်ပွဲက ဤကဲ့သို့သော ရလဒ် ထွက်ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ချီယွဲ့သည် လော့ချန်ကို ကြည့်ကာ စိတ်ပျက်အားငယ်စွာဖြင့် သူမ၏ နှုတ်ခမ်းထောင့်တွင် မိမိကိုယ်မိမိ လှောင်ပြောင်သော လှောင်ပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူမသည် မိမိ၏ စိတ်ထဲမှ လော့ချန်၏ ယခုတင်က ဓားကွက်နှင့် နှိုင်းယှဉ်ကြည့်လိုက်ရာ အကယ်၍ သူမသာ ထိုဓားကွက်ကို ရင်ဆိုင်ရမည်ဆိုပါက မည်သို့မျှ တောင့်ခံနိုင်မည် မဟုတ်ဘဲ တစ်ခဏချင်းမှာတင် အသတ်ခံရမှာ သေချာလှပေသည်။

ယခုအချိန်တွင်မှ ချီယွဲ့သည် လော့ချန် ပြောခဲ့သော ‘နင့်ရဲ့ ဂုဏ်ယူမှုတွေက ဘာမှ မဟုတ်ဘူး’ ဆိုသည့် စကား၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာ နားလည်သွားခဲ့ချေပြီ။ သူမ အမြဲတမ်း ဂုဏ်ယူခဲ့သော အရာများအားလုံးမှာ ယခုအခါတွင်မူ အလွန်ပင် ရယ်စရာ ကောင်းလှသည်မဟုတ်ပါလော။

အခန်း ၅၈၃ ပြီးပါပြီ။

အခန်း ၅၈၄ - လူငယ်မျိုးဆက်သစ်၏ ဘုရင်... လော့ချန်၏ ပြိုင်ဘက်

ကောင်းကင်ယံရှိ တိမ်တိုက်များထက်တွင် ရပ်နေကြသော လော့ရှာဂိုဏ်း အကြီးအကဲများသည်လည်း မှင်တက်မိလျက် ကျန်ရစ်ခဲ့ကြချေပြီ။ ယူလန်ရှင်းသည် မြေကမ္ဘာ၏ အရှိန်အဝါကို စတင်နားလည်လာသူဖြစ်ပြီး တစ်ပိုင်းတစ်စ မဟာသန်မာသူ ဖြစ်ကြောင်း သိရှိလိုက်ရသည့် ခဏမှာပင် ၎င်းတို့အားလုံးမှာ ဤတိုက်ပွဲ၏ အဖြေမှာ ထွက်ပေါ်သွားပြီဟု ယူဆခဲ့ကြသည်။ အခြားသော ရလဒ်မျိုး ရှိနိုင်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ကြပေ။

သို့သော်လည်း လော့ချန်မှာမူ အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး ယူလန်ရှင်း၏ ပြင်းထန်လှသော ထက်မြက်မှုများကို တိုက်ရိုက် တောင့်ခံနိုင်ခဲ့သည်။ အမြင်အာရုံ ထက်မြက်လှသော အကြီးအကဲ အချို့မှာမူ ပို၍ပင် သတိပြုမိလိုက်ကြသည်။ ဓားဆန္ဒချင်း ယှဉ်ပြိုင်ရာတွင် လော့ချန်သည် ယူလန်ရှင်းကို သိသိသာသာပင် ဖိနှိပ်ထားနိုင်ခဲ့ခြင်းပင် ဖြစ်၏။ ဤကဲ့သို့သော ရလဒ်ကြောင့် ၎င်းတို့အပေါ်တွင် ရိုက်ခတ်မှုမှာမူ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ပင် ဖြစ်နေတော့သည်။

အကြီးအကဲတစ်ဦးက မနေနိုင်ဘဲ သက်ပြင်းချလျက် ရေရွတ်လိုက်မိသည်။

“ဒီကောင်လေးက တကယ်ကို ကြောက်စရာ ကောင်းတာပဲ။ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ကျင့်ကြံဆင့်လေးနဲ့တင် ယူလန်ရှင်းကို တောင့်ခံနိုင်တယ်ဆိုတော့... ယွမ်မန်လီ ပြီးရင် ရွှမ်ယွမ်ဂိုဏ်းမှာ နောက်ထပ် ထူးကဲတဲ့ ပါရမီရှင်တစ်ယောက် ထပ်ပြီးတော့ ပေါ်ထွက်လာပြန်ပြီပေါ့။ အဲဒါကလည်း ပါရမီရှင် ဓားကျင့်ကြံသူ တစ်ယောက် ဖြစ်နေတာပဲ”

“အဲဒီလိုလည်း မဟုတ်နိုင်ပါဘူး။ သူက ယူလန်ရှင်းနဲ့ ယှဉ်နိုင်တာက တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်တဲ့ လျှို့ဝှက်နည်းစနစ် တစ်ခုခုကို သုံးထားလို့ပဲ ဖြစ်မှာပါ။ ဒီလို နည်းစနစ်မျိုးက အချိန်အကြာကြီး တောင့်မခံနိုင်သလို နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း အများကြီး ရှိတာဆိုတော့... တကယ့် စစ်မှန်တဲ့ အစွမ်းလို့တော့ ပြောလို့ မရသေးပါဘူး။ ဒီတိုက်ပွဲသာ ဆက်ပြီးတော့ ဖြစ်မယ်ဆိုရင်တော့ လော့ချန်က သေချာပေါက် ရှုံးသွားမှာပါ...”

တစ်စုံတစ်ယောက်က ခေါင်းကို ခါယမ်းလျက် ကန့်ကွက်လိုက်ပြီး ဆက်ပြောသည်။

“နောက်ပြီးတော့ လော့ချန်က အခု ဘယ်လောက်ပဲ သန်မာနေပါစေ... သူက အသုံးမကျတဲ့ သိုင်းဝိညာဉ်ကိုပဲ နိုးကြားထားတာလေ။ နောင်တစ်ချိန်မှာ အရှိန်အဟုန် လျော့သွားဖို့က သေချာသလောက် ရှိနေတာဆိုတော့... နောင်မှာ ဘယ်လောက်အထိ အောင်မြင်မှုတွေ ရမလဲဆိုတာကတော့ ပြောဖို့ ခက်ပါတယ်။ ယွမ်မန်လီလိုမျိုး တကယ့် ထူးကဲတဲ့ ပါရမီရှင်တွေနဲ့တော့ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး...”

ထိုစကားကို ကြားရသည့်အခါ အကြီးအကဲ အများစုမှာ ခေါင်းညိတ် သဘောတူလိုက်ကြသည်။ ကျင့်ကြံသူတစ်ဦးအတွက် သိုင်းဝိညာဉ်မှာ အလွန်ပင် အရေးပါလှသလို ကျင့်ကြံဆင့် မြင့်မားလာလေလေ ၎င်း၏ အရေးပါမှုမှာ ပိုမို ထင်ရှားလာလေလေ ဖြစ်ပေသည်။ ၎င်းမှာ လူတစ်ဦး၏ အလားအလာကို ဆုံးဖြတ်ပေးသည့်အရာ မဟုတ်ပါလော။ အခြားသော ပါရမီများ မည်မျှပင် သန်မာပါစေ အသုံးမကျသော သိုင်းဝိညာဉ်မှာမူ ကြီးမားလှသော အချုပ်အနှောင်တစ်ခုအလား ဖြစ်နေမှာဖြစ်ပြီး ပိုမို မြင့်မားသော နယ်ပယ်သို့ တက်လှမ်းရန် ခြေလှမ်းများကို ဟန့်တားထားမှာ သေချာလှပေသည်။ ၎င်းအပြင် ထိုအချုပ်အနှောင်မှာ ကျင့်ကြံဆင့် မြင့်မားလာသည်နှင့်အမျှ ပိုမို၍ လေးလံလာမှာ ဖြစ်ပေသည်။

“နောင်တစ်ချိန်မှာ သူ ဘယ်လိုပဲ ဖြစ်ဖြစ်... ဒီနေ့တော့ သူက လူတိုင်းကို အံ့သြသွားအောင် လုပ်နိုင်ခဲ့ပြီပဲ။ မကြာခင်မှာပဲ တစ်ခုလုံးသော တာ့ယွဲ့မင်းဆက်မှာ နာမည်ကြီးသွားမှာ သေချာတယ်။ တကယ်လို့ သူက သွေးကြောနိုးကြားမှုနယ်ပယ်မှာတင် စစ်မှန်တဲ့ ဓားဆန္ဒကို နားလည်နိုင်မယ်ဆိုရင်တော့... နယ်မြေအဆင့်သတ်မှတ်ချက်စာရင်းထဲကိုတောင် ဝင်နိုင်ဖို့ အခွင့်အရေး ရှိနေပြီးတော့ တစ်ခုလုံးသော ယွမ်လန်နယ်မြေစုမှာပါ နာမည်ကျော်ကြားလာလိမ့်မယ်”

အကြီးအကဲ ပိကျိုးရွှေမှာမူ လော့ချန်ကို အလွန်ပင် အထင်ကြီးနေပေသည်။ သူမသည် လော့ချန်၏ မြင့်မြတ်လှသော ပုံရိပ်ကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

“တကယ်လို့ အဲဒီနေ့သာ တကယ် ရောက်လာမယ်ဆိုရင်တော့ သူ့ရဲ့ အောင်မြင်မှုတွေက လူများစွာကို ခွန်အားပေးနိုင်မှာပါ။ အခုလို အခြေအနေတွေ ရှုပ်ထွေးနေတဲ့ အချိန်မှာ ပျင်းရိနေကြတဲ့ လူငယ်မျိုးဆက်သစ်တွေအတွက် ဒီလိုမျိုး ခွန်အားပေးမှုတွေက တကယ်ကို လိုအပ်နေတာလေ...”

“ဟားဟား... အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့သူ တစ်ယောက်ရဲ့ ဖိနှိပ်ခြင်းကို ခံလိုက်ရတယ်ဆိုတော့... လူများစွာကတော့ ကျေနပ်နိုင်ကြမှာ မဟုတ်ဘူးပေါ့။ အထူးသဖြင့် လျှပ်ယွမ်ဂိုဏ်းက လူတွေပေါ့... သူတို့ကတော့ အမြဲတမ်း နှာခေါင်းမော့ထားကြပြီးတော့ ရွှမ်ယွမ်ဂိုဏ်းက လူတွေကိုလည်း အထင်သေးတတ်ကြတာလေ...”

“သွေးကြောနိုးကြားမှုနယ်ပယ်မှာတင် စစ်မှန်တဲ့ ဓားဆန္ဒကို နားလည်ဖို့ဆိုတာ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာ ပြောနေစရာတောင် မလိုပါဘူး။ နယ်မြေအဆင့်သတ်မှတ်ချက်စာရင်းထဲ ဝင်ဖို့ဆိုတာကလည်း ပိုပြီးတော့တောင် ဝေးသေးတယ်။ လျှပ်ယွမ်ဂိုဏ်းရဲ့ အတွင်းစည်းတပည့် ယွမ်ထျန်ယန်တောင်မှ အဲဒါကို မလုပ်နိုင်သေးဘူးလေ”

လော့ရှာဂိုဏ်း အကြီးအကဲများမှာ အချင်းချင်း ဆွေးနွေးနေကြသည်။ လော့ရှာဂိုဏ်းသည် လျှပ်ယွမ်ဂိုဏ်းနှင့် မတူဘဲ ရွှမ်ယွမ်ဂိုဏ်းနှင့် မည်သည့် အငြိုးအတေးမျှ မရှိကြသဖြင့် လော့ချန်၏ တစ်ဟုန်ထိုး တိုးတက်လာမှုအပေါ်တွင်မူ များစွာသော အတွေးများ ရှိမနေကြပေ။ ချီယွဲ့နှင့် ယူလန်ရှင်းတို့မှာ လော့ချန်၏ လက်ထဲတွင် အရှက်ရခဲ့ရသည်ဆိုလျှင်ပင် သူမတို့မှာ အနည်းငယ်မျှသာ မကျေမနပ် ဖြစ်ခဲ့ကြပြီး အမှန်တရားကိုမူ လျင်မြန်စွာပင် လက်ခံနိုင်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ယှဉ်ပြိုင်မှု ရှိမှသာ ဖိအားများ ရှိလာမှာဖြစ်ပြီး ဖိအားများ ရှိမှသာ အလားအလာများကို နှိုးဆွနိုင်မှာ ဖြစ်သောကြောင့်ပင်။ လူငယ်မျိုးဆက်သစ်များကြားတွင် ယှဉ်ပြိုင်မှု မရှိတော့ပါက အားတက်သရော တိုးတက်လိုစိတ်များသည်လည်း ပျောက်ကွယ်သွားမှာ သေချာလှပေသည်။

ဆွေးနွေးနေစဉ်မှာပင် အကြီးအကဲ ပိကျိုးရွှေသည် အခြားတစ်ဖက်ရှိ တိမ်တိုက်များဆီသို့ လှမ်းကြည့်လိုက်သည်။ ယင်းလီမှာမူ မည်သည့်အချိန်က ထွက်ခွာသွားသည် မသိဘဲ ပျောက်ကွယ်နေချေပြီ။

ခြောက်ကပ်လှသော ကျွန်းငယ်လေးပေါ်တွင် လော့ချန်နှင့် ယူလန်ရှင်းတို့မှာ ယန်ချင်းရှုံးတို့နှင့် ပြန်လည် ဆုံတွေ့လိုက်ကြသည်။ ယန်ချင်းရှုံးနှင့် နဝမမင်းသမီးတို့သည် လော့ချန်ကို ကြည့်ကာ သူမတို့၏ မျက်ဝန်းထဲတွင် လှိုင်းတံပိုးများ ထနေပြီး လော့ချန်ကို ပထမဆုံးအကြိမ် ဆုံတွေ့ဖူးသကဲ့သို့ပင် ဖြစ်နေကြတော့သည်။ နဝမမင်းသမီး ကျင်းယွီရှီးမှာ စိတ်မြန်သူ ဖြစ်သည်နှင့်အညီ မနေနိုင်ဘဲ မေးမြန်းလိုက်သည်။

“နင်က ငါသိတဲ့ လော့ချန်ရော တကယ်ပဲ ဟုတ်ရဲ့လား...”

လော့ချန်က ပြုံးလျက် ဆိုလိုက်သည်။

“အစစ်အမှန် မဟုတ်လို့ ဘာရှိဦးမှာလဲ...”

“နင့်ရဲ့ ကျင့်ကြံမှု အရှိန်က တကယ်ကို ကြောက်စရာ ကောင်းတာပဲ။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက နင့်ရဲ့ ကျင့်ကြံဆင့်က ငါ့ထက်တောင် နည်းနေသေးတာကို ဘယ်သူက ထင်မှာလဲ...”

နဝမမင်းသမီးသည် နှုတ်ခမ်းလေးကို ဆူလျက် ရေရွတ်လိုက်မိသော်လည်း စိတ်ထဲတွင်မူ ဝမ်းသာနေမိသည်။ ထိုစဉ်က ပထမမင်းသား ကျင်းထျန်တူသည် လော့ချန်အား ရင်းနှီးစွာ ဆက်ဆံခဲ့ခြင်းအပေါ် သူမ သံသယ ရှိခဲ့ဖူးသည်မဟုတ်ပါလော။ ယခုကြည့်ရသည်မှာ ထိုစဉ်က ဆုံးဖြတ်ချက်မှာ တကယ်ကို မှန်ကန်ခဲ့ချေပြီ။ ယန်ချင်းရှုံးသည်လည်း နဝမမင်းသမီးနှင့် အတွေးချင်း တူညီနေသည်။ ယနေ့ ဖြစ်ပျက်ခဲ့သမျှမှာ သူမ သိရှိထားသော လော့ချန်အပေါ် အမြင်များကို လုံးဝ ပြောင်းလဲသွားစေခဲ့ခြင်းပင်။

ချီယွဲ့မှာမူ ခေါင်းကို အမြဲ ငုံ့ထားလျက် နှုတ်ခမ်းကို တင်းတင်းကိုက်ထားကာ စကားတစ်ခွန်းမျှ မဆိုတော့ပေ။ ယူလန်ရှင်းသည် ချီယွဲ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဆိုလိုက်သည်။

“ကဲ... ငါတို့ ပြန်ကြစို့။ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကိုတော့ အပြင်ကို မပြောကြသေးတာ အကောင်းဆုံးပါပဲ။ လော့ချန်... နင်ကော ဘယ်လို ထင်လဲ...”

“ကောင်းပါပြီ...”

လော့ချန်သည် နာမည်ကျော်ကြားမှုအပေါ် များစွာ စိတ်မဝင်စားသဖြင့် သေချာပေါက် သဘောတူလိုက်သည်။ ၎င်းက ပြဿနာများစွာကိုလည်း သက်သာစေသည်မဟုတ်ပါလော။

လူ ၅ ဦးစလုံးမှာ ကျွန်းငယ်လေးမှ ထွက်ခွာလာခဲ့ပြီး ကျွန်းမကြီး ရှိရာဘက်သို့ ပျံသန်းလာခဲ့ကြသည်။ လမ်းခရီးတွင် လော့ချန်က မေးမြန်းလိုက်သည်။

“ယူလန်ရှင်း... နင် ခုနက ပြောတာလေ။ နင့်ရဲ့ နောက်ဆုံးဓားကွက်ကို တောင့်ခံနိုင်မယ်ဆိုရင် ဂိုဏ်းကြီး ၃ ဂိုဏ်းရဲ့ အတွင်းစည်းမှာ ငါနဲ့ ယှဉ်နိုင်တဲ့သူ ၃ ယောက်ထက် မပိုဘူးဆိုတာ... အဲဒီ ၃ ယောက်က ဘယ်သူတွေလဲ...”

ယူလန်ရှင်းသည် အရှိန်ကို လျှော့ချလိုက်ပြီး ဆိုလိုက်သည်။

“ငါ့ကို ထားလိုက်ဦး... ပထမတစ်ယောက်ကတော့ နင်တို့ ရွှမ်ယွမ်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်ဖြစ်တဲ့ ရွှမ်ဟော်စာရင်း အဆင့်တစ် ဖန်ယွဲ့ယန် ပဲ။ ကျန်တဲ့ နှစ်ယောက်ကတော့ လျှပ်ယွမ်ဂိုဏ်းက တပည့်တွေပေါ့။ လျှပ်ယွမ်ဂိုဏ်းရဲ့ အတွင်းစည်းတပည့် ယွမ်ထျန်ယန်နဲ့ အဆင့်နှစ်နေရာက လျိုကျွယ်ပဲ...”

လော့ချန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ယူလန်ရှင်းက ဆက်ပြောသည်။

“ဒါပေမဲ့ နင့်ရဲ့ အခုပြသခဲ့တဲ့ တိုက်ခိုက်ရေးစွမ်းရည်အရဆိုရင်တော့ ဖန်ယွဲ့ယန်နဲ့ လျိုကျွယ်တို့က နင့်အတွက် သိပ်ပြီးတော့ ခြိမ်းခြောက်မှု မဖြစ်နိုင်ပါဘူး။ အနိုင်အရှုံးကတော့ တစ်ဝက်စီ ရှိတာပေါ့။ နင် အလေးထားရမှာကတော့ ယွမ်ထျန်ယန်ပဲ...”

လော့ချန်က မျက်ခုံးတစ်ချက် ပင့်လျက် မေးလိုက်သည်။

“ယွမ်ထျန်ယန်လား...”

ယူလန်ရှင်းက ခေါင်းညိတ်လျက် လေးနက်စွာ ဆိုလိုက်သည်။

“ယွမ်ထျန်ယန်ကလည်း ဓားသမား တစ်ယောက်ပဲ။ ပါရမီကတော့ ပြိုင်ဘက်ကင်းပဲ။ ကြယ် ၁၀ ပွင့် ရန် သိုင်းဝိညာဉ်ကို နိုးကြားထားရုံတင်မကဘဲ ဓားဆန္ဒကလည်း ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို လွန်ခဲ့တဲ့ အချိန်ကတည်းက ရောက်နေတာလေ။ သူက တစ်ကွက်တည်းနဲ့တင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူ ၃ ယောက်ကို သတ်ဖြတ်နိုင်ခဲ့တဲ့ စံချိန်လည်း ရှိတယ်။ အဲဒီ ၃ ယောက်စလုံးရဲ့ အလောင်းတောင် မကျန်ခဲ့ဘူးဆိုတော့... တကယ်ကို ကြောက်စရာ ကောင်းတာပဲ။ လူတွေက သူ့ကို ဖန်ရန်ဓားလို့တောင် ခေါ်ကြတယ်”

“ဒါနဲ့... မကြာသေးခင်တုန်းကပဲ ယွမ်ထျန်ယန်က နယ်မြေအဆင့်သတ်မှတ်ချက်စာရင်းကိုလည်း ယှဉ်ပြိုင်ခဲ့သေးတယ်။ အဆင့် ၁၀၂ နေရာကို ရခဲ့တာဆိုတော့... နယ်မြေအဆင့်သတ်မှတ်ချက်စာရင်းထဲ ဝင်ဖို့ကို အနည်းငယ်လေးပဲ လိုတော့တာပေါ့...”

လော့ချန်၏ မျက်ဝန်းများ ဝင်းလက်သွားသည်။

“အဆင့် ၁၀၂ နေရာ ဟုတ်လား...”

ယူလန်ရှင်းက ခေါင်းညိတ်လိုက်ပြီး မိမိကိုယ်မိမိ လှောင်ပြုံး ပြုံးလျက် ဆိုလိုက်သည်။

“လောကမှာ ဒီလိုမျိုး ကောလာဟလတွေတောင် ရှိနေတာလေ။ ဂိုဏ်းသုံးဂိုဏ်းရဲ့ အတွင်းစည်းတပည့်တွေ တိုက်ခိုက်ကြမယ်ဆိုရင် ငါနဲ့ ပန်ယွဲ့ယန်တို့ နှစ်ယောက် ပေါင်းရင်တောင်မှ ယွမ်ထျန်ယန်ရဲ့ တစ်ကွက်တည်းနဲ့တင် အသတ်ခံရနိုင်တယ်လို့ပေါ့။ သူက ဂိုဏ်းသုံးဂိုဏ်း လူငယ်မျိုးဆက်သစ်တွေကြားမှာ ဘုရင်တစ်ပါးပဲ... ဘယ်သူမှ သူ့ကို မယှဉ်နိုင်ဘူးလို့ ပြောကြတယ်...”

“အဲဒီလောက်တောင် သန်မာတာလား...”

၎င်းက လော့ချန်အား အနည်းငယ် အံ့သြသွားစေခဲ့သည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် သူသည်ပင်လျှင် ယခုအချိန်တွင် ယူလန်ရှင်းအား တစ်ကွက်တည်းနှင့် အနိုင်ယူရန် မဖြစ်နိုင်ပေ။ အစွမ်းကုန် ထုတ်သုံးလျှင်ပင် အနည်းဆုံးတော့ အကွက်အနည်းငယ် တိုက်ခိုက်ရမည် ဖြစ်သည်။ ယူလန်ရှင်းက ပြုံးလျက် ဆိုလိုက်သည်။

“အဲဒါက အရင်တုန်းကပါ။ အခုတော့ ငါလည်း ယွမ်ထျန်ယန်နဲ့ ယှဉ်နိုင်ဖို့ ယုံကြည်ချက် ရှိလာပါပြီ။ ဒါပေမဲ့ ယှဉ်ပြိုင်ရုံလောက်ပဲ ရှိမှာပါ။ သူ့ကို အနိုင်ယူဖို့ဆိုတာကတော့ အခုထိတော့ မျှော်လင့်ချက် မရှိသေးပါဘူး။ စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ ပါရမီရှင်တွေရဲ့ ထူးခြားမှုကိုတော့... နင် နောင်တစ်ချိန်မှာ သူ့ကို တွေ့ရင် သေချာပေါက် နားလည်သွားမှာပါ”

လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။ သူ၏ မျက်နှာတွင် မည်သည့် အမူအရာမျှ ရှိမနေသော်လည်း စိတ်ထဲတွင်မူ ‘ယွမ်ထျန်ယန်’ ဆိုသည့် အမည်ကို တင်းတင်းမှတ်သားလိုက်သည်။ နယ်ပယ်အဆင့်သတ်မှတ်ချက်စာရင်းကို ယှဉ်ပြိုင်ရန်ဖြစ်စေ၊ ဂိုဏ်းကြီး ၃ ဂိုဏ်း၏ အတွင်းစည်းတွင် ဘုရင်တစ်ပါး ဖြစ်လာရန်ဖြစ်စေ သူသည် ဤလူကို သေချာပေါက် ကျော်ဖြတ်ရမည် ဖြစ်သည်။

မကြာမီမှာပင် လူအုပ်စုမှာ ကျွန်းမကြီးသို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။ ပတ်ဝန်းကျင်ရှိ လော့ရှာဂိုဏ်း တပည့်များမှာ ချက်ချင်းပင် စုရုံးလာကြပြီး တိုက်ပွဲရလဒ်ကို အမျိုးမျိုး ခန့်မှန်းနေကြတော့သည်။ ယူလန်ရှင်းသည် စကားအနည်းငယ်ဖြင့် ထိုလူများကို လူစုခွဲလိုက်သည်။ လော့ချန်သည်လည်း အခွင့်အရေးကို အသုံးချကာ နှုတ်ဆက်လျက် ထွက်ခွာရန် ပြင်လိုက်သည်။

“နင် ထွက်သွားတော့မလို့လား...”

လော့ချန် ထွက်ခွာတော့မည်ဖြစ်ကြောင်း သိရှိလိုက်ရသည့်အခါ ယူလန်ရှင်းက ချက်ချင်းပင် မေးမြန်းလိုက်သည်။

“လော့ချန်... နင် ငါတို့နဲ့အတူ နက်မှောင်တောင်တန်းကို လိုက်ချင်လား...”

“နက်မှောင်တောင်တန်းလား...”

“ကြည့်ရတာတော့ နင် အခုထိ မသိသေးဘူးပဲ...”

ယူလန်ရှင်းက ရှင်းပြလိုက်သည်။

“ဂိုဏ်းကြီး ၃ ဂိုဏ်းစလုံးက အခု နက်မှောင်တောင်တန်းရဲ့ တစ်ဝက်လောက်ကို ရှာဖွေပြီးသွားပြီ။ သွေးဝိညာဉ် ဂိုဏ်းခွဲရဲ့ စခန်းကို ရှာတွေ့ဖို့ဆိုတာက အချိန်တစ်ခုပဲ လိုတော့တာလေ...”

“နောက်ပြီး ဒီအတောအတွင်းမှာ သွေးဝိညာဉ် ဂိုဏ်းသားတွေကလည်း ခဏခဏ ပေါ်လာတတ်ကြပြီးတော့ တိုက်ပွဲတွေလည်း အမြဲတမ်း ဖြစ်နေတာ။ အင်အားစု အသီးသီးကလည်း လူအင်အားတွေ ထပ်ပြီးတော့ ဖြည့်တင်းနေကြတာဆိုတော့... ငါတို့လည်း နောက်ထပ် ၂ ရက်လောက်နေရင် ထွက်ခွာကြတော့မှာပါ။ နင်လည်း ငါတို့နဲ့အတူ လိုက်ခဲ့လို့ ရတာပေါ့...”

အခန်း ၅၈၄ ပြီးပါပြီ။

အခန်း ၅၈၅ - လော့ချန်၏ ကလဲ့စား... ညမကူးစေရ

“သွေးဝိညာဉ်ဂိုဏ်း...”

ယူလန်ရှင်း၏ စကားကြောင့် လော့ချန် စိတ်ထဲတွင် နားလည်သွားခဲ့သည်။ သူသည် လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်ခန့်ကထက် လော့ရှာဂိုဏ်းအတွင်း၌ လူဦးရေ သိသိသာသာ နည်းပါးသွားသည်ကို သတိပြုမိခဲ့သလို ရောင်စုံကြိုးကြာငှက်များပေါ်တွင် တပည့်များ စီးနင်းလျက် ထွက်ခွာသွားကြသည်ကိုလည်း တစ်ခါတစ်ရံ မြင်တွေ့ခဲ့ရသည်မဟုတ်ပါလော။

ဤသည်မှာ သွေးဝိညာဉ်ဂိုဏ်းကြောင့် ဖြစ်နေခြင်းပင်။ စဉ်းစားကြည့်မည်ဆိုပါကလည်း ဂိုဏ်းကြီး ၃ ဂိုဏ်းမှ သွေးဝိညာဉ်ဂိုဏ်း စခန်းများကို အကြီးအကျယ် ရှာဖွေနေခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ မကြာမီ ရလဒ်ထွက်ပေါ်လာတော့မည် ဖြစ်ပေသည်။

“လော့ချန်... နင်တို့ ရွှမ်ယွမ်ဂိုဏ်းရဲ့ အတွင်းစည်းတပည့် အတော်များများလည်း နတ်ဆိုးတောအုပ်ကို သွားကုန်ကြပြီ။ နင်လည်း ငါတို့နဲ့အတူ လိုက်ခဲ့ပါလား...”

နဝမမင်းသမီးကလည်း ဆိုလိုက်သည်။ လော့ချန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းကို ခါယမ်းလိုက်သည်။

“မလိုက်တော့ပါဘူး... ငါ လုပ်စရာ ရှိသေးလို့ပါ...”

ယခင်က အဋ္ဌမမင်းသား ကျင်းမင်ကြောင့် ကျိလော့ဂိုဏ်းမှ နတ်ဆိုးမလေး မူချင်းလျန်၏ အတင်းအကျပ် ဖိနှိပ်ခြင်းကို ခံခဲ့ရသဖြင့် သေလုနီးပါး ဖြစ်ခဲ့ရသည့် ကိစ္စမှာ လော့ချန်၏ စိတ်ထဲ၌ အမြဲတမ်း ရှိနေခဲ့ခြင်းပင် ဖြစ်၏။

သာမာန်လူများအတွက် လက်စားချေရန် ဆယ်နှစ်မှာ မနှောင်းသေးသော်လည်း လော့ချန်အတွက်မူ လက်စားချေရန် ညပင် မကူးလိုချေ။ ယခုအခါတွင် သူ၏ ကျင့်ကြံဆင့်မှာ များစွာ တိုးတက်လာခဲ့ပြီဖြစ်ရာ ကျင်းမင်နှင့် စာရင်းဟောင်းများကို ရှင်းရမည့် အချိန် ရောက်ရှိလာခဲ့ချေပြီ။

၎င်းအပြင် လော့ချန်သည် လော့ရှာဂိုဏ်းမှ ချက်ချင်း ထွက်ခွာရန် ဆုံးဖြတ်လိုက်ရသည့် နောက်ထပ် အကြောင်းရင်းတစ်ခု ရှိနေသေးသည်။ ထိုအကြောင်းရင်းမှာ လော့ရှာဂိုဏ်း၏ ထိပ်သီးမျိုးဆက်တပည့် ယင်းလီ ကိစ္စပင် ဖြစ်၏။

သူ စုံစမ်းသိရှိထားရသည့် သတင်းများအရ ယင်းလီမှာ ဂိုဏ်းအတွင်း၌ ရှိနေသော်လည်း ယခုအချိန်အထိ ပေါ်ထွက်လာခြင်း မရှိသေးပေ။ ၎င်းမှာ မုန်တိုင်းတစ်ခု မကျရောက်မီ တိတ်ဆိတ်နေခြင်း ဟုတ်၊ မဟုတ် မည်သူ သိနိုင်ပါမည်နည်း။ လော့ချန်သည် ယခုအချိန်တွင် လော့ရှာဂိုဏ်းမှ အမြန်ဆုံး ထွက်ခွာပြီး ထိုအန္တရာယ်မှ ရုန်းထွက်လိုနေခြင်းဖြစ်ရာ ယူလန်ရှင်းတို့နှင့်အတူ လိုက်ပါရန်မှာမူ မည်သို့မျှ မဖြစ်နိုင်ပေ။

လော့ချန်၏ ဆုံးဖြတ်ချက်မှာ ခိုင်မာနေသည်ကို မြင်ရသည့်အခါ ယူလန်ရှင်းတို့လည်း လက်လျှော့လိုက်ကြရသည်။ မထွက်ခွာမီ လော့ချန်သည် အကြီးအကဲ ပိကျိုးရွှေထံသို့ သွားရောက် နှုတ်ဆက်လိုက်သည်။

ဤတစ်ကြိမ် လော့ရှာဂိုဏ်းသို့ လာရောက်ပြီး ကြီးမားလှသော အောင်မြင်မှုများ ရရှိခဲ့ခြင်းမှာ အကြီးအကဲ ပိကျိုးရွှေ၏ ကူညီမှုကြောင့် ဖြစ်သည်မှာ သေချာလှပေသည်။ တစ်ဖက်လူ၏ ကျေးဇူးကိုမူ လော့ချန် မေ့လျော့နေမည် မဟုတ်ပေ။

“ဟားဟား... လော့ချန်။ မင်းရဲ့ ကျင့်ကြံမှု အရှိန်ကတော့ ငါ့ကိုတောင် အံ့သြသွားစေတာပဲ။ ဂိုဏ်းထဲက အဖွားကြီးတွေတောင်မှ နင့်ကို အမြဲတမ်း ချီးကျူးနေကြတာလေ...”

အကြီးအကဲ ပိကျိုးရွှေသည် လော့ချန်ကို ကြည့်ကာ ပို၍ပင် အထင်ကြီးလာခဲ့ပြီး အားရပါးရ ချီးကျူးလိုက်တော့သည်။

“အကြီးအကဲရဲ့ ကူညီမှုများအတွက် ကျေးဇူးတင်ပါတယ်”

လော့ချန်က နှိမ့်ချစွာ ဆိုလိုက်သည်။ ပိကျိုးရွှေက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

“မြင်းကောင်းတစ်ကောင် ဆိုတာ မြင်းထိန်းကြောင့် မြင်းကောင်း ဖြစ်လာတာ မဟုတ်ဘူး။ ဒါဟာ နင့်ရဲ့ ကိုယ်ပိုင် အစွမ်းတွေကြောင့်ပဲ ဖြစ်ရမယ်။ တကယ်လို့ တခြားလူသာဆိုရင်တော့ နက်မှောင်မြူခိုးတောင် စမ်းသပ်မှုကိုတောင် အောင်မြင်မှာ မဟုတ်ဘူးလေ...”

သူမက စကားလမ်းကြောင်းကို ပြောင်းလိုက်ပြီး ဆက်ပြောသည်။

“ကျင့်ကြံခြင်း လမ်းစဉ်ဆိုတာ ဆူးတောကြီးတစ်ခုလိုပဲ။ ဘေးအန္တရာယ်တွေကြားမှာ လေ့ကျင့်မှသာ ကိုယ့်ရဲ့ အလားအလာတွေကို နှိုးဆွနိုင်မှာ ဖြစ်တယ်။ မင်းရဲ့ အစွမ်းတွေက တစ်ဟုန်ထိုး တိုးတက်လာတာဆိုတော့ လက်တွေ့တိုက်ပွဲ အတွေ့အကြုံတွေတော့ လိုအပ်နေဦးမှာပဲ။ နတ်ဆိုးတောအုပ် ဆိုတာ ကျင့်ကြံဖို့အတွက် အကောင်းဆုံး နေရာတစ်ခုပဲ။ သေခြင်းနဲ့ ရှင်ခြင်းကြားက ထိတ်လန့်မှုတွေကို ကြုံတွေ့ရမှသာ ပိုပြီးတော့ မြင့်မားတဲ့ နယ်ပယ်ကို တက်လှမ်းနိုင်မှာ ဖြစ်တယ်...”

“ဟုတ်ကဲ့။ လော့ချန် မှတ်ထားပါ့မယ်...”

လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။ နတ်ဆိုးတောအုပ်ဆီသို့ သူ သေချာပေါက် သွားရမည် ဖြစ်သည်။ အခြားလူများအတွက်မူ ထိုနေရာမှာ သွေးဝိညာဉ်ဂိုဏ်းသားများကို သတ်ဖြတ်ပြီး ဆုကြေးများ ရယူရမည့် နေရာဖြစ်သော်လည်း သူ့ အတွက်မူ ထိုနေရာမှာ ရတနာတောင်ကြီး တစ်ခုနှင့် အတူတူပင်။

တခြားအရာများကို မဆိုထားနှင့် တိုက်ပွဲများကြားတွင် သိုင်းဝိညာဉ်များကို ဝါးမြိုနိုင်ခြင်းကတင် သူ သွားရောက်ရန်အတွက် လုံလောက်သော အကြောင်းပြချက် ဖြစ်နေချေပြီ။

ပိကျိုးရွှေက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

“သွားတော့လေ။ နင်သာ ဒီလိုမျိုး အားတက်သရော ကြိုးစားနေမယ်ဆိုရင်တော့ နောင်တစ်ချိန်မှာ သေချာပေါက် အောင်မြင်မှုတွေ ရမှာပါ”

“ကျွန်တော် ကြိုးစားပါ့မယ်...”

နှုတ်ဆက်ပြီးနောက် လော့ချန်သည် လှည့်ထွက်လာခဲ့သည်။

“မင်း တကယ်ပဲ အစဉ်အလာတွေကို ဖျက်ဆီးပြီးတော့ အံ့ဖွယ်အမှုတွေကို ဖန်တီးနိုင်မလား မသိဘူးပဲ...”

လော့ချန်၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ပိကျိုးရွှေက တီးတိုးရေရွတ်လိုက်မိသည်။ လော့ချန်၏ ဤအတောအတွင်း စွမ်းဆောင်နိုင်ခဲ့မှုများမှာ ပိကျိုးရွှေ မြင်တွေ့ဖူးသမျှ ပါရမီရှင်များထဲတွင် ထိပ်သီးစာရင်းဝင်လှပေသည်။ သူသည် မဟာသန်မာသူ ဖြစ်လာရန် သို့မဟုတ် လူသားအမြုတေအဆင့်သို့ တက်လှမ်းရန် အလားအလာများစွာ ရှိနေသည်မှာ သေချာလှပေသည်။

သို့သော်လည်း လော့ချန်မှာမူ အသုံးမကျသော သိုင်းဝိညာဉ်ကိုသာ နိုးကြားထားသူဖြစ်ရာ မွေးရာပါ အားနည်းချက်တစ်ခု ရှိနေသည်မဟုတ်ပါလော။ ထိပ်တန်း ပါရမီရှင်တစ်ဦး၏ အရည်အချင်းနှင့် အသုံးမကျသော သိုင်းဝိညာဉ်တို့မှာ လူတစ်ဦးတည်းအပေါ်တွင် စုစည်းနေသည်မှာ တကယ်ကို မယုံကြည်နိုင်စရာပင်။

လော့ချန် နောင်တစ်ချိန်တွင် မည်သည့်အဆင့်သို့ ရောက်ရှိသွားမည်နည်း ဆိုသည်ကို ပိကျိုးရွှေပင်လျှင် ခန့်မှန်းရန် ခက်ခဲနေတော့သည်။ သူသည် သာမန်လူတစ်ဦးအဖြစ်သာ အဆုံးသတ်သွားမှာလား။ သို့မဟုတ် နဂါးတစ်ကောင်အလား ကောင်းကင်ယံသို့ ပျံတက်သွားမှာလား။

အကြီးအကဲ ပိကျိုးရွှေ၏ စံအိမ်ပြင်ပတွင်...။

ဧရာမ ကြိုးကြာငှက်ကြီး တစ်ကောင်မှာ ထိုနေရာ၌ စောင့်ဆိုင်းနေသည်။ ၎င်း၏ တစ်ကိုယ်လုံးမှာ ဖြူဖွေးနေသလို ကိုယ်ဟန်မှာလည်း မြင့်မြတ်လှကာ လော့ရှာဂိုဏ်းမှ မွေးမြူထားသော သုံးရောင်ခြယ်ကြိုးကြာငှက်ပင် ဖြစ်၏။ လော့ရှာဂိုဏ်း တပည့်များမှလွဲ၍ အခြားသော သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများပင်လျှင် လော့ရှာဂိုဏ်း ပြင်ပရှိ မြူခိုးပင်လယ်ကြီးကို ဖြတ်ကျော်ရန် ခဲယဉ်းလှသဖြင့် ထိုသုံးရောင်ခြယ်ကြိုးကြာငှက်များကိုသာ စီးနင်း၍ ဝင်ထွက်ကြရခြင်း ဖြစ်ပေသည်။

ကြိုးကြာငှက်၏ ဘေးနားတွင်မူ ယူလန်ရှင်း၊ ယန်ချင်းရှုံးနှင့် နဝမမင်းသမီး တို့ ရှိနေကြသည်။ ထိုသုံးဦးမှာ လော့ချန်အား လာရောက် ပို့ဆောင်ကြခြင်းပင် ဖြစ်၏။ ချီယွဲ့မှာမူ မည်သည့်နေရာသို့ ရောက်နေသည် မသိရပေ။

လော့ချန်လည်း များစွာ ဂရုမစိုက်တော့ဘဲ ရှေ့သို့ တိုးလျက် ဆိုလိုက်သည်။

“သွားကြစို့...”

လူ ၄ ဦးစလုံးမှာ ကြိုးကြာငှက်ပေါ်သို့ တက်လိုက်ကြသည်။

“ဝှစ်...”

ကြိုးကြာငှက်သည် အတောင်ပံများကို ပြင်းထန်စွာ ခတ်လိုက်ရာ ဖြူဖွေးသော လျှပ်စီးတစ်ခုအလား တိမ်တိုက်များကြားသို့ ထိုးတက်သွားခဲ့ပြီး တစ်ခဏချင်းမှာပင် အိပ်မက်အလား ဝေဝါးလှသော မြူခိုးများကြား၌ ပျောက်ကွယ်သွားတော့သည်။ မြူခိုးပင်လယ်ကြီးအတွင်း၌ အထက်အောက်၊ အဖိုအမများမှာ ရှုပ်ထွေးနေသဖြင့် အရပ်မျက်နှာများကိုပင် ခွဲခြားရန် ခက်ခဲလှပေသည်။

သို့သော်လည်း ကြိုးကြာငှက်မှာမူ မည်သည့် သက်ရောက်မှုမျှ ရှိမနေဘဲ ရှေ့သို့ တည့်တည့်မတ်မတ် ပျံသန်းနေတော့သည်။ လမ်းခရီးတွင် နဝမမင်းသမီး ကျင်းယွီရှီးက ရုတ်တရက် ဆိုလိုက်သည်။

“လော့ချန်... နင် ငါတို့ လော့ရှာဂိုဏ်းကို ရောက်နေတဲ့ သတင်းကို ငါ့ရဲ့ အစ်ကိုကြီးကို ပိတ်ခိုင်းထားလိုက်တာမို့ အပြင်လူတွေအတွက်ဆိုရင်တော့ နင် ပျောက်ဆုံးနေတာ တစ်လနီးပါး ရှိသွားပြီပေါ့...”

“နောက်ပြီး မကြာခင်တုန်းကလည်း နင်တို့ ရွှမ်ယွမ်ဂိုဏ်းရဲ့ မင်းသားတန်းက လူတွေ မင်ရှာအိုင် နားမှာ ခဏခဏ ပေါ်လာတတ်ကြတယ်။ နင့်ကို ရှာနေတာလည်း ဖြစ်နိုင်တာပဲလေ။ ဒါကြောင့် နင် ပြန်တဲ့အခါ သတိထားဦးနော်...”

“ဟုတ်လား...”

လော့ချန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဝင်းလက်သွားသည်။ ထိုကျင်းမင်က တကယ်ပဲ သူ့အား သေစေလိုနေခြင်းပင်။ လိုက်လံ သတ်ဖြတ်ခံခဲ့ရသော ထိုညကို တွေးမိရင်း လော့ချန်က မေးမြန်းလိုက်သည်။

“နဝမမင်းသမီး... ငါတို့ကို လိုက်သတ်ခဲ့တဲ့ မြေကမ္ဘာအဆင့် မဟာသန်မာသူက ဘယ်သူလဲဆိုတာ နင် သိလား”

နဝမမင်းသမီးက ဆိုလိုက်သည်။

“ငါ့ရဲ့ အစ်ကိုကြီးကို စုံစမ်းခိုင်းထားတယ်။ အဲဒီလူက ကျင်းမင်ရဲ့ မိခင်ဘက်က မိသားစုဖြစ်တဲ့ ချီ မိသားစုကတဲ့။ သူ ဘယ်သူလဲဆိုတာတော့ အတိအကျ မသိရပေမဲ့ သူက ငါတို့ တာယွဲ့မင်းဆက်က လူ မဟုတ်ဘဲ တခြား နယ်မြေအုပ်စုက လာတာလို့ပဲ သိရတယ်။ အရင်တုန်းက သူက လိုက်သတ်ခံရလို့ ငါတို့ တာယွဲ့မင်းဆက်ကို ထွက်ပြေးလာခဲ့တာလေ။ ကျင်းမင်ရဲ့ မိခင် ချီ ကြင်ယာတော်က သူ့ကို ကယ်တင်ခဲ့တာဆိုတော့ အဲဒီအချိန်ကစပြီး သူက ချီ မိသားစုထဲမှာ ပုန်းအောင်းနေပြီးတော့ မကောင်းတဲ့ ကိစ္စတွေကို လုပ်ပေးနေတာပေါ့...”

“ဒီနှစ်တွေအတွင်းမှာ သူက အရိပ်အဘိုးကြီး လို့တောင် အမည်ရနေတာလေ။ သူ့ အရိပ်ကို မြင်ဖူးတဲ့လူမှန်သမျှ သေကုန်ကြပြီလို့တောင် ပြောကြတယ်...”

“အရိပ်အဘိုးကြီး တဲ့လား...”

လော့ချန်သည် ထိုအမည်ကို တီးတိုးရေရွတ်လိုက်ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်ထွက်လာသည်။ အဋ္ဌမမင်းသား ကျင်းမင်နှင့် စာရင်းရှင်းရမှာဖြစ်သလို ထိုအရိပ်အဘိုးကြီးကိုလည်း သူ သေချာပေါက် သတ်ရမှာ ဖြစ်ပေသည်။

နဝမမင်းသမီးသည် လော့ချန်က အရိပ်အဘိုးကြီးကို စိုးရိမ်နေသည်ဟု ယူဆလိုက်သဖြင့် ဆိုလိုက်သည်။

“နင် သူ့ကို စိုးရိမ်မနေပါနဲ့။ ငါ တိုက်ခိုက်ခံရပြီးနောက်မှာပဲ ငါ့ရဲ့ အစ်ကိုကြီးက အရိပ်အဘိုးကြီးနဲ့ မူချင်းလျန်တို့ကို လိုက်လံ ဖမ်းဆီးဖို့ အမိန့်ပေးထားပြီးသားပါ။ ချီ မိသားစုကတောင်မှ သူတို့ကို မကာကွယ်ရဲတော့ဘူးလေ။ အခုဆိုရင် သူတို့က လမ်းဘေးက ကြွက်တွေလို ဖြစ်နေကြပြီ။ ပေါ်လာတာနဲ့ ငါတို့ တော်ဝင်အင်အားစုတွေရဲ့ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရမှာပဲ...”

“နောက်ပြီး စီနီယာအစ်ကိုကြီးကလည်း နင့်မှာ တစ်ခုခု လိုအပ်တာရှိရင် ပြောဖို့အတွက် မှာထားသေးတယ်...”

လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။

“ပထမမင်းသားကို ကျေးဇူးတင်တယ်လို့ ပြောပေးပါဦး”

ယူလန်ရှင်းက ဆိုလိုက်သည်။

“လော့ချန်... နင် တကယ်လို့ စိုးရိမ်နေမယ်ဆိုရင် ငါတို့နဲ့အတူ လိုက်ခဲ့လို့ ရတာပဲ။ ဒီတစ်ခါ စီနီယာအစ်မ ယင်းလီလည်း ငါတို့နဲ့အတူ နတ်ဆိုးတောအုပ်ကို သွားမှာလေ”

“အဟွတ်...”

လော့ချန်သည် ထိုစကားကြောင့် တုန်လှုပ်သွားရပြီး ချက်ချင်းပင် ငြင်းပယ်လိုက်သည်။

“မ... မဖြစ်ဘူး။ မင်ရှာအိုင်မှာ ငါ လုပ်စရာ ရှိသေးလို့ပါ...”

“ဒါဆိုရင်လည်း ပြီးတာပါပဲ...”

ယူလန်ရှင်းသည် လော့ချန်၏ တုံ့ပြန်မှုအပေါ် အနည်းငယ် ထူးဆန်းနေသော်လည်း ထပ်မမေးတော့ပေ။ လော့ချန်၏ ယခုလက်ရှိ အစွမ်းနှင့်ဆိုလျှင် တာယွဲ့မင်းဆက်တစ်ခုလုံးတွင် ထိပ်တန်းသန်မာသူဟု ခေါ်ဆိုနိုင်ချေပြီ။ မဟာသန်မာသူများနှင့် မဆုံတွေ့သရွေ့ သူသည် ရှုံးနိမ့်ရန်မှာ မလွယ်ကူလှပေ။

နာရီဝက်ခန့် ကြာပြီးနောက် မြူခိုးများမှာ တဖြည်းဖြည်း ကျဲပါးလာခဲ့သည်။ မကြာမီမှာပင် တောက်ပလှသော နေရောင်ခြည်များ ကျဆင်းလာခဲ့ပြီး ကြိုးကြာငှက်သည် မြူခိုးပင်လယ်ကြီးမှ ထွက်ခွာလာခဲ့ချေပြီ။

“ကဲ... ဒီမှာပဲ ထားခဲ့လိုက်ပါတော့...”

လော့ချန်သည် ကြိုးကြာငှက်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ယန်ချင်းရှုံးတို့ သုံးဦးအား ဆိုလိုက်သည်။

“သွေးဝိညာဉ်ဂိုဏ်းသားတွေက သိပ်ကို ရက်စက်တတ်ကြတယ်... နင်တို့ နတ်ဆိုးတောအုပ်ကို သွားတဲ့အခါ သေချာပေါက် ဘေးအန္တရာယ်တွေ ရှိမှာဆိုတော့... သတိထားကြဦးနော်...”

“အင်း...”

“လော့ချန်... နင်လည်း ဂရုစိုက်ဦး...”

“ဂရုစိုက်ကြပါ...”

သုံးဦးစလုံးက နှုတ်ဆက်လိုက်ကြပြီး ကြိုးကြာငှက်ကို စီးနင်းကာ လှည့်ထွက်သွားကြတော့သည်။

ထိုသုံးဦးနှင့် လမ်းခွဲပြီးနောက် လော့ချန်သည် လမ်းကြောင်းကို သေချာအောင် လုပ်ဆောင်လိုက်ပြီးနောက် မြူခိုးရိပ်ခြေလှမ်း ကို အသုံးပြုလျက် မြောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။ စိုစွတ်လှသော လေညင်းများကို ခံစားရင်း လော့ချန်၏ စိတ်မှာ ကြည်လင်လန်းဆန်းနေတော့သည်။

လော့ရှာဂိုဏ်းသို့ စတင် ရောက်ရှိစဉ်က သူသည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်သာ ရှိသေးပြီး အစွမ်းမှာမူ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အဆင့်သို့သာ မရေမရာ ရောက်ရှိနေပေသည်။ တစ်လပင် မပြည့်သေးသော အချိန်အတွင်းမှာတင် သူ၏ ကျင့်ကြံဆင့်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ်သို့ ရောက်ရှိသွားရုံတင်မကဘဲ ဓားဆန္ဒမှာလည်း ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်သို့ ရောက်ရှိသွားခဲ့သဖြင့် လော့ရှာဂိုဏ်း၏ အတွင်းစည်းစီနီယာအစ်မကြီး ယူလန်ရှင်းနှင့်ပင် ရင်ပေါင်တန်းနိုင်ခဲ့ချေပြီ။

ဤပြောင်းလဲမှုမှာမူ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ပင် ဖြစ်နေတော့သည်။

“ကျင်းမင်... ငါတို့ မကြာခင် ပြန်တွေ့ကြရတာပေါ့... ဟင်”

လော့ချန် စိတ်လှုပ်ရှားနေစဉ်မှာပင် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် မျက်နှာပျက်သွားခဲ့ပြီး ရှေ့သို့ လှမ်းကြည့်လိုက်သည်။

“ဘာလို့ ဒီလောက်အထိ အေးစက်နေရတာလဲ...”

နေသာနေသော နေ့ရက်ဖြစ်သော်လည်း လော့ချန်သည် တိုးဝင်လာသော ပြင်းထန်လှသည့် အေးစက်မှုများကို ခံစားလိုက်ရသည်။ ဝေဝါးနေစဉ်မှာပင် ကောင်းကင်ယံမှ နှင်းပွင့်များမှာ ရူးသွပ်စွာ ကျဆင်းလာခဲ့ပြီး မိုင်ပေါင်းများစွာသော နေရာကို ဖုံးလွှမ်းသွားခဲ့ရာ တစ်ခုလုံးသော ကမ္ဘာကြီးမှာလည်း ဖြူဖွေးသွားခဲ့ချေပြီ။

အခန်း ၅၈၅ ပြီးပါပြီ။

All Chapters