မမျှော်လင့်ထားတဲ့ အဖြစ်အပျက်
Vol. 47 Ch. 690
"တာ့ထန်ပြည်ထောင်"
ယဲ့လွီဟုန်ရိနှင့် ကျစ်စုန့်တို့က တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လေးစားနေပြီး ယဲ့လွီဟုန်ရိကို ဖုံးကွယ်ရန် ရည်ရွယ်ချက် မရှိပေ။ ကျစ်စုန့် မေးလိုက်သည်နှင့် သူက အမှန်အတိုင်း ပြောပြလိုက်သည်။
"တာ့ထန်ပြည်ထောင်လား? ငါ့အဒေါ်က တာ့ထန်မှာ နေတာ"
ယွင်အာက ယဲ့လွီဟုန်ရိကို ကြည့်နေပြီး ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။
ဒီလူငယ်သူရဲကောင်းလေးက သူမရဲ့ဦးရီးတော်နဲ့ မျိုးနွယ်စု တူနေမယ်လို့ သူမ မမျှော်လင့်ထားခဲ့မိဘူး။ အဲဒီတုန်းက ဦးရီးတော်က သူရဲကောင်းတစ်ယောက်လိုမျိုး ဒွေးတော်ကို ကယ်တင်ပေးခဲ့ပြီး သူတို့ရဲ့ သာယာတဲ့အိမ်ထောင်ရေး ဖြစ်လာခဲ့တယ်လို့ မယ်တော် ပြောတာ သူမ ကြားခဲ့ဖူးတယ်။
"မင်းတို့ အဒေါ်လား?"
ယွင်အာ၏စကားကို ကြားလိုက်ရချိန်တွင် ယဲ့လွီဟုန်ရိက သူမကို ကြည့်ကာ နူးညံ့သည့် အပြုံးဖြင့် ထပ်ပြောလိုက်သည်။
“မင်းအဒေါ်ရဲ့နာမည် ပြောပြလေ၊ ငါ တာ့ထန်ကို ပြန်ရောက်ရင် မင်းတို့ရဲ့အဒေါ်ကို ကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်”
ယဲ့လွီဟုန်ရိက ထိုသို့ အလွန်တကူ ဖော်ရွေတတ်သူ မဟုတ်ပေ။ သူက ဤညီအစ်ကိုနှစ်ယောက်နှင့် ရင်းနှီးနေသလို ခံစားနေရသောကြောင့် သူတို့၏ဆွေမျိုးကို စောင့်ရှောက်ပေးရခြင်းက သူအတွက် သေးငယ်သောကိစ္စမျှသာဖြစ်သည်ဟု တွေးလိုက်ခြင်း ဖြစ်သည်။
"ငါ့အဒေါ်လား? ငါ့အဒေါ်က မင်းရဲ့ ဂရုစိုက်ပေးမှုကို မလိုလောက်ဘူး၊ မင်း အရာရှိ ဖြစ်ချင်လား? မင်း အရာရှိ ဖြစ်ချင်ရင် ငါ ငါ့အဖေကို ပြောပေးလို့ ရတယ်.... အဒေါ်ဆီကို စာတစ်စောင် ရေးလိုက်ရုံပဲ”
ယွင်အာက သူမ၏မျက်နှာလေးကို ဂုဏ်ယူဟန် မော့ထားရင်း ခပ်ကြွားကြွား ပြန်ပြောလိုက်သည်။
သူမရဲ့အဒေါ်က တာ့ထန်ရဲ့ မိဖုရားခေါင်ကြီးလေ။ သူမတို့ နန်းတော်ကို ပြန်ရောက်ပြီး ခမည်းတော်ကို စာတစ်စောင် ရေးခိုင်းလိုက်ရုံနဲ့ ဒီသူရဲကောင်းလေးကို အရာရှိဖြစ်အောင် လုပ်ပေးနိုင်လိမ့်မယ်။
"အိုး? ညီအစ်ကို၊ မင်းရဲ့အဒေါ်က အဲ့လောက် အာဏာရှိတာလား?"
ယဲ့လွီဟုန်ရိက မျက်ခုံးပင့်ရင်း ပြန်ပေးလိုက်သည်။
တာ့ထန်မှာ ဘယ်သူက ဒီလောက် အာဏာရှိနေရတာလဲ? သူ ဘာကြောင့် မသိခဲ့ရတာတုန်း? တစ်စုံတစ်ယောက်အတွက် ရာထူးတစ်ခုကိုတောင် ပေါ့ပေါ့တန်တန် စီစဉ်ပေးနိုင်လောက်အောင် အာဏာရှိနေတယ်တဲ့လား?
“ဘာပဲဖြစ်ဖြစ် မင်း စိတ်ပူဖို့ မလိုဘူး၊ မင်း အရာရှိ ဖြစ်ချင်လား မဖြစ်ချင်ဘူးလားပဲ ပြောလိုက်။ မင်း ဆန္ဒရှိရင် ငါ ကူညီပေးမယ်"
ယွင်အာက ယဲ့လွီဟုန်ရိကို မျက်လုံးလေးပြူးကာ ပြန်ကြည့်ရင်း အခိုင်အမာ ထပ်ပြောလိုက်သည်။
“ဟား ဟား၊ ဒါဆို ငါ မင်းကိုပဲ ဒုက္ခပေးရတော့မှာပေါ့ ညီအစ်ကိုရေ"
ယဲ့လွီဟုန်ရိ၏ အေးစက်စက် မျက်လုံးများက တောက်ပလာပြန်သည်။
ဒီညီအစ်ကိုရဲ့အဒေါ်က ဘယ်သူလဲဆိုတာ သူ သိချင်နေမိတယ်။
“ဒီတစ်နပ်စာကို ငါ ဧည့်ခံပါ့မယ်၊ ဒါနဲ့ ညီအစ်ကိုယဲ့လွီက ဘယ်တည်းခိုဆောင်မှာ တည်းမှာလဲ? ဒီည မင်း ဆီကို ဆက်သွယ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်"
ယဲ့လွီဟုန်ရိက အရာရှိ ဖြစ်ချင်ကြောင်း သိလိုက်ရသည့်အတွက် ယွင်အာက ဝမ်းသာအားရ ပြုံးလိုက်ပြီး သူ တည်းခိုနေသည့်နေရာကို ချက်ချင်း ထပ်မေးလိုက်သည်။
"ငါ တည်းခိုဖို့နေရာ မရှာရသေးဘူး"
ယဲ့လွီဟုန်ရိက တုံ့ဆိုင်းနေပြီးမှ ပြန်ဖြေလာခဲ့သည်။ သူက မြို့ထဲသို့ ဝင်လာပြီး စားသောက်ရန် စားသောက်ဆိုင် အရင်ရှာခဲ့ခြင်း ဖြစ်သည်။ ထိုနောက်မှသာ တည်းခိုဆောင် ရှာဖွေရန် တွေးထားခဲ့သည်။
"ဒါဆိုရင် ဒီလို လုပ်မလား? ငါတို့ စားသောက်ပြီးသွားရင် ကျစ်စုန့်နဲ့ ငါ မင်းကို တည်းခိုဆောင် ခေါ်သွားပေးမယ်"
ယဲ့လွီဟုန်ရိက တည်းခိုဆောင် ကြိုတင် မမှာထားသည်ကို သိလိုက်ရသဖြင့် ယွင်အာက သူ့အတွက် စိုးရိမ်လာပြန်သည်။ ယဲ့လွီဟုန်ရိက အဝေးမှ ဧည့်သည်ဖြစ်ပြီး သူမက အိမ်ရှင် ဖြစ်သောကြောင့် အကောင်းဆုံးဧည့်ခံပေးရန် ကြိုးစားလိုက်သည်။
“ဟား၊ ဒါဆိုရင် မင်းကိုပဲ ဒုက္ခပေးရတော့မှာပေါ့၊ ကျေးဇူးပါပဲ”
ယဲ့လွီဟုန်ရိက အလွယ်တကူ သဘောတူလိုက်သည်။ ဤညီအကိုနှစ်ယောက်က သူ့အတွက် စီစဉ်ပေးမည့်နေရာကိုလည်း သူ သိချင်နေပြန်သည်။
သူတို့ စားသောက်ပြီးနောက်တွင် ယွင်အာနှင့် ကျစ်စုန့်တို့က ယဲ့လွီဟုန်ရိကို စားသောက်ဆိုင်တွင် စောင့်ဆိုင်းနေရန် တောင်းဆိုပြီး အပြင်သို့ ထွက်သွားကြသည်။ မောင်နှမနှစ်ယောက်က သူတို့၏ခါးချိတ်တံဆိပ်ပြားကို ယူကာ တော်ဝင်တည်းခိုဆောင်ဆီသို့ တိုက်ရိုက် ဝင်သွားကြသည်။ ဤတည်းခိုဆောင်က အခြားပြည်နယ်များမှ အရာရှိများကို ရောက်လာလျှင် တည်းခိုရန် ဖွင့်လှစ်ထားသည့် နေရာ ဖြစ်ပြီး သာမန်လူများ နေခွင့် မရှိချေ။
ယွင်အာနှင့် ကျစ်စုန့်တို့က မင်းသမီးနှင့် မင်းသားတို့ ပိုင်ဆိုင်သော ခါးချိတ်တံဆိပ်ပြားများကို ထုတ်ပေးလိုက်သောကြောင့် တည်းခိုဆောင်တာဝန်ခံက ပေါ့ဆမနေရဲတော့ပေ။ သူက အထူးခန်းနှစ်ခန်းကို အလျင်အမြန် ရှင်းလင်းပြင်ဆင်လိုက်ပြီး ဧည့်သည်များကို ကြိုဆိုရန် စောင့်မျှော်နေလေသည်။
ယွင်အာက သူတို့ ပြင်ဆင်ပေးသည့် အိပ်ရာခင်းကို အလွန် ပါးလွန်းသည်ဟု ညည်းညူနေပြီး နောက်ထပ်အိပ်ရာခင်းသုံးလွှာ ထပ်ခင်းခိုင်းလိုက်သည်။ အိပ်ရာခင်းသုံးလွှာ ထပ်ခင်းပြီးနောက်တွင်ပင် သူမက မလုံလောက်သေးကြောင်း စောဒကတက်နေပြီး စောင်တစ်ထည်ထပ်ခင်းခိုင်းပြီးမှ ကျေနပ်သွားခဲ့သည်။ တည်းခိုဆောင်တာဝန်ခံက ခါးသီးသော မျက်နှာဖြင့် လိုက်လျောပေးနေခဲ့သည်။
ဒီစံနှုန်းက တိုင်းတပါးကသံတမန်တွေကို ဧည့်ခံဖို့ လုံလောက်နေပြီလေ။ မင်းသမီးလေးက ဘယ်လို ဧည့်သည်တွေကို ဧည့်ခံချင်နေလို့ ဒီလောက်ပြင်ဆင်ခိုင်း ရတာလဲ?
အားလုံး စီစဉ်ပြီးနောက်တွင် ယွင်အာနှင့် ကျစ်စုန့်တို့က ယဲ့လွီဟုန်ရိကို ခေါ်ရန် စားသောက်ဆိုင်သို့ ပြန်လာခဲ့ကြသည်။ ယဲ့လွီဟုန်ရိက ဒုတိယထပ်၌ လက်ဖက်ရည်သောက်ရင်း စောင့်နေခဲ့သည်။ ညီအစ်ကိုနှစ်ယောက်က သူတို့ စားသောက်ထားသည့် စားစရာများအတွက် ပေးချေသွားခဲ့ပြီး သူ့ကို စိတ်လှုပ်ရှားစေခဲ့သော်လည်း သူတို့၏အဒေါ်ကိုသာ ပိုသိချင်နေမိသည်။
ယွင်အာက အပေါ်ထပ်သို့ တက်သွားပြီး ဖူးပွင့်နေသော ပန်းလေးတစ်ပွင့်ကဲ့သို့ ပြုံးလိုက်ကာ ယဲ့လွီဟုန်ရိကို လှမ်းပြောလိုက်သည်။
"ညီအစ်ကိုယဲ့လွီ၊ ကျေးဇူးပြုပြီး ငါတို့ နောက်ကို လိုက်ခဲ့ပါ"
ယဲ့လွီဟုန်ရိက ယွင်အာ၏ အပြုံးကို မြင်သွားပြီး ခဏတာမျှ မှင်သက်နေလေသည်။
ဒီညီအစ်ကိုက မိန်းကလေးနဲ့ တော်တော်တူတာပဲ။
"ညီအစ်ကိုယဲ့လွီ၊ လာ သွားကြမယ်၊ ငါတို့ တည်းခိုဆောင် စီစဉ်ပေးထားပြီးပြီ၊ မင်းလည်း ခရီးပန်းလာမှာ သေချာတယ်၊ စောစော အနားယူလိုက်ပေါ့၊ ညကျရင် ငါတို့ ပြန်တွေ့မယ်"
ကျစ်စုန့်က ယဲ့လွီဟုန်ရိကို ဆွဲခေါ်ရန် ရှေ့တိုးလာသည်။ ကျစ်စုန့်က အခြားသူများနှင့် အလွယ်ကတူ မိတ်ဖွဲ့ချင်သူဖြစ်သည်။ ယနေ့တွင် ယဲ့လွီဟုန်ရိက သူတို့နှင့် လိုက်လျောညီညီ စကားပြောနိုင်သောကြောင့် သူက ယဲ့လွီဟုန်ရိနှင့် သွေးသောက်ညီအကိုပင် ဖြစ်ချင်နေသေးသည်။
ယဲ့လွီဟုန်ရိ ဆွဲခေါ်ခံလိုက်ရချိန်တွင် သူနှင့်အတူပါလာသည့် လူများက သူ့ကို ယွင်အာနှင့် ကျစ်စုန့်တို့နောက်သို့ မလိုက်သွားရန် တားမြစ်ချင်နေပုံရသည်။ ယဲ့လွီဟုန်ရိက သူတို့ကို အေးစက်စက်အကြည့်တစ်ချက် ပေးလိုက်ပြီး ထိုလူများ လုံးဝ အသံမထွက်ရဲကြတော့ပေ။ သူတို့က သူ့ဘေးမှ တိတ်တဆိတ် လိုက်ပါလာပါရင်း သူတို့ဓားရှည်များကို သတိအနေအထားဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားကြသည်။
သူတို့အဖွဲ့ တော်ဝင်တည်းခိုဆောင်သို့ ရောက်လာချိန်တွင် ယဲ့လွီဟုန်ရိက ရပ်တန့်လိုက်ပြီး ယွင်အာနှင့် ကျစ်စုန့်တို့ကို သံသယဖြင့် ပြန်ကြည့်လိုက်သည်။
“ဒါက တော်ဝင်တည်းခိုဆောင်နော်၊ ဒီနေရာမှာ အရာရှိတွေပဲ နေနိုင်တာ မဟုတ်ဘူးလား?”
"မင်းက အတော်လေး သိတာပဲ! ဒီမှာ တခြားဘယ်သူမှ မနေနိုင်ပေမယ့် မင်းက ငါတို့ရဲ့ မိတ်ဆွေကောင်းမို့ မင်း နေလို့ရတယ်"
ယွင်အာက အပြုံးဖြင့် တုံ့ပြန်လိုက်သည်။ ယဲ့လွီဟုန်ရိက တော်ဝင်တည်းခိုဆောင်ကို သိနေသည့်အတွက် သူမလည်း အံ့အားသင့်နေခဲ့သည်။
“မင်းတို့နှစ်ယောက် ဒီနေရာကို ဘာလို့ စိတ်ကြိုက် ဝင်ထွက်နိုင်တယ်ဆိုတာ မေးလို့ရမလား?”
ယွင်အာက ဤနေရာကို တော်ဝင်တည်းခိုဆောင် ဖြစ်ကြောင်း ဝန်ခံလိုက်သောကြောင့် ယဲ့လွီဟုန်ရိက လက်ခုပ်အုပ်ကာ တည်တည်ငြိမ်ငြိမ် ပြန်မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါတို့က.... အိုက်ယား.... ထားလိုက်ပါတော့၊ ငါတို့ မင်းကို ဖုန်းကွယ်မနေတော့ဘူး၊ ငါတို့က မင်းသားတွေဆိုတော့ ဒီတည်းခိုဆောင်မှာ နေဖို့ စီစဉ်ပေးရတာ အရမ်းလွယ်တယ်"
အစပိုင်းတွင် ယွင်အာက သူ့ကို လိမ်ညာပြောရန် တွေးခဲ့သော်လည်း နောက်ပိုင်းတွင် သူက သူမ၏ကျေးဇူးရှင်ဖြစ်နေသောကြောင့် မလိမ်သင့်ဘူးဟု ခံစားရပြီး အမှန်အတိုင်း ပြောပြလိုက်သည်။ သို့သော် သူမက အားလုံးကိုတော့ အမှန်အတိုင်း မပြောပြသေးပေ။ သူမက သူမ မိန်းကလေးတစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောပြခြင်း မရှိပေ။
"မင်းတို့က မင်းသားတွေလား"
ယဲ့လွီဟုန်ရိက အံ့သြသွားပုံရသည်။ တစ်ချိန်တည်းမှာပင် သူ့မျက်လုံးများထဲ၌ ပျော်ရွှင်ရိပ်များ ထွက်ပေါ်လာသည်။
“ဒါဆို ငါတို့က ဆွေမျိုးတွေပဲ၊ ငါ့မယ်တော်က မင်းတို့ ရဲ့တာ့ထန်အင်ပါယာရဲ့ မင်းသမီးပါ"
ယဲ့လွီဟုန်ရိက ယွင်အာနှင့် ကျစ်ချီတို့ထက် လပိုင်းခန့် ပိုငယ်သူ ဖြစ်သည်။ သူ အရင်က သူ့ဝမ်းကွဲများနှင့် မဆုံဖူးသော်လည်း တွေ့ဆုံချိန်တွင် ရင်းနှီးသလို ခံစားရမှုက သူ့အလိုလို မွေးဖွားလာခဲ့ခြင်းပင်။ ထိုအရာက သူတို့၏သွေးသားဆက်ဆံရေးကြောင့်လည်း ဖြစ်နိုင်သည်။
"မင်းက.... ငါတို့ရဲ့ ဝမ်းကွဲလား?"
ယဲ့လွီဟုန်ရိက သူမအဒေါ်၏သား ဖြစ်လိမ့်မည်ဟု ယွင်အာတစ်ယောက် တစ်ခါမျှပင် မတွေးခဲ့ဖူးပေ။ သူမ၏ လှပသော မျက်လုံးလေးများက ယဲ့လွီဟုန်ရိကို ကြည့်နေရင်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တောက်ပလာပြန်သည်။
“ဒါဆို မင်း နားနေတည်းခိုဆောင်မှာ နေစရာ မလိုဘူး။ အဖေ့ကိုတွေ့ဖို့ နန်းတော်ဆီ ပြန်လာပါ”
“ဝမ်းကွဲတော်၊ မင်း ဒီမှာ ရောက်နေတာကို ခမည်းတော် သိရင် အရမ်းဝမ်းသာသွားမှာ သေချာတယ်၊ နန်းတော်ကို သွားကြမယ်”
ကျစ်စုန့်က ယဲ့လွီဟုန်ရိကို ဝမ်းသာအားရ ဆွဲခေါ်နေပြန်သည်။ သူက ဤလူနှင့် သွေးသောက်ညီအစ်ကို ဖြစ်ချင်ခဲ့သော်လည်း ယခုအချိန်တွင် ထိုသို့ပြုလုပ်ရန် မလိုအပ်တော့ပေ။ သူတို့က ညီအကိုများ ဖြစ်နေပြီး အမှန်တကယ် သွေးရင်းဆွေမျိုးများ ဖြစ်နေကြသည်။
"ကောင်းပြီ၊ ကောင်းပြီ နန်းတော်ကို သွားကြမယ်"
ယဲ့လွီဟုန်ရိကလည်း အလွန်ဝမ်းသာနေလေသည်။ သူက နန်းတော်သို့ သွားရန် ဖိတ်စာပို့ဖို့ စိုးရိမ်နေခဲ့ခြင်း ဖြစ်ပြီး သူ့၏ဝမ်းကွဲများက သူ့ကို ဦးဆောင်ခေါ်သွားပေးလျှင် သူ့အတွက် ပိုလွယ်ကူသွားပေလိမ့်မည်။
"မင်းသမီး၊ မင်းသမီး..... ဒီမှာ မနေတော့ဘူးလား"
သူတို့ ပြန်ထွက်သွားသည်ကို မြင်လိုက်ရသည့် တည်းခိုဆောင်တာဝန်ခံက ယွင်အာ နောက်သို့ အမြန် လိုက်လာကာ မေးမြန်းနေရှာသည်။
“မနေတော့ဘူး၊ ဝမ်းကွဲတော် ရောက်လာလို့ သူ့ကို နန်းတော်ထဲ ပြန်ခေါ်သွားရမယ်"
ယွင်အာက ခေါင်းပင်လှည့်မကြည့်ဘဲ လက်ကိုသာ ဝှေ့ယမ်းပြလိုက်သည်။ မိန်းမပျိုလေးက သူမ၏အစစ်အမှန် လက္ခဏာကို ဖုံးကွယ်ရန် မေ့သွားသည်အထိ အလွန်ပျော်ရွှင်နေခဲ့သည်။
"မင်းက ငါ့ရဲ့ဝမ်းကွဲအမတော်လား?"
ဘေးနားမှ ယဲ့လွီဟုန်ရိက တိုးတိုးလေး မေးလိုက်သည်။
သူ သူမကို မိန်းကလေးတစ်ယောက်နဲ့ ဆင်တူတယ်လို့ ထင်ခဲ့ပေမယ့် တကယ်မိန်းခလေး ဖြစ်နေမယ်လို့တော့ မမျှော်လင့်ထားခဲ့မိဘူး။
“ဟုတ်တယ်၊ ခမည်းတော်နဲ့ မယ်တော်က အပြင်ရောက်ရင် ငါတို့ရဲ့ အထောက်အထားတွေကို မဖော်ပြဖို့ သွန်သင်ထားလို့ပါ၊ ဝမ်းကွဲတော်ကို ဖုံးကွယ်ထားဖို့ တမင် ရည်ရွယ်တာမျိုး မဟုတ်ပါဘူး”
ယွင်အာက ရှက်ရွံ့ဟန်လေးဖြင့် ဝန်ခံလိုက်သည်။
အစကတည်းက သူမကို လိမ်ပြောဖို့ ဘယ်သူက တောင်းဆိုခဲ့လို့လဲ?
"ငါ နားလည်ပါတယ်၊ နားလည်တယ်"
ယဲ့လွီဟုန်ရိက အပြုံးဖြင့် တုံ့ပြန်လိုက်သည်။ သူ၏ အပြုံးက အလွန် သန့်ရှင်းပြီး လေပြည်လေးများ တဖြူးဖြူး တိုက်ခတ်နေသလို ခံစားရစေသည်။ ထိုအပြုံးကလည်း ယွင်အာကို ဆွဲဆောင်နေပြန်သည်။
ယောက်ျားလေးတစ်ယောက်က ကောင်မလေးတစ်ယောက်ထက် ပိုပြီး လှအောင် ပြုံးနိုင်တာကို ငါ ပထမဆုံး တွေ့ဖူးလိုက်ပြီ။
သူ့တူတော် သူ့ကို တွေ့ရန် အဝေးကြီးမှ လာခဲ့သည်ကို သိလိုက်ရသည့် ရှောင်းကျဲယွိကလည်း အလွန်ပျော်သွားပြီး ညီလာခံပြီးသည်နှင့် အတွင်းနန်းတော်ဆီသို့ ပြေးလာလေသည်။ သူ နန်းဆောင်ထဲသို့ မရောက်ခင်မှာပင် သူ့အသံကို အရင်ကြားနေရသည်။
"လီအာ ဘယ်မှာလဲ? လီအာကို ဘယ်နေမှာ နေခိုင်းထားလဲ?"
သူ့တူကို သူ နောက်ဆုံး တွေ့ခွင့်ရခဲ့တုန်းက အနှီးပတ်ထားရတဲ့ အရွယ်လေးလေ။ အခု မတွေ့တာ ဆယ်နှစ်ကျော်ကြာပြီဆိုတော့ မမှတ်မိတော့ဘူး။
“ဦးရီးတော်”
တစ်ယောက်ယောက်က သူ့၏ငယ်နာမည်ကို ခေါ်လိုက်သောကြောင့် ယဲ့လွီဟုန်ရိက သူ့ဦးလေးကို နှုတ်ဆက်ရန် ကြမ်းပြင်ပေါ်၌ ဒူးထောက်လိုက်သည်။
“ထပါ၊ ဦးရီးတော် မင်းကို ကြည့်ပါရစေဦး”
ရှောင်းကျဲယွိက သူ့တူလေးကို လက်နှစ်ဖက်ဖြင့် ပြန်ထူပေးလိုက်သည်။ သူ့မျက်နှာကို မြင်လိုက်ရချိန်တွင် ရှောင်းကျဲယွိ၏ မျက်လုံးများ နီရဲလာသည်။
ဒီကလေးက ယဲ့လွီချွမ်းရဲ့ကိုယ်ပွားလေးပဲ၊ သူတို့ရဲ့ အမူအရာကတောင် အတော်လေးဆင်တူနေတယ်။
"မင်းမိဘတွေ နေကောင်းရဲ့လား?"
ရှောင်းကျဲယွိ၏ အသံက တုန်ယင်နေသည်။ ဤအတောအတွင်း သူတို့ကြားထဲ၌ စာများသာ ဖလှယ်နေခဲ့ရပြီး သူလည်း သူ့ညီမလေးကို လွမ်းဆွတ်နေမိသည်။ ရှောင်းလန်ရှင်းက သူမ အရာအားလုံး အဆင်ပြေနေပြီး သူမကို စိတ်ပူနေရန် မလိုကြောင်းသာ အမြဲပြောလေ့ရှိသည်။ သို့သော်လည်း အကိုကြီးတစ်ယောက်အနေဖြင့် သူ သူ့ညီမလေးကို စိတ်မပူဘဲ မနေနိုင်ခဲ့ပေ။
"သူတို့... သိပ်တော့ မကောင်းဘူး"