အထူးဧည့်သည်အတွက် ဧည့်ခံပွဲ
Vol. 47 Ch. 691
ရှောင်းကျဲယွိက သူ့မိဘများအကြောင်းမေးလိုက်ချိန်တွင် ယဲ့လွီဟုန်ရိ၏မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားခဲ့သည်။ သူက စိတ်ဓာတ်ကျနေသော ပုံစံဖြင့် သူ့ဦးလေးကို ပြန်ဖြေလိုက်သည်။
“ပြီးခဲ့တဲ့ နှစ်နှစ်ကတည်းက မယ်တော်က အမြဲလိုလို ရင်တုန်နေတတ်ပြီး ရင်ဘတ်အောင့်တယ်။ မနှစ်က ပန်းနာရင်ကျပ် ဖြစ်ခဲ့ပြီး ဆောင်းရာသီတုန်းက အသက်တောင် ကောင်းကောင်း မရှူနိုင်ခဲ့ဘူး”
"ရင်တုန်နေတာလား? မင်းရဲ့မယ်တော်က စာတွေထဲမှာ ဘာလို့ မဖော်ပြထားတာလဲ?"
သူ့ညီမလေး နေမကောင်းဖြစ်နေသည်ဟု ကြားလိုက်ရချိန်တွင် ရှောင်းကျဲယွိလည်း စိတ်ပူသွားရသည်။ ရှောင်းလန်ရှင်းက သူမ၏စာထဲတွင် သတင်းကောင်းကိုသာ ပြောပြလေ့ရှိပြီး သတင်းဆိုးကိုတော့ ဘယ်တော့မှ မပြောခဲ့ပေ။ နှစ်စဉ်နှစ်တိုင်း စူးချင်းက သူမအတွက် အသုံးများသော အိမ်သုံးဆေးဝါးများ ပေးပို့လေ့ရှိသည်။ သူမ ရင်တုန်နေမှန်းသိလျှင် ဆေးပေးလိုက်သည်မှာ ကြာနေလောက်ပြီ ဖြစ်သည်။
“မယ်တော်က ဦးရီးတော်နဲ့ အရီးတော်ကို စိတ်မပူစေချင်လို့ပါ”
ယဲ့လွီဟုန်ရိက သူ့မိခင်ကိုယ်စား ရှင်းပြလိုက်သည်။ အမှန်တကယ်လည်း ရှောင်းလန်ရှင်းက သူမ၏အစ်ကိုနှင့် ယောင်းမကို ဒုက္ခမပေးချင်တော့ဘူး။ သူမ ယဲ့လွီချွမ်းနှင့်အတူ တာ့ထန်သို့ ပြန်လိုက်သွားစဥ်က သူမ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာသည့် အကျိုးဆက်များကို သူမကိုယ်တိုင် ခံယူရန် ဆုံးဖြတ်လိုက်ခြင်းပင်။
"အဲ့ဒါက ပိုပြီး စိတ်ပူအောင် လုပ်တာနဲ့ အတူတူပဲ"
ရှောင်းကျဲယွိက အလွန်စိတ်တိုနေပြန်သည်။ သူက သူ့ညီမလေး အဝေး၌ အိမ်ထောင်ပြုခဲ့သည့်အပေါ် အမြဲ စိတ်ပူနေခဲ့ပြီး ယခု သူမ နေမကောင်း ဖြစ်နေကြောင်း သိလိုက်ရာက ထိုအကြောင်းကို မပြောသည့်အတွက် သူ့စိတ်ဆိုးနေမိသည်။
“ဟုန်ရိ ဒီတစ်ခေါက် တာ့ထန်အင်ပါယာကို လာခဲ့တာက မယ်တော့်ကို ကုသပေးဖို့ အရီးတော်ကို တောင်းဆိုချင်လို့ပါ၊ မယ်တော် သူရဲ့ရင်ဘတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး နာကျင်မှုကို သည်းခံနေတာ မြင်ရတိုင်း ခမည်းတော်နဲ့ ကျွန်တော် အရမ်းစိတ်မကောင်း ဖြစ်ရတယ်”
ယဲ့လွီဟုန်ရိက သူ ရောက်လာရသည့် အကြောင်းအရင်းကို ရှင်းပြလိုက်သည်။ သူ့မယ်တော်၏ သူမရောဂါအကြောင်း အရီးတော်ကို ပြောပြရန် ငြင်းဆန်နေခဲ့သည်။ သူ့မယ်တော်က သူတို့၏အကြံဉာဏ်ကို နားမထောင်သည့်အတွက် သူ့ခမည်းတော်က သူ့ကို တိတ်တိတ်လေး တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။
“မင်းရဲ့အရီတော်က မြို့တော်မှာ မရှိဘူး၊ အန်းဟွေ့မှာ ရောက်နေတယ်၊ ဒါပေမယ့် ဘာမှ မဖြစ်ပါဘူး၊ ဦးရီးတော် မင်းရဲ့အရီးတော်ကို သွားရှာဖို့ လူလွှတ်လိုက်မယ်။ မင်း ဘာမှ စိတ်မပူနဲ့တော့၊ နောက်ထပ် ရက်နည်းနည်း ထပ်စောင့်လိုက်လေ၊ ငါတို့တူရီးတွေ ရက်နည်းနည်းလောက် ပိုတွေ့ရတာပေါ့”
ရှောင်းကျဲယွိက သူ့တူလေးကို နောက်ထပ် ရက်အနည်းငယ်လောက် စောင့်နေရန် အကြံပေးလိုက်သည်။ စူးချင်း မြို့တော်တွင် မရှိသည့်အတွက် ချက်ချင်းသွားရန် မဖြစ်နိုင်သေးပေ။
"ဟုန်ရိ စောင့်နိုင်ပါတယ်"
ယဲ့လွီဟုန်ရိက သူ့အရီးတော် မြို့တော်မှ ထွက်ခွာသွားမည်ဟု မမျှော်လင့်ထားခဲ့ပေ။ နောက်ဆုံးတွင် သူ စောင့်နေရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
"ကျစ်ချီ၊ သူက မင်းရဲ့ဝမ်းကွဲတော်ပဲ၊ သူ တာ့ထန်အင်ပါယာရဲ့ ဓလေ့ထုံးစံတွေကို နားလည်သွားဖို့ သားတော် သူ့ကို ရက်နည်းနည်းလောက် အဖော်ပြုပေးလိုက်ပါဦး”
ရှောင်းကျဲယွိက သူ့၏သားအကြီးဆုံး ကျစ်ချီကို တာဝန်တစ်ခု ပေးလိုက်သည်။ ကျစ်ချီကလည်း တလေးတစား သဘောတူလိုက်သည်။
“သားတော် နားလည်ပါပြီ၊ ခမည်းတော်၊ ဝမ်းကွဲတော်ကို အကောင်းဆုံး ဧည့်ခံနိုင်ဖို့ သားတော် အစွမ်းကုန် ကြိုးစားပါ့မယ်"
"ကျေးဇူးတင်ပါတယ် ဝမ်းကွဲအစ်ကိုတော်"
ယဲ့လွီဟုန်ရိက လက်သီးအုပ်လိုက်ပြီး ကျစ်ချီကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
ဒီဝမ်းကွဲက အရမ်းကို တည်ကြည်လွန်းတယ်။ သူက အရမ်း ယဉ်ကျေးပုံပေါက်နေပေမယ့် အရမ်းကို သီးသန့်ဆန်လွန်းတယ်။ ယှဉ်ကြည့်လိုက်ရင် သူ ကျစ်စုန့်နဲ့ ယွင်အာကို ပို သဘောကျတယ်။
“အစ်ကိုတော်၊ အစ်ကိုတော်က တိုင်းရေးပြည်ရေးတွေကို သင်ယူဖို့ ခမည်းတော်ဧကရာဇ်နောက်ကို လိုက်နေရတယ်။ အစ်ကိုတော်မှာ အချိန်မရှိလောက်ဘူး၊ ဝမ်းကွဲတော်ကို ဧည့်ခံဖို့ ကိစ္စက ကျစ်စုန့်နဲ့ ညီမတော်ဆီကို လွှဲထားလို့ ရပါပြီ"
ယွင်အာက စေတနာဝမ်ထန်းလုပ်ရန် လောကွတ်ချော်လိုက်သည်။
အစ်ကိုတော်က အဘိုးကြီးတစ်ယောက်လို လေးနက်လွန်းတယ်။ ဝမ်းကွဲကို မကြောက်သွားစေချင်ဘူး။
“....”
ကျစ်ချီက ဘာမှပြန်မပြောဘဲ သူ့ခမည်းတော်ကိုသာ လှမ်းကြည့်လိုက်သည်။
“အဲဒါလည်း ကောင်းပါတယ်၊ ယွင်အာ၊ သမီးတော်နဲ့ ကျစ်စုန့်တို့ ဟုန်ရိ အဖော်ပြုပေးလိုက်ကြပေါ့”
ပုံမှန်အားဖြင့် ထိုကဲ့သို့ ဧည့်ဝတ်ကျေပွန်မှုကို ပြသသင့်သူက ကျစ်ချီ ဖြစ်သင့်သော်လည်း သူက လူတိုင်းကို စိတ်နှစ်ပြီး ပေါင်းသင်းဆက်ဆံလေ့ မရှိပေ။ သူ သူတပါးအား ဧည့်ခံပေးရမည်ဆိုလျှင်ပင် အိမ်ရှင်နှင့် ဧည့်သည်ကြားမှ အကွာအဝေးတစ်ခု ထားရှိမည် ဖြစ်သည်။ ထိုအရာက ဆွေမျိုးများကြား၌ စိတ်အားထက်သန်မှု မရှိသလို ဖြစ်စေပြီး ယဲ့လွီဟုန်ရိအတွက်လည်း စိတ်မသက်မသာဖြစ်သွားနိုင်သည်။
"ဟုန်ရိ၊ ဦးရီးတော်က မင်းအတွက် အလယ်ပိုင်းလွင်ပြင်ရဲ့စားသောက်ဖွယ်ကောင်းကောင်းတွေ ပြင်ဆင်ထားတယ်။ မင်း စားလို့ အဆင်ပြေမလား သိရအောင် စားကြည့်လိုက်ပေါ့။ မင်း အရီးတော်လည်း မကြာခင် ပြန်လာတော့မှာပါ၊ မင်း သူ(မ)ရဲ့ ဟင်းချက်လက်ရာကိုတော့ ကြိုက်မှာ သေချာတယ်"
ရှောင်းကျဲယွိက ယဲ့လွီဟုန်ရိနှင့် လိုက်ပါလာသော လူများအတွက် စီစဉ်ပေးခဲ့ပြီး ယဲ့လွီဟုန်ရိကို သူနှင့်အတူ ထမင်းစားရန် ရန်ရှင်းခန်းမဆောင်သို့ ဖိတ်ခေါ်လိုက်သည်။
“မနက်ဖြန် ဦးရီးတော် မင်းအတွက် ဧည့်ခံပွဲတစ်ပွဲ လုပ်ပေးမယ်”
ရှောင်းကျဲယွိက ဤတူလေးကို အလွန်အလေးထားဆက်ဆံနေသည်။ ပုံမှန်အားဖြင့် သူတို့တိုင်းပြည်နှစ်ခုကြားတွင် သံတမန်ဆက်ဆံရေး ရှိပြီး ယခုအခြေအနေအရ ယဲ့လွီဟုန်ရိက တာ့ထန်၏မင်းသား ဖြစ်နေသောကြောင့် အထူးဧည့်သည်တော်အဖြစ် သတ်မှတ်နိုင်ပေသည်။
“ကျေးဇူးတင်ပါတယ်၊ ဦးရီးတော်”
ယဲ့လွီဟုန်ရိက ကျေးဇူးတင်စကား ပြောရင် လက်သီးအုပ်လိုက်ပြီး ပြုံးနေလေသည်။
“အရီးတော်ရဲ့ ဟင်းချက်ကျွမ်းကျင်မှုအကြောင်းကတော့ မယ်တော်ဆီကနေ ဟုန်ရိ ကြားဖူးတာ ကြာနေပါပြီ။ မယ်တော်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက အရီးတော်ရဲ့ဟင်းပွဲတွေကို လွမ်းနေခဲ့တာ၊ တာ့ထန်ပြည်ထောင်တစ်ခုလုံးမှာ ရှိတဲ့ စားတော်ကဲကြီးတွေက အရီးတော်ရဲ့ ဟင်းပွဲတွေကို ဆယ်ပုံတစ်ပုံတောင်မီအောင် မချက်နိုင်ဘူးလို့ မယ်တော်က ပြောလေ့ရှိတယ်”
"ဟား ဟား၊ မင်းအမေ ပြောတာ မှန်တယ်၊ ဘယ်တိုင်းပြည်က စားဖိုမှူးကမှ မင်း အရီးတော်ရဲ့ ဟင်းချက်ကျွမ်းကျင်မှုကို ကျော်နိုင်မှာ မဟုတ်ဘူး"
စူးချင်း၏ ဟင်းချက်ကျွမ်းကျင်မှုအကြောင်း ပြောနေချိန်တွင် ရှောင်းကျဲယွိ၏ မျက်လုံးများထဲမှ ဂုဏ်ယူမှုများ ပြည့်နှက်နေသည်။
အခုဆို သူ့ခံတွင်းက လုံးဝကို ပျက်စီးနေပြီ။ တော်ဝင်စားဖိုမှူးတွေ ချက်ထားတဲ့ အစားအစာကိုတောင် မကြိုက်တော့ဘူး။ ချင်းအာက သူ့အတွက် ယာဂုတစ်ပန်းကန်ပဲ ချက်ထားပေးရင်တောင် တော်ဝင်စားတော်ပွဲတွေထက် ပိုအရသာရှိတယ်လို့ သူ ခံစားရတယ်။
နောက်တစ်နေ့တွင် ရှောင်းကျဲယွိက နန်းတော်ထဲ၌ ဧည့်ခံပွဲ ကျင်းပခဲ့ပြီး စတုတ္ထအဆင့်နှင့် အထက်အရာရှိအားလုံးကို နန်းတော်ထဲသို့ ဖိတ်ခေါ်ခဲ့သည်။ သူက သူ၏တူဖြစ်သူ တာ့ထန်၏ ပထမမင်းသား ယဲ့လွီဟုန်ရိကို အားလုံးနှင့် အလေးအနက် မိတ်ဆက်ပေးခဲ့သည်။
မှူးမတ်များအားလုံးက ယဲ့လွီဟုန်ရိအား ငယ်ရွယ်ပြီး အလားအလာကောင်းသူ၊ ချောမော ထက်မြက်ပြီး လူငယ်သူရဲကောင်းတစ်ဦးအဖြစ် ချီးကျူးစကားဆိုခဲ့ကြသည်။ သူတို့၏ မြှောက်ပင့်စကားများက အဆုံးမဲ့သည်အထိ ပေါကြွယ်ဝလှသည်။
ယဲ့လွီဟုန်ရိက သူတို့၏ ချီးကျူးစကားများကို ကျေကျေနပ်နပ် လက်ခံခဲ့ပြီး တုံ့ပြန်သည့်အနေဖြင့် သူ့ခွက်ကို မြှောက်ကာ ကျေးဇူးတင်စကားဆိုခဲ့သည်။ သူ့၏ အပြုအမူတိုင်းကို အုပ်စိုးရှင်တစ်ယောက်၏ ဟန်ပန်များ ပါဝင်နေပြီး ကျစ်ချီက သူ့ဝမ်းကွဲကို ကြည့်နေရင်းမှ ယဲ့လွီဟုန်ရိအပေါ် အမြင်သစ်တစ်မျိုး ဖြစ်ပေါ်လာသည်။ သူက သူ့ဝမ်းကွဲနှင့် စကားပြောရန် အစပြုလိုက်ပြီး သူတို့တွင် တူညီသောအချက်များ အများကြီးရှိနေသည်ကို တွေ့လိုက်ရသည်။ အထူးသဖြင့် ယဲ့လွီဟုန်ရိက တိုင်းရေးပြည်ရေးများတွင် ထိုးထွင်းသိမြင်မှု ရှိသူ ဖြစ်ပြီး ကျိုးကြောင်းဆီလျော်မှုရှိသူလည်း ဖြစ်သည်။
သူ့၏ဝမ်းကွဲအပေါ်ထားသည့် ကျစ်ချီ၏ လေးစားမှုက ပိုမိုအားကောင်းလာခဲ့သည်။ ယဲ့လွီဟုန်ရိက တာ့ထန်၏ အနာဂတ်ဧကရာဇ်မင်း ဖြစ်လာမည်မှာ သေချာပြီး ယခုကောင်းမွန်သော ဆက်ဆံရေးတစ်ခု ပျိုးထောင်ထားခြင်းဖြင့် တိုင်းပြည်နှစ်ခုကြား ငြိမ်းချမ်းစွာ နေထိုင်နိုင်မာ်ဖြစ်ကာ ဤချစ်ကြည်ရင်းနှီးမှုက မျိုးဆက်များစွာ တည်တံ့နိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် ယဲ့လွီဟုန်ရိ၏မျက်လုံးများက ကျစ်စုန့်ဘေးနားရှိ လွတ်နေသော ထိုင်ခုံဆီသို့ ရံဖန်ရံခါ ရောက်နေတတ်ပြီး သူ့၏ဝမ်းကွဲအစ်မတော်မရှိခြင်းကို အံ့သြနေမိသည်။
မင်းသမီးတစ်ပါးကို ဒီလိုပွဲတွေတက်ရောက်ဖို့ ခွင့်မပြုထားဘူးလား?
ယဲ့လွီဟုန်ရိ အနည်းငယ် အာရုံပျံ့လွင့်နေချိန်တွင် သာယာငြိမ့်ညောင်းသော တေးဂီတတစ်ခု ထွက်ပေါ်လာသည်။ ပန်းနုရောင်ကို ၀တ်ဆင်ထားသော နန်းတွင်းအစေခံအဖွဲ့တစ်ဖွဲ့က ကောင်းကင်မှ ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော နတ်သမီးများကဲ့သို့ သို့မဟုတ် လှပသောတောင်ပံများဖြင့် လှုပ်ရှားနေသော လိပ်ပြာများကဲ့သို့ ကျက်သရေရှိစွာ ကခုန်နေကြသည်။ သူမတို့၏ လှုပ်ရှားမှုများက ယဲ့လွီဟုန်ရိကို ဆွဲဆောင်သွားခဲ့သည်။ သို့သော် သိပ်မကြာမီမှာပင် သူ့အာရုံက သူ့ခေါင်းပေါ်မှ တွဲလောင်းကျနေသော မီးလုံးကြီးဆီသို့ ရောက်သွားပြန်သည်။ ထိုအရာက သူ့အတွက် အံ့ဩစရာကောင်းလောက်အောင် လင်းလက်နေပြီး မည်သည့်အရာဖြစ်သည်ကို သူ သိချင်နေမိသည်။
တာ့ထန်အင်ပါယာမှာ တကယ်ပဲ ထူးချွန်ထက်မြက်တဲ့ လူတွေ အများကြီး ရှိနေတာပဲ။ သူတို့ရဲ့ဖန်တီးမှုကနေ လှပတဲ့ အရာတွေ ထွက်ပေါ်လာနိုင်တယ်။
ယဲ့လွီဟုန်ရိ မီးရောင်ကို လေ့လာနေချိန်တွင် ကောင်းကင်ယံ၌ မီးရှူးမီးပန်းများ ပေါက်ကွဲလာပြီး ည၏ကောင်းကင်တွင် အနီရောင်ပန်းလေးများ ပွင့်လန်းလာသည်။ ပြိုးပြိုးပြက်ပြက် မြင်ကွင်းက ဟုန်ရိကို ထိတ်လန့်သွားစေခဲ့သော်လည်း ထိုသို့သော အလှတရားက ပြောမပြတတ်အောင် ကြည့်ကောင်းနေပြန်သည်။ သူ့၏မယ်တော်က တာ့ထန်အင်ပါယာကို အဘယ်ကြောင့် ထိုမျှအလေးထား တမ်းတနေမှန်း သူ နားလည်လာရသည်။
သူ့မယ်တော်က တာ့ထန်အင်ပါယာကို နှစ်သက်တာ အံ့သြစရာ မဟုတ်တော့ဘူး။ သူတောင်မှ တစ်ခါ လာဖူးရုံနဲ့ ပြန်ထွက်သွားဖို့ တွန့်ဆုတ်နေမိပြီ။
"ဘယ်လိုလဲ? လှတယ်မလား?"
ယွင်အာက အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ချိုမြိန်သော အပြုံးဖြင့် ယဲ့လွီဟုန်ရိ ရှေ့၌ ရပ်နေသည်။ သူမ ပွဲသို့ အစောကြီး ရောက်မလာရခြင်း အကြောင်းရင်းမှာ ယဲ့လွီဟုန်ရိအတွက် မီးရှူးမီးပန်းများ ပြင်ဆင်နေသောကြောင့်ပင်။
"အရမ်း ကြည့်လို့ ကောင်းတယ်"
ယဲ့လွီဟုန်ရိက ယွင်အာ၏အသံကို ကြားသွားပြီး သူမကို ငုံ့ကြည့်လိုက်သည်။ အမျိုးသမီး အဝတ်အစားများ ဝတ်ထားသည့် ယွင်အာကြောင့် သူ အံ့အားသင့်သွားရပြန်သည်။
ဒီကမ္ဘာပေါ်မှာ ဒီလို လှပတဲ့ မိန်းခလေးတစ်ယောက် ရှိတယ်တဲ့လား?
"ဟုန်ရိ၊ မင်းရဲ့ဝမ်းကွဲအစ်မတော်က မင်းအတွက် အံ့အားသင့်စရာ ပြင်ဆင်ပေးထားတာလေ၊ မင်း သဘောကျရဲ့လား?"
ရှောင်းကျဲယွိက ယဲ့လွီဟုန်ရိကို အပြုံးဖြင့် လှမ်းမေးလိုက်သည်။ ယွင်အာက သူ့ဝမ်းကွဲမောင်တော်အတွက် မီးရှူးမီးပန်းများ ပစ်ချင်ကြောင်း သူမ၏ခမည်းတော်ထံ ကြိုဝင်ခွင့်တောင်းခဲ့သည်။ သို့သော် သူမ ဤမျှလောက်အများကြီး ပြင်ဆင်ထားမည်ဟု ရှောင်းကျဲယွိလည်း မမျှော်လင့်ထားခဲ့ပေ။ မိန်းမငယ်လေးက အမှန်တကယ် လှပသောမြင်ကွင်းတစ်ခု ဖန်တီးပေးခဲ့သည်။
"ဟုန်ရိ သဘောကျပါတယ်၊ အရမ်း လှတယ်”
ယဲ့လွီဟုန်ရိက ရိုးရိုးသားသား ဝန်ခံလိုက်သည်။ ရှောင်းကျဲယွိက သူ့တူလေး ပြုံးနေသည်ကို မြင်သွားပြီး သူလည်း ပိုပျော်သွားရသည်။
“ဦးရီးတော် မင်းအတွက် သိုင်းပညာပြိုင်ပွဲတစ်ခုလည်း ပြင်ဆင်ထားတယ်”
“ကျေးဇူးတင်ပါတယ် ဦးရီးတော်”
ယဲ့လွီဟုန်ရိလည်း အလွန်ပျော်ရွှင်နေခဲ့သည်။ သူ ဆွေမျိုးများနှင့် တွေ့ဆုံရန် တစ်ယောက်တည်း ရောက်ရှိလာခဲ့သော်လည်း ကြီးကျယ်ခမ်းနားသော ဧည့်ခံပွဲတစ်ခုဖြင့် ကြိုဆိုခံလိုက်ရသောကြောင့် နွေးထွေးမှုကို ခံစားနေရသည်။
“မင်းတို့ တာ့ထန်ပြည်ထောင်ရဲ့ စစ်သည်တော်တွေက နပန်းပွဲကို ကြိုက်ကြတယ်။ ဒီနေ့ မင်းအတွက် နပန်းပွဲတစ်ခု စီစဉ်ပေးထားတယ်"
တာ့ထန်ပြည်ထောင်ရှိ နပန်းပွဲများက စိတ်လှုပ်ရှားဖွယ်ကောင်းသည်ဟု ခံစားမိသော ရှောင်းကျဲယွိက သူ့၏နန်းတော်တွင် နပန်းသမားတစ်အုပ်ကို အထူးလေ့ကျင့်ပေးထားခဲ့သည်။ သူ အားလပ်ချိန်ရလျှင် သူကိုယ်တိုင် ထိုနပန်းသမားများနှင့် နပန်းလုံးနေလေ့ရှိမည်။ သူက ထိုပြိုင်ပွဲမျိုးကို ပြီးပြည့်စုံသည်ဟု ခံစားရပြီး အရိုးရှင်းဆုံး ကိုယ်ခံပညာပြိုင်ပွဲကပင် သူ့အတွက် စိတ်ဖိစီးမှု သက်သာစေသလို ခံစားရသည်။
“ဟား ဟား၊ အရမ်းကောင်းတယ်”
ယဲ့လွီဟုန်ရိက ပျော်ပျော်ရွှင်ရွှင် ရယ်မောလိုက်သည်။
သူ တာ့ထန်အင်ပါယာမှာ နပန်းပွဲ ကြည့်နိုင်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။
နပန်းသမားများ ကွင်းထဲသို့ ဝင်လာသည်နှင့် ယဲ့လွီဟုန်ရိက အလွန်အလေးအနက်ထား ကြည့်ရှုနေခဲ့သည်။
သူ အကြိုက်ဆုံး နပန်းသမား မြေပြင်ပေါ်သို့ ပြုတ်ကျသွားချိန်တွင် သူ အနည်းငယ် မျက်မှောင်ကြုတ်နေလေသည်။ ရှောင်းကျဲယွိက သူ့ကို စိတ်ဝင်တစား အကဲခတ်နေပြီး အပြုံးဖြင့် လှမ်းမေးလိုက်သည်။
"လီအာ၊ မင်း ဆင်းသွားပြီး ကစားချင်လား?"