အမဲလိုက်ခြင်း
Vol. 47 Ch. 693
ရှောင်းလန်ရှင်း၏မျက်နှာတစ်ခုလုံးတွင် သွေးရောင်မရှိတော့ဘဲ နာကျင်မှုကြောင့် သူမ၏နဖူးမှ ချွေးစေးများ စီးကျလာကာ စကားပင် မပြောနိုင်ဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် ရှောင်းကျဲယွိလည်း အလွန်စိုးရိမ်သွားရသည်။ ရှောင်းကျဲယွိက သူ့ညီမ၏ သွေးခုန်နှုန်းကို အလောတကြီး စစ်ဆေးလိုက်ရာ သူမ၏သွေးခုန်နှုန်းက အလွန်ပြင်းထန်စွာ ခုန်နေကြောင်း သိလိုက်ရသည်။ သူက စူးချင်း ပေးထားသည့်ဆေးများထဲမှ နှလုံးကာကွယ်ဆေးကို အမြန်ရှာဖွေလိုက်ပြီး ရှောင်းလန်ရှင်းကို ဆေးအနည်းငယ် တိုက်လိုက်သည်။
ထိုဆေးပြားက နှလုံးရောဂါကို ကုသရန် အထူးအသုံးပြုနိုင်သော်လည်း အမြစ်ပြတ် ပျောက်ကင်းမည်တော့ မဟုတ်ပေ။ သို့သော်လည်း အရေးပေါ် သောက်သုံးရန် သင့်တော်ပြီး ရုတ်တရက် အသက်ဆုံးရှုံးရခြင်းမှ ကာကွယ်ပေးနိုင်သလို ဝေဒနာကိုလည်း သက်သာစေနိုင်သည်။
ဆေးသောက်ပြီးနောက်တွင် ရှောင်းလန်ရှင်း၏မျက်နှာက တဖြည်းဖြည်း သွေးရောင်ပြန်လွှမ်းလာပြီး သူမ၏ နှလုံးသားဆီမှ နာကျင်မှုကလည်း အများကြီး သက်သာသွားပုံရသည်။ သူမက ထိုင်ခုံပေါ်တွင် အားမရှိသလို ထိုင်နေရင်း အစ်ကိုဖြစ်သူကို တောင်းပန်စကားဆိုလိုက်သည်။
"အစ်ကိုကြီးကို စိတ်ပူအောင် လုပ်မိသွားပြန်ပြီ"
"မင်း ဘာလို့ ငါ့ကို စောစော မပြောခဲ့တာတုန်း?"
ရှောင်းကျဲယွိက သူ့ညီမလေး နေမကောင်းဖြစ်နေသည့်အချိန်တွင်ပင် သူမကိုယ်သူမ အပြစ်တင်နေသေးသည်ကို မြင်လိုက်ရသောကြောင့် သူ့ညီမလေးကို ကြည့်ကာ သနားစိတ်ရော ဒေါသစိတ်ပါ ရောပြွမ်းခံစားနေရသည်။
"အစ်ကိုကြီးနဲ့ ယောင်းမကို စိတ်မပူစေချင်လို့ပါ"
ရှောင်းလန်ရှင်းက ခေါင်းခါရင်း ပြန်ပြောလိုက်သည်။
သူမရဲ့ အစ်ကိုကြီးနဲ့ ယောင်းမက သူမအတွက် တော်တော်လေး ဒုက္ခရောက်ခဲ့တာကို သူမ သိနေတယ်လေ။ လီအာ နေမကောင်းဖြစ်နေတဲ့အချိန်မှာ ယောင်းမက နှင်းကြာပန်းကို ခူးဖို့ အနောက်ဒေသကိုတောင် သွားခဲ့ရတယ်၊ ဘယ်လောက်တောင် အန္တရာယ်များလိုက်တဲ့ ခရီးတုန်း?
အခု သူမရဲ့ရောဂါကြောင့် ယောင်းမ အန္တရာယ် ဖြစ်မှာကို သူမ စိုးရိမ်တယ်။ အဲ့ဒါကြောင့် သူမရဲ့ အခြေအနေကို အစ်ကိုကြီးတို့ မသိအောင် လျှို့ဝှက်ထားဖို့ သူမရဲ့ခင်ပွန်းကို အတင်းအကျပ် ပိတ်ပင်ထားခဲ့ပါ။
"မင်းကတော့လေ.... မင်း တစ်ခုခုဖြစ်သွားရင် မင်းယောင်းမနဲ့ ငါ ရင်ကွဲရမယ်ဆိုတာကို မင်း မတွေးမိဘူးလား?"
သူ့ညီမလေး၏ ရှင်းပြချက်ကို ကြားလိုက်ရချိန်တွင် ရှောင်းကျဲယွိ၏မျက်လုံးများ နီရဲလာပြီး မျက်ရည်များ ဝဲခိုလာသည်။
ရှောင်ယင်က သူများအတွက်ပဲ အမြဲ တွေးပေးပြီး သူမကိုယ်သူမတော့ နောက်မှာ ချန်ထားတတ်တယ်။
“လာကြ... မင်းတို့ အဒေါ်ကို နှုတ်ဆက်လိုက်ကြဦး”
ရှောင်းကျဲယွိက ယွင်အာနှင့် ကျစ်စုန့်တို့ကို လှမ်းခေါ်လိုက်သည်။ ယွင်အာက ရှောင်းလန်ရှင်းကို လေးလေးနက်နက် ယဉ်ယဉ်ကျေးကျေး ဂါရဝပြုလိုက်သည်။
"ဒွေးတော်ကို နှုတ်ခွန်းဆက်သပါတယ်၊ ဒွေးတော် ကျန်းမာပါစေရှင့်"
ယွင်အာက သူမ၏အဒေါ်ကို သဘောကျနေပုံဖြင့် ငေးကြည့်နေလေသည်။
ဒွေးတော်က အရမ်းကြည့်ကောင်းလွန်းပြီး ကြင်နာတယ်ပုံရတယ်။ ပြီးတော့ မယုံနိုင်လောက်အောင် ရင်းနှီးနေသလို ခံစားနေရတယ်။
"ဒွေးတော်ကို နှုတ်ခွန်းဆက်သပါတယ် ခင်ဗျ”
ကျစ်စုန့်က သူ့အဒေါ်ကို ကျယ်လောင်သော အသံဖြင့် နှုတ်ဆက်လိုက်သည်။ ကောင်လေးကလည်း သူ့အဒေါ်ကို စူးစူးစိုက်စိုက် အကဲခတ်နေသည်။
ဒွေးတော်က အရမ်းနုပျိုတာပဲ၊ မယ်တော်ကလွဲရင် ဒွေးတော်က အလှဆုံးဖြစ်မယ် ထင်တယ်။
ရှောင်းလန်ရှင်းကလည်း နူးညံ့သိမ်မွေ့သော ယွင်အာ၏ အသွင်အပြင်နှင့် သန်မာပြီး တက်ကြွပုံရသည့် ကျစ်စုန့်တို့ကို အလွန်နှစ်သက်နေလေသည်။ သူမကလည်း သူမ၏သားအငယ်နှစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
"လာကြဦး..... မင်းတို့ရဲ့ဦးရီးတော်နဲ့ ဝမ်းကွဲတော်တွေကို အရိုအသေပေး နှုတ်ဆက်ရမယ်လေ"
ရှောင်းလန်ရှင်းတွင် သားသုံးယောက်ရှိပြီး အကြီးဆုံးသားဖြစ်သူ ယဲ့လွီဟုန်ရိ၊ ဒုတိယသား ယဲ့လွီဟုန်ချင်းနှင့် အငယ်ဆုံးသား ယဲ့လွီဟုန်ကျိတို့ ဖြစ်သည်။
ယဲ့လွီဟုန်ချင်းနှင့် ယဲ့လွီဟုန်ကျိတို့က တာ့ထန်ဝတ်စုံကို ဝတ်ဆင်ထားကြပြီး သူတို့ထံတွင်လည်း ထူထဲသော မျက်ခုံးမွှေးများနှင့် မြင့်မားသော နှာတံများ ရှိကြသည်။ ညီအစ်ကိုသုံးယောက်လုံးက ဖခင်၏အသွင်အပြင်ကို ဆက်ခံထားကြပြီး ဘယ်သူကမှ သူတို့၏အမေနှင့် မတူကြပေ။
မိခင်ဖြစ်သူ၏ ညွှန်ကြားချက်ကို ကြားလိုက်သည်နှင့် ကလေးနှစ်ယောက်က ရှောင်းကျဲယွိအား အရိုအသေပေးရန် ရှေ့တိုးလာကြသည်။ သူတို့က တာ့ထန်ပြည်ထောင်၏ ဓလေ့နှင့်အညီ ရှောင်းကျဲယွိကို အလေးအနက် ဂါရဝပြုလိုက်ကြသည်။
"ဟား ဟား၊ ကောင်းတယ်၊ ကောင်းတယ်၊ ဦးရီးတော်က မင်းတို့အတွက် လက်ဆောင်တွေ ယူလာခဲ့တယ်”
ရှောင်းကျဲယွိက သူ့တူတော်များကို အလွန်သဘောကျနေပြီး ပစ္စတိုတစ်လက်စီ ထုတ်ပေးလိုက်သည်။ ဤပစ္စတိုများက မိမိကိုယ်ကို ခုခံကာကွယ်ရန် အသင့်တော်ဆုံး လက်နက်ဖြစ်သည်။ ၎င်းတို့က သေးငယ်ပြီး သယ်ဆောင်ရလွယ်ကူသောကြောင့် သူတို့ အန္တရာယ်ရှိနေသည့်အချိန်များတွင် ကလေးများ၏အသက်ကို ကယ်တင်ပေးနိုင်ပေလိမ့်မည်။
"ဦးရီးတော်၊ ဒါကို ဘယ်လို သုံးရမှာလဲ?"
ကလေးနှစ်ယောက်က သူတို့ဦးရီးတော်ဆီမှ လက်ဆောင်ကို အလွန်သဘောကျနေပြီး လှည့်ပတ်ကြည့်ရင်း ခလုတ်ကို ဆွဲကြည့်နေကြသည်။ သို့သော်လည်း သူတို့ လုံးဝ မောင်းမဆွဲနိုင်ကြပေ။
"ဒီလို သုံးရတယ်"
ရှောင်းကျဲယွိက သူတို့ကို အရင် သရုပ်ပြပေးနေခဲ့သည်။ သူက ကျည်ဆန်ထည့်ပုံ၊ မောင်းတင်ပုံ၊ ချိန်ရွယ်ပုံနှင့် ပစ်ခတ်ပုံ အဆင့်ဆင့်ကို တစ်ဆင့်စီ သင်ကြားပေးရင်း သတိပြုရမည့်အချက်ကိုပါ ပြောပြလိုက်သည်။
“ဒါပေမယ့် မလိုအပ်ပဲ မသုံးရဘူး၊ မင်းတို့ အသုံးမပြုတဲ့အချိန်မှာ မောင်းမတင်ထားရဘူး၊ ကျည်ဆံ အပြည့်ထည့်ထားတော့ မတော်တဆ ကျည်ဆံထွက်လာ နိုင်တယ်၊ အန္တရာယ်ကြုံတဲ့အခါမှ သုံးရမယ်"
ရှောင်းကျဲယွိက သူတို့ မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရန်အတွက် သေနတ်ပေးကာ သင်ကြားပေးနေသော်လည်း ၎င်းက အနည်းငယ်အန္တရာယ်ရှိသည်ဟုလည်း သူ ခံစားနေရပြီး အထူးညွှန်ကြားသတိပေးနေခဲ့သည်။
“လာ.... ငါ မင်းတို့ကို သင်ပေးမယ်၊ ပစ်မှတ်ရှိတဲ့နေရာကို ခေါ်သွားပေး"
နောက်ဆုံးတွင် ကျစ်စုန့်တစ်ယောက် သူ၏အရည်အချင်းများကို ကောင်းမွန်စွာ ပြသနိုင်မည့်နေရာတစ်ခု ရှာတွေ့သွားခဲ့သည်။ စူးချင်းကိုယ်တိုင် သူ့ကို သေနတ်ပစ်နည်း သင်ပေးခဲ့သောကြောင့် သူက ရာနှုန်းပြည့် တိကျအောင် ပစ်ခတ်နိုင်သည့် သေနတ်ပစ်သမားငယ်လေးတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။
ယဲ့လွီဟုန်ချင်းနှင့် ယဲ့လွီဟုန်ကျိတို့က သေနတ်ပစ်နည်း လေ့လာရန် ၎င်းတို့၏ဝမ်းကွဲအစ်ကိုတော်နှင့်အတူ ပျော်ပျော်ရွှင်ရွှင် ထွက်သွားကြသည်။ ယဲ့လွီဟုန်ရိကတော့ လိုက်မသွားတော့ပေ၊ သူ မြို့တော်၌ ရှိနေစဥ် ကျစ်စုန့်ထံမှ သူ သင်ယူခဲ့ပြီး ဖြစ်သည်။ သူလည်း ၎င်းက မိမိကိုယ့်ကို ခုခံကာကွယ်ရန် အကောင်းဆုံးလက်နက်ဖြစ်သည်ဟု ခံစားခဲ့ရသည်။
ဤသုံးရက်အတွင်းတွင် ယွင်အာနှင့် ကျစ်စုန့်တို့နှစ်ယောက်သား မြက်ခင်းပြင်များပေါ်၌ ပျော်မြူးနေကြသည်။ အထူးသဖြင့် ယွင်အာက အဆုံးမရှိသော မြက်ခင်းပြင်များ၊ သိုးအုပ်များနှင့် မြင်းများကို အထူးနှစ်သက်နေလေသည်။
ကောင်းကင်ပြာပြာနှင့် တိမ်ဖြူဖြူများက မြို့တော်၏ ရှုခင်းများထက် ပိုလှသည်ဟု သူမ ထင်နေပြီး သူမ အကြိုက်ဆုံးက မြက်ခင်းပြင်တွင် လှဲလျောင်းကာ ကောင်းကင်ယံမှ တိမ်ဖြူများ လွင့်မျောနေသည်ကို ကြည့်ရခြင်းပင်။ ထိုအပြင် သူမက မြှားပစ်ရန်နှင့် အမဲလိုက်ရန် ယဲ့လွီဟုန်ရိနောက်သို့ လိုက်ရခြင်းကိုလည်း သဘောကျနေခဲ့သည်။
ကျစ်စုန့်ကတော့ မြက်ခင်းပြင်များကို ပိုသဘောကျနေခဲ့သည်။ ယောက်ျားလေးများက မြင်းစီးရခြင်းနှင့် အမဲလိုက်ရခြင်းကို သဘောကျနှစ်သက်တက်ပြီး ကျစ်စုန့်လည်း ခြွင်းချက် မဟုတ်ပေ။ သူက မြက်ခင်းပြင်ပေါ်၌ လေနှင့်အတူ မြင်းကို ဒုန်းဆိုင်းပြေးလွှားရသည့် ခံစားချက်ကို အလွန်စွဲလမ်းနေလေသည်။
စူးချင်း တာ့ထန်သို့ ရောက်လာချိန်တွင် ယွင်အာနှင့် ကျစ်စုန့်တို့ နှစ်ယောက်လုံး ညိုမဲသွားပြီ ဖြစ်သည်။ ယဲ့လွီဟုန်ရိက အိမ်ရှင်ကောင်း ပီသစွာ အစွမ်းကုန် ဧည့်ခံပေးခဲ့ပြီး သူတို့ကို မြက်ခင်းပြင်၏သာယာလှပသော ရှုခင်းများ၌ ကစားရန် ခေါ်သွားပေးခဲ့သည်။ သူတို့ မီးပုံပွဲ၌ ကခုန်ရန် သွားခဲ့ကြပြီး နပန်းပွဲများလည်း အတူတူ ကြည့်ခဲ့ကြသည်။ ကျစ်စုန့်ကတော့ တာ့ထန်ပြည်ထောင်၏ နပန်းသမားများနှင့်ပင် နပန်းဝင်လုံးခဲ့သေးသည်။
ကျစ်စုန့်က သန်မာသော်လည်း သူက နည်းစနစ်ကို နားမလည်သောကြောင့် ရှုံးနိမ့်ခဲ့သည်။ သို့သော် ဤကလေးက ဉာဏ်ကောင်းလွန်းသူ ဖြစ်ပြီး သူ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တနေ့လယ်ခင်းလုံး နပန်းပွဲကြည့်နေခဲ့သည်။ နောက်တစ်နေ့တွင် သူက ရှုံးပွဲမရှိသော နပန်းသမားလည်း ဖြစ်လာခဲ့သည်။
“ယောင်းမကို.... ညီမ ယောင်းမကို အရမ်းလွမ်းနေတာ”
စူးချင်းရောက်သွားခြင်းက ရှောင်းလန်ရှင်းကို ပို၍ ပျော်ရွှင်သွားစေခဲ့သည်။ သူမက ယောင်းမဖြစ်သူကို ပွေ့ဖက်ကာ လုံးဝ လွှတ်မပေးဘဲ ဆိုးသွမ်းသော ကလေးလေးတစ်ယောက်လို ချွဲနွဲ့နေခဲ့သည်။ သူမ အသက်သုံးဆယ်ကျော်နေပြီ ဖြစ်သော်လည်း သူမ၏မျက်နှာတွင် အရေးအကြောင်းများ မရှိသေးပေ။ သူမ၏ မျက်လုံးများက ကြည်လင်သန့်ရှင်းပြီး သူမ လက်မထပ်မီကကဲ့သို့ အပြစ်ကင်းစင်နေဆဲ၊ ချစ်စရာကောင်းနေဆဲ ဖြစ်သည်။
"မင်းကို အဝေးမှာ အိမ်ထောင်မပြုဖို့ ငါ မပြောခဲ့ဘူးလား? အဲ့တုန်းက မင်းက ငါ့စကားကို နားမထောင်ခဲ့ဘူး!"
စူးချင်းက ရှောင်းလန်ရှင်း၏ ဆံပင်များကို ပွတ်သပ်ပေးရင်း ဟန်ဆောင် ဆူပူလိုက်သည်။
ထိုစကားကြောင့် ယဲ့လွီချွမ်းတစ်ယောက် သူ့ခေါင်းကို ငုံ့ပြီး မျက်နှာလွှဲသွားခဲ့သည်။ သူက သူ့ကိုယ်သူ အပြစ်တင်နေပုံရပြီး ရှောင်းလန်ရှင်းအား ကောင်းကောင်း ဂရုမစိုက်ပေးနိုင်သလို ခံစားနေရသည်။
“ယောင်းမ... ညီမ ဒီနေရာမှာ နေရာတာကို အရမ်းသဘောကျတယ်၊ ပျော်လည်း ပျော်တယ်”
ရှောင်းလန်ရှင်းက ခင်ပွန်းသည်၏ သူ့ကိုယ်သူ အပြစ်တင်နေသော အကြည့်များကို နားလည်နေပြီး စူးချင်းကို ကမန်းကတန်း ပြန်ပြောလိုက်သည်။ စူးချင်းက သက်ပြင်းချလိုက်သည်။
သူမ အဲဒီတုန်းကတည်းက ရှောင်ယင်ကို ပြန်ခေါ်သွားဖို့ အတင်းအကျပ် မလုပ်ခဲ့ဘူး။ ယဲ့လွီချွမ်းကလည်း သူ့ကတိကို လိုက်နာခဲ့ပြီး မယားငယ် ထပ်မယူခဲ့ဘူးဆိုတော့ ရှောင်ယင် မှန်ကန်တဲ့လူနဲ့ လက်ထပ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်လေ။
"ငါ မင်းရဲ့ ရောဂါကို ကြည့်ရဦးမယ်”
စူးချင်းက ရှောင်းလန်ရှင်း၏ရောဂါအတွက် အလွန်စိုးရိမ်နေပြီး ရှောင်းလန်ရှင်းကို ထိုင်ခိုင်းကာ သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။
“မင်းရဲ့ နှလုံးရောဂါက ဒီလောက်တောင် ပြင်းထန်နေပြီ။ ဘာလို့ ငါတို့ကို မပြောခဲ့ရတာလဲ?"
စူးချင်းက ရှောင်းလန်ရှင်း၏သွေးခုန်နှုန်းကို စစ်ဆေးနေရင်း သူမကို ဒေါသတကြီး ဆူပူလိုက်ပြန်သည်။ ရှောင်းလန်ရှင်းက အမှားလုပ်မိသည့် ကလေးမလေးတစ်ယောက်ကဲ့သို့ ခေါင်းငုံ့ရင်း ပြန်ဖြေလိုက်သည်။
"ဒါက ဘာကို ပြောတာတုန်း၊ ငါတို့က မိသားစု မဟုတ်ဘူးလား? မင်း... သိလား? မင်းရဲ့ နှလုံးရောဂါက ပြင်းထန်လွန်းလို့ မင်း အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်တယ်"
ရှောင်းလန်ရှင်း၏စကားကို ကြားလိုက်ရချိန်တွင် စူးချင်းတစ်ယောက် ပို၍ပင် ဒေါသဖြစ်လာရသည်။ အနောက်တိုင်း ဆေးပညာအရဆိုလျှင် ရှောင်းလန်ရှင်း၏ ရောဂါကို နှလုံးသွေးကြောပိတ်ရောဂါ အဖြစ် သတ်မှတ်နိုင်ပြီး မတော်တဆ နှလုံးဖောက်ခြင်း (Heart attack)၏ လက္ခဏာများလည်း ရှိနေသောကြောင့် အလွန်အန္တရာယ်များလှသည်။
"ညီမ ဆေးမှန်မှန် သောက်ပါတယ်"
ရှောင်းလန်ရှင်းက ယောင်းမဖြစ်သူ၏ ဆူပူမှုအတွက် လုံး၀ စိတ်ဆိုးခြင်းမရှိပေ။ သူမက ခေါင်းငုံ့ထားရင်း အသံတိုးတိုးဖြင့် ပြန်ရှင်းပြနေသည်။ သူမအနားရှိ နန်းတွင်းအစေခံများနှင့် မိန်းမစိုးများက အလွန်ကြောက်လန့်နေပြီး ခေါင်းငုံ့ထားကြကာ လုံးဝ မော့မကြည့်ရဲကြပေ။ စူးချင်းက အစွမ်းထက်ကြောင်း သူတို့အားလုံး သိနေကြပြီး သူတို့ထံမှ စကားတစ်ခွန်းက ဤနတ်ဆိုးမကို ဒေါသထွက်စေပြီး သူတို့အသက်ဆုံးရှုံးသွားမည်ကို စိုးရိမ်နေကြသည်။
"ငါ ဒီမှာ နေပြီး မင်းရဲ့ရောဂါကို ကုသပေးမယ်"
စူးချင်းက သက်ပြင်းတစ်ချက်မှုတ်ထုတ်ရင်း ဆုံးဖြတ်လိုက်သည်။ သူမ ဒေါသထွက်ရသည့် အကြောင်းရင်းမှာ ရှောင်းလန်ရှင်းအတွက် အလွန်စိတ်မကောင်းဖြစ်မိသောကြောင့် ဖြစ်သည်။ သူမ၏ရောဂါက တစ်ရက်နှစ်ရက်အတွင်း ပျောက်ကင်းအောင် ကုသနိုင်မည့် ရောဂါ မဟုတ်သောကြောင့် စူးချင်းက သူမ မပြန်မီ ရှောင်းလန်ရှင်း ပြန်လည်ကျန်းမာလာအောင် ကုသပေးရန် ဤနေရာတွင် နေဖို့ ဆုံးဖြတ်လိုက်ခြင်းပင်။
"ချင်းအာ၊ ကိုယ်လည်း မင်းနဲ့အတူ ဒီမှာ နေမယ်"
ရှောင်းကျဲယွိကလည်း မပြန်ချင်သေးပေ။ သူလည်း ဤနေရာသို့ တစ်ခေါက်လာနိုင်ရန်ပင် မလွယ်ကူသည့်အတွက် သူ့ညီမလေးအတွက် အချိန်ပိုပေးချင်နေလေသည်။
"ရှင် ဒီမှာ နေလို့က ဘယ်လို လုပ်ပြီး ဖြစ်နိုင်မှာတုန်း၊ တိုင်းရေးပြည်ရေးကိစ္စတွေ ရှိသေးတယ်လေ"
စူးချင်းက ရှောင်းကျဲယွိကို တစ်ချက်လှမ်းကြည့်လိုက်သည်။
သူက ဘာကို ရူးကြောင်ကြောင် လုပ်နေရတာတုန်း? သူမှာ လျှောက်တင်လွှာတွေ အတည်ပြုပေးရမယ့် ကိစ္စနဲ့ တခြားအရးကြီးတဲ့အရာတွေ အများကြီး ရှိနေသေးတယ်လေ။
"ကိုယ် ကျစ်ချီကို လွှဲထားခဲ့ပြီးပြီ၊ ယောက္ခမနဲ့ အဖိုးက သူ့ကို ကူညီပေးလိမ့်မယ်”
ရှောင်းကျဲယွိက သူ့သားကို လျှောက်တင်လွှာများ ပြန်လည်သုံးသပ်တတ်ရန်နှင့် ရုံးတော်၏အရေးကိစ္စများကို စံမံနိုင်ရန် ညီလာခံသို့ တမင်တကာ ခေါ်သွားပြီး လေ့ကျင့်ပေးထားခဲ့သည်။ ယခု အချိန်က သူ့သားတော် လွတ်လွတ်လပ်လပ် စီမံနိုင်အောင် လေ့ကျင့်ပေးရမည့် အခွင့်အရေးဟု သူ သတ်မှတ်လိုက်သည်။
မြို့တော်တွင် လျှောက်တင်လွှာများ ပြန်သုံးသပ်နေသည့် ကျစ်ချီတစ်ယောက် နှာချေနေခဲ့သည်။
ဘယ်သူက ဒီမင်းသားအကြောင်း ပြောနေပြန်ပြီလဲကွာ....
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လကျော်ကြာသွားပြီး စူးချင်း၏ ဂရုတစိုက် ကုသပေးမှုအောက်တွင် ရှောင်းလန်ရှင်း၏ နှလုံးရောဂါ သက်သာပျောက်ကင်းသွားခဲ့သည်။ စူးချင်းက သူမ၏ရောဂါကို ကုသပေးရုံသာမက ယဲ့လွီချွမ်း၏ ဒူလာရောဂါနှင့် ပန်းနာရင်ကျပ်ရောဂါကိုလည်း ကုသပေးခဲ့သည်။
ရှောင်းလန်ရှင်း၏ရောဂါ သက်သာသွားပြီ ဖြစ်သောကြောင့် ရှောင်းကျဲယွိနှင့် စူးချင်းတို့ဟာ မြို့တော်သို့ ပြန်ရန် ဆုံးဖြတ်လိုက်ကြသော်လည် ဘာမဟုတ်သည့် အတားအဆီးနှင့် ရင်ဆိုင်လိုက်ကြရသည်။