← Chapters

ဇာတ်သိမ်း

Vol. 47 Ch. 695

ဇာတ်သိမ်း

Vol. 47 Ch. 695

“အစ်ကိုကြီး၊ ယောင်းမ၊ ယွင်အာနဲ့ ဟုန်ရိက အရမ်းချစ်နေကြပြီ။ ကျွန်မ သူတို့အတွက် တောင်းဆိုပေးချင်တယ်။ ကျေးဇူးပြုပြီး ယွင်အာကို ဟုန်ရိနဲ့ လက်ထပ်ခွင့်ပေးလိုက်ပါ”

ရှောင်းလန်ရှင်း၏စကားများက ခြောက်သွေ့သောမြေပြင်ပေါ်၌ မိုးခြိမ်းသံများ ချက်ချင်း ထွက်ပေါ်လာသလို ဖြစ်နေခဲ့သည်။ ထို့အချိန်တွင် စူးချင်းက သူမတို့ ဆရာဦးလေး၏ ဟောကိန်းကို သတိရသွားပြီး အလွန်နောင်တရသွားတော့သည်။

စောစောကသာ ကြိုသိခဲ့ရင် သူမ ယွင်အာကို ပြန်ခေါ်သွားဖို့ အတင်းအကျပ် ပြောခဲ့မိမှာ သေချာတယ်။ အခုတော့ သူမ ပေါ့ဆလို့ အမှားတစ်ခု လုပ်မိသွားပြီ။ ဒီအခြေအနေကို ကယ်တင်နိုင်ပါဦးမလား?

ရှောင်းကျဲယွိကတော့ သိပ်မအံ့ဩသွားပေ။

သူလည်း ဟုန်ရိကို အရမ်းသဘောကျတယ်လေ၊ ဟုန်ရိက စာပေရော သိုင်းပညာပါ ကျွမ်းကျင်ပတဲ့အပြင် ရုပ်ရည်ကလည်း ခန့်ညားတယ်။ ပြီးတော့ သူက နောင်အနာဂတ်မှာ တိုင်းပြည်တစ်ခုရဲ့ အုပ်စိုးရှင်ဖြစ်လာမယ့်သူလေ။ အဲ့ဒါတွေအပြင် ယွင်အာနဲ့ ဟုန်ရိ လက်ထပ်လိုက်ရင် ဒါကို ဆွေမျိုးနီးစပ်ကြားက အိမ်ထောင်‌ရေးလို့ ပြောနိုင်တယ်။ ရှောင်ယင်ကလည်း ယန်အာကို သူမရဲ့သမီးအရင်းလို ဆက်ဆံပြီး ချစ်ခင်အလိုလိုက်ပေးမှာ သေချာတယ်။

ဒါက အကောင်းဆုံး‌ရွေးချယ်မှုပဲ။ မဟုတ်ရင် သူ ယွင်အာကို ဘယ်သူနဲ့မှ အလျင်စလို လက်ထပ်ပေးနိုင်မှာ မဟုတ်ဘူး။ အခုက သူစိမ်းမဟုတ်တော့ သူ စိတ်သက်သာရာရနိုင်လိမ့်မယ်။

“ယောက်ဖနဲ့ မရီး၊ ယွင်အာအတွက် စိတ်မပူပါနဲ့၊ ဟုန်ရိက ဘယ်တော့မှ ကိုယ်လုပ်တော် ထပ်ယူမှာ မဟုတ်ဘူးလို့ ငါ အာမခံနိုင်ပါတယ်"

ယဲ့ယွီချွမ်းက သူ့သားအတွက် ဝင်အာမခံပေးလိုက်သည်။

သူ့ယောက်ဖ ဘာကို အစိုးရိမ်ဆုံးဆိုတာ သူ သိထားပြီးသားပါ။

"ဟုတ်လား? မင်းက ဒီလို အာမခံချက် ပေးနိုင်တယ်ပေါ့လေ”

ရှောင်းကျဲယွိက ထိုစကားကြောင့် ပိုစိတ်ဝင်စားလာသော်လည်း သူက ချက်ချင်းသဘောမတူသေးဘဲ စူးချင်းကို လှမ်းကြည့်လိုက်သည်။

"ချင်းအာ၊ မင်းရော ဘယ်လိုထင်လဲ?"

“ဆွေမျိုးနီးစပ်ကြားက အိမ်ထောင်‌ရေးမှာ မွေးရာပါချို့ယွင်းချက်ရှိတဲ့ကလေးတွေ မွေးဖွားဖို့ အလားအလာများတယ်”

စူးချင်းက မျက်နှာတည်တည်ဖြင့် သူမ ပြောနေကျ စကားကို ထပ်ပြောလိုက်သည်။ ရှောင်းကျဲယွိက ရယ်မောရင်း ပြောလိုက်ပြန်သည်။

"ဒါက ချင်းအာအတွက် မုန့်တစ်ဖဲ့ ဖဲ့ရသလို လွယ်လွယ်နဲ့ ဖြေရှင်းနိုင်တဲ့အရာပါ"

စူးချင်းက ရှောင်းကျဲယွိအား စိုက်ကြည့်ရင်း ထပ်ပြောလိုက်ပြန်သည်။

“ကျွန်မကို ချီးကျူးတဲ့အတွက် ကျေးဇူးတင်တယ်။ ဒါပေမယ့် ကျွန်မ ယွင်အာကို အဝေးကြီးမှာ လက်မထပ်စေချင်ဘူးဆိုတာ ရှင် မသိဘူးလား"

"ရှောင်ယင်၊ ယွင်အာက အရမ်းငယ်သေးတယ်၊ ငါ သူ(မ)ကို ဒီလောက် အစောကြီး အိမ်ထောင်မပြုစေချင်သေးဘူး"

စူးချင်းက လိမ္မာပါးနပ်စွာ ငြင်းပယ်လိုက်ပြီး ရှောင်းလန်ရှင်း၏ မျက်လုံးများက မှေးမှိန်သွားသည်။

သူမက သူမရဲ့အနားမှာ ဆွေမျိုးတစ်ယောက်ကို ထားပြီး စောင့်ရှောက်ပေးနိုင်မယ်လို့ တွေးထားခဲ့တာလေ။ အခုတော့.... ထားလိုက်ပါတော့လေ... ယောင်မပြောတာ မှန်တယ်။ ယောင်းမမှာလည်း စိုးရိမ်ပူပန်မှုတွေ ရှိနေမှာပဲ၊ ယွင်အာက အရမ်းချစ်စရာကောင်းတယ်။ မိခင်တစ်ယောက်အနေနဲ့ သူမရဲ့သမီးလေး အဝေးမှာ လက်ထပ်မှာကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ?

ဒါပေမယ့် သူမရဲ့သားကလည်း ယွင်အာကို လေးလေးနက်နက် ချစ်နေပြီ။ သူတို့ကို အတင်းအကျပ် ခွဲခွာလိုက်ရင် သူမရဲ့သား ဘယ်လို တုံ့ပြန်မယ်ဆိုတာကို သူမလည်း မသိတော့ဘူး။

‌ရှောင်းလန်ရှင်းက သက်ပြင်းချလိုက်ပြီး စူးချင်းကို ထပ်ပြောလိုက်သည်။

“ယောင်းမ၊ ညီမ နားလည်ပါပြီ၊ ညီမ လီအာကို ဖျောင်းဖျလိုက်ပါ့မယ်”

ရှောင်းကျဲယွိက စူးချင်းကို လှမ်းကြည့်နေပြီး သူမ၏အမြင်ကို လေးစားပေးဟန်ဖြင့် ဘာမှ ထပ်မပြောတော့ပေ။

ရိုးရိုးသားသား ပြောရရင် သူလည်း ယွင်အာကို အဝေးကြီးမှာ မလက်ထပ်စေချင်ဘူး။ ဒါပေမယ့် ဆရာဦးလေးက ယွင်အာကို အဝေးမှာ လက်ထပ်ရမယ်လို့ ပြောခဲ့တယ်။ ကောင်းကင်ဘုံက ချမှတ်ထားတဲ့ အိမ်ထောင်ရေးက လူသားတွေရဲ့ဝင်ရောက်စွက်ဖက်မှု ကြောင့် ပြိုကွဲသွားမှာ မဟုတ်ဘူးလို့လဲ ပြောခဲ့သေးတယ်။

အားလုံးက စူးချင်း မလိုလားကြောင်း နားလည်သွားကြပြီး ယဲ့လွီချွမ်းကလည်း ဘာမှ ဝင်မပြောပဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။ ထိုနောက် သူက အပြုံးဖြင့် ဖိတ်ခေါ်လိုက်သည်။

“ယောက်ဖ၊ မရီး၊ မင်းတို့ ဒီကို ရောက်လာဖို့က အရမ်းခက်ခဲလွန်းတယ်။ ခရီးကဝေးတော့ မင်းတို့လည်း ပင်ပန်းနေလောက်ပြီ၊ ငါ မင်းတို့ကို ဧည့်ခံဖို့ အရက်ကောင်းတွေ ပြင်ဆင်ထားတယ်။ ပျော်ပျော်ပါးပါး သောက်ကြရအောင်"

“အဲ့ဒါက အကောင်းဆုံးပဲ”

ရှောင်းကျဲယွိက ခပ်ပြုံးပြုံး လက်ခံလိုက်သည်။ ယဲ့လွီချွမ်းက အဆင်မပြေမှုများကို ရှောင်ရှားရန် အကြောင်းအရာ ပြောင်းဖို့ ကြိုးစားနေမှန်း သူလည်း သိနေခဲ့သည်။ သူတို့အဖွဲ့ ဧည့်ခန်းမဆောင်သို့ ရောက်ရှိသွားချိန်တွင် စားပွဲပေါ်၌ သေရည်ကောင်းများနှင့် အရသာရှိသော အစားအစာများ ခင်းကျင်းထားသည်ကို တွေ့လိုက်ရသည်။

သူတို့အားလုံး ထိုင်ပြီးသွားချိန်တွင် မီးတောက်နီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ယွင်အာက အနီရောင်တိမ်တိုက်လေးတစ်ခု‌ရွေ့လျားနေသလို လျှောက်လှမ်းလာသည်။ သူမ၏ခမည်းတော်နှင့် မယ်တော်တို့ကို တွေ့လိုက်ရသောကြောင့် ယွင်အာက ဝမ်းသာအားရ ပြုံးလိုက်ပြီး ချစ်စဖွယ်အသံလေးဖြင့် နှုတ်ဆက်လိုက်သည်။

"ခမည်းတော်ဧကရာဇ်နဲ့ မယ်တော့်ကို နှုတ်ခွန်းဆက်သပါတယ်၊ ခမည်းတော်တို့ ရောက်လာမယ်လို့ သူတို့က ပြောခဲ့တယ်၊ ဒါပေမယ့် ယွင်အာက သူတို့ ယွင်အာ့ကို စနောက်နေတယ်လို့ ထင်နေခဲ့တာ"

ယွင်အာက လအနည်းငယ်အတွင်း အရပ်ရှည်လာပြီး ပိုသွယ်လျပြေပြစ်ကာ ကျက်သရေရှိသော မိန်းမပျိုလေးတစ်ဦး ဖြစ်လာခဲ့သည်။ သူမ၏မျက်နှာက သူမ မြို့တော်တွင် နေစဥ်ကလောက် ဖြူဖွေးမနေတော့ပေ။ အနည်းငယ နီဆတ်ဆတ်ဖြစ်နေပြီး လတ်ဆတ်သော ပန်းသီးလေးကဲ့သို့ ချစ်စဖွယ် ဖြစ်နေပြန်သည်။ သူမ၏တောက်ပသော အပြုံး၊ ရွှမ်းလဲ့နေသည့် မျက်လုံးများနှင့် သူမ၏ မျက်လုံးများထဲမှ အပြုံးရိပ်များက သူမ မြို့တော်ထက် မြက်ခင်းပြင်တွင် ပို၍ ပျော်ရွှင်နေကြောင်း သိသာနေသည်။

"ထိုင်လေ"

သူမကို စွန်ခွာသွားပြီးနောက် သူမ၏သမီးဖြစ်သူ ပိုမိုယုံကြည်မှုရှိလာကာ ပိုပျော်ရွှင်လာမှန်း စူးချင်း သိလိုက်ရသည်။ ထိုအရာက သူမကို အနည်းငယ် ဝမ်းနည်းသွားစေသည်။

သားသမီးတွေ ကြီးပြင်းလာတဲ့အခါ သူတို့က အသိုက်ကို စွန့်ခွာပြီး ပျံသန်းသွားတော့မယ့် ငှက်ကလေးလေးတွေလိုမျိုး သူတို့ရဲ့ ကိုယ်ပိုင်ကောင်းကင်ကို ရှာဖွေတတ်လာကြပြီ။ သူတို့ရဲ့မိဘတွေကိုလည်း ထားခဲ့ကြဖို့ အဆင်သင့်ဖြစ်နေကြပြီ။

"ခမည်းတော်ဧကရာဇ်နဲ့ မယ်တော့်ကို နှုတ်ခွန်းဆက်သပါတယ်"

ကျစ်စုန့်က တာတာလူမျိုး သိုးကျောင်းသားတစ်ဦးကဲ့သို့ ၀တ်ဆင်ထားပြီး သူ့၏ နောက်ကျောတွင် လက်ရာကောင်းသော သံလေးကိုင်းရှည်ကို လွယ်ပိုးထားသည်။ သူက သားရေဖိနပ်ရှည်ကို ဝတ်ဆင်ထားပြီး သူ့အစ်မနောက်မှ အေးအေးဆေးဆေး လိုက်ပါလာသည်။ သူ့မိဘများကို မြင်လိုက်ရချိန်တွင် သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး တာတာလူမျိုးတို့၏ကျင့်ဝတ်အတိုင်း နှုတ်ဆက်လိုက်သည်။

“ဟား ဟား၊ မဆိုးဘူးပဲ၊ အခု မင်းကို ကြည့်ရတာ ယောကျာ်းတစ်ယောက်နဲ့တောင် တူလာပြီ"

ရှောင်းကျဲယွိက သူ့၏ဒုတိယသားကို နွားတစ်ကောင်လို သန်မာသည်ကို မြင်လိုက်ရသောကြောင့် ပျော်ရွှင်နေလေသည်။ မြက်ခင်းပြင်မှ အမျိုးသားများ အားလုံးတွင် တောင့်တင်းသော ကြွက်သားများရှိပြီး ယောက်ျားပီသမှု အပြည့်ရှိကြသည်။ လက်ရှိ ကျစ်စုန့်က မြို့တော်၌ ရှိစဉ်ကထက်ပင် ပို၍ သူရဲကောင်းဆန်နေသေးသည်။

"ကျေးဇူးတင်ပါတယ် ခမည်းတော်"

ကျစ်စုန့်က သူ့ဖခင်၏ ချီးကျူးမှုကို ရရှိလိုက်သည့်အတွက် အလွန်ဂုဏ်ယူနေသည်။ သူ့မျက်လုံးနက်နက်လေးများက ယုံကြည်မှုအပြည့်ဖြင့် တောက်ပနေသည်။ သူ အသားညိုသွားသော်လည်း သူက ပို၍ ယောက်ျားဆန်လာသည်။

ယဲ့လွီဟုန်ရိက သူ့၏ဝမ်းကွဲများ မိဘများကို ဂါရဝပြုသည်အထိ စောင့်ဆိုင်းနေပြီးမှ တာ့ထန်ပြည်ထောင်၏ ကျင့်ဝတ်အရ သူ့ဦးရီးတော်နှင့် အရီးတော်တို့ကို နှုတ်ဆက်လိုက်သည်။ စူးချင်းက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။

သို့သော် ရိုးရိုးသားသား ပြောရလျှင် ယဲ့လွီဟုန်ရိက အသက်ဆယ့်လေးနှစ်သာ ရှိသေးသော်လည်း ဧကရာဇ်မင်းတစ်ပါး၏ လက္ခဏာများ စတင်ပြသနေပြီ ဖြစ်သည်။ သူက တည်ငြိမ်အေးဆေးပြီး အလွန် ယဥ်ကျေးပြေပြစ်လှသည်။

နဂါးကို တွေ့ဖူးမှတော့ ဘယ်သူက တီ‌ကောင်ကို စိတ်ဝင်စားတော့မှာတုန်း။

ထိုအရာက စူးချင်း အစိုးရိမ်ဆုံး ဖြစ်သည်။ ခေတ်သစ်တွင် မိဘများကြောင့် ကွဲကွာသွားရသည့် စုံတွဲများစွာကို သူမ တွေ့ခဲ့ဖူးသည်။ တစ်ချို့က နာကျင်မှုကို မခံနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပြီး အချို့ကတော့ ရူးသွပ်သွားကြသည်။

သူမက သူမ၏သမီးလေးကို ချစ်ပြီး သူမ၏သမီးလေး ပျော်ပျော်ရွှင်ရွှင် နေစေချင်သည့်အတွက် သူမ၏သမီးလေး သူမကြောင့် ထိုသို့ဖြစ်လာမည်ကို သူမ မမြင်ချင်ပေ။

သူမ၏ရှေ့မှ ဟင်းပွဲများက စူးချင်းအတွက် ဖယောင်းဝါးရသလို ဖြစ်နေလေသည်။

ညဘက် တဲနန်းများဆီသို့ ပြန်ရောက်သွားကြချိန်တွင် ကျစ်စုန့်နှင့် ယွင်အာတို့က မိဘများဘေး၌ ရှိနေကြသည်။ ယွင်အာ လွန်ခဲ့သည့်လအနည်းငယ်အတွင်း မြက်ခင်းပြင်များမှ သူမ၏ပျော်ရွှင်မှုအကြောင်း မိဘများကို ပြောပြရင်း ရွှင်မြူးနေလေသည်။ ကျစ်စုန့်ကလည်း သူ့၏အစ်မကဲ့သို့ပင် တာ့ထန်ကို ချစ်မိသွားပြီး သူတို့နှစ်ယောက်လုံး မြို့တော်သို့ မပြန်ချင်ကြတော့ပေ။

“တာ့ထန်ရဲ့ဆောင်းရာသီက အရမ်းအေးတယ်၊ ရေတွေတောင် ချက်ချင်း ရေခဲဖြစ်သွားတာ၊ ပြီးတော့ နှစ်တစ်ဝက်လောက်က ဆောင်းရာသီ ဖြစ်နေတာ၊ နွေဦးဆိုရင်တောင် လေတွေက ပြင်းလွန်းလို့ လူတွေကိုတောင် လွင့်စင်သွားလောက်တယ်၊ လတ်ဆတ်တဲ့ အသီးအရွက်တွေကို စားရဖို့လည်း မလွယ်ကူဘူး။ အမဲသားနဲ့ သိုးသားတွေကို နေ့တိုင်း စားနေရင် ကိုယ်တွင်းအပူဓာတ်များလာပြီး ဒေါသထွက်လွယ်လာစေလိမ့်မယ်”

စူးချင်းက တာ့ထန်ပြည်ထောင်၏ မကောင်းသည့်အချက်များကို မောင်နှမနှစ်ယောက်အား ခပ်တည်တည် ပြောပြနေသည်။ အံ့သြစရာကောင်းသည်မှာ ကလေးနှစ်ယောက်က ကြောက်ရွံ့ပြီး အိမ်ပြန်ချင်စိတ်ရှိရမည့်အစား ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။

“ဆောင်းရာသီက အရမ်းကောင်းတယ်။ နှင်းတွေနဲ့ ရေခဲတွေ ရှိတယ်တဲ့။ အမဲလိုက်ရင်လည်း အရမ်းပျော်စရာကောင်းတယ်၊ နှင်းတွေ ပေါ်ထိုင်ပြီး လျှောစီးလို့ ရနိုင်တယ်၊ နှင်းတွေ ရောက်လာမှာကို အရမ်း မျှော်လင့်နေပြီ”

“....”

စူးချင်းတစ်ယောက် ပထမဆုံးအကြိမ် ကူကယ်ရာမဲ့သွားသလို ခံစားနေရသည်။

သူမရဲ့သမီးတော်က ချစ်ခြင်းမေတ္တာကြောင့် ဒီမြုံနေတဲ့မြေကို သဘောကျတာဆိုရင် အဆင်ပြေသေးတယ်လေ၊ ဒါပေမယ့် သူမရဲ့သားတော်က ဘာကြောင့် ဒီနေရာကို ဒီလောက် နှစ်သက်နေရတာတုန်း?

နောက်တစ်နေ့တွင် ယဲ့လွီချွမ်းက တိုင်းပြည်နှစ်ခုကြား ချစ်ကြည်ရေးလက်ထပ်ပွဲကိစ္စ ရှောင်းကျဲယွိနှင့် ထပ်မံဆွေးနွေးခဲ့သည်။ အဓိကအားဖြင့် သူက သူတို့ကဲ့ မိသားစု ဆက်ဆံရေးကို နောင်လာနောက်သားများအထိ လက်ဆင့်ကမ်းချင်ခဲ့သည်။ ထိုသို့ဖြစ်လာလျှင် သူတို့တိုင်းပြည်နှစ်ခုကြား အမြဲတစေ မိသားစု ဖြစ်နေကြပြီး သူတို့က သွေးသားအရ ဆက်စပ်နေမည် ဖြစ်သည်။

ထိုကိစ္စက တိုင်းရေးပြည်ရေး ဖြစ်လာချိန်တွင် ရှောင်းကျဲယွိကလည်း အကြံကောင်းတစ်ခုဟု ခံစားလာရသည်။ သူက သူ့ညီမလေးနှင့် ယောက်ဖအတွက် စည်းရုံးရေးသမား အဖြစ် ဆောင်ရွက်ပေးခဲ့သည်။

“ကျွန်မ နည်းနည်း လျော့ပေးမယ်၊ ယွင်အာ အသက်ဆယ့်ရှစ်နှစ်အထိ စောင့်ရမယ်၊ နောက်လေးနှစ်ကြာတဲ့အထိ သူတို့ မခွဲနိုင်မခွာရက်ဖြစ်နေသေးရင် သူတို့ အတူတူ နေဖို့ သဘောတူပေးမယ်”

စူးချင်းက နောက်တစ်ထစ် လျှော့ပေးလိုက်သည်။ ထိုစကားက သူမကိုယ်တိုင် သူမကိုယ်သူမ ပါးပြန်ရိုက်လိုက်ခြင်းပင်။

ဆရာဦးလေးက ယွင်အာကို အဝေးမှာ လက်ထပ်ရမယ်လို့ ပြောခဲ့တုန်းက သူမ လုံးဝ ခွင့်ပြုပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့တာလေ။

ရှောင်းကျဲယွိက စူးချင်း၏အတွေးကို သူ့ညီမလေးနှင့် သူ့ယောက်ဖအား ပြန်ပြောပြလိုက်သည်။ ရှောင်းလန်ရှင်းနှင့် ယဲ့လွီချွမ်းတို့က ဤသည်ကို အကြောင်းပြချက်တစ်ခုမှန်း သိကြပြီး စူးချင်းသဘောမတူမှန်း နားလည်လိုက်ကြသည်။ သို့သော်လည်း သူတို့ သားဖြစ်သူကို ပြန်ပြောပြခဲ့ပြီး ယဲ့လွီဟုန်ရိ၏ အမြင်ကို မေးခဲ့ကြသည်။

"သားတော်က ဝမ်းကွဲအစ်မတော်ကို လေးနှစ်စောင့်ဖို့ ဆန္ဒ ရှိပါတယ်"

ယဲ့လွီဟုန်ရိကလည်း ယွင်အာမှလွဲ၍ အခြားမည်သူ့ကိုမျှ လက်ထပ်မည် မဟုတ်တော့ပေ။ လေးနှစ်မပြောနှင့် ရှစ်နှစ်၊ ဆယ်နှစ်ဆိုလျှင်ပင် သူ စောင့်နေပေလိမ့်မည်။

စူးချင်းနှင့် ရှောင်းကျဲယွိတို့က တာ့ထန်မှ ပြန်ထွက်ခွာလာခဲ့ကြပြီး ယွင်အာကို ပြန်ခေါ်ဆောင်လာခဲ့ကြသည်။ ကျစ်စုန့်ကတော့ လုံးဝ ပြန်မလိုက်လာတော့ပေ။ သူက တာ့ထန်တွင် နေခဲ့ရန်သာ တောင်းဆိုခဲ့သည်။ သူက ထီးနန်းအမွေဆက်ခံရန် လိုအပ်သူ မဟုတ်သည့်အတွက် ရှောင်းကျဲယွိက သူ့သားကို နှစ်သက်သလို လုပ်ခွင့်ပေးလိုက်သည်။

........။........။......

အချိန်များက ကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လေးနှစ်တာကာလ ကုန်ဆုံးသွားပြန်သည်။ ဤလေးနှစ်အတွင်းတွင် စူးချင်းက ရိုးရှင်းသော လယ်ယာသုံးစက် ယန္တရားများကို တီထွင်နိုင်ခဲ့ပြီး လယ်ယာလုပ်ငန်း၏ စွမ်းဆောင်ရည်ကို ဆယ်ဆတိုးတက်လာစေခဲ့သည်။ အကြင်လင်မယားနှစ်ယောက်က မြေသြဇာကောင်းသော မြေမူထောင်ပေါင်းများစွာကို ဦးဆောင်စိုက်ပျိုးခဲ့ကြသည်။ အလယ်ပိုင်းလွင်ပြင်က လူများ ဆာလောင်ငတ်မွတ်ခြင်း မရှိဘဲ ငတ်မွတ်ခေါင်းပါးမှုဒဏ်မှ ကင်းဝေးကာ ကြွယ်ဝချမ်းသာပျော်ရွှင်သည့်ဘဝများကို ပိုင်ဆိုင်နိုင်ခဲ့ကြသည်။

လေးနှစ်ကြာပြီးနောက်တွင် ကျစ်ချီက သူ့၏ဝမ်းကွဲ ကျန်းရှစ်လင်နှင့် ထိမ်းမြားလက်ထပ်ခဲ့သည်။ မင်္ဂလာပွဲကျင်းပသည့်နေ့တွင် တိုင်းပြည်အသီးသီးမှ လူများ တက်ရောက်ဂုဏ်ပြုပေးခဲ့ကြသည်။ တာ့ထန်ပြည်ထောင်၏ ဧကရာဇ်အသစ် ယဲ့လွီဟုန်ရိလည်း ရောက်ရှိလာခဲ့သည်။ ယဲ့လွီချွမ်းက ရှောင်းကျဲယွိထံမှ သင်ယူခဲ့ပြီး အငြိမ်းစားဧကရာဇ်အဖြစ် ရှောင်ထွက်သွားခဲ့သည်။ သူက ရှောင်းလန်ရှင်းကို ခေါ်ဆောင်ကာ တောင်တန်းများနှင့် မြစ်များဆီသို့ အလည်အပတ် ခရီးထွက်နေခဲ့သည်။ ဤလေးနှစ်အတွင်းတွင် ယဲ့လွီဟုန်ရိ အိမ်ထောင်မပြုခဲ့သလို ယွင်အာလည်း အိမ်ထောင်မပြုခဲ့ပေ။ သူတို့နှစ်ယောက်က စာများမှတဆင့် ဆက်သွယ်ကြပြီး သူတို့၏အချစ်က ရွှေထက်ပင် ပို၍ ခိုင်မြဲပုံရသည်။ စူးချင်းက သူတို့နှစ်ယောက်၏ စစ်မှန်သည့်အချစ်ရေးကို အသိအမှတ်ပြုပေးခဲ့ပြီး လက်ထပ်ရန် သဘောတူလိုက်သည်။

တစ်နှစ်အကြာတွင် စူးချင်းနှင့် ရှောင်းကျဲယွိတို့အတွက် မြေးများ ရရှိလာခဲ့ပြီး တာ့ထန်အင်ပါယာက လောကတစ်ဝှမ်း ကျော်ကြားလာကာ ရွှေခေတ်သို့ ရောက်ရှိလာခဲ့သည်။

စူးချင်းက မြို့တိုင်းနီးပါးတွင် ဆေးခန်းများ တည်ဆောက်ပေးခဲ့ပြီး သူမ၏ ဆေးပညာဖြင့် ပြည်သူများကို ကယ်တင်ပေးခဲ့သည်။ ပြည်သူများက သူမကို “သက်ရှိနတ်ဘုရား” အဖြစ် အဖြစ် ကိုးကွယ်ခဲ့ကြသည်။

ရံဖန်ရံခါတွင် လူများက စူးချင်းအား စစ်မြေပြင်တွင် ရဲရဲတောက် တိုက်ပွဲဝင်ခဲ့သည့်အပြင် တိုင်းပြည်ကို ငြိမ်းချမ်းသာယာအောင် စွမ်းဆောင်နိုင်ခဲ့သည့် "ထာဝရ မမေ့နိုင်သော သူတော်စင်ဧကရီ" အဖြစ် တင်စားကြပြီး သူမ၏ ဘုန်းကျက်သရေအကြောင်း အကျယ်တဝင့် ပြောဆိုလေ့ရှိကြသည်။

……. ပြီးပါပြီ...........

All Chapters