အရည်အချင်းမရှိမှု၏ အဖိုးအခ
Vol. 22 Ch. 319
ချွမ်မျိုးနွယ်စုခေါင်းဆောင်သည် အလွန်အမင်း အလျင်စလို ရောက်ရှိလာသော်လည်း ဧည့်ခန်းမကြီးအတွင်းသို့ လှမ်းဝင်လာချိန်တွင်မူ သူ၏မျက်နှာ၌ ပျာယာခတ်နေသည့် အရိပ်အယောင်မျှပင် မတွေ့ရပေ။
သူ၏အမည်မှာ ချွမ်လင်းရှုဖြစ်ပြီး အသက် ၆၀ခန့် ရှိကာ သူ၏ အနက်ရောင်နှင့် ငွေရောင်ရောနေသော ဆံပင်များကို သေသပ်စွာ စည်းနှောင်ထားသည်။ သူ၏ ဝတ်ရုံပေါ်တွင် မျိုးနွယ်စု၏ တံဆိပ်ဖြစ်သော တိမ်တိုက်နှစ်ခုနှင့် ထွက်ပေါ်လာသော နေမင်းပုံ ရွှေရောင်အနားသတ်များကို ထိုးထွင်းထားသည်။
သူ၏မျက်လုံးများသည် စူးရှပြီး တည်ငြိမ်နေသည်မှာ မှူးမတ်များနှင့် ကျင့်ကြံသူများကို နှစ်ပေါင်းများစွာ စီမံခန့်ခွဲလာခဲ့သည့် လူတစ်ယောက်၏ အကြည့်မျိုး ဖြစ်သော်လည်း နားထင်တစ်ဝိုက်တွင် စို့နေသည့် ချွေးစက်ကလေးများက သူ၏ တည်ငြိမ်မှုအောက်မှ တင်းမာမှုကို သက်သေပြနေသည်။
"မင်းသမီး စွန်းယောင်ချင်းကို ဂါရဝပြုပါတယ်”
သူသည် နဖူးနှင့် ကြမ်းပြင် ထိလုနီးပါးအထိ ကိုယ်ကိုကိုင်းညွှတ်ကာ အလေးအနက် အရိုအသေပေးလိုက်သည်။ "မထိုက်တန်တဲ့ အစေခံ ချွမ်လင်းရှုက ကောင်းကင်ဘုံရဲ့ သမီးတော်ကို နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်မျိုးတို့ရဲ့ နိမ့်ပါးတဲ့ မြို့လေးကို မင်းသမီး ကြွရောက်လာတာဟာ ချွမ်မျိုးနွယ်အတွက် အလွန်ကြီးမားတဲ့ ဂုဏ်ယူစရာပါပဲ”
မင်းသမီး စွန်းယောင်ချင်းသည် အနည်းငယ် ခေါင်းငြိမ့်ပြလိုက်သော်လည်း သူမ၏ မျက်နှာထားမှာ တည်ငြိမ်ကာ အလှမ်းဝေးနေဆဲ ဖြစ်သည်။ သူမသည် ပျော်ရွှင်စရာ စကားဝိုင်းတစ်ခုအတွက် ဤနေရာသို့ ရောက်လာခြင်း မဟုတ်သည်ကို မည်သူမဆို သိနိုင်ပေသည်။ "အပိုအလုပ်တွေ အများကြီးလုပ်နေဖို့ မလိုပါဘူး၊ မျိုးနွယ်စုခေါင်းဆောင် ချွမ်" သူမက ယဉ်ကျေးသော်လည်း နွေးထွေးမှုမရှိသော လေသံဖြင့် ဆိုသည်။ "ကျွန်မ ဒီကိုလာတာက ရုံးလုပ်ငန်းကိစ္စအတွက်ပဲ"
ထိုစကားကြောင့် လူတိုင်း ပို၍ သတိထားမိကာ စိုးရိမ်စိတ်များ မြင့်တက်လာကြသည်။ သူတို့သည် မင်းသမီး၏ မကျေနပ်မှုကို ခံရမည့် အမှားတစ်ခုခုကို အမှန်တကယ် လုပ်မိခဲ့ပုံရသည်။
သူမသည် ခန်းမအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ လှမ်းဝင်လာခဲ့ပြီး ခြံရံပါလာသူ နှစ်ဦးကလည်း နောက်မှ အနီးကပ် လိုက်ပါလာသည်။
သူတို့၏ နောက်ကွယ်တွင်မူ ပိုင်ကျီဟန်သည် အေးအေးလူလူနှင့် အလျင်စလိုမရှိဘဲ လမ်းလျှောက်လာသည်။
သူက ဘာမှမပြောသော်လည်း သူ၏ ရှိနေမှုသက်သက်ကပင် ခန်းမဘေးတစ်ဖက်တစ်ချက်စီတွင် စီတန်းရပ်နေသော အကြီးအကဲများ၏ အကြည့်များကို ဆွဲဆောင်နေသည်။
သူသည် မင်းသမီးနှင့်အတူ ပါလာခြင်းကြောင့် ဂုဏ်သိက္ခာကြီးမားသော မျိုးနွယ်စုတစ်ခုမှ ကျော်ကြားသော သခင်လေးတစ်ဦး ဖြစ်ရမည်မှာ သေချာသည်။ သို့သော်လည်း မည်သည့် အဓိကပွဲလမ်းသဘင်များတွင်မှ သူ့ကို မမြင်ဖူးကြပေ။
တစ်ချိန်တည်းမှာပင် အိမ်တော်၏ အခြားတစ်ဖက်ရှိ ခမ်းနားထည်ဝါသော ဘေးခန်းမတစ်ခုတွင် ပိုင်မျိုးနွယ်စုဝင်များကို ဧည့်ခံကျွေးမွေးနေကြသည်။
ထူးကဲသော ဝိညာဉ်လက်ဖက်ရည် ၊ ရှားပါးသစ်သီးများနှင့် မျိုးနွယ်စု၏ အတော်ဆုံး အစေခံများက မည်သည့်မကျေနပ်မှုမျှ မရှိစေရန် အသင့်ပြင်ဆင်ထားသည်။
ချွမ်မျိုးနွယ်အနေဖြင့် ဤသူများမှာ အမှန်တကယ် မည်သူမည်ဝါဖြစ်သည်ကို မသိသော်လည်း မင်းသမီးနှင့် ဆက်နွှယ်နေခြင်းကြောင့်ပင် အကောင်းမွန်ဆုံးသော ဧည့်ဝတ်ကျေပွန်မှုကို ပြသရန် လိုအပ်နေပေသည်။
အမှန်စင်စစ် ပိုင်မျိုးနွယ်စုဝင်များသည် ထိုကဲ့သို့သော ဧည့်ခံမှုမျိုးကြောင့် အံ့သြတုန်လှုပ်မနေကြဘဲ ၎င်းမှာ ပုံမှန်သာဖြစ်သည်ဟု မှတ်ယူကြသည်။ သူတို့၏ အရှိန်အဝါနှင့်ဆိုလျှင် မည်သည့်နေရာသို့သွားသည်ဖြစ်စေ ဤကဲ့သို့သော သို့မဟုတ် ဤထက်သာလွန်သော ဆက်ဆံမှုကိုသာ ရရှိရန် မျှော်လင့်ထားကြသောကြောင့် ဖြစ်သည်။
ပင်မခန်းမကြီးအတွင်း၌မူ ချွမ်လင်းရှုသည် ကိုယ်ကိုအနည်းငယ် မတ်လိုက်ပြီး နွေးထွေးသော်လည်း သတိကြီးစွာထားသော အပြုံးဖြင့် ဆိုလိုက်သည်။
"မင်းသမီးရဲ့ အခုလို ကြွရောက်လာမှုက ကျွန်တော်မျိုးတို့ရဲ့ နိမ့်ပါးတဲ့ မျိုးနွယ်စုအတွက် ဂုဏ်ယူမဆုံးဖြစ်ရပါတယ်။ ကျွန်တော်မျိုး ရဲရဲဝံ့ဝံ့ မေးမြန်းပါရစေ... မင်းသမီး အခုလို ကြွရောက်လာတဲ့ ဂုတ်ပြုထိုက်တဲ့ အကြောင်းရင်းလေးကို သိခွင့်ရှိမလားခင်ဗျာ?"
မင်းသမီး စွန်းယောင်ချင်းသည် သူ့ကို ခဏမျှ စိုက်ကြည့်နေကာ သူမ၏ မျက်လုံးများသည် သွေးထားသော ကျောက်စိမ်းကဲ့သို့ပင် တည်ငြိမ်သော်လည်း ဟန်ဆောင်မှုများကို ထိုးဖောက်မြင် နိုင်လောက်အောင် စူးရှလှသည်။
"ဂုဏ်ပြုထိုက်တဲ့ အကြောင်းရင်းလား?" သူမသည် မိမိဘာသာ ရေရွတ်သကဲ့သို့ တိုးတိုးလေး ဆိုလိုက်သည်။ "အဲဒါကတော့ မျိုးနွယ်စုခေါင်းဆောင် ချွမ်ရဲ့ အဖြေပေါ်မှာပဲ မူတည်
လိမ့်မယ်"
အခန်းတွင်း၌ အေးစိမ့်သော အငွေ့အသက်များ ရုတ်တရက် ပြန့်နှံ့သွားသည်။ ချွမ်လင်းရှု၏ မျက်နှာပေါ်မှ အပြုံးသည် အနည်းငယ် တောင့်တင်းသွားသော်လည်း သူက အလျင်အမြန်ပင် ထပ်မံ ဦးညွှတ်လိုက်
ပြန်သည်။
"မ... မင်းသမီး၊ အကယ်၍ ကျွန်တော်မျိုး တစ်စုံတစ်ရာ ပေါ့လျော့မိတာရှိရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ ကျွန်တော်မျိုး နားလည်အောင် ရှင်းပြပေးပါဦး"
မင်းသမီး စွန်းယောင်ချင်း၏ အကြည့်သည် သူ၏နောက်ကွယ်ရှိ နံရံတွင် ချိတ်ဆွဲထားသော ချွမ်နယ်မြေ၏ အနုစိတ်ပုံဖော်ထားသည့် မြေပုံဆီသို့ ရောက်ရှိသွားသည်။ ထိုမြေပုံမှာ သူတို့၏ အာဏာစက်ကို ဖော်ပြနေသည့် ပြယုဂ်ပင် ဖြစ်သည်။
"ကျွန်မ သိထားရသလောက်တော့" သူမက ဖြည်းညှင်းစွာ ဆိုလိုက်သည်။ "မင်းတို့ရဲ့ စီရင်ပိုင်ခွင့်အောက်မှာရှိတဲ့ ရွာတစ်ရွာရဲ့ မြေအောက်မှာ တော်တော်လေး အတိုင်းအတာကြီးတဲ့ အဖွဲ့အစည်းတစ်ခုဟာ လွတ်လွတ်လပ်လပ် လှုပ်ရှားနေခဲ့တယ်"
ချွမ်လင်းရှု၏ မျက်နှာအမူအရာမှာ မှင်တက်သွားတော့သည်။
မင်းသမီး၏ လေသံသည် တည်ငြိမ်သော်လည်း စကားလုံးတိုင်းမှာ တူနှင့်ထုလိုက်သကဲ့သို့ လေးနက်လှသည်။
"ပြောစမ်းပါဦး မျိုးနွယ်စုခေါင်းဆောင် ချွမ်... ဒီလောက် ကြီးမားပြီး လျှို့ဝှက်တဲ့ အဆောက်အအုံကြီးတစ်ခုက မင်းရဲ့ စောင့်ကြည့်မှုအောက်မှာ နှစ်ပေါင်းများစွာ ဘယ်လိုလုပ်ပြီး အောင်အောင်မြင်မြင် တည်ရှိနေနိုင်တာလဲ? တော်ဝင် နန်းတော်ဆီကိုလည်း အစီရင်ခံစာ တစ်စောင်မှ ဘာလို့ ရောက်မလာခဲ့တာလဲ?"
ခန်းမကြီးတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားတော့သည်။
အကြီးအကဲများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
တိုင်လုံးများအနီးတွင် ရပ်နေသော အစေခံများပင် အသက်ရှူရန် မေ့လျော့နေကြသည်။
ချွမ်လင်းရှု၏ စိတ်ထဲတွင် အတွေးများ ဗလောင်ဆူနေသော်လည်း သူ၏ မျက်နှာအမူအရာကို တည်ငြိမ်အောင် ထိန်းထားဆဲ ဖြစ်သည်။ သူသည် အားယူ၍ ပြုံးလိုက်ကာ ခေါင်းကို ထပ်မံ ငုံ့လိုက်သည်။
"မင်းသမီး... ကျွန်တော်မျိုးရဲ့ ဘိုးဘေးဘီဘင်တွေရဲ့ နာမည်နဲ့ ကျိန်ဆိုရဲပါတယ်။ ဒီလိုကိစ္စမျိုးကို ကျွန်တော်မျိုး ပထမဆုံးအကြိမ် ကြားဖူးခြင်းပါပဲ။ အကယ်၍ ဒါသာ အမှန်တကယ် ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်မျိုးရဲ့ လက်အောက်ငယ်သားတွေရဲ့ အလွန်အမင်း ပေါ့လျော့မှုကြောင့်ပဲ ဖြစ်ရပါမယ်။ ကျွန်တော်မျိုး—"
"ပေါ့လျော့မှု ဟုတ်လား?"
မင်းသမီး စွန်းယောင်ချင်း၏ ကြားဖြတ်စကားသည် တိုးညင်းသော်လည်း ဓားကဲ့သို့ ထက်မြက်လှသည်။ သူမ၏ မျက်လုံးများသည် အထက်ရှိ မီးဆိုင်းများမှ အလင်းပြန်ကာ ဖျတ်ခနဲ လင်းလက်သွားသည်။
သူမ၏ လေသံသည် မာကျောလာပြီး စကားလုံးတိုင်းမှာ အိမ်အပြင်ထုတ်လိုက်သော ဓားသွားကဲ့သို့ အေးစက်နေသည်။
"မျိုးနွယ်စုခေါင်းဆောင် ချွမ်" သူမ၏ မျက်လုံးများသည် သူ့ကို စူးစိုက်ကြည့်ရင်း ဆိုလိုက်သည်။ "ဒါက မင်းရဲ့ စီရင်ပိုင်ခွင့်နယ်မြေပဲ။ ဒီမြေတွေက မင်းရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိတယ်။ ရွာတစ်ရွာရဲ့ အောက်မှာ လူသတ်သမား အများကြီးကို ဝှက်ထားနိုင်လောက်တဲ့ အဖွဲ့အစည်းကြီးတစ်ခုကို မသိလိုက်ဘူးဆိုရင် မင်းတို့လို မျိုးနွယ်စုတစ်ခုအနေနဲ့ ဘယ်တော့မှ မမှားသင့်တဲ့ တာဝန်
တစ်ခုကို ပျက်ကွက်ခဲ့တာပဲ။"
သူမသည် သူတို့ကြားရှိ အကွာအဝေးအား အသက်ရှူရကျပ်သည်အထိ ခံစားရအောင် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။
"ပြောစမ်း... မင်းက ပြည်သူတွေကို မကာကွယ်နိုင်ဘဲ ဒီလို ခြိမ်းခြောက်မှုတွေကိုလည်း အစီရင်ခံစာ မတင်နိုင်ဘူးဆိုရင် မင်းရဲ့ ဘွဲ့ထူးဂုဏ်ထူးတွေက ဘာအတွက် အသုံးကျမှာလဲ? ရာထူးကနေ ဆင်းပေးလိုက်ပါ၊ မျိုးနွယ်စုခေါင်းဆောင် ချွမ်။ မင်းနေရာမှာ အရည်အချင်းရှိတဲ့သူ တစ်ယောက်ကို အစားထိုးပါစေ။ အင်ပါယာက ဒီလို အရည်အချင်းမရှိမှုမျိုးကို သည်းမခံနိုင်ဘူး။"
လေပြင်းတစ်ချက် တိုက်သွားသကဲ့သို့ ခန်းမအတွင်း၌ တိုးတိုးဖော်ဖော် ပြောသံများ ထွက်ပေါ်လာသည်။ ချွမ်လင်းရှု၏ မျက်နှာတွင် သွေးမရှိတော့သကဲ့သို့ ဖြူလျော့သွားပြီး သူ၏နောက်မှ အကြီးအကဲများမှာလည်း ဂနာမငြိမ် ဖြစ်လာကြသည်။
ဆယ်စုနှစ်များစွာအတွင်း ချွမ်လင်းရှု၏ အုပ်ချုပ်မှုမှာ တည်ငြိမ်ခဲ့သော်လည်း တော်ဝင်အမိန့်ဖြင့် ယခုကဲ့သို့ လူပုံအလယ်တွင် အာဏာစွန့်ခိုင်းခံရလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
"မင်းသမီး..." သူက အားယူ၍ ထိန်းပြောလိုက်သည်။ သူသည် ဒူးနှစ်ဖက်ကို ထပ်မံထောက်ကာ လက်ဝါးနှစ်ဖက်ကို ကြမ်းပြင်ပေါ် အသာချလိုက်သည်။
"ဒါဟာ တကယ့်ကို ကြီးလေးတဲ့ ကိစ္စဖြစ်ပြီး ကျွန်တော်မျိုးရဲ့ ပျက်ကွက်မှုကိုလည်း မငြင်းပါဘူး" ချွမ်လင်းရှု၏ လေသံမှာ လေးလံသော်လည်း ဂရုတစိုက် ချိန်ဆထားပုံရသည်။
"ဒါပေမဲ့ ကျွန်တော်မျိုးကို ရှင်းပြခွင့်ပြုပါဦး။ ပြီးခဲ့တဲ့ နှစ်တွေမှာ တောင်ပိုင်းနယ်စပ်ဒေသတွေက မငြိမ်မသက် ဖြစ်နေခဲ့ပါတယ်။ တောင်ပေါ်မျိုးနွယ်စုတွေရဲ့ တိုက်ခိုက်မှုတွေ၊ နယ်စပ်ရွာတွေကြားထဲက ဆူပူမှုတွေ၊ ဝိညာဉ်သားရဲတွေရဲ့ ကျူးကျော်မှုတွေကိုတောင် ရင်ဆိုင်ခဲ့ရပါတယ်။ ဒီဒေသ တည်ငြိမ်ဖို့အတွက် ကျွန်တော်မျိုးကိုယ်တိုင် မရေမတွက်နိုင်တဲ့ အကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းခဲ့ရပါတယ်။ အဲဒါကြောင့်..."
သူသည် ဝေခွဲမရဖြစ်သွားပြီးနောက် ခေါင်းကို ပို၍ နှိမ့်ချကာ ဦးညွှတ်လိုက်သည်။
"...ဒီအဖွဲ့အစည်းက အဲဒီလို အာရုံပြန့်လွင့်စရာတွေကို အခွင့်ကောင်းယူပြီး သူတို့ရဲ့ အခြေစိုက်စခန်းကို လျှို့ဝှက်တည်ဆောက်နေချိန်မှာ ကျွန်တော်မျိုးရဲ့ အာရုံကို တမင်တကာ တခြားဆီရောက်အောင် ဆွဲထုတ်သွားခဲ့တာပါ။ အဲဒါကြောင့်သာဆိုရင် ကျွန်တော်မျိုးဟာ လှည့်ဖြားခံခဲ့ရတာ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ မင်းသမီး... ကျွန်တော်မျိုးဟာ တာဝန်ပျက်ကွက်နေခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်မျိုးရဲ့ ကြိုးစားအားထုတ်မှုအားလုံးက ပြည်သူတွေကို ဘေးကင်းအောင် ကာကွယ်စောင့်ရှောက်ဖို့အတွက်ပဲ အသုံးပြုခဲ့တာပါ"
မင်းသမီး စွန်းယောင်ချင်း၏ အကြည့်များက ပျော့ပြောင်းသွားခြင်း မရှိပေ။
"တာဝန်ယူမှုဆိုတာ ရာထူးတစ်ခုသက်သက် မဟုတ်ဘူး မျိုးနွယ်စုခေါင်းဆောင်။ အဲဒါဟာ မင်းဆီကို ယုံကြည်အပ်နှံထားတဲ့ အသက်ပေါင်းများစွာပဲ။ အဲဒီအသက်တွေကို မကာကွယ်နိုင်ရင် ခေါင်းဆောင်တစ်ယောက် မဖြစ်ထိုက်ဘူး"
သူမ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
"ဒါတင်မကသေးဘူး၊ အဲဒီအဖွဲ့အစည်းက တော်တော်လေး အစွမ်းထက်တယ် ကြယ်ကြွေအင်ပါယာရဲ့ ထိပ်တန်းမျိုးနွယ်စုတွေကိုတောင် ယှဉ်နိုင်လောက်တဲ့ အဖွဲ့အစည်းမျိုးပဲ"
ချွမ်လင်းရှုသည် တံတွေးတစ်ချက် မျိုချလိုက်မိသည်။ သူ၏လက်များ တုန်ရင်နေဆဲဖြစ်သော်လည်း ကိုယ်ကို အနည်းငယ် မတ်လိုက်သည်။
"ကျွန်တော်မျိုး အမှန်တရားကို ရှာဖွေပါ့မယ်။ ကျွန်တော်မျိုးရဲ့ မျိုးနွယ်စုနဲ့ ဘိုးဘေးဘီဘင်တွေကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်— အဲဒီအဖွဲ့အစည်းကို ကူညီခဲ့သူမှန်သမျှကို အမြစ်ပြတ်အောင် လုပ်ပါ့မယ်။ အကျင့်ပျက်ခြစားတဲ့ အရာရှိတွေကို ရာထူးက ထုတ်ပစ်မယ်၊ ကျွန်တော်မျိုးတို့ရဲ့ မှတ်တမ်းတွေကိုလည်း နန်းတော်က စစ်ဆေးနိုင်အောင် ဖွင့်ပြပါ့မယ်၊ ကျွန်တော်မျိုး..."
သူ ဝေခွဲမရဖြစ်သွားပြီးမှ နောက်ထပ်စကားလုံးများကို အားတင်း၍ ဆိုလိုက်သည်။
"ကျွန်တော်မျိုးရဲ့ သစ္စာရှိမှုကို သက်သေပြဖို့အတွက် အချိန်တစ်ခုလောက် ပေးသနားတော်မူပါ"
ထိုသို့ အချေအတင် ပြောဆိုနေကြစဉ်အတွင်း ပိုင်ကျီဟန် မှာမူ လုံးဝတိတ်ဆိတ်နေပြီး ဂရုမစိုက်သကဲ့သို့ ရှိနေသော်လည်း သူ၏ အာရုံခံစားမှုများမှာ အလုပ်လုပ်နေသည်။
သူသည် မျိုးနွယ်စုခေါင်းဆောင်နှင့် အကြီးအကဲများ၏ အမူအရာများကို စောင့်ကြည့်နေခဲ့သည်။
သူ၏ ရင်ဘတ်ထဲတွင် အတွေးတစ်ခုက အထုံးတစ်ခုကဲ့သို့ တင်းကျပ်စွာ ဖြစ်ပေါ်လာသည် ။ ယင်းမှာ ချွမ်မျိုးနွယ်စုသည် ဤကိစ္စကို လုံးလုံးလျားလျား မသိဘဲနေခဲ့သည် မဟုတ်ပေ။
အနည်းဆုံးတော့ သူတို့ထဲမှ အချို့သည် သူတို့ ဝန်ခံထားသည်ထက် ပို၍ သိထားကြသည်။
ဤအရာသည် သူတို့ အကြောင်းပြနေသကဲ့သို့ သာမန် ပေါ့လျော့မှုမျိုး မဟုတ်ချေ။
သို့သော်လည်း ပိုင်ကျီဟန်သည် ဤကိစ္စတွင် ကြားဝင်စွက်ဖက်ရန် သို့မဟုတ် ပါဝင်ပတ်သက်ရန် ရည်ရွယ်ချက်မရှိပေ။
ယခု သူ လိုအပ်သည်မှာ တစ်ခုတည်းသာရှိသည်— ထိုဌာနခွဲနှင့် ဌာနချုပ်ကို ဆက်သွယ်ပေးထားသူ၊ အဖွဲ့အစည်း၏ တည်နေရာကို အသေအချာ သိရှိထားမည့်သူဖြစ်သော အကြီးအကဲ ရှုဟိုင်ပင် ဖြစ်သည်။