ချုန်ရှန်း နှင့် ချွမ်ကျီယန်တို့၏ တိုက်ပွဲ
Vol. 22 Ch. 323
"ဟားဟား... သခင်လေးက ငါ့ကို ခြေစွမ်းပြဖို့ အခွင့်အရေး ပေးနေတာပဲ။ ဒီလိုမှတော့ ငြင်းလိုက်ရင် ရိုင်းရာကျသွားမှာပေါ့”
ချုန်ရှန်း၏ မျက်ဝန်းများသည် မှိန်ဖျော့စွာ ဝင်းလက်သွားပြီး ပါးစပ်နားတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
သူသည် ချွမ်ကျီယန်ကို တိုက်ခိုက်ရန် ဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
အခြေအနေအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသော ချွမ်ကျီယန်သည် လှုပ်ရှားရှောင်တိမ်းရန် ကြိုးစားသော်လည်း သူ၏ ခန္ဓာကိုယ်က နားမထောင်ပေ။
"လှုပ်စမ်း”
သူက ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း ဘာမှ ထူးမလာခဲ့ပေ
ရွှမ်
ချုန်ရှန်း၏ ဓားချက်သည် လွဲချော်ခြင်း မရှိပေ။
သို့သော် ယင်းက သူ၏ လက်စားချေမှု အစပျိုးခြင်းသာ ရှိသေးသည်။
ချွမ်ကျီယန် ဒဏ်ရာရသွားသော်လည်း သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
အကယ်၍ ချုန်ရှန်းသာ အမှန်တကယ် အဆုံးသတ်ချင်ပါက ထိုနေရာတင် ပွဲပြတ်သွားနိုင်သော်လည်း အဘယ်ကြောင့် ထိုသို့ လုပ်ပါမည်နည်း။
သူသည် ချွမ်ကျီယန်အား လူအများရှေ့တွင်သာမက ချွမ်ကျီယန်မျက်နှာလုပ်ချင်နေသည့် မင်းသမီးရှေ့တွင်ပါ အရှက်တကွဲ ဖြစ်အောင် လုပ်ရန် ရည်ရွယ်ထားသည်။
"မင်းလို အားနည်းတဲ့ကောင်က..ခုနက ကံကောင်းသွားရုံနဲ့ ပျော်မနေနဲ့ဦး”
ချွမ်ကျီယန်သည် ချုန်ရှန်းကို သာမန်လူတစ်ယောက်ဟုသာ ထင်မှတ်နေဆဲဖြစ်ပြီး ကံတရားကြောင့်သာဟု ယူဆနေသည်။
သူသာ အားကုန်သုံးမိပြီး အမှားမလုပ်ခဲ့ပါက ချုန်ရှန်းသည် သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်မည့် အခွင့်အရေး လုံးဝရှိမည်မဟုတ်ဟု သူတွေးနေမိသည်။
(ဟွန်း..သူကတော့ ရွှေရောင်အခွင့်အရေးကြီးကို ဖြုန်းတီးလိုက်တာပဲ)
ထိုဓားချက်သည် ချုန်ရှန်းအတွက် သူ့ကို အနိုင်ယူနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးဟု ထင်နေသော်လည်း ထိုလူမိုက်က အခွင့်အရေးကို လက်လွတ်ခံလိုက်သည်ဟု မှတ်ချက်ပြုနေသည်။
ဒဏ်ရာရထားသော်လည်း ချုန်ရှန်းသည် သူနှင့် ယှဉ်နိုင်မည်မဟုတ်ဟု ယုံကြည်နေဆဲပင်။
"ကစားနေတာတွေ တော်ပြီ"
ပြောပြောဆိုဆိုဖြင့် ချွမ်ကျီယန်သည် သူ၏ အရှိန်ကို မြှင့်တင်ရန် ခန္ဓာကိုယ်ထဲသို့ ချီအမြောက်အမြားကို သွန်းလောင်းလိုက်သည်။
ဝူး!
သူသည် ချုန်ရှန်းနှင့် အကွာအဝေးကို ချက်ချင်းပင် နီးကပ်လိုက်ပြီး ချုန်ရှန်း သူ့လက်ထဲက မလွတ်နိုင်တော့ဟု ယုံကြည်ချက် အပြည့်ရှိနေသည်။
"မိပြီ”
သို့သော်လည်း ချုန်ရှန်းသည် သူ၏ ယုံကြည်မှုအပြည့်နှင့် တိုက်ကွက်ကို အလွယ်တကူပင် ရှောင်တိမ်းသွားသည်။ နှစ်ပေါင်းထောင်ချီသော အတွေ့အကြုံများ ရှိသည့် ချုန်ရှန်းကို ချွမ်ကျီယန် မည်သို့ အလစ်အငိုက် ဖမ်းနိုင်ပါမည်နည်း။
ထိုမျှတင်မကသေး ချွမ်ကျီယန် ဘာဖြစ်သွားမှန်း သတိမထားမိခင်မှာပင် သူ၏ ဝမ်းဗိုက်ဆီသို့ လက်သီးတစ်ချက် အရှိန်ပြင်းစွာ ရောက်ရှိလာသည်။
ဘုန်း!
သခင်လေး ချွမ်ကျီယန်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် လိပ်တက်သွားပြီး အဆုတ်ထဲမှ လေများ အကုန်ထွက်သွားကာ ဝမ်းဗိုက်အတွင်း ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
"အား”
သူ အသက်ရှူရန် ကြိုးစားသော်လည်း နောက်ထပ် လက်သီးတစ်ချက်က သူ့မေးရိုးဆီသို့ ရောက်ရှိလာပြန်သည်။
ဂျွတ်
သူ့ဦးခေါင်းသည် ဘေးသို့ စောင်းထွက်သွားပြီး နှုတ်ခမ်းများကြားမှ သွေးများ ပန်းထွက်ကာ ခန္ဓာကိုယ်မှာ နောက်သို့ ယိမ်းယိုင်သွားသည်။
သို့သော်လည်း ချုန်ရှန်းက ရပ်တန့်မသွားခဲ့ပေ
သူ၏ တိုက်ခိုက်မှုများသည် ရမ်းသန်းရိုက်နှက်ခြင်းမျိုး မဟုတ်ဘဲ တိကျသေချာပြီး ထိရောက်လှသည်။ တိုက်ပွဲကို ချက်ချင်း အဆုံးမသတ်စေဘဲ အမြင့်ဆုံးသော နာကျင်မှုကို ပေးစွမ်းနိုင်မည့် နေရာများကိုသာ ရွေးချယ်၍ တိတိကျကျ ထိုးနှက်နေခြင်း ဖြစ်သည်။
သူသည် ချွမ်ကျီယန်ကို အရုပ်တစ်ခုလို ကစားနေခြင်းသာ ဖြစ်သည်။
ပွဲကြည့်စင်ပေါ်ရှိ လူအုပ်ကြီးထံမှ အံ့သြတုန်လှုပ်သံများ ပျံ့လွင့်လာသည်။
"ဘာ... သူက တကယ်ပဲ ချွမ်ကျီယန်ကို အနိုင်ပိုင်းနေတာလား”
"မဖြစ်နိုင်တာ..အစေခံတစ်ယောက်က တိုက်ရိုက်မျိုးဆက် သခင်လေးတစ်ယောက်ကို ဘယ်လိုလုပ် အသာစီးရနေတာလဲ?"
"တကယ်ပဲ ဘာတွေဖြစ်နေတာလဲ”
ထိုစကားသံတိုင်းသည် ချွမ်ကျီယန်အတွက် အရှက်ရမှုကို ပိုမိုနက်ရှိုင်းစေသည်။
သူနေ့တိုင်း နှိပ်စက်ညှင်းပန်းခဲ့သော အစေခံတစ်ယောက်သည် သူ့ကို ပြန်လည်ရိုက်နှက်ရဲသည့် သတ္တိနှင့် ခွန်အား ရှိနေသည်ကို သူကိုယ်တိုင်ပင် မယုံကြည်နိုင်ဖြစ်နေသည်။
(ဘာတွေ ဖြစ်နေတာလဲ?)
လွန်ခဲ့သော ရက်အနည်းငယ်ကတင် သူသည် ချုန်ရှန်းကို သေလုမတတ် ရိုက်နှက်ခဲ့သေးသည်။ ယခုမူ သူကိုယ်တိုင် ပြန်လည်အရိုက်ခံနေရပြီဖြစ်သည်။
ချုန်ရှန်း၏ လက်သီးချက်များသည် ချွမ်ကျီယန်၏ နံရိုးများ၊ ပုခုံးနှင့် ဝမ်းဗိုက်ဆီသို့ တစ်ချက်ပြီးတစ်ချက် ကျရောက်လာသည်။ တိုက်ကွင်းတစ်ခုလုံးတွင် ထိမှန်သံများ ဟိန်းထွက်နေသည်။
ဘုန်း!
နောက်ဆုံး လက်သီးချက်သည် သူ့ကို ကြမ်းပြင်ပေါ်သို့ လွင့်စင်သွားစေပြီး သွေးများ အန်ထွက်လာစေကာ သူ၏ သစ်သားဓားမှာလည်း အဝေးသို့ လွင့်စင်သွားတော့သည်။
ချုန်ရှန်းသည် သူ့ကို ငုံ့ကြည့်ရင်း အင်္ကျီလက်ဖြင့် လက်ဆစ်များကို ဖြည်းညှင်းစွာ သုတ်လိုက်သည်။
"အာ... သခင်လေးချွမ်" ချုန်ရှန်းသည် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သော်လည်း သူ၏ စကားလုံးများတွင် လှောင်ပြောင်မှုများ အပြည့်ပါနေသည်။
"ဒီနေ့တော့ ကျွန်တော့်ကို တကယ်ပဲ မျက်နှာသာ ပေးလွန်းနေပါပြီ"
သူသည် လဲကျနေသော လူငယ်၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး အပြုံးက ပိုမိုကျယ်ပြန့်လာသည်။
"ဒါမျိုးသာ မဟုတ်ရင် ကျွန်တော့်ရဲ့ ဒီလိုအညတရ စွမ်းရည်လေးနဲ့ သခင်လေးကို သုံးကွက်ထက်ပိုပြီး ဘယ်ယှဉ်နိုင်ပါ့မလဲ"
အရင်ကဆိုလျှင် ချုန်ရှန်းသည် ရိုးရိုးသားသား ပြောနေသည်ဟု ထင်ရသော်လည်း ယခုအချိန်တွင်မူ သူသည် ချွမ်ကျီယန်ကို ပြောင်ပြောင်တင်းတင်း လှောင်ပြောင်နေသည်ကို လူတိုင်း သိမြင်နေကြပြီဖြစ်သည်။
အချို့က ဤအခြေအနေကို သဘောကျနေကြသော်လည်း အချို့ကမူ—ချုန်ရှန်းကို မည်သူက ဤမျှ သတ္တိပေးထားသနည်းဟု တွေးတောနေကြသည်။
သူသည် ချွမ်မျိုးနွယ်စု၏ တပည့်အဖြစ် အသိအမှတ်ပြုခံရလျှင်ပင် ချွမ်ကျီယန်သည် တိုက်ရိုက်မျိုးဆက်ဖြစ်ပြီး ပိုမို မျက်နှာသာပေးခံရသူ ဖြစ်သည်။
ချွမ်ကျီယန်သည် ဤကိစ္စအတွက် သေချာပေါက် လက်စားချေမည်ဖြစ်ပြီး ချုန်ရှန်း၏ ဘဝကို ငရဲကျအောင် လုပ်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
သို့သော် ချုန်ရှန်းကမူ ထိုကဲ့သို့သော စိုးရိမ်ပူပန်မှုမျိုး အလျဉ်းမရှိဘဲ ချွမ်ကျီယန်ကို ဆက်လက်ထိုးနှက်နေလေသည်။
ဘုန်း!
ကန်ချက်တစ်ချက်သည် ချွမ်ကျီယန်၏ နံဘေးသို့ တည့်တည့်ကျရောက်သွားပြီး ဖုန်မှုန့်များကြားတွင် သူသည် အော်ဟစ်ရင်း လိမ့်ထွက်သွားရတော့သည်။
"သခင်လေးရဲ့ မျှော်လင့်ချက်တွေကို ကျွန်တော်မျိုးက စိတ်ပျက်အောင် မလုပ်ချင်ပါဘူး" ချုန်ရှန်းက အလျင်စလိုမရှိဘဲ စကားပြောနေသကဲ့သို့ ဆက်ပြောလိုက်သည်။ ထိုစဉ်မှာပင် နောက်ထပ်တစ်ချက် ထပ်မံတိုက်ခိုက်လိုက်ရာ ချွမ်ကျီယန်မှာ အသက်ရှူပင် အောင့်သွားရသည်။
ထိုးနှက်ချက်တိုင်းတွင် ခွန်အားကို အတိအကျ ထိန်းချုပ်ထားသည်။ နာကျင်အောင်၊ အရှက်ရအောင် လုပ်ရန်သာဖြစ်ပြီး အသက်သေစေရန် မဟုတ်ပေ။
ချွမ်ကျီယန်၏ နှာခေါင်းနှင့် နှုတ်ခမ်းများမှ သွေးများ စီးကျလာပြီး သူ၏ မျက်လုံးများမှာလည်း မယုံကြည်နိုင်မှုနှင့် ထိတ်လန့်မှုတို့ကြောင့် ပြူးကျယ်နေသည်။
ပွဲကြည့်ပရိသတ် တစ်အုပ်လုံးလည်း ဆွံ့အကာ ငြိမ်ကျသွားကြသည်။
အထက်တွင် ထိုင်နေသော လူကြီးသူမများပင် မျက်နှာပျက်လာကြသည်။ မည်သူမျှ ဝင်မတားရဲသော်လည်း မြင်တွေ့နေရသည့် အရာကိုမူ ငြင်းဆန်၍မရပေ။
အစေခံတစ်ဦးက ချွမ်မျိုးနွယ်စု၏ တိုက်ရိုက်မျိုးဆက် တစ်ဦးကို အရေခွံခွာနေခြင်းပင် ဖြစ်သည်။
ထို့ပြင် အလွန်တရာ တည်ငြိမ်လှသော အမူအရာဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။
လူကြီးသူမများသည် ထိုပွဲကို တားဆီးနိုင်သော်လည်း မင်းသမီး ရှိနေသောကြောင့် မိမိတို့ မျိုးနွယ်စုဝင်ဘက်သို့ ဘက်လိုက်၍ မရပေ။
မည်သူပင်ဖြစ်စေ ချွမ်မျိုးနွယ်စုသည် မျှတပြီး တရားမျှတမှု ရှိသည်ကို မင်းသမီး စွန်းယောင်ချင်းအား ပြသရပေမည်။ ၎င်းတို့သည် မည်သို့သော အခြေအနေမျိုးတွင်မဆို မှန်ကန်ရာကို လုပ်ဆောင်သူများ ဖြစ်ကြောင်း ပြသရန် လိုအပ်သည်။
ဤပြိုင်ပွဲတွင် အနိုင်ရရန် နည်းလမ်းနှစ်မျိုးသာ ရှိသည် - ပြိုင်ဘက်က အရှုံးပေးခြင်း သို့မဟုတ် ပြိုင်ဘက် သတိလစ်သွားခြင်း ဖြစ်သည်။
သို့သော် ချုန်ရှန်းသည် ထိုနှစ်ခုလုံး မဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ တားဆီးထားသည်။
"ကျွန... ကျွန်တော် အရှုံး..."
ချွမ်ကျီယန်က အရှုံးပေးစကား ပြောရန် ဟန်ပြင်လိုက်တိုင်း ချုန်ရှန်းသည် သူ၏ ပါးစပ်ကို ရိုက်နှက်လိုက်ပြီး စကားမဆုံးမီ တိတ်သွားအောင် လုပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ချွမ်ကျီယန် သတိလစ်မသွားစေရန် သူ၏ ခွန်အားကို အသေအချာ ထိန်းချုပ်ထားသည်။
ထိုအချိန်တွင် အခြားသော ပွဲစဉ်အားလုံးနီးပါး ပြီးဆုံးသွားပြီ ဖြစ်ရာ အားလုံး၏ အာရုံမှာ ရှေ့တွင် ဖြစ်ပျက်နေသော ရက်စက်ကြမ်းကြုတ်သည့် မြင်ကွင်းပေါ်သို့ ကျရောက်နေသည်။ နောက်ထပ် ယှဉ်ပြိုင်ရမည့် သူများပင် စင်ပေါ်မတက်ဘဲ စောင့်ကြည့်နေကြသည်။
ပွဲကြည့်စင် တစ်ခုလုံးတွင် အံ့ဩတုန်လှုပ်သံများ ပျံ့လွင့်နေသည်။
ဤရိုက်နှက်မှုမှာ တိုက်ပွဲဟု ခေါ်ရန် မသင့်တော်တော့ပေ။
၎င်းမှာ တစ်ဖက်သတ် နှိပ်စက်ခြင်းသာ ဖြစ်သည်။
ယခုအခါ ကွင်းအတွင်းရှိ မျက်လုံးအားလုံးမှာ ထိုပုံရိပ်နှစ်ခုပေါ်တွင်သာ ရှိနေသည် - ဖုန်မှုန့်များကြားတွင် ဝပ်စင်းနေရသော အရှက်တကွဲ ဖြစ်နေသည့် သခင်လေးနှင့် သူ၏ အထက်တွင် အေးစက်စွာဖြင့် ဘာကိုမျှ ဂရုမစိုက်ဘဲ ရပ်နေသော အစေခံတို့ပင် ဖြစ်သည်။
မျိုးနွယ်စု၏ အတွင်းစည်း အဖွဲ့ဝင်များကြားတွင် ထိုင်နေသော ချွမ်ကျီယန်၏ မိခင်သည် သူမ၏ သားဖြစ်သူ ကြုံတွေ့နေရသည်များကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေရသည်။
သူမ၏ လက်သည်းများမှာ လက်ဖဝါးထဲသို့ စိုက်ဝင်နေပြီး မေးရိုးများ တုန်ရီနေသည်အထိ သွားများကို တင်းတင်းစေ့ထားသည်။
သူမ အစောကတည်းက ဝင်တားချင်သော်လည်း မင်းသမီး စွန်း ရှိနေသဖြင့်အကောင်းဆုံး အမူအရာဖြင့် နေထိုင်ရန် ညွှန်ကြားထားခြင်းကိုလည်း သိနေသည်။
သို့သော် သူမသား၏ မျက်နှာသည် ဝက်မျက်နှာကဲ့သို့ ဖူးရောင်လာသောအခါတွင်မူ သူမ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ပေ။
"တော်တော့”
သူမ၏ အသံသည် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးသွားပြီး တိတ်ဆိတ်နေသော ကွင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေသည်။
မည်သူမျှ မတားဆီးနိုင်ခင်မှာပင် သူမသည် ပွဲကြည့်စင်ပေါ်မှ ကြွေလွင့်လာသော ကြယ်တစ်ပွင့်ကဲ့သို့ အလင်းတန်းတစ်ခုအဖြစ် ခုန်ဆင်းလာသည်။
ဝုန်း
သူမ ဆင်းသက်လိုက်သည့် နေရာမှ မြေပြင်သည် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ဖုန်မှုန့်များနှင့် ဝိညာဉ်စွမ်းအင်များမှာ လှိုင်းတစ်ခုကဲ့သို့ အပြင်ဘက်သို့ လွင့်စင်သွားသည်။
သူမသည် ချုန်ရှန်းနှင့် သူမသားကြားတွင် ပေါ်လာပြီး မျက်လုံးများမှာ ဒေါသကြောင့် တောက်လောင်နေသည်။
သူမ၏ ဝတ်ရုံများသည် လေထဲတွင် တလွင့်လွင့် ဖြစ်နေပြီး သူမ၏ ကျင့်စဉ်အဆင့်ဖြစ်သောအဓိက ပေါင်းစည်းခြင်းအဆင့်၏ ဖိအားများသည် သောင်းကျန်းနေသော ဒီရေလှိုင်းတစ်ခုကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
"တိရစ္ဆာန်လေး”
သူမသည် အရိုးထဲထိ ထိုးဖောက်နိုင်လောက်သည့် စူးရှသော အကြည့်များဖြင့် စိုက်ကြည့်ရင်း ဟိန်းဟောက်လိုက်သည်။
"မင်းက ငါ့သားကို နာကျင်အောင် လုပ်ရဲတယ်ပေါ့လေ? သေချင်နေတာပဲ”
ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံးမှာ ခဲမတတ် အေးစက်သွားသည်။
အခြားသော လူကြီးသူမများပင် လန့်ဖျတ်သွားကြသည်။
ပြိုင်ပွဲကွင်းဆိုသည်မှာ လူငယ်မျိုးဆက်သစ်များ စမ်းသပ်ရာနေရာဖြစ်ပြီး လူကြီးများ ဝင်ရောက်စွက်ဖက်ခြင်းမှာ စည်းကမ်းကို တိုက်ရိုက်ချိုးဖောက်ခြင်းပင် ဖြစ်သည်။
သို့သော် သူမ၏ ဒေါသတကြီး အရှိန်အဝါနှင့် ပရိသတ်များ၏ စောင့်ကြည့်နေမှုတို့ကြားတွင် မည်သူမျှ မလှုပ်ရှားရဲဘဲ မှင်တက်နေကြသည်။
ပုံမှန်ဆိုလျှင် လူကြီးတစ်ဦး ဝင်ရောက်စွက်ဖက်ခြင်းမှာ ထူးဆန်းသည့် ကိစ္စမဟုတ်သော်လည်း ယခုတစ်ကြိမ်မှာမူ မတူညီပေ။ ယနေ့တွင် မင်းသမီး စွန်းယောင်ချင်းနှင့် သခင်လေး ပိုင်ကျီဟန်တို့ နှစ်ဦးလုံး ရှိနေသောကြောင့် ဖြစ်သည်။
ချွမ်လင်းရှု၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။ သူ၏ လက်ချောင်းများမှာ ထိုင်ခုံလက်တန်းပေါ်တွင် တုန်ရီနေသည်။
(မိုက်မဲလိုက်တာ)
သူက အတွင်းစိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
(မင်းသမီးစွန်းနဲ့ သခင်လေးပိုင်တို့ ရှေ့မှာလား? မင်းကတော့ တစ်မျိုးနွယ်စုလုံးကို အရှက်ရအောင် လုပ်လိုက်ပြီ)
သို့သော် ထိုအရာမှာ အစသာ ရှိသေးသည်။
မည်သူမျှ မတုံ့ပြန်နိုင်ခင်မှာပင် သူမက စတင်တိုက်ခိုက်လိုက်တော့သည်။
သူမ၏ လက်ဝါးချက်မှာ ကျောက်တံတိုင်းတစ်ခုကို ဖုန်မှုန့်ဖြစ်အောင် ချေဖျက်နိုင်လောက်သည့် အရှိန်အဝါဖြင့် ချုန်ရှန်းဆီသို့ ဝုန်းခနဲ ပြေးဝင်သွားသည်။
ဝုန်း
တိုက်ခိုက်မှုသည် တည့်တည့်မတ်မတ် ထိမှန်သွားပြီး စင်မြင့်တစ်ခုလုံး တုန်ခါသွားကာ ခြေဖဝါးအောက်ရှိ ကျောက်ပြားများပင် အက်ကွဲသွားသည်။
ပွဲကြည့်စင်ထက်တွင် အံ့ဩတုန်လှုပ်သံများ တစ်ဖန် ပြည့်နှက်သွားပြန်သည်။
သို့သော် ဖုန်မှုန့်များ ကင်းစင်သွားသည့်အခါတွင်မူ -
ချုန်ရှန်းမှာ လဲမသွားဘဲ မတ်တပ်ရပ်လျက်ပင် ရှိနေသေးသည်။
ထိုမျှမကသေးဘဲ သူ၏ ညာလက်ကို မြှောက်ထားပြီး သူမ၏ လက်ကောက်ဝတ်ကို မြဲမြံစွာ ဖမ်းဆုပ်ထားသည်။
သူမ၏ တိုက်ခိုက်မှုကို သူက တားဆီးလိုက်နိုင်ခြင်းပင်။
"ဘာ”
ပရိသတ်များ၏ မယုံကြည်နိုင်သော အာမေဍိတ်သံများမှာ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲထွက်လာသည်။
သူမ၏ တိုက်ခိုက်မှုသည် ချီသန့်စင်ခြင်းအဆင့်က
ကျင့်ကြံသူတစ်ဦးကို ဒုက္ခိတဖြစ်စေနိုင်ရုံမက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦးပင်လျှင် ဒဏ်ရာမရဘဲ လွတ်မြောက်ရန် မလွယ်ကူပေ။
သို့သော် ချုန်ရှန်းက ၎င်းကို ဖမ်းဆုပ်ထားနိုင်သည်။
ထို့ပြင် သူ၏ အကြည့်များမှာလည်း အေးစက်လှသည်။
သူက မိမိကိုယ်ကို ခုခံရုံသက်သက် မဟုတ်ဘဲ အဓိကပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူကိုပင် ပြန်လည် တုံ့ပြန်တိုက်ခိုက်ချင်နေသည့် ပုံစံမျိုး ဖြစ်နေသည်။
မည်သို့ပင်ဆိုစေကာမူ ချုန်ရှန်းသည် သူ၏ ချီကို အသုံးပြုကာ လက်မောင်းကို ကြံ့ခိုင်အောင် လုပ်ထားနိုင်ခဲ့သဖြင့် ထိုတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသွားခြင်း ဖြစ်သည်။
တီးတိုး ပြောဆိုသံများမှာ အံ့အားသင့်စရာ သံများအဖြစ် ပြောင်းလဲသွားသည်။
"ဒါက...ချီပဲ”
"သူ ကျင့်ကြံနေတာပဲ - သူက ကျင့်ကြံသူတစ်ယောက်ပဲ”
"ချုန်ရှန်းက ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ”
"ဒါတောင်မှ ဒီလောက် ပြင်းထန်တဲ့ တိုက်ခိုက်မှုကို သူ ဘယ်လိုများ တားနိုင်တာလဲ”
နောက်ဆုံးတွင်မူ ချုန်ရှန်းသည် သာမန်လူသားတစ်ဦး မဟုတ်တော့ကြောင်း အားလုံး သိရှိသွားကြသည်။
သို့သော်လည်း ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့လျှင်ပင် အဓိကပေါင်းစည်းခြင်းကို ခုခံနိုင်သည်မှာ မယုံနိုင်စရာပင်။
အကြောင်းမှာ ချီသန့်စင်ခြင်းအဆင့်နှင့် အဓိကပေါင်းစည်းခြင်း အဆင့်ကြားတွင် အလွန်ကြီးမားသော ကွာခြားချက် ရှိနေသောကြောင့် ဖြစ်သည်။
သို့သော် ချုန်ရှန်းကတော့ မဖြစ်နိုင်သောအရာကို လုပ်ပြလိုက်ပြီ ဖြစ်သည်။