← Chapters

ဓားငှားပြီး လူသတ်ခြင်း

Vol. 22 Ch. 324

ဓားငှားပြီး လူသတ်ခြင်း

Vol. 22 Ch. 324

ချွမ်ကျီယန်၏ မိခင် ဝင်ရောက်စွက်ဖက်လိုက်သည်နှင့် ချွမ်လင်းရှု၏ ပထမဆုံးအတွေးမှာ ဒေါသထွက်ရန် မဟုတ်ဘဲ အခြေအနေကို ထိန်းသိမ်းရန်သာ ဖြစ်သည်။

ဤဘေးဒုက္ခ၏ သက်ရောက်မှုကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် သူ လျှော့ချရမည်။

သူသည် နေရာမှ ထရပ်လိုက်ရင်း အားတင်းထားရသော ရယ်သံတစ်ခုကို ပြုလိုက်သည်။

"ဟဟ... မိခင်မေတ္တာဆိုတာ အကျိုးအကြောင်းတရားတွေထက် သာလွန်တယ်လို့ ပြောကြတာပဲ။ သူမက သားဖြစ်သူရဲ့ ဘေးကင်းလုံခြုံရေးအတွက် အရမ်းစိုးရိမ်သွားလို့ ဖြစ်မှာပါ။ စိတ်ချပါ... ဒီကိစ္စအတွက် သူမကို ကျွန်တော် ပြင်းပြင်းထန်ထန် အပြစ်ပေးပါ့မယ်။"

သူ၏ လေသံမှာ တည်ငြိမ်ပြီး ယဉ်ကျေးပျူငှာလုနီးပါး ရှိသော်လည်း စကားလုံးတိုင်းကိုမူ တင်းမာမှုများ လျော့ကျစေရန်နှင့် မျက်နှာပန်းလှစေရန် ဂရုတစိုက် ရွေးချယ်ထားခြင်း ဖြစ်သည်။

သို့သော်လည်း မင်းသမီး စွန်းယောင်ချင်းနှင့် ပိုင်ကျီဟန်တို့သည် သူ့ကို ကြည့်ပင်မကြည့်ကြချေ။

မင်းသမီး စွန်းယောက်ချင်း၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေသည်။

အဆင့်ကြီး သုံးဆင့်ခန့် ပိုမြင့်သောသူတစ်ဦး၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခြင်းမှာ မဖြစ်နိုင်သလောက်ပင်။ ၎င်းကို တစ်ခါဖူးမျှ စနစ်တကျ ကျင့်စဉ်အတတ်ပညာများ သင်ယူဖူးခြင်းမရှိသည့် အစေခံတစ်ယောက်က လုပ်ဆောင်သွားခြင်း ဖြစ်သည်။

(သူက ပါရမီရှင်တစ်ယောက်များလား...)

သူမ တွေးတောနေမိသည်။

တစ်ဖက်တွင်မူ ပိုင်ကျီဟန်ကတော့ စိတ်ဝင်စားပုံမရပေ။

ချွမ်ကျီယန်၏ မိခင်သည် အဆင့်သုံးဆင့် ပိုမြင့်နေသည်မှာ မှန်သော်လည်း သူမ၏ စွမ်းအားအပြည့်ကို အသုံးမပြုခဲ့ကြောင်း သူ သိမြင်နေသည်။

အကယ်၍ သူမသာ စွမ်းအားအကုန် သုံးခဲ့မည်ဆိုပါက မည်မျှပင် ပါရမီရှိစေကာမူ၊ မည်မျှပင် ထက်မြက်စေကာမူ ချုန်ရှန်းကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လွှမ်းမိုးထားနိုင်သော အင်အားကြီးတစ်ခုရှေ့တွင် အတွေ့အကြုံဟူသည်မှာ ဘာမှမဟုတ်တော့ချေ။

ချွမ်လင်းရှုသည် ထိုနှစ်ဦးစလုံးက ပြင်းပြင်းထန်ထန် တုံ့ပြန်ခြင်းမရှိသည်ကို မြင်သောအခါမှ ရင်ထဲတွင် သက်ပြင်းချနိုင်တော့သည်။

(ဟူး... ဒီနှစ်ယောက်က ဒါကို ဘာမှမဟုတ်သလို သဘောထားပုံရတယ်ပဲ။)

ဒီကိစ္စက ဒီအတိုင်းပဲ ငြိမ်ငြိမ်သက်သက် ပြီးသွားနိုင်ကောင်းပါရဲ့။

သို့သော်လည်း

ချွမ်ကျီယန်၏ မိခင်သည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး ပုံပျက်ပန်းပျက် ဖြစ်နေလျက် သူမ၏ လက်ကို တစ်ဖန် ပြန်လည် မြှောက်လိုက်ပြန်သည်။

ယခုတစ်ကြိမ်တွင်မူ သူမ ပတ်ဝန်းကျင်ရှိ လေထုမှာ ပြင်းထန်စွာ တုန်ခါနေပြီး သူမ၏ စွမ်းအားအပြည့်ကို စုစည်းနေခြင်း ဖြစ်သည်။

(ဒီမိန်းမကတော့)

ချွမ်လင်းရှု စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

အကယ်၍ သူသာ အခုချက်ချင်း အရေးမယူပါက အခြေအနေမှာ ယခင်ကထက် ပိုမိုဆိုးရွားသွားပေလိမ့်မည်။

မျက်တောင်တစ်ခတ်အတွင်း သူ၏ပုံရိပ်သည် ပွဲကြည့်စင်ပေါ်မှ ပျောက်ကွယ်သွားပြီး သူမနှင့် ချုန်ရှန်း ကြားတွင် ပြန်လည်ပေါ်လာသည်။

သူမ လှုပ်ရှားလိုက်မှန်းပင် မသိလိုက်ခင်မှာပင် သူက သူမ၏ လက်ကောက်ဝတ်ကို ဖမ်းချုပ်ထားလိုက်ပြီဖြစ်သည်။ "တော်တော့”

သူသည် လေသံကိုနှိမ့်ကာ အံကြိတ်၍ ပြောလိုက်သော်လည်း ထိုအသံမှာ ဓားတစ်လက်

ကဲ့သို့ စူးရှနေသည်။

"ဒီညမှာ အရေးကြီးတဲ့ ဧည့်သည်တော်တွေ ရှိတယ်လို့ ငါ သတိမပေးထားဘူးလား။ မင်း ဘယ်လိုသတ္တိနဲ့ ငါ့အမိန့်ကို လျစ်လျူရှုရဲတာလဲ"

သူမ၏ မျက်နှာပေါ်ရှိ ဒေါသရိပ်များမှာ တုန်လှုပ်ခြောက်ခြားမှုအဖြစ် ပြောင်းလဲသွားသည်။ သူမ၏ ခန္ဓာကိုယ်မှာ တုန်ရင်နေပြီး မြှောက်ထားသော လက်မောင်းကို ဖြည်းညှင်းစွာ ပြန်ချလိုက်ရသည်။

သူမ၏ ဒေါသမှာ မပြေသေးသော်လည်း မောင်ဖြစ်သူ၏ အရှိန်အဝါသည် ဆက်လက်တုံ့ပြန်ရန် စိတ်ဆန္ဒအားလုံးကို ဖိနှိပ်ထားလိုက်သည်။

"ဒါပေမဲ့ အဲဒီ တိရစ္ဆာန်က”

"တိတ်စမ်း”

ချွမ်လင်းရှုသည် အပြတ်ပြောလိုက်ပြီး သူ၏ မျက်ဝန်းများမှာ အန္တရာယ်ရှိစွာ မှေးစင်းသွားသည်။

"အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ်၊ မင်း အခုလို မလုပ်သင့်ဘူး။"

ထို့နောက် သူသည် ဧည့်သည်တော်များထိုင်ရာဘက်သို့ လှည့်ကာ အနည်းငယ် ဦးညွှတ်လိုက်သည်။

သူ၏ မျက်နှာပေးမှာ ပြန်လည်တည်ငြိမ်သွားပြီး အသံမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

"ဒီလို ရှက်ဖွယ် ဖြစ်ရပ်အတွက် ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်တို့ ချွမ်မျိုးနွယ်စုက ဒီအတွက် တာဝန်အပြည့်အဝ ယူပါ့မယ်။ ဒီလူငယ်နဲ့ ပတ်သက်ပြီးတော့လည်း”

သူက ချုန်ရှန်းကို ခဏမျှ တစ်ချက်ကြည့်လိုက်သည်။

"—သူ့ကို ကျွန်တော်တို့ မျိုးနွယ်စုရဲ့ တပည့်တစ်ယောက်အဖြစ် ကျွန်တော်ကိုယ်တိုင် ခန့်အပ်ပေးပါ့မယ်။ ဒါကို တောင်းပန်တဲ့အနေနဲ့ရော၊ သူ့ရဲ့ အရည်အချင်းကို အသိအမှတ်ပြုတဲ့အနေနဲ့ပါ မှတ်ယူပေးကြပါ။"

ချွမ်ကျီယန်၏ မိခင်မှာ ကန့်ကွက်ရန် ပါးစပ်ဟလိုက်သော်လည်း ချွမ်လင်းရှု၏ အကြည့်တစ်ချက်ကြောင့် ချက်ချင်းပင် ပြန်ပိတ်သွားရသည်။

အခြားတစ်ဖက်တွင်မူ ချုန်ရှန်းသည် ဘာမှမပြောပေ

သူ အကန့်အသတ်ထက် ကျော်လွန်သွားခဲ့မှန်း သူကိုယ်တိုင် သိနေသည်။

ထို့အပြင် မင်းသမီး စွန်းယောင်ချင်းသာ ဤနေရာတွင် ရှိမနေပါက ချွမ်လင်းရှုသည် သူ့ကို ဤမျှလွယ်လွယ်ကူကူ လွှတ်ပေးမည်မဟုတ်ကြောင်းလည်း သူ ကောင်းကောင်းသိသည်။

ထို့ကြောင့် သူသည် ခေါင်းငုံ့ကာ တိတ်ဆိတ်စွာပင် လက်ခံလိုက်လေတော့သည်။

သူ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်သူ မရှိသည်ကို မြင်သောအခါမှ ချွမ်လင်းရှုသည် သက်ပြင်း ခပ်ဖွဖွ ချနိုင်တော့သည်။

"ပြိုင်ပွဲကို ဆက်ကျင်းပစေ။ နောက်ထပ် ဘယ်လို အနှောင့်အယှက်မျိုးမှ မရှိစေနဲ့၊ မဟုတ်ရင် မင်းတို့ အကျိုးဆက်ကို ခံစားရလိမ့်မယ်”

ချွမ်ကျီယန်၏ မိခင်ကဲ့သို့ လုပ်ရပ်မျိုး လုပ်ဆောင်လျှင်ပင် ပြဿနာမရှိနိုင်ဟု မည်သူမျှ ထင်မှတ်မထားစေရန် ချွမ်လင်းရှုက ပြင်းထန်စွာ သတိပေးလိုက်ခြင်းဖြစ်သည်။

ချွမ်လင်းရှုသည် သူ၏ နေရာသို့ ပြန်သွားခဲ့ကာ သူ၏ မျက်နှာက တည်ငြိမ်နေသော်လည်း နဖူးပေါ်ရှိ ချွေးစို့စို့လေးများသည် သူ၏ စိတ်မအေးမှုကို ဖော်ပြနေသည်။

သူသည် ဧည့်သည်တော်များထိုင်ရာဘက်သို့ လှည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပုံအပေါ် လူကြီးမင်းတို့ နှစ်ယောက်လုံး စိတ်ကျေနပ်မှု ရှိလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။"

သူသည် ကျင့်သားရနေသော တည်ငြိမ်မှု၊ နှိမ့်ချမှုနှင့် ယုံကြည်မှုတို့ အချိုးကျကျ ပေါင်းစပ်ထားသော လေသံဖြင့် ပြောလိုက်

သည်။

မင်းသမီး စွန်းယောင်ချင်းသည် ဘာမှမပြောဘဲ သူမ၏ အကြည့်များကိုမူ ချုန်ရှန်းထံတွင် စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်နေဆဲ ဖြစ်သည်။

ပိုင်ကျီဟန်ကလည်း ချက်ချင်း အဖြေမပေးပေ။

သူသည် ခေါင်းကို အနည်းငယ်သာ ငြိမ့်ပြလိုက်ပြီး အောက်ဘက်ရှိ ကွင်းပြင်ထဲတွင် ဒဏ်ရာများဖြင့် ရပ်နေသော ပုံရိပ်ငယ်ထံသို့ မျက်မှောင်ကြုတ်လျက် ကြည့်နေလေသည်။

မည်သူမျှ မကျေမနပ်ဖြစ်ပုံ မရသည်ကို မြင်မှသာ ချွမ်လင်းရှုသည် စိတ်အေးလက်အေး သက်ပြင်းချနိုင်တော့သည်။

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ စုပေါင်းသံများမှာလည်း ငြိမ်သက်သွားပြီး နောက်ထပ် ယှဉ်ပြိုင်ပွဲများကို သတိကြီးစွာဖြင့် ပြန်လည် စတင်လိုက်ကြသည်။

သို့သော် ပိုင်ကျီဟန်၏ အာရုံမှာ ချုန်ရှန်းထံမှ တစ်ဖက်သို့ လွင့်မသွားခဲ့ပေ။

(မင်းကို ငါ ဘယ်လို ရှင်းထုတ်ရမလဲ...)

မကြီးထွားသေးသော ချုန်ရှန်းကို ရှင်းထုတ်ပစ်ရန် ယခုအချိန်သည် အကောင်းဆုံး အခွင့်အရေးဖြစ်ကြောင်း ပိုင်ကျီဟန် ကောင်းကောင်း သိထားသည်။

သို့သော်လည်း အကယ်၍ ချုန်ရှန်းသာ လွတ်မြောက်သွားပါက သူ၏ ရန်ငြိုးထားခြင်းကို ခံရမည်ကိုလည်း သူ စိုးရိမ်မိသည်။

ယခင် ဘဝက အထွတ်အထိပ် အမတ ကျင့်ကြံသူဖြစ်ခဲ့သည့် မိစ္ဆာကျင့်ကြံသူတစ်ဦး၏ လက်စားချေမှုသည် အလွန်တရာ ပြင်းထန်မည်မှာ အသေအချာပင်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး၏ ပစ်မှတ်ဖြစ်ရခြင်းမှာ အလွန် အန္တရာယ်များလှသည်။

သူ၏ အကြည့်များမှာ စူးစမ်းလိုစိတ်တစ်ဝက်၊ တွက်ချက်မှု တစ်ဝက်ဖြင့် ဖတ်ရခက်နေသည်။

ဘေးမှ ကြည့်နေသူများအဖို့မူ ပိုင်မျိုးနွယ်စု၏ သခင်လေးသည် အဆင့်နိမ့်အစေခံတစ်ယောက်အပေါ် စိတ်ဝင်စားသွားသည်ဟု ထင်မှတ်စရာ ဖြစ်နေသည်။

၎င်းကို ချွမ်လင်းရှုလည်း သတိထားမိသွားပြီး သူ၏ နှလုံးသားမှာ ဒိန်းခနဲ ခုန်သွားခဲ့သည်။

(ဒါက... သခင်လေးပိုင်က သူ့ကို စည်းရုံးချင်နေတာများလား...)

သူ၏ စိတ်အားထက်သန်မှုကို ထိန်းချုပ်ရင်း ချွမ်လင်းရှုသည် ကိုယ်ကို အနည်းငယ် ရှေ့သို့ကိုင်းကာ မျှော်လင့်ချက်အပြည့်ရှိသော လေသံဖြင့် ပြောလိုက်သည်။

"တကယ်လို့ သခင်လေးပိုင်က ဒီကောင်လေးကို စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့ ချွမ်မျိုးနွယ်စုဘက်က ဘာကန့်ကွက်မှုမှ မရှိပါဘူး။ သူ့ကို သခင်လေးရဲ့ လက်အောက်မှာ ထားချင်တယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် ပိုင်မျိုးနွယ်စုဆီကို ဝမ်းမြောက်ဝမ်းသာ ပို့ပေးပါ့မယ်။"

သို့သော် ပိုင်ကျီဟန်သည် ခပ်ယောင်ယောင် ပြုံးလိုက်ရုံသာ တုံ့ပြန်သည်။ ၎င်းမှာ အနည်းငယ် ပျင်းရိပုံပေါက်သော နှုတ်ခမ်းကွေးရုံမျှ အပြုံးတစ်ခုသာ ဖြစ်သည်။

"အင်း... အဲဒီလိုလုပ်ဖို့ မလိုပါဘူး" သူက တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျွန်တော်က စပ်စုရုံ သက်သက်ပါ။"

သူ၏ မျက်လုံးများသည် ကွင်းပြင်ဆီသို့ တစ်ဖက်ပြန်လည် ရောက်ရှိသွားပြန်သည်။

"ကျွန်တော် သိချင်နေတာက... ချီသန့်စင်ခြင်းအဆင့်မှာပဲ ရှိသေးတဲ့သူ၊ အဲ့လို အစေခံတစ်ယောက်က... ဘယ်လိုလုပ်ပြီး အဓိကဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူရဲ့ တိုက်ကွက်ကို တားဆီးနိုင်တာလဲ ဆိုတာပါပဲ။"

ထိုစကားလုံးများသည် လေထုထဲတွင် ဓားတစ်လက်ကဲ့သို့ စူးရှစွာ ပဲ့တင်ထပ်သွားသည်။

ချွမ်လင်းရှု၏ အပြုံးသည် တောင့်တင်းသွားပြီး အနီးနားရှိ အကြီးအကဲ အချို့လည်း အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

တကယ်လည်း... ဘယ်လိုကြောင့်ပါလိမ့်?

ချွမ်ကျီယန်၏ မိခင်ကြောင့် သူတို့အားလုံး ထိုအချက်ကို မေ့လုနီးပါး ဖြစ်သွားခဲ့ကြခြင်း ဖြစ်သည်။

မင်းသမီး စွန်းယောင်ချင်းသည်လည်း ထိုအချက်ကိုပင် သိလိုသဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ မည်မျှပင် ပါရမီရှိပါစေ၊ ဤအခြေအနေမှာ သူမအတွက် အဓိပ္ပာယ်မရှိသလို ဖြစ်နေသည်။

ပိုင်ကျီဟန်သည် ပေါ့ပါးသော်လည်း သံသယဖြစ်ဖွယ် အရိပ်အမြွက်များ ပါဝင်သော လေသံဖြင့် ဆက်လက် ပြောကြားလိုက်သည်။

"အဲဒါက... သူဟာ တားမြစ်ထားတဲ့ အတတ်ပညာ ဒါမှမဟုတ် မိစ္ဆာကျင့်စဉ်တွေကို ကျင့်ကြံနေတာမျိုး မဟုတ်ရင်ပေါ့လေ..."

ပွဲကြည့်စင်တစ်ခုလုံးတွင် တီးတိုး ပြောဆိုသံများ ပျံ့နှံ့သွားသည်။

ပြန်လည် တည်ငြိမ်စပြုနေသော လေထုမှာ သံသယများကြောင့် တစ်ဖန် ပြန်လည် တင်းမာလာပြန်သည်။

မင်းသမီး စွန်းယောင်ချင်းပင်လျှင် ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို ရိပ်မိသွားသဖြင့် ပိုင်ကျီဟန်ဘက်သို့ လှည့်ကြည့်

လိုက်သည်။

အမှန်စင်စစ် အကယ်၍ တစ်စုံတစ်ယောက်သည် မိစ္ဆာအတတ်ကို ကျင့်ကြံပါက ချုန်ရှန်း ပြသခဲ့သော စွမ်းအားကို ရှင်းပြနိုင်မည် ဖြစ်သည်။ သို့သော်လည်း ချုန်ရှန်းထံမှ မည်သည့် မိစ္ဆာချီ အငွေ့အသက်ကိုမျှ သူမ မရရှိခဲ့ပေ။

သို့သော် မင်းသမီး စွန်းယောင်ချင်း ဝင်ရောက် မနှောင့်ယှက်ခဲ့ပေ။ ပိုင်ကျီဟန်၏ အာရုံခံစားမှုသည် သူမထက် ပိုမို ထက်မြက်ကောင်း ထက်မြက်နိုင်ပြီး သူမ မှားယွင်းနိုင်သည်ကို မည်သူသိနိုင်မည်နည်း။

ထို့ကြောင့် သူမ ဘာမှမလုပ်ဘဲ ဆက်ကြည့်နေလိုက်သည်။ ချွမ်လင်းရှု၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသော်လည်း အတင်း အားယူကာ ရယ်လိုက်သည်။

"သခင်လေးပိုင်က နောက်နေတာ ဖြစ်မှာပါ။ ကျွန်တော်တို့ ချွမ်မျိုးနွယ်စုက မိစ္ဆာအတတ်တွေနဲ့ ဆက်နွှယ်နေတဲ့သူကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး။"

သို့သော် ပိုင်ကျီဟန်က ပြန်မဖြေတော့ပေ။ သူသည် သားကောင်နှစ်ကောင် အချင်းချင်း ကိုက်ဖြတ်နေသည်ကို ကြည့်နေသော မုဆိုးတစ်ယောက်ကဲ့သို့ ချုန်ရှန်းကို ငုံ့ကြည့်နေလေသည်။

အတွင်းစိတ်ထဲတွင်မူ သူသည် တွက်ချက်ပြီးသား ဖြစ်သည်။

(ဓားငှားပြီး လူသတ်ခြင်းက... ပိုပြီးတော့ အဆင်ပြေတာပေါ့။)

ပြီးခဲ့သည့်အကြိမ်ကလည်း ပိုင်ရွှယ်ချင်းသည် နီဖန်းကျိုးကို အနိုင်ယူခဲ့ခြင်းကြောင့် သူသည် ဘာမှမလုပ်ရဘဲ အကျိုးအမြတ်နှင့် အသိအမှတ်ပြုမှုများကို ရရှိခဲ့သည်။

အကယ်၍ ချွမ်မျိုးနွယ်စုကိုယ်တိုင်ကသာ ဤ ချုန်ရှန်းကို မိစ္ဆာကျင့်ကြံသူဟု သံသယဖြင့် အပြတ်ရှင်းပစ်မည်ဆိုပါက သူသည် လက်တစ်ဖျားမျှ မလှုပ်ရဘဲ ထပ်မံ အကျိုးရှိဦးမည် ဖြစ်သည်။

ထို့အပြင် သူက မဟုတ်မမှန် ပြောနေခြင်းလည်း မဟုတ်ပေ။

ချုန်ရှန်းသည် မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်သည်မှာ အမှန်ပင်။ ထို့ကြောင့် ချွမ်မျိုးနွယ်စုက သူ့ကို သတ်ချင်သည်ဆိုလျှင် သူ ဘာလုပ်နိုင်မည်နည်း။

သူကိုယ်တိုင်ကလည်း ဖြောင့်မတ်သော ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် မိစ္ဆာကျင့်ကြံသူကို ကာကွယ်ပေးစရာ အကြောင်းမရှိပေ။

All Chapters