ချီအား စမ်းသပ်ခြင်း
Vol. 22 Ch. 325
ချွမ်လင်းရှု၏ အတင်းအကျပ်ရယ်မောသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသော်လည်း ပိုင်ကျီဟန့် ၏ စကားသံများမှာမူ လေထုထဲတွင် အဆိပ်ငွေ့များအလား ပဲ့တင်ထပ်
ကျန်ရစ်ခဲ့သည်။
မင်းသမီး စွန်းယောင်ချင်းပင်လျှင် ပိုင်ကျီဟန့်တွင် ခိုင်လုံသောအထောက်အထားမရှိသော်လည်း သူပြောသည်မှာ အကျိုးအကြောင်းဆီလျော်သည်ဟု တွေးမိသွားသည်။
မည်သို့ပင်ဆိုစေကာမူ ကျေးကျွန်တစ်ယောက်အနေဖြင့် ကျင့်စဉ်အစွမ်းများရရှိလာရုံသာမက အဓိကပေါင်းစည်းခြင်းအဆင့်ပညာရှင်တစ်ဦးကို ခုခံနိုင်သည်အထိ ဖြစ်လာခြင်းမှာ တကယ့်ကို မဖြစ်နိုင်သောအရာပင်။ အကယ်၍ သူသည် တားမြစ်ထားသော နည်းစနစ်တစ်ခုခုကို အသုံးပြုခြင်း သို့မဟုတ် ပိုင်ကျီဟန့်ပြောသကဲ့သို့ မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံနေခြင်းမျိုး မဟုတ်လျှင်ပေါ့။
ယခုအချိန်အထိ တိတ်ဆိတ်နေခဲ့သော မင်းသမီး စွန်းယောင်ချင်းသည် နောက်ဆုံးတွင် နှုတ်ဖွင့်ပြောဆိုလိုက်သည်။
သူမ၏ လေသံမှာ တည်ငြိမ်သော်လည်း မျက်ခုံးအစုံမှာ အနည်းငယ်တွန့်ချိုးနေ၏။
"မျိုးနွယ်စုခေါင်းဆောင် ချွမ်..." သူမက ညင်သာစွာပြောသည်။ "သခင်လေးပိုင်ရဲ့ မေးခွန်းက ကျိုးကြောင်းဆီလျော်ပါတယ်။ ပိုပြီးတော့ သတိထားတာ ဘာမှမမှားပါဘူး။ သူ မိစ္ဆာပညာရပ်တွေကို ကျင့်ကြံထားခြင်း ရှိ၊ မရှိ ဘာလို့ မစမ်းသပ်ကြည့်တာလဲ?"
သူမ၏စကားများသည် ပါးနပ်လှသည်။ စွပ်စွဲခြင်းလည်းမဟုတ်၊ ခုခံကာကွယ်ပေးခြင်းလည်း မဟုတ်သော်လည်း ငြင်းဆန်၍မရသော အရှိန်အဝါများ ပါဝင်နေသည်။
ချွမ်လင်းရှု၏ အပြုံးများ တောင့်တင်းသွားရသည်။
(မင်းသမီးစွန်း ပါဝင်လာတာလား?)
သူမ၏ အကြံပြုချက်ကို တိုက်ရိုက်ငြင်းဆန်ရန် သူ မဝံ့ရဲပေ။
ထိုသို့ပြုလုပ်ခြင်းမှာ တစ်ခုခုကို ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး ပို၍ဆိုးသည်မှာ သူ၏အိမ်တော်အတွင်း၌ မိစ္ဆာကျင့်ကြံသူတစ်ဦးကို ကာကွယ်ပေးထားသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
သူ၏အကြည့်သည် ခန့်မှန်းရခက်သော တည်ငြိမ်သည့်အမူအရာဖြင့် ဆက်လက်ထိုင်နေဆဲ ပိုင်ကျီဟန့်ထံသို့ ဝေ့ဝဲသွားသည်။
ချွမ်လင်းရှု၏ ရင်ထဲတွင် မရေရာသော စိုးရိမ်စိတ်တစ်ခု ဖြစ်ပေါ်လာသည်။
"ကောင်းပါပြီဗျာ..." သူက လေးစားစွာဖြင့် ချောမွေ့စွာ ပြန်ပြောလိုက်သည်။
"သခင်လေးပိုင်နဲ့ မင်းသမီးတို့ ပြောတာမှန်ပါတယ်။ ဒီလိုထူးခြားတဲ့ဖြစ်ရပ်မျိုးကို ကျွန်တော်က အသေအချာ မစစ်ဆေးဘူးဆိုရင် ပေါ့ဆရာ ရောက်ပါလိမ့်မယ်။"
ထို့နောက် သူသည် မတ်တပ်ရပ်လိုက်ရာ သူ၏ဝတ်ရုံစများသည် စကျင်ကျောက်ကြမ်းပြင်ပေါ်တွင် တဖျတ်ဖျတ် လှုပ်ခတ်သွားသည်။
"ပွဲစဉ်တွေကို အခုချက်ချင်း ရပ်လိုက်စမ်း”
သူ အမိန့်ပေးလိုက်သည်။
ပြန်လည်စတင်နေပြီဖြစ်သော တိုက်ပွဲများသည် ရုတ်တရက် ထပ်မံရပ်တန့်သွားပြန်သည်။ ပါဝင်ယှဉ်ပြိုင်သူ ဒါဇင်ပေါင်းများစွာသည် လှုပ်ရှားမှုများ ရပ်တန့်သွားကြပြီး လူအုပ်ကြားတွင် ဇဝေဇဝါဖြစ်မှုများ ပျံ့နှံ့သွားသည်။
"ဘာတွေဖြစ်နေတာလဲ?"
"မျိုးနွယ်စုခေါင်းဆောင်က ပြိုင်ပွဲကို ဘာလို့ရပ်လိုက်တာလဲ?"
"တစ်ယောက်ယောက်က စည်းကမ်းဖောက်ဖျက်ပြန်ပြီလား?"
အမျိုးမျိုးသော ထင်မြင်ချက်များ ပျံ့နှံ့သွားသော်လည်း ဆူညံသံများ ပိုမိုကျယ်လောင်မလာမီ ချွမ်လင်းရှုက လက်ကို မြှောက်လိုက်
သည်။
"ချုန်ရှန်း”
သူက အာဏာပါသော အသံဖြင့် ခေါ်လိုက်ရာ ဆူညံသံများ ချက်ချင်း တိတ်ဆိတ်သွားသည်။
"ရှေ့ကို ထွက်ခဲ့စမ်း”
ရင်ပြင်၏ အစွန်းနားတွင် တိတ်ဆိတ်စွာ ရပ်နေသော ချုန်ရှန်းသည် အံ့အားသင့်စွာဖြင့် ခေါင်းမော့ကြည့်လိုက်သည်။
ချွမ်လင်းရှု၊ မင်းသမီး စွန်းယောင်ချင်းနှင့် ပိုင်ကျီဟန်တို့ ထိုင်နေသည့် ကြည့်ရှုစင်မြင့်ဘက်သို့ သူ လှမ်းကြည့်လိုက်သည်။
(အခု ဘာဖြစ်ပြန်တာလဲ?)
ခဏတာမျှ သူ၏မျက်ဝန်းထဲတွင် ဇဝေဇဝါဖြစ်မှုများ ပြေးသွားသော်လည်း ကြောက်ရွံ့မှုမူကား မရှိပေ။
မျိုးနွယ်စုခေါင်းဆောင်က သူ၏အောင်မြင်မှုကို လူအများရှေ့တွင် တရားဝင်အသိအမှတ်ပြုရန် သို့မဟုတ် ကတိပေးထားသည့် တပည့်အဆင့်အတန်းကို လူအများရှေ့၌ပင် အပ်နှင်းရန် ခေါ်လိုက်ခြင်းဖြစ်မည်ဟု သူတွေးမိသည်။
မည်သို့ပင်ဆိုစေကာမူ ချွမ်လင်းရူကိုယ်တိုင်က သူ့ကို တပည့်အဖြစ် လက်ခံမည်ဟု ပြောထားပြီးသား မဟုတ်ပါလော
ထို့ကြောင့် သူသည် များများစားစား မစဉ်းစားတော့ဘဲ ရှေ့သို့ လှမ်းထွက်လိုက်သည်။
မျက်လုံးပေါင်းများစွာသည် စပ်စုသော အကြည့်များဖြင့်ကြည့်ကာ အချို့က သံသယများဖြင့်ဖြစ်ပြီး အချို့ကမူ အငြိုးအတေးအပြည့်ဖြင့် ဖြစ်သည်။
သူသည် စင်မြင့်၏ အလယ်ဗဟိုသို့ ရောက်ရှိသွားသောအခါ အထက်ရှိ စင်မြင့်ဆီသို့ ရိုသေစွာ ဦးညွှတ်လိုက်သည်။
"ဒီအခြေခံလူတန်းစားက မျိုးနွယ်စုခေါင်းဆောင်နဲ့ မင်းသမီး စွန်းယောင်းချင်းတို့ကို ဂါရဝပြုပါတယ်ခင်ဗျာ။"
သူ၏လေသံသည် တည်ငြိမ်လှပြီး အောက်ကျို့လွန်းခြင်း သို့မဟုတ် ထောင်လွှားခြင်းမျိုးလည်း မရှိပေ။
ချွမ်လင်းရူသည် တည်ငြိမ်သောအမူအရာဖြင့် သူ၏စိုးရိမ်ပူပန်မှုများကို ဖုံးကွယ်ရင်း အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
သူသည် ဧည့်သည်တော်နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချုန်ရှန်ထံသို့ ပြန်လည်အကြည့်ပို့လိုက်သည်။
"ခေါင်းမော့စမ်း" ချွမ်လင်းရူက တည်ငြိမ်သောအသံဖြင့် ပြောလိုက်သော်လည်း သူ၏စိတ်ထဲတွင်မူ အတွေးများ ဗလောင်ဆူနေခဲ့သည်။
ချုန်ရှန်းသည် နာခံမှုရှိစွာဖြင့် ခေါင်းမော့လိုက်ပြီး ချွမ်လင်းရူ၏ အကြည့်ကို ဆုံလိုက်သည်။
ခဏတာမျှ ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ပင်။
မျိုးနွယ်စုခေါင်းဆောင်၏ ဝိညာဉ်အာရုံသည် လူငယ်လေး၏ကိုယ်ပေါ်သို့ ဖြတ်စီးသွားချိန်တွင် ရင်ပြင်၏ အပူရှိန်၊ လူအုပ်၏ တိုးတိုးတိတ်တိတ် ပြောဆိုသံများ၊ တဖျတ်ဖျတ်လင်းနေသော မီးအိမ်များ—အားလုံးမှာ တိတ်ဆိတ်သွားသယောင် ရှိခဲ့သည်။
၎င်းမှာ သိမ်မွေ့သော်လည်း မမြင်နိုင်သော ချီ ဖိအားလှိုင်းတစ်ခု ဖြစ်သည်။
သာမန်လူများအတွက်မူ ၎င်းကို သတိပြုမိမည်မဟုတ်ပေ။
သို့သော် ချုန်ရှန်အတွက်မူ
သူ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သော ခံစားမှုတစ်ခု ပေါ်လာသည်။
ဘာတွေဖြစ်နေသည်ကို သူ ချက်ချင်းပင် သိလိုက်သည်။
(ငါ့ကို စမ်းသပ်နေကြပြီ...)
သူ၏စိတ်သည် အေးစက်တည်ငြိမ်ပြီး ပို၍ထက်မြက်လာသည်။
အပြင်ပန်းတွင်မူ သူသည် အသက်ရှူသံတည်ငြိမ်စွာဖြင့် အမူအရာမပျက် ငြိမ်သက်နေဆဲပင်။
အတွင်းစိတ်ထဲတွင်မူ သူ၏အတွေးများက ထိတ်လန့်တကြား ပြေးလွှားနေသည်။
(တစ်ယောက်ယောက် သတိထားမိသွားလို့လား?)
သူသည် မိစ္ဆာကျင့်စဉ်ကို အသုံးပြု၍ ကျင့်ကြံထားသော်လည်း ၎င်းကို ရည်ရွယ်ချက်ရှိရှိ ထုတ်မပြသရွေ့ သို့မဟုတ် အစွမ်းကုန် အသုံးမပြုသရွေ့ မည်သူမျှ သာမန်ချီနှင့် ခွဲခြားနိုင်မည်မဟုတ်ဟု ယုံကြည်ထားသည်။
အထူးသဖြင့် လောလောဆယ်တွင် သူ၏အဆင့်မှာ အလွန်နိမ့်ပါးနေသေးသောကြောင့် ပို၍သေချာသည်။
သို့သော် ယခုအခြေအနေအရ ချွမ်လင်းရူသည် သူ့အပေါ် သံသယဝင်နေပြီး သူ၏ခန္ဓာကိုယ်ကို စစ်ဆေးရန် ကြိုးစားနေခြင်းပင်။
အကယ်၍ အောင်မြင်သွားပါက ချုန်ရှန်းသည် မိစ္ဆာကျင့်ကြံသူဖြစ်ကြောင်း အမှန်တရားမှာ ပေါ်ပေါက်သွားပေလိမ့်မည်။
(ငါ တစ်ခုခုလုပ်မှ ဖြစ်တော့မယ်။)
ချွမ်လင်းရူ၏ ဝိညာဉ်အာရုံသည် ချုန်ရှန်း၏ကိုယ်ပေါ်သို့ သိမ်မွေ့စွာ ဖြတ်စီးနေဆဲမှာပင် ချုန်ရှန်းသည် ရုတ်တရက် မျက်နှာပျက်သွားသည်။
သူ့မျက်နှာမှာ အနည်းငယ် ဖြူလျော်သွားပြီး နာကျင်နေသည့်အလား ရင်ဘတ်ကို ဖိထားလိုက်သည်။
"မျိုး... မျိုးနွယ်စုခေါင်းဆောင်" သူက အားယူကာ ပြောလိုက်သည်။ "ခွင့်လွှတ်ပါခင်ဗျာ၊ ကျွန်တော့်ရဲ့ အရင်က ဒဏ်ရာတွေက... ပြန်ထလာသလိုပဲ။ မျိုးနွယ်စုခေါင်းဆောင်အနေနဲ့ ကျွန်တော့်ကို ခဏလောက် အနားယူခွင့်ပေးပြီး နောက်မှ လာတွေ့ခွင့် ပြုနိုင်မလားခင်ဗျာ?"
သူသည် ရိုသေစွာဖြင့် ခေါင်းငုံ့လိုက်ရင်း တိုးပွားလာသော ထိတ်လန့်မှုကို နှိမ့်ချသော အမူအရာအောက်တွင် ဖုံးကွယ်ထားလိုက်သည်။
(ငါသာ ခဏလောက် ထွက်သွားခွင့်ရမယ်ဆိုရင်...)
သို့သော် ချွမ်လင်းရူ မတုံ့ပြန်နိုင်မီမှာပင် ပိုင်ကျီဟန်၏ တည်ငြိမ်ပြီး သာယာသော အသံမှာ လေထုထဲသို့ တိုးဝင်လာသည်။
"စက္ကန့်ပိုင်းလောက်ပဲ ကြာမှာပါ"
ထိုစကားလုံးများသည် ရင်ပြင်တစ်ခုလုံးသို့ လွယ်လင့်တကူ ပျံ့နှံ့သွားသည်။
သာမန်ကာလျှံကာ ပြောလိုက်ခြင်း ဖြစ်သော်လည်း ငြင်းဆန်၍မရသော အရှိန်အဝါ ပါဝင်နေသည်။
ပိုင်ကျီဟန်သည် သူ၏နှုတ်ခမ်းကို အနည်းငယ် ကွေးညွှတ်ပြုံးလိုက်ရင်း “ဒါ့အပြင် မင်းကို အဆင့် (၄) ကုသဆေးဆေးလုံးတစ်လုံးကို ကိုယ်တိုင် ဆုချပါ့မယ်" ထပ်လောင်းပြောလိုက်သည်။
ထိုစကားအပြီးတွင် တိုးတိုးတိတ်တိတ် ပြောဆိုသံများ ချက်ချင်းပင် ဟိန်းထွက်လာသည်။
"အဆင့် (၄) တဲ့လား”
"သူ အခုလေးတင် အဆင့် (၄) ကုသရေးဆေးလုံးလို့ ပြောလိုက်တာလား?"
"ထိပ်တန်း မျိုးနွယ်စုကြီးတွေက လူတွေတောင် ဒါမျိုးကို အလွယ်တကူ မရနိုင်ဘူးဟ”
မရေတွက်နိုင်သော မျက်လုံးများထဲတွင် မနာလိုမှုများ လင်းလက်သွားကြသည်။
မင်းသမီး စွန်းယောင်းချင်းပင်လျှင် မျက်ခုံးအစုံ အနည်းငယ် မြင့်တက်သွားပြီး သူမ၏ တည်ငြိမ်သော မျက်နှာတွင် အံ့အားသင့်သည့် အရိပ်အယောင်လေး တစ်ခု ဖြတ်ပြေးသွားသည်။
အဆင့် (၄) ဆေးလုံးများသည် နန်းတွင်းဆေးတိုက်များတွင်ပင် ရှားပါးလှပြီး ပြင်းထန်သော ဒဏ်ရာများကို ကုသရန် သို့မဟုတ် ကျင့်စဉ်အခြေခံကို တည်ငြိမ်စေရန် အသုံးပြုရသည့် ရတနာများ ဖြစ်သည်။
သူမ၏ အကြည့်သည် ပိုင်ကျီဟန်ထံသို့ ခဏတာမျှ ရောက်ရှိသွားသည်။
တစ်ဖက်တွင်မူ ချွမ်လင်းရူမှာ သူ၏ ချီးကျူးအားကျမှုကို မဖုံးကွယ်နိုင်တော့ပေ။
(ပိုင်မျိုးနွယ်စုရဲ့ အမွေဆက်ခံသူဆိုတာ ထိုက်တန်ပါပေတယ်... သူ့ရဲ့ လက်ဆောင်ပေးပုံကတောင် ခမ်းနားလွန်းတယ်။ ငါသာ ဒီနေရာမှာ သူ့ရဲ့ မျက်နှာသာပေးမှုကို ရခဲ့ရင် ငါ့ရဲ့ ချွမ်မျိုးနွယ်စုဟာ တိုးတက်လာမှာ အသေအချာပဲ)
သူ၏ ဆုံးဖြတ်ချက်မှာ ချက်ချင်းပင် ခိုင်မာသွားသည်။
"မှန်ပါတယ်" သူက ယဉ်ကျေးသော အပြုံးဖြင့် ပြောရင်း ချုန်ရှန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"သခင်လေးပိုင်က တကယ့်ကို ရက်ရောလှပါတယ်။ အနည်းငယ်လောက် သည်းခံလိုက်စမ်း... ဒါကို အခွင့်အရေးတစ်ခုလို့ပဲ သတ်မှတ်လိုက်ပါ။"
ချုန်ရှန်း၏ ရင်ထဲတွင် လေးလံသွားရသည်။ သူသည် ကျေးဇူးတင်မည့်အစား ပိုင်ကျီဟန်ကို သတ်ပစ်ချင်သည့်အလား စိုက်ကြည့်နေမိသည်။
သို့သော် ပိုင်ကျီဟန်သည် သူနှင့်ပတ်သက်၍ တစ်ခုခုကို အမှန်တကယ် သိရှိသွားပြီဟု သူ မထင်သေးပေ။
ပိုင်ကျီဟန်သည် ကြွားဝါချင်ရုံသက်သက်သာ ဖြစ်လိမ့်မည်ဟု သူ ယူဆလိုက်သည်။
သူသည် အတန်ကြာအောင် ဝေခွဲမရဖြစ်နေပြီး ဘေးတစ်ဖက်တစ်ချက်ရှိ လက်သီးများကို တင်းတင်း ဆုပ်ထားမိသည်။
ထို့နောက် သူက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
"ကျွန်တော်... ဒီစေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ တစ်ခုခုတော့ မှားနေသလိုပဲ။"
သူ၏အကြည့်သည် ပွဲကြည့်စင်များဆီသို့ ဝေ့ဝဲသွားပြီးနောက် အထက်ရှိ စင်မြင့်ဆီသို့ ရောက်ရှိသွားသည်။ "ဒီမှာ တစ်ခုခု ကြံစည်နေတာ ရှိရမယ်။ ဒဏ်ရာတွေကို စစ်ဆေးဖို့သက်သက်နဲ့ ဘာလို့ ပြိုင်ပွဲတွေကို ရပ်နားပြီး လူအများရှေ့မှာ ကျွန်တော့်ကို ခေါ်ထုတ်ရတာလဲ?"
သူ၏စကားလုံးများသည် သတိကြီးစွာ ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း လေသံထဲတွင်မူ စိန်ခေါ်မှုအရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။
ပရိသတ်များကြားတွင် တုန်လှုပ်မှုလှိုင်းတစ်ခု ဖြတ်စီးသွားသည်။
(သူက မျိုးနွယ်စုခေါင်းဆောင်ကို ပြန်မေးခွန်းထုတ်လိုက်တာလား?)
ချွမ်လင်းရူ၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။
"ကြံစည်မှု ဟုတ်လား?"
သူက သတိပေးသံပါသော လေသံဖြင့် တိုးတိုးလေး ထပ်ပြောလိုက်သည်။
"မင်းက မင်းရဲ့ မျိုးနွယ်စုခေါင်းဆောင်ကို ကြံစည်နေတယ်လို့ စွပ်စွဲရဲတယ်ပေါ့လေ၊ ကောင်လေး?"
ချုန်ရှန်းသည် ချက်ချင်းပင် ဦးညွှတ်လိုက်သော်လည်း သူ၏အသံမှာ တုန်ရီနေသည်။
"ကျွန်တော် မဝံ့ရဲပါဘူး။ ကျွန်တော် ဆိုလိုတာက—"
"တိတ်စမ်း”
ချွမ်လင်းရူ၏ အသံသည် ဟိန်းထွက်သွားပြီး ရင်ပြင်တစ်ခုလုံးကို တုန်ခါသွားစေသည်။
သူ၏ အစောပိုင်းက ယဉ်ကျေးပျူငှာမှုများမှာ ပျောက်ကွယ်သွားပြီး အေးစက်ကာ အာဏာပါသော ဖိအားများဖြင့် အစားထိုးဝင်ရောက်လာသည်။
"ငါက မင်းရဲ့ ဒဏ်ရာတွေ သက်သာရဲ့လားဆိုတာကို သေချာအောင် စစ်ဆေးပေးဖို့ပဲ ကြိုးစားတာ။ ဒါကိုတောင် မင်းက ငါ့ရဲ့ ရည်ရွယ်ချက်ကို မေးခွန်းထုတ်ရဲတယ်ပေါ့? ငါ့ရဲ့ စိုးရိမ်မှုကို လှောင်ပြောင်မှုလို့ မင်းမှတ်ယူနေတာလား?"
လူအုပ်ကြီးမှာ ငြိမ်သက်သွားသည်။
လေထုပင်လျှင် ချုန်ရှန်း၏ ဘေးပတ်ပတ်လည်တွင် တင်းကျပ်လာသယောင် ရှိသည်။
သူသည် မိမိအတွင်းစိတ်ထဲမှ လှုပ်ခတ်မှုများကို ငြိမ်သက်စေရန် မေးရိုးကို တင်းတင်းစေ့ထားလိုက်သည်။
အမှန်တရားကို သူ သိနှင့်ပြီးသားဖြစ်သည်—တစ်ခုတည်းသော မျှော်လင့်ချက်မှာ ချွမ်လင်းရူအနေဖြင့် သူသည် မိစ္ဆာကျင့်ကြံသူဖြစ်ကြောင်း အသေအချာ မသိသေးရန်သာ ဖြစ်သည်။
ဤနေရာတွင် သူ တိုက်ခိုက်၍ မဖြစ်ပေ။ မိမိကိုယ်ကို ဖော်ပြသကဲ့သို့ ဖြစ်သွားမည်ကို မလိုလားပေ
သို့သော် ငြိမ်ငြိမ်လေးနေပြီး သူတို့၏ စမ်းသပ်မှုကို ခံယူရန်လည်း မဖြစ်နိုင်ပြန်ပေ။
သူ၏ မျက်လုံးများသည် သူ လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော လမ်းဖြစ်သည့် ဘေးထွက်ထွက်ပေါက်များဆီသို့ ခဏတာ ဝေ့ဝဲသွားသည်။
ချွမ်လင်းရူ၏ အသံမှာ ပြတ်သားပြီး နောက်ဆုံးစကားအဖြစ် ထပ်မံထွက်ပေါ်လာသည်။
"တော်ပြီ..မင်းသာ ဆက်ပြီး ငြင်းဆန်နေမယ်ဆိုရင် ဒါဟာ ချွမ်မျိုးနွယ်စုတစ်ခုလုံးကို အာခံတာလို့ ငါ သတ်မှတ်လိုက်မယ်”