← Chapters

ချုန်ရှန်း၏ ဇာတ်သိမ်းလော?

Vol. 22 Ch. 326

ချုန်ရှန်း၏ ဇာတ်သိမ်းလော?

Vol. 22 Ch. 326

ချွမ်လင်းရူသည် အစပိုင်းတွင် မင်းသမီး စွန်းယောင်းချင်းနှင့် ပိုင်ကျီဟန်တို့၏ မျက်နှာကို ထောက်ထား၍ စစ်ဆေးရန် စဉ်းစားခဲ့၏

သို့သော်လည်း ချုန်ရှန်း၏ ပြင်းထန်သော ငြင်းဆန်မှုကို မြင်သောအခါ သူကိုယ်တိုင်ပင် သံသယဝင်လာတော့သည်။

(သူ တကယ်ပဲ မိစ္ဆာကျင့်စဉ် ကျင့်နေတာလား?)

ကျေးကျွန်တစ်ယောက် မိစ္ဆာပညာရပ် သင်ယူထားခြင်း ရှိ၊ မရှိကို ချွမ်လင်းရူ ဂရုမစိုက်ပေ။ သို့သော် မင်းသမီးနှင့် ပိုင်ကျီဟန်တို့ ရှေ့မှောက်တွင် သူ၏လူတစ်ဦးက မိစ္ဆာပညာ ကျင့်ကြံနေသည်ဟု လူသိသွားပါက သူ၏မျိုးနွယ်စု ဂုဏ်သိက္ခာမှာ ပြိုလဲသွားပေလိမ့်မည်။

ထိုသို့မဖြစ်မီ သူ ဤအခြေအနေကို ကိုင်တွယ်ရမည်။ အနည်းဆုံးတော့ ချွမ်မျိုးနွယ်စုသည် မိစ္ဆာကျင့်ကြံသူနှင့် ဘာမှမပတ်သက်ကြောင်း ပြသရပေမည်။

ချုန်ရှန်း၏ သွေးခုန်နှုန်းများ မြန်လာသည်။

(ငါ ဒီမှာ ဆက်နေရင်... ငါ သွားပြီ။)

ထို့နောက်

သူသည် ဘာစကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ နောက်လှည့်ကာ ထွက်ပြေးလေတော့သည်။

ပွဲကြည့်စင်များထက်တွင် အံ့အားသင့်ကာ အသက်ရှူမှားသံများ ထွက်ပေါ်လာသည်။

"သူ ထွက်ပြေးနေပြီ”

"သူ ဘာလို့—"

ထိုခဏချင်းမှာပင် သံသယများသည် အတည်ဖြစ်သွားတော့သည်။

ချွမ်လင်းရူ၏ မျက်နှာသည် ဒေါသကြောင့် ရှုံ့မဲ့သွားပြီး သူသည် ဝုန်းခနဲ မတ်တပ်ရပ်လိုက်သည်။

"သူ့ကို တားကြစမ်း” သူက ဟိန်းဟောက်လိုက်သည်။ "လွတ်မသွားစေနဲ့”

ချွမ်မျိုးနွယ်စုဝင်များသည် ချွမ်လင်းရူ၏ အမိန့်အတိုင်း ချက်ချင်း တုံ့ပြန်ကြပြီး ထွက်ပေါက်ဆီသို့ ဦးတည်နေသော ချုန်ရှန်းကို တားဆီးရန် လှုပ်ရှားကြသည်။

ဝှူး

သူသည် အစောင့်များကို ကျွမ်းကျင်စွာ ရှောင်တိမ်းသွားသည်။

အကြီးအကဲများ လှုပ်ရှားလာချိန်မှာပင် ချုန်ရှန်း၏ ပုံရိပ်မှာ စင်မြင့်အစွန်းတွင် ဝေဝါးနေပြီ ဖြစ်သည်—သူသည် အရိပ်တစ်ခုအလား လူအုပ်ကြားထဲတွင် အသည်းအသန် မြန်နှုန်းဖြင့် တိုးဝှေ့ပြေးလွှားနေသည်။

သို့သော် သူသည် မိစ္ဆာချီကို အသုံးမပြုသေးပေ။

သူသည် အခြားသူများ၏ လှုပ်ရှားမှုကို ခန့်မှန်းကာ ရှောင်ထွက်နေခြင်းသာ ဖြစ်သော်လည်း အစောင့်များ ပိုမိုဝိုင်းလာသောအခါ ထိုနည်းလမ်းသည် အလုပ်မဖြစ်တော့သည်မှာ ထင်ရှားသည်။

သူသည် လူသားတစ်ယောက်၏ ခွန်အားကို အဆုံးစွန်အထိ အသုံးပြုလိုက်သဖြင့် ကြွက်သားတိုင်းမှာ ပူလောင်နေသည်။ သူသည် သူ၏ ချီအားလုံးကို ခြေထောက်များဆီသို့ ပို့လွှတ်ကာ မြန်နှုန်းကို မြှင့်တင်လိုက်သည်။

သို့သော် အဆုံးတွင်မူ သူသည် ချီသန့်စင်ခြင်းအဆင့်သာ ရှိသေးပြီး သူ့ကို လိုက်လံဖမ်းဆီးသူများနှင့် အစောင့်များမှာမူ အခြေခံ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်နှင့် ထိုထက် မြင့်မားသူများ ဖြစ်ကြသည်။

ချွမ်လင်းရူ၏ အသံသည် ခန်းမကြီးတစ်ခုလုံး တုန်ခါသွားစေလောက်အောင် ထပ်မံဟိန်းထွက်လာသည်။

"ထွက်ပေါက်တွေကို ပိတ်လိုက်စမ်း။ အဲဒီကျွန်က သူကျူးလွန်တဲ့ အပြစ်တွေအတွက် ပြန်ပေးဆပ်ရမယ်”

အစောင့်များသည် အမိန့်အတိုင်း ဆောင်ရွက်ကြသည်။

ထို့နောက်တွင်

ရှုပ်ထွေးပွေလီမှုများကြားတွင် ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"ဒီတိရစ္ဆာန်လေး”

ချွမ်ကျီယန်၏ မိခင်သည် မုန်တိုင်းတစ်ခုအလား စင်မြင့်ပေါ်မှ ဆင်းသက်လာပြီး သူမ၏ မျက်လုံးများတွင် မုန်းတီးမှုများ တောက်လောင်နေသည်။

မျိုးနွယ်စုခေါင်းဆောင် သတိပေးထားသဖြင့် သူမသည် အောင့်အည်းသည်းခံနေခဲ့ရခြင်း ဖြစ်သည်။ နောက်တစ်ကြိမ် ထပ်မံ အာခံပါက ဆိုးကျိုးများ ခံစားရမည်ကို သူမ သိသည်။

သို့သော် မိနစ်ပိုင်းအကြာမှာပင် သူမ၏ သားအတွက် လက်စားချေရန် အခွင့်အရေးရလာပြီး အစောပိုင်းက အမိန့်မနာခံမှုကိုပင် ခွင့်လွှတ်ခံရနိုင်ခြေရှိမည်ဟု မည်သူက ထင်ထားပါမည်နည်း။

၎င်းသည် နတ်ဘုရားက ပေးသော အခွင့်အရေးပင်။

"ငါ သိသားပဲ..မင်းဆီမှာ ယုတ်ညံ့တဲ့အရာတစ်ခုခု ရှိနေတယ်ဆိုတာ ငါသိတယ်”

မည်သူမျှ မတုံ့ပြန်နိုင်မီ သူမ၏ လက်ဖဝါးမှ ပြင်းထန်သော ချီများ ထွက်ပေါ်လာသည်။

တောက်ပသော ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော အားကောင်းသည့် တိုက်ကွက်တစ်ခု ဖြစ်လာသည်။

ထိန်းချုပ်မှု မရှိ။

တွန့်ဆုတ်မှု မရှိပေ

၎င်းမှာ အကုန်အစင် ဖျက်ဆီးပစ်ရန် ရည်ရွယ်သည့် တိုက်ကွက်ပင်။

"သေစမ်း”

သူမသည် အော်ဟစ်ရင်း ချုန်ရှန်း၏ ကျောပြင်ဆီသို့ သူမ၏ လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

ဖိအားကြောင့် လေထုပင် တင်းကျပ်သွားသည်။ သူမ၏ ခြေဖဝါးအောက်ရှိ ကြွေပြားများမှာ အက်ကွဲသွားပြီး ရင်ပြင်တစ်ခုလုံးတွင် လေပြင်းများ တိုက်ခတ်လာသည်။

ယခုမူ ချုန်ရှန်းကို ကာကွယ်ပေးမည့်သူ မရှိတော့ပေ။

သူမကို တားဆီးမည့် မျိုးနွယ်စုခေါင်းဆောင်လည်း မရှိပေ

ထိုတိုက်ကွက်သည် နတ်ဘုရား၏ စီရင်ချက်အလား တားဆီး၍မရဘဲ ကျရောက်လာသည်။

ချုန်ရှန်း၏ မျက်လုံးများ အေးစက်သွားသည်။

အကယ်၍ သူ ဘာမှမလုပ်ပါက ဤနေရာတွင် သူ သေရပေတော့မည်။

ချွမ်ကျီယန် မိခင်၏ လက်ဖဝါးသည် နတ်ဘုရား၏ အမျက်ဒေါသအလား ကျရောက်လာပြီး တောက်ပသော ရွှေရောင်အလင်းများက ချုန်ရှန်းကို ဝါးမြိုသွားသည်။

ပေါက်ကွဲသံမှာ ရင်ပြင်တစ်ခုလုံး ဟိန်းထွက်သွားကာ ကျောက်ပြားများ အက်ကွဲပြီး တုန်ခါမှုလှိုင်းများ ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားရာ အစောင့်အချို့ပင် လွင့်ထွက်သွားကြသည်။

အလင်းတန်းများ ပျောက်ကွယ်သွားသောအခါ တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။

ချုန်ရှန်းရပ်နေခဲ့သည့် နေရာတွင် မီးလောင်ကျွမ်းနေသော ကျင်းကြီးတစ်ခုသာ ကျန်ရစ်သည်။

လူအုပ်ကြားတွင် အံ့သြသံများနှင့် တိုးတိုးတိတ်တိတ် ပြောဆိုသံများ ထွက်ပေါ်လာသည်။

"အဲဒီအစေခံတော့ သေပြီပဲ”

"အကြီးအကဲတစ်ယောက်ဆိုတာနဲ့ ထိုက်တန်ပါပေတယ်..."

သို့သော် ထိုအချိန်တွင်

ထွက်ပေါ်လာသော ဖုန်မှုန့်များကြား၌ အရိပ်တစ်ခု လှုပ်ရှားလာသည်။

တုန်တုန်ရီရီဖြင့် ပုံရိပ်တစ်ခုမှာ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လာသည်။

ချုန်ရှန်းသည် ထိုနေရာတွင် ရပ်နေဆဲဖြစ်ကာ ဝတ်ရုံသည် စုတ်ပြတ်နေပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျနေသော်လည်း သူ၏ အကြည့်မှာမူ အေးစက်မြဲပင်။

"ဘာ... သူ ဘယ်လိုလုပ် အသက်ရှင်နေတာလဲ?”

တီးတိုးပြောဆိုသံများမှာ မယုံကြည်နိုင်သော အော်ဟစ်သံများအဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် သူတို့ တစ်ခုခုကို ခံစားလိုက်ရသည်။

ချုန်ရှန်း၏ ခန္ဓာကိုယ်မှ ထူထပ်ကာ မှောင်မည်းနေသော မြူခိုးများ စိမ့်ထွက်လာသည်။ ၎င်းတို့သည် မြွေတစ်ကောင်အလား သူ့ကိုယ်တွင် ရစ်ပတ်နေပြီး ကိုယ်ပိုင်အလိုဆန္ဒရှိသည့်အလား လှုပ်ခတ်နေသည်။

သူ၏ အရှိန်အဝါမှာ ပြောင်းလဲသွားသည်—သာမန် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်တော့ဘဲ ပို၍ ရှေးကျကာ ပို၍ လေးလံပြီး ညစ်ညမ်းသော အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

"ဒါ... ဒါက”

"မိစ္ဆာချီ”

အနက်ရောင်မြူခိုးများသည် လှိုင်းထလာပြီး သူ၏နောက်ကျောတွင် အမှောင်ထုဖြင့် ပြုလုပ်ထားသော လွှသွားပုံစံ အမှတ်အသားတစ်ခုဖြစ်ပေါ်လာသည်။

၎င်းသည် တစ်ချက် တုန်ခါသွားပြီး ကျင်းကြီး၏ ဘေးပတ်ပတ်လည်တွင် ကျန်ရှိနေသော ရွှေရောင်စွမ်းအင်များကို လှုပ်ခတ်နေသော အမှောင်ရိပ်များဖြင့် ဝါးမြိုပစ်လိုက်သည်။

ချုန်ရှန်းသည် ခေါင်းမော့လိုက်ကာ သူ၏ နှုတ်ခမ်းတွင် သွေးများရှိနေဆဲဖြစ်သော်လည်း အေးစက်သော အပြုံးတစ်ခုက ထွက်ပေါ်လာသည်။

"ဒါပဲလား...?"

သူ၏ ဘေးပတ်ပတ်လည်တွင် အနက်ရောင်ချီများသည် တားမြစ်မီးလျှံမှ ထွက်ပေါ်လာသော မီးခိုးများအလား ဝေ့ဝဲနေသည်။

ရင်ပြင်အတွင်းရှိ မျက်လုံးတိုင်းသည် သူ့ထံသို့သာ စိုက်ကြည့်နေကြသည်။

ကြောက်ရွံ့မှု၊ ရွံရှာမှုနှင့် မယုံကြည်နိုင်မှုများမှာ လူအုပ်ကြားတွင် ပျံ့နှံ့သွားသည်။

"သူ တကယ်ပဲ မိစ္ဆာစွမ်းအားကို သုံးလိုက်တာပဲ..."

"သခင်လေး ကျီယန်ကို ဘာလို့ အနိုင်ယူနိုင်သလဲဆိုတာ အံ့သြစရာ မရှိတော့ဘူး”

"ဒါကြောင့်ကိုး…ယုတ်ညံ့တဲ့ လှည့်ကွက်တွေနဲ့ တားမြစ်ပညာရပ်တွေကို သုံးခဲ့တာပဲ”

မင်းသမီး စွန်းယောင်းချင်း၏ မျက်နှာမှာ အနည်းငယ် ဖြူလျော်သွားသည်။ သူမသည် မျက်မှောင်ကြုတ်ရင်း ပိုင်ကျီဟန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

(ဒါဆို... သူက တကယ့်ကို မိစ္ဆာကျင့်ကြံသူပဲပေါ့။ ပိုင်ကျီဟန်က ဒါကို ကြိုသိနေတာလား?)

သူမ၏ အကြည့်သည် ဘေးရှိ သခင်လေးထံတွင် ခဏတာ ရပ်တန့်သွားသည်။

ပိုင်ကျီဟန်၏ နှုတ်ခမ်းများမှာ သိနားလည်သည့် အပြုံးအဖြစ် ကွေးညွှတ်သွားသည်။

ထိတ်လန့်နေသော အကြည့်များကြားတွင် ဝိုင်းရံခံထားရသည့် ချုန်ရှန်းကို ကြည့်ရင်း သူ၏မျက်လုံးများတွင် အေးစက်သော ဖျော်ဖြေမှုအရိပ်အယောင်များဖြင့် တောက်ပနေသည်—ပင့်ကူတစ်ကောင်သည် မိမိရက်ထားသော ပိုက်ကွန်ထဲတွင် ရုန်းကန်နေသည့် သားကောင်ကို တည်ငြိမ်စွာ ကြည့်နေသကဲ့သို့ပင်။

ပုံမှန်ဆိုလျှင် ဤအချိန်သည် ဇာတ်လိုက်တစ်ဦးအနေဖြင့် ပုန်းအောင်းနေထိုင်ပြီး အစွမ်းများကို ပြန်လည်တည်ဆောက်ရမည့် အချိန်

ဖြစ်သည်။

သို့သော် ဤဖြစ်ရပ်ကြောင့် ချုန်ရှန်းတစ်ယောက် နောက်ထပ် လူမသိအောင် နေထိုင်ရန် မဖြစ်နိုင်တော့သည်မှာ သေချာသွားပြီဖြစ်သည်။ ယနေ့မှစ၍ သူသည် ကမ္ဘာမြေအဆုံးအထိ လိုက်လံဖမ်းဆီးခြင်းကို ခံရပေလိမ့်မည်။ အကြောင်းမှာ မိစ္ဆာကျင့်ကြံသူများကို တစ်လောကလုံးက ရွံရှာမုန်းတီးကြသောကြောင့် ဖြစ်သည်။ မည်သည့်အင်ပါယာကမျှ သူတို့ကို ခိုလှုံခွင့်ပေးမည်မဟုတ်သလို ဖြောင့်မတ်သော လမ်းစဉ်ကို ဆန့်ကျင်သူအဖြစ်လည်း အမြင်မခံရဲကြပေ။

(ဒါက သူ့အတွက် ဇာတ်သိမ်းပဲ... အနည်းဆုံးတော့ သူက သာမန်လူတစ်ယောက်ဆိုရင်ပေါ့။) သို့သော် ချုန်ရှန်းမှာ သာမန်လူတစ်ဦး မဟုတ်ပေ — သူသည် ထူးကဲသော ကံတရားကို ပိုင်ဆိုင်ထားသည့် ကောင်းကင်ဘုံ၏ ရွေးချယ်ခံတစ်ဦးဖြစ်သည်။ သူက ဒီလောက်အလွယ်တကူ သေပါ့မည်လော?

ပိုင်ကျီဟန်ကတော့ ထိုသို့မထင်ပေ။

ချွမ်လင်းရူ၏ အော်ဟစ်သံသည် ခန်းမထဲတွင် ပဲ့တင်ထပ်နေ၏

ပထမအသုတ် အစောင့်များက ရှေ့သို့ ပြေးဝင်လာကြသည်—ချီဓားများသည် တဖျတ်ဖျတ်လက်နေပြီး သတ်ဖြတ်လိုစိတ်များမှာလည်း ပြင်းထန်နေသည်။

"သူ့ကို ဖမ်းကြစမ်း..အဲဒီ မိစ္ဆာအညစ်အကြေးကို သတ်ပစ်ကြစမ်း”

ချုန်ရှန်း၏ အသက်ရှူသံသည် ပြတ်တောင်းပြတ်တောင်း ဖြစ်နေပြီး နှုတ်ခမ်းတွင်လည်း သွေးများ ရှိနေဆဲပင်။ သို့သော် သူ၏ အကြည့်သည် စူးရှအေးစက်နေကာ မျှော်လင့်ချက်မဲ့နေသော အစေခံတစ်ဦး၏ အကြည့်မျိုး မဟုတ်တော့ဘဲ ထောင့်ပိတ်မိနေသော သားရဲတစ်ကောင်၏ အကြည့်မျိုး ဖြစ်နေသည်။

"ကောင်းပြီလေ..."

သူက တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ၏ လက်ဖဝါးများမှ အနက်ရောင်ချီများသည် လှိုင်းထလာသည်။ "မင်းတို့အားလုံးက သေချင်နေကြတာဆိုရင်လည်း—ငါက ဖြည့်ဆည်းပေးရတာပေါ့။"

သူသည် လက်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်။

ဘုန်း

အနက်ရောင်လှိုင်းတစ်ခုသည် အပြင်ဘက်သို့ ပေါက်ကွဲထွက်သွားပြီး ရှေ့ဆုံးမှ အစောင့်အချို့ကို ဝါးမြိုသွားသည်။

မိစ္ဆာချီများသည် သူတို့၏ ကာကွယ်ရေးများကို တိုက်စားလိုက်သဖြင့် ဝတ်ဆင်ထားသော သံချပ်ကာများမှာ အရည်ပျော်သွားပြီး မိစ္ဆာစွမ်းအင် ထိတွေ့သော အရေပြားများမှာလည်း မီးလောင်ဖုများ ထလာသည်။

"ဒါ... ဒါက ဘယ်လိုစွမ်းအားမျိုးလဲ”

"နောက်ဆုတ်ကြ၊ အဲဒီ ချီတွေနဲ့ အထိမခံနဲ့”

သို့သော် ချုန်ရှန်းက မရပ်တန့်ခဲ့ပေ

အနက်ရောင်မြူခိုးများသည် ပိုမိုထူထပ်လာပြီး သူ၏ လက်မောင်းများတွင် မြွေများအလား ရစ်ပတ်လာသည်။ သူ၏ တိုက်ကွက်များမှာ ပိုမိုမြန်ဆန်ကာ ကြမ်းတမ်းလာသည်- ရိုက်ချက်တိုင်းတွင် သဘာဝမကျသော အရှိန်အဝါများ ပါဝင်နေသည်။ သူသည် အရိပ်တစ်ခုအလား အစောင့်များကြားထဲတွင် တိုးဝှေ့နေသဖြင့် အစောင့်များ၏ လူစုမှာ ပျက်ပြားသွားသည်။ သူ၏ လှုပ်ရှားမှုတိုင်းသည် ဒေါသနှင့် မျှော်လင့်ချက်မဲ့မှုတို့ဖြင့် လှုံ့ဆော်ခံထားရသည်။

အစောင့်တစ်ဦးက ဓားဖြင့် ခုတ်ချလိုက်သော်လည်း ချုန်ရှန်းသည် ထိုဓားကို လေထဲတွင်ပင် ဖမ်းယူလိုက်သည်။

သူ၏ လက်ထဲတွင် သတ္တုသည် တရှူးရှူးနှင့် အရည်ပျော်သွားသည်။

"မဖြစ်နိုင်တာ”

ထိုလူ စကားမဆုံးမီမှာပင် ချုန်ရှန်းသည် သူ၏ လက်ဖဝါးဖြင့် ထိုလူ၏ ရင်ဘတ်ကို ရိုက်ထုတ်လိုက်သည်။ ထိမှန်မှုကြောင့် ထိုလူမှာ လွင့်ထွက်သွားပြီး လေထဲတွင် သွေးများ ပန်းထွက်သွားသည်။

ခန်းမတစ်ခုလုံး အံ့သြတုန်လှုပ်သွားကြသည်။

"ဒီခွန်အားက—သူက ချီသန့်စင်ခြင်းအဆင့်ပဲ ရှိသေးတာ၊ ဘယ်လိုလုပ်ပြီး”

"ဒါက မိစ္ဆာကျင့်စဉ်ပဲ၊ သူက သူတို့ရဲ့ ချီတွေကို စုပ်ယူနေတာ” တကယ်တော့ ချုန်ရှန်းကို တိုက်ခိုက်လိုက်တိုင်း စုပ်ယူလိုက်သော စွမ်းအင်များသည် သူ၏ ဘေးပတ်ပတ်လည်တွင် ပေါ်လာတတ်သည်။

သူသည် သူတို့၏ သက်စောင့်အားကို ဝါးမြိုနေပြီး သူ၏ ဒဏ်ရာများကိုလည်း ချက်ချင်း ပြန်လည်ကုသနေသည်။

သို့သော် သူ၏ အသက်ရှူသံသည် ပို၍ လေးလံလာသည်။ သူ၏ သွေးကြောမျှင်များမှာလည်း နာကျင်မှုကြောင့် အော်ဟစ်နေရသည်—သူ၏ ခန္ဓာကိုယ်မှာ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် သူသည် ရပ်တန့်ရန် ငြင်းဆန်နေဆဲပင်။

အစောင့်နှစ်ဦး ထပ်မံလဲကျသွားပြီး သူတို့၏ အမြုတေများမှာ ပျက်စီးသွားသည်။ ကျန်ရှိနေသော ကျင့်ကြံသူများသည် တွန့်ဆုတ်နေကြသည်—သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုနှင့် တာဝန်သိစိတ်တို့မှာ တိုက်ပွဲဖြစ်နေသည်။

ထို့နောက် အော်ဟစ်သံတစ်ခု လေထုကို ခွဲထွက်လာသည်။

"တော်ပြီ”

အထက်မှ အားကောင်းသော အရှိန်အဝါ သုံးခု ဆင်းသက်လာသည်—သူတို့သည် ချွမ်မျိုးနွယ်စု အကြီးအကဲများ ဖြစ်ကြပြီး တစ်ဦးစီမှာ အဓိက ပေါင်းစည်းခြင်းအဆင့်ပညာရှင်များ ဖြစ်ကြသည်။

သူတို့၏ ဖိအားသည် တောင်ကြီးများအလား ကျရောက်လာပြီး ရင်ပြင်အတွင်း ပြည့်နှက်နေသော မိစ္ဆာချီများကို နှိပ်ကွပ်လိုက်သည်။

သူတို့နှင့်အတူ ပြင်းထန်သော ဒေါသ၏ ရွှေရောင်အလင်းတန်းများလည်း ပါလာသည်

သူမကတော့ ချွမ်ကျီယန်၏ မိခင်ပင်။

သူမ၏ မျက်လုံးများသည် သွေးရောင်လွှမ်းနေပြီး ဆံပင်များမှာလည်း ဖရိုဖရဲဖြစ်နေကာ

ဝမ်းနည်းမှုနှင့် မုန်းတီးမှုတို့ကြောင့် သူမ၏ မျက်နှာမှာ ပုံပျက်နေသည်။

"မင်းက ငါ့ရဲ့ ချွမ်မျိုးနွယ်စုဝင်တွေကို ငါ့ရှေ့တင် သတ်ရဲတယ်ပေါ့လေ”

သူမ၏ လက်နှစ်ဖက်ကို ပေါင်းစည်းကာ အမှတ်အသားတစ်ခုပြုလုပ်လိုက်ပြီး သူမ၏ ဘေးပတ်ပတ်လည်တွင် နေမင်းတစ်စင်းအလား ရွှေရောင်အလင်းများ ပွင့်ကားလာသည်။

"ဒီနေ့တော့ ငါ့သားအပေါ် မင်းလုပ်ခဲ့တဲ့အရာတွေအတွက် မင်း သေရမယ်။"

သူမက အရင်ဆုံး တိုက်ခိုက်လိုက်သည်။

မီးလျှံတိုင်ကြီးတစ်ခု ပေါ်ထွက်လာပြီး လေထုကို ခွဲကာ ချုန်ရှန်းထံသို့ ပြေးဝင်သွားသည်။

သူသည် လက်နှစ်ဖက်ကို မြှောက်ကာ မိစ္ဆာချီဖြင့် ဒိုင်းတစ်ခု ပြုလုပ်လိုက်သော်လည်း ထိပ်တိုက်တွေ့မှုမှာ ပြင်းထန်လှသည်။ မီးလျှံများက သူ၏ ကာကွယ်ရေးကို ဖောက်ထွက်သွားပြီး သူ၏ ရင်ဘတ်ကို အားပြင်းစွာ ထိမှန်သွားသည်။

ဘုန်း

ရိုက်ခတ်မှုကြောင့် သူသည် ခန်းမ၏ တစ်ဖက်သို့ လွင့်ထွက်သွားသည်။ သူသည် ကျောက်တိုင်တစ်ခုကို ဝင်တိုက်ကာ သွေးများ အော့အန်လိုက်ရပြီး သူ၏ဘေးရှိ မိစ္ဆာချီများမှာလည်း ပြင်းထန်စွာ တုန်ခါသွားသည်။

သူ မထနိုင်မီမှာပင် အကြီးအကဲ သုံးဦးသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြကာ တစ်ဦးစီက ပြင်းထန်သော နည်းစနစ်များကို တပြိုင်တည်း ထုတ်ဖော်လိုက်ကြသည်။

လေထုမှာ စွမ်းအားများကြောင့် တွန့်လိမ်နေသည်။ ဓားများ ကျဆင်းလာပြီး လျှပ်စီးတန်းများ မြေပြင်တစ်လျှောက် စီးဆင်းသွားသည်။ သူ့ကို ချည်နှောင်ရန် အဆောင်လက်ဖွဲ့ များသည် လေထဲတွင် တောက်လောင်လာသည်။

ချုန်ရှန်းသည် ဟိန်းဟောက်ရင်း ဒဏ်ရာရနေသော သူ၏ ခန္ဓာကိုယ်ကို အတင်းအကျပ် မတ်တပ်ရပ်စေသည်။ သူ၏ အရေပြားပေါ်တွင် အနက်ရောင် သွေးကြောများ ပေါ်လာပြီး မျှော်လင့်ချက်မဲ့နေသော နောက်ဆုံး တန်ပြန်တိုက်ကွက်တစ်ခုတွင် အားလုံးကို ပုံအောလိုက်သည်။

"ကောင်းကင်ဘုံ မိစ္ဆာဝါးမြိုခြင်း”

သူ၏ နောက်ကျောတွင် အနက်ရောင် စွမ်းအင်ဖြင့် ပြုလုပ်ထားသော လက်သည်းကြီးတစ်ခု ပေါ်ထွက်လာပြီး ဝင်လာသော တိုက်ကွက်နှစ်ခုကို ခုတ်ဖြတ်လိုက်သည်—သို့သော် တတိယမြောက် တိုက်ကွက်က ဖောက်ထွက်သွားပြီး သူ၏ ရင်ဘတ်တည့်တည့်ကို ထိမှန်သွားသည်။

သူ၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ မိစ္ဆာအရှိန်အဝါသည် အားနည်းသွားပြီး ငြိမ်းလုဆဲဆဲ မီးလျှံတစ်ခုအလား တဖျတ်ဖျတ် ဖြစ်သွားသည်။

သူသည် ဒူးတစ်ဖက် ထောက်ကျသွားသည်။

(ဒီခန္ဓာကိုယ်က အရမ်းအားနည်းလွန်းတယ်)

သူ၏ အမြင်အာရုံများသည် ဝေဝါးလာပြီး ကမ္ဘာကြီးတစ်ခုလုံး လည်ပတ်နေသည်။ ချွမ်မိသားစုမှ ကျင့်ကြံသူများ၏ အောင်နိုင်သောအသံများကို သူ ကြားနေရသည်။

"ပြီးသွားပြီ။"

"သူ့ရဲ့ ဇာတ်သိမ်းက ဒီမှာပဲ။"

"သူ ထပ်မလွတ်ခင် သတ်ပစ်ကြစမ်း”

ချွမ်ကျီယန်၏ မိခင်သည် နောက်ဆုံးတိုက်ကွက်အတွက် ချီများကို စုစည်းရင်း လက်ကို ထပ်မံမြှောက်လိုက်သည်။

"ဒါက ချွမ်မျိုးနွယ်စုကို အာခံတဲ့သူတွေရဲ့ ကံကြမ္မာပဲ”

သူမ၏ အသံထဲမှ သတ်ဖြတ်လိုစိတ်ကြောင့် လူအုပ်ကြီးပင် တွန့်သွားကြသည်။

သို့သော် ဒဏ်ရာများဖြင့် သွေးထွက်သံယိုဖြစ်ကာ ဒူးထောက်နေရသော်လည်း ချုန်ရှန်းက ခေါင်းမော့လိုက်သည်—သူ၏ မျက်လုံးများတွင် ထူးဆန်းကာ အရှုံးမပေးလိုသော အလင်းရောင်များ တောက်လောင်နေသည်။

"ပြီးသွားပြီ ဟုတ်လား?"

သူသည် ချောင်းဆိုးလိုက်ရင်း နှုတ်ခမ်းတွင် ခါးသီးသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။

"ဟင့်အင်း... ငါ မပြီးသေးဘူး။"

All Chapters