← Chapters

တော်ဝင်သွေးသားနှင့် ပိုင်မျိုးနွယ်၏ ဒေါသ

Vol. 22 Ch. 330

တော်ဝင်သွေးသားနှင့် ပိုင်မျိုးနွယ်၏ ဒေါသ

Vol. 22 Ch. 330

"မင်းကတော့ သေချင်နေတာပဲ”

လေထုကိုပင် ခဲသွားစေနိုင်လောက်သည့် သတ်ဖြတ်လိုသော အငွေ့အသက်များနှင့်အတူ ပိုင်ကျီဟန်၏ အသံသည် ခန်းမအတွင်း ဟိန်းထွက်သွားသည်။

ပဉ္စမမင်းသားနှင့် လောင်ချင်းတို့ နှစ်ဦးစလုံးသည် သူ၏ စွမ်းအားလှိုင်းများကြောင့် တုန်လှုပ်သွားကြသည်။

လောင်ချင်းသည် သူမ၏ စိတ်ဓာတ်ကို အတင်းအကြပ် တင်းခံထားသော်လည်း ယခုအခါတွင်မူ လုံးဝ ပြိုလဲသွားရပြီဖြစ်သည်။

"သခင်လေး...”

သူမ၏ အသံမှာ တုန်ယင်နေပြီး မျက်ရည်များ ဝဲတက်လာသည်။

ဤဆိုးရွားသော အခြေအနေ စတင်ကတည်းက သူမသည် ပိုင်မျိုးနွယ်နှင့် သူမအလုပ်အကျွေးပြုရသည့် သခင်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

သို့သော် သူမသည် အိမ်စေမိန်းကလေးတစ်ဦးသာ ဖြစ်ပြီး ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေကို ရင်ဆိုင်ရသည့်အခါတွင်မူ ကြောက်ရွံ့မှုနှင့် အရှက်ရမှုများက ရင်ထဲတွင် ပြည့်နှက်နေခဲ့သည်။

ပိုင်ကျီဟန် ရောက်ရှိလာခြင်းသည် ထိုအရာအားလုံးကို ရိုက်ခွဲပစ်လိုက်သကဲ့သို့ပင်။

တစ်ချိန်က သူမ ကြောက်ရွံ့ခဲ့ဖူးသော ထိုမျက်နှာသည် ယခုအခါတွင်မူ ပထမဦးဆုံးအကြိမ်အဖြစ် သူမအတွက် နွေးထွေးလုံခြုံမှုကို ပေးစွမ်းနေသည်။

ပဉ္စမမင်းသား ချီတုံချတုံ ဖြစ်နေစဉ်အတွင်း လောင်ချင်းသည် အခွင့်ကောင်းယူ၍ ရုန်းထွက်ကာ ပိုင်ကျီဟန်ထံသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်သည်။

"ကျွန်မ တောင်းပန်ပါတယ် သခင်လေး”

သူမသည် အပြစ်မကင်းသလို ခံစားရသဖြင့် ခေါင်းငုံ့ကာ ငိုယိုရင်း ပြောလိုက်သည်။

ပိုင်ကျီဟန်၏ မျက်နှာသည် ခဏတာ ပျော့ပျောင်းသွားပြီး

"စိတ်မပူနဲ့၊ မင်း ဘာမှ မမှားဘူး။"

ထို့နောက် သူ၏ အကြည့်များက ထက်မြက်သော ဓားသွားများကဲ့သို့ စူးရှသွားသည်။

"စည်းကျော်လာတာက ဒီအမှိုက်ကောင်ပဲ။"

သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများသည် အခန်းထဲတွင် ပိုမိုပြင်းထန်လာပြီး အသက်ရှူရပင် ခက်ခဲစေသည်။

ပဉ္စမမင်းသားသည် မျက်နှာတစ်ခုလုံး နီမြန်းကာ ချွေးပြန်နေသော်လည်း မာန်မာနကြောင့် အလျှော့မပေးဘဲ အော်ဟစ်လိုက်သည်။"မင်းက ဘယ်သူလဲ? ငါကိုယ်တော်ရဲ့ ပျော်ရွှင်စရာအချိန်ကို ဖျက်ဆီးရအောင် မင်းက ဘယ်လောက်တောင် သတ္တိရှိနေတာလဲ။ မင်း ဘယ်သူနဲ့ စကားပြောနေတာလဲဆိုတာ သိရဲ့လား”

ထိုအချိန်တွင် ပိုင်ကျီဟန်၏ နောက်ကွယ်မှ တံခါးများ ပွင့်ထွက်သွားပြီး ပိုင်မျိုးနွယ်ဝင် အများအပြား ပြေးဝင်လာကြသည်။ မြင်ကွင်းကို ကြည့်ပြီး သူတို့အားလုံး အံ့အားသင့်သွားကြသည်။

"သ-သခင်လေး...”

ပိုင်ကျီဟန်သည် နောက်သို့လှည့်မကြည့်ဘဲ အေးစက်စွာ အမိန့်ပေးလိုက်သည်။

"လောင်ချင်းကို ကာကွယ်ထားကြ၊ ဘယ်သူ့ကိုမှ အနားမကပ်စေနဲ့။ ဘယ်သူပဲလာလာ ငါ့ကို လာမနှောင့်ယှက်စေနဲ့။"

"ဟုတ်ကဲ့ပါ သခင်လေး”

အခြားမျိုးနွယ်ဝင်နှစ်ဦးသည် ရှေ့သို့တိုးလာပြီး လောင်ချင်းကို ညင်သာစွာ တွဲခေါ်သွားကြသည်။

လောင်ချင်းသည် နှုတ်ခမ်းများ တုန်ယင်လျက် နောက်သို့ လှည့်ကြည့်နေမိသော်လည်း ပိုင်ကျီဟန်ကမူ လှည့်မကြည့်တော့ပေ။ သူ၏ အာရုံအားလုံးသည် ရှေ့တွင်ရှိသော ပဉ္စမမင်းသားအပေါ်သို့သာ ကျရောက်နေပြီဖြစ်သည်။

ပဉ္စမမင်းသားမှာမူ လုံးဝ လျစ်လျူရှုခြင်းခံလိုက်ရသဖြင့် ဒေါသများ အလိပ်လိပ်ထွက်နေတော့သည်။

"မင်း သိလား... တော်ဝင်မျိုးနွယ်ကို စော်ကားတဲ့သူတွေ ဘာဖြစ်တတ်သလဲဆိုတာ..မင်းနဲ့ မင်းရဲ့ တစ်မျိုးနွယ်လုံး အသတ်ခံရလိမ့်မယ်။ မင်းတို့အားလုံး အပြစ်ပေးခံရမှာ၊ အကုန်လုံးပဲ”

သူသည် အော်ဟစ်နေပြီး သူ၏စကားသံများသည် စကျင်ကျောက် နံရံများပေါ်တွင် ပဲ့တင်ထပ်နေသည်။

သူပြောနေသည့် စကားများကို ကြည့်ရုံနှင့်ပင် သူသည် မည်သူ့ကို လာရောက်ပတ်သက်နေမိသည်ကို လုံးဝ သိပုံမရချေ။

သို့မဟုတ်ပါက ဧကရာဇ်ကိုယ်တိုင်ပင်လျှင် ပိုင်မျိုးနွယ်ကို ကွပ်မျက်မည်ဟူသော ရယ်စရာကောင်းသည့် စကားမျိုးကို မည်

သည့်အခါမျှ ပြောဝံ့မည်မဟုတ်ပေ။

သူ အမောတကောနှင့် စကားရပ်သွားချိန်တွင် ပိုင်ကျီဟန်၏ တည်ငြိမ်သောအသံသည် တိတ်ဆိတ်မှုကို ဓားသွားတစ်ခုကဲ့သို့ ဖြတ်တောက်လိုက်သည်။

"ပြောလို့ ပြီးပြီလား?"

အမှိုက်တစ်စကို စကားပြောနေသကဲ့သို့ အထင်သေးသော လေသံဖြင့် ပိုင်ကျီဟန်က မေးလိုက်သည်။

သူသည် မိမိကိုယ်ကို ပဉ္စမမင်းသားဖြစ်ကြောင်း ပြောထားပါလျက် ရှေ့တွင်ရှိနေသော လူသည် ယခုတိုင် ထိုသို့ ဆက်ဆံနေခြင်းကြောင့် တစ်ခုခုတော့ မှားနေပြီဟု ပဉ္စမမင်းသား ခံစားလာရသည်။

"မ-မင်း ငါ့ကို ဘာပြောလိုက်တာလဲ? ငါ့ကို ဒီလိုလေသံမျိုးနဲ့ ပြောဝံ့ရအောင် မင်းက ဘယ်လောက်တောင် ရဲတင်းနေတာလဲ”

ပဉ္စမမင်းသားက အော်ဟစ်လိုက်သည်။

"အစောင့်တွေ ဒီလူကို အခုချက်ချင်း ဖမ်းဆီးစမ်း”

ပဉ္စမမင်းသားက အမိန့်ပေးလိုက်သည်။

ပိုင်ကျီဟန်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ တောက်ပလာသည်။

"မင်း အခု ဘာလုပ်လိုက်မိလဲဆိုတာကိုကော... တကယ် သိရဲ့လား" သူက တိုးညှင်းစွာ ပြောလိုက်သည်။

ပဉ္စမမင်းသားက နှာခေါင်းရှုံ့လေ၏

"ဘာလဲ၊ အဲ့ဒါလား? အဲ့ဒါက အပျော်သဘော ကစားရုံတင်ပါပဲ။ သူက သာမန်မိန်းကလေးတစ်ယောက်ပဲဟာ၊ ဘာဖြစ်လဲ? မင်းရဲ့အိမ်စေအစား ငါ့မှာရှိတဲ့ လှပတဲ့ အိမ်စေငါးယောက်ကို ပြန်ပေးမယ်လေ"

ထိုစကားများသည် လေထုထဲသို့ အညစ်အကြေးများ ကျလာသကဲ့သို့ စက်ဆုပ်ဖွယ် ကောင်းလှသည်။

မည်သို့ပင်ဆိုစေကာမူ ရှေ့တွင်ရှိနေသောလူသည် မည်သူဖြစ်ပါစေ၊ ကျင့်စဉ် ချီမရှိသော လောင်ချင်းသည် ပစ္စည်းတစ်ခုနှင့် မခြားနားဟု ပဉ္စမမင်းသားက ယုံကြည်ထားသည်။

မိမိပိုင်ဆိုင်သည့် ပစ္စည်းကို ခွင့်ပြုချက်မရှိဘဲ သူတစ်ပါးက ထိပါးလျှင် ဒေါသထွက်ကြမည်မှာ အမှန်ဖြစ်သော်လည်း ငါးဆမျှသော လျော်ကြေးပေးမည်ဆိုပါက မည်သူမဆို လွယ်လွယ်ကူကူ သဘောတူလိမ့်မည်ဟု ပဉ္စမမင်းသားက ထင်မြင်နေပုံရသည်။

ထိုစဉ်—

ဖြန်း

ပိုင်ကျီဟန်၏ လက်ဝါးရိုက်ချက်ကြောင့် မိုးကြိုးပစ်သကဲ့သို့ အသံကြီး ထွက်ပေါ်လာသည်။ ပဉ္စမမင်းသား၏ ခေါင်းမှာ ဘေးသို့ လည်ထွက်သွားပြီး ကိုယ်လုံးမှာလည်း တိုင်တစ်ခုသို့ လွင့်စင်သွားကာ ဆောင့်မိတော့သည်။

သွေးစများနှင့်အတူ သွားများမှာလည်း ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားသည်။

တံခါးအနီးရှိ ပိုင်မျိုးနွယ်ဝင်များသည် တောင့်တင်းသွားကြသည်။ ယခုအချိန်တွင် အသက်ရှူရသည်မှာပင် အန္တရာယ်ရှိသကဲ့သို့ ခံစားနေရသည်။

ပိုင်ကျီဟန်၏ အေးစက်ပြီး ခံစားချက်ကင်းမဲ့သော အသံသည် အခန်းထဲတွင် ပျံ့လွင့်လာသည်။

"လောင်ချင်းကို ငါ့ခွင့်ပြုချက်မရှိဘဲ အခုထိ ဖမ်းဆီးထားတဲ့အတွက် လျော်ကြေးအနေနဲ့..."

သူက ရှေ့သို့ တစ်လှမ်းတိုးရင်း ပြောလိုက်

သည်။

"မင်းရဲ့ အသက်ကိုပဲ ယူလိုက်မယ်။"

သူက ခေါင်းကို အသာအယာစောင်းလိုက်ပြီး မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

"ဒါတောင်မှ မလုံလောက်သေးသလိုပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒါတင်မကဘဲ မင်းရဲ့ ညစ်ပတ်တဲ့ လက်တွေနဲ့ပါ သူ့ကို ထိရဲတယ်ပေါ့လေ။"

အေးစက်ပြီး လှပလွန်းလှသည့် အပြုံးဖျော့ဖျော့တစ်ခုကသည် သူ၏ နှုတ်ခမ်းထက်တွင် ပေါ်လာသည်။

"ပြောစမ်း... ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့သူ အားလုံးကိုပါ ငါထည့်လိုက်ရမလား?"

ပဉ္စမမင်းသားသည် ဘာဖြစ်သွားမှန်းမသိဘဲ ခဏတာ ငြိမ်သက်သွားသည်။ မိမိဘာဖြစ်သွားသည်ကို နားလည် သဘောပေါက်ရန် စက္ကန့် အနည်းငယ်မျှ အချိန်ယူလိုက်ရသည်။

(သူ... ငါ့ကို ရိုက်လိုက်တာလား?)

သူ့တစ်သက်တွင် မည်သူမျှ သူ့ကို လက်ဖျားနှင့်ပင် မထိဝံ့ခဲ့ကြချေ။ သူ၏ ခမည်းတော် ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ပင်လျှင် သူ့အပေါ် လက်ပါဖူးခြင်း မရှိခဲ့ပေ။

ဒေါသများက ရူးသွပ်စွာဖြင့် ဝုန်းကနဲ ပေါက်ကွဲတက်လာသည်။

"မင်း-“

သူ၏အသံသည် စူးစူးဝါးဝါး အော်ဟစ်သံအဖြစ် ပြောင်းလဲသွားသည်။

"ခွေးကောင်၊ မင်း ငါ့ကို ရိုက်ဝံ့တယ်ပေါ့လေ။ မင်းရဲ့ ယုတ်ညံ့လှတဲ့ ဘဝကြီးမှာ ဒါကို နောင်တရသွားစေရမယ်”

ဖြန်း

စူးရှသော အသံတစ်ခုသည် သူ၏စကားများကို ဖြတ်တောက်လိုက်ပြန်သည်။

ဒုတိယအကြိမ် ရိုက်ချက်ကြောင့် သူ၏ခေါင်းသည် အခြားတစ်ဖက်သို့ လည်ထွက်သွားကာ ကြမ်းပြင်ပေါ်တွင် ပြားပြားမှောက် လွင့်စင်သွားရပြန်သည်။ သွားတစ်ချောင်းမှာ စကျင်ကျောက်ပြားပေါ်တွင် တလိမ့်လိမ့်နှင့် ပြေးသွားပြီးမှ ရပ်တန့်သွားတော့သည်။

"ပါးစပ်ပိတ်ထား၊ ငါ မင်းကို ဘယ်လိုအပြစ်ပေးရမလဲဆိုတာ စဉ်းစားနေတုန်းမို့လို့။"

ပဉ္စမမင်းသားမှာ ဒေါသကြောင့် တုန်ရီနေသည်။

"မင်း-! ငါ မင်းကို သတ်မယ်။ မင်းက ငါ့ကို အားနည်းတဲ့သူလို့ ထင်နေတာလား?"

သူသည် ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ တိုးဝင်လိုက်သည်။ သူ၏လက်သီးတွင် အခြေတည်ဝိညာဉ်အဆင့်၏ စွမ်းအားများ တောက်ပလာပြီး ပိုင်ကျီဟန်၏ မျက်နှာသို့ အားကုန်လွှဲ၍ ထိုးနှက်လိုက်သည်။

မြန်ဆန်လွန်းပြီး လေးလံလှသည့် ထိုလက်သီးချက်တွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည်။

သို့သော် ပိုင်ကျီဟန်သည် ခေါင်းကို အသာအယာ တိမ်းလိုက်ရုံသာ ပြုလုပ်လိုက်သည်။

လက်သီးချက်မှာ လေထဲတွင်သာ ပျောက်ကွယ်သွားသည်။

ပဉ္စမမင်းသား ဘာဖြစ်သွားမှန်း မသိလိုက်မီမှာပင် ပြိုကျလာသော တောင်ကြီးတစ်လုံးကဲ့သို့ ပိုင်ကျီဟန်၏ အရှိန်အဝါသည် ပေါက်ကွဲထွက်ပေါ်လာပြီး သူ့ကို ဖိနှိပ်လိုက်တော့သည်။

သူ၏ ဒူးများသည် ချက်ချင်းပင် ခွေယိုင်သွားသည်။ အောက်က စကျင်ကျောက်ပြားများမှာ အက်ကွဲသွားပြီး သူသည် မြေပြင်ပေါ်သို့ အတင်းအကြပ် ဖိချခြင်း ခံလိုက်ရသည်။

အသက်ရှူပင် မဝတော့ဘဲ လက်ခြေများမှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ယင်လာတော့သည်။

ပဉ္စမမင်းသား၏ မျက်လုံးများသည် မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်လာသည်။

"မင်း... မင်းက ဘယ်... ဘယ်သူလဲ-?"

ဖြန်း

ခန်းမအတွင်း၌ အရင်ကထက် ပိုမိုကျယ်လောင်သော လက်ဝါးရိုက်သံကြီး တစ်ချက် ထပ်မံပဲ့တင်ထပ်သွားသည်။

ပဉ္စမမင်းသား၏ စကားလုံးများသည် ထိုရိုက်ချက်နှင့်အတူ မျိုသိပ်သွားရပြီး သူ၏ခန္ဓာကိုယ်မှာ လည်ထွက်သွားကာ ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ အသံနှင့်အတူ ကျရောက်သွားတော့သည်။

အရောင်တင်ထားသော ကြမ်းပြင်ပေါ်တွင် သွေးစများ စင်သွားသည်။

သူသည် ခဏတာမျှ ဘာမှမလုပ်နိုင်ဘဲ ကြောင်အမ်းအမ်းဖြင့် မှောက်လျက်သား ဖြစ်နေပြီးမှ ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လာသည်။ သူ၏ ပါးပြင်နှစ်ဖက်သည် နာကျင်မှုကြောင့် ပူထူနေပြီး ကြည့်ရဆိုးလောက်အောင် ဖူးရောင်နေသော်လည်း သူ၏အကြည့်များကမူ ပိုင်ကျီဟန်ထံသို့သာ စိုက်ကြည့်နေဆဲ ဖြစ်သည်။

(ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?)

သူသည် အခြေတည်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများနှင့် ယခင်က လေ့ကျင့်ဖူးသည်။ တော်ဝင်ဆရာများ၏ ချီးကျူးမှုကိုလည်း ရရှိခဲ့ဖူးသူဖြစ်သည်။ ထို့ကြောင့် သူသည် မိမိကိုယ်ကိုယ် အင်ပါယာအတွင်း၌ မည်သူမျှ မထိဝံ့လောက်အောင် သန်မာသည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် ယခုအခါတွင်မူ ဆယ်ကျော်သက်အရွယ်သာရှိသေးသော ဤလူငယ်ရှေ့တွင် သူ၏ ကျင့်စဉ်စွမ်းအားများကိုပင် ပုံမှန်

အတိုင်း မလှည့်ပတ်နိုင်တော့ပေ။

သူ၏အတွင်း၌ရှိသော စွမ်းအားများသည် ကြောက်ရွံ့နေသော ပိုးမွှားများကဲ့သို့ တုန်လှုပ်နေပြီး ထိုဖိအားအောက်တွင် လုံးဝ ရုန်းမထွက်နိုင်တော့ချေ။

(ဒါ... ဒါက ဘယ်လို သတ္တဝါမျိုးလဲ?)

သူ အမှန်တရားကို စတင်သဘောပေါက်လာချိန်တွင် အသက်ရှူပင် ရပ်မတတ် ဖြစ်သွားရသည်။ သူသည် ထိုလူငယ်ကို အကြီးအကျယ် အထင်သေးမိခဲ့ချေပြီ။

ပိုင်ကျီဟန်၏ ငယ်ရွယ်သော ရုပ်ရည်ကြောင့်လည်းကောင်း၊ အင်ပါယာအတွင်းရှိ ထူးချွန်သူအများစုကို သူသိထားပြီးဖြစ်သောကြောင့်လည်းကောင်း ပိုင်ကျီဟန်ကို အမည်မသိ လူညံ့တစ်ဦးဟုသာ သူမှတ်ယူခဲ့ခြင်းဖြစ်သည်။

သို့သော် သူ၏ကံကောင်းမှုတစ်ခုမှာ တော်ဝင်အစောင့်တပ်များ ရောက်ရှိလာခြင်းပင်။

"အရှင်မင်းသား”

တပ်မှူးသည် ပဉ္စမမင်းသား သွေးအိုင်ထဲတွင် လဲကျနေသည်ကို မြင်လိုက်ရသည့် ခဏတွင် မျက်နှာတစ်ခုလုံး ဖြူလျော့သွားပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းက တော်ဝင်နန်းတော်ထဲမှာ ပဉ္စမမင်းသားကို ရန်မူရဲတယ်ပေါ့လေ? ဖမ်းဆီးစမ်း”

သို့သော် သူ၏အကြည့်များက ရှေ့တွင်ရပ်နေသော လူထံသို့ ရောက်ရှိသွားချိန်တွင် အမိန့်ပေးနေသည့် စကားလုံးများမှာ လည်ချောင်းဝတွင်ပင် ရပ်တန့်သွားတော့သည်။

အေးစက်သော လရောင်သည် ပိုင်ကျီဟန်၏ ပုံရိပ်ကို ထင်ဟပ်နေကာ တည်ငြိမ်နေသော်လည်း မည်သူမျှ မထိပါးဝံ့သည့် အရှိန်အဝါနှင့် ဝါရင့်စစ်သည်တော်များ၏ လက်များကိုပင် တုန်ရီစေနိုင်လောက်သော သတ်ဖြတ်လိုသည့် ဆန္ဒများကို ထုတ်လွှတ်

နေသည်။

သူ၏ နောက်ကွယ်တွင်မူ တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့် ပိုင်မျိုးနွယ်ဝင် အများအပြား ရှိနေကြသည်။

တပ်မှူး၏ ဒေါသများသည် ချက်ချင်းပင် ကွယ်ပျောက်သွားပြီး ထိတ်လန့်တုန်လှုပ်မှုများက အစားထိုးဝင်ရောက်လာသည်။

"ပ-ပိုင်သခင်လေး..."

အရိုးများကိုပင် ကြေမွစေနိုင်လောက်သည့် လေးလံသော လေထုကို လျှော့ချရန် ကြိုးစားရင်း သူက အတင်းအကြပ် ပြုံးလိုက်သည်။

"ဒါက... အထင်လွဲတာတစ်ခု ဖြစ်ရပါမယ်။ ပဉ္စမမင်းသားဘက်က အဆင်မခြင် ပြုမူမိတာရှိနိုင်ပေမယ့် ကျွန်တော်တို့ဘက်က သင့်တော်တဲ့ လျော်ကြေးကို သေချာပေါက် ပေးမှာပါ။ ဒါပေမဲ့ သခင်လေး နားလည်ပေးရမှာက... သူဟာ တော်ဝင်သွေးသား တစ်ယောက်ပါ။ သူ့ရဲ့ ဘေးကင်းလုံခြုံမှုကို ကာကွယ်ဖို့က ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်"

ပဉ္စမမင်းသား၏ အမှားဟုတ်မဟုတ် သူ သေချာမသိသော်လည်း ပိုင်ကျီဟန်၏ ဒေါသကို ငြိမ်သက်စေရန်နှင့် ဆွေးနွေးမှုဖြင့် အဆုံးသတ်ရန် ထိုစကားများကို ပြောလိုက်

ခြင်းဖြစ်သည်။

သို့သော် သူ၏ နောက်ဆုံးစကားလုံးသည် အကယ်၍ ပိုင်ကျီဟန် ငြင်းဆန်ပါက တိုက်ခိုက်ရန် အသင့်ရှိသည်ဟု ဆိုလိုခြင်းလည်း ဖြစ်သည်။

သူသည် သူ၏လူများကို တည်ငြိမ်ရန် အချက်ပြလိုက်ပြီး ပိုင်ကျီဟန်ကို အနည်းငယ် ဦးညွှတ်လိုက်သည်။ "ခွင့်ပြုမယ်ဆိုရင် အရှင်မင်းသားကို ဘေးကင်းရာကို ခေါ်ဆောင်သွားပါရစေ၊ ကျွန်တော် ကတိပေးတာကတော့”

တံခါးဝရှိ ပိုင်မျိုးနွယ်ဝင်များက လမ်းကိုပိတ်ဆို့ကာ ဟန့်တားလိုက်ကြသည်။

"သခင်လေးက ဘယ်သူ့ကိုမှ ဝင်မနှောင့်ယှက်ဖို့ အမိန့်ပေးထားတယ်" တစ်ဦးက အေးစက်စွာ ပြောလိုက်သည်။ "သခင်လေး အမိန့်မရမချင်း ဘယ်သူမှ ဝင်မစွက်ဖက်ဖို့ ငါတောင်းဆိုချင်တယ်”

တပ်မှူးမှာ တောင့်တင်းသွားပြီး နဖူးပေါ်တွင် ချွေးစများ စို့လာသည်။ "မင်းတို့... မင်းတို့ ဒါက ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ သိရဲ့လား? အခြေအနေက ပိုဆိုးလာရင်... ဒါက ပိုင်မျိုးနွယ်နဲ့ ကြယ်ကြွေအင်ပါယာကြားမှာ စစ်ဖြစ်တာမျိုးအထိ ဖြစ်သွားနိုင်တယ်”

ပိုင်မျိုးနွယ်ဝင်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး သူ၏လေသံမှာ ဓားသွားကဲ့သို့ ထက်ရှလာသည်။

"စစ်ဖြစ်မယ်?" သူက ထပ်ပြောလိုက်သည်။ "အဲ့ဒီလိုသာ တကယ်ဖြစ်လာရင်... စိုးရိမ်ရမှာက ကြယ်ကြွေအင်ပါယာ မဟုတ်ဘူးလား?"

ထိုစကားသည် လေထုထဲတွင် မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်လှသည်။ အစောင့်တပ်သားများမှာ တုန်လှုပ်နေသော ပဉ္စမမင်းသားနှင့် သူတို့ကို ဂရုပင်မစိုက်ဘဲ ရှိနေသည့် ပိုင်ကျီဟန်တို့ကြားတွင် စိုးရိမ်တကြီး ကြည့်နေကြသည်။

မည်သူမျှ ရှေ့သို့ မတိုးဝံ့ကြချေ။

အဘယ်ကြောင့်ဆိုသော် ပိုင်မျိုးနွယ်ဝင် ပြောသကဲ့သို့ပင် သူတို့၏ အင်ပါယာသည် အင်အားနည်းသောဘက်က ဖြစ်နေသောကြောင့်ပင်။ ၎င်းအပြင် ပိုင်မျိုးနွယ်ဝင် အများစုမှာ သူနှင့် အဆင့်တူ ကျင့်စဉ်အဆင့်ရှိသူများ ဖြစ်ကြသည်။ အကယ်၍ တိုက်ပွဲဖြစ်ပွားခဲ့လျှင်လည်း သူတို့ဘက်က ရှုံးနိမ့်ရန်သာ ရှိသည်။

သို့သော် သူသည်လည်း ဒီအတိုင်း ရပ်ကြည့်နေ၍ မဖြစ်ချေ။ သူသည် အမြန်ဆုံး စစ်သည်တစ်ဦးကို လှည့်ကြည့်ကာ အမိန့်ပေးလိုက်သည်။

"အခုချက်ချင်းသွားပြီး ဧကရာဇ်မင်းမြတ်ကို သတင်းပို့ချေ”

All Chapters