နောင်တရစမ်း ပဉ္စမမင်းသား
Vol. 22 Ch. 331
ပိုင်ကျီဟန်သည် သူ၏ရှေ့တွင် ပြားပြားမှောက်လဲနေသည့် သနားစဖွယ်ပုံရိပ်ကို ငုံ့ကြည့်လိုက်သည်။ ပဉ္စမမင်းသား၏ ကွဲအက်နေသော နှုတ်ခမ်းများမှ သွေးများစီးကျနေပြီး မျက်နှာမှာလည်း ဖူးရောင်နေသဖြင့် မည်သူမည်ဝါမှန်းပင် ခွဲခြား၍မရတော့ပေ။
ပိုင်ကျီဟန်သည် ရှေ့သို့တစ်လှမ်းတိုးလိုက်ရာ သူ၏ခြေလှမ်းမှာ ပဉ္စမမင်းသား၏ မျက်နှာအနီးတွင် ရပ်တန့်သွားသည်။ သူ၏ ကျင့်စဉ်ဖိအားကြောင့် စကျင်ကျောက်ကြမ်းပြင်မှာ အသံသဲ့သဲ့ထွက်ကာ ညည်းတွားသွားရသည်။
"ပြောစမ်း..." ပိုင်ကျီဟန်၏ အသံသည် ယခုအခါ တိုးညှင်းနေသော်လည်း အရိုးထဲထိ အေးစိမ့် သွားစေလောက်သည်။ "မင်း ဘာလို့ လောင်ချင်းကို ဖမ်းခေါ်လာတာလဲ? ငါ့ကို အပြင်ထွက်လာအောင် မျှားခေါ်ချင်လို့လား?"
ပဉ္စမမင်းသားမှာ ကြောင်အမ်းအမ်းဖြင့် မျက်တောင်တခတ်ခတ် လုပ်နေမိသည်။ ဤမေးခွန်းကို အမေးခံရခြင်းအပေါ် သူကိုယ်တိုင်ပင် အံ့အားသင့်နေပုံရသည်။
"ဘာ-ဘာလဲ? မင်း ဘာကို ပြော..."
ပိုင်ကျီဟန်က ကိုယ်ကိုကိုင်းကာ ထိုင်ချလိုက်ပြီး သူ၏အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်သည်။
"သေချာဖြေစမ်း။ ငါကပဲ လာခိုင်းတယ်ဆိုတဲ့ အလိမ်အညာ စကားတွေနဲ့ သူ့ကို မင်း ခေါ်သွားဝံ့တယ်ပေါ့လေ။ အဲ့ဒါက မင်းရဲ့ ရည်ရွယ်ချက်လား... ငါ့ကို ရန်စချင်လို့လား?"
ပဉ္စမမင်းသားသည် သူ၏ခေါင်းကို အားနည်းစွာ ခါယမ်းလိုက်ရာ သွေးစများ ကြမ်းပြင်ပေါ်သို့ စင်ဟပ်သွားသည်။
"မင်း ဘာတွေပြောနေမှန်းကို ငါ လုံးဝမသိဘူး။မျှားခေါ်တယ် ဟုတ်လား? ငါက ဘာလို့”
သူသည် အပြင်းအထန် ချောင်းဆိုးလိုက်ပြီး နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားကာ စိတ်ပျက်လက်ပျက် လေသံဖြင့် ဆက်ပြောလိုက်သည်။
"အဲ့ဒီ အိမ်စေမိန်ကလေးအကြောင်း ပြောနေတာဆိုရင်တော့... သူ့ကို ငါ့ဆီ ခေါ်လာပေးကြတာလေ။ ငါ့ကို လက်ဆောင်အဖြစ် ပေးခဲ့တာ မဟုတ်ဘူးလား?"
"...မင်းကို ပေးခဲ့တာ ဟုတ်လား?"
ပိုင်ကျီဟန်က ထပ်ခါတလဲလဲ ရေရွတ်လိုက်သည်။
ပဉ္စမမင်းသားသည် အမြန်ပင် ခေါင်းညိတ်ပြလိုက်သည်။
ပိုင်ကျီဟန် အဘယ်ကြောင့် ဤမျှ ဒေါသထွက်နေပြီး သူ့ကို ရိုက်နှက်နေရသည်ကို သူ နောက်ဆုံးတွင် နားလည်သွားပြီဖြစ်သည်။ အားလုံးက ထိုအိမ်စေမိန်းကလေးကြောင့် ဖြစ်နေသော်လည်း အဘယ်ကြောင့်ဆိုသည်ကိုမူ သူ နားမလည်နိုင်သေးပေ။
လောင်ချင်းသည် လှပသည်။ သို့သော် ပဉ္စမမင်းသားအတွက်မူ သူမသည် လှပသော ပန်းတစ်ပွင့်မျှသာ ဖြစ်ပြီး ထိုပန်းကို ခူးဆွတ်မိရုံနှင့် ဤမျှအထိ ဒေါသထွက်စရာ မလိုဟု သူထင်နေသည်။ ၎င်းအပြင် တော်ဝင်မျိုးနွယ်ဝင်တစ်ဦးကို စော်ကားရလောက်သည့်အထိလည်း မထိုက်တန်ဟု သူယူဆထားဆဲပင်။
မည်သို့ပင်ဖြစ်စေ၊ ပဉ္စမမင်းသားသည် ဤနှိပ်စက်မှုမှ လွတ်မြောက်နိုင်မည့် လမ်းစတစ်ခုကို မြင်လိုက်ရပြီဖြစ်သည်။ သူမကို အတင်းအဓမ္မ ဖမ်းခေါ်လာသူမှာ သူ မဟုတ်ကြောင်း ရှေ့မှလူကို ပြောပြလိုက်ရန်သာ ဖြစ်သည်။
"ဟုတ်တယ်။ အဲ့ဒီ အိမ်စေမိန်ကလေးက သူ့သခင်လေးက ငါ့ကို လက်ဆောင်အဖြစ် ပေးလိုက်တာလို့ ပြောပြီး ရောက်လာတာ။ ငါလည်း အရူးလုပ်ခံလိုက်ရတာပဲ”
ခဏတာမျှ လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ထိုစဉ်
ဖြန်း
လက်ဝါးရိုက်သံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်သွားသည်။ ပဉ္စမမင်းသား၏ ခေါင်းသည် ဘေးသို့ ထပ်မံလည်ထွက်သွားပြီး ကိုယ်လုံးမှာလည်း လည်ထွက်ကာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျရောက်သွားတော့သည်။
ပိုင်ကျီဟန်သည် ပြန်မတ်တပ်ရပ်လိုက်ကာ သူ၏ မျက်နှာသည် ခန့်မှန်း၍မရသော်လည်း သူ၏ ပတ်ဝန်းကျင်ရှိ သတ်ဖြတ်လိုသော အရှိန်အဝါများမှာမူ အသက်ရှူကျပ်လောက်သည့် မြူခိုးများကဲ့သို့ ပိုမိုသိပ်သည်းလာသည်။
သူ၏ အတွေးများက လျင်မြန်စွာ လည်ပတ်နေသည်။
(တစ်ယောက်ယောက်က ပဉ္စမမင်းသားကို အသုံးချလိုက်တာလား? ဒါမှမဟုတ် ငါ့ကို အသုံးချလိုက်တာလား?)
နန်းတွင်း အစေခံမိန်းကလေးသည် သူ့နာမည်ကို သုံးပြီး လောင်ချင်းကို ခေါ်ထုတ်သွားခဲ့သည်။ ဒါက တိုက်ဆိုင်မှုမဟုတ်ပေ
တစ်ယောက်ယောက်က ဒါကို သေချာ ကြံစည်ထားတာပင်
ပဉ္စမမင်းသားအား ရိုက်နှက်လိမ့်မည်ကို သူတို့ ကြိုသိထားပြီး ထိုအချက်ကို အကြောင်းပြကာ သူကို အပြစ်တင်ဖို့ ဒါမှမဟုတ် တစ်ခုခုနဲ့ အလဲအလှယ်လုပ်ဖို့ အကျပ်ကိုင်ဖို့ ကြိုးစားတာ ဖြစ်နိုင်သလို
ပဉ္စမမင်းသား၏ ပြိုင်ဘက် တစ်ယောက်ယောက်သည် ပိုင်ကျီဟန်ကိုသုံးပြီး သူ့ကို ဖယ်ရှားချင်တာလည်း ဖြစ်နိုင်၏။
ဒုတိယမင်းသားများလား?
ပိုင်ကျီဟန် သေချာမသိသေးသော်လည်း ပဉ္စမမင်းသား အသုံးချခံလိုက်ရသည်ကိုမူ သူနားလည်လိုက်သည်။ သို့သော်လည်း ပဉ္စမမင်းသားကို ရိုက်နှက်ခဲ့မိသည်ကို သူနောင်တမရပေ။
၎င်းက ထိုမင်းသား ကျူးလွန်ခဲ့သည့် အပြစ်ကို ပျောက်ကွယ်သွားစေမည် မဟုတ်ပေ။
အကယ်၍ ပဉ္စမမင်းသားသာ လူကောင်းတစ်ယောက်ဖြစ်ပါက လောင်ချင်း စိတ်မပါကြောင်း သိသာနေပါလျက်နှင့် သူမအပေါ် လက်ပါရဲမည် မဟုတ်ပေ။
ပဉ္စမမင်းသားသည် အိမ်စေတွေနှင့်အလုပ်အကျွေးတွေကို အဓမ္မပြုကျင့်တတ်သော ကာမရူး အောက်တန်းစားတစ်ယောက်ဆိုတာကို သက်သေပြနေတာပင်။
သာမန်အားဖြင့်ဆိုလျှင် ပိုင်ကျီဟန်သည် ထိုကဲ့သို့သော အမှိုက်မျိုးကို ဂရုစိုက်မည်မဟုတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ထိုလူသည် သူပိုင်ဆိုင်သောအရာကို ထိပါးခဲ့လေပြီ။
၎င်းမှာ ပရိယာယ်ကြောင့်ဖြစ်စေ အရေးမကြီးပေ။
နောက်ဆုံးတွင် ထိုရွေးချယ်မှုကို ပြုလုပ်ခဲ့သူမှာ ပဉ္စမမင်းသားကိုယ်တိုင်ပင်ဖြစ်သည်။ ပိုင်ကျီဟန်အတွက်မူ သူသည် ဤပြဇာတ်၏ နောက်ကွယ်မှလူကဲ့သို့ပင် တာဝန်ရှိသူတစ်ဦးသာ ဖြစ်သည်။
သူသည် ရိုက်ချက်များကြောင့် သတိတလွဲဖြစ်နေသည့် ပဉ္စမမင်းသားကို တစ်ချက်ကြည့်လိုက်သည်။
"အိမ်စေတစ်ယောက်လို့ မင်းပြောတယ်နော်?"
ပဉ္စမမင်းသားက အားနည်းစွာ ညည်းတွားရင်း ခေါင်းညိတ်ပြလိုက်သည်။
ပိုင်ကျီဟန်သည် စောစောက အစောင့်ကျနေရင်း သတိလစ်သွားခဲ့သည့် မိန်းကလေးရှိရာသို့ ချက်ချင်းပင် လှမ်းကြည့်လိုက်သည်။
သူမ ရှိမနေတော့ပေ။
(သူက ဟန်ဆောင်နေခဲ့တာလား? ဒါမှမဟုတ် သတိရလာပြီး ထွက်ပြေးသွားတာလား?)
ပဉ္စမမင်းသား ပြောနေသည့် မိန်းကလေးမှာ သူမပင် ဖြစ်ရမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
သူမသည် ဤကိစ္စ နောက်ကွယ်မှလူ၏ အမိန့်ကို နာခံနေသူ ဖြစ်နိုင်သလို၊ သူမကိုယ်တိုင်ကပင် ကြိုးကိုင်သူလည်း ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ သူ ပဉ္စမမင်းသားကို ကိုင်တွယ် နေစဉ်အတွင်း သူမ လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။
ပိုင်ကျီဟန်သည် သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်သည်။ သူ၏ တည်ငြိမ်သော ရုပ်ပိုင်းဆိုင်ရာအောက်တွင် ဒေါသများ ဆူပွက်နေသော်လည်း စိတ်ဓာတ်မှာမူ ထက်မြက်ကာ ငြိမ်သက်နေဆဲပင်။
သူသည် လှည့်ထွက်သွားပြီး ပဉ္စမမင်းသား၏ ခမ်းနားသော ထိုင်ခုံကြီးဆီသို့ လျှောက်သွားလိုက်သည်။
ထို့နောက် မည်သို့မျှ တွန့်ဆုတ်မနေဘဲ ထိုင်ခုံပေါ်တွင် ပိုင်ကျီဟန် ဝင်ထိုင်လိုက်တော့သည်။
သတိလက်လွတ်ဖြစ်နေသည့် ပဉ္စမမင်းသားမှာ သူ့ကို နှိပ်စက်ခဲ့သည့် လူငယ်မှ သူ၏ထိုင်ခုံပေါ်တွင် ပိုင်ရှင်တစ်ဦးကဲ့သို့ ဝင်ထိုင်နေသည်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
သို့သော်လည်း ၎င်းမှာ ဖြစ်သင့်သည်ဟု သူနားလည်ထားသည်။
သူ အရိုက်ခံနေရစဉ်အတွင်းမှာပင် တပ်မှူးက ပိုင်မျိုးနွယ် အကြောင်း ပြောနေသည်ကို သူ သေချာကြားလိုက်ရသည်။ ၎င်းတို့နှင့် စစ်ဖြစ်နိုင်ခြေရှိသည်ဟူသော စကားမှာလည်း ပါဝင်သည်။
ထိုအချက်တစ်ခုတည်းနှင့်ပင် သူ၏ရှေ့မှလူသည် မည်သူဖြစ်ကြောင်း သူသိသွားပြီဖြစ်သည်။ သူသည် ကောင်းကင်အင်ပါယာ၏ အထူးဂုဏ်ရည်ရှိသော ပိုင်မျိုးနွယ်စုဝင် တစ်ယောက်ပင် ဖြစ်သည်။
မည်မျှပင် ဗဟုသုတနည်းပါးစေကာမူ တော်ဝင်မျိုးနွယ်ဝင်တိုင်းသည် ကောင်းကင်ပါယာနှင့် ထိုအင်ပါယာ၏ အင်အားအကြီးဆုံး အဖွဲ့အစည်းများအကြောင်းကို သင်ယူထားကြရသည်။ ပိုင်မျိုးနွယ်သည် ထိုအထဲမှ တစ်ခုဖြစ်သည်။
ထို့ကြောင့် တော်ဝင်တပ်မှူးသည် သူ့ကို ကယ်တင်နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ကို လုံးဝစွန့်လွှတ်လိုက်ပြီဖြစ်သည်။ ယခုအချိန်တွင် သူ အသက်ရှင်နိုင်
မည့် တစ်ခုတည်းသော လမ်းစမှာ ရှေ့မှလူသည် သူ့ကို လွှတ်ပေးရန် ဆုံးဖြတ်ခြင်းသာ ရှိတော့သည်။
ပိုင်ကျီဟန်သည် ခုံနောက်မှီကို မှီချလိုက်ပြီး လက်တစ်ဖက်ကို လက်တင်ပေါ်တွင် တင်ထားရင်း သူ၏ အကြည့်များမှာ စူးရှကာ အမိန့်ပေးလိုသော အသွင်ဆောင်နေသည်။
တပ်မှူးသည် စစ်သည်တစ်ဦးကို ဧကရာဇ်မင်းမြတ်အား သွားရောက်ခေါ်ယူရန် ခိုင်းလိုက်သည်ကို သူကြားထားသဖြင့် သူ စောင့်နေခြင်းဖြစ်သည်။
သို့သော် ၎င်းမှာ တောင်းပန်ရန်အတွက် မဟုတ်သည်မှာ သေချာသည်။
ဧကရာဇ် ရောက်ရှိလာခြင်းနှင့်အတူ ဤပရိယာယ်၏ တကယ့်တရားခံအစစ်ပါ ပေါ်လာလိမ့်မည်ဟု သူ မျှော်လင့်ထားခြင်းဖြစ်သည်။
အကယ်၍ ထိုသူ၏ ရည်ရွယ်ချက်မှာ သူ့ကို အမှုပတ်စေရန်ဖြစ်ပါက အပြစ်တင်စွပ်စွဲရန်အတွက် သူတို့ သေချာပေါက် ပေါ်လာကြလိမ့်မည်။
သို့မဟုတ်ပါကလည်း ဤသည်မှာ ပဉ္စမမင်းသားကို ဖယ်ရှားရန် ကြံစည်ထားသည့် လုပ်ရပ်တစ်ခု ဖြစ်နိုင်ခြေ အလွန်များပါသည်။
"ပဉ္စမမင်းသား..." သူက အေးစက်စွာ ပြောလိုက်ရာ သူ၏လေသံမှာ တိတ်ဆိတ်မှုကို ဖြတ်တောက်သွားသည်။ "ငါ မင်းကို အမိန့်
တစ်ခုပေးမယ်။ အခု မတ်တပ်ရပ်စမ်း။"
ပဉ္စမမင်းသား၏ နှုတ်ခမ်းများမှာ တုန်ယင်နေသည်။ သူ၏ မာန်မာနသည် အမိန့်ကို မနာခံရန် ဟစ်အော်နေသော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ ထိုသို့မလုပ်ဆောင်ဝံ့ပေ။
ထိုကဲ့သို့ ဖိနှိပ်လွန်းသော အရှိန်အဝါအောက်တွင် အသက်ရှူနေရသည်မှာပင် အပြစ်တစ်ခု ကျူးလွန်နေရသကဲ့သို့ ခံစားနေရသည်။
သူသည် ဒူးထောက်နိုင်ရန် အားယူကာ ရုန်းကန်လိုက်ပြီး ဟန်ချက်ထိန်းရန်အတွက် သွေးစွန်းနေသော လက်တစ်ဖက်ဖြင့်
ကြမ်းပြင်ကို ထောက်ထားလိုက်ရသည်။
"အခု..." ပိုင်ကျီဟန်က လုံးဝအေးစက်သော အသံဖြင့် ဆက်ပြောလိုက်သည်။ "နောင်တရစမ်း။"
ပဉ္စမမင်းသားသည် ခေါင်းကို ဝုန်းကနဲ မော့ကြည့်လိုက်ရာ သူ၏ ဖူးရောင်နေသော မျက်လုံးများထဲတွင် ဒေါသများ လက်ခနဲ ဖြစ်သွားသည်။
"မင်း—"
ပိုင်ကျီဟန်၏ အဆင့်အတန်းကို သူနားလည်သဘောပေါက်သွားပြီ ဖြစ်သော်လည်း ယခုကဲ့သို့ မတရားမှုကို သူ အလွယ်တကူ လက်မခံနိုင်ပေ။
သူသည် ပါးရိုက်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရပြီးပြီ ဖြစ်သည်။ ယခုမူ ထိုအရာများ မလုံလောက်သေးသည့်အလား ပိုင်ကျီဟန်သည် သူ့ကို နောင်တရရန် တောင်းဆိုနေပြန်သည်။
ပိုင်ကျီဟန်၏ အကြည့်များက သူနှင့် ဆုံသွားသည်။
ရုတ်တရက်ဆိုသလိုပင် မမြင်နိုင်သော ဖိအားတစ်ခု ထပ်မံကျရောက်လာပြန်ရာ ပဉ္စမမင်းသား၏ စကားလုံးများသည် လည်ချောင်းဝတွင်ပင် ပျောက်ကွယ်သွားရတော့သည်။
သူ၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည်နှင့် အသက်ရှူမြန်နေပြီး ပိုင်ကျီဟန်၏ ဝိညာဉ်စွမ်းအား ဖိအားအောက်တွင် အင်းဆက်ပိုးမွှားလေးတစ်ကောင်ကဲ့သို့ အဖိနှိပ်ခံထားရသဖြင့် နားထင်မှ ချွေးစများ စီးကျလာသည်။
"ငါ ပြောတယ်လေ၊ နောင်တရစမ်းလို့။"
စကားလုံးတစ်လုံးချင်းစီသည် တူနှင့်ထုလိုက်သကဲ့သို့ ပြင်းထန်လှပြီး ပါဝင်နေသော ချီများကြောင့် စကျင်ကျောက်ကြမ်းပြင်မှာ တုန်ခါသွားရသည်။
ပဉ္စမမင်းသား၏ နောက်ဆုံးလက်ကျန် ခုခံလိုစိတ်လေးမှာ အစအနမကျန် ကြေမွသွားတော့သည်။ သူ၏ခေါင်းသည် အလိုလို ငုံ့ကျသွားပြီး သူ၏အသံမှာလည်း အက်ရှကာ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသည်။
"ငါ... ငါ နောင်တရပါတယ်..."
ပိုင်ကျီဟန်သည် သူ၏မျက်လုံးများကို ခဏတာ မှိတ်လိုက်ပြီး မာန်မာနနှင့် လှည့်ဖြားမှုများ၏ အပုပ်နံ့များကို ဖယ်ထုတ်လိုက်သည့်အလား သက်ပြင်းတစ်ချက် ချလိုက်သည်။
"မင်း တောင်းပန်သင့်တဲ့ တခြားလူတစ်ယောက် ရှိသေးတယ် မလား?"
ပိုင်ကျီဟန်က မေးလိုက်သည်။
၎င်းမှာ လောင်ချင်းကို ရည်ညွှန်းနေခြင်းဖြစ်သည်မှာ သိသာလှသည်။
ပဉ္စမမင်းသားသည် လောင်ချင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပိုင်ကျီဟန်ကို ပြန်ကြည့်လိုက်သည်။ သူ တကယ်ပြောနေခြင်း ဟုတ်မဟုတ်ကို မေးမြန်းနေသည့်အလားပင်။
သူကဲ့သို့ အနန္တတန်ခိုးရှင် ပဉ္စမမင်းသား— နောက်တက်မည့် ဧကရာဇ်လောင်းလျာနှင့် အနီးစပ်ဆုံးလူသည် သာမန်လူသား မိန်းကလေးတစ်ယောက်ကို ဦးညွှတ်ပြီး တောင်းပန်ရမည်လား?
၎င်းမှာ အရိုက်ခံရခြင်းထက်ပင် ပိုမိုဆိုးရွားသော အရှက်ရမှုဟု ထင်ရသည်။
အဘယ်ကြောင့်ဆိုသော် ခွန်အားနှင့် အဆင့်အတန်း ငြင်းပယ်၍မရအောင် မြင့်မားသော ပိုင်ကျီဟန်ကို ရှုံးနိမ့်ခြင်းမှာမူ အနည်းဆုံးတော့ သူနားလည်ပေးနိုင်သေးသည်။
သို့သော် သာမန်လူသားတစ်ယောက်ကို တောင်းပန်ရမည်လား
ဤအချက်မှာမူ သာမန်လူသားများကို အမြဲတမ်း အနိမ့်တန်းစားဟု သဘောထားခဲ့သော သူ့အတွက် လုံးဝ နားမလည်နိုင်စရာပင် ဖြစ်နေတော့သည်။