ပုံမှန်မဟုတ်သည့်သိုင်းလောကလမ်း
Vol. 1 Ch. 39
ခြေရာမထင်ဘဲ လမ်းလျှောက်နိုင်သည်မှာ ကိုယ်ဖော့ပညာ ကောင်းသူများသာ ဖြစ်လေသည်။ သို့သော် အကြောင်းမရှိဘဲ မည်သူမျှ ခြံဝန်းထဲတွင် ကိုယ်ဖော့ပညာ သုံးပြီး သွားနေသည်မှာတော့ မဟုတ်ပေ။
ဤသည်မှာ ပုံမှန် သမရိုးကျ ဖြစ်ရပ် မဟုတ်သည့် အပြင် သိုင်းပညာလည်း မဖြစ်နိုင်ပေ။
ကျန်းရှီစန်းမှာ မင်ကျန်းတောင်တွင် မွေးဖွားခဲ့သူဖြစ်ပြီး သူ၏ အသိပညာ ကြွယ်ဝသူ တစ်ယောက် ဖြစ်လေသည်။ အုပ်ချုပ်မှုပိုင်း ဆိုင်ရာဆုံချက်နှင့် အတွေးအမြင်ပိုင်း ဆိုင်ရာဆုံချက်တို့ ချိတ်ဆက် ထားမိသူ ဆိုလျှင်တောင်မှ ထိုသို့ ခြေရာမထင်အောင် လမ်းလျှောက်နိုင်ဖို့ မဖြစ်နိုင်ပေ။ အလွန် အဆင့်မြင့်သည့် အတွင်းအား ပိုင်ရှင် တစ်ယောက်ဆိုလျှင်လည်း ထိုသို့ ခြေရာမထင်အောင် လမ်းလျှောက်ဖို့ မဖြစ်နိုင်ပေ။
လင်ချုန်းရှောင် တွင်ပင်လျှင် ထိုကဲ့သို့သော စွမ်းရည်မျိုး မရှိပေ။
ဤမိန်းကလေးမှာ ကိုယ်အလေးချိန် မရှိမှသာ ထိုသို့ ဖြစ်နိုင်ပေမည်။ သို့မဟုတ် လူသားတစ်ယောက် မဟုတ်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
ရှင်းစစ်စစ်နျန်မှာ ကျန်းရှီစန်း၏ မျက်ဝန်းထဲမှ တုံံ့ဆိုင်း အံ့သြသွားသည့် အရိပ်အယောင်ကို တွေ့လိုက်လေသည်။ သို့သော် သူမက အံ့သြမနေပါ။ သူမက လူ့လောကတွင် ရည်ရွယ်ချက် ရှိရှိဖြင့် မိန်းကလေး တစ်ယောက်ပုံစံ ဖန်ဆင်းနေခြင်း ဖြစ်သည်။ သူမအတွက် အလုပ်များ မပြီးသေးပေ။
"ရှင် ဘာလုပ်မှာလဲ နေချင်လည်း ရတယ်။ ထွက်သွားချင်လည်း ရတယ်"
ရှင်းစစ်စစ်နျန်က လေသံမာမာဖြင့် ပြောလိုက်လေသည်။
ရှင်းစစ်စစ်နျန်မှာ အဖက် မလုပ်ချင်၍ ဖြစ်နိုင်သလို ရာသီဥတု အေးသောကြောင့်လည်း ထိုသို့ ပြောလိုက်ခြင်း ဖြစ်ဟန် တူလေသည်။ ကျန်းရှီဆန်းမှာ ဘာကြောင့်မှန်းမသိ တုန်လှုပ်သွားပြီး သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစား လိုက်ရသည်။ ဤ ချောမောလှပ လွန်းသော မိန်းမပျိုလေးမှာ သူ့ဘဝ တစ်လျှောက်လုံးတွင် ရင်ဆိုင်ခဲ့ရသည့် မကောင်းဆိုးဝါး များထက်ပင် ကြောက်စရာ ကောင်းသည်ဟု သူ ခံစား လိုက်ရလေတော့သည်။
ကျန်းရှီစန်း ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။ ကြောက်စိတ်ကို မျိုသိပ်လိုက်ပြီး လေးလေးစားစားဖြင့်ပင် ပြောလိုက်လေသည်။
"ကျွန်တော့်ရဲ့ သခင်လေး အပြင်မှာ ရှိနေပါတယ်။ မိန်းကလေး စိတ်မရှိဘူးဆိုရင် သူ့ကို သွားပြော လိုက်ဦးမယ်နော်"
"ကျွန်မက စိတ်ဆိုးတယ်ဆိုရင် ရှင်က သွားမပြောဘဲ နေမှာ မို့လို့လား။ အချိန်မဖြုန်းနဲ့ အမြန်သွားပြီး အမြန်ပြန်ခဲ့"
ရှင်းစစ်စစ်နျန်မှာ စိတ်မရှည်စွာဖြင့် ပြောလိုက် လေတော့သည်။
***
"မင်းပြောတာက ဝတ်ကျောင်းတော်ထဲမှာ မိန်းကလေး တစ်ယောက်ရှိပြီး အဲဒီ မိန်းကလေးက လမ်းလျှောက်ရင် ခြေရာ မထင်ဘူး။ အဲဒီလိုလား"
ဝေါယာဉ်ထဲမှ သခင်လေးက အေးအေးဆေးဆေးပင် မေးလိုက်လေသည်။
"ဟုတ်ပါတယ် ပြောကြတာကတော့ ဒီ ဝတ်ကျောင်းတော်ကြီးက လူမနေတာ ကြာပြီတဲ့။ ခုတွေ့ရတဲ့ မိန်းလေးက လူမဖြစ်နိုင်ဘူး။ ဒီမိန်းကလေးက ထူးဆန်းတယ် သခင်လေး။ ကျွန်တော်တို့ အထဲကို ဝင်ရမလား။ မဝင်ရဘူးလား"
ကျန်းရှီစန်းမှာ ရှင်းစစ်စစ်နျန် မည်သူ ဖြစ်သည်ကို သေချာမသိပါ။ သူ၏ အတွေ့အကြုံ အရသာ ခန့်မှန်းပြီး ပြောလိုက်ခြင်း ဖြစ်လေသည်။ သို့သော် သခင်လေး ဆိုသူမှာ မာနကြီးသူ ဖြစ်သည့်အတွက် သူကသာ မဝင်ဖို့ အကြံပေးလျှင် ဆန့်ကျင်ဘက် လုပ်ပြီး ဝင်တော့မည်ကို သူက သိနေလေသည်။
"ကျန်းရှီစစ် ငါတို့ ဝင်သင့်လား မဝင်သင့်ဘူးလား"
"သခင်လေးသဘောပဲ"
ဤ တစ်ကြိမ်တွင်တော့ စကားခြောက်လုံး ပြောလိုက်လေသည်။ ပြတ်တောင်းတောင်း လေသံ နှင့်ပင် ဖြစ်လေသည်။
"ကောင်းတယ် ကျန်းရှီစစ်။ ကျုပ်ရဲ့ အိမ်တော်မှာ အစေခံလုပ်ရတာ မင်းအချိန်တွေ အလကား ဖြစ်ကုန်ဦးမယ်"
ထို့နောက် ဝေါယာဉ်ထဲမှ သခင်လေး ဆိုသူက လက်ခုပ်တစ်ချက် တီးလိုက်ပြီး ဝေါယာဉ်ကို ဆက်သွားရန် အချက်ပြလိုက်လေသည်။ ကျန်းရှီစန်း သက်ပြင်း ချလိုက်မိသည်။ သူလည်း မည်သို့မျှ မတတ်နိုင်ဘဲ သခင်လေး ဆန္ဒအတိုင်း လုပ်ရန်သာ ရှိလေတော့သည်။
ဝတ်ကျောင်းတော် ထဲသို့ ဝင်သွားသည့် အခါတွင်တော့ ရှင်းစစ်စစ်နျန် ရှိမနေတော့ပါ။
"အဝေးကလာတဲ့ ဧည့်သည်တွေကို ကြိုဆိုပါတယ်။ အနောက်ဘက် ခြံဝန်းကို ကြွကြပါ"
ထိုအသံမှာ မိန်းကလေးသံ မဟုတ်တော့ပါ။ အဘိုးအို တစ်ယောက်၏ အသံ ဖြစ်နေလေသည်။
အသံမှာ စင်္ကြံလမ်းထဲမှ ထွက်လာခြင်း ဖြစ်လေသည်။
မြက်ပင်လေး စိမ်းစိမ်းလေးများ ပေါ်တွင် အဖြူရောင် နှင်းစက်လေးများ တွဲခိုနေခြင်းက မြက်ပင်လေးများ၏ အလှတရားကို ပျောက်မသွားစေပါ။ နှင်းများ အရည် ပျော်သွားလျှင် မြက်ပင် စိမ်းစိမ်းလေးများ ပြန်ပေါ်လာမည်ပင် ဖြစ်လေသည်။ လရောင်ကလည်း ဖြာကျ နေလေသည်။
လမ်းလေးအတိုင်း လျှောက်သွားပြီးနောက် ကျန်းရှီစန်းမှာ အရှေ့မှ လျှောက်ရသူ ဖြစ်သည့် အတွက် အမြင်အာရုံကို ဖြန့်ကြက်ထားလိုက်လေသည်။ မက်မွန်ပင် အိုကြီး၏ ယိမ်းထိုး လှုပ်ရှားသံကို လေသံနှင့်အတူ ကြားနေရသည်။ မက်မွန်ပင်ကြီး ထိပ်ဖျားတွင် ပွင့်လန်းနေသည့် မက်မွန် ပန်းလေးများမှ မွှေးရနံ့လေးက သူတို့ဆီသို့ တိုးဝင်လာလေသည်။
ဝေါယာဉ်က ရပ်တန့်သွားပြီး ဝေါယာဉ်ကို ကာထားသည့်လိုက်ကာ ပွင့်လာပြီး သခင်လေးဆိုသူ ထွက်ပေါ် လာလေသည်။ သူ၏ နှုတ်ခမ်းများမှာ သဘာဝအတိုင်း နီရဲနေပြီး မျက်နှာပုံစံမှာ ချောမော ခန့်ညားလေသည်။ သူ၏ မျက်ဝန်းများမှာလည်း ရေကန်ထဲမှ ရေကဲ့သို့ ကြည်လင် နေလေသည်။ သူ၏ မျက်ခုံးနှစ်ခု ကြားတွင် အနီရောင် အစက်တစ်စက် ရှိလေသည်။ သူ့ကို ကြည့်ရသည်မှာ ရေကန်ထဲတွင် ထင်နေသည့် လရိပ်ကဲ့သို့ ကျက်သရေ ရှိလေသည်။ မွေးဖွား လာကတည်းက ကြီးကျယ် မြင့်မြတ်သည့် မိသားစုတွင် မွေးဖွားလာခြင်း ဖြစ်သည့်အတွက် ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံလေသည်။
ထိုလူငယ်မှာ မင်ကျန်းတောင်မှ သခင်လေးပင် ဖြစ်လေသည်။ ထူးချွန် ထက်မြက်သည့် သိုင်းလောက၏ မျိုးဆက်သစ် တစ်ယောက် ဖြစ်လေသည်။
သူ၏ ရုပ်ရည်နှင့် သိုင်းစွမ်းရည်ကြောင့် မိန်းကလေးတိုင်း၏ စိတ်ကူးယဉ် အိပ်မက်ထဲတွင် သူတို့၏ ချစ်သူအဖြစ် တွေးထားကြလေသည်။
ဤကဲ့သို့သော ဘဝမျိုးက နောင်တရစရာ မရှိပေ။
ဘုရင့်နန်းတော်မှ မင်းသားတစ်ပါး ဆိုလျှင်တောင် သိုင်းလောကရှိ ထင်ရှားသည့် မင်ကျန်းတောင်မှ သခင်လေးတစ်ပါး ကဲ့သို့ လွတ်လပ် ပေါ့ပါးစွာ နေထိုင်နိုင်မည် မဟုတ်ပေ။ ထို့ပြင် သူက မင်ကျန်းတောင် သခင်ကြီး၏ တစ်ဦးတည်းသော သားလေး ဖြစ်လေသည်။
သို့သော် မိုးကောင်းကင်က တရားမျှတ ပါသည်။
သခင်လေး ဆိုသူမှာ ဝေါယာဉ်ထဲမှ လမ်းလျှောက် ထွက်လာခြင်း မဟုတ်ပါ။ ဘီးတပ် ကုလား ထိုင်ဖြင့် ခပ်ဖြည်းဖြည်း ထွက်လာခဲ့ခြင်း ဖြစ်လေသည်။
သူကကောင်းကင်ကို မော့ကြည့်ပြီး ပြောလိုက်သည်။
"လသာနေတာ လှလိုက်တာ"
သူကခေါင်းကို ပြန်ငုံ့လိုက်ပြီး …
"နှင်းတွေကလည်း လှတယ်"
ထို့နောက်သူက မက်မွန်ပန်းပင်ကြီးကို တစ်ချက် ကြည့်လိုက်ပြီး…
"လှလိုက်တဲ့ မက်မွန်ပန်းတွေ …"
ထိုအချိန်တွင် ရှင်းစစ်စစ်နျန် ရုတ်တရက် ရောက်လာလေသည်။
သခင်လေးဆိုသူမှာ သူမကို ငေးကြည့်နေမိပြီး မည်သည့် စကားသံမျှ ထွက်လာခြင်း မရှိတော့ ပေ။
ရှင်းစစ်စစ်နျန်က ခါးထောက်လိုက်ပြီး …
"ဘယ်လိုဖြစ်တာလဲ ကောင်လေး။ ရှင့်လျှာကို ကြောင်စားသွားပြီလား။ "လှတယ်" လို့ သုံးခါ ပြောပြီးတော့ ကျွန်မကို မြင်တော့ ဘာမှမပြောတော့တာ ကျွန်မက မလှလို့ များလား။ ကျွန်မက လမင်းကြီးလောက် မလှဘူးလား ဒါမှမဟုတ် နှင်းတွေ၊ မက်မွန်ပန်းတွေလောက် မလှလို့လား"
သူမ၏ နောက်ဆုံးပြောလိုက်သည့် စကားကြောင့် မက်မွန်ပင်ကြီးက ရှင်းစစ်စစ်နျန် သူ့ကို စိတ်ဆိုးသွားမည်ကို ကြောက်ရွံ့သည့် အလား ယိမ်းထိုးလှုပ်ရှား သွားလေသည်။ သစ်ပင်များတွင် အသိဉာဏ်ရှိသည် ဆိုသည်မှာ ရှားပါးဖြစ်ရပ်ပင် ဖြစ်လေသည်။ ထိုကဲ့သို့ အသိဉာဏ် ရရှိဖို့မှာလည်း မလွယ်ကူလှပေ။
မက်မွန်ပင်ကြီးသာ လူသားအသွင် ကူးပြောင်းနိုင်မည် ဆိုလျှင် သူ၏ သစ္စာရှိမှုကို ပြသသည့် အနေဖြင့် ရှင်းစစ်စစ်နျန် ရှေ့တွင် ဒူးထောက် ဝပ်တွားနေမည် ဖြစ်လေသည်။
ထန်လွန်းသည့် လေနှင့် အေးစက်လွန်းသည့် နှင်းများပင်လျှင် ရှင်းစစ်စစ်နျန်လောက် ကြောက်ဖို့ ကောင်းမည် မဟုတ်ပေ။
သခင်လေးဆိုသူ ဘီးတပ် ကုလားထိုင်ပေါ်တွင် ထိုင်နေသည်ကို ကြည့်ပြီး ရှင်းစစ်စစ်နျန်မှာ သနားခြင်း သို့မဟုတ် လှောင်ပြောင် ကဲ့ရဲ့လိုခြင်း ကဲ့သို့သော မည်သည့် တုံ့ပြန်မရှိသည်ကို သခင်လေး ဆိုသူ သတိထား လိုက်မိလေသည်။ သို့သော် ထိုသို့သော အခြေအနေကို သူသဘော ကျမိလေသည်။
ရှင်းစစ်စစ်နျန်၏ ပုံစံမှာ သူ့ဘဝ တစ်လျှောက်လုံးတွင် တွေ့ခဲ့ရသည့် မိန်းကလေးများနှင့် လုံးဝ မတူပါ။
"ဘာလို့လဲဆိုတော့ "လှတယ်" ဆိုတဲ့စကားလုံးနဲ့ ဖော်ပြလို့ မရနိုင်လောက်အောင် မင်းက သိပ်လှလွန်း နေလို့ပါ၊ မက်မွန်ပန်းတွေ၊ လရောင်နဲ့ နှင်းတွေနဲ့ မယှဉ်နိုင် လောက်အောင်ကို မင်းရဲ့ အလှတရားက ကျက်သရေ ရှိလွန်းလို့ပါ"
သခင်လေးဆိုသူက နူးညံ့စွာ ပြောလိုက်သည်။
"လူငယ်လေး မင်း သူမကို သိပ်မြှောက်ပင့် မနေနဲ့။ သူအရမ်းကို မြောက်နေလိမ့်မယ်။ ကံတရားအတိုင်း တွေ့ဆုံကြမှတော့ စကားလေး ဘာလေး လာပြောပါဦး"
ထိုအသံမှာ စောစောက ကြားရသည့် အဘိုးအို၏ အသံဖြစ်လေသည်။
"ကောင်းပါပြီ ဆရာကြီး။ အသက်ကြီးသူ စကားကို လူငယ်တွေက မလိုက်နာ နိုင်စရာ မရှိပါဘူး"
သူတို့ အိမ်ထဲသို့ ဝင်လိုက်ကြလေသည်။ ထိုအရာမှာ တရားထိုင်သည့် အဆောင်လေး ဖြစ်ပြီး သန့်ရှင်းတောက်ပြောင် နေလေသည်။
အဘိုးအို၏ အဝတ်အစားများမှာ သန့်ရှင်း သပ်ရပ်ပြီး ဆံပင်များက ငွေရောင်ကဲ့သို့ ဖြူဖွေးနေလေသည်။ ယဉ်ကျေး သိမ်မွေ့သည့် စာပေသမားပုံစံ ပေါက်လေသည်။ အဘိုးအိုမှာ ရှင်းစစ်စစ်နျန်၏ ခန့်မှန်းရ ခက်သည့်ပုံစံနှင့် ဆန့်ကျင်ဘက် ဖြစ်နေလေသည်။
ဓားသမားနှစ်ယောက်က သခင်လေး၏ ဘေးတစ်ဖက် တစ်ချက်တွင် ရပ်နေပြီး ရှင်းစစ်စစ်နျန်ကတော့ အဘိုးအို၏ နောက်တွင် ရပ်နေလေသည်။
အဘိုးအိုက…
"ကျုပ်က ရှင်းမျိုးနွယ်ပါ။ သူကတော့ ကျုပ်ရဲ့သမီးလေး ရှင်းစစ်စစ်နျန်ပါ။ ဒီလောက်နှင်းတွေ ကျနေတဲ့ ညမှာ ခရီးထွက်လာတာ လူငယ်လေးက ထူးခြားတဲ့ သူပဲ။ဘယ်ကနေများ ရောက်လာတာလဲ"
"ကျုပ်နာမည်က ရဲ့လျိုယွင်ပါ။ ရှင်းဆရာကြီးနဲ့ တွေ့ရတာ ဝမ်းသာမိပါတယ်"
"ဒါဖြင့် မင်းက မင်ကျန်းတောင်က သခင်လေးပေါ့။ ဒီလောက် ယဉ်ကျေးပြီး ကျက်သရေ ရှိနေတာ မအံ့သြတော့ပါဘူး"
ရဲ့လျိုယွင်က တွေးလိုက်သည်။
"ကျန်းဟူမှာ ဆိုရိုးစကားရှိတယ်။ လူသုံးမျိုးကို သတိထားရမယ်တဲ့။ သက်ကြီးရွယ်အိုတွေရယ်၊ မိန်းကလေးတွေရယ်၊ ကလေးတွေရယ်တဲ့။ ဒီသားအဖ နှစ်ယောက်က ဆိုရိုးထဲက လူနှစ်မျိုးထဲမှာ ပါနေတယ်။ တစ်ချက်ထဲနဲ့ ငါ့ရဲ့အကြောင်းကို သိနေတာ စိတ်ဝင်စားစရာ ကောင်းတယ်"
"ရှေးလူကြီးတွေ ကျုပ်နာမည်ကို သိနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ တကယ့်ကို ဂုဏ်ယူမိပါတယ်။ စိတ်မရှိဘူးဆိုရင် မေးပါရစေ။ အဘိုးက ဘယ်သူများလဲ။ ဒီလို မေးလိုက်လို့ ရိုင်းပြသွားရင် ခွင့်လွှတ်ပါ"
အဘိုးအိုက ပြုံးရုံသာ ပြုံးလိုက်ပြီး အဖြေမပေးပါ။ သူက အရက်ခွက်ကို ကိုင်လိုက်လေသည်။
ရဲ့လျိုယွင်မှာ အရက်သောက်နိုင်သူ တစ်ယောက်ဖြစ်လေသည်။ သို့သော် ယခုတော့ အရက် အနည်းငယ် သောက်ပြီးသည်နှင့် ခေါင်းထဲတွင် မူးနောက်နောက် ဖြစ်လာကာ ဘာမှန်း မသိလောက်အောင် သတိ မေ့သွားရ လေတော့သည်။
သူသတိ ပြန်ရလာသည့် အခါတွင်တော့ နံနက်ခင်းသို့ ရောက်နေပြီဖြစ်ပြီး ဝေါယာဉ်ထဲသို့လည်း ပြန်ရောက်နေပြီ ဖြစ်လေသည်။
သူက လိုက်ကာကို ဖွင့်ကြည့်လိုက်တော့ ထိတ်လန့်တကြား ဖြစ်နေကြသည့် ကျန်းရှီစစ်နှင့် ကျန်းရှီစန်းကို တွေ့လိုက်ရသည်။ သူတို့မှာ တောင်ဆင်းလမ်း တစ်နေရာတွင် ရှိနေကြခြင်း ဖြစ်ပြီး ချင်ပြည်နယ် မြို့တော်ကိုပင် လှမ်းမြင်နေရပြီ ဖြစ်လေသည်။
"မနေ့ညက ဘာဖြစ်ခဲ့တာလဲ"
ရဲ့လျိုယွင်က မေးလိုက်သည်။
ကျန်းရှီစန်းက…
"မနေ့ညက ဝတ်ကျောင်းတောင် တစ်ခုထဲကို ဝင်ပြီး တစ်ညအိပ်တယ် ထင်တာပဲ ၊ ဘယ်လိုလုပ် ဒီနေရာကို ရောက်နေရတာလဲ"
ကျန်းရှီစစ်က ပါးစပ်ပိတ်နေ လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းရှီစန်းပြောသည်နှင့် သူသိသည်မှာ အတူတူ ဖြစ်နေသောကြောင့် ထပ်ပြောစရာ မလိုတော့ပေ။
ရဲ့လျိုယွင်က မနေ့ညက အဖြစ်အပျက်များကို ပြန်စဉ်းစားလိုက်ရင်း သက်ပြင်း တစ်ချက်ချ လိုက်သည်။
"လူတွေ မသိနိုင်တဲ့ တခြားလောကသားတွေ ရှိသေးတယ် ဆိုတာ အမှန်ပဲကိုး။ မနေ့ညက တွေ့ခဲ့ရတဲ့ သားအဖ နှစ်ယောက်က နတ်ဘုရားတွေ ဖြစ်ရင်ဖြစ် မဟုတ်ရင် နတ်မိစ္ဆာတွေပဲ ဖြစ်ရမယ်။ ဒါပေမယ့် ဘာလို့ ငါတို့ကို လှည့်စား ရတာလဲ"
"မကောင်းတာ တစ်ခုခု လုပ်မသွားတာပဲ တော်သေးတာပေါ့"
"လူ့လောကထဲမှ နတ်မိစ္ဆာတွေကတော့ မဟုတ်တာ မလုပ်ရဲလောက်ပါဘူး။ ချင်ပြည်နယ် မြို့တော်ထဲကို သွားကြစို့။ မသိနိုင်တာတွေ ထားလိုက်ပြီး ငါတို့ပစ္စည်း ပြန်ယူကြမယ်"
ရဲ့လျိုယွင် ဆုံးဖြတ်ချက် ချလိုက်လေသည်။ ပြီးခဲ့သည့် ကိစ္စများသည် နောက်ထပ် ရှုပ်ထွေးလာစရာ အကြောင်း မရှိဟု တွေးလိုက်မိလေသည်။
***