အခန်း (၁၇၂၃)
Vol. 124 Ch. 1723
သူ၏ လက်ထဲမှာ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို ဆုပ်ကိုင်ထားစဉ် ထာဝရကောင်းကင်ဘုံနယ်မြေတစ်ခု ဖြစ်ပေါ်လာသည်။ ထာဝရကောင်းကင်ဘုံထဲတွင် သူ၏ ခန္ဓာကိုယ်ထဲမှ သေခြင်းရှင်ခြင်းစွမ်းအားက ဖိနှိပ်ခံလိုက်ရသည်။ ယင်းက သူ့အား အစွမ်းကုန်ထုတ်လွှတ်နိုင်စေရန် ခွင့်ပြုပေးသည်။
ဟန်မူယဲ့က ဓားကို အရှေ့သို့ ချိန်ရွယ်လိုက်လေရာ သူ၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသော နတ်ဘုရားအလင်း ထွက်ပေါ်လာသည်။
ကောင်းယွမ်ဖန်ဆင်းရှင်က မဟာပန်သွန်ဘုံ၏ အသန်မာဆုံး ဖန်ဆင်းရှင်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က ကောင်းကင်ဘုံခေါင်းလောင်းနှင့် ပေါင်းစပ်နေသည်ဆိုလျှင်ပင် မည်သည့်အရေးနည်း။
ဟန်မူယဲ့ထံမှ ထုတ်လွှတ်နေသော တိုက်ပွဲစိတ်ဆန္ဒက အလွန်သန်မာလေရာ မိုးမြေသည်ပင် ယင်းကို မထိန်းသိမ်းနိုင်ပေ။ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်လောကက ချက်ချင်း အက်ကွဲသွားသည်။
“ သေစမ်း ”
ဟန်မူယဲ့က ကြုံးဝါးအော်လိုက်ပြီး သူ၏ ဓားကို အရှေ့သို့ ထိုးသွင်းလိုက်သည်။ အဖြူအနက်ဓားအလင်းက သူ၏ ဓားဖျားပေါ်မှာ လင်းလက်သွားသည်။
ဓားအလင်းက လွန်စွာတောက်ပပြီး မိုင်သန်းပေါင်းများစွာ အဝေးသို့ ပျံ့နှံ့သွားသည်။ ဤသည်မှာ ကောင်းကင်က ပြိုကျပျက်စီးတော့မည့်အလားပင်။ ဓားအလင်းက မိုင်တစ်ထောင်အဝေးမှ ကောင်းယွမ်ဖန်ဆင်းရှင်ဆီသို့ ဦးတည်သွားသည်။
ကောင်းယွမ်ဖန်ဆင်းရှင်က ရွှေရောင်ခေါင်းလောင်းကို ဆုပ်ကိုင်ထားသည်။ မီးခိုးရောင် သေခြင်းရှင်ခြင်းစွမ်းအားက သူ၏ လက်ဖဝါးထဲမှ ထွက်ပေါ်လာပြီး ဟန်မူယဲ့၏ ဓားအလင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
“ ဗုန်း ”
သေခြင်းရှင်ခြင်းစွမ်းအားနှစ်မျိုး၏ ထိပ်တိုက် တွေ့ဆုံမှုကြောင့် အဆုံးမဲ့သော ဟင်းလင်းပြင်က ပြိုကွဲသွားသည်။ သူတို့၏ ဘေးပတ်ဝန်းကျင်မှ မူလစွမ်းအင်အားလုံးက အက်ကွဲသွားကြသည်။
အဖြူအနက်ဓားအလင်းက ကောင်းယွမ်ဖန်ဆင်းရှင်၏ သေခြင်းစွမ်းအင်အလွှာကို ပိုင်းဖြတ်လိုက်ပြီး ရွှေရောင်ခေါင်းလောင်းဆီသို့ ဆက်လက် ပျံသန်းသွားသည်။
“ ဒုန်း ”
ရွှေရောင်ခေါင်းလောင်းက တုန်ခါသွားလေရာ သူတို့နှစ်ယောက်၏ အရှေ့မှ လေဟာနယ်က တိုက်ရိုက် ပြိုကွဲသွားသည်။
ယင်းက ထာဝရကောင်းကင်ဘုံ၏ စွမ်းအား ကိန်းဝပ်နေသော ဝိညာဉ်စုစည်းကောင်းကင်ဘုံခေါင်းလောင်း ဖြစ်သည်။ သေခြင်းရှင်ခြင်းစွမ်းအားသည်ပင် ယင်းကို ထိခိုက်အောင် မလုပ်နိုင်ပေ။
ဟန်မူယဲ့က မြန်ဆန်စွာ ရွေ့လျားလိုက်သည်။ သူ့အရှေ့၌ ပြိုကွဲသွားသော လေဟာနယ်ကို တိုက်ရိုက် ဖြတ်ကျော်သွားပြီးနောက် သူက ကောင်းယွမ်ဖန်ဆင်းရှင်ဆီသို့ ဦးတည်သွားသည်။
ဖန်ဆင်းရှင်အဆင့်တွင် အသေအကြေတိုက်ပွဲများနှင့် အနီးကပ်တိုက်ခိုက်ခြင်းက ရှားပါးသည်။ သို့သော် သူ့အရှေ့မှ ကောင်းယွမ်ဖန်ဆင်းရှင်သည် ကောင်းကင်ဘုံခေါင်းလောင်း၏ ကာကွယ်ပေးခြင်းခံထားရသည်။ သေခြင်းရှင်ခြင်းစွမ်းအားက သူ့အပေါ် သက်ရောက်မှုမရှိပေ။
သို့ဖြစ်၍ ဟန်မူယဲ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ အနီးကပ်တိုက်ခိုက်ရန် ဖြစ်သည်။
ဟန်မူယဲ့ ချဉ်းကပ်လာသည်ကို မြင်သောအခါ ကောင်းယွမ်ဖန်ဆင်းရှင်က မျက်လုံးမှေးကျဉ်းလိုက်သည်။ အဆုံးမဲ့သော သေခြင်းရှင်ခြင်းစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး ပိုက်ကွန်တစ်ခုအဖြစ် ဖွဲ့စည်းသွားကာ ဟန်မူယဲ့ကို ဖုံးအုပ်လိုက်သည်။
ဟန်မူယဲ့က လျှပ်စီးတန်းသဖွယ် မြန်ဆန်စွာ ရွေ့လျားသွားပြီး သူ့အရှေ့မှ ပိုက်ကွန်ကို ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
သူ၏ ဓားတစ်ချက်စီက ဘုံတစ်ခုကို ဖျက်ဆီးပစ်နိုင်သည်။
ကောင်းယွမ်ဖန်ဆင်းရှင်၏ ဟန့်တားမှုက ဟန်မူယဲ့အပေါ် အလုပ်မဖြစ်ပေ။ နောက်အခိုက်အတန့်မှာ ဟန်မူယဲ့က ကောင်းယွမ်ဖန်ဆင်းရှင်၏ အရှေ့မှာ ရပ်လိုက်သည်။
သူ၏ ဓားဖျားပေါ်မှ အေးစက်စက်အလင်းက မိုင်သန်းပေါင်းများစွာ ကျယ်ပြောသော ဟင်းလင်းပြင်ကို အေးခဲသွားစေသည်။ သူက ရွှေရောင်ခေါင်းလောင်းကို ဓားဖြင့် ထိုးစိုက်လိုက်လေရာ ရှိန်လောက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ထွက်ပေါ်လာသည်။
“ ဒုန်း ”
အက်ကွဲကြောင်းများက ကောင်းကင်ဘုံခေါင်းလောင်း၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာသည်။
လတ်ဆတ်သော သွေးစီးကြောင်းတစ်ခုက ကောင်းယွမ်ဖန်ဆင်းရှင်၏ ရင်ဘက်ပေါ်မှာ ထွက်ပေါ်လာသည်။
“ ကျုပ် ထင်ထားသလိုပဲ… ခင်ဗျားက သေခြင်းရှင်ခြင်းကို ပြောင်းပြန်လှန်ပြီး ကောင်းကင်ဘုံခေါင်းလောင်းနဲ့ ပေါင်းစပ်ထားတယ် ”
ဟန်မူယဲ့၏ အသံက တည်ငြိမ်သည်။ သူက နောက်တစ်ကြိမ် ဓားကို မြှောက်လိုက်သည်။
“ ဒါဆို ငါ့ရဲ့ ပြောင်းပြန် သေခြင်းရှင်ခြင်းစွမ်းအားကို မင်းကြည့်ကြည့်လိုက် ”
ကောင်းယွမ်ဖန်ဆင်းရှင်က အော်ပြောလိုက်သည်။ သူ၏ မျက်နှာပေါ်မှာ ရူးသွပ်သောအမူအရာ ထွက်ပေါ်လာသည်။
သူ့အရှေ့၌ ရွှေရောင်ခေါင်းလောင်းက အဆုံးမဲ့သော နတ်ဘုရားအလင်းကို ထုတ်လွှတ်လိုက်သည်။ ဘီလီယံနှင့်ချီ များပြားသော သေခြင်းရှင်ခြင်းစွမ်းအားက ဟင်းလင်းပြင်ထဲမှာ ပြန့်ကျဲသွားသည်။
ကောင်းယွမ်ဖန်းဆင်ရှင်က သူ့ကိုယ်သူ ကောင်းကင်ဘုံခေါင်းလောင်းနှင့် ပေါင်းစပ်ထားပြီး သူ၏ သေခြင်းရှင်ခြင်းစွမ်းအားကို ခေါင်းလောင်းထဲမှာ ဖုံးကွယ်ထားသည်။
အဆုံးမဲ့သော သေခြင်းရှင်ခြင်းစွမ်းအား ထွက်ပေါ်လာသည်ကို မြင်သောအခါ ဟန်မူယဲ့က ခပ်ရေးရေး ပြုံးလိုက်သည်။
သူက ထပ်မံ မတိုက်ခိုက်ပေ။ ယင်းအစား သူက အနောက်ဆုတ်သွားပြီး တခြားလေဟာနယ်အလွှာထဲသို့ ဝင်ရောက်သွားသည်။
ကောင်းကင်ဘုံခေါင်းလောင်းကို ပြန်ဖမ်းဆုပ်လိုက်သည့်အခါ ကောင်းယွမ်ဖန်ဆင်းရှင်၏ အမူအရာက ပြောင်းလဲသွားသည်။
“ ကောင်းယွမ်ဖန်ဆင်းရှင်… ကျုပ်က ခင်ဗျားရဲ့ အစီအစဉ်မှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီတယ် မလား ”
ကောင်းယွမ်ဖန်ဆင်းရှင်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ အရှိန်အဝါက ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။
“ လုံလောက်တယ် ”
…..
ဤလောက၏ အထွတ်အထိပ် ပုဂ္ဂိုလ်များအနေဖြင့် သူတို့ကြားမှာ သေခြင်းရှင်ခြင်းတိုက်ပွဲများက အလွန်ရှားပါးသည်။ မဖြေရှင်းနိုင်သော ရန်ငြိုးများမရှိနေလျှင် သူတို့က အသေအကြေ တိုက်ခိုက်ကြလိမ့်မည် မဟုတ်ချေ။
ဟန်မူယဲ့က သူ၏ ခွန်အားကို သက်သေပြခဲ့သည်။ သူက ကောင်းယွမ်ဖန်ဆင်းရှင်၏ အသိအမှတ်ပြုမှုကို ရရှိသွားပြီး တခြားဖန်ဆင်းရှင်များ သူ့နောက်သို့ မလိုက်တော့ရန် ဟန့်တားနိုင်ခဲ့သည်။
တခြားဖန်ဆင်းရှင်များက ယွမ်ကျားဘုံမှ ဖန်ဆင်းရှင်၏ နတ်ဘုရားနိဂုံးကပ်ဘေးကို ယာယီဖိနှိပ်ထားကြစဉ် ဟန်မူယဲ့နှင့် ကောင်းယွမ်ဖန်ဆင်းရှင်က တည်ငြိမ်စွာ စောင့်ဆိုင်းနေကြသည်။
“ တာအိုရောင်းရင်းတို့ခင်ဗျာ… ကျုပ်နဲ့ တာအိုရောင်းရင်းဟန်က မဟာပန်သွန်ဘုံထဲမှာ ပွဲအခမ်းအနားတစ်ခု ကျင်းပပါမယ်… ခင်ဗျားတို့အားလုံးကို ထာဝရကောင်းကင်ဘုံဆီသွားမယ့် စွန့်စားခရီးမှာ ကျုပ်တို့နဲ့အတူ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ် ”
ကောင်းယွမ်ဖန်ဆင်းရှင်သည် ဝိညာဉ်စုစည်းကောင်းကင်ဘုံခေါင်းလောင်းနှင့်အတူ ဟင်းဟင်းပြင်ပေါ်မှာ မတ်တတ်ရပ်နေသည်။ သူ၏ ဘေးတွင် ဟန်မူယဲ့က ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်၏ စွမ်းအားကို ထုတ်လွှတ်နေသည်။
သူတို့နှစ်ယောက်က ထိုဖန်ဆင်းရှင်အုပ်စုကို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်လိုက်ကြသည်။
သူတို့ထံမှ သေခြင်းရှင်ခြင်းစွမ်းအားက ထိုဖန်ဆင်းရှင်များထက် မနိမ့်ကျပေ။
သူတို့နှစ်ယောက်တည်းက ထိုဖန်ဆင်းရှင်အုပ်စုကို ရင်ဆိုင်နိုင်သည်။
ဖန်ဆင်းရှင်များက မကျေမနပ်ဖြစ်သွားကြသည်။ သို့သော်လည်း သူတို့က ကူကယ်ရာမဲ့နေကြသည်။
ဟန်မူယဲ့နှင့် ကောင်းယွမ်ဖန်ဆင်းရှင်၏ ခွန်အားက သူတို့ကို စိုးရိမ်ကြောင့်ကြစေသည်။ ထို့ပြင် သူတို့ဆီမှာ အစွမ်းထက် ကောင်းကင်ဘုံရတနာများ ရှိနေသည်။
“ ကောင်းပြီ… ထာဝရကောင်းကင်ဘုံက ကျုပ်တို့စောင့်မျှော်နေတဲ့အရာပဲ ”
“ ကောင်းယွမ်ဖန်ဆင်းရှင်… ခင်ဗျားက ဒီလောကရဲ့ အထွတ်အထိပ် ဖန်ဆင်းရှင်တွေထဲက တစ်ယောက်ပဲ… ခင်ဗျားရဲ့ ဖိတ်ကြားမှုကို ကျုပ်တို့ မငြင်းဆန်ဝံ့ပါဘူး ”
ဖန်ဆင်းရှင်အများအပြားက ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့က နေရာမှ ပျောက်ကွယ်သွားကြသည်။
ကောင်းယွမ်ဖန်ဆင်းရှင်နှင့် ဟန်မူယဲ့က အကြည့်ချင်းဖလှယ်လိုက်သည်။ ထို့နောက် သူတို့သည်လည်း နေရာမှ ပျောက်ကွယ်သွားကြသည်။
…..
နှစ်ဝက်ကြာပြီးနောက်… ။
မဟာပန်သွန်ဘုံ၏ နန်းမြို့တော်ထဲတွင်… ။
ခမ်းနားထည်ဝါစွာ တောက်ပနေသော ရွှေခန်းဆောင်ထဲ၌ ဟန်မူယဲ့နှင့် ကောင်းယွမ်ဖန်ဆင်းရှင်က ပလ္လင်ပေါ်မှာ ထိုင်နေကြသည်။ သူတို့၏ ဘေးပတ်ဝန်းကျင်တွင် တခြားဖန်ဆင်းရှင်ရှစ်ပါး ရှိကြသည်။
ယင်းက ဖန်ဆင်းရှင်များ၏ ညီလာခံဖြစ်သည်။ စုစုပေါင်း ဖန်ဆင်းရှင်ဆယ်ပါးက ဤနေရာမှာ စုဝေးနေကြသည်။
“ ထာဝရကောင်းကင်ဘုံက ခင်ဗျားတို့ စိတ်ကူးထားသလို လုံးဝ မဟုတ်ဘူး ”
ကောင်းယွမ်ဖန်ဆင်းရှင်က ခန်းဆောင်ထဲမှ လူတိုင်းကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
သူ့စကားက ဤနေရာမှာ စုဝေးနေကြသော ဖန်ဆင်းရှင်များကို အမူအရာပြောင်းလဲသွားစေသည်။
သူတို့ထဲမှ တချို့က လျှို့ဝှက်ချက်တချို့ကို သိထားဟန် ရ၏။ စူးရှသော အလင်းက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ကောင်းယွမ်ဖန်ဆင်းရှင်က လက်ဝှေ့ယမ်းလိုက်သည်။ မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။
ထိုရွှေရောင်အလင်းထဲတွင် ဟင်းလင်းပြင်အလွှာ သန်းပေါင်းဘီလီယံနှင့်ချီ ဖွဲ့စည်းထားသော အာကာသစကြာဝဠာတစ်ခု ရှိသည်။
အာကာသဟင်းလင်းပြင်ထဲတွင် နတ်ဘုရားအလင်းတန်းများက အတူတကွ စုဝေးနေကြပြီး သေခြင်းရှင်ခြင်းကြားမှာ ထပ်ခါတလဲလဲ လှည့်ပတ်နေကြသည်။
“ ထာဝရ… ”
ဖန်ဆင်းရှင်တစ်ပါးက တီးတိုးရေရွတ်လိုက်သည်။
ယင်းက လူတိုင်းမြင်ဖူးသော ထာဝရကောင်းကင်ဘုံ ဖြစ်သည်။ ထိုနေရာတွင် မွေးဖွားခြင်းနှင့် သေဆုံးခြင်းမရှိပေ။ သေခြင်းရှင်ခြင်း သံသရာစက်ဝန်းသာလျှင် ရှိသည်။
သို့သော်လည်း ထိုမြင်ကွင်းထဲတွင် အရာအားလုံးက မြန်ဆန်စွာ ပြောင်းလဲသွားသည်။ နန်းတော်များက ပြိုကျပျက်စီးသွားကြသည်။ မိုးမြေက အက်ကွဲသွားပြီး အရာအားလုံးက အဆုံးမရှိသော အမှောင်ထုအဖြစ် ပြောင်းလဲသွားသည်။
“ ထာဝရကောင်းကင်ဘုံဆိုတာ တကယ်တော့ အဆင့်မြင့်ဒိုင်မန်းရှင်းတစ်ခုရဲ့ အစွန်းတစ်ခုပဲ ဖြစ်တယ်… ထာဝရကောင်းကင်ဘုံက အဲ့ဒီဒိုင်မန်းရှင်းကနေ ပြုတ်ကျလာခဲ့တာ ”
“ ဒိုင်မန်းရှင်းတွေကိုတော့ ခင်ဗျားတို့တွေ အာရုံခံနိုင်ကြတယ်မလား ”
ဒိုင်မန်းရှင်း… ။
ယင်းက ဖန်ဆင်းရှင်သာလျှင် အာရုံခံနိုင်သော စွမ်းအားဖြစ်သည်။
အရာဝတ္ထုများကို ဖန်ဆင်းရန်အလို့ငှာ တစ်စုံတစ်ယောက်က ဒိုင်မန်းရှင်းအကြောင်း နားလည်ထားရမည်။
သို့မဟုတ်လျှင် သူတို့က အရာဝတ္ထုများ ဖန်ဆင်းသည့်အခါ ယင်းတို့၏ အရွယ်အစား၊ အလေးချိန်နှင့် ရုပ်ပုံသဏ္ဍာန်ကို ဆုံးဖြတ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။
ဒိုင်မန်းရှင်းအကြောင်း နားလည်ထားမှသာလျှင် တစ်စုံတစ်ယောက်က အရာဝတ္ထုများကို ဖန်ဆင်းနိုင်လိမ့်မည်။
ဖန်ဆင်းရှင်များအတွက်တော့ သူတို့ဖန်ဆင်းလိုက်သော အရာအားလုံးက ယခု သူတို့နေထိုင်ကြသော လေဟာနယ်ဒိုင်မန်းရှင်းနှင့်သာ သက်ဆိုင်သင့်သည်။
သို့သော် သူတို့ဖန်ဆင်းလိုက်သော အရာဝတ္ထုများထဲမှာ တခြားဒိုင်မန်းရှင်းအလွှာတစ်ခု၏ စွမ်းအားက ကိန်းအောင်းနေကြောင်း သူတို့အာရုံခံနိုင်ကြသည်။
“ အဲ့ဒါက ထာဝရ ”
“ ထာဝရဒိုင်မန်းရှင်းက ကျုပ်တို့နေထိုင်တဲ့ လောကရဲ့ ဆန့်ကျင်ဘက်မှာ တည်ရှိတယ်… သီအိုရီအရ ကျုပ်တို့က ထာဝရဒိုင်မန်းရှင်ဆီ ဝင်ရောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ”
ကောင်းယွမ်ဖန်ဆင်းရှင်က ခန်းဆောင်ထဲမှ လူများကို ဝေ့ဝိုက်ကြည့်လိုက်ပြီး လေးလေးနက်နက် ပြောသည်။
“ ထာဝရကောင်းကင်ဘုံထဲ ခင်ဗျားဝင်ရောက်တဲ့အခါ ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရလိမ့်မယ် ”
“ ထာဝရကောင်းကင်ဘုံဆီ ခင်ဗျားရဲ့ ကိုယ်ပိုင်စွမ်းအားကို သယ်ဆောင်သွားပြီး အဲ့ဒီအပျက်အစီးနယ်မြေထဲမှာ ထာဝရ နေထိုင်ဖို့ ရွေးချယ်နိုင်တယ်… အဲ့ဒီမှာ ခင်ဗျားက နောက်ဆုံး ရူးသွပ်သွားတဲ့အထိ ခေတ်တွေ မရေမတွက်နိုင်အောင် နေထိုင်ရလိမ့်မယ် ”
“ တခြားရွေးချယ်စရာက ခင်ဗျားရဲ့ စွမ်းအင်အားလုံးကို ချိပ်ပိတ်ပြီး ခင်ဗျားရဲ့ ကျင့်ကြံခြင်းအခြေခံကို မျိုးစေ့အဖြစ် ပြောင်းလဲပစ်ရမယ်… အဲ့ဒီနောက် အစစ်အမှန် ထာဝရကောင်းကင်ဘုံဆီ တတ်လှမ်းသွားမယ် ”
“ ဒါပေမဲ့ ခင်ဗျား ပြန်နိုးလာနိုင်မလား ပြီးတော့ ခင်ဗျားနိုးလာတဲ့အခါ အဲ့ဒီမှတ်ဉာဏ်တွေက ခင်ဗျားအပိုင်ဖြစ်နေဦးမလားဆိုတာ ဘယ်သူမှ မသိကြဘူး ”
ထိုသို့ပြောပြီးနောက် ကောင်းယွမ်ဖန်ဆင်းရှင်က မျက်လုံးမှိတ်လိုက်ပြီး နှုတ်ဆိတ်သွားသည်။
ဟန်မူယဲ့က ထိုအကြောင်းကို အစောကြီးကတည်းက သိထားသည်။
ဖန်ဆင်းရှင်အဆင့်သို့ သူတတ်လှမ်းသွားပြီးနောက် ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားမှ သဘောတရားကို သူအာရုံခံမိခဲ့သည်။ အထူးသဖြင့် အသက်ဓာတ်စွမ်းအားကို အသုံးပြုသည့်အခါမှာ သူ၏ ဖန်ဆင်းမှုများက ပုံရိပ်ယောင်သာဖြစ်ကြောင်း သူခံစားမိခဲ့သည်။
ထိုသို့ပုံရိပ်ယောင်ခံစားမှုက ဖန်ဆင်းရှင်၏ စွမ်းအားကို တဖြည်းဖြည်း ပျက်သုန်းသွားစေလိမ့်မည်။
ယင်းက နတ်ဘုရားနိဂုံး၏ စတင်မှု ဖြစ်သည်။
ထို့ကြောင့် ဖန်ဆင်းရှင်များက အဆုံးသတ်မှာ နတ်ဘုရားနိဂုံးနယ်ပယ်ထဲသို့ ဝင်ရောက်သွားရခြင်း ဖြစ်သည်။
ယင်းက ဒိုင်မန်းရှင်များကြားထဲ၌ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်မှု ဖြစ်သည်။
ဖန်ဆင်းရှင်အဆင့်သို့ ကိုယ်တိုင် ဝင်ရောက်သွားပြီးနောက် အစစ်အမှန် ထာဝရကောင်းကင်ဘုံက ဖန်ဆင်းရှင်အားလုံး၏ ကံကြမ္မာဖြစ်ကြောင်း ဟန်မူယဲ့ နားလည်သွားသည်။
“ နှစ်တစ်ထောင်ကြာပြီးရင် အသင်္ချေအသူရာချောက်နက်ဆီ သွားဖို့ ကျုပ်စီစဉ်ထားတယ်… တကယ်လို့ ခင်ဗျားတို့ ဆန္ဒရှိမယ်ဆိုရင် ကျုပ်တို့တွေ အတူစွန့်စားနိုင်တယ် ”
ဟန်မူယဲ့က ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
မည်သို့ဖြစ်ပါစေ အသင်္ချေအသူရာချောက်နက်ဆီသို့ သေချာပေါက် သူသွားရမည်။
ယင်းက လောကဖန်ဆင်းရှင်ကို သူပေးထားသော ကတိကြောင့်သာ မဟုတ်ပေ။ ယင်းက စွမ်းအားနှင့် သူ့ကိုယ်ပိုင်ကံကြမ္မာအတွက် သူလျှောက်လှမ်းရမည့် လမ်းကြောင်း ဖြစ်သည်။