အခန်း (၁၇၂၉)
Vol. 124 Ch. 1729
“ အရာအားလုံးကို မေ့သွားမှာလား ”
ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး အသင်္ချေအသူရာချောက်နက်ထဲမှ အနက်ရောင်ပုံရိပ်များကို ကြည့်လိုက်သည်။
ထို့နောက် သူက အသင်္ချေအသူရာချောက်နက်၏ အပေါ်မှ ခမ်းနားထည်ဝါသော လောကကို ကြည့်လိုက်သည်။
ထိုလောကတွင် သူက ဓားတာအိုကို ကျင့်ကြံခဲ့ပြီး အင်မော်တယ်အတတ်ပညာများကို လေ့ကျင့်ခဲ့သည်။
သူ ဟန်မူယဲ့သည် အတိတ်မှာ ထိုလောက၏ အလေးချိန်ကို တောင့်ခံခဲ့ပြီး မရေမတွက်နိုင်သော သက်ရှိများကို ကယ်တင်ခဲ့သည်။
သူ ဟန်မူယဲ့သည် ထိုလောကတွင် မိတ်ဆွေအပေါင်းအဖော်များ၊ ချစ်ခင်ရသူများ၊ တပည့်များနှင့် အမွေအနှစ်များကို ရှာတွေ့ခဲ့သည်။
“ အခြားတစ်ဖက်က အမှန်တရားဆီ ရောက်ဖို့ တစ်စုံတစ်ယောက်က ဒီနေရာက အလိမ်အညာတွေကို မေ့ပစ်ရမယ်လား… ”
ဟန်မူယဲ့က ခေါင်းယမ်းလိုက်သည်။ သူ၏ အမူအရာက အေးဆေးတည်ငြိမ်သည်။
“ ကျုပ် မမေ့ချင်ဘူး ”
သူ့စကားကို ကြားသောအခါ လောကဖန်ဆင်းရှင်က ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
“ အဲ့ဒါကမှ စစ်မှန်တဲ့ ဘဝပဲ ”
“ ဒီနေရာထိ ရောက်လာအောင် လျှောက်လှမ်းခဲ့ရတဲ့ ငါတို့ရဲ့ ခြေလှမ်းတွေ၊ ခရီးတစ်လျှောက်မှာ ငါတို့တွေ့ဆုံခဲ့တဲ့ လူတွေ၊ ဘာလို့ ငါတို့က အဲ့ဒါတွေကို မေ့ပစ်နိုင်မှာလဲ ”
ထွန်းလင်းတောက်ပသော အလင်းရောင်က လောကဖန်ဆင်းရှင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အလွန်အားကောင်းသော စွမ်းအင်အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
အသင်္ချေအသူရာချောက်နက်က အပိုင်းပိုင်း အက်ကွဲသွားတော့မည့်အလား အပြင်းအထန် တုန်ယင်လာသည်။
ထိုစွမ်းအင်လှိုင်းက အလွန်အားကောင်းလေရာ အသင်္ချေအသူရာချောက်နက်ထဲမှ နတ်ဘုရားများနှင့် ဖန်ဆင်းရှင်များက တုန်ယင်သွားကြသည်။
“ ပြန်လည်မွေးဖွားခြင်း… ရွှမ်… တာအိုပေါ်ထွက်ခြင်း… ”
ဟန်မူယဲ့က သူ့အရှေ့မှ လောကဖန်ဆင်းရှင်ကို ကြည့်လိုက်ပြီး နူးညံ့စွာ ရေရွတ်လိုက်သည်။
အကယ်၍ သူ၏ အမြင်မမှားလျှင် ယခု လောကဖန်ဆင်းရှင်ထံမှ ထုတ်လွှတ်လိုက်သော စွမ်းအားက တာအိုပေါ်ထွက်ခြင်းအဆင့်မှာ ဖြစ်သည်။ ယင်းက အမှန်တရားကုန်းမြေမှာပင် အလွန်မြင့်မားသော အဆင့်ဖြစ်သည်။
တာအိုပေါ်ထွက်ခြင်းအဆင့်တွင် ရုပ်ခန္ဓာကိုယ်က တာအိုနှင့် ပေါင်းစည်းသွားပြီး မဟာတာအို၏ စွမ်းအားကို ထုတ်လွှတ်နိုင်စေလိမ့်မည်။
တစ်ခုသိထားရမည်မှာ ထိုမဟာတာအိုက ပုံရိပ်ယောင်လောကထဲမှ တာအိုမဟုတ်ပေ။ ယင်းအစား အမှန်တရားကုန်းမြေမှ တာအိုဖြစ်သည်။
“ လုယွဲ့… မင်းပြန်လာမှာ မဟုတ်ဘူးလား… မင်းဘာကို စောင့်နေသေးတာလဲ… ”
လောကဖန်ဆင်းရှင်က ဟန်မူယဲ့ကို စိုက်ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။ ကောင်းကင်ဘုံတတ်လှမ်းခြင်း ရွှေရောင်အလင်းတန်းက ဟန်မူယဲ့ပေါ်သို့ ကျဆင်းသွားပြီး သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။
ဟန်မူယဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။ သူ၏ မျက်လုံးထဲမှာ နက်နဲသိမ်မွေ့သောအလင်း ထွက်ပေါ်လာသည်။
“ ဂျူနီယာညီလေးလုယွဲ့… ငါကျန်းယွမ်ကို မင်းမှတ်မိသေးလား ”
လောကဖန်ဆင်းရှင်က ရယ်လိုက်ပြီး ဟန်မူယဲ့ကို အာရုံစိုက်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်ခံစားချက်ဖြင့် ပြည့်နှက်နေသည်။
အဆုံးမဲ့သော မှတ်ဉာဏ်များက ဟန်မူယဲ့၏ စိတ်ထဲမှာ ဒီရေသဖွယ် ပေါ်လျှိုးလာသည်။
“ အထွတ်အမြတ်နယ်မြေ… အံ့ဖွယ်ကိုးပါးကောင်းကင်တာအိုဂိုဏ်း… လုယွဲ့… ”
“ ဒီတော့ ငါလည်းပဲ အမှန်တရားကုန်းမြေကနေ ရောက်လာတာပေါ့ ”
“ မဟုတ်ဘူး… အဲ့ဒါမမှန်ဘူး… အဲ့ဒါ ငါမဟုတ်ဘူး ”
ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။
သူ့အရှေ့မှ လောကဖန်ဆင်းရှင်က ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ နောင်တဖြင့် ပြည့်နှက်နေသည်။
“ မင်းပြောတာ ဟုတ်တယ်… ဒါပေမဲ့ အဲ့ဒါက အပြည့်အဝ မမှန်ဘူး ”
“ မင်းက ရွှမ်အဆင့်ကို ချိုးဖြတ်ဖို့ ကျရှုံးခဲ့တယ်… အဲ့ဒါကြောင့် လုယွဲ့ကနေ ဟန်မူယဲ့အဖြစ် ပြောင်းသွားတာပဲ… လုယွဲ့က မင်းဖြစ်တယ်… ဟန်မူယဲ့ကလည်း မင်းပဲ ”
“ မင်းတစ်ယောက်တည်း မဟုတ်ဘူး… မင်းကို ရှာဖွေဖို့ ဒီဟင်းလင်းပြင်ဆီ ငါရောက်လာခဲ့တယ်… ဒါပေမဲ့ ငါလည်းပဲ နောက်ဆုံးမှာ ကျရှုံးသွားပြီး ဒီနေရာမှာ ထာဝရ အိပ်စက်သွားတယ်… ”
ယခု ဟန်မူယဲ့က အရာအားလုံးကို ပြန်မှတ်မိသွားသည်။
အမှန်တရားကုန်းမြေမှ ကျင့်ကြံခြင်းလမ်းစဉ်အရ တစ်စုံတစ်ယောက်သည် ပြန်လည်မွေးဖွားနေစဉ်အတွင်း ရွှမ်သုံးဆင့်ကို ဖြတ်ကျော်ရလိမ့်မည်။
ရွှမ်သုံးဆင့်သည် သွေးချီရွှမ်၊ အမွေအနှစ်ရွှမ်နှင့် ဝိညာဉ်ရွှမ်တို့ ဖြစ်ကြသည်။
ပထမအဆင့်ရွှမ်တွင် တစ်စုံတစ်ယောက်သည် သွေးချီကို ရွေးချယ်ရလိမ့်မည်။ ထို့ကြောင့် ယင်းကို သွေးချီရွှမ်ဟု ခေါ်သည်။
ဒုတိယအဆင့်ရွှမ်တွင် တစ်စုံတစ်ယောက်သည် ကျင့်ကြံခြင်းအမွေအနှစ်ကို ရွေးချယ်ရလိမ့်မည်။ ထို့ကြောင့် ယင်းကို အမွေအနှစ်ရွှမ်ဟု ခေါ်သည်။
တတိယအဆင့်ဖြစ်သော ဝိညာဉ်ရွှမ်တွင် တစ်စုံတစ်ယောက်သည် အဆုံးမဲ့သော အချိန်ကာလထဲမှာ ပျောက်ဆုံးနေသော သူ့ကိုယ်ပိုင်အရိပ်ကို ပြန်ရှာဖွေရလိမ့်မည်။
အမှန်မှာ ပုံရိပ်ယောင်လောကက အမှန်တရားကုန်းမြေ၏ ရောင်ပြန်ဖြစ်သည်။ ယင်းက အမှန်တရားကုန်းမြေမှ မရေမတွက်နိုင်သော သက်ရှိများ၏ ပုံရိပ်ပြန်မှု ဖြစ်သည်။
ပုံရိပ်ယောင်လောကမှ ကျင့်ကြံခြင်းနည်းစနစ်များက အမှန်တရားကုန်းမြေမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းမှာ ယင်းတို့က နိမ့်ကျသွားခဲ့သည်။
ပုံရိပ်ယောင်လောကထဲမှ သက်ရှိအားလုံးသည် အတိတ်၌ အမှန်တရားကုန်းမြေထဲမှာ နေထိုင်ခဲ့ဖူးကြသည်။ သို့သော်လည်း မည်သည့်လောကခေတ်မှာ သူတို့တည်ရှိခဲ့ကြောင်းကို မမှတ်မိကြပေ။
တစ်နည်းဆိုရလျှင် ပုံရိပ်ယောင်လောကက အမှန်တရားကုန်းမြေ၏ အချိန်မြစ်ဖြစ်သည်။ သို့သော် ကွဲပြားခြားနားမှုရှိသည်။
အဘယ့်ကြောင့်ဆိုသော် ပုံရိပ်ယောင်လောကထဲမှ သက်ရှိများသည် သူတို့ကိုယ်ပိုင်လမ်းကြောင်းတစ်ခုကို ရွေးချယ်နိုင်ကြသည်။ သူတို့သည် အမှန်တရားကုန်းမြေထဲမှ သူတို့၏ ယခင်လမ်းကြောင်းအတိုင်း ဆက်ပြီး မလျှောက်လှမ်းကြချေ။
သူ ဟန်မူယဲ့ သို့မဟုတ် လုယွဲ့သည် အဆင့်ချိုးဖြတ်ရန်အလို့ငှာ ပုံရိပ်ယောင်လောကဆီသို့ ရောက်လာခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ ကျင့်ကြံခြင်းအခြေခံက တတိယအဆင့်ရွှမ်ဖြစ်သော ဝိညာဉ်ရွှမ်မှာ အချိန်အတော်ကြာအောင် ရပ်တန့်နေသောကြောင့် ဖြစ်သည်။
သူ၏ အစစ်အမှန် ခန္ဓာကိုယ်သည် ပုံရိပ်ယောင်လောကထဲသို့ ဝင်ရောက်ပြီးနောက် စိတ်ဝိညာဉ်ကို ဆုံးရှုံးသွားသည်။
သူ၏ အစစ်အမှန်ခန္ဓာကိုယ်နှင့် ဆုံးရှုံးသွားသော ဝိညာဉ်ကို အပြည့်အဝ ပြန်ပေါင်းစည်းနိုင်မှသာလျှင် သူက အဆင့်တတ်လှမ်းနိုင်ရန် မျှော်လင့်နိုင်လိမ့်မည်။
ဒိုင်မန်းရှင်းဒေတာဖြင့် ပုံရိပ်ယောင်ခန္ဓာကိုယ်ကို ဖွဲ့စည်းပြီး အသိစိတ်ကို ကြည်လင်ရှင်းလင်းစေခြင်းက သူ့အား အဆင့်ချိုးဖြတ်ရန် အခွင့်အရေးတစ်ခု မပေးနိုင်တော့ပေ။
သူ့အရှေ့မှ လောကဖန်ဆင်းရှင်သည်တော့ သူ့ကို ရှာဖွေရန် ဂိုဏ်းမှ စေလွှတ်လိုက်သူ ဖြစ်သည်။
“ စီနီယာအကိုကျန်းယွမ်… မင်းက အရာအားလုံးကို သိထားပြီးပြီဆိုမှတော့ ဘာလို့ မပြန်သွားတာလဲ ”
ဟန်မူယဲ့က သူ့အရှေ့မှ လောကဖန်ဆင်းရှင်ကို ကြည့်လိုက်ပြီး လေးနက်စွာ မေးသည်။
လောကဖန်ဆင်းရှင် သို့မဟုတ် အံ့ဖွယ်ကိုးပါးကောင်းကင်တာအိုဂိုဏ်း၏ လက်ရွေးစင်ဖြစ်သော စီနီယာကျန်းယွမ်သည် တာအိုပေါ်ထွက်ခြင်းအဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူဖြစ်သည်။ အမှန်တရားကုန်းမြေထဲတွင် သူ၏ ကျင့်ကြံခြင်းက ထိပ်တန်းအဆင့်မှာ ရှိသည်။ မည်သို့ကြောင့် သူက ဤနေရာမှာ ဆက်နေနေသနည်း။
သူ့စကားကို ကြားသောအခါ လောကဖန်ဆင်းရှင်က သက်ပြင်းချလိုက်သည်။ သူက သူ့အနောက်မှ ကျောက်တုံးခေါင်းတလားပေါ်သို့ ညင်သာစွာ လက်တင်လိုက်သည်။
ခေါင်းတလားက ဝေဝါးသွားပြီး အနီရောင်ပုံရိပ်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်။
“ စောစောက ငါပြောခဲ့တယ်မဟုတ်ဘူးလား… ဘာကိုမှ ငါမမေ့ချင်ဘူးလို့… အရာအားလုံးက ပုံရိပ်ယောင်အဖြစ် လွင့်ပြယ်သွားမှာကို ငါမလိုလားဘူး ”
ဟန်မူယဲ့က နှုတ်ဆိတ်သွားသည်။
သူသည်လည်း ဤဟင်းလင်းပြင်ထဲမှ အရာအားလုံးကို မမေ့ချင်ဘူး မဟုတ်ပါလော။
ထို့ကြောင့် လုယွဲ့က ဟန်မူယဲ့ဖြစ်လာခဲ့သည်။
ရွှမ်သုံးဆင့်သည် ရွေးချယ်မှုကို ပြုလုပ်ရခြင်း ဖြစ်သည်။ သူက ဟန်မူယဲ့ဖြစ်လာရန် ရွေးချယ်ခဲ့သည်။
“ လွန်ခဲ့တဲ့ နှစ်တစ်သန်းအတွင်းမှာ အံ့ဖွယ်ကိုးပါးကောင်းကင်တာအိုဂိုဏ်းက ဘယ်သူမှ ဒီဖရိုဖရဲကုန်းမြေဆီ ရောက်မလာခဲ့ကြဘူး ”
“ စီနီယာအကိုကျန်းယွမ်… မင်းက ဂိုဏ်းရဲ့ တစ်ဦးတည်းသော တာအိုသားတော်ပါ… ဂိုဏ်းဆီ မင်းပြန်သွားသင့်တယ် ”
ယင်းကို ကြားသောအခါ စိတ်ရှုပ်ထွေးသော အရိပ်အယောင်က လောကဖန်ဆင်းရှင်၏ အကြည့်ထဲမှာ ထွက်ပေါ်လာသည်။ ထိုနောက် သူက ခေါင်းယမ်းလိုက်သည်။
“ အမှန်တရားကုန်းမြေရဲ့ တားမြစ်ချက်ကို ငါချိုးဖြတ်ခဲ့တယ်… အဲ့ဒီကို ငါပြန်မသွားနိုင်တော့ဘူး ”
မပြန်သွားနိုင်ခြင်း၏ အဓိပ္ပာယ်က ဤနေရာမှာ ထာဝရ နေထိုင်ရမည်ဟု ဆိုလိုသည်။
သူနှင့် ဟန်မူယဲ့က ဒိုင်မန်းရှင်းဒေတာဖြင့် ဖန်တီးထားသော ပုံရိပ်ယောင်ခန္ဓာကိုယ်ဖြင့် ပုံရိပ်ယောင်လောကဆီသို့ ရောက်လာခဲ့ခြင်း မဟုတ်ပေ။ သို့ဖြစ်၍ ဤနေရာမှာ နေထိုင်ခြင်းက တစ်နေ့ သူတို့သေဆုံးသွားလိမ့်မည်ဟု ဆိုလိုသည်။
ဟန်မူယဲ့နှင့် လောကဖန်ဆင်းရှင်က တစ်ယောက်ကိုတစ်ယောက် လေးနက်စွာ ကြည့်လိုက်ကြသည်။
သူတို့ထဲမှ မည်သူမှ ဤပုံရိပ်ယောင်လောကအကြောင်း မမေ့ပစ်ချင်ကြပေ။
“ ငါမင်းကို ကူညီပေးနိုင်တယ် ”
တစ်ခဏကြာပြီးနောက် လောကဖန်ဆင်းရှင်က ထပ်မံ ပြောသည်။
“ အမှန်တရားကုန်းမြေဆီ ပြန်သွားဖို့နဲ့ မင်းရဲ့ မှတ်ဉာဏ်တွေကို မူလအတိုင်း ထိန်းသိမ်းထားဖို့ ငါကူညီပေးနိုင်တယ် ”
“ ဒါပေမဲ့ မင်း ငါ့အတွက် တစ်ခုပြန်လုပ်ပေးရမယ် ”
လောကဖန်ဆင်းရှင်က သူ့အနောက်မှ ကျောက်တုံးခေါင်းတလားပေါ်သို့ သူ့လက်ကို တင်လိုက်သည်။ စူးရှတောက်ပသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ အမှန်တရားကုန်းမြေမှာ ငါနဲ့ သူ့ကို ပြန်ရှင်သန်လာအောင် မင်းလုပ်ပေးပါ ”
“ သူ့ကို အမှန်တရားကုန်းမြေဆီ ခေါ်ဆောင်သွားပြီး အစစ်အမှန်မိုးမြေနဲ့ အစစ်အမှန်သက်ရှိတွေကို ခံစားနိုင်အောင် ငါလုပ်ဆောင်ပေးမယ်လို့ ကတိပေးခဲ့တယ် ”
ပြန်ရှင်သန်ခြင်း… ။
ပုံရိပ်ယောင်လောကထဲမှ သက်ရှိများကို အစစ်အမှန်ကုန်းမြေဆီသို့ ခေါ်ဆောင်ခြင်း… ။
ထိုနှစ်ခုက လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်သည်။
နှစ်သန်းပေါင်းများစွာကြာအောင် ထိုကိစ္စကို မည်သူမှ မစွမ်းဆောင်နိုင်ခဲ့ပေ။
ဟန်မူယဲ့က ကျောက်တုံးခေါင်းတလားကို ကြည့်လိုက်သည်။ ထို့နောက် သူက အဝေးသို့ လှမ်းကြည့်လိုက်သည်။
သူသည်လည်း ညီမမူဝမ်နှင့် ဟွမ်ခြောက်ကို အမှန်တရားကုန်းမြေဆီသို့ ခေါ်ဆောင်သွားချင်သည်။
“ အတိတ်မှာ အံ့ဖွယ်ကိုးပါးကောင်းကင်တာအိုဂိုဏ်းရဲ့ တည်ထောင်သူဂိုဏ်းချုပ်က တာအိုပေါ်ထွက်ခြင်းအဆင့်ထက် ပိုပြီးမြင့်တဲ့ အဆင့်တွေ ထပ်ရှိသေးတယ်လို့ ငါ့ကို ပြောခဲ့ဖူးတယ်… အဲ့ဒီအဆင့်တွေကို ရောက်သွားရင် တစ်စုံတစ်ယောက်က ပုံရိပ်ယောင်နဲ့ အစစ်အမှန်ကို ပေါင်းစပ်နိုင်သွားလိမ့်မယ် ”
“ ပုံရိပ်ယောင်လောကထဲက သက်ရှိတွေကို အစစ်အမှန်ကုန်းမြေဆီ တိုက်ရိုက် ခေါ်ဆောင်နိုင်လိမ့်မယ် ”
“ ဒါပေမဲ့… အံ့ဖွယ်ကိုးပါးကောင်းကင်တာအိုဂိုဏ်းရဲ့ တည်ထောင်သူဂိုဏ်းချုပ်တောင်မှ အဲ့ဒီအဆင့်ကို ခြေမချနိုင်ခဲ့ဘူး ”
လောကဖန်ဆင်းရှင်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ ဂျူနီယာညီလေး… မင်းက အံ့ဖွယ်ကိုးပါးကောင်းကင်တာအိုဂိုဏ်းရဲ့ အလားအလာအရှိဆုံး ပါရမီရှင်တစ်ယောက် ဖြစ်တယ်… သူ့ထက် သာလွန်သွားမယ့်လူလို့တောင် တည်ထောင်သူဂိုဏ်းချုပ်က မင်းကို ချီးမွမ်းခဲ့တယ် ”
“ မင်းရင်းနှီးသိကျွမ်းတဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကို အမှန်တရားကုန်းမြေဆီ မခေါ်ဆောင်ချင်ဘူးလား ”
ထိုစကားကို ကြားသောအခါ ဟန်မူယဲ့၏ မျက်လုံးက ထွန်းလင်းတောက်ပသွားသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။
“ ကောင်းပြီ ”
လောကဖန်ဆင်းရှင်က ကျယ်လောင်စွာ ရယ်လိုက်သည်။ ထို့နောက် အဆုံးမဲ့သော ကောင်းကင်ဘုံအလင်းတန်းများက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာကြသည်။ တစ်ချိန်တည်းမှာ သူ၏ ဘိုးဘေးကောင်းကင်နဂါးကိုးကောင်က အရှေ့သို့ ပြေးသွားကြပြီး ထာဝရဂိတ်တံခါးကို ဝင်ဆောင့်လိုက်ကြသည်။
ထာဝရဂိတ်တံခါးက တုန်ယင်သွားသည်။ ရွှေရောင်အလင်းလွှာများ ပေါ်ထွက်လာပြီးလျှင် ဂိတ်တံခါးက ဖြည်းညင်းစွာ ပွင့်သွားသည်။
“ တစ်စုံတစ်ယောက်က ထာဝရဂိတ်တံခါးကို ဖွင့်လှစ်လိုက်ပြီ ”
အနီးနားဝန်းကျင်မှာ ပုန်းအောင်းနေကြသော ဖန်ဆင်းရှင်များနှင့် နတ်ဘုရားများက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ ထို့နောက် သူတို့က ဂိတ်တံခါးဆီသို့ အပြေးအလွှား သွားကြသည်။
“ ထာဝရဂိတ်တံခါးကို ဖွင့်လှစ်နိုင်တဲ့ ကမ္ဘာဦးသက်ရှိတွေက ငါတို့အမဲလိုက်ရမယ့် ပစ်မှတ်တွေပဲ ”
ဟင်းလင်းပြင်ထဲတွင် ပုံရိပ်အများအပြားက အရှေ့သို့ ပြေးလာကြသည်။ သူတို့အားလုံး၏ ပစ်မှတ်က လောကဖန်ဆင်းရှင် ဖြစ်သည်။
လောကဖန်ဆင်းရှင်က တခြားလူများကို ဂရုမစိုက်ပေ။ သူ၏ မျက်လုံးက ဟန်မူယဲ့တစ်ယောက်တည်းပေါ်မှာသာ စွဲမြဲနေသည်။
“ ဂျူနီယာညီလေး… မင်းရဲ့ ကတိကို မှတ်ထားပါ ”
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ဘိုးဘေးကောင်းကင်နဂါးကိုးကောင်က ထာဝရဂိတ်တံခါးကို အကြမ်းပတမ်း ဝင်ဆောင့်လိုက်ကြသည်။
တခြားလူများက ထာဝရဂိတ်တံခါးထဲသို့ ပြေးသွားနေကြစဉ် ဘိုးဘေးကောင်းကင်နဂါးကိုးကောင်ကို ထိန်းချုပ်ထားသော လောကဖန်ဆင်းရှင်က ဂိတ်တံခါးကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
“ ဘန်း ”
ဂိတ်တံခါးက အက်ကွဲသွားပြီး ဘီလီယံနှင့်ချီသော ကောင်းကင်ဘုံအလင်းတန်းများ ပေါ်လျှိုးလာကြသည်။
ထို့နောက် အက်ကွဲကြောင်းများ စတင်ထွက်ပေါ်လာသည်။
ဘိုးဘေးကောင်းကင်နဂါးကိုးကောင်သည် ကျောက်တုံးခေါင်းတလားကို ဆွဲလျက် ထိုအက်ကွဲကြောင်းများထဲသို့ ဝင်ရောက်သွားကြသည်။
ဟန်မူယဲ့သည် အရှေ့သို့ လျှောက်သွားပြီး သူတို့အနောက်မှ လိုက်သွားသည်။
တခြားလူများသည်လည်း သူတို့အနောက်သို့ လိုက်သွားကြသည်။ သို့သော်လည်း သူတို့သည် ဟင်းလင်းပြင်ကို ထိတွေ့လိုက်သည်နှင့်ချက်ချင်း ပုံရိပ်ယောင်အဖြစ် လွင့်ပြယ်သွားကြသည်။
ဟန်မူယဲ့၏ အရှေ့တွင် အဆုံးမဲ့စွာ ကျယ်ပြောသော မိုးမြေက ထွက်ပေါ်လာသည်။ ထိုနေရာမှာ ဘိုးဘေးကောင်းကင်နဂါးကိုးကောင်က ကျောက်တုံးခေါင်းတလားကို အဝေးသို့ ဆွဲခေါ်သွားကြသည်။ ၎င်းတို့၏ ဦးတည်ရာကိုတော့ မသိရပေ။
ထိုစဉ် ဟန်မူယဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး နေရာမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
…..
“ ဂိုဏ်းတူဦးလေး… ကျုပ်တို့ရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှာ ဘာအရင်းအမြစ်မှ မကျန်တော့ဘူး… အကြွေးပေးဖို့အတွက် ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ ”
“ ကျုပ်တို့ဆီမှာ ရှေးခေတ်ကာလက ကျောက်တုံးခေါင်းတလားတစ်လုံး ကျန်နေသေးတယ်မလား… အဲ့ဒါကို ဘယ်ဘိုးဘေးက ချန်ထားခဲ့တာလဲ မသိပေမဲ့ ကျောက်တုံးခေါင်းတလားကို ဖွင့်ရအောင်… ခေါင်းတလားထဲမှာ ရတနာတွေ ရှိနေနိုင်တယ် ”
“ အခုလိုခက်ခဲနေတဲ့ အချိန်မှာ မဖြစ်မနေလုပ်ရတာမို့ ဘိုးဘေးတွေက ကျုပ်တို့ကို အပြစ်တင်လောက်မှာ မဟုတ်ပါဘူး ”
ကျောက်တုံးခေါင်းတလားထဲတွင် ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်သည်။ သူမျက်လုံးဖွင့်လိုက်သည့်အခါ ကျောက်တုံးခေါင်းတလား၏ အဖုံးကို တွန်းဖွင့်နေသော အသက်လေးဆယ်ခန့် တာအိုပညာရှင်တစ်ယောက်ကို မြင်တွေ့သွားသည်။