← Chapters

အခန်း (၁၇၃၀)

Vol. 124 Ch. 1730

အခန်း (၁၇၃၀)

Vol. 124 Ch. 1730

ရှေးကျပြီး ဟောင်းနွမ်းစုတ်ပြတ်နေသော ခြံဝန်း… ။

ဟန်မူယဲ့သည် ခြံဝန်းထဲမှ ထိုင်ခုံပေါ်မှာ ထိုင်နေသည်။ သူ၏ အရှေ့တွင် အစိမ်းရင့်ရောင်တာအိုဝတ်စုံ ဝတ်ဆင်ထားကြသော ပုံရိပ်သုံးခုက မတ်တတ်ရပ်နေကြသည်။

“ ဘိုးဘေး… ကျုပ်တစ်ခု ပြောချင်ပါတယ် ”

“ ဘိုးဘေး… လောကက ပြောင်းလဲသွားပါပြီ ”

ယခု စကားပြောလိုက်သော လူသည် အသက်လေးဆယ်ခန့်ရှိသော တာအိုပညာရှင်တစ်ယောက် ဖြစ်သည်။ သူက ခန္ဓာကိုယ်ပိန်ပါးပြီး မျက်နှာညှိုးငယ်နေသည်။ ထိုလူက ဟန်မူယဲ့ တည်ရှိသော ကျောက်တုံးခေါင်းတလားကို ဖွင့်လှစ်ခဲ့သူလည်း ဟုတ်၏။

လောကက ပြောင်းလဲသွားပြီ။

အထွတ်အမြတ်နယ်မြေတစ်ခုလုံးသည် အတိတ်မှ မိုးမြေနှင့် လုံးဝ မတူညီတော့ပေ။

အဖြစ်အပျက်က လွန်ခဲ့သော နှစ်သန်းရှစ်ဆယ်မှ စတင်ခဲ့သည်။

လွန်ခဲ့သော နှစ်သန်းရှစ်ဆယ်တွင် အထွတ်အမြတ်နယ်မြေထဲမှ မိုးမြေစွမ်းအားက စတင်နိမ့်ကျသွားပြီး ဆင့်ကဲပြောင်းလဲသွားသည်။ အချိန်ကြာလာသည်နှင့်အမျှ ပုံမှန်မဟုတ်သော သဘာဝလွန်ဖြစ်စဉ်များက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာကြသည်။

သန္ဓေပြောင်းသားရဲများက ထွက်ပေါ်လာကြပြီး ကပ်ဘေးများက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာကြသည်။

ကျင့်ကြံခြင်းနည်းစနစ်များက မြန်ဆန်စွာ ဆင့်ကဲပြောင်းလဲသွားကြပြီး နိမ့်ကျသွားကြသည်။

လွန်ခဲ့သော နှစ်တစ်သန်းတွင် အထွတ်အမြတ်နယ်မြေထဲမှ ကျင့်ကြံသူအနည်းစုသာ ရွှမ်အဆင့်သို့ ရောက်ရှိသွားကြသည်။

ပြန်လည်မွေးဖွားခြင်းအဆင့်၏ အခြေခံအုတ်မြစ်ဖြစ်သော မူလအလွှာကိုးလွှာက ယခု ဂိုဏ်းအသီးသီး၏ အထွတ်အမြတ်ကိုးကွယ်ရာ ဖြစ်လာသည်။ ပြန်လည်မွေးဖွားခြင်းအဆင့်၏ နဝမအလွှာက ဂိုဏ်းတစ်ခု၏ ဘိုးဘေးဖြစ်လာနိုင်သော အဆင့်ဖြစ်သည်။

တာအိုပေါ်ထွက်ခြင်းအဆင့်မှ အစွမ်းထက်ပုဂ္ဂိုလ်များသည် အတိတ်မှ သူတို့၏ ထာဝရစွမ်းအားကြောင့်သာ ဆက်ပြီး အသက်ရှင်နေကြခြင်း ဖြစ်သည်။ သို့သော် သူတို့၏ တိုက်ပွဲစွမ်းအားက သိသိသာသာ ကျဆင်းသွားကြသည်။ ယခု သူတို့က သွေးချီရွှမ်အဆင့်မှ ပုဂ္ဂိုလ်များကိုပင် မယှဉ်ပြိုင်နိုင်ကြတော့ချေ။

ဤနှစ်ပေါင်းများစွာအတွင်း ပုံရိပ်ယောင်လောကထဲမှ ပြန်ရောက်လာသူက ဟန်မူယဲ့တစ်ယောက်တည်း မဟုတ်ပေ။ အများစုသည် ပုံရိပ်ယောင်လောကထဲမှာ လေ့ကျင့်ပြီးနောက် အမှန်တရားကုန်းမြေဆီသို့ ပြန်ရောက်လာကြသော်လည်း သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက မျက်မှောက်ခေတ်မှ မဟာတာအိုနှင့် လိုက်လျောညီထွေမှု မရှိတော့ပေ။

သူတို့က အသစ်ပြန်ကျင့်ကြံရန် လုပ်ကြရသည်။

တစ်နည်းဆိုရလျှင် ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ဘိုးဘေးဖြစ်သော်လည်း လက်ရှိ သူ၏ တိုက်ပွဲစွမ်းအားက သူ့အရှေ့မှ ဂျူနီယာတပည့်များထက်ပင် အားနည်းနေသည်။ ထိုဂျူနီယာတပည့်များသည် ပြန်လည်မွေးဖွားခြင်းအဆင့်၏ ဒုတိယအလွှာနှင့် တတိယအလွှာမှာ ဖြစ်ကြသည်။

“ ဟူယု… မင်း ရွှမ်အဆင့်ကို ဝင်ရောက်ပြီးပြီလား ”

ဟန်မူယဲ့က သူ့အရှေ့မှ တာအိုပညာရှင်ကို ကြည့်လိုက်သည်။

အတိတ်၌ တပည့်ပေါင်းထရီလီယံနှင့်ချီ တည်ရှိခဲ့သော အံ့ဖွယ်ကိုးပါးကောင်းကင်တာအိုဂိုဏ်းက ယခု လက်တစ်ဆုပ်စာ လူသာရှိသော အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းအဖြစ် နိမ့်ကျသွားသည်။

သူ့အရှေ့မှ တာအိုပညာရှင်က ဟူယုဖြစ်ပြီး အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ဖြစ်သည်။

“ ဘိုးဘေးက ကျုပ်ကို အရမ်းအထင်ကြီးနေတာပဲ ”

ဟူယုက ခါးသီးစွာ ပြုံးလိုက်ပြီး ချောက်ကပ်ကပ် ရယ်လိုက်သည်။

“ ကျုပ်က ပြန်လည်မွေးဖွားခြင်းအဆင့်ရဲ့ ပဉ္စမအလွှာမှာပဲ ရှိပါသေးတယ်… ခန္ဓာကိုယ်ထဲက မရီဒျန်သုံးခုနဲ့ သွေးကြောအမှတ်(၁၈)ခုကိုပဲ ပြီးပြည့်စုံအောင် ဖွင့်လှစ်နိုင်ပါသေးတယ် ”

“ ကျုပ်ကို မပြောပါနဲ့… မိုင်တစ်သန်းကျယ်ပြောလှတဲ့ အံ့ဖွယ်ကိုးပါးတောင်တန်းဒေသထဲမှာတောင် ရွှမ်အဆင့်ပုဂ္ဂိုလ်က သုံးယောက်ပဲ ရှိပါတယ် ”

ထိုသို့ပြောပြီးနောက် ဟူယုက ဟန်မူယဲ့ကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။

“ ဘိုးဘေးခင်ဗျာ… ခင်ဗျားရဲ့ နာမည်ကို ကျုပ်တို့သိခွင့်ရှိမလား… ခင်ဗျားက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ ဘယ်မျိုးဆက်ကလဲ ”

ဘယ်မျိုးဆက်လဲ… ။

“ ငါ့နာမည်က ဟန်မူယဲ့ ”

ဟန်မူယဲ့က စကားရပ်လိုက်ပြီး ပြန်စဉ်းစားလိုက်သည်။

“ ငါက ရှေးခေတ်က အံ့ဖွယ်ကိုးပါးကောင်းကင်တာအိုဂိုဏ်းရဲ့ မျိုးဆက် ဖြစ်နိုင်တယ် ”

ရှေးခေတ်လား… ။

ဟူယုနှင့် သူ့အနောက်မှ တပည့်နှစ်ယောက်က နှုတ်ခမ်းတွန့်သွားကြသည်။

“ ဘိုးဘေး… ကျေးဇူးပြုပြီးတော့ ခင်ဗျားက ရှေးခေတ်မှာ အသက်ရှင်ခဲ့တဲ့လူဆိုတာ တခြားလူတွေကို မပြောပြပါနဲ့ ”

“ အံ့ဖွယ်ကိုးပါးတောင်တန်းဒေသထဲမှာ ထာဝရ အသက်ရှင်သန်ကြတဲ့ တာအိုပေါ်ထွက်ခြင်းအဆင့် ရှေးခေတ်ပုဂ္ဂိုလ်တွေအားလုံးက အခု အစစ်အမှန်တာအိုဂိုဏ်းထဲမှာ အကျဉ်းချခံထားကြရပါတယ်… နောင်မျိုးဆက်တွေကို လေ့ကျင့်ပျိုးထောင်ပေးဖို့ သူတို့ဆီကနေ အသက်ဓာတ်ကို ဆွဲထုတ်ကြတယ်လို့ ပြောကြပါတယ် ”

ဟူယုက ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ဟန်မူယဲ့ကို အရိုအသေပေးလိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ ဘိုးဘေး… ကျုပ်မှာ အပြင်လူတွေကို လှည့်စားဖို့အတွက် အကြံတစ်ခု ရှိပါတယ်… အခုကစပြီး ခင်ဗျားက ကျုပ်တို့အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ တပည့်သစ်တစ်ယောက် ဖြစ်လာမယ်ဆိုရင်ရော… မဟုတ်ရင် ဂိုဏ်းတစ်ခုလုံး ဒုက္ခရောက်ကုန်မှာ စိုးရိမ်ရပါတယ် ”

တပည့်သစ်လား…။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ ကောင်းပြီ… အဲ့ဒီအတိုင်း လုပ်ကြတာပေါ့ ”

တာအိုပညာရှင်ဟူယုက သူ့အနောက်မှ တပည့်နှစ်ယောက်ကို လှည့်ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။

“ ကျန်းဟဲ… ဝူမင်ကြွယ်… အခုကစပြီး ဟန်မူယဲ့က မင်းတို့ရဲ့ ဂျူနီယာညီလေး ဖြစ်သွားပြီ… သူ့ကို မင်းတို့နှစ်ယောက်က ဂိုဏ်းထဲ ခေါ်ဆောင်လာတာလို့ မှတ်ထားပါ… ငါပြောတာ နားလည်လား ”

တပည့်နှစ်ယောက်က ချက်ချင်း ခေါင်းညိတ်လိုက်ကြသည်။

“ အဟန့်… ဝူမင်ကြွယ်… မင်းဘာလို့ ဂျူနီယာညီလေးဟန်ကို ဂိုဏ်းရဲ့ ပတ်ဝန်းကျင်ကို လိုက်မပြတာလဲ ”

တာအိုပညာရှင်ဟူယုက ချောင်းဟန့်လိုက်ပြီး ရိုးသားပုံပေါ်သော လူငယ်ကို ကြည့်လိုက်သည်။

ဟန်မူယဲ့က ဝူမင်ကြွယ်နောက်သို့ လိုက်သွားသည်နှင့် စကားသံက သူတို့နှစ်ယောက်၏ အနောက်မှ ရှင်းလင်းပီသစွာ ထွက်ပေါ်လာသည်။

“ ဂိုဏ်းတူဦးလေး… အဲ့ဒီဘိုးဘေး… မဟုတ်ဘူး အဲ့ဒီဂျူနီယာညီလေးကို မင်းဘာလို့ အစစ်အမှန်တာအိုဂိုဏ်းဆီ မရောင်းပစ်တာလဲ… သူတို့က တာအိုပေါ်ထွက်ခြင်းအဆင့် ပုဂ္ဂိုလ်တွေကို ဈေးကောင်းပေးဝယ်နေတယ်လေ ”

“ ရောင်းရမယ်… အရာအားလုံးကို ရောင်းလို့ရတယ်လို့ မင်းထင်နေလား… သူက ငါတို့ရဲ့ ဘိုးဘေးကွ ”

“ ဘိုးဘေးကို အလွယ်တကူ ရောင်းလို့ရမယ် မင်းထင်နေလား ”

“ အနည်းဆုံးတော့ ငွေပိုရသင့်တယ် ”

…..

အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းသည် မိုင်တစ်သန်းကျယ်ပြောသော အံ့ဖွယ်ကိုးပါးတောင်တန်းဒေသ၏ အစွန်းဖျားမှာ တည်ရှိသည်။ အတိတ်၌ အံ့ဖွယ်ကိုးပါးတောင်တန်းဒေသသည် အံ့ဖွယ်ကိုးပါးကောင်းကင်တာအိုဂိုဏ်း၏ အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှိခဲ့သည်။

ဟန်မူယဲ့သည် ဂိုဏ်း၏ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရန် ဝူမင်ကြွယ်၏ အနောက်သို့ လိုက်သွားသည်။ သူက ဂိုဏ်းထဲမှ တပည့်ဒါဇင်ခန့်နှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် သူက ဟောင်းနွမ်းစုတ်ပြတ်နေသော ခြံဝန်းတစ်ခုထဲမှာ နေထိုင်ရန် စီစဉ်ပေးခြင်းခံရသည်။

“ ဂျူနီယာညီလေး ”

ဝူမင်ကြွယ်က အဝါရောင်စာအုပ်နှစ်အုပ်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ ဂျူနီယာညီလေး… ငါတို့က အကြင်နာမဲ့တာ မဟုတ်သလို ဂိုဏ်းတူဦးလေးက အေးစက်တဲ့လူ မဟုတ်ပါဘူး… လက်ရှိအခြေအနေအရ မလွှဲသာလို့ လုပ်ရတာပါ… ငါတို့မှာ တခြားရွေးချယ်စရာမရှိဘူး ”

“ ဘိုးဘေးတစ်ယောက် ဂိုဏ်းကို ပြန်ရောက်လာတဲ့အခါတိုင်း ငါတို့ရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက အရင်အခြေအနေကို ပြန်မြင့်တတ်သွားလိမ့်မယ်လို့ ငါတို့မျှော်လင့်ခဲ့ကြတယ်… ဒါပေမဲ့ အဆုံးသတ်မှာ ငါတို့ရဲ့ မျှော်လင့်ချက်က လုံးဝ ပျက်သုန်းသွားခဲ့တယ် ”

“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ပုံရိပ်ယောင်လောကကနေ ပြန်ရောက်လာကြတဲ့ အဲ့ဒီဘိုးဘေးတွေကြောင့် တဖြည်းဖြည်း နိမ့်ကျသွားတယ်… အခုဆိုရင် အမွေအနှစ်က လုံးဝ ကုန်ဆုံးလုနီးပါးပဲ ”

ဝူမင်ကြွယ်က လက်ဆန့်ထုတ်လိုက်ပြီး စားပွဲပေါ်မှ စာအုပ်နှစ်အုပ်ကို ညွှန်ပြလိုက်သည်။

“ အဲ့ဒါတွေက လက်ရှိ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ အမွေအနှစ်တွေပဲ… ဂျူနီယာညီလေး အဲ့ဒါတွေကို မင်းတစ်ချက်ကြည့်ကြည့်ပါ… တကယ်လို့ အဲ့ဒါတွေကို မင်းမကျင့်ကြံနိုင်ဘူးဆိုရင် ဘာပြဿနာမှမဖြစ်အောင် ဂိုဏ်းကနေ တိတ်တိတ်လေး ထွက်သွားသင့်တယ် ”

“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက လူညံ့တွေကို မထောက်ပံ့ပေးဘူး ”

ထိုသို့ပြောပြီးနောက် ဝူမင်ကြွယ်က အနောက်လှည့်၍ ထွက်သွားသည်။

ဝူမင်ကြွယ် ထွက်သွားပြီးနောက် ဟန်မူယဲ့၏ အကြည့်က စားပွဲပေါ်မှ စာအုပ်များပေါ်သို့ ကျရောက်သွားသည်။

အံ့ဖွယ်ကိုးပါးသန့်စင်ခြင်းမှတ်တမ်း… ။

အံ့ဖွယ်ကိုးပါးလေပြေအသွင်(၁၂)မျိုး… ။

အံ့ဖွယ်ကိုးပါးသန့်စင်ခြင်းမှတ်တမ်းထဲတွင် မရီဒျန်များနှင့် သွေးကြောအမှတ်များအား မည်သို့သန့်စင်ရမည်ကို ဖော်ပြထားသည်။ အကယ်၍ တစ်စုံတစ်ယောက်က စာအုပ်ထဲမှ အမြင့်ဆုံးအထိ ကျင့်ကြံနိုင်မည်ဆိုလျှင် မရီဒျန်ငါးခုနှင့် သွေးကြောအမှတ်(၃၆)ခုကို ဖွင့်လှစ်နိုင်လိမ့်မည်။ ယင်းက ပြန်လည်မွေးဖွားခြင်းအဆင့်၏ အဌမအလွှာကို ဝင်ရောက်နိုင်စေလိမ့်မည်။

အံ့ဖွယ်ကိုးပါးလေပြေအသွင်(၁၂)မျိုးသည် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ တိုက်ခိုက်ရေးပညာရပ် ဖြစ်သည်။ ယင်းက လေပြေ၏ သိမ်မွေ့နူးညံ့မှုအပေါ် အခြေခံပြီး ရှေ့တိုးနောက်ဆုတ် ပြုလုပ်နိုင်သော တိုက်ခိုက်ရေးပညာရပ် ဖြစ်သည်။

ထိုစာအုပ်များကို လှန်လှောဖတ်ပြီးနောက် ဟန်မူယဲ့သည် အမှန်တရားကုန်းမြေ၏ ကျင့်ကြံခြင်းအမွေအနှစ်များကို ယေဘုယျအားဖြင့် နားလည်သွားသည်။ သူက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ လက်ရှိ အခြေအနေကိုလည်း နားလည်သဘောပေါက်သွားသည်။

အမှန်တရားကုန်းမြေထဲတွင် မဟာတာအိုက လွင့်ပြယ်သွားသောကြောင့် လူတိုင်းက ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေရန် အာရုံစိုက်လာကြသည်။

မန္တန်များနှင့် သဘာဝလွန်စွမ်းအားများက အတိတ်မှာသာ ကျန်နေခဲ့တော့သည်။

အတိတ်၌ အံ့ဖွယ်ကိုးပါးကောင်းကင်တာအိုဂိုဏ်း နာမည်ကျော်ကြားခဲ့ခြင်းမှာ ၎င်း၏ သဘာဝလွန်စွမ်းအားများကြောင့် ဖြစ်သည်။ သို့သော်လည်း ခေတ်ကာလပြောင်းလဲသွားသည့်အခါ ဂိုဏ်းထဲမှ နောင်မျိုးဆက်များက သဘာဝလွန်စွမ်းအားများကို မဖမ်းဆုပ်နိုင်ကြတော့ချေ။ ယင်းက ဂိုဏ်းကို တဖြည်းဖြည်း နိမ့်ကျသွားစေသည်။

ဟန်မူယဲ့သည် သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းပညာရပ်ကို အာရုံခံပြီးနောက် စိတ်တည်ငြိမ်သွားသည်။

ပုံရိပ်ယောင်လောက၏ ကျင့်ကြံခြင်းအတတ်ပညာများနှင့် စွမ်းအင်များက အတိတ်မှာသာ ကျန်နေခဲ့သည်။ မည်သည့်ကျင့်ကြံခြင်းအတတ်ပညာမှ သူနှင့်အတူ မပါလာပေ။

ယခု သူပိုင်ဆိုင်ထားသည့် တစ်ခုတည်းသောအရာမှာ သူ၏ ဉာဏ်ရည်ဖြစ်သည်။

သူက ရွှမ်အဆင့်၏ သတ္တမအလွှာ ဝိညာဉ်ရွှမ်အဆင့်မှာ ဖြစ်သည်။

သို့သော်လည်း ယင်းက သူ၏ ဆင်ခြင်နားလည်မှုသာ ဖြစ်သည်။ သူ၏ တိုက်ပွဲစွမ်းအား မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် ရှေးခေတ်ကာလမှ ဆင်ခြင်နားလည်မှုများက မျက်မှောက်ခေတ်၏ ကျင့်ကြံခြင်းလောကနှင့် ဘာမှမသက်ဆိုင်သောကြောင့်ပင်။

ဟန်မူယဲ့က သူ့အရှေ့မှ ကျင့်ကြံခြင်းစာအုပ်နှစ်အုပ်ကို ကြည့်လိုက်လေရာ မျက်လုံးဝင်းလက်သွားသည်။

သူက ပုံရိပ်ယောင်လောကမှ ပြန်ရောက်လာသော တခြားလူများနှင့် ကွဲပြားခြားနားသည်။

သူက ပုံရိပ်ယောင်လောကထဲမှ မည်သည့်မှတ်ဉာဏ်ကိုမှ မဆုံးရှုံးသွားပေ။

အဆုံးမရှိသော အတွေ့အကြုံများ၊ မရေမတွက်နိုင်သော ကျင့်ကြံခြင်းအတတ်ပညာများနှင့် အကန့်အသတ်မဲ့သော ဉာဏ်အလင်းများက သူ၏ အသိစိတ်ထဲမှာ ဆက်လက် ရှိနေဆဲပင်။

အကယ်၍ ယင်းတို့က အမှန်တရားကုန်းမြေ၏ မျက်မှောက်ခေတ်မှာ ဘာမှအသုံးမဝင်လျှင်ပင် အနည်းဆုံးတော့ ယင်းတို့က သူ့၏ ကျင့်ကြံခြင်းလမ်းစဉ်အတွက် အခြေခံအုတ်မြစ် ဖြစ်လာနိုင်သည်။

သူ၏ ခန္ဓာကိုယ်ထဲတွင် မည်သည့်စွမ်းအင်မှ မရှိနေပေ။

ဤလောကတွင် ရွှမ်အဆင့်ထက် ပိုပြီးမြင့်သော စွမ်းအားကို ထိန်းသိမ်းနိုင်သော ကျင့်ကြံခြင်းစွမ်းအားက မရှိတော့ပေ။

သို့ဆိုလျှင် လောကဖန်ဆင်းရှင်အား သူပေးခဲ့သော ကတိကို မည်သို့ဖြည့်ဆည်းပေးနိုင်မည်နည်း။

ပုံရိပ်ယောင်လောကထဲမှ သူ၏ မိတ်ဆွေများကို အမှန်တရားကုန်းမြေဆီသို့ မည်သို့ခေါ်ဆောင်နိုင်မည်နည်း။

“ အဲ့ဒါက ပြန်လည်ကျင့်ကြံရုံပဲ မဟုတ်ဘူးလား… ဘယ်လောက် ခက်ခဲမှာမို့လို့လဲ ”

ဟန်မူယဲ့က သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ သွေးချီကို ငြိမ်သက်စေသည်။

ပြန်လည်ကျင့်ကြံခြင်း… ။

သူက အံ့ဖွယ်ကိုးပါးသန့်စင်ခြင်းမှတ်တမ်းထဲမှ နည်းလမ်းအတိုင်း သူ၏ ခန္ဓာကိုယ်ထဲမှ သွေးချီကို စတင်လှည့်ပတ်လိုက်သည်။ သူက သွေးချီကို မရီဒျန်များနှင့် သွေးကြောအမှတ်များဆီသို့ ဖြတ်သန်းစီးဆင်းစေသည်။

အပြုံးက ဟန်မူယဲ့၏ နှုတ်ခမ်းပေါ်မှာ ထွက်ပေါ်လာသည်။

သူ၏ ပြိုင်ဘက်ကင်း နားလည်နိုင်စွမ်းက မပျောက်ကွယ်သွားပေ။

ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို သူလေ့လာမည်ဆိုလျှင် ယင်းကို အဆုံးစွန်ထိ တွေးတောနိုင်လိမ့်မည်။

“ မရီဒျန်ရှစ်ခုကို ဆက်သွယ်ပြီး သွေးချီကို စီးဆင်းစေမယ်… မရီဒျန်တွေက တသွင်သွင် စီးဆင်းနေတဲ့ မြစ်တွေဆိုရင် သွေးကြောအမှတ်တွေက ကြယ်တွေ ဖြစ်တယ်… ဒီဟာက ခန္ဓာကိုယ်ကျင့်ကြံတဲ့ တာအိုလမ်းစဉ်တစ်ခုပဲ ”

“ ဒီခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းလမ်းက မဟာပန်သွန်ဘုံရဲ့ သွေးချီကျင့်ကြံခြင်းအတတ်ပညာထက် အများကြီး ပိုစစ်မှန်ပြီး ပိုအားကောင်းတယ် ”

ဝူမင်ကြွယ်ပေးခဲ့သော အံ့ဖွယ်ကိုးပါးသန့်စင်ခြင်းမှတ်တမ်းထဲတွင် အမြင့်ဆုံး ရောက်ရှိနိုင်သော အဆင့်က ပြန်လည်မွေးဖွားခြင်းအဆင့်၏ အဌမအလွှာ ဖြစ်သည်။ သို့သော်လည်း ဟန်မူယဲ့၏ ပြိုင်ဘက်ကင်း နားလည်နိုင်စွမ်းကြောင့် ယခု ထိုကျင့်ကြံခြင်းပညာရပ်က ဆင့်ကဲပြောင်းလဲသွားပြီး ပြန်လည်မွေးဖွားခြင်းအဆင့်၏ နဝမအလွှာဆီသို့ မြှင့်တင်ပေးနိုင်သွားသည်။

ရွှမ်အဆင့်သည်တော့ ယင်းက တခြားစွမ်းအင်တစ်မျိုး၏ လည်ပတ်မှုလုပ်ငန်းစဉ် ဖြစ်သည်။

ရွှမ်အဆင့်သည် စုစုပေါင်း သုံးဆင့်ရှိပြီး အဆင့်တစ်ဆင့်စီမှာ အလွှာသုံးလွှာရှိသည်။ ယင်းက ပြန်လည်မွေးဖွားခြင်းအဆင့်ထက် သာလွန်သော ကျင့်ကြံခြင်းစွမ်းအားကို ပျိုးထောင်ပေးရသည့် နယ်ပယ်ဖြစ်သည်။

“ ဝီး ”

ရွှေရောင်အလင်းက ဟန်မူယဲ့၏ မရီဒျန်များထဲမှာ စီးဆင်းသွားပြီး သူ၏ အသင်္ချေသွေးကြောအမှတ်များက ကြယ်များသဖွယ် ထွန်းလင်းတောက်ပလာကြသည်။

အလင်းရောင်က သူ၏ မျက်လုံးများထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

ရှင်းလင်းပြတ်သားသော ဉာဏ်အလင်းက ထွက်ပေါ်လာသည်။

ပုံရိပ်ယောင်လောကထဲမှာ သူကျင့်ကြံခဲ့သော ရုပ်ခွန်အားက ပျောက်ကွယ်သွားပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားနှင့် ရတနာများက လွင့်ပြယ်သွားသော်လည်း အကြိမ်ကြိမ် သန့်စင်ခံထားဖူးသော သူ၏ ရုပ်ခန္ဓာကိုယ်အခြေအနေက ကျန်ရှိနေဆဲပင်။ ယင်းက အသင်္ချေသွေးကြောအမှတ်များကို တိုက်ရိုက် ဖွင့်လှစ်သွားစေသည်။

“ ဟား ဟား… ဘယ်လောက် ကောင်းလိုက်လဲ ”

All Chapters