← Chapters

အခန်း (၁၇၃၂)

Vol. 124 Ch. 1732

အခန်း (၁၇၃၂)

Vol. 124 Ch. 1732

“ ဝိညာဉ်စပါးပင်တစ်ပင်ကို မူလကျောက်တုံးတစ်တုံးလား… အဲ့ဒါ ဈေးမများလွန်းဘူးလား ”

“ ဈေးအရမ်းများတယ် ”

ယင်းက ဂိုဏ်းကြီးများမှ လက်ရွေးစင်များသည်ပင် တတ်နိုင်သော ပမာဏမဟုတ်ပေ။

အဓိကအချက်မှာ ဝိညာဉ်ဆန်တစ်ပြည်မှ မူလကျောက်တုံးတစ်တုံးသာ ကုန်ကျလိမ့်မည်။ မည်သည့်အချိန်မှာ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ဝိညာဉ်စပါးပင်တစ်ပင်ကို မူလကျောက်တုံးတစ်တုံးဖြင့် စတင်ရောင်းချခဲ့သနည်း။

ထို့ပြင် ဖြစ်စဉ်အစမှအဆုံးထိ အဖိုးကျိသည် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကို မူလကျောက်တုံးများပေးရန် တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။

“ ဝိညာဉ်စပါးပင်တစ်ပင်ကို မူလကျောက်တုံးတစ်တုံးလား ”

အဖိုးကျိ၏ မျက်နှာက အေးစက်ခက်ထန်သွားသည်။

လက်တစ်ဆုပ်စာ ဝိညာဉ်စပါးပင်များကို ရိတ်သိမ်းထားပြီးသော လူသန်ကြီးသုံးယောက်က အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။ သူတို့က အနောက်သို့ ခေါင်းလှည့်ကြည့်လိုက်ကြသည်။

“ အခြေအနေသိတဲ့ လူတစ်ယောက် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှာ ထွက်ပေါ်လာပြီလို့ အစက ငါထင်ခဲ့တာ… အခုတော့ ငတုံးတစ်ယောက်ပါလား ”

အဖိုးကျိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူက ရုတ်တရက် လက်မြှောက်လိုက်ပြီး ဟန်မူယဲ့၏ ဦးခေါင်းထံသို့ ရိုက်ချလိုက်သည်။

အစိမ်းရောင်အလင်းက သူ၏ လက်ဖဝါးထဲမှ ထွက်ပေါ်လာပြီး ကြမ်းတမ်းသော လေပြင်းကို ဆွဲဆောင်လိုက်သည်။

အကယ်၍ ထိုလက်ဝါးရိုက်ချက်သာ ပြန်လည်မွေးဖွားခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပေါ်သို့ ကျရောက်သွားမည်ဆိုလျှင် သူ၏ ဦးခေါင်းက သေချာပေါက် အက်ကွဲသွားလိမ့်မည်။

“ စီနီယာအကိုကြီး… မြန်မြန် ရှောင်လိုက် ”

ရွှင်းဟောင်က မျက်လုံးပြူးကျယ်သွားပြီး အလန့်တကြား အော်လိုက်သည်။

စီနီယာအကိုကြီးက ချင်မိသားစု၏ အိမ်တော်ထိန်းကို တိုက်ရိုက် ရန်ပြုလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ယခု တစ်ဖက်လူက ဒေါသထွက်သွားပြီး စတင်တိုက်ခိုက်လိုက်သည်။

ချင်မိသားစု၏ အိမ်တော်ထိန်းသည် ပြန်လည်မွေးဖွားခြင်းအဆင့် ဒုတိယအလွှာမှာ ဖြစ်သည်။ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ဒုတိယမျိုးဆက်မှ တပည့်များထဲတွင် အကြီးဆုံးတပည့်ဖြစ်သော ဝူမင်ကြွယ်နှင့် အလွန်ပါရမီရှိသော ပိုင်ကျန်းထင်သာလျှင် သူ့ကို ယှဉ်ပြိုင်နိုင်ကြလိမ့်မည်။

စီနီယာအကိုကြီးက မကြာသေးခင်ကမှ စတင်ကျင့်ကြံခဲ့သူဖြစ်ကြောင်း သူသိသည်။ သူက မူလကျောက်တုံးများ စုဆောင်းရန်အလို့ငှာ စွန့်ပစ်သတ္ထုတွင်းဆီသို့ သွားရောက်ရန်ပင် အရည်အချင်းမပြည့်မီပေ။ ထိုသို့လူက ချင်မိသားစု၏ အိမ်တော်ထိန်းကို မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း။

ယင်းက ကိုယ့်ဘာသာ သေလမ်းရှာနေခြင်း ဖြစ်သည်။

ဟန်မူယဲ့သည် သူ့အပေါ်သို့ ကျဆင်းလာနေသော လက်ဝါးကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

မူလစွမ်းအားကျင့်ကြံခြင်းတွင် သူ၏ ပြိုင်ဘက်က သူ့ထက် အများကြီး သာလွန်သည်။ မည်သို့ဖြစ်ပါစေ သူက ရက်အနည်းငယ်သာ ကျင့်ကြံရသေးသည်မဟုတ်ပါလော။ သူကျင့်ကြံထားသော မူလစွမ်းအားက ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ဝင်ရောက်ခါစမှာသာ ရှိသေး၏။

သို့သော်လည်း မူလစွမ်းအားကို အသုံးပြုပုံ၊ စွမ်းအားလှည့်ပတ်ပုံနှင့် ကျင့်ကြံခြင်းဉာဏ်အလင်းများကို နှိုင်းယှဉ်မည်ဆိုလျှင် ချင်မိသားစု၏ အိမ်တော်ထိန်းဆယ်ယောက်ရှိလျှင်ပင် သူ့ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။

ဟန်မူယဲ့သည် အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး သူ၏ ဘယ်လက်ကို အပေါ်သို့ မြှောက်၍ တံတောင်ကို အနည်းငယ် ကွေးလိုက်သည်။

“ ဘန်း ”

အိမ်တော်ထိန်းကျိ၏ လက်ဝါးက ဟန်မူယဲ့၏ လက်မောင်းနှင့် တွေ့ဆုံသွားသည့်အခါ ဟန်မူယဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။

ထိုလက်ဝါးရိုက်ချက်က အနည်းဆုံး ပေါင်တစ်ထောင်လေးလံသည်။

အကယ်၍ သူ့နေရာမှာ ပြန်လည်မွေးဖွားခြင်းအဆင့်သို့ မကြာသေးခင်ကမှ ဝင်ရောက်ထားသော တခြားကျင့်ကြံသူဆိုလျှင် သူ၏ လက်မောင်းက ချက်ချင်း ကျိုးကြေသွားလိမ့်မည်။

သို့သော်လည်း ဟန်မူယဲ့က ထိုသို့မဟုတ်ပေ။

သူ၏ ခန္ဓာကိုယ်က အကြိမ်ကြိမ် သန့်စင်ခံထားရလေရာ အလွန်သန်မာသည်။ ပြိုင်ဘက်၏ လက်ဝါးရိုက်ချက်က သူ၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေသော်လည်း သူက အနောက်သို့ ခြေတစ်လှမ်းမှ မဆုတ်သွားပေ။

တစ်ချိန်တည်းမှာ သူက ပြိုင်ဘက်ထံမှ အရှိန်အဟုန်ကို ငှားယူ၍ သူ၏ ညာလက်ကို မြှောက်လိုက်ပြီး အဖိုးကျိ၏ ဝမ်းဗိုက်နှင့် ရင်ဘက်ကို ဖြတ်ကျော်ကာ သူ၏ လည်ပင်းကော်လံကို ဖမ်းဆုပ်လိုက်သည်။

အဖိုးကျိက အံ့ဩသွားသည်။ သူက အခြားလက်တစ်ဖက်ကို မြှောက်လိုက်ပြီး တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း သူ၏ လက်က ဟန်မူယဲ့၏ ဘယ်လက်ဖြင့် ရစ်ပတ်ခံလိုက်ရပြီး သူ၏ ညာလက်နှင့် ပူးကပ်သွားသည်။

သူ၏ ညာလက်က တားဆီးခံလိုက်ရပြီး ဘယ်လက်က ချုပ်နှောင်ခံလိုက်ရသည်။

ထိုတိုက်ကွက်သည် လေပြေအသွင်(၁၂)မျိုးထဲမှ “ တိမ်ဖမ်းလေ ”နှင့် “ လေထဲမှ မိုးမခ”၏ ပေါင်းစပ်မှု ဖြစ်သည်။

ရွှင်းဟောင်နှင့် ထန်မင်သည် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ တပည့်သစ်များဖြစ်ကြလေရာ သူတို့က ထိုအတတ်ပညာကို မှတ်မိကြသည်။

သို့သော်လည်း သူတို့၏ မျက်လုံးထဲမှာ ဟန်မူယဲ့က ထိုအကွက်နှစ်ကွက်ကို အလွန်လွယ်ကူစွာ ပေါင်းစပ်ခဲ့သည်။

သူတို့၏ အရှေ့တွင် ဟန်မူယဲ့က ရုတ်တရက် လက်မြှောက်လိုက်ပြီး ချင်မိသားစုမှ အိမ်တော်ထိန်း၏ လက်နှစ်ဖက်ကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူက အိမ်တော်ထိန်းကျိကို မမြှောက်၍ လယ်ကွင်းထဲသို့ ပစ်လွှတ်လိုက်သည်။

“ ခရက် ”

အဖိုးကျိက မြေကြီးပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ပြုတ်ကျသွားလေရာ သူ၏ ပခုံးနှင့် ကျောရိုးက ကျိုးကြေသွားသည်။ သူက မတ်တတ်ပြန်မရပ်နိုင်တော့ပေ။

“ တိမ်စီးပြီး လေနောက်လိုက်ခြင်း… ”

ရွှင်းဟောင်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

ထိုတိုက်ကွက်သည် လေပြေအသွင်(၁၂)မျိုးထဲမှ “ တိမ်စီးပြီး လေနောက်လိုက်ခြင်း ”ဖြစ်ကြောင်း ထင်ရှားသည်။

သို့သော်လည်း ဟန်မူယဲ့က ထိုတိုက်ကွက်ထဲမှာ “ လေပွေလက် ”ကိုလည်း ပေါင်းထည့်ထားသည်။

ထို့ကြောင့် သူ၏ လက်ဝါးက အဖိုးကျိ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်နှင့် သူ့ခန္ဓာကိုယ်ထဲမှ အရိုးများက ဖရိုဖရဲဖြစ်သွားသည်။ ယင်းက အဖိုးကျိကို ခွန်အားကင်းမဲ့သော သာမန်လူတစ်ယောက်အဖြစ် ပြောင်းလဲစေသည်။

ထို့ကြောင့် အဖိုးကျိက မြေပေါ်ပြုတ်ကျသွားသည်နှင့် အရိုးများ ကျိုးကြေသွားခြင်း ဖြစ်သည်။

“ အိမ်တော်ထိန်းကျိ ”

“ သူက အိမ်တော်ထိန်းကျိကို တိုက်ခိုက်ရဲတယ် ”

ချင်မိသားစု၏ လူသန်ကြီးများသည် အဖိုးကျိကို တွဲထူရန် အမြန်ပြေးသွားကြသည်။

အဖိုးကျိသည် မခံမရပ်နိုင်သော နာကျင်မှုဝေဒနာကြောင့် အံကြိတ်၍ ညည်းညူလိုက်သည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းက အရှေ့သို့ ငိုက်စိုက်သွားလေရာ သူက ခေါင်းပြန်မမော့နိုင်တော့ပေ။

ဟန်မူယဲ့က တည်ငြိမ်စွာ မတ်တတ်ရပ်နေလျက် အရှေ့သို့ ချဉ်းကပ်လာနေသော လူအုပ်ကြီးကို ကြည့်လိုက်သည်။ သူက ထပ်မံ ပြောသည်။

“ ထိခိုက်သွားတဲ့ ဝိညာဉ်စပါးပင်တွေကိုလည်း ထည့်တွက်မယ် ”

ထိုသို့ပြောပြီးနောက် သူက အနောက်လှည့်၍ တောင်ပေါ်သို့ လျှောက်သွားသည်။

ရွှင်းဟောင်နှင့် ထန်မင်က သူ့အနောက်မှ အမြန်လိုက်သွားကြသည်။ သူတို့၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးမှု၊ အံ့ဩမှု၊ ကြည်ညိုလေးစားမှုဖြင့် ပြည့်နှက်နေသည်။

ဟန်မူယဲ့ အသုံးပြုသွားခဲ့သော တိုက်ခိုက်မှုနည်းစနစ်က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ အမွေအနှစ်ဖြစ်ကြောင်း ထင်ရှားသည်။ ပိုပြီးအရေးကြီးသည်မှာ သူက ထိုအမွေအနှစ်ကို အလွန်မြင့်မားသော အဆင့်ထိ ကျင့်ကြံထားသည်။

ချင်မိသားစု၏ လူများသည် စကားပြန်မပြောဝံ့ကြချေ။ သူတို့သုံးယောက် ပျောက်ကွယ်သွားသည့်အခါမှသာ အဖိုးကျိက အံကြိတ်လိုက်ပြီး ပြောသည်။

“ သွားကြစို့… စံအိမ်ဆီ ပြန်ကြမယ်… ဒီကိစ္စ မပြီးသေးဘူး… ”

…..

အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲ၌…

ဟန်မူယဲ့နေထိုင်သော ခြံဝန်းအရှေ့တွင် ရွှင်းဟောင်နှင့် ထန်မင်က ဟန်မူယဲ့ကို စိုးရိမ်ကြောင့်ကြစွာ ကြည့်လိုက်ကြသည်။

“ စီနီယာအကိုကြီး… ချင်မိသားစုက အချင်းမိုင်တစ်ရာအတွင်းမှာ အကြီးမားဆုံးမိသားစု ဖြစ်ပါတယ်… သူတို့က အချင်းမိုင်တစ်ရာအတွင်းက ဝိညာဉ်လယ်ကွက်အားလုံးနီးပါးကို ပိုင်ဆိုင်ထားပါတယ် ”

ရွှင်းဟောင်က တိုးညင်းစွာ ပြောပြီး ဟန်မူယဲ့ကို မော့ကြည့်လိုက်သည်။

“ ဟုတ်တယ် ”

ထန်မင်က ပြောသည်။ သူ၏ မျက်နှာက အထိုးခံထားရသောကြောင့် ဖူးရောင်နေသော်လည်း စိုးရိမ်ပူပန်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ပေါ်လွင်နေဆဲပင်။

“ ချင်မိသားစုရဲ့ ခေါင်းဆောင်က ပြန်လည်မွေးဖွားခြင်းအဆင့် သတ္တမအလွှာမှာပါ… ငါတို့ရဲ့ ဂိုဏ်းချုပ်တောင်မှ သူ့ကို မယှဉ်နိုင်ဘူး ”

ဟန်မူယဲ့က အဖိုးကျိအား အနိုင်ယူခဲ့သည်ကို သူတို့မြင်တွေ့ခဲ့စဉ်က စိတ်ကျေနပ်ပျော်ရွှင်ခဲ့သော်လည်း ယခု ထိုအကြောင်းကို ပြန်စဉ်းစားလိုက်သည့်အခါ ယင်းက မည်မျှပြဿနာများကြောင်း သူတို့နားလည်သွားကြသည်။

အကယ်၍ သူတို့က ချင်မိသားစုကို ရန်ပြုနိုင်သည်ဆိုလျှင် မည်သို့ကြောင့် ဝိညာဉ်လယ်ကွက်ငှားရမ်းခကို စိုးရိမ်နေမည်နည်း။ ချင်မိသားစုကြောင့်မဟုတ်လျှင် တာအိုပညာရှင်ဟူယုက စွန့်ပစ်သတ္ထုတွင်းမှာ မူလကျောက်တုံးများကို သွားရှာဖွေလိမ့်မည် မဟုတ်ချေ။

“ မင်းတို့မှာ အဲ့ဒီကိစ္စတွေကို တွေးတောဖို့ အချိန်ပိုနေတယ်ဆိုရင် ဘာလို့ ကျင့်ကြံခြင်းစွမ်းအား တိုးတတ်အောင် အချိန်မပေးတာလဲ ”

ဟန်မူယဲ့က သူတို့ကို သတိပေးပြီးနောက် သူ့ကိုယ်ပိုင်ခြံဝန်းထဲသို့ လျှောက်သွားသည်။

ရွှင်းဟောင်နှင့် ထန်မင်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ ဇဝေဇဝါဖြစ်သော အမူအရာက စိတ်လှုပ်ရှားမှုအဖြစ် ပြောင်းလဲသွားသည်။

“ တိမ်ဖမ်းလေနဲ့ လေထဲက မိုးမခကို အဲ့ဒီလို ပေါင်းစပ်လို့ ရတာလား ”

“ အဲ့ဒါတင်ပဲ မဟုတ်ဘူး… ‘ တိမ်စီးပြီး လေနောက်လိုက်ခြင်း ’အကွက်ကလည်း အရမ်းမိုက်တယ် ”

“ ငါတို့အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ နည်းစနစ်တွေက ဘာမှအသုံးမကျဘူးလို့ လူတွေက ပြောကြတယ်… ဒါပေမဲ့ စီနီယာအကိုဟန်ရဲ့ လက်ထဲမှာ အဲ့ဒီနည်းစနစ်တွေက အရမ်းအားကောင်းနေတယ်… ”

ထိုအခိုက်အတန့်မှာ ဟန်မူယဲ့က ခြံဝန်းထဲမှာ မတ်တတ်ရပ်နေသည်။ သူ၏ အရှိန်အဝါက ညင်သာစွာ တိုးဝှေ့သွားသော လေပြေကဲ့သို့ သိမ်မွေ့နူးညံ့သည်။

ပုံရိပ်ယောင်တစ်ခုက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို သိမ်မွေ့သော လေက ဝိုင်းရံထားသည်။

အကယ်၍ ရွှင်းဟောင်နှင့် ထန်မင်သာ ထိုမြင်ကွင်းကို မြင်သွားမည်ဆိုလျှင် သူတို့က သေချာပေါက် ပါးစပ်အဟောင်းသား ဖြစ်သွားလိမ့်မည်။

အစွမ်းထက်ပညာရှင်များ ပြောကြသည်မှာ ပညာရပ်တစ်ခုကို အလွန်မြင့်မားသော အဆင့်ထိ ကျင့်ကြံနိုင်လျှင် တာအိုဆန္ဒကို ဖွဲ့စည်းနိုင်ကြလိမ့်မည်။ တာအိုဆန္ဒက ကျင့်ကြံခြင်းအတတ်ပညာများ၏ စွမ်းအားကို အဆမတန် တိုးမြှင့်ပေးနိုင်သည်။

သို့တိုင် တာအိုဆန္ဒကို ဖွဲ့စည်းနိုင်သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကို အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲမှာ မဆိုထားနှင့် မိုင်တစ်သန်းကျယ်ပြောလှသော အံ့ဖွယ်ကိုးပါးတောင်တန်းဒေသထဲမှာပင် ရှာမတွေ့နိုင်ပေ။

“ ကောင်းကင်ဘုံတာအိုမရှိပေမဲ့ မဟာလမ်းစဉ်ကတော့ ရှိနေသေးတယ်… စိတ်ဝင်စားစရာပဲ ”

ဟန်မူယဲ့က ပေါ့ပါးစွာ ရယ်လိုက်သည်။

သူ၏ ဘေးပတ်ဝန်းကျင်မှ လေပြေက ကြမ်းတမ်းသော လေပြင်းအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားသည်။

လေပြေအသွင်(၁၂)မျိုးသည် အဆင့်နိမ့်သော အတတ်ပညာမဟုတ်ပေ။ မည်သို့ဖြစ်ပါစေ ယင်းက ဂိုဏ်းကြီးတစ်ဂိုဏ်း၏ အမွေအနှစ်မဟုတ်ပါလော။

နာရီအနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် ဟန်မူယဲ့က အနားယူလိုက်သည်။ သူက ခြံဝန်းအပြင်သို့ ထွက်လာလေရာ ခြံဝန်းအပြင်၌ မတ်တတ်ရပ်နေသော ထန်မင်ကို မြင်သွားသည်။ သူ၏ မျက်နှာပေါ်မှာ စိုးရိမ်ကြောင့်ကြမှုဖြင့် ပြည့်နှက်နေသည်။

“ စီနီယာအကိုဟန်… လေပွေထွက်ပေါ်ခြင်းနဲ့ မိုင်တစ်ထောင်အဝေးက ထင်ရှူးပင်ကို ပေါင်းစပ်လို့ ရနိုင်လား ”

ထန်မင်က လက်နှစ်ဖက်ဆုပ်၍ ရိုသေလေးစားစွာ မေးသည်။ ဟန်မူယဲ့ကို ကြည့်နေသော သူ၏ မျက်လုံးထဲမှာ စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။

ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။

ထိုကောင်လေးက ရှားပါးပါရမီရှင်လော။

“ ‘ မိုင်တစ်ထောင်အဝေးက ထင်ရှူးပင် ’ကို လေနဲ့ တိမ်ရဲ့ အရှိန်အဟုန်အဖြစ် အရင်ပြောင်းလဲပါ… အရမ်းဆန္ဒမစောနဲ့… မဟုတ်ရင် အဲ့ဒီအကွက်ကို မင်းသေချာတတ်ကျွမ်းမှာ မဟုတ်ဘူး ”

ဟန်မူယဲ့က အကြံပြုသည်။ ထို့နောက် သူလက်မြှောက်လိုက်လေရာ လေပြေ ထွက်ပေါ်လာသည်။

လေပြေက အရှေ့သို့ ရိုက်ခတ်သွားပြီး တစ်ပေအကွာအဝေးမှ အစိမ်းရောင်ကျောက်တုံးကို ထိမှန်သွားသည်။ ထိုအခါ ကျောက်တုံးက “ ဘန်း ”ဟူသော မြည်သံဖြင့် ပေါက်ကွဲသွားပြီး ဖုန်မှုန့်ဖြစ်သွားသည်။

ထန်မင်က မျက်လုံးပြူးသွားပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

“ ဒါ… ဒါ တကယ်ပဲလား ”

“ ဘန်း ”

အဝေးတွင် ဂိတ်တံခါးက အကြမ်းပတမ်း ပွင့်သွားသည်။ ထို့နောက် မျက်နှာဖူးရောင်နေသော တပည့်တစ်ယောက်က အထဲသို့ အလျင်စလို ပြေးလာသည်။

“ စီနီယာအကိုကြီး… ချင်မိသားစုက ငါတို့ညီအကိုတွေကို ထမင်းစားပြီး ငွေမပေးလို့ဆိုပြီး ဖမ်းခေါ်သွားတယ် ”

“ သူတို့ပြောတာက တပည့်တွေကို ပြန်လိုချင်ရင် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက မူလကျောက်တုံးတွေနဲ့ လာရွေးရမယ် ”

“ သူတို့က ထပ်ပြောသေးတယ်… ထမင်းတစ်စေ့အတွက် မူလကျောက်တုံးတစ်တုံးတဲ့… ပြီးတော့ စီနီယာအကိုဟန်ကိုယ်တိုင် မူလကျောက်တုံးတွေနဲ့ လာရွေးရမယ်… ”

ထိုတပည့်က ဟန်မူယဲ့ကို စိုးရိမ်ကြောက်လန့်စွာ ကြည့်လိုက်သည်။

ထန်မင်က တုန်လှုပ်ချောက်ချားသွားပြီး ဟန်မူယဲ့ကို လှည့်ကြည့်လိုက်သည်။

“ စိတ်ဝင်စားစရာပဲ ”

ဟန်မူယဲ့က ပေါ့ပါးစွာ ရယ်လိုက်သည်။ သူက အဝတ်အစားကို သပ်ရပ်စွာ ပြုပြင်ပြီးနောက် ဂိတ်တံခါးဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။

တစ်စုံတစ်ယောက်က လေဒဏ်မိုးဒဏ်မခံရဘဲ မည်သို့ချမ်းသာလာမည်နည်း။

သူက ကျင့်ကြံခြင်းအဆင့် တိုးမြှင့်ရန် မူလကျောက်တုံးများကို အရေးတကြီး လိုအပ်နေသည်။

သို့သော်လည်း မူလကျောက်တုံးများကို ပေါ်တင်လုယက်ခြင်းက သူ့အတွက် မသင့်တော်ပေ။

သို့သော် ယခု သူ့မှာ လုယက်ရန် သင့်တော်သော အကြောင်းပြချက်ရှိသွားသည်။

All Chapters