အခန်း (၁၇၃၃)
Vol. 124 Ch. 1733
အချင်းမိုင်တစ်ရာအတွင်း အကြီးမားဆုံး မိသားစုတစ်ခုအနေနှင့် ချင်မိသားစု၏ စံအိမ်သည် တောင်အောက်မှ မြို့ငယ်လေးထဲမှာ မတည်ရှိပေ။
သို့သော်လည်း ထိုမြို့ငယ်လေးထဲမှာ ချင်မိသားစုမှ ကျင့်ကြံသူများ နေထိုင်ကြသည်။ သူတို့တစ်ယောက်စီက အာဏာကို လွန်ဆန်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။
ထိုထဲတွင် နှစ်ယောက်က ပြန်လည်မွေးဖွားခြင်းအဆင့် တတိယအလွှာမှာ ဖြစ်ကြသည်။ သူတို့က မြို့ငယ်လေးထဲမှာ အသန်မာဆုံး ဖြစ်ကြသည်။
ဤအခိုက်အတန့်မှာ ချင်မိသားစု၏ ပညာရှင်များဖြစ်သော ချင်သွမ့်ဝူနှင့် ချင်ကျန်းယောင်သည် မျက်နှာသုန်မှုန်နေကြသည်။
သာမန်ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ချင်မိသားစု၏ အိမ်တော်ထိန်းကို ဒဏ်ရာရစေခဲ့သည်။ ယင်းက ချင်မိသားစု၏ မျက်နှာကို ရိုက်လိုက်ခြင်းပင်။
သူတို့က အဖိုးကျိ၏ ဒဏ်ရာများကို စစ်ဆေးခဲ့လေရာ သူ၏ ကျောရိုးနှင့် ပခုံးရိုးက အထူးနည်းလမ်းတစ်ခုကြောင့် ဖရိုဖရဲဖြစ်နေကြောင်း ရှာတွေ့သွားကြသည်။ ထို့ကြောင့် အဖိုးကျိက ပြန်လည်မွေးဖွားခြင်းအဆင့် ဒုတိယအလွှာမှာဖြစ်သည့်တိုင် အရိုးကျိုးကြေသွားခြင်း ဖြစ်သည်။
“ အမှတ်(၁၇)သခင်ကြီး၊ အမှတ်(၁၉)သခင်ကြီး… ကျုပ်က တတိယသခင်ကြီးမွေးထားတဲ့ မြင်းလေးအတွက် ဝိညာဉ်စပါးပင်နည်းနည်း သွားယူတာပါ… ဒါပေမဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ကျုပ်ကို ဒီလိုပုံစံဖြစ်အောင် ရိုက်နှက်လိုက်တယ်… ဒါ ကျုပ်တို့ချင်မိသားစုကို စော်ကားလိုက်တာပဲ ”
အဖိုးကျိက ညည်းညူလိုက်သည်။ သူ၏ မျက်လုံးထဲမှာ မကျေမချမ်းစိတ်ဖြင့် ပြည့်နှက်နေသည်။
သူက ဒုက္ခိတဖြစ်နေကြောင်း မသိသေးပုံပေါ်သည်။
“ ပြီးတော့ အဲ့ဒီကောင်က ကျုပ်ကို ခြိမ်းခြောက်ငွေညှစ်ပါသေးတယ်… ဝိညာဉ်စပါးပင်တစ်ပင်ကို မူလကျောက်တုံးတစ်တုံး ကျမယ်တဲ့… ဒါ သူ ပုန်ကန်နေတာပဲ ”
အဖိုးကျိက အံကြိတ်လိုက်ပြီး မကျေနပ်စွာ ပြောသည်။
ယခုအချိန်မှာ သူလုပ်နိုင်သည်က သူ့သခင်ကြီးများ၏ ဒေါသကို ပိုပြီးလောင်မြိုက်စေရန် ယပ်ခတ်ပေးခြင်းပင်။
“ ဟွန့် ”
ချင်သွမ့်ဝူက စားပွဲခုံကို ဒေါသတကြီး ရိုက်ချလိုက်လေရာ စားပွဲခုံက အက်ကွဲသွားသည်။
ကြမ်းခင်းပေါ်တွင် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တပည့်ခြောက်ယောက်က တုန်ယင်သွားကြသည်။ သူတို့က ဒူးထောက်လျက် ရှိနေကြပြီး ခေါင်းမထောင်ဝံ့ကြပေ။
အမှန်မှာ သူတို့သည်လည်း စိတ်ရှုပ်ထွေးနေကြသည်။
သူတို့က မြို့ထဲမှ စားသောက်ဆိုင်လေးထဲမှာ ထမင်းစားနေကြရုံသာ ဖြစ်၏။ ချင်မိသားစုကို မည်သို့ရန်ပြုခဲ့မိသနည်း။
ထို့ပြင် သူတို့က ထမင်းတစ်စေ့အတွက် မူလကျောက်တုံးတစ်တုံး ပေးရမည်။ အကယ်၍ ထိုအဖိုးအခကို သူတို့မပေးနိုင်လျှင် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ထိုမူလကျောက်တုံးများကို လာရောက်ပေးရမည်။
လူခြောက်ယောက်… ထမင်းပန်းကန်လုံးသုံးလုံး…
ယင်းက မည်မျှများပြားသော မူလကျောက်တုံးပမာဏနည်း။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းတစ်ခုလုံးမှာပင် ထိုမျှများပြားသော မူလကျောက်တုံးများ မရှိပေ။
ယင်းက သူတို့ကို သတ်ပစ်ရန် တမင်အကြောင်းရှာခြင်း မဟုတ်ပါလော။
“ ဂုဏ်သရေရှိပုဂ္ဂိုလ်များခင်ဗျာ… အဲ့ဒီလူက ကျုပ်တို့ရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကို ဒုက္ခပေးဖို့ တခြားဂိုဏ်းတစ်ခုက စေလွှတ်ထားတဲ့လူ ဖြစ်ရမယ် ”
အရှေ့ဆုံး၌ ဒူးထောက်နေသော လူငယ်က ပြောသည်။
“ ဟုတ်တယ်… ဟုတ်တယ်… အဲ့ဒီလူက မကြာသေးခင်ကမှ ကျုပ်တို့ရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကို ဝင်ရောက်လာတာပါ… သူက အပြင်က သူလျှိုတစ်ယောက်ဆိုတာ သေချာပါတယ် ”
တခြားလူငယ်တစ်ယောက်က ဝင်ပြောသည်။
ချင်မိသားစုမှ ပညာရှင်နှစ်ယောက်က အေးတိအေးစက် အမူအရာကို ထုတ်ဖော်လိုက်ကြသည်။
ချင်မိသားစု၏ အစေခံများနှင့် ကျင့်ကြံသူများသည်လည်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကြသည်။
သူတို့၏ မျက်လုံးထဲတွင် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ တပည့်သစ်ခြောက်ယောက်က ဘာမှအရေးမပါပေ။ သူတို့က စကားထဲ ထည့်ပြောရန်ပင် မထိုက်တန်ပေ။
သူတို့ကို ဖမ်းဆီးထားခြင်းက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ ထိုလူကို မျှားခေါ်ချင်သောကြောင့် ဖြစ်သည်။
“ သခင်ကြီးတို့… သူရောက်လာပြီ ”
စံအိမ်၏ အောက်ဘက်တွင် ကျယ်လောင်သော အော်သံ ထွက်ပေါ်လာသည်။
ချင်မိသားစုမှ လူအားလုံးက လှေကားဆီသို့ အမြန်ကြည့်လိုက်ကြသည်။ သူတို့အားလုံး၏ အကြည့်က လှေကားပေါ်သို့ တစ်လှမ်းချင်း တတ်လာနေသော ပုံရိပ်ပေါ်သို့ ကျရောက်သွားသည်။
ဟန်မူယဲ့က လှေကားပေါ်သို့ လျှောက်သွားသည်။ သူ၏ အကြည့်က အဖမ်းခံထားရသော တပည့်ခြောက်ယောက်ပေါ်သို့ ကျရောက်သွားသည်။
“ ဝူချွမ်း… မင်းဒဏ်ရာရထားတာလား ”
သူက တည်ငြိမ်စွာ မေးသည်။
အရှေ့ဆုံး၌ ဒူးထောက်နေသော လူငယ်က အံ့ဩသွားသည်။ ထို့နောက် သူက အမြန်ခေါင်းယမ်းလိုက်သည်။
“ ဟန်မူယဲ့… မင်း… ”
ဝူချွမ်း၏ ဘေးမှ လူငယ်က စကားပြောလိုက်စဉ် ဟန်မူယဲ့က ကြားဖြတ်ပြောလိုက်သည်။
“ ဒဏ်ရာမရဘူး… လန့်သွားရုံပဲလား ”
ဟန်မူယဲ့၏ အသံက စံအိမ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ တပည့်တစ်ယောက်စီရဲ့ စိတ်ဒဏ်ရာအတွက် ချင်မိသားစုက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကို မူလကျောက်တုံးတစ်ထောင်ပေးရမယ်… အဲ့ဒါဆို ဒီကိစ္စကို ဘာမှမဖြစ်သလို သဘောထားပေးမယ် ”
စံအိမ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဟန်မူယဲ့ကို မကျေမချမ်းမျက်နှာဖြင့် ကြည့်နေသော အဖိုးကျိသည်ပင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
အဲ့ဒီကောင် ရူးသွားတာလား… ။
“ ဟား ဟား… ကောင်းတယ်… အရမ်းကောင်းတယ် ”
ချင်သွမ့်ဝူက မတ်တတ်ရပ်လိုက်ပြီး ဟန်မူယဲ့ကို စူးစိုက်ကြည့်လိုက်သည်။
“ မင်းက ဒီနှစ်တွေမှာ ချင်မိသားစုကို စော်ကားရဲတဲ့ ပထမဆုံးလူပဲ ”
“ ကြည့်ရတာ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက အချိန်ကြာကြာ ဆက်မတည်ရှိချင်တော့ပုံပဲ ”
သူ၏ ခန္ဓာကိုယ်ပေါ်တွင် အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် လူသတ်အရှိန်အဝါက ထွက်ပေါ်လာသည်။
စံအိမ်တစ်ခုလုံး၌ သတ်ဖြတ်ခြင်းအငွေ့အသက်ဖြင့် ပြည့်နှက်သွားသည်။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တပည့်ခြောက်ယောက်က မျက်လုံးပြူးသွားကြပြီး တုန်ယင်သွားကြသည်။
“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက အတိတ်တုန်းက နာမည်ကျော်ကြားခဲ့တဲ့ အံ့ဖွယ်ကိုးပါးကောင်းကင်တာအိုဂိုဏ်းကနေ ဆင်းသက်လာတာ ဖြစ်တယ်… ငါတို့ဂိုဏ်းက နှစ်ပေါင်းထောင်ချီ ရှင်သန်ခဲ့တယ်… မင်းတို့ချင်မိသားစုက ဘယ်လောက်အားကောင်းလို့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကို ဖျက်ဆီးပစ်နိုင်တယ်လို့ ပြောရဲတာလဲ ”
ဟန်မူယဲ့က သူ့အရှေ့မှ လူနှစ်ယောက်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
ထိုစကားကို ကြားသောအခါ ချင်သွမ့်ဝူနှင့် ချင်ကျန်းယောင်က ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
“ နှစ်ထောင်ချီရှင်သန်တယ် ”
“ နှစ်ထောင်ချီသက်တမ်းရှိတဲ့ ဂိုဏ်းတွေကို ငါတို့ချင်မိသားစု ဖျက်ဆီးပစ်ခဲ့တာ တစ်ခုမကတော့ဘူးကွ ”
ချင်သွမ့်ဝူသည် ဟက်ဟက်ပက်ပက် ရယ်မောနေလျက် အရှေ့သို့ ပြေးသွားပြီး ဟန်မူယဲ့ထံသို့ လက်သီးပစ်သွင်းလိုက်သည်။
ထိုလက်သီးထိုးချက်က အလွန်မြန်ဆန်လေရာ ပြန်လည်မွေးဖွားခြင်းအဆင့် ဒုတိယအလွှာမှ ကျင့်ကြံသူများသည်ပင် နှလုံးတုန်ယင်သွားကြသည်။
အဖိုးကျိက အံကြိတ်လိုက်ပြီး ဟန်မူယဲ့ကို စူးစိုက်ကြည့်လိုက်သည်။ ဟန်မူယဲ့၏ ဦးခေါင်းက ထိုလက်သီးထိုးချက်ကြောင့် အက်ကွဲသွားမည်ကို သူမြင်ချင်သည်။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တပည့်ခြောက်ယောက်က မျက်နှာဖြူဖျော့သွားကြသည်။ သူတို့၏ မျက်လုံးထဲမှာ စိတ်ပျက်အားလျော့မှုဖြင့် ပြည့်နှက်နေသည်။
သူတို့၏ ဂိုဏ်းချုပ်နှင့် စီနီယာအကိုကြီးများက စွန့်ပစ်သတ္ထုတွင်းဆီသို့ သွားကြသည်။ သို့ဖြစ်၍ ယခုအချိန်မှာ မည်သူမှ သူတို့ကို မကယ်တင်နိုင်ပေ။
ဟန်မူယဲ့၏ မျက်လုံးထဲတွင် ထိုလက်သီးထိုးချက်က အလွန်နှေးသည်။
သူက ပြိုင်ဘက်၏ လှုပ်ရှားမှုအားလုံးကို ထွင်းဖောက်မြင်ပြီးပြီ ဖြစ်သည်။
သူက ချင်မိသားစု၏ တိုက်ခိုက်ရေးပညာရပ်များကိုပင် ဆင်ခြင်သုံးသပ်ခဲ့သည်။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းနှင့် နှိုင်းယှဉ်လျှင် ချင်မိသားစု၏ တိုက်ခိုက်ရေးပညာရပ်များက အမှိုက်များ ဖြစ်ကြသည်။
လက်သီးချဉ်းကပ်လာနေသည်ကို မြင်သည့်တိုင် ဟန်မူယဲ့က အနောက်မဆုတ်သွားသလို မတိမ်းရှောင်ပေ။ သူက ညာလက်ကို မြှောက်တင်၍ သူ့အရှေ့မှာ ဒေါင်လိုက်ထားလိုက်သည်။
သူ၏ လက်သီးက ချင်သွမ့်ဝူ၏ လက်ကောက်ဝတ်ကို ထိမှန်သွားသည်။
“ ခရက် ”
အရိုးအက်ကွဲသံနှင့်အတူ ချင်သွမ့်ဝူ၏ ညာလက်က ဘေးသို့ ဦးတည်ရာပြောင်းသွားသည်။
ဟန်မူယဲ့က ချင်သွမ့်ဝူကို အနောက်ဆုတ်ရန် အခွင့်အရေးမပေးဘဲ အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် လှည့်လိုက်သည်။ သူ၏ တံတောင်က ချင်သွမ့်ဝူ၏ ရင်ဘက်ပေါ်သို့ ဒေါင်လိုက်ထိမှန်သွားသည်။
“ ခရက် ”
ချင်သွမ့်ဝူ၏ နံရိုးများ ကျိုးကြေသွားသည်။
“ တောင်ဖိနှိပ်တဲ့ တိမ် ”
ဝူချွမ်းက ထိုတံတောင်တိုက်ကွက်ကို မြင်သောအခါ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
မည်သို့ကြောင့် ပြန်လည်မွေးဖွားခြင်းအဆင့် တတိယအလွှာမှ ကျင့်ကြံသူက ထိုတံတောင်ရိုက်ချက်ကို မခုခံနိုင်ရသနည်း။
ချင်သွမ့်ဝူ၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူက ကြမ်းခင်းပေါ် ဒူးထောက်ကျသွားသည်။ မခံမရပ်နိုင်သော နာကျင်မှုဒဏ်ကြောင့် သူက အော်ဟစ်ညည်းညူလိုက်သည်။
“ မင်းသေချင်နေတာပဲ ”
အခြားတစ်ဖက်တွင် ချင်ကျန်းယောင်က အော်ပြောလိုက်သည်။ သူက ခါးပေါ်မှ ဓားမော့ကို ဆွဲထုတ်လိုက်ပြီး ဟန်မူယဲ့၏ ဦးခေါင်းကို ခုတ်ပိုင်းလိုက်သည်။
ဟန်မူယဲ့က အနောက်မဆုတ်သွားပေ။ ယင်းအစား သူက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ဓားမော့ကို ခုခံတားဆီးရန် သူ၏ ညာလက်ကို မြှောက်လိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ ဘယ်လက်က ချင်ကျန်းယောင်၏ ရင်ဘက်ပေါ်သို့ ကျရောက်သွားသည်။
ထိုလှုပ်ရှားမှုက လယ်ကွင်းထဲမှာ သူအသုံးပြုခဲ့သော တိုက်ကွက်နှင့် တစ်ပုံစံတည်း တူညီသည်။
အဖိုးကျိက မျက်နှာမည်းမှောင်သွားသည်။
ဝူချွမ်းနှင့် တခြားလူများက ခေါင်းမော့လိုက်ကြပြီး ဟန်မူယဲ့၏ လှုပ်ရှားမှုကို ကြည့်လိုက်ကြသည်။
ထိုလှုပ်ရှားမှုက သူတို့ရင်းနှီးသောအရာ ဖြစ်သည်။
ယင်းက လေပြေအသွင်(၁၂)မျိုးထဲမှ “ တိမ်စီးပြီး လေနောက်လိုက်ခြင်း ” ဖြစ်သည်။
“ ဘန်း ”
ဟန်မူယဲ့၏ လက်ဝါးက ချင်ကျန်းယောင်၏ လက်ကောက်ဝတ်ကို ချုပ်နှောင်လိုက်စဉ် အခြားလက်တစ်ဖက်က ချင်ကျန်းယောင်၏ လည်ပင်းကော်လံကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူက ခန္ဓာကိုယ်ကို တစ်ပတ်လှည့်၍ ချင်ကျန်းယောင်ကို ပစ်လွှတ်လိုက်သည်။
လေထဲသို့ ပစ်လွှတ်ခံလိုက်ရသည့်အခိုက် ချင်ကျန်းယောင်၏ ကျောရိုးနှင့် ပခုံးရိုးက အက်ကွဲသွားသည်။
“ ဘန်း ”
ချင်ကျန်းယောင်၏ ခန္ဓာကိုယ်က အဝေးသို့ ပြုတ်ကျသွားသည်။ သူ၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။
ချင်မိသားစု၏ ပညာရှင်များဖြစ်သော ပြန်လည်မွေးဖွားခြင်းအဆင့် တတိယအလွှာမှ ကျင့်ကြံသူနှစ်ယောက်သည် ချက်ချင်း ရှုံးနိမ့်သွားကြသည်။
ချင်မိသားစု၏ အစေခံများနှင့် ကျင့်ကြံသူများက မျက်နှာဖြူဖျော့သွားကြသည်။ သူတို့အားလုံးက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ဝံ့ကြချေ။
“ ဘယ်… ဘယ်လိုဖြစ်နိုင်မှာလဲ… ”
ဝူချွမ်းက မျက်လုံးပြူးကျယ်သွားပြီး စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တခြားတပည့်များသည်လည်း ဇဝေဇဝါဖြစ်သွားကြသည်။
“ မင်းတို့တွေ မထကြသေးဘူးလား ”
ဟန်မူယဲ့၏ အော်သံကြောင့် တပည့်ခြောက်ယောက်က အသိပြန်ဝင်သွားကြသည်။ သူတို့က မြန်မြန်ဆန်ဆန် မတ်တတ်ရပ်လိုက်ကြသည်။
“ မှတ်ထားပါ… တကယ်လို့ ချင်မိသားစုက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းဆီ မူလကျောက်တုံးတွေ လာမပို့ဆောင်ဘူးဆိုရင် ငါကိုယ်တိုင် ချင်မိသားစုဆီ အလည်လာခဲ့မယ် ”
ဟန်မူယဲ့က ပြောသည်။
ထိုသို့ပြောပြီးနောက် ဟန်မူယဲ့က အရှေ့သို့ လျှောက်သွားပြီး ချင်သွမ့်ဝူ၏ လည်ပင်းကော်လံကို ဖမ်းဆုပ်လိုက်သည်။ သူက ချင်သွမ့်ဝူ၏ အိတ်ကပ်ထဲမှ မူလကျောက်တုံးအိတ်ကို ဆွဲယူလိုက်ပြီး ချိန်ဆကြည့်လိုက်သည်။ ထို့နောက် သူက ဝူချွမ်းနှင့် တခြားလူများကို လှည့်ကြည့်လိုက်သည်။
“ မင်းတို့က ဘာရပ်ကြည့်နေတာလဲ ”
“ မင်းတို့ရဲ့ စိတ်ဒဏ်ရာကုသကြေးအတွက် မူလကျောက်တုံးတွေ လိုက်သိမ်းဆည်းကြလေ ”
စိတ်ဒဏ်ရာကုသကြေးလား… ။
ဝူချွမ်းနှင့် တခြားတပည့်များက ဝမ်းသာပျော်ရွှင်စွာ အရှေ့ထွက်လာကြသည်။ သူတို့က ချင်မိသားစုဝင်အားလုံးထံမှ မူလကျောက်တုံးများကို လိုက်လံသိမ်းဆည်းကြသည်။
သူတို့ထဲမှ တချို့မှာ မူလကျောက်တုံးငါးတုံးရှိကြပြီး တချို့မှာ မူလကျောက်တုံးခုနှစ်တုံး ရှိကြသည်။
ထိုမူလကျောက်တုံးအားလုံးကို စုပေါင်းလိုက်သည့်အခါ ငါးဆယ်ခန့်ရှိကြောင်း မြင်တွေ့သွားသည်။
ဝူချွမ်းက မျက်လုံးအရောင်လက်သွားပြီး ထိုမူလကျောက်တုံးများကို ဟန်မူယဲ့ထံသို့ ကမ်းပေးလိုက်သည်။
“ စီနီယာအကိုဟန်… ဒီဟာက ကျုပ်တို့ရဲ့ လက်ဆောင်ပါ ”
သူက ပြောသည်။
ဟန်မူယဲ့က မူလကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီး လက်ယမ်းပြလိုက်သည်။ ထို့နောက် သူက အနောက်လှည့်၍ အောက်သို့ ပြန်ဆင်းသွားသည်။
ဝူချွမ်းနှင့် တခြားလူများက ဟန်မူယဲ့နောက်သို့ ဝမ်းသာပျော်ရွှင်စွာ လိုက်သွားကြသည်။
တစ်ခဏကြာပြီးနောက် ဒေါသတကြီး အော်သံများက သူတို့အနောက်မှ စံအိမ်ထဲမှ ထွက်ပေါ်လာသည်။
“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း… ဒီကိစ္စ မပြီးသေးဘူး… ”