← Chapters

အခန်း (၁၇၃၅)

Vol. 124 Ch. 1735

အခန်း (၁၇၃၅)

Vol. 124 Ch. 1735

အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ လေ့ကျင့်ရေးကွင်းပြင်ထဲတွင်… ။

ဝူချွမ်းနှင့် တခြားတပည့်များသည် ခေါင်းငုံ့ထားလျက် အလယ်မှာ ရပ်နေကြသည်။ တာအိုပညာရှင်ဟူယုက သူတို့၏ အရှေ့မှာ လက်နောက်ပစ်လျက် ရပ်နေသည်။ သူ၏ မျက်နှာက သုန်မှုန်နေသည်။

“ ဟွန့်… ဟန်မူယဲ့က အဆင့်မြှင့်တင်ပေးလိုက်တာနဲ့ပဲ မင်းတို့က အဲ့ဒါတွေကို လေ့ကျင့်ကြတယ်လား ”

“ ငါတို့အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ လေပြေအသွင်(၁၂)မျိုးက ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ အမွေအနှစ်ပဲ… အဲ့ဒါကို အလွယ်တကူ ပြောင်းလဲနိုင်မယ်လို့ မင်းတို့ထင်နေတာလား ”

တာအိုပညာရှင်ဟူယုတစ်ယောက်တည်း ဒေါသထွက်နေခြင်း မဟုတ်ပေ။ ကျန်းဟဲ၊ ဝူမင်ကြွယ်နှင့် တခြားလူများသည်လည်း မျက်နှာတည်ကြည်နေကြသည်။

ဂိုဏ်း၏ အမွေအနှစ်ကို ကိုယ့်သဘောဖြင့် ပြုပြင်ပြောင်းလဲခြင်း… ။

အကယ်၍ တခြားတစ်ယောက်သာဆိုလျှင် သူတို့က ထိုလူကို တိုက်ရိုက် ဖမ်းချုပ်ပြီး စစ်ဆေးမေးမြန်းကြလိမ့်မည်။ ထိုကိစ္စ၏ နောက်ကွယ်မှာ တခြားရည်ရွယ်ချက်ရှိနေသလော သို့မဟုတ် ယင်းက တခြားဂိုဏ်းများ၏ လှည့်ကွက်လော သူတို့အဖြေရှာကြလိမ့်မည်။

သို့သော်လည်း တာအိုပညာရှင်ဟူယုက ဟန်မူယဲ့၏ သရုပ်အမှန်ကို သိထားသည်။ ကျန်းဟဲနှင့် ဝူမင်ကြွယ်သည်လည်း သိထားကြသည်။

ဖြစ်နိုင်သည်မှာ နှစ်သန်းပေါင်းများစွာကြာပြီးနောက် ပြန်နိုးလာသော ထိုဘိုးဘေးက သူ့ကိုယ်သူ အတိတ်မှ အစွမ်းထက်ပညာရှင်ဟု ထင်မှတ်နေဆဲလော။

ဘိုးဘေး… လောကက ပြောင်းလဲသွားပြီ… ။

“ ဂိုဏ်းချုပ်… စီနီယာအကိုဟန် သင်ကြားပေးတဲ့ တိုက်ခိုက်ရေးနည်းစနစ်က တကယ်ပဲ ပိုအစွမ်းထက်… မဟုတ်ဘူး ပိုထိရောက်ပါတယ် ”

အစက ဝူချွမ်းက “ ပိုအစွမ်းထက်တယ် ”ဟု ပြောရန် ရည်ရွယ်ထားသော်လည်း တစ်ခဏစဉ်းစားပြီးနောက် “ ပိုထိရောက်တယ် ”ဟု ပြောင်းပြောလိုက်သည်။

တာအိုပညာရှင်ဟူယု ဒေါသထွက်သွားပြီး သူ့ကို တစ်ချက်တည်း ရိုက်သတ်ပစ်မည်ဟု သူကြောက်သည်။

“ ပိုထိရောက်တယ်လား ”

တာအိုပညာရှင်ဟူယုက ဝူချွမ်းကို စိုက်ကြည့်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး မထူးမခြားနား ပြောသည်။

“ စုကျင်းရှန့်… မင်း အရှေ့ထွက်လာပြီးတော့ လေပြေအသွင်(၁၂)မျိုးကို ဘယ်လိုကျင့်ကြံရတယ်ဆိုတာ သူ့ကို သင်ကြားပေးလိုက်စမ်း ”

တာအိုပညာရှင်ဟူယု၏ စကားဆုံးသွားသည်နှင့် သူ့အနောက်မှာ ရပ်နေသော တတိယမျိုးဆက်မှ တပည့်တစ်ယောက်က အရှေ့ထွက်လာသည်။

သူက တတိယမျိုးဆက်ထဲမှာ အသန်မာဆုံးဖြစ်ပြီး လွန်ခဲ့သော တစ်နှစ်ခန့်တွင် ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ဝင်ရောက်ခဲ့သည်။

မှန်ပေသည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားက ပြန်လည်မွေးဖွားခြင်းအဆင့်သို့ မဝင်ရောက်ရသေးသော တတိယမျိုးဆက်မှ တခြားတပည့်များထက် အများကြီး ပိုသန်မာသည်။

“ ဂျူနီယာညီလေး… ဂိုဏ်းရဲ့ အမွေအနှစ်ကို တန်ဖိုးထားလေးစားသင့်တယ် ”

စုကျင်းရှန့်က ပြောသည်။ သူက စကားဆုံးသည်နှင့် လက်မြှောက်လိုက်ပြီး ဝူချွမ်း၏ ရင်ဘက်ထံသို့ လက်သီးထိုးလိုက်သည်။

ယင်းက လေပြေအသွင်(၁၂)မျိုးထဲမှ “ အဖြူရောင်တိမ်လေ ”တိုက်ကွက် ဖြစ်သည်။

ထိုတိုက်ကွက်သည် လေပြေအသွင်(၁၂)မျိုးထဲတွင် ခုခံခြင်းနှင့် တိုက်ခိုက်ခြင်းကို တစ်ပြိုင်နက်ပြုလုပ်နိုင်သော တစ်ခုတည်းသော အကွက်ဖြစ်သည်။

စုကျင်းရှန့်၏ လက်ထဲတွင် ထိုတိုက်ကွက်က ကြမ်းတမ်းသော လေပြင်းကို ဆွဲဆောင်လိုက်သည်။ အနည်းဆုံး ပေါင်တစ်ထောင်အလေးချိန်က ထိုလက်သီးထဲမှာ ကိန်းအောင်းနေသည်။

အကယ်၍ ထိုလက်သီးသာ ဝူချွမ်း၏ ရင်ဘက်ပေါ်သို့ ကျရောက်သွားမည်ဆိုလျှင် သူ၏ နံရိုးများက သေချာပေါက် ကျိုးသွားလိမ့်မည်။

စုကျင်းရှန့်က ဝူချွမ်းကို သင်ခန်းစာပေးချင်သည်။ သို့မှသာ တတိယမျိုးဆက်မှ ထိုတပည့်များက ဂိုဏ်း၏ အမွေအနှစ်ကို မလေးမစား မလုပ်ဝံ့ကြမည်။

စုကျင်းရှန့်၏ လက်သီးကို မြင်သောအခါ ဝူချွမ်းသည် မသိစိတ်မှ သူ၏ လက်ကို မြှောက်လိုက်သည်။ သူက “ တိမ်ဖမ်းလေ ”အကွက်ကို ထုတ်ဖော်၍ စုကျင်းရှန့်၏ လက်သီးကို ခုခံတားဆီးလိုက်သည်။

ထိုမျှသာ မဟုတ်ပေ။ သူက စုကျင်းရှန့်၏ လက်ကို တိုက်ရိုက် ဖမ်းဆုပ်လိုက်ပြီး “ လေထဲမှ မိုးမခ ”အကွက်ဖြင့် လက်သီးတစ်လုံး ပြန်ထိုးလိုက်သည်။

သူက ဤရက်များတွင် ဟန်မူယဲ့သင်ကြားပေးသော လက်သီးနည်းစနစ်ကို ထပ်ခါတလဲလဲ လေ့ကျင့်ခဲ့သည်။ ထိုထဲတွင် “ တိမ်ဖမ်းလေ ”နှင့် “ လေထဲမှ မိုးမခ ”က သူအကျွမ်းကျင်ဆုံး နှစ်ကွက်ဖြစ်သည်။

ထို့ကြောင့် စုကျင်းရှန့်၏ တိုက်ခိုက်မှုကို မြင်သောအခါ သူက မသိစိတ်မှ ထိုနှစ်ကွက်ကို ထုတ်သုံးမိသွားသည်။

မမျှော်လင့်ထားသော တန်ပြန်တိုက်ခိုက်မှုကြောင့် စုကျင်းရှန့်က ဟန်ချက်ပျက်သွားပြီး ဆယ်ပေအဝေးသို့ လွင့်စင်သွားသည်။

ထိုမြင်ကွင်းက လူတိုင်းကို ဆွံ့အသွားစေသည်။

“ ဟမ်… ”

ဝူချွမ်းက သူ၏ လက်နှစ်ဖက်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ထို့နောက် သူက မြေကြီးပေါ်မှာ လဲကျနေသော တတိယမျိုးဆက်မှ တပည့်ကို ကြည့်လိုက်သည်။ သူက စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။

ကျန်းဟဲနှင့် တခြားလူများက မျက်လုံးဝင်းလက်သွားကြသည်။

“ ဝူမင်ကြွယ်… မင်း ဟန်မူယဲ့ကို သွားပြောလိုက်… အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲမှာ အေးဆေးမကျင့်ကြံချင်ဘူးဆိုရင် ဂိုဏ်းထဲကနေ ထွက်သွားနိုင်တယ်လို့ ”

တာအိုပညာရှင်ဟူယုက အေးစက်စွာ ပြောသည်။ ထို့နောက် သူက ဝူချွမ်းနှင့် တခြားလူများကို ကြည့်လိုက်သည်။

“ မင်းတို့ရောပဲ ”

ထိုသို့ပြောပြီးနောက် သူက အနောက်လှည့်၍ အဝေးသို့ လျှောက်သွားသည်။

တာအိုပညာရှင်ဟူယု ထွက်သွားသည်ကို ကြည့်နေရင်း ဒုတိယမျိုးဆက်မှ တပည့်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က ခေါင်းယမ်းလိုက်ကြသည်။

ဟန်မူယဲ့ အဆင့်မြှင့်တင်လိုက်သော တိုက်ခိုက်ရေးပညာရပ်က မူလလေပြေအသွင်(၁၂)မျိုးထက် အများကြီး ပိုအစွမ်းထက်သည်။ သို့သော်လည်း ဂိုဏ်း၏ အမွေအနှစ်ကို မည်သို့အလွယ်တကူ ပြောင်းလဲနိုင်မည်နည်း။

“ ဂျူနီယာညီလေးကို ငါသွားရှာလိုက်မယ် ”

ဝူမင်ကြွယ်က ထိုသို့ပြောပြီး ဟန်မူယဲ့နေထိုင်သော ခြံဝန်းဆီသို့ ဦးတည်သွားသည်။

ကံမကောင်းစွာပင် ဟန်မူယဲ့က တံခါးပိတ်ကျင့်ကြံနေသည်။ ဝူမင်ကြွယ်က အခန်းထဲသို့ မဆင်မခြင် မဝင်ရောက်ဝံ့ပေ။

သို့သော်လည်း ဒုတိယမျိုးဆက်မှ တပည့်များသည် ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ဟန်မူယဲ့ အသစ်ပြုပြင်လိုက်သော လေပြေအသွင်(၆)မျိုးကို စူးစမ်းလေ့လာကြသည်။ ထို့နောက် သူတို့က ယင်းကို တိတ်တဆိတ် လေ့ကျင့်ကြသည်။

လေပြေအသွင်(၆)မျိုး၏ စွမ်းအားက သူတို့၏ လက်ထဲတွင် တတိယမျိုးဆက်မှ တပည့်များထက် အဆပေါင်းများစွာ ပိုအားကောင်းနေကြောင်း ရှာတွေ့သွားကြသည်။

“ ဒီလေပြေအသွင်(၆)မျိုးက တကယ် သာမန်မဟုတ်ဘူး… ”

ကျန်းဟဲက လက်သီးနည်းစနစ်အသစ်ကို လေ့ကျင့်နေရင်း သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

အဝေးတစ်နေရာမှ စင်္ကြံလမ်းပေါ်တွင် တာအိုပညာရှင်ဟူယုက လက်နောက်ပစ်လျက် မတ်တတ်ရပ်နေသည်။ သူ၏ မျက်နှာက တင်းမာခက်ထန်နေပြီး သူက မည်သည့်စကားမှ မပြောပေ။

“ ဘန်း ”

အရှေ့ဘက် ဂိတ်တံခါးတွင် ကျယ်လောင်သော မြည်သံ ထွက်ပေါ်လာသည်။

“ ဂိုဏ်းချုပ်… ချင်မိသားစု… ချင်မိသားစုက လူတွေ တောင်ပေါ်ကို အပြေးအလွှား တတ်လာကြပြီ ”

“ ဂိုဏ်းချုပ်… ချင်မိသားစုက လူတွေ ကျုပ်တို့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ ဂိတ်တံခါးကို ရိုက်ချိုးပစ်လိုက်ကြပြီ ”

ဂိတ်တံခါးကို စောင့်ကြပ်နေကြသော တပည့်များက တုန်လှုပ်ချောက်ချားစွာ ပြေးလာကြသည်။

ချင်မိသားစုလား… ။

တာအိုပညာရှင်ဟူယုက မျက်မှောင်ကြုတ်လိုက်သည်။

သူတို့က လယ်ကွက်ငှားရမ်းခ လာတောင်းတာမဟုတ်ဘူးလား… ။

ဘာလို့ အကြမ်းပတမ်း လုပ်နေကြတာလဲ… ။

ဖြစ်နိုင်တာက ချင်မိသားစုက ဂိုဏ်းငယ်လေးတွေကို နောက်ထပ် မျက်နှာသာမပေးချင်တော့ဘူးလား… ။

ကံမကောင်းစွာပင် အကယ်၍ ချင်မိသားစုက သူတို့၏ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ဂိတ်တံခါးကို ရိုက်ချိုးပစ်သည်ဆိုလျှင်ပင် သူက ဘာမှမလုပ်နိုင်ပေ။ ချင်မိသားစုက သူရင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။

တာအိုပညာရှင်ဟူယုက သက်ပြင်းရှည်ကြီးချလိုက်သည်။ သူက အင်္ကျီကို သပ်ရပ်စွာ ပြုပြင်ပြီးနောက် တောင်ဂိတ်တံခါးဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။

တခြားတပည့်များက သူ့အနောက်သို့ လိုက်သွားကြသည်။

လူတိုင်းက ဂိတ်တံခါးအပြင်သို့ ထွက်လျှောက်သွားစဉ် ချင်မိသားစုမှ ကျင့်ကြံသူအုပ်စုတစ်စုက တောင်လှေကားပေါ်သို့ အပြေးအလွှား တတ်လာနေကြောင်း သူတို့မြင်သွားကြသည်။

တာအိုပညာရှင်ဟူယုက ချင်မိသားစုမှ ကျင့်ကြံသူဒါဇင်ခန့်ကို မြင်သွားသောအခါ ထိတ်လန့်သွားသည်။

အကြွေးတောင်းဖို့ အဲ့လောက်လူအုပ်ကြီး လိုလို့လား… ။

မဟုတ်မှ ချင်မိသားစုက သူတို့ရဲ့ ဝိညာဉ်လယ်ကွက်တွေကို ပြန်သိမ်းတော့မှာလား… ။

ထိုအတွေးက သူ၏ နှလုံးကို တင်းကျပ်စေသည်။

သို့သော်လည်း သူက မျက်တောင်တစ်ခတ်အတွင်းမှာ ဟန်လုပ်ပြုံးလိုက်ပြီး ချင်မိသားစုမှ ကျင့်ကြံသူများကို ဝမ်းပန်းတသာ ကြိုဆိုလိုက်သည်။

“ မင်္ဂလာပါ ချင်မိသားစုက တာအိုရောင်းရင်းတို့… အခုလို လူစုံတက်စုံ ရောက်လာတာ ဘယ်လောက်ရှား… ”

သို့သော်လည်း သူ၏ စကားမဆုံးမီ အရှေ့ဆုံးမှ ဦးဆောင်လာသော ချင်မိသားစုအကြီးအကဲက သူ၏ ညာလက်ကို မြှောက်လိုက်သည်။ အစိမ်းရောင်မူလစွမ်းအားက သူ့အရှေ့သို့ ပျံသန်းသွားသည်။

သူတို့က တကယ်ကြီး လာတိုက်ခိုက်တာလား… ။

ချင်မိသားစုက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကို အမြစ်ဖြတ်သုတ်သင်ပစ်ဖို့ ကြံစည်နေတာလား… ။

တာအိုပညာရှင်ဟူယု၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။ သူက ပြန်လည်မွေးဖွားခြင်း ပဉ္စမအလွှာ၏ စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။ သူ၏ လက်သီးက အစိမ်းရောင်မူလစွမ်းအားနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

“ ဘန်း ”

တာအိုပညာရှင်ဟူယုက အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရပြီး သူ၏ ဝတ်စုံက တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။

အစောနက တိုက်ခိုက်လိုက်သော အကြီးအကဲ၏ ခြေလှမ်းက ရပ်တန့်သွားသည်။ သူက တာအိုပညာရှင်ဟူယုကို စူးစိုက်ကြည့်လိုက်သည်။

“ တာအိုပညာရှင်ဟူယု… မင်းရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ပုန်ကန်နေတာပဲ ”

“ မင်း ငါတို့ရဲ့ ချင်မိသားစုနဲ့ အသေအကြေ တိုက်ခိုက်ချင်နေတာလား ”

သူဘာတွေပြောနေတာလဲ… ။

အရင်စတိုက်ခဲ့တာ သူပဲ မဟုတ်ဘူးလား… ။

တာအိုပညာရှင်ဟူယုက စိတ်ထဲမှာ မခံမရပ်နိုင်အောင် ဒေါသထွက်သွားသော်လည်း အပြင်ပန်းမှာတော့ ရိုသေလေးစားစွာ ပြုမူနေဆဲပင်။ သူက အရိုအသေပေးလိုက်ပြီး တလေးတစား ပြောသည်။

“ တာအိုပညာရှင်ချင်ယွဲ့… အကြွေးပေးဖို့ ရက်လေးနည်းနည်း နောက်ကျတာနဲ့ ကျုပ်တို့ကို ဒီလိုဆက်ဆံတာ မဖြစ်သင့်ပါဘူး ”

ဝိညာဉ်လယ်ကွင်းငှားရမ်းခလား… ။

တာအိုပညာရှင်ဟူယု၏ စကားက ချင်မိသားစု၏ အကြီးအကဲကို မျက်လုံးပြူးကျယ်သွားစေသည်။

ငါမင်းအရှေ့မှာ ဘယ်တုန်းက အကြွေးကိစ္စ ပြောခဲ့လို့လဲ… ။

မင်းရဲ့ ဂိုဏ်းက ငါတို့ချင်မိသားစုဆီကနေ ခြိမ်းခြောက်ငွေညှစ်နေတာ မဟုတ်ဘူးလား… ။

ငါတို့ရဲ့ အဖွဲ့သားတွေကိုတောင် ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့သေးတယ်… ။

တာအိုပညာရှင်ဟူယုနှင့် တာအိုပညာရှင်ချင်ယွဲ့က အပြန်အလှန် စူစိုက်ကြည့်လိုက်ကြသည်။ စွမ်းအင်အရှိန်အဝါက သူတို့၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။

“ အမှတ်ငါးသခင်ကြီး… ခင်ဗျား ကျုပ်တို့အတွက် တရားမျှတမှုရှာပေးပါ… အဲ့ဒါ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက လူတွေရဲ့ လက်ချက်ပါ… သူတို့က ကျုပ်တို့ကို ဒဏ်ရာရအောင်လုပ်ပြီး ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီးခဲ့ပါတယ် ”

အော်သံများက ချင်မိသားစုအုပ်စု၏ အနောက်မှ ထွက်ပေါ်လာသည်။ ယင်းက လေထုကို ပိုပြီးတင်းကျပ်သွားစေသည်။

“ ဒီနေ့ ငါ့ရဲ့ ချင်မိသားစုက မင်းရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကို အမြစ်ဖြတ်သုတ်သင်ပြီး လက်စားပြန်ချေမယ် ”

တာအိုပညာရှင်ချင်ယွဲ့က အော်ပြောလိုက်သည်။ သူ၏ စွမ်းအားက ပရမ်းပတာ လှုပ်ခတ်သွားသည်နှင့် သန္ဓေပြောင်းသားရဲပုံရိပ်တစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။

ယင်းသည် ပြန်လည်မွေးဖွားခြင်းအဆင့် ပဉ္စမအလွှာမှ ပုဂ္ဂိုလ်များသာလျှင် ပိုင်ဆိုင်နိုင်သောစွမ်းအား ဖြစ်သည်။

ပြန်လည်မွေးဖွားခြင်းအဆင့် ပဉ္စမအလွှာတွင် မူလစွမ်းအားက ပုံရိပ်ယောင်အသွင်သဏ္ဍာန်သို့ ပြောင်းလဲနိုင်သည်။

“ ချင်မိသားစုဝင်တွေကို ထိခိုက်ဒဏ်ရာရအောင် လုပ်တယ်လား ”

တာအိုပညာရှင်ဟူယုက အံ့ဩသွားပြီး သူ၏ ဘေးဘီကို လှည့်ကြည့်လိုက်သည်။

“ တာအိုပညာရှင်ချင်ယွဲ့… ကျုပ်တို့ကြားမှာ တစ်ခုခုနားလည်မှုလွဲနေတာ ရှိရမယ် ”

“ ကျုပ်တို့က ဖူယွဲ့စွန့်ပစ်သတ္ထုတွင်းမှာ မူလကျောက်တုံးတွေကို သွားရှာဖွေနေတာပါ… မနေ့ကမှ ကျုပ်တို့ပြန်ရောက်လာတာပါ ”

ထိုစကားက တာအိုပညာရှင်ချင်ယွဲ့ကို အံ့ဩသွားစေသည်။

“ အဲ့ဒါ မင်းရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက လူတွေ ”

“ အိမ်တော်ထိန်းကျိက အမှတ်သုံးသခင်ကြီးရဲ့ မြင်းအတွက် ဝိညာဉ်စပါးပင်နည်းနည်းလောက် ယူချင်လို့ လူတချို့ခေါ်ပြီး လယ်ကွင်းဆီ သွားခဲ့တယ်… ဒါပေမဲ့ မင်းရဲ့ လူတွေက အိမ်တော်ထိန်းကျိကို ဒဏ်ရာရအောင် ရိုက်နှက်ခဲ့တယ် ”

“ ငါတို့က မင်းရဲ့ တပည့်တွေကို ထိန်းသိမ်းခဲ့တယ်… အဲ့ဒီနောက် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက လူတွေ ရောက်လာပြီး အမှတ်(၁၇)သခင်ကြီးနဲ့ အမှတ်(၁၉)သခင်ကြီးကို ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့တယ် ”

“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက တကယ်ရက်စက်လွန်းတယ် ”

ချင်မိသားစုဝင်နှစ်ယောက်က အရှေ့ထွက်လာကြပြီး ခံပြင်းဒေါသထွက်စွာ အော်ပြောလိုက်ကြသည်။

တာအိုပညာရှင်ချင်ယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။

ဤတစ်ကြိမ်တွင် ချင်မိသားစုမှ ကျွမ်းကျင်ပညာရှင်များသည် မြို့ငယ်လေးမှ ချင်မိသားစုဝင်များ၏ အကူအညီတောင်းခံမှုကြောင့် အမြန်ရောက်လာကြသည်။ သူတို့က ချင်သွမ့်ဝူနှင့် ချင်ကျန်းယောင်၏ ဒဏ်ရာကို မြင်ပြီးနောက် အကြီးအကျယ် ဒေါသထွက်သွားကြသည်။

ထို့ကြောင့် သူတို့က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းနှင့် စာရင်းရှင်းရန် ရောက်လာကြခြင်းပင်။

သို့သော်လည်း ယခု အဖြစ်အပျက်ကို သေချာနားထောင်ကြည့်လိုက်သည့်အခါ ချင်မိသားစုဝင်များက အရင်ဦးစွာ အမှားလုပ်ခဲ့ကြောင်း သူနားလည်သွားသည်။

ဝိညာဉ်စပါးပင်ကို မြင်းကျွေးတယ်လား… ။

အဲ့ဒါ အသိစိတ်ရှိတဲ့ လူတွေ လုပ်သင့်တဲ့အရာလား… ။

အခြားတစ်ဖက်တွင် တာအိုပညာရှင်ဟူယုက မျက်နှာသုန်မှုန်သွားသည်။

“ ဟွန့်… အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကို လွယ်လွယ် အနိုင်ကျင့်လို့ရတယ်ထင်နေလား ”

တာအိုပညာရှင်ဟူယုက အေးစက်စွာ အော်လိုက်သည်။ သူလက်မြှောက်လိုက်သည့်အခါ ရွှေရောင်အလင်းတန်းက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှာလည်း အစွမ်းထက်နောက်ခံတွေ ရှိတယ် ”

“ ငါတို့ရဲ့ တပ်ကူတွေ ရောက်လာတဲ့အခါ မင်းတို့ ချင်မိသားစုကလူတွေ ဘယ်လိုဖြေရှင်းမလဲ ကြည့်မယ် ”

All Chapters