ရပ်တန့်နေသော ပါရမီရှင်
Vol. 24 Ch. 233
မထင်မရှား ပြခန်းငယ်လေးသည် တကယ်တမ်းတွင်မူ ရတနာများဖြင့် ပြည့်လျှံနေပေသည်။
နေရာလွတ်မှာ မကျယ်ဝန်းလှပေ၊ လူငါးဦး ခြောက်ဦးခန့် ပခုံးချင်းယှဉ်ရပ်ရန်သာ လုံလောက်၏။
ဘေးနှစ်ဖက်တွင် သစ်နီစင်များရှိပြီး ကျောက်စိမ်းပြားအမျိုးမျိုးကို သပ်ရပ်စွာ စီရီထားကာ ထိုကျောက်စိမ်းပြားများဆီမှ ရတနာရောင်ခြည်များ ဖြာထွက်နေလေသည်။
အရိုးစုကို ကိုင်ဆောင်ထားသော ယင်ဝိညာဉ်သည် ရှန်းယီ၏ အနောက်ဘက်တွင် ရပ်လျက် ရှင်းပြလိုက်ပေ၏။
"ညာဘက်ကဟာတွေ အကုန်လုံးက ရွှေခန္ဓာကိုယ်ကျင့်စဉ်တွေ၊ ဘယ်ဘက်ကဟာတွေ အကုန်လုံးက ဟွမ်ယွမ်သိုင်းပညာရှင်တွေနဲ့ ပတ်သက်တာတွေပါ"
ဤနေရာသည် မဟာချန်မင်းဆက်၏ အဆင့်မြင့် သိုင်းပညာ ကျင့်ကြံခြင်း နည်းလမ်းများအားလုံးကို သိမ်းဆည်းထားရာနေရာ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
အရေအတွက် နည်းပါးရုံသာမက ဟွမ်ယွမ်အဆင့် သိုင်းပညာများနှင့် နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်နှင့် သက်ဆိုင်သော အဆင့်မြင့်ရွှေခန္ဓာကိုယ်ကျင့်စဉ်များကိုပါ အတူတကွ ထားရှိထားကြလေသည်... ကျန်းချိုလန် ပြောခဲ့ဖူးသည်မှာ မှန်ကောင်းမှန်လေမည်။
ဝူသိုင်းဘုံကျောင်းသည် တာအိုဝိညာဉ် နတ်ဘုရားအသွင်ပြောင်းလဲခြင်း လမ်းစဉ်ကို ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိသေးသည်မှာ အမှန်ပင် ဖြစ်လောက်ပေသည်။
ရှန်းယီသည် ဝေ့ဝဲကြည့်လိုက်၏။
ညာဘက်စင်ပေါ်တွင် ကျောက်စိမ်းပြား ၂၃ ခု တိတိရှိကြောင်း သူ တွေ့လိုက်ရပေသည်။
ပိုလည်းမပို၊ လိုလည်းမလိုပေ။ သို့သော် ၎င်းတို့အနက် များစွာသောအရာများသည် မပြည့်မစုံ ဖြစ်နေပြီး ချောမွေ့သော ကျောက်စိမ်းမျက်နှာပြင်များထဲသို့ သွေးကဲ့သို့အစွန်းအထင်းများပင် စိမ့်ဝင်နေကြလေ၏။
"ဒါတွေအားလုံးက ခေတ်အဆက်ဆက် နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတွေ အပြင်ကနေ ပြန်သယ်လာကြတာလေ။ ပျက်စီးနေတာက ပုံမှန်ပါပေ"
စီနီယာအစ်ကိုကျူးသည် အရိုးစုကို ထောင့်တစ်နေရာတွင် ဂရုတစိုက် ချထားလိုက်ပြီး ဦးခေါင်းခွံကို တည့်မတ်လိုက်၏။ ထို့နောက် လှည့်၍ ကျောက်စိမ်းပြားတစ်ခုကို ယူကာ ရှန်းယီအား ကမ်းပေးလိုက်လေသည်။
"ရွှေခန္ဓာကိုယ်ကျင့်စဉ် ၂၃ မျိုး ရှိပေမယ့် ၁၃ မျိုးကသာ ပြည့်စုံမှု ရှိကြတယ်"
"အဲဒီအထဲမှာ ၁၂ မျိုးက ကိုးမီတာမြင့်တဲ့ ရွှေခန္ဓာကိုယ်ပုံရိပ်ယောင်ကို စုစည်းနိုင်ကြတယ်"
"ကျန်ရှိနေတဲ့ လော့ဟန်ရွှေခန္ဓာကိုယ်နည်ကျင့်စဉ် တစ်ခုတည်းကသာ ၁၈ မီတာမြင့်တဲ့ ရွှေခန္ဓာကိုယ်ကို ရရှိနိုင်တာပါ"
ရှန်းယီသည် ကျောက်စိမ်းပြားကို ယူလိုက်ပြီး သူ၏နတ်အာရုံဖြင့် ထိတွေ့လိုက်၏။
စာတမ်းတစ်ကြောင်း စနစ်ဘောင်ကွက်ပေါ်တွင် လျင်မြန်စွာ ပေါ်လာလေသည်။
【နတ်ဘုရားအသွင်ပြောင်းလဲခြင်း မျက်နှာနီခြင်္သေ့နတ်ဆိုးပုံရိပ်ယောင် - မစတင်ရသေးပါ】
ရှန်းယီသည် သက်တမ်းကို အသုံးပြုရန် မလောဘဲ စနစ်ဘောင်ကွက်ကို ပိတ်လိုက်ပြီး လေးနက်စွာ မေးလိုက်၏။
"ခန္ဓာကိုယ် ပိုကြီးလေ၊ စွမ်းအား ပိုကြီးလေပဲလား"
တိုက်ပွဲအများအပြား ကြုံတွေ့ပြီးနောက် ပိုသန်မာသော နတ်ဆိုးတိုင်းခန္ဓာကိုယ် ကြီးမားကြသည် မဟုတ်ကြောင်း သူ တွေ့ရှိခဲ့ရပေသည်။
ဥပမာအားဖြင့် ချင်းဟွာသခင်မ၏ မူလခန္ဓာကိုယ်သည် ကိုးမီတာခန့်သာ ရှည်လျားသော်လည်း ထိုအရွယ်အစားသည် ယန်ချွန်းမြစ်ထဲမှ မီတာ နှစ်ရာ၊ သုံးရာခန့် ရှည်လျားသော ရေနဂါးနှင့် ယှဉ်လျှင် အလွန်ပင် သေးငယ်လှပေသည်။
သို့သော် သူတို့၏စွမ်းအားကွာခြားချက်မှာမူ အရွယ်အစားနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေ၏။
ချင်းဟွာသခင်မ အနေဖြင့် ထို အမြုတေပြီးမြှောက်ခြင်းအဆင့် ရေနဂါးအိုကြီးကို ခြေထောက်တစ်ဖက်တည်းဖြင့် နင်းချေရုံဖြင့် သတ်ဖြတ်နိုင်ပေလိမ့်မည်။
"ရွှေခန္ဓာကိုယ်ပုံရိပ်ယောင်က အမွှေးတိုင်နဲ့ ယုံကြည်မှုစွမ်းအားတွေကနေ စုစည်းထားတာပါ။ အခြေအနေအများစုမှာတော့ ခန္ဓာကိုယ် ပိုကြီးလေ၊ ကိုယ်စားပြုတဲ့ အခြေခံအုတ်မြစ်က ပိုနက်ရှိုင်းလေပါပဲ"
စီနီယာအစ်ကိုကျူးတွင် စီနီယာတစ်ဦး၏ မောက်မာသော အမူအရာမျိုး မရှိသလို၊ ထိုမေးခွန်းကိုလည်း မိုက်မဲသည်ဟု မထင်မှတ်ခဲ့ပေ။
နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက် သူသည် အချက်တစ်ချက်ကို အပြည့်အဝ အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပေသည်။
စစ်မှန်သော နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်၏ ရှေ့မှောက်တွင် ကျင့်ကြံသူအားလုံးသည် ချောက်ကမ်းပါးပေါ်ရှိ ကြိုးတံတားပေါ်တွင် လျှောက်လှမ်းနေသူများကဲ့သို့ ခွဲခြားမရနိုင်အောင် ဖြစ်နေကြလေသည်။
အချို့က တည်ငြိမ်လျင်မြန်စွာ လျှောက်လှမ်းနိုင်ပြီး သူတို့၏ အပေါင်းအဖော်များကို အဝေးကြီးတွင် ချန်ထားရစ်နိုင်ပေလိမ့်မည်။
သို့သော်... အကယ်၍ ဤကြိုးတံတားကြီးသာ အဆုံးမရှိခဲ့လျှင်၊ မြန်မြန်လျှောက်ခြင်း သို့မဟုတ် နှေးနှေးလျှောက်ခြင်းသည် အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။
"ကျွန်တော် လော့ဟန်ရွှေခန္ဓာကိုယ်နည်းစနစ်ကို ကြည့်ချင်ပါတယ်" ရှန်းယီ စင်ရှိရာသို့ လှမ်းကြည့်လိုက်၏။
"ကောင်းပြီလေ"
စီနီယာအစ်ကိုကျူး အနေဖြင့် ထူးဆန်းသည်ဟု မထင်မှတ်ခဲ့ပေ။ ဤနေရာကို ရောက်လာသမျှ တက်လှမ်းခြင်းအဆင့် သိုင်းဝိဇ္ဇာတိုင်းသည် ခြွင်းချက်မရှိ ဤရွှေခန္ဓာကိုယ်နည်းစနစ်ကို ကြည့်ချင်ကြသည်ချည်းပင်။
သူ့ခန္ဓာကိုယ် လွင့်ပျံတက်သွားပြီး အမြင့်ဆုံးနေရာတွင် ထားရှိသော ကျောက်စိမ်းပြားကို ညင်သာစွာ ဖြုတ်ယူလျက် ရှန်းယီ၏ လက်ဖဝါးထဲသို့ ထည့်ပေးလိုက်ပြီးနောက် သတိပေးလိုက်လေ၏။
"တကယ်တော့ ရွှေခန္ဓာကိုယ်နည်းစနစ် ဆိုတာမှာ အစွမ်းအထက်ဆုံးကို ကျင့်ကြံမှ ရမယ်လို့ မဆိုလိုပါဘူး။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကိုယ်နဲ့ ပိုကိုက်ညီတာကို ရွေးချယ်တာက ပိုကောင်းတယ်"
"ကိုက်ညီတာ"
ရှန်းယီသည် နတ်အာရုံဖြင့် နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်၏။
【နတ်ဘုရားအသွင်ပြောင်းလဲခြင်း လော့ဟန်ရွှေခန္ဓာကိုယ်ပုံရိပ်ယောင် - မစတင်ရသေးပါ】
"ယင်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်အနေနဲ့ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့ အရေးကြီးဆုံး အတားအဆီးကတော့... သိုင်းဝိဇ္ဇာအဆင့်မှာ မင်း ပေါ့ပေါ့ပါးပါး ဖန်တီးခဲ့တဲ့ အဲဒီအဖြူရောင်မြူခိုးတွေက တကယ်တမ်း ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ဖို့ပါပဲ"
စီနီယာအစ်ကိုကျူးသည် လေထဲမှ အဖြူရောင်မြူခိုးတစ်မျှင်ကို ပေါ့ပေါ့ပါးပါး ဆွဲယူလိုက်ပြီး လက်ချောင်းထိပ်ဖြင့် လှည့်ပတ်ကစားလိုက်၏။
"စမ်းကြည့်ချင်လား"
ဤပမာဏလောက်ရှိသော အမွှေးတိုင်နှင့် ယုံကြည်မှုစွမ်းအားကို အမြုတေစွမ်းအင်စုစည်းခြင်းအဆင့် နတ်ဆိုးနှိမ်နင်းရေးစစ်သူကြီး တစ်ဦးအနေဖြင့် သတိပင်ထားမိမည် မဟုတ်ပေ။
ရှန်းယီ မျက်ခုံးပင့်လိုက်ပြီး လှမ်းထိလိုက်၏။
လက်ချောင်းထိပ်က အဖြူရောင်မြူခိုးကို ထိလိုက်သည့် ခဏ၌ယင်ကောင်အုပ်ကြီး တဝီဝီမြည်နေသကဲ့သို့ ဆူညံပြီး စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသော အသံများ သူ၏ နားထဲသို့ ပြည့်နှက်သွားလေ၏။
"..."
ရှန်းယီ အလိုအလျောက် မျက်လုံးမှိတ်လိုက်မိ၏။ သူ၏လက်ရှိ အားကောင်းသော နတ်အာရုံဖြင့်ပင်လျှင် ထိုအသံများက ဘာလဲဆိုတာ ခွဲခြားသိမြင်ဖို့ အချိန်အတော်ကြာ ယူလိုက်ရပေသည်။
၎င်းသည် လူထောင်ပေါင်းများစွာ တပြိုင်နက်တည်း တီးတိုးပြောဆိုနေကြခြင်းဖြစ်ပြီး တစ်ယောက်ချင်းစီက ကွဲပြားခြားနားသော အကြောင်းအရာများကို ပြောဆိုနေကြကာ လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော ခံစားချက်များကို ထုတ်ဖော်နေကြခြင်းပင်။
လောဘ၊ ဒေါသ၊ ယုတ်မာမှု... ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ကြေကွဲမှု။
"ငါတို့ ပေါ့ပေါ့ပါးပါးထုတ်လွှတ်လိုက်တဲ့ ဓားအလင်းရောင်တွေ၊ ရိုက်ထုတ်လိုက်တဲ့ လက်ဝါးလေဟုန်တွေ အားလုံးဟာ သူတို့ရဲ့အတွေးတွေ စုစည်းမှုကြောင့် ဖြစ်ပေါ်လာတာပါပဲ"
"အမွှေးတိုင်နဲ့ ယုံကြည်မှုစွမ်းအားကို မိုးမြေရဲ့ အနှစ်သာရအဖြစ် အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် စွမ်းအားဖြည့်တင်းခြင်းက... အိမ်မှာထိုင်ပြီး အဆုံးမဲ့သောအနှစ်သာရတွေကို ခံစားနေရသလိုမျိုး သဘာဝကျပြီးသက်တောင့်သက်သာရှိပြီး နှစ်လိုဖွယ် ကောင်းလှတယ်။ သိုင်းပညာရှင်တွေက ဒါကို ဖြတ်လမ်းနည်းလို့တောင် ခေါ်ကြတယ်"
စီနီယာအစ်ကိုကျူးက တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။
"ဖြတ်လမ်းနည်းဆိုတာ... အမြဲတမ်း ပေးဆပ်ရမှု ရှိစမြဲပဲ၊ အခု မင်းက ဒီအရာတွေကို အသုံးပြုပြီး ခန္ဓာကိုယ်အသစ်တစ်ခု စုစည်းရမှာ ဖြစ်တဲ့အတွက် ဒီအတွေးတွေက မင်းရဲ့အတွေးတွေ ဖြစ်လာမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ"
"ရွှေခန္ဓာကိုယ်နည်းစနစ်ရဲ့ပထမဆုံး ဝင်ပေါက်ကတော့... ဒီ ရှုပ်ထွေးပွေလီတဲ့ အတွေးတွေကို ချေဖျက်ဖို့ နည်းလမ်းတစ်ခု ရွေးချယ်ရမှာဖြစ်ပြီး၊ ဒါမှသာ အဲဒါတွေက မင်းရဲ့အတွင်းနတ်ဆိုးအဖြစ် မပြောင်းလဲသွားမှာ ဖြစ်တယ်"
သူသည် ရှန်းယီ၏ ဘယ်လက်ထဲရှိ ကျောက်စိမ်းပြားကို ညွှန်ပြလိုက်၏။
"ခြင်္သေ့နတ်ဆိုးနည်းစနစ်က ကာကွယ်ခြင်းကို ရွေးချယ်တယ်... ကိုယ့်ဇာတိမြေကို ကာကွယ်မယ်၊ နိုင်ငံတံခါးဝကို ကာကွယ်မယ်၊ သာမန်ပြည်သူတွေကို ကာကွယ်မယ် ဆိုပြီး သစ္စာဆိုကြတာမျိုးပေါ့"
ထို့နောက် တခြားတစ်ဖက် ညာလက်ထဲရှိ ကျောက်စိမ်းပြားကို ညွှန်ပြလိုက်ပြန်၏။
"လော့ဟန်ရွှေခန္ဓာကိုယ်နည်းစနစ်ကတော့ ဖိနှိပ်ခြင်းကို ရွေးချယ်တယ်။ ဘာကို ဖိနှိပ်တာလဲ ဆိုတာတော့... ငါသိပ်မသေချာဘူး။ ဝူသိုင်းဘုံကျောင်း ဘိုးဘေးကြီးက အဲဒီတုန်းက သာမန်ပြည်သူတွေကို ဖိနှိပ်ဖို့ ရွေးချယ်ခဲ့တာ... ဒါကြောင့် သူ့ယင်ဝိညာဉ် ထိခိုက်သွားတာနဲ့ တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရတာပဲ"
"ဟူး"
ရှန်းယီသည် ထိုအဖြူရောင်မြူခိုးမျှင်လေးကို နောက်ဆုံးတွင် ချေဖျက်ပြီးသွားကာ စိတ်ပိုင်းဆိုင်ရာအနည်းငယ်မောပန်းသွားသလို ခံစားလိုက်ရပေသည်။
ဤစီနီယာအစ်ကို ပြောတာကို ကြားပြီးနောက် သူ နောက်ဆုံးတွင် နားလည်သွားလေသည်။
ယဇ်ပလ္လင်ပေါ်ရှိ ဝူသိုင်းဘုံကျောင်း ဘိုးဘေးကြီးသည် သူငယ်ပြန်နေသော သက်ကြီးရွယ်အိုတစ်ဦးနှင့် ဘာကြောင့် တူနေရသနည်း ဆိုသည်ကို သဘောပေါက်သွားခြင်း ဖြစ်လေ၏။
အမြဲတမ်း ယခုကဲ့သို့ဆူညံသော တန်ပြန်သက်ရောက်မှုများကို ခံစားနေရလျှင် သူ မည်သို့ကြည်လင်သော စိတ် ရှိနိုင်တော့မည်နည်း။
"ငါ နည်းစနစ် ၂၃ ခုလုံးကို စစ်ဆေးကြည့်ပေမယ့် ငါနဲ့ ကိုက်ညီတဲ့ လမ်းကြောင်း တစ်ခုမှ မရှိတာကို တွေ့ရှိခဲ့ရတယ်"
စီနီယာအစ်ကိုကျူးသည် စင်များဘေးမှ ဖြတ်၍ လွင့်ပျံသွားပြီး ကျောက်စိမ်းပြား တစ်ခုချင်းစီကို ညင်သာစွာ ပွတ်သပ်လိုက်လေ၏။
ထူးဆန်းသော အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာလေသည်။
"ငါ့ရဲ့ ပါရမီ အရမ်းမြင့်လွန်းနေလို့ ဆိုတာကို နားလည်ဖို့ အချိန်အကြာကြီး ယူခဲ့ရတယ် ငါက ဒီလမ်းကြောင်းပေါ်မှာ အတားအဆီး အခက်အခဲဆိုတာလုံးဝ မကြုံရဘဲလျင်မြန်ပြီးတည်တည်ငြိမ်ငြိမ်နဲ့လျှောက်လှမ်းခဲ့တာ။ လူတိုင်းက ငါ့ကို ချီးကျူးကြတယ်၊ နတ်ဆိုးတွေက ငါ့ကို ကြောက်ရွံ့ကြတယ်၊ဒါကြောင့်... ဒီ အမွှေးတိုင်နဲ့ ယုံကြည်မှုစွမ်းအားတွေထဲမှာ ပါဝင်နေတဲ့ ရှုပ်ထွေးပွေလီတဲ့ အတွေးတွေကို ငါလုံးဝ နားမလည်နိုင်ခဲ့တာပဲ"
"ငါ့ရဲ့နှလုံးသားထဲမှာ နတ်ဘုရားအသွင်ပြောင်းလဲခြင်းဆီကို သွားရာလမ်းကြောင်းတစ်ခုတည်းပဲ အမြဲ ရှိနေခဲ့တယ်"
"အခု ငါအဆုံးကို ရောက်လာတဲ့အချိန်မှာတော့ တံခါးမကြီး ၂၃ ချပ်ထဲက တစ်ချပ်ကမှ ငါ့အတွက် ပွင့်မပေးချင်ကြဘူး ဆိုတာ တွေ့လိုက်ရတယ်"
"ငါနေရာအနှံ့ ခရီးထွက်ပြီး သာမန်လူတွေရဲ့ လမ်းကြောင်းကို ပြန်လည်ခံစားကြည့်ချင်ခဲ့ပေမယ့်၊ ငါက မဟာချန်ရဲ့ ကျင့်ကြံခြင်းအမြင့်ဆုံး သိုင်းဝိဇ္ဇာဖြစ်နေပြီလေ။ အဲဒီ စိတ်နေစိတ်ထားမျိုးကို ဘယ်လိုလုပ် ပြန်ရနိုင်တော့မှာလည်း"
"ငါအဲ့အချိန်က မောပန်းနွမ်းနယ်ပြီးဂနာမငြိမ်ဖြစ်ပြီး အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရတယ်၊ မဟာချန်ကို ကာကွယ်ပြီးခြင်္သေ့နတ်ဆိုးရွှေခန္ဓာကိုယ်ကို ရယူမယ်လို့ သစ္စာဆိုခဲ့ဖူးတယ်... ငါ လူတိုင်းကို လှည့်စားနိုင်ခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ မလှည့်စားနိုင်ခဲ့ပါဘူး၊ ဒီ အဆုံးမဲ့သော အမွှေးတိုင်နဲ့ ယုံကြည်မှုစွမ်းအားတွေကိုလည်း မလှည့်စားနိုင်ခဲ့ဘူး"
သူသည် အသက် ၄၀အရွယ်၌ သိုင်းဝိဇ္ဇာအဆင့် ရောက်ရှိခဲ့သော ပါရမီရှင်တစ်ဦး ဖြစ်ပေ၏။
သူ့မျက်လုံးထဲတွင် သာမန်ပြည်သူများသည် မြေတွင်းထဲမှပုရွက်ဆိတ်များထက် မပိုပေ။
သူ့အတွက် လုံးဝ အရေးမပါသူများသာ ဖြစ်လေ၏။ ကာကွယ်ခြင်း ဖြစ်စေ၊ ဖိနှိပ်ခြင်း ဖြစ်စေ၊ သူ စိတ်ထဲကနေ အကြိမ်တစ်သောင်း ရွတ်ဆိုနေလျှင်ပင် ထိုအရာများအားလုံးက မုသားသက်သက်သာ ဖြစ်နေပေလိမ့်မည်။
"ဂျူနီယာညီလေး"
စီနီယာအစ်ကိုကျူး ရပ်တန့်လိုက်ပြီး နောက်ပြန်လှည့်ကြည့်လိုက်ရာ သူ့အပြုံးထဲတွင် ခါးသက်မှု အရိပ်အယောင်များ ပါဝင်နေလေ၏။
"မင်းလည်း ပါရမီရှင်တစ်ယောက်လို့ သူတို့ ပြောနေကြတာ ငါ ဝိုးတဝါး ကြားလိုက်မိပါရဲ့"
"..."
ရှန်းယီ ခဏမျှ စဉ်းစားပြီးနောက် ညင်သာစွာ ခေါင်းခါလိုက်၏။
"တကယ်တော့ မဟုတ်ပါဘူး"
တစ်ချိန်က ချင်ပြည်နယ် နတ်ဆိုးနှိမ်နင်းရေးဌာနတွင်...
သန်မာသော လူငယ်တစ်ဦး ဝင်ပေါက်ကို ပိတ်ရပ်ပြီး မေးခဲ့ဖူး၏။
"မင်းက ပါရမီရှင်မဟုတ်ဘူးလား။ ဘာလို့ မင်းမှာ မောက်မာမှုမရှိရတာလဲ"
ထိုအချိန်တုန်းကလည်း သူ၏တုံ့ပြန်မှုမှာ... 'ဒါက ငါမဟုတ်လို့ပေါ့' ဟူ၍ပင်။