ပထမဆုံးသော နတ်ဘုရားအသွင်ပြောင်းရွှေရောင်အလင်းတန်း
Vol. 24 Ch. 236
"မင်း ဘာဖြစ်နေတာလဲ"
အခြားသူ ၃ ဦးနှင့် ယှဉ်လျှင် ဝူတောက်အန်းက မျက်မှောင်ကြုတ်လျက် အရှေ့သို့ လျင်မြန်စွာ လျှောက်သွားလိုက်လေ၏။
သူသည် ရှန်းယီထံတွင် တစ်ခုခု မူမမှန် ဖြစ်နေသည်ကို ချက်ချင်း သတိပြုမိသွား၏။
သူ၏ခန္ဓာကိုယ်ထဲမှ အင်အားအားလုံး စုပ်ထုတ်ခံလိုက်ရသည့်အလား ဖြစ်နေပြီး သူ၏ စိတ်ဝိညာဉ်မှာလည်း အလွန်ပင် အားနည်းနေလေသည်။
"ထပ်ခိုးပေါ်က စီနီယာအစ်ကိုကြီးနဲ့အတူ ရွှေခန္ဓာကိုယ်ကျင့်စဉ်ကို လေ့ကျင့်နေလို့ နည်းနည်း ပင်ပန်းသွားတာပါ"
ရှန်းယီက ခေါင်းခါလိုက်ပြီး ရွှေရောင်ဝံပုလွေ ကျောက်စိမ်းအဆောင်ကို ကမ်းပေးလိုက်သည်။
ဝူတောက်အန်း၏ သတိပေးမှုကြောင့် ကျောင်းေတယ်ထိန်းများမှာ နောက်ဆုံးတွင် မူမမှန်မှုကို သတိပြုမိသွားကြ၏။ လူငယ်လေး၏ ပေါ့ပါးသော အဖြေကို ကြားလိုက်ရသောအခါ သူတို့၏ မျက်နှာထားများမှာ မနေနိုင်ဘဲ ထူးဆန်းသွားလေတော့သည်။
"မင်း ရွှေခန္ဓာကိုယ်ကျင့်စဉ်ကို စတင် လေ့လာနေပြီပေါ့"
"ရှာဖွေ လေ့လာနေတုန်းပါပဲ"
ရှန်းယီက ခဏမျှ စဉ်းစားလိုက်၏။ ဤအဆင့်သို့ အမှန်တကယ် ရောက်ရှိမှသာ သူသည် ၎င်း၏ နက်နဲမှုကို နားလည်နိုင်ပေလိမ့်မည်။
သူသည် နတ်ဆိုးသက်တမ်း ပမာဏ များပြားစွာ အသုံးပြုခဲ့သော်လည်း ယခုမှသာ အမွှေးတိုင်နှင့် ယုံကြည်မှုစွမ်းအားထဲမှ အညစ်အကြေးများကို မည်သို့ ချေဖျက်ရမည် ဆိုသည့် နိဒါန်းအဆင့် နည်းလမ်းကို သဘောပေါက်ရုံသာ ရှိသေးသည်။
ရွှေခန္ဓာဓမ္မကိုယ်ထည်အား ဖန်တီးရန်အတွက် ဤလုပ်ငန်းစဉ်ကို အဆုံးမရှိ ထပ်ခါတလဲလဲ ပြုလုပ်ရန် လိုအပ်ပေသည်။
လုံလောက်သော နတ်ဆိုးသက်တမ်း က ထောက်ပံ့ပေးထားသော်လည်း သူ၏ စိတ်ဝိညာဉ်မှာမူ ခံနိုင်ရည် မရှိတော့ချေ။ ကောက်ချက်ချခြင်း တစ်ကြိမ် ပြုလုပ်ပြီးတိုင်း မကောင်းသော စိတ်ခံစားချက်များကို ဖြည်းညှင်းစွာ ဖယ်ရှားရန် အနည်းဆုံး ရက်ပေါင်းများစွာ လိုအပ်ပေသည်။
ဆင်ခြင်ကောက်ချက်ချခြင်း ဖြစ်စဉ်သည် အချိန်ကြာမြင့်စွာ ကုန်ဆုံးစေပြီး ရှန်းယီကိုလည်း သက်ရောက်မှု ရှိစေကာ သူ့အား ယခင်ကထက် များစွာ ပိုမိုသည်းခံစိတ် ရှိလာစေခဲ့သည်။
တစ်လအတွင်း နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် သို့ အောင်မြင်စွာ တက်လှမ်းနိုင်ပါက သူ အလွန် ကျေနပ်မိပေလိမ့်မည်။
"ရှာဖွေ လေ့လာနေတုန်း..."
ဝဝဖိုင့်ဖိုင့်နှင့် ကျောင်းတော်ထိန်းသည် တိတ်တဆိတ် အကြည့်လွှဲလိုက်ပြီး တံတွေး တစ်ချက် မျိုချကာ လည်ချောင်း ခြောက်သွေ့သွားသလို ခံစားလိုက်ရ၏။
သူသည် အခြား ကျောင်းတော်ထိန်းဖော် ၂ ဦးကို ကြည့်လိုက်ရာ သူတို့၏ မျက်နှာထားများသည် သူနှင့် ယှဉ်လျှင် ပို၍ပင် ပုံကြီးချဲ့နေသကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
လမ်းကြောင်းကို ရှာဖွေလေ့လာရန်အတွက် လိုအပ်ချက်မှာ အစပြုခြင်းအဆင့်သို့ ရောက်ရှိနေရန် ဖြစ်သည်။
သိုင်းဝိဇ္ဇာအများစုသည် သူတို့၏ ယင်ဝိညာဉ် ကို မည်သို့ အားကောင်းအောင် လုပ်ရမည်ကို စဉ်းစားနေကြဆဲ ဖြစ်ပြီး အမွှေးတိုင်နှင့် ယုံကြည်မှုစွမ်းအားကို မည်သို့ ချေဖျက်ရမည် ဆိုသည်ကို စဉ်းစားရန် မည်သို့ အရည်အချင်း ရှိပါမည်နည်း။
စီနီယာအစ်ကိုကြီးဝူ၏ဘိုးဘွားပိုင် သင်္ချိုင်းဂူမှ မီးခိုးစိမ်းများ ထွက်နေသည်မှာ သေချာသလောက်ပင်။
သူ ကောက်ရလိုက်သော လူငယ်လေးသည် ရုပ်ပိုင်းဆိုင်ရာ အံ့မခန်း ဖြစ်ရုံသာမက ဉာဏ်ရည်မှာလည်း မည်သူမျှ စိတ်ကူးမယဉ်နိုင်လောက်အောင် ထူးကဲနေပေသည်။
မဟာချန်မင်းဆက်ကဲ့သို့ မွဲခြောက်သော နယ်မြေနေရာသည် ဤကဲ့သို့သော ထူးကဲသည့် ပါရမီရှင်တစ်ဦးကို မွေးထုတ်ပေးရန် မည်သို့ ထိုက်တန်ပါသနည်း။
"ဟူး..."
ဝူတောက်အန်းသည် ရွှေရောင်ဝံပုလွေ ကျောက်စိမ်းအဆောင်ကို လှမ်းမယူခဲ့ပေ။ သူသည် နေရာတွင် အကြာကြီး ရပ်နေပြီးနောက် ပါးစပ်ကို အနည်းငယ် ဟကာ သက်ပြင်းရှည် တစ်ချက် ချလိုက်လေ၏။
ရှန်းယီသည် အဆင့်မြင့် သိုင်းဝိဇ္ဇာ အဖြစ်သို့ တက်လှမ်းမည့် အရှိန်အဟုန်သည် သူ ခန့်မှန်းထားသည်ထက် ပိုမို မြန်ဆန်လိမ့်မည်ဟု သူ မှန်းဆခဲ့သော်လည်း လုံလောက်သော ယုံကြည်မှုစွမ်းအား အထောက်အပံ့ဖြင့် နှစ်လပင် မပြည့်သော အချိန်အတွင်း ဖြစ်လာလိမ့်မည်ဟုမူ သူ စိတ်ကူးမယဉ်ခဲ့မိချေ။
"မင်း ငါ့ဟာကို အရင် သုံးထားလိုက်။ နောက်မှ မင်းအတွက် နေရာတစ်နေရာ ဖယ်ပေးဖို့ လူရှာပေးမယ်"
သူသည် သူ၏လက်အင်္ကျီလက်ထဲမှ ပါးလွှာသော ရွှေရောင်စာအုပ်ငယ်လေး တစ်အုပ်ကို ထုတ်ယူလိုက်လေသည်။
ဝူသိုင်းဘုံကျောင်း ရှိ အမွှေးတိုင်နှင့် ယုံကြည်မှုစွမ်းအားများသည် မဟာချန်မင်းဆက်၏ အခြေခံအုတ်မြစ် ဖြစ်ပေသည်။
အစိတ်အပိုင်းတိုင်းကို သီးခြား အသုံးပြုမှုများအတွက် ခွဲဝေချထားပြီး ဖြစ်သည်။
ရာထူးမြင့်သော သူများသည် အမွှေးတိုင်နှင့် ယုံကြည်မှုစွမ်းအားများကို ဦးစားပေး ရယူပိုင်ခွင့် ရှိကြသည်။
စိတ်ဖောက်ပြန်နေသော ဝူသိုင်းဘုံကျောင်း ဘိုးဘေးမှလွဲလျှင် သူ၏အောက်တွင် ရာထူးတူညီကြသော သိုင်းဘဏ္ဍာတိုက်ထိန်းသိမ်းစောင့်ရှောက်သူနှင့် အလှည့်ကျ တာဝန်ထမ်းဆောင်သော ကျောင်းတော်ထိန်း ၄ ဦးသာ ရှိသည်။
သူတို့ ၅ ဦးသည် ဝူသိုင်းဘုံကျောင်း တွင် စုဆောင်းထားသော ယုံကြည်မှုစွမ်းအားများကို တန်းတူညီမျှ ခွဲဝေယူကြလေသည်။
ပထမလူသည် သိုင်းဘဏ္ဍာတိုက်ကို စောင့်ရှောက်ပြီး နောက်လူများက ဗဟိုမြို့တော်ကို စောင့်ရှောက်ကြသည်။
သူတို့၏ ခွင့်ပြုချက်ရမှသာ အခြားသော သိုင်းဝိဇ္ဇာ များသည် ယုံကြည်မှုစွမ်းအားများကို ရယူ စုပ်ယူနိုင်ကြလေသည်။
"စီနီယာအစ်ကိုကြီးဝူ"
ဝဝဖိုင့်ဖိုင့်နှင့် ကျောင်းတော်ထိန်းသည် တိုက်ရိုက် မပြောဘဲ ခပ်တိုးတိုးသာ လှမ်းခေါ်လိုက်၏။
ဤစာရွက်စာတမ်း၏ အရေးပါမှုသည် အလွန် ကြီးမားလှပေသည်။
ရိုင်းရိုင်းပြောရလျှင် ရှန်းယီ၌တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ ရှိနေပါက ရန်သူများ ဗဟိုမြို့တော်ကို ဝင်ရောက် တိုက်ခိုက်ချိန်တွင် ယုံကြည်မှုစွမ်းအား ငါးပုံတစ်ပုံကိုပင် ကန့်သတ်ထားနိုင်ပြီး အခြားသူများကို အသုံးပြုခွင့် မပေးဘဲ တားဆီးထားနိုင်ပေသည်။
သို့သော် စီနီယာအစ်ကိုကြီးဝူ၏ ရည်ရွယ်ချက်ကိုလည်း သူ သိနားလည်ပေသည်။
အမွှေးတိုင်နှင့် ပတ်သက်လာလျှင် လူတစ်ယောက် ပိုယူလိုက်ပါက နောက်တစ်ယောက် လျှော့ယူရမည်သာ ဖြစ်သည်။
အကယ်၍ လုံလောက်သော လုပ်ပိုင်ခွင့်အာဏာ မပေးအပ်ပါက ရှန်းယီသည် အခြားသူများနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။
သို့သော်အန္တရာယ်မှာ သိပ်များလွန်းမနေဘူးလော။
"ဂျူနီယာရှန်း... မင်း နတ်ဆိုးနှိမ်နင်းရေးဌာနကို ဝင်ရောက်ပြီးနောက်ပိုင်း မှတ်တမ်းကို ယူဖို့ ချင်ပြည်နယ်ကို လူလွှတ်လိုက်ပြီ"
ဝူတောက်အန်းသည် ရွှေရောင်စာအုပ်ငယ်ကို ပွတ်သပ်ရင်း သက်ပြင်းချကာ ပြောလိုက်၏။
"နတ်ဆိုးတွေနဲ့ မိစ္ဆာတွေကို သတ်ဖြတ်တာကလွဲရင် တခြား ရွေးချယ်စရာ ဘာမှ မရှိသလောက်ပါပဲ။ ဒီတစ်ကြိမ်တော့ မင်းကို ငါ ယုံကြည့်ချင်တယ်"
ထို့နောက် သူသည် ရွှေရောင်စာအုပ်ငယ်ကို ကမ်းပေးလိုက်ပြီး "ငါ မင်းကို ယုံလို့ရမလား" ဟု မေးလိုက်၏။
ကျန်သော ကျောင်းတော်ထိန်း ၃ ဦးမှာ တိတ်ဆိတ်နေကြ၏။
စီနီယာအစ်ကိုကြီးဝူသည် ထိုစဉ်က ကုလားအုတ်ခြင်္သေ့ကိုယ်ထည်အား တွေဝေခြင်းမရှိဘဲ ရွေးချယ်ခဲ့သူ ဖြစ်သည်။
သူသည် ယုံကြည်မှုစွမ်းအားများကို စောင့်ရှောက်ခြင်းဟူသော စရိုက်လက္ခဏာဖြင့် ချေဖျက်ခဲ့သည်။
သူသည် ချင်ပြည်နယ်နှင့် စုန့်ပြည်နယ်တို့၏ ဝမ်းနည်းဖွယ် အခြေအနေများကို လျစ်လျူရှုခဲ့ပြီး ၎င်းတို့ကို စွန့်လွှတ်နိုင်သော ယာယီဆုံးရှုံးမှုများအဖြစ် ရှုမြင်ခဲ့သည်။
အကြောင်းမှာ သူသည် မဟာချန်တစ်ခုလုံးအား ကာကွယ်ရန် ကျိန်ဆိုခဲ့ဖူးသောကြောင့်ပင်။
ဤအရာကို ပြီးမြောက်စေရန်အတွက် သူသည် နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် သို့ မဖြစ်မနေ တက်လှမ်းရမည်။
အကယ်၍ မဟာချန်ပြိုလဲသွားပါက သူ၏ ယင်ဝိညာဉ်ပျက်စီးသွားသည်အထိ ယုံကြည်မှုစွမ်းအား၏ တန်ပြန်သက်ရောက်မှုကို ခံရပေလိမ့်မည်။
ထို့ကြောင့်ပင် စီနီယာအစ်ကိုကြီးဝူသည် ကျဆုံးခဲ့သော ကုလားအုတ်ခြင်္သေ့ကိုယ်ကိုယ်အား အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ မဟာချန်ကို ကာကွယ်ရန် အခွင့်အလမ်းတစ်ခု တွေ့ရှိပြီ ဖြစ်သောကြောင့် သူသည် သဘာဝကျစွာပင် သူပိုင်ဆိုင်သမျှ အရာအားလုံးကို ရင်းနှီးမြှုပ်နှံတော့မည် ဖြစ်သည်။ သူ့အား တားဆီး၍ ရနိုင်မည် မဟုတ်ချေ။
"ကျွန်တော် ကြိုးစားကြည့်ပါ့မယ်"
ရှန်းယီသည် ရွှေရောင်စာအုပ်ငယ်ကို လက်ခံလိုက်ပြီး မည်သည့် အတိအကျ ကတိစကားမှ မပေးခဲ့ပေ။
ထို့နောက် သူသည် အခြားသူများကို လက်သီးဆုပ် ဂါရဝပြု နှုတ်ဆက်လိုက်ပြီး ဝူသိုင်းဘုံကျောင်း ပင်မခန်းမဆောင်ကြီးမှ လှည့်ထွက်သွားလေတော့သည်။
ခန်းမဆောင်ကြီးမှာ အနည်းငယ် တိတ်ဆိတ်သွား၏။
အတန်ကြာပြီးနောက် ကျောင်းတော်ထိန်း တစ်ဦးက ပြောလိုက်လေ၏။
"စီနီယာအစ်ကိုကြီးဝူ... အစ်ကိုကြီး ဒီလိုလုပ်လိုက်တာ အာဏာရှင်ဆန်တယ်လို့ တံဆိပ်ကပ်ခံရဖို့ အလားအလာ အရမ်းများတယ်။ ဒီအလှည့်ကျတာဝန်ပြီးသွားရင် ဘယ်သူမှ အစ်ကိုကြီးကို ကျောင်းတော်ထိန်းအဖြစ် ပြန်ရွေးချယ်ကြတော့မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်"
ထိုစကားကို ကြားသောအခါ ဝူတောက်အန်းသည် သူ၏လက်အင်္ကျီလက်ကို ယမ်းလိုက်ပြီး "ရောဂါပြင်းရင် ဆေးပြင်းပြင်းနဲ့ကုရတယ်ကွ။ ဂျူနီယာရှန်းရဲ့ပါရမီက စီနီယာအစ်ကိုကျူးထက် သာလွန်ပေမဲ့ စီနီယာအစ်ကိုကျူးလို အတားအဆီးမျိုး သူ့မှာ မရှိဘူး။တကယ်လို့ သူတောင် မလုပ်နိုင်ဘူး ဆိုရင်တော့ မဟာချန်ကို ကယ်တင်နိုင်မယ့် တခြားလူကို ငါ လုံးဝ စဉ်းစားလို့ မရတော့ဘူး"
"အကယ်၍ သူသာ အောင်မြင်သွားရင်..."
ဝူတောက်အန်း ရုတ်တရက် ပြုံးလိုက်ပြီး "အဲဒီကျရင် အနာဂတ်မှာ ဘိုးဘေးကို ညာဘက်မှာ ထိုင်ခိုင်း၊ ဂျူနီယာရှန်းကို အလယ်မှာ ထား၊ ပြီးတော့ ငါက ပူဇော်သက္ကာစားပွဲရဲ့ ဘယ်ဘက်ခြမ်းမှာ သေချာပေါက် ထိုင်လို့ရပြီ"
"အတင်းအဖျင်း ပြောတဲ့သူတွေအတွက်ကတော့..."
သူ လှည့်ကြည့်လိုက်ပြီး "တစ္ဆေအိုကြီးဝူရဲ့ မျက်နှာက ထူပါသေးတယ်ကွာ"
ဝူသိုင်းဘုံကျောင်း ဝင်း (က)
ရှန်းယီသည် သူ၏အခန်းသို့ ပြန်ရောက်လာပြီး နဖူးကို ဖြည်းညှင်းစွာ ပွတ်သပ်လိုက်လေ၏။
ရှုပ်ထွေးပွေလီသော အတွေးများ၏ နှိပ်စက်မှုကို ခံစားရပြီးနောက် ပြန်လည် သက်သာလာရန်မှာ မလွယ်ကူလှပေ။
သို့သော် သူ အနားယူရန် ရည်ရွယ်ချက် မရှိပေ။
တကယ်လို့ လိုအပ်လာခဲ့ရင် သိုင်းဘဏ္ဍာတိုက်အား သွားပြီး အရိုးစုစီနီယာကို စိတ်ငြိမ်စေမည် သီချင်းတစ်ပုဒ်လောက် ဆိုပြပေးဖို့ တောင်းဆိုလိုက်မည်။
ရှန်းယီသည် ယခုအခါ မဟာချန်၏ အခြေအနေကို အတန်ငယ် နားလည်သဘောပေါက်လာပြီ။
၎င်းသည် ယိုင်နဲ့နဲ့ ဖြစ်နေပြီး မနည်း ထိန်းသိမ်းထားရသော အဆောက်အဦးမြင့်ကြီး တစ်ခုသာ ဖြစ်ပေ၏။
သွေးအသွင်ပြောင်းနတ်ဆိုးဧကရာဇ် နှင့် ချင်းချို ကဲ့သို့သော သူ၏ရန်သူ အများအပြားသည် ဤအဆောက်အဦးမြင့်ကြီးကြောင့် အပြင်ဘက်တွင် ပိတ်ဆို့ခံထားရခြင်း ဖြစ်သည်။
အဆောက်အဦး မပြိုကျမီ သူသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း လုံလောက်စွာ ရှိထားရပေမည်။
ဖြစ်နိုင်ပါက သူသည် ဤအဆောက်အဦးမြင့်ကြီးကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးသွားမည်။
ရိုးရိုးသားသား ပြောရလျှင် ဝူသိုင်းဘုံကျောင်း ၏ ရည်ရွယ်ချက် မည်သို့ပင် ရှိစေကာမူ အနည်းဆုံးတော့ ယခုအချိန်တွင်မူ သူတို့သည် သူ့အပေါ် အလွန်ကောင်းမွန်သည်ဟု ရှန်းယီ ခံစားမိပေသည်။
ကျင့်ကြံခြင်းအရင်းအမြစ်များကို တိုက်ရိုက် ပေးအပ်ခဲ့ပြီး သူ့ကို ဒုက္ခပေးခြင်းမျိုး တစ်ခါမှ မရှိခဲ့ချေ။
သူတို့၏တစ်ခုတည်းသော တောင်းဆိုမှုမှာ သူ့ကို ဝူသိုင်းဘုံကျောင်း တွင် ငြိမ်သက်စွာ နေစေလိုခြင်းသာ ဖြစ်သည်။
"နှမြောစရာပဲ"
ဤတစ်ခုတည်းသော တောင်းဆိုမှုကိုပင် ရှန်းယီ သဘောမတူနိုင်ခဲ့ပေ။
【ကျန်ရှိသော နတ်ဆိုးသက်တမ်း - ၅၆၁၀ဝ နှစ်】
သူ မျက်လုံးများကို မှိတ်လိုက်ပြီး နတ်ဆိုးသက်တမ်း များကို ယွမ်းသုံးပါးတက်လှမ်းခြင်း ကျင့်စဉ်ထဲသို့ လောင်းထည့်လိုက်ကာ ၎င်းကို အရင်ဆုံး ပြီးပြည့်စုံအောင် ဆင်ခြင်ကောက်ချက်ချရန် ရည်ရွယ်လိုက်၏။
ဤကျင့်စဉ်သည် အပြည့်အဝ ကောက်ချက်ချပြီး ဖြစ်သော်လည်း အမွှေးတိုင်နှင့် ယုံကြည်မှုစွမ်းအား လိုအပ်နေသေးခြင်းသာ ဖြစ်သည်။
အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ ဝင်း (က) ရှိ သိုင်းဝိဇ္ဇာအချို့သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ကြပြီး ကောင်းကင်သို့ ဇဝေဇဝါဖြင့် မော့ကြည့်လိုက်ကြလေ၏။
"ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားတာလဲ"
ကံကောင်းထောက်မစွာဖြင့် အဖြူရောင်မြူခိုးများ၏ ပြောင်းလဲမှုသည် သိသိသာသာ မကြီးမားလှသဖြင့် ခေတ္တမျှ သံသယဝင်ပြီးနောက် သူတို့၏ အကြည့်များကို လျင်မြန်စွာ ပြန်လည် ရုပ်သိမ်းလိုက်ကြလေသည်။
တစ်ချိန်တည်းမှာပင် အခန်းထဲရှိ ရှန်းယီသည် မျက်လုံးများကို ဖွင့်လိုက်၏။
နောက်ထပ် နတ်ဆိုးသက်တမ်း သုံးထောင်ခန့် ကုန်ဆုံးသွားခဲ့လေပြီ။
သူ၏ချီပင်လယ် အတွင်းတွင် တိမ်တိုက်ပုံစံ ၃ ခုသည် သူ၏ယင်ဝိညာဉ် ဘေးပတ်လည်တွင် စုဝေးနေကြပြီး သူတို့၏ အရှိန်အဟုန်သည် ပြန့်ကျဲမသွားဘဲ တစ်စုံတစ်ခုသော အကန့်အသတ်ကို ထိတွေ့နေသည့်အလား စုစည်းနေလေသည်။
【သိုင်းဝိဇ္ဇာ ယွမ်သုံးပါးတက်လှမ်းခြင်း ကျင့်စဉ် - ပြီးပြည့်စုံခြင်း】
အကယ်၍ သူ၏ ပါရမီ မလုံလောက်ပါက သူ၏ အခြေခံအုတ်မြစ်ကို ပိုမို ခိုင်မာအောင် တည်ဆောက်ရပေမည်။
ယခုအခါ အရာအားလုံး အဆင်သင့် ဖြစ်နေပြီ... ရှန်းယီ၏ မျက်ဝန်းထဲတွင် စူးရှသော အရောင်တစ်ချက် လက်သွား၏။ နောက်တစ်ခဏတွင် များပြားလှသော နတ်ဆိုးသက်တမ်း များသည် အာဟတ်ရွှေခန္ဓာကိုယ်ကျင့်စဉ် ထဲသို့ လျင်မြန်စွာ စီးဝင်သွားလေတော့သည်။
သူ၏ မျက်နှာထားသည် တစ်ခါတစ်ရံ ရက်စက်ကြမ်းကြုတ်ပြီး တစ်ခါတစ်ရံ သက်သောင့်သက်သာ ဖြစ်နေတတ်သည်။
အတိုင်းအဆမဲ့သော မမြင်နိုင်သည့် အဖြူရောင်မြူခိုးများသည် ရှန်းယီ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီးနောက် ၎င်းတို့ကို အပြည့်အဝ ချေဖျက်ပြီးချိန်တွင် ရွှေရောင်အလင်းတန်း တစ်မျှင်သည် သူ၏မျက်ခုံးနှစ်ခုကြားမှ ပျံ့လွင့်ထွက်ပေါ်လာလေ၏။
၎င်းသည် လေတစ်ချက်တိုက်ရုံနှင့် ငြိမ်းသွားနိုင်မည့် မှိန်ဖျော့ဖျော့ ဖယောင်းတိုင်မီးလေး တစ်ခုကဲ့သို့ပင်။
သို့သော် ၎င်းသည် လေထဲတွင် ညင်သာစွာ ယိမ်းနွဲ့နေရင်း လျှို့ဝှက်ဆန်းကြယ်သော အော်ရာတစ်ခုကိုလည်း ထုတ်လွှတ်နေလေသည်။
ရှန်းယီသည် ဤအရာနှင့် အထူးတလည် ရင်းနှီးနေလေ၏။ ၎င်းသည် ဝူသိုင်းဘုံကျောင်း တွင် သူ အစမ်းသပ်ခံစဉ်က ရွှေခန္ဓာကိုယ်ထည်မှ ခွာယူခဲ့သော အော်ရာနှင့်အလွန် ဆင်တူသော်လည်း ဤအရာသည် အဆပေါင်းများစွာ ပိုမို သိပ်သည်းနေပြီး အနည်အနှစ်နှင့် မူလအစ ကွာခြားသကဲ့သို့ ကွာခြားလှပေသည်။
ရှန်းယီသည် ထိုအရာကို ထိတွေ့ရန် လက်လှမ်းလိုက်၏။ မမြင်နိုင်သော ယုံကြည်မှုစွမ်းအားသည် ယခုအခါ လက်ဆုပ်လက်ကိုင်ပြ၍ ရသော ခံစားမှုမျိုး ရှိနေပြီ ဖြစ်သည်။
ဒါက နတ်ဘုရားအသွင်ပြောင်းခြင်း ရွှေခန္ဓာကိုယ် ပါလား။
အလွန်သေးငယ်သော ပမာဏ ဖြစ်သော်လည်း ၎င်းသည် အဆင့်သစ်တစ်ခုသို့ သူ အပြည့်အဝ ဝင်ရောက်သွားပြီ ဖြစ်ကြောင်း ကိုယ်စားပြုနေပေသည်။