ခုနစ်ပေအမြင့်ရှိ ရွှေခန္ဓာဓမ္မကိုယ်ထည်
Vol. 24 Ch. 237
ဆယ်ရက်ကျော်ကာလသည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့လေသည်။
ဝူတောက်အန်း၏ ပုံသဏ္ဍာန်သည် အနည်းငယ် ကိုင်းညွတ်နေပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင်း (က) အတွင်း လမ်းလျှောက်နေသည်မှာ သေခါနီး သာမန်အဘိုးအိုတစ်ဦးနှင့်ပင် တူနေ၏။
ယင်ဝိညာဉ်များသည် သူ့ကို မြင်သောအခါ တိတ်ဆိတ်စွာပင် လမ်းဖယ်ပေးကြ၏။ သူတို့သည် စကားစမည် မပြောကြဘဲ သူထွက်ခွာသွားသည်ကိုသာ ကြည့်နေကြသည်။
သူ့ထံတွင် ရွှေဝံပုလွေကျောက်စိမ်းအဆောင် လက်ဝယ်မရှိတော့သဖြင့် သိုင်းဘုံကျောင်းသန့်စင်ခြင်းလုပ်ငန်းကို အလှည့်ကျ ကြီးကြပ်ရန် မလိုတော့ချေ။ သို့သော် အခြားသော သိုင်းဝိဇ္ဇာများ သူနှင့် အလှမ်းဝေးကွာသွားခြင်းမှာ ထိုအကြောင်းကြောင့် မဟုတ်ပေ။
တစ်ကိုယ်ကောင်းဆန်းသောအတွေးကြောင့်
ဘိုးဘေးကြီး အိပ်ပျော်နေသည်ကို အခွင့်ကောင်းယူကာ သူသည် ဝင်း (က)ရှိ အခြားသော စီနီယာ၊ ဂျူနီယာ ညီအစ်ကိုများကို လုံးဝ လျစ်လျူရှုခဲ့သည်။ မည်သူနှင့်မျှ မတိုင်ပင်ဘဲ ထိုမျှကြီးမားသော ဆုံးဖြတ်ချက်ကို တစ်ဦးတည်း ချမှတ်ခဲ့လေသည်။
“ဂျူနီယာညီလေးရှန်းကို ဒုတိယမြောက် စီနီယာအစ်ကိုကျူး မဖြစ်စေချင်ဘူး။”
“ဒါပေမဲ့ အဘိုးကြီးဝူကတော့ သူ့ကို အဲ့ဒီမီးပုံထဲကို တစ်လှမ်းချင်း တွန်းပို့နေတာပဲ။”
သိုင်းဝိဇ္ဇာအချို့သည် အဘိုးအို ထွက်ခွာသွားရာ လမ်းကြောင်းသို့ အေးစက်စွာ ကြည့်နေကြသည်။ ရှန်းယီ ဝူသိုင်းဘုံကျောင်းတော်သို့ ဝင်ရောက်လာသည့် နေ့မှစ၍ သူသည် ရွှေဝံပုလွေကျောက်စိမ်းအဆောင်ကို တာဝန်ယူခဲ့သည်။
တစ်လကျော်ကာလအတွင်းမှာပင် ကျောင်းတော်ထိန်းတစ်ဦး၏ ရွှေဝံပုလွေ ကျောက်စိမ်းအဆောင်ကို ရရှိခဲ့လေသည်။ သူသည် မည်သည့် အတားအဆီး၊ မည်သည့် အခက်အခဲနှင့်မျှ မကြုံတွေ့ခဲ့ရပေ။
ဤအရာအားလုံးမှာ ဝူတောက်အန်း၏ လက်ချက်ပင် ဖြစ်သည်။ ဤအဘိုးကြီးဝူသည် ဝူသိုင်းဘုံကျောင်း တစ်ခုလုံးအတွက် ဆုံးဖြတ်ချက်များ ချမှတ်နေသည်မှာ မည်သူက သူ့ကို ဤလုပ်ပိုင်ခွင့် ပေးထားသနည်း။
“လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ရွှေဝံပုလွေ ကျောက်စိမ်းအဆောင်မှာရှိတဲ့ အမွှေးတိုင်နဲ့ ယုံကြည်မှုစွမ်းအားတွေက ၃၀ ရာခိုင်နှုန်းလောက် လျော့နည်းသွားတယ်” ဟု တစ်စုံတစ်ယောက်က တိုးညှင်းစွာ ပြောလိုက်၏။
သူတို့အကြောက်ဆုံး အချက်မှာ မှန်ကန်လာခဲ့ပြီ ဖြစ်သည်။ ဂျူနီယာညီလေးရှန်း၏ ခန္ဓာကိုယ်သည် အမှန်တကယ်ပင် အံ့သြဖွယ်ကောင်းလှသလို ထိုခန္ဓာကိုယ်နှင့်အညီ လောဘဇောလည်း ကြီးမားလှပေ၏။
၎င်းကို အသုံးပြုနိုင်သည်ဖြစ်စေ၊ မသုံးနိုင်သည်ဖြစ်စေ သူသည် ဦးစွာပထမ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အကုန် ဝါးမြိုလိုက်လေသည်။
သိုင်းဘဏ္ဍာတိုက်အတွင်းရှိ အခန်းငယ်လေးမှ
စီနီယာအစ်ကိုကျူးသည် ချောင်းတစ်ချက်ဟန့်ကာ စိတ်သန့်စင်ခြင်းမန္တန်ကို နောက်တစ်ကြိမ် ရွတ်ဆိုလိုက်သည်။ ရှန်းယီသည် နံရံကို မှီကာ မျက်လုံးမှိတ်၍ နားထောင်နေ၏။ ရံဖန်ရံခါတွင် ခေါင်းကို ညင်သာစွာ ညိတ်လိုက်ပြီး သက်သောင့်သက်သာရှိလှသော သက်ပြင်းတစ်ချက်နှင့်အတူ အကြောဆန့်လိုက်လေသည်။
သူသည် မန္တန်ကို သုံးကြိမ်ခန့် ထပ်မံရွတ်ဆိုပြီးနောက် စီနီယာအစ်ကိုကျူးသည် နောက်ဆုံးတွင် ရပ်တန့်သွားကာ မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်၏။
“ဂျူနီယာညီလေး... အဲ့ဒီအရာကို ငါ့ကို နောက်တစ်ခါလောက် ပြလို့ရမလား။”
“...”
ရှန်းယီ မျက်လုံးဖွင့်လိုက်ပြီး မျက်ခုံးတစ်ချက် ပင့်လိုက်၏။
“ငါ နားလည်ပါပြီ။”
စီနီယာအစ်ကို ကျူးသည် ကိုယ်ကိုလှည့်၍ အခန်းငယ်အတွင်းရှိ အစီအရင်ကို အသက်သွင်းလိုက်ရာ ပြင်ပမှ လူများ၏ အမြင်နှင့် အာရုံခံစားမှုကို ဖြတ်တောက်လိုက်လေသည်။ ထို့နောက် ထောင့်တစ်နေရာတွင် အရိုးစုကို ကိုင်ကာ တည်ငြိမ်စွာ ထိုင်နေတော့သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ရှန်းယီ မျက်လုံး ပြန်မှိတ်လိုက်သည်။ သူ၏ချီပင်လယ် အတွင်းရှိ ယင်ဝိညာဉ်သည် တင်ပျဉ်ခွေထိုင်နေပြီး ယခင်ကနှင့်မတူဘဲ ယခုအခါ ရွှေရောင်ပုလဲလုံးတစ်လုံးကို ကိုင်ဆောင်ထားလေသည်။ ထိုပုလဲလုံးအတွင်း၌ ပုံရိပ်တစ်ခုမှာ ကွေးကွေးလေး ရှိနေ၏။
သူသည် ထိုရွှေပုလဲကို စိတ်အာရုံဖြင့် ထိတွေ့လိုက်သည်။ နောက်တစ်ခဏတွင် ရွှေပုလဲသည် ရှန်းယီ၏ လက်ဖဝါးပေါ်တွင် ပေါ်လာပြီး လေထဲသို့ ပျံတက်သွား၏။ တောက်ပသော ရွှေရောင်အလင်းတန်းများသည် ချည်မျှင်များကဲ့သို့ ပျံ့နှံ့သွားပြီး ခုနစ်ပေအမြင့်ရှိ ခန့်ညားထည်ဝါသော ရွှေရောင်ရိပ်တစ်ခုအဖြစ် ယှက်နွယ်ဖြစ်တည်လာလေတော့သည်။
၎င်းပေါ်လာသည့် အခိုက်အတန့်တွင် အခန်းငယ်အတွင်းရှိ ကျောက်စိမ်းကျမ်းစာများအားလုံး၏ အလင်းရောင်မှာ မှိန်ဖျော့သွားတော့သည်။
၎င်းသည် အလွန်ပင် ကြွက်သားစိုင်များ ထွားကျိုင်းလှပြီး ဒေါသထွက်မနေသော်လည်း အလိုအလျောက် ခန့်ညားထည်ဝါလှသော မျက်နှာထား ရှိပေသည်။ ၎င်း၏ ကျောရိုးမှနေ၍ နီမြန်းသော ပုံရိပ်များသည် ဖြာထွက်နေပြီး ရက်စက်ကြမ်းကြုတ်သော မျက်နှာတစ်ခုနှင့် ဆင်တူနေလေသည်။
“ဟမ်”
စီနီယာအစ်ကိုကျူးသည် ထိုရွှေခန္ဓာကိုယ် ကို စိုက်ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။ သူသည် ယင်ဝိညာဉ်တစ်ခုသာ ဖြစ်သော်လည်း သူ၏ ရင်ခုန်သံမှာ တဒိန်းဒိန်း ခုန်နေသကဲ့သို့ ခံစားနေရသည်။
ရွှေခန္ဓာ ကိုယ်ထည်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ၎င်း၏ အကြည့်သည် ဝေ့ဝဲသွားရာ စီနီယာအစ်ကိုကျူးမှာ သူ၏ ယင်ဝိညာဉ်ပင် ကြေမွပျက်စီးတော့မယည့်အလား ခံစားလိုက်ရသည်။
ရွှေခန္ဓာ ကိုယ်ထည်သည် တိတ်ဆိတ်စွာပင် အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပုလဲလုံးအဖြစ် ပြန်လည်ပြောင်းလဲကာ ရှန်းယီ၏ လက်ဖဝါးအတွင်းသို့ ပျံဝင်သွားတော့သည်။
“...”
ဂျူနီယာညီလေး ရှန်းက သူ့ကို တစ်ချက်မျှ ပြသခဲ့ခြင်းမှာပင် ကြီးမားလှသော ကျေးဇူးတရား ဖြစ်ပေသည်။ သူ ထိုသို့ တွေးနေသော်လည်း ကျူးကျွယ် မှာ ဝမ်းနည်းသလိုလို ဖြစ်လာ၏။
“ဂျူနီယာညီလေး... ဒါက ဘယ်လို ခံစားချက်မျိုးလဲ။”
“အားကျတာပေါ့... သူ့ရဲ့အသားနဲ့ အရိုးတွေကိုပါ တစ်ခုမကျန် ဝါးမြိုပစ်ချင်တဲ့ စိတ်မျိုးလေ။”
ရှန်းယီသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး ရွှေပုလဲကို သူ၏ချီပင်လယ်အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။
“မဟုတ်ဘူး... အဲ့ဒါ မဟုတ်ဘူး။”
စီနီယာအစ်ကို ကျူးက ခေါင်းခါလိုက်သည်။
“ငါ ခံစားရတာက နက်ရှိုင်းတဲ့ မျှော်လင့်ချက်ကင်းမဲ့မှုပဲ။ ငါ ဘာလို့ အဲ့ဒီလို ကိုယ်ပွားမျိုး မပိုင်ဆိုင်နိုင်ရတာလဲ။ မင်းရဲ့ကျောပြင်ကို ကြည့်နေရတာ လိုက်မမှီနိုင်တော့တဲ့ အခြေအနေတစ်ခုလိုပဲ ခံစားရတယ်။”
“ပါရမီ မရှိတဲ့လူတွေက အဲ့ဒီလိုပဲ ခံစားရတတ်ပါတယ်” ဟု ရှန်းယီက ခေါင်းညိတ်လိုက်၏။
“...”
ကျူးကျွယ် ခေတ္တမျှ ဆွံ့အသွားပြီးမှ အံကြိတ်ကာ ပြောလိုက်သည်။
“အခုတော့ ငါ တကယ်ပဲ သူ့ရဲ့ အသားနဲ့ အရိုးတွေကို ဝါးမြိုပစ်ချင်နေပြီ။”
“တကယ်တော့ ဒီအရာက ထင်သလောက် စိတ်ဝင်စားဖို့ မကောင်းပါဘူး။ အကြိမ်အနည်းငယ်လောက် သုံးပြီးရင် မင်း ငြီးငွေ့လာပါလိမ့်မယ်” ဟု ရှန်းယီက ခပ်အေးအေးပင် ပြောလိုက်လေသည်။
【ကျန်ရှိသော နတ်ဆိုးသက်တမ်း - ၂၄၁၀၀ နှစ်】
ရွှေခန္ဓာ ကိုယ်ထည်တစ်ခု ဖြစ်တည်လာရန် လုပ်ငန်းစဉ်သည် ခက်ခဲလိမ့်မည်ဟု ရှန်းယီ ထင်မှတ်ထားခဲ့သော်လည်း ဤမျှအထိ ခက်ခဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ နတ်ဆိုးသက်တမ်း နှစ်ပေါင်း နှစ်သောင်းတိတိ အသုံးပြုခဲ့ရလေသည်။
စာမျက်နှာ၏ သတိပေးချက်အရ ဤခုနစ်ပေအမြင့်ရှိ ရွှေရောင်ကိုယ်ထည်မှာ တစ်ဝက်တစ်ပျက် အဆင့်သာ ရှိသေးပြီး အသေးစားအောင်မြင်မှု အဆင့်သို့ပင် မရောက်ရှိသေးပေ။
၎င်းသည် နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်ရှိ တည်ရှိမှုများထဲတွင် အားအနည်းဆုံး ဖြစ်ကောင်း ဖြစ်နိုင်သည်။
ရှန်းယီ၏ စိတ်အခြေအနေမှာ အဆုံးစွန်ထိရောက်နေသော်လည်း ရူးသွပ်မသွားပေ။ ဖြတ်လမ်းနည်းများတွင် အမြဲတမ်း ပေးဆပ်မှု ရှိစမြဲ ဖြစ်ရာ... အခြားသူများကိုသာ ခံစားခိုင်းလိုက်တော့မည်။
နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ရွှေခန္ဓာ ကိုယ်ထည်၏ အကာအကွယ်ကို ရရှိထားသဖြင့် ရှန်းယီ၏ စိတ်အခြေအနေမှာလည်း ပေါ့ပါးနေ။
သူသည် သူ၏အစိမ်းရောင် ဝတ်ရုံကို သပ်ရပ်အောင် ပြုပြင်ပြီး ထုံးစံအတိုင်း အနားယူရန် ဝူသိုင်းဘုံကျောင်းသို့ ထွက်လာခဲ့သည်။
ဗဟိုမြို့တော် ပြင်ပတွင်တော့ ရထားလုံးတစ်စီးသည် ဖြည်းညှင်းစွာ ရပ်တန့်သွား၏။
နက်မှောင်သော သံချပ်ကာ ဝတ်ဆင်ထားသည့် အဘိုးအိုသည် မြင်းပေါ်မှ ဆင်းကာ စာရွက်စာတမ်းများကို လွှဲပြောင်းပေးလိုက်သည်။ ထို့နောက် သူ၏ ကြက်သွေးရောင် မြင်းပေါ်သို့ ပြန်တက်ကာ ရထားလုံးအတွင်းရှိ လူကို နှစ်သိမ့်လိုက်၏။
“စိတ်မဆိုးပါနဲ့ကွယ်။ တကယ်ပဲ အရေးကြီးတဲ့ ကိစ္စရှိလို့ နေမှာပါ။ မဟုတ်ရင် သူ ဘာလို့ နှုတ်တောင် မဆက်ဘဲ ထွက်သွားမှာလဲ။”
ရထားလုံးအတွင်း၌အဖြူရောင် ဝတ်စုံဝတ်ထားသည့် လှပသောမိန်းကလေးမှာ ငွေရောင် ခေါင်းလောင်းလေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ နှုတ်ခမ်းဆူလျက် ခေါင်းလောင်းလေးကို စိုက်ကြည့်နေ၏။
“သမီး စိတ်မဆိုးပါဘူး။”
သူမသည် မိမိကိုယ်ကို ယုံကြည်အောင် ပြောသကဲ့သို့ ထပ်လောင်းပြောလိုက်သည်။
“သူ့မှာ အရေးကြီးတဲ့ ကိစ္စတွေ ရှိမှာပါ။ နတ်ဆိုးတွေ၊ မိစ္ဆာတွေကို နှိမ်နင်းဖို့ အလုပ်ရှုပ်နေမှာ သေချာပါတယ်။”
ချန်ချမ်ခွင်း သည် ရထားလုံးကို ဝူသိုင်းဘုံကျောင်းဆီသို့ မောင်းနှင်သွား၏။ ထို့နောက် နတ်ဆိုးဖမ်းစီးသူများ၏ ပင်မရုံးတော်ရှေ့တွင် ရပ်လိုက်လေသည်။
သူသည် တိတ်တဆိတ် ခါးသက်စွာ ပြုံးလိုက်မိ၏။ အကယ်၍ ရှန်းယီသာ ချင်ပြည်နယ်မှ တိတ်တဆိတ် ထွက်မသွားခဲ့ပါက ဤမိန်းကလေးမှာ နတ်ဆိုးဘုရင်၏သွေးတစ်စက်နှင့် သိုင်းဘုံကျောင်း သန့်စင်ခြင်းကို လဲလှယ်ရန် သဘောတူလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သန့်စင်ရန်လာခြင်းမဟုတ်ဘဲ မြို့တော်သို့ လာရန် အကြောင်းပြချက် ရှာခြင်းသာ ဖြစ်ပေသည်။
“ဟူး...”
အဘိုးအိုသည် ခေါင်းခါလျက် ပင်မရုံးတော်ဆီသို့ လျှောက်သွားလေ၏။
ရုတ်တရက် သူ၏ မျက်လုံးထောင့်မှ ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။
ရှေ့မှလူသည် အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အမှန်တကယ်ပင် ခန့်ညားထည်ဝါလှ၏။ နောက်မှလူမှာမူ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ကာ ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။
သူတို့နှစ်ဦးမှာ ဘေးချင်းယှဉ်ရပ်လျက် တစ်စုံတစ်ခုကို တိုးညှင်းစွာ ဆွေးနွေးနေကြဟန် တူသည်။
“...”
ချန်ချမ်ခွင်း အသက်ရှူမှားသွားပြီး မမြင်ချင်ယောင်ဆောင်ကာ အမြန် လျှောက်သွားလိုက်တော့သည်။
တိတ်ဆိတ်စွာ ရပ်ထားသော ရထားလုံးအတွင်းမှ ကားလိပ်မှာ ဖြည်းညှင်းစွာ ပွင့်ဟလာ၏။ လင်းပိုင်ဝေ့ သည် ကားလိပ်နောက်ကွယ်တွင် ပုန်းအောင်းကာ အပြင်ဘက်သို့ တိတ်တဆိတ် ချောင်းကြည့်လိုက်ရာ သူမ၏ နီမြန်းသော နှုတ်ခမ်းလွှာတို့သည် မသိစိတ်ဖြင့် ဆူအောင့်သွားလေသည်။
သူမသည် ဝမ်းနည်းစွာဖြင့် ကားလိပ်ကို ပြန်ချလိုက်ပြီး ငွေရောင် ခေါင်းလောင်းလေးကို လက်ဖဝါးထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ကြည့်ရတာ သူ သိပ်ပြီး မအားတဲ့ပုံပဲ...