အခန်း (၁)
Vol. 1 Ch. 1
အပိုင်း (၁)
ထျန်းယွမ်ပြည်နယ် ရှန်းတောင်ပေါ်တွင် ဖြစ်သည်။
အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျန်းပေချန်သည် ငါးမျှားတံတစ်ချောင်းကို ကိုင်ဆောင်လျက် တောင်ခြေရှိရေကန်လေးတစ်ခုတွင် ငါးမျှားနေလေ၏။ရေကန်ဘေးတွင် ကျောက်တိုင်တစ်တိုင်ရှိပြီး ထိုကျောက်တိုင်ပေါ်တွင် "ဒုက္ခပင်လယ်"ဟု ရေကန်အမည်ကို ရေးထိုးထားသည်။
"တင် အသန်မာဆုံးဂိုဏ်းချုပ်စနစ်စတင်အသက်ဝင်လာပါပြီ၊အိမ်ရှင့်ဆီမှာ ပညာမရှိ အရည်အချင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပင်မတာဝန်တစ်ခုကို ကျပန်းထုတ်ပြန်ပေးလိုက်သည်"
ဘယ်လို စနစ်ဟုတ်လား။ပင်မတာဝန်ပေါ့လေ။
ခေတ္တမျှကြောင်အသွားပြီးနောက် ကျန်းပေချန် အသိပြန်ဝင်လာခဲ့သည်။
သူသည် မူလကကျုံးဟွာကျားမှဖြစ်ပြီး အွန်လိုင်းပေါ်မှလူလိမ်တစ်ဦးနှင့် စကားများရန်ဖြစ်ပြီးနောက် ဒေါသထွက်လွန်းသဖြင့် သွေးအန်သေဆုံးခဲ့ရပြီး ဤကျင့်ကြံခြင်းကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာခဲ့ခြင်းပင်။
ကံဆိုးစွာပင် သူ့ထံတွင်ထင်ရှားသောဂုဏ်ပုဒ်မရှိ၊ကျင့်ကြံခြင်း ပါရမီမရှိသည့်အပြင် ကူးပြောင်းလာသူများအတွက် မရှိမဖြစ်လိုအပ်သော ရွှေလက်ချောင်းလည်း ပါမလာခဲ့ချေ။သုံးနှစ်ကြာပြီးသည့်တိုင် သူသည်ချီကျင့်ကြံခြင်း အဆင့်သုံး၌သာရှိနေသေးသည်။သူ့ကျင့်ကြံခြင်းနည်းစနစ်ကိုပင် အဆင့်ကိုးဂိုဏ်းတစ်ခုအတွက် မှောင်ခိုသတ္တုတွင်းတူးဖော်ပေးရင်းမှရရှိခဲ့ခြင်းပင်။
သူသည် မူလ၌သာမန်ဘဝဖြင့်သာ နေထိုင်ချင်ခဲ့သဖြင့် ဤတောင်ကုန်းလေးကိုတွေ့ရှိချိန်တွင် ရှန်းတောင်ဟု ခမ်းနားသောအမည်ပေးခဲ့ပြီး တောင်ခြေရှိရေကန်ငယ်လေးကိုမူ ဒုက္ခပင်လယ်ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။တောကြက်တစ်ကောင်ကိုပင် မဖမ်းနိုင်သော်လည်း နေ့စဉ်နေ့တိုင်းကောင်းကင်ကိုးထပ်မှ နတ်ဘုရားဖီးနစ်ငှက်ကို သတ်ဖြတ်ပြီး ဒုက္ခပင်လယ်ကိုဖြတ်ကျော်ကာ အထွတ်အထိပ်ရှန်းအင်ပါယာတစ်ပါး ဖြစ်လာမည်ဟု စိတ်ကူးယဉ်နေတတ်၏။
ဟေး အခု သူ့မှာစနစ်ရှိလာပြီဆိုတော့ သူ့အိပ်မက်တွေ တစ်ကယ်ဖြစ်လာတော့မှာမလား။
"စနစ်ဖေဖေရေ စဖွင့်,ဖွင့်ချင်းမှာပဲ အမြင့်ဆုံးအဆင့်ရောက်သွားနိုင်မယ့် လက်ဆောင်ထုပ်မျိုးမပါဘူးလား"
ကျန်းပေချန် စိတ်ထဲမှနေအော်ဟစ်မေးမြန်းလိုက်သည်။
"တင် အိမ်ရှင်၏တောင်းဆိုမှုကို စစ်ဆေးတွေ့ရှိရပါသဖြင့် အိမ်ရှင်အားအောက်ပါရွေးချယ်စရာများ ပေးအပ်လိုက်ပါတယ်။
ရွေးချယ်စရာ တစ် - အမြင့်ဆုံးအဆင့်နေကြာပန်းရှန်းကျမ်းစာ
အိမ်ရှင်၏ကျင့်ကြံခြင်းကို ရှန်းအင်ပါယာအဆင့်ထိ တိုးမြှင့်ပေးမည်
ဘေးထွက်ဆိုးကျိုး - မိမိကိုယ်ကို သင်းကွပ်ရမည်
ရွေးချယ်စရာ နှစ် - စတင်သူများအတွက် လက်ဆောင်ထုပ်ကိုရယူပြီး တက်လှမ်းရာနယ်မြေသို့သွားရောက်ကာ ကံတရားသားတော်တစ်ဦးကို ဂိုဏ်းသားအဖြစ်လက်ခံရမည်
ဆုလာဘ် - ဒုက္ခပင်လယ်ကို အဆင့်မြှင့်တင်ပေးမည်
ကျေးဇူးပြု၍ တာဝန်ကို၂၄နာရီအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ပါ။သို့မဟုတ်ပါက သင်ဖျက်ဆီးခံရလိမ့်မည်"
ဒုက္ခပင်လယ်ကိုအဆင့်မြှင့်မယ်ဟုတ်လား ဘာအသုံးကျမှာလဲ။အဲ့ဒါကရှန်းအင်ပါယာဖြစ်လာတာရဲ့ ဘီလီယံပုံတစ်ပုံလောက်တောင်ကောင်းပါ့မလား။
ပြီးတော့ တပည့်လက်ခံရမယ့်တာဝန်ကို ပြီးမြောက်အောင် လုပ်ရဦးမယ်ပေါ့လေ။ချီကျင့်ကြံခြင်းအဆင့်၃ပဲရှိတဲ့သူက ဘယ်လိုတပည့်မျိုးကို လက်ခံနိုင်မှာတဲ့လဲ။
ရွေးချယ်စရာတောင် လိုလို့လား။ဒါက သေချာပေါက်ကို......
"စနစ်ရေ ငါရွေးချယ်စရာနှစ်ကိုယူမယ်"
ရှန်းအင်ပါယာ......ရှန်းအင်ပါယာ......သူ့ညီလေးက ပိုအရေးကြီးတာပေါ့။ရှန်းအင်ပါယာအဆင့်ကို ဖြည်းဖြည်းချင်းကျင့်ကြံယူလို့ရပေမယ့် သူ့ညီလေးသာမရှိတော့ရင် ဒီတစ်သက် သူပျော်ရွှင်ရတော့မှာမဟုတ်ဘူးလေ။
"တင် စတင်သူအတွက်လက်ဆောင်ထုပ်ကို ဖွင့်လိုက်ပါပြီ၊အိမ်ရှင်အား အထူးစွမ်းရည်များဆုချလိုက်ပါတယ်။
ပညာမျက်လုံး - တပည့်များ၏ပါရမီကို ခွဲခြားသိမြင်နိုင်သည်၊ကံတရားသားတော်များအပေါ်၌သာ အာနိသင်သက်ရောက်မှုရှိသည်
သိမ်မွေ့ရှန်းမြူခိုး - ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားနိုင်ပြီး သူတပါးအကဲခတ်ခြင်းမှ ကာကွယ်ပေးသည်
အထူးပစ္စည်း - တက်လှမ်းရာနယ်မြေသို့နေရာရွှေ့ပြောင်းစေသော တယ်လီပို့အဆောင်(၂ ကြိမ်သုံး)၊မသေမျိုးရွှေကိုယ်ခန္ဓာ စမ်းသပ်ကတ်(၅ မိနစ်အတွင်း မည်သည့်တိုက်ခိုက်မှုမှတိုးမပေါက်နိုင်)"
လက်ဆောင်ထုပ်ထဲတွင် ပစ္စည်းနည်းပါးလွန်းသည်ကိုကြည့်ပြီး ကျန်းပေချန်မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားတော့သည်။
ဒီစနစ်က တစ်ကယ်ကပ်စေးနည်းတာပဲ။
လက်ဆောင်ထုပ်ထဲမှာ ဒီလောက်လေးပဲပါရတယ်လို့။
သို့သော် နေရာရွှေ့ပြောင်းအဆောင်ကိုမြင်လိုက်ရသောအခါ ကျန်းပေချန်အနည်းငယ် ဇဝေဇဝါဖြစ်သွားရပြန်သည်။
"နေရာရွှေ့ပြောင်းအဆောင်ကို ဘယ်လို အသက်သွင်းရမလဲ"
"တင် အမိန့်ပေးမှုမှန်ကန်ပါတယ်၊နေရာရွှေ့ပြောင်းအဆောင်စတင်အလုပ်လုပ်နေပါပြီ"
ဝှစ်.......
နေရာလွတ်တစ်ခုလုံး ရုတ်ချည်းတုန်ခါသွားပြီး ကျန်းပေချန်မှကျိန်ဆဲဖို့အချိန်မရလိုက်ခင်မှာပင် သူ့အမြင်အာရုံများဝေဝါးသွားတော့သည်။မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားသည်အားတွေ့လိုက်ရ၏။
ဤနေရာသည် ကျယ်ပြောပြီးအဆုံးအစမရှိသောလွင်ပြင်ကြီးဖြစ်ကာ ဧရာမကျောက်တိုင်ကြီးကိုးတိုင် မတ်မတ်တည်ရှိနေပြီး ကျောက်တိုင်တစ်ခုချင်းစီတွင် စင်မြင့်များ ပါရှိလေသည်။
ကောင်းကင်တာအိုမဟာမိတ်အဖွဲ့၏ အဆင့်တစ်မှအဆင့်ကိုးထိဂိုဏ်းများအားလုံးမှာ ဤနေရာတွင် ဂိုဏ်းသားများလက်ခံလေ့ရှိကြ၏။
ကျင့်ကြံခြင်းပြုလုပ်ရန် ပြင်ဆင်နေကြသော သာမန်လူသားများမှာ ဤနေရာအားတက်လှမ်းရာနယ်မြေဟု ခေါ်ဆိုကြသည်။
"ဘုရားရေ ငါဒီနေရာကိုရောက်လာပြန်ပြီပဲ"
ကျန်းပေချန်မျက်နှာတွင် စိတ်ပျက်ဟန်များ ပေါ်လာသည်။
ဟိုးအရင် သူဤနေရာသို့လာတုန်း၌ အဆင့်၁ဂိုဏ်းသို့ဝင်ပြီး ကျင့်ကြံချင်ခဲ့သော်လည်း သူ့ပါရမီကိုစစ်ဆေးလိုက်သောအခါ အညံ့ဆုံးဖြစ်သည့် အဆင့်၉ဂိုဏ်းကတောင် သူ့ကိုမလိုချင်ခဲ့ကြပေ။
ရက်စက်လိုက်ကြတာနော်။
ကျန်းပေချန်သည် အဆုံးအစမရှိဝင်ရောက်လာသောလူအုပ်ကြီးထံကြည့်ရင်း ရွှင်လန်းနေသောမျက်နှာထားပျောက်ကွယ်သွားရသည်။
"သာမန်လူတစ်ယောက်ကို ဂိုဏ်းသားအဖြစ် လက်ခံဖို့ကလွယ်ပေမယ့် ကံတရားရဲ့သားတော်ကိုလက်ခံဖို့ကျ မလွယ်ဘူးလေ၊ဒါကဟိုဂိုဏ်းကြီးတွေရဲ့ပါးစပ်ထဲက အစာကိုလုယူခိုင်းနေတာမလား၊အဆင့်၉ဂိုဏ်းကဂိုဏ်းသားတစ်ယောက်ဆိုရင်တောင်မှ ငါ့ကိုအလွယ်တကူဖိနှိပ်နိုင်တယ်ဟ"
ကျန်းပေချန်သည် သက်ပြင်းအကြိမ်ကြိမ်ချကာ ကျောက်တိုင်ကြီးအောက်တွင်ရပ်နေသော်လည်း သူ့ကိုမည်သူမှအာရုံမစိုက်ကြချေ။သူတို့သည် ကျောက်တိုင်များပတ်လည်ရှိ ခရုပတ်လှေကားထစ်များအတိုင်း စမ်းသပ်စင်မြင့်များဆီသို့ ဖြည်းညှင်းစွာတက်သွားကြသည်။ကျန်းပေချန်သည် ပညာမျက်လုံးစွမ်းရည်ကို အသက်သွင်းပြီး လူအုပ်ကြီးကိုစိုက်ကြည့်နေသော်လည်း မည်သည့် အချက်ပေးမှုမှ မရရှိခဲ့ပေ။
ကျစ်!တစ်ရက်အတွင်း ကံတရားရဲ့သားတော်ကို တပည့်အဖြစ် လက်ခံဖို့မပြောနဲ့ ရှာတွေ့နိုင်ပါ့မလားဆိုတာတောင်ပြဿနာပဲ။ကျန်းပေချန်သည် စိတ်ဓာတ်ကျသွားပြီး ကျောက်တိုင်အသီးသီး၏ပတ်လည်တွင် ဆက်လက်လျှောက်သွားနေလိုက်သည်။
"မင်း ကြားပြီးပြီလား၊သွေးမိစ္ဆာဂိုဏ်းဘက်မှာ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ပေါ်လာတယ်တဲ့"
"အဲ့ကောင်လေးက ရွာငယ်လေးတစ်ရွာက လာတာတဲ့ကွ၊သူ့ပါရမီကိုစစ်ဆေးကြည့်လိုက်တော့ ရေနဂါးနက်အရိပ်ပေါ်လာတယ်တဲ့၊သူ့ပါရမီက တစ်ကယ်ကိုအံ့မခန်းပဲ"
လူအုပ်ကြီးသည် အော်ဟစ်ဆူညံလျက်သွေးမိစ္ဆာဂိုဏ်းတည်ရှိရာ အဆင့်၇ကျောက်တိုင်ရှိရာဆီသို့ အလုအယက်ပြေးသွားကြလေသည်။
ပါရမီရှင် ဟုတ်လား။
ကျန်းပေချန်မျက်ခုံးပင့်လိုက်ပြီး အမြန်လိုက်သွားလိုက်သည်။
လူအုပ်ကြီးမှာ ရှုပ်ထွေးနေ၍ကျန်းပေချန်သည် မနည်းတိုးဝှေ့ဝင်လိုက်ရ၏။ထိုအခါမှ သွေးမိစ္ဆာဂိုဏ်းသားများပါရမီစမ်းသပ်ရာစင်မြင့်ပေါ်ရှိ လူငယ်လေးတစ်ဦးကို လမင်းအားကြယ်များဝန်းရံထားသကဲ့သို့ ဝိုင်းထားကြသည်ကို မြင်လိုက်ရသည်။
လူငယ်လေးသည် သာမန်ဝတ်စုံကိုဝတ်ဆင်ထားသော်လည်း ရုပ်ရည်ချောမောပြီး မျက်ခုံးနှစ်ခုကြားတွင် မာန်မာနအရိပ်အယောင်အချို့ ရှိနေ၏။
အမည် - ချန်ဟောက်
လူမျိုး - သာမန်လူသား
ပါရမီ - ရေနဂါးနက် ကိုယ်ခန္ဓာ (ခန္ဓာကိုယ် ခွန်အားကို များစွာ တိုးမြှင့်ပေးသည်)
ကံတရား ပါရမီ အဆင့်သတ်မှတ်ချက် - D အဆင့်
ကျန်းပေချန်သည် ပညာမျက်လုံးကိုအသက်သွင်းထားသဖြင့် ချန်ဟောက်အခြေအနေကို ချက်ချင်းပင်ထွင်းဖောက်မြင်လိုက်ရသည်။
"D အဆင့်ရှိတဲ့ ကံတရားရဲ့သားတော်လား၊ဒါပေမဲ့ သူကသွေးမိစ္ဆာဂိုဏ်းထဲရောက်နေပြီလေ၊ငါ ဘယ်လိုလုပ်ရမလဲ"
ကျန်းပေချန် မျက်မှောင်ကြုံ့လိုက်သည်။လောလောဆယ် သူ့ထံတွင်မသေမျိုးရွှေကိုယ်ခန္ဓာစွမ်းရည်တစ်ခုသာရှိပြီး ထိုသည်မှာလည်း ခံစစ်သက်သက်မို့ လူလုဖို့ဆိုသည်မှာဘယ်လိုမှမဖြစ်နိုင်ပေ။
ကျန်းပေချန် စဉ်းစားနေစဉ်မှာပင် စုတ်စုတ်ပြတ်ပြတ်ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦးနှင့်မိန်းကလေးတစ်ဦးပြေးလာကြသည်။အသားမည်းမည်းနှင့်လူငယ်မှာ ချန်ဟောက်ထံစိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
"ဟောက်ဇီ မင်းကိုသွေးမိစ္ဆာဂိုဏ်းကလက်ခံလိုက်ပြီဆို"
အသားမည်းမည်းနှင့်လူငယ်လေး ကျန်းပေချန်ရှေ့သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် စနစ်မှအချက်ပေးလာသည်။
"တင် Bအဆင့်ရှိကံတရားသားတော်ကို စစ်ဆေးတွေ့ရှိရပါတယ်။သူ့ခန္ဓာကိုယ်ကို ထိတွေ့လိုက်ပါက သူ့ပါရမီကိုအလိုအလျောက် အသက်သွင်းနိုင်ပါလိမ့်မယ်
အမည် - ချန်ဟေးထန်
လူမျိုး - သာမန်လူသား
ပါရမီ - နဂါးနက်အရှင်သခင် ကိုယ်ခန္ဓာ(အသက်မသွင်းရသေး)
ကံတရား ပါရမီအဆင့်သတ်မှတ်ချက် - B အဆင့်