အခန်း (၃)
Vol. 1 Ch. 3
အပိုင်း (၃)
"ဒီကမ္ဘာမှာ ဒီလောက်ကျွမ်းကျင်တဲ့ ပညာရှင်မျိုးရှိသေးတာလား၊သူကငါ့ကို ဘာလို့ကယ်လိုက်ရတာလဲ"
ချန်ဟေးထန်စိတ်နှလုံးသည် မုန်တိုင်းထန်သကဲ့သို့တုန်လှုပ်ချောက်ချားနေတော့၏။
"ထပ်စမ်းကြည့်လိုက်လေ"
ကျန်းပေချန်သည် သူ့အင်္ကျီလက်ကိုခါယမ်းလိုက်ပြီး သွေးမိစ္ဆာဂိုဏ်းသားများထံကြည့်ကာ ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်လေသည်။
*ထန် ထန် ထန်*
သွေးမိစ္ဆာဂိုဏ်းသားတစ်ဦးထုတ်လွှတ်လိုက်သော ဓားအသိသည် ကျန်းပေချန်ရှေ့သုံးပေအကွာသို့ဝင်တိုက်မိလိုက်သော်ငြား ထိုချီနံရံပါးလျလျ၏တားဆီးခြင်းကို အပြည့်အဝခံလိုက်ရကာ မီးပွားများပင်လွင့်စင်ထွက်လာတော့သည်။ဓားအသိအားလုံးသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားလေ၏။
ကျန်းပေချန်၏မတုန်မလှုပ်ဟန်ခံစစ်ကိုမြင်လိုက်ရသောအခါ သွေးဓားအကြီးအကဲ၏မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး မေးခွန်းထုတ်လိုက်သည်။
"မင်းက ဘယ်သူလဲ"
အဆင့်၇ဂိုဏ်းမှ အစွမ်းထက်ကျင့်ကြံသူတစ်ဦးနှင့်ရင်ဆိုင်နေရသဖြင့် ကျန်းပေချန်မှာ ထိတ်လန့်တုန်လှုပ်နေပြီး စနစ်မှပေးထားသည့် ရွှေကိုယ်ခန္ဓာကတ်ကိုသာ အားကိုးနေရခြင်း ဖြစ်ပေ၏။သွေးဓားအကြီးအကဲအနေဖြင့် ဆက်လက်တိုက်ခိုက်ရန် ဆန္ဒမရှိတော့သည်ကိုမြင်လိုက်ရမှသာ သူစိတ်အေးသွားပြီး နက်နဲဟန်အပြုံးတစ်ခုကိုသာ နှုတ်ခမ်းထက်တွင်ဆင်မြန်း၍ တိတ်ဆိတ်နေလိုက်တော့သည်။
သွေးဓားအကြီးအကဲသည် မျက်မှောင်အနည်းငယ်ကြုံ့လိုက်ပြီး သူ့ကျင့်ကြံခြင်းစွမ်းအားများကို လှည့်ပတ်လိုက်၏။တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့ရှေ့ရှိဝတ်ရုံဖြူနှင့်လူသည် မြူခိုးများဖြင့်ဖုံးလွှမ်းနေပြီး ကျင့်ကြံခြင်းအဆင့်ကိုမခန့်မှန်းနိုင်အောင်ဖြစ်နေလေသည်။
မဖြစ်နိုင်ဘူး။
သူက လောကကြီးနဲ့အဆက်အသွယ်ဖြတ်ထားတဲ့ ဘိုးဘေးကြီးတစ်ပါးများလား။
သွေးဓားအကြီးအကဲ စတင်သံသယဝင်လာတော့သည်။
သူသည် ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်ရှိနေသော ဘိုးဘေးကြီးအချို့ကို အဝေးမှလှမ်းကြည့်ခွင့်ရဖူးပြီး သူတို့၏ကျင့်ကြံခြင်းအဆင့်မှာ သာလွန်လွန်းလှသဖြင့် မှော်စွမ်းအားများကိုချုပ်တည်းထားကာ သာမန်လူသားများကဲ့သို့နေထိုင်တတ်ကြပေ၏။ယခုအချိန်တွင် ဤဝတ်ရုံဖြူနှင့်လူငယ်ပေးစွမ်းနေသော ခံစားချက်မှာထိုအတိုင်းပင်ဖြစ်သည်။
သွေးဓားအကြီးအကဲ၏မြင်ကွင်းတွင် ကျန်းပေချန်သည် ဖော်ရွေပြီးလျှို့ဝှက်နက်နဲဟန်ပြုံးပြနေရာ ပို၍ပင်ခန့်မှန်းရခက်ခဲစေတော့၏။ဒီလိုပညာရှင်မျိုးက သွေးမိစ္ဆာဂိုဏ်းမှာဘာလာလုပ်တာလဲ။သူက ငါ့ရဲ့အချစ်တော်တပည့်ကိုများ လာလုတာလား။သွေးဓားအကြီးအကဲမှ စမ်းသပ်ဟန်ဖြင့်မေးမြန်းလိုက်သည်။
"အရှင် ဘာကိစ္စများရှိလို့တက်လှမ်းရာနယ်မြေကို ကြွလာတာများပါလဲ"
ကျန်းပေချန်သည် သွေးဓားအကြီးအကဲထံတစ်ချက်ကြည့်လိုက်ပြီးနောက် ချန်ဟောက်ထံသို့အကြည့်ပြောင်းလိုက်ကာ ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်ရှုရင်း ပြောလိုက်လေ၏။
"ဒီဂိုဏ်းချုပ်က တက်လှမ်းရာနယ်မြေကို လာမှတော့ ဘာလုပ်ရမှာလဲ ဂိုဏ်းအတွက် တပည့်လက်ခံဖို့လာခဲ့တာပေါ့"
ကျန်းပေချန် စကားပြောလိုက်သောအခါ လေပြေညှင်းလေးတိုက်ခတ်လာသကဲ့သို့ရှိပြီး သူ့အမူအရာမှာ အတိုင်းအဆမဲ့ကျက်သရေရှိလှပေသည်။လူတိုင်းမျက်လုံးထဲတွင် သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ အလွန်တရာ ကျက်သရေရှိသော ပညာရှင်တစ်ဦးအဖြစ် သဘာဝကျကျ ထင်မြင်လာကြတော့၏။ထို့ပြင် သူကိုယ်တိုင်လည်းဂိုဏ်းချုပ်တစ်ဦးဖြစ်ကြောင်း ဝန်ခံထားပေသည်။
တစ်ကယ်ပဲဟ!သူတို့ထင်ကြေးပေးတာ မမှားခဲ့ဘူးပဲ။သူကတစ်ကယ့်ကို ဂိုဏ်းကြီးတစ်ဂိုဏ်းက စီနီယာပညာရှင်တစ်ဦးဖြစ်ပြီး သွေးမိစ္ဆာဂိုဏ်းဆီကနေ တပည့်လာလုတာပဲဖြစ်ရမယ်။
"ဟုတ်တာပေါ့ ဟုတ်တာပေါ့ ဟိုကောင်လေးရဲ့ ပါရမီက အရမ်းကောင်းလွန်းတော့ အစွမ်းထက်တဲ့ကျင့်ကြံသူတစ်ယောက် ရောက်လာတာ မဆန်းပါဘူးလေ"
"တစ်ကယ်အားကျစရာကောင်းလိုက်တာကွာ"
လူတိုင်းသည် စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးနေကြပြီး သူတို့စကားလုံးများတွင် အားကျမှုများ ပြည့်နှက်နေလေသည်။သွေးဓားအကြီးအကဲ၏မျက်နှာထားမှာ မည်းမှောင်သွားပြီး ဂိုဏ်းမှအစွမ်းထက်ကျင့်ကြံသူများကို အကူအညီတောင်းရန် သူ့ဆက်သွယ်ရေး ကျောက်စိမ်းပြားကို တိတ်တဆိတ်အသုံးပြုလိုက်တော့၏။
ငါ့ရဲ့အချစ်တော်တပည့်ကိုလာလုဖို့ကြိုးစားနေတာလား။ငါဆိုတဲ့သွေးဓားအကြီးအကဲဆီက လုဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
သူရှေ့သို့တက်လိုက်ပြီး ချန်ဟောက်ကိုသူ့နောက်တွင်ထားကာ လက်ကိုဆန့်တန်းပြီးကာကွယ်လိုက်လေသည်။တစ်ဖက်လူသည် ဝိညာဉ်အသွင်ပြောင်းအဆင့်ရှိသော ဘိုးဘေးကြီးတစ်ဦးဖြစ်နေမည်ကိုစိုးရိမ်သဖြင့် သူ့မျက်နှာထားမှာ အလိုလိုတင်းမာသွားပြီး သတိထားကာပြောလိုက်၏။
"တက်လှမ်းရာနယ်မြေမှာ စည်းကမ်းတွေရှိပါတယ်၊ဒီနေရာက သွေးမိစ္ဆာဂိုဏ်းရဲ့တပည့်လက်ခံတဲ့ နေရာပါ၊ကျေးဇူးပြုပြီး စီနီယာအနေနဲ့အခြားနေရာကို ကြွပေးပါ"
သူ့လုပ်ရပ်များကိုမြင်လိုက်သောအခါ ကျန်းပေချန်သည် တည်ငြိမ်စွာပင်ရှိနေပြီး ရယ်မောလိုက်လေသည်။
"ဒီဂိုဏ်းချုပ်က ရေစက်ပါတဲ့တပည့်ကိုပဲ လက်ခံတာပါ"
သူ့အသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် သွေးမိစ္ဆာဂိုဏ်းသားများ၏ မျက်နှာထားများမှာ သိသိသာသာပြောင်းလဲသွားကြတော့၏။သွေးဓားအကြီးအကဲ၏မျက်နှာထားမှာ ကြည့်ရအလွန်ဆိုးရွားသွားသည်ကို သူတို့မြင်တွေ့လိုက်ရပြီး သူမှလေသံတိုးတိုးဖြင့်ပြောလာသည်ကို ကြားလိုက်ရသည်။
"ဂိုဏ်းသားတို့ ချန်ဟောက်ကိုကာကွယ်ဖို့ မဟာဗျူဟာခင်းလိုက်ကြ"
ဘာရယ် ချန်ဟောက်ကိုကာကွယ်မယ် ဟုတ်လား။ကျန်းပေချန် အနည်းငယ်ဇဝေဇဝါ ဖြစ်သွားရသည်။
ငါကချန်ဟေးထန်ကို တပည့်အဖြစ်လက်ခံဖို့ လာတာလေ။မင်းရဲ့ချန်ဟောက်နဲ့ ဘာဆိုင်လို့လဲ။
သို့သော် သူရှင်းပြမနေတော့ပေ။
သွေးဓားအကြီးအကဲသည် သူ့လျှာမှအဆီအနှစ်သွေးတစ်စက်ကို ထွေးထုတ်လိုက်ပြီး စမ်းသပ်စင်မြင့်၏မဟာဗျူဟာအစီအရင်ကို အတင်းအကြပ်အသက်သွင်းလိုက်လေ၏။မဟာဗျူဟာ၏အားဖြည့်ပေးမှုအောက်တွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်ရှိသော ကျင့်ကြံခြင်းစွမ်းအားများမှာ သူ့ခန္ဓာကိုယ်မှပေါက်ကွဲထွက်ပေါ်လာတော့သည်။
၎င်းသည်ဖိအားလှိုင်းများကို ထုတ်လွှတ်နေပြီး ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ဦးနှင့် အလွန်နီးစပ်နေပေ၏။ကြောက်မက်ဖွယ်ကောင်းသောဖိအားသည် စမ်းသပ်စင်မြင့်ကိုမမြင်နိုင်လောက်အောင်ထိ လွှမ်းခြုံထားသဖြင့် အဆင့်နိမ့်ဂိုဏ်းသားများအားလုံးကို ဒူးထောက်ကျသွားစေခဲ့သည်။
သူတို့သည်နာကျင်နေပုံရပြီး ကြီးမားသောဖိအားကိုခုခံရန် မိမိတို့ကျင့်ကြံခြင်းစွမ်းအားများကို မနည်းလှည့်ပတ်နေကြရ၏။သွေးရောင်ဧရာမဓားကြီးတစ်ချောင်းသည် အာကာသနယ်ပယ်မှ ထွက်ပေါ်လာသကဲ့သို့ ကျန်းပေချန်ရှေ့တွင် ရုတ်တရက်ပေါ်လာလေသည်။
ထိုအချိန်တွင် ကျန်းပေချန်မှာကမ္ဘာပျက်မတတ်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် ကြောက်လွန်းသဖြင့် မလှုပ်ရှားနိုင်လောက်အောင်ဖြစ်နေပြီပင်။မဟာဗျူဟာ၏အားဖြည့်ပေးမှုကြောင့် သွေးရောင်ဧရာမဓားကြီးသည် နှစ်ချောင်းကွဲသွားပြီး ထိုမှတဆင့်သုံးချောင်းကွဲသွားကာ ကျန်းပေချန်ထံသို့ သွေးရောင်နဂါးများအလား နေရာသုံးဖက်မှ ဝင်ရောက်လာကြတော့သည်။
လူကို ဝါးမျိုပစ်တော့မည့်အလားပင်။
ထိုတိုက်ခိုက်မှုကြီးသည် ကျန်းပေချန်ရှေ့သုံးပေအကွာတွင် ပေါက်ကွဲသွားလေ၏။လူတိုင်းမြင်ကွင်းတွင် သွေးရောင်နဂါးများ၏ခေါင်းများနှင့်ကိုယ်ထည်များသည် မမြင်ရသောချီနံရံတစ်ခုနှင့် ဝင်တိုက်မိသွားသကဲ့သို့ ဖြစ်နေပေသည်။
သွေးဓားအကြီးအကဲသည် သူ့သွေးနဂါးခေါင်းများကျိုးပဲ့သွားပြီး ကိုယ်ထည်များတစ်စစီ ပျက်စီးသွားသည်ကို လက်ပိုက်ကြည့်နေရုံမှတပါး မတတ်နိုင်တော့ချေ။လူတိုင်းမှာ အလွန်တရာအံ့အားသင့်သွားကြရသည်။သို့သော် ကျန်းပေချန်မှာမူ စနစ်သည်မည်မျှ အံ့သြဖွယ်ကောင်းကြောင်း မချီးကျူးဘဲမနေနိုင်တော့ပေ။
ဤမျှကမ္ဘာပျက်မတတ်တိုက်ခိုက်မှုကြီးမှာ သူ့ဆံပင်မွှေးတစ်ပင်ကိုပင်ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ ကျန်းပေချန် ဂုဏ်ယူဝင့်ကြွားသွားမိသည်။သွေးမိစ္ဆာဂိုဏ်းသားများထံ သူကြည့်ကာဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေ၏။
"ဒီအရှင်သခင် တပည့်လက်ခံတာကို ဘယ်သူကများထပ်တားဆီးရဲသေးလဲ"
ဂိုဏ်းသားများသည် နောက်သို့တစ်လှမ်းဆုတ်သွားကြပြီး သူတို့မျက်နှာထားများမှာ ထပ်မံပြောင်းလဲသွားကြပြန်သည်။ထိုအချိန်တွင် အနီးနားရှိ ချန်ဟောက်သည်သည်းမခံနိုင်တော့ပေ။ဤစီနီယာ၏အမူအရာမှာ တစ်ကယ့်ကိုထူးခြားလွန်းလှသဖြင့် သူ့တပည့်ဖြစ်လိုစိတ်ကိုထိန်းချုပ်ထား၍ မရတော့ချေ။သူပြောလိုက်လေ၏။
"စီနီယာ ကျွန်တော်ကချန်မိသားစုရွာက ချန်ဟောက်ပါ၊သွေးမိစ္ဆာဂိုဏ်းက ခုလေးတင်ကျွန်တော့်ရဲ့ပါရမီ ပြိုင်ဘက်ကင်းတယ်ဆိုတာ အတည်ပြုပေးခဲ့ပါတယ်၊ဒီဂျူနီယာက စီနီယာ့ရဲ့တပည့်ဖြစ်ဖို့ ဆန္ဒရှိပါတယ်"
ချန်ဟောက်သည် သွေးမိစ္ဆာဂိုဏ်းကိုကျော်ဖြတ်ပြီး လျင်မြန်စွာပြေးထွက်လာခဲ့သည်။ငှက်ကောင်းသည် နားခိုစရာသစ်ပင်ကို ရွေးချယ်တတ်စမြဲဖြစ်၏။သူသည် ပညာရှင်၏ပေါင်ကို ဖက်တွယ်ထားရန်ပြင်ဆင်လိုက်ခြင်းပင်ဖြစ်သည်။
သွေးဓားအကြီးအကဲ၏မျက်နှာထား ပြောင်းလဲသွားပြီး စိတ်ထဲတွင်ခါးသီးသွားရ၏။ချန်ဟောက်သည် ဤမျှစိတ်ပြောင်းလွယ်သောသူဖြစ်လိမ့်မည်ဟု သူထင်မထားခဲ့မိပေ။သူ့နှလုံးသားမှာ ချက်ချင်းပင်အေးစက်သွားရတော့သည်။
ဒီတစ်ခါတော့ ပါရမီထူးချွန်တဲ့တပည့်တစ်ယောက်ကိုလက်ခံနိုင်ပြီလို့ သူထင်ထားခဲ့မိတာ။
ဒါပေမဲ့ ထင်မထားတာက.....
"ဟူး"
သွေးဓားအကြီးအကဲသည် တိတ်တဆိတ်သက်ပြင်းချလိုက်လေသည်။စိတ်ပြောင်းလွယ်သော ဤလူကိုကြည့်ရင်း ကျန်းပေချန်သည် ခေါင်းကိုအသာခါရမ်းလိုက်၏။
"မင်းနဲ့ငါနဲ့က ဆရာတပည့်ရေစက်မပါဘူး"
ချန်ဟောက်၏မျက်နှာထား ပြောင်းလဲသွားပြီး ဇဝေဇဝါဖြစ်သွားကာ စမ်းသပ်ဟန်ဖြင့်မေးမြန်းလိုက်သည်။
"စီနီယာ အထင်မှားနေတာတော့မဟုတ်ပါဘူးနော်၊ဒီနေရာမှာ ကျွန်တော့်လိုပါရမီရှင်မျိုး ဘယ်သူရှိလို့လဲ"
ဒီကောင်က တစ်ကယ်အရှက်မရှိပါလားဟ။
ကျန်းပေချန် တွေးလိုက်မိသည်။သူ့ကိုယ်အားအနည်းငယ်လှည့်လိုက်ပြီး မြေပြင်ပေါ်လဲကျနေဆဲဖြစ်သော ချန်ဟေးထန်ထံ လက်ညှိုးထိုးကာ အေးအေးဆေးဆေးပင်ပြောလိုက်လေ၏။
"သူက ငါရှာနေတဲ့သူပဲ"
ချန်ဟေးထန် ဟုတ်လား။