အခန်း (၈)
Vol. 1 Ch. 8
အပိုင်း (၈)
ကျန်းပေချန်သည် တစ်နေ့လုံးစိတ်ဓာတ်ကျနေခဲ့ပြီး ချန်ဟေးထန်မှာလည်း သူ့ပါရမီညံ့ဖျင်းသည်ဟု ယူဆထားသဖြင့် သူ့ဆရာဆီသွားမနှောင့်ယှက်ရဲပေ။
နောက်တစ်နေ့တွင်
ကျန်းပေချန်သည် စိတ်ဓာတ်ကျစွာဖြင့် ဒုက္ခပင်လယ်ဘေးတွင် ငါးထိုင်မျှားနေလေ၏။ယမန်နေ့မှ ထပ်ခါတလဲလဲ အကြိမ်ကြိမ်ထိုးနှက်ခံလိုက်ရသော စိတ်ပိုင်းဆိုင်ရာနာကျင်ချက်များကြောင့် သူ့စိတ်အခြေအနေမှာ တစ်ကယ်ကို မကောင်းမွန်လှပေ။
ငါးမျှားနေရင်းပင် အကြိမ်ကြိမ်သက်ပြင်းချလိုက်မိပြီး သူ့မျက်နှာထားမှာ ပိုမိုညှိုးငယ်လာသည်။
သူသည် တာဝန်ဆုလာဘ်ထဲမှ ဂိုဏ်းအဓိကခန်းမကြီးကို တပ်မက်စွာ စိုက်ကြည့်နေသော်လည်း ရယူနိုင်မည့်နည်းလမ်း မရှိချေ။ဒီကျင့်ကြံခြင်းကမ္ဘာမှာ ကံတရားသားတော်တွေကို ဘယ်နားသွားရှာရမှာလဲဟ။ပါရမီထူးကဲတဲ့ လူတွေကို ဘယ်မှာသွားရှာရမှာလဲလို့။
သူရွှေကမ်းခြေသွားပြီး လူရိုင်းအကတစ်ကယ်ကရတော့မှာလား။
သောက်ကျိုးနည်း စနစ်ပါကွာ ဘာမှလဲအသုံးမကျဘူး ကလိမ်စေ့ငြမ်းစင်တဲ့နေရာမှာတော့ နံပါတ်တစ်ပဲ။
ငါ့ကို ဒုက္ခပေးတာကလွဲပြီး မင်းဘာလုပ်တတ်သေးလဲ။
စနစ် : "တင် ဒီစနစ်က ပင်လယ်ရေမှော်အကနောက်ခံတေးဂီတကိုလဲ ဖွင့်ပေးနိုင်ပါတယ်။အိမ်ရှင့်ကို အကောင်းဆုံးဖျော်ဖြေမှုတွေ ပေးစွမ်းနိုင်ပါတယ်နော်"
ကျန်းပေချန် : (╥╯^╰╥)
..........
ထိုအချိန်တွင် ဒုက္ခပင်လယ် နယ်နိမိတ်ကျောက်တိုင် အပြင်ဘက်၌
သွေးများပေကျံနေသော မိန်းကလေးတစ်ဦးသည် အသက်ကိုမနည်းရှူ၍ ဒုက္ခပင်လယ် နယ်နိမိတ်ကျောက်တိုင်ဆီသို့ ယိုင်နဲ့နဲ့ဖြင့်လျှောက်လာကာ ကျောက်တိုင်ကိုလက်ဖြင့် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး မလဲကျသွားအောင် မနည်းထိန်းထားရလေသည်။သူမသည် နှစ်ရက်နှင့်နှစ်ညတိုင်တိုင် ထွက်ပြေးလာခဲ့ရပြီး နောက်မှလိုက်လာသူများမှာလည်း ထပ်ကြပ်မကွာ လိုက်လာကြသေး၏။
အကြိမ်ကြိမ် အသက်နှင့်ရင်း၍တိုက်ခိုက်ပြီးကာမှ ချီကျင့်ကြံခြင်းအဆင့်၈သာရှိသေးသော်လည်း သူမအနေဖြင့်မသေရုံတမယ် လွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်သည်။
သူမအတွင်းအားများလည်း ကုန်ခမ်းလုနီးပါးဖြစ်နေချေပြီ။
"ငါ့ရဲ့ဝိညာဉ်ချီတွေ ကုန်တော့မယ်"
မိန်းမလှလေးမျက်နှာထက်တွင် ခါးသီးပြီးမလိုလားအပ်သော အမူအရာများ ပေါ်လာလေ၏။
သူမသည် ဝမ်မိသားစုပင်မမျိုးနွယ်၏ တရားဝင်အကြီးဆုံးသမီး ဝမ်လော့လီဖြစ်သည်။
ဝမ်မိသားစု ပင်မမျိုးနွယ်ဝင် ၁၂၈ ဦးစလုံးသည် ညတွင်းချင်းပင် သူမ၏ဒုတိယဦးလေးနှင့် ပူးပေါင်းထားသော အဆင့်၉ဂိုဏ်းဖြစ်သည့် သရဲဘုရင်ဂိုဏ်းလက်ချက်ဖြင့် တစ်ယောက်မကျန် သတ်ဖြတ်ခြင်းခံလိုက်ရ၏။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူဖြစ်သော သူမဖခင်သည် သေသည်ထိတိုက်ခိုက်ခဲ့သော်လည်း သရဲဘုရင်ဂိုဏ်းမှ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏မှော်ရတနာအောက်တွင် ကျဆုံးခဲ့ရလေသည်။ထို့ပြင် သူ့ဝိညာဉ်ကို သူမ၏ဒုတိယဦးလေးကိုယ်တိုင် ရွှေအမြုတေအဆင့်သို့ ရောက်လုနီးပါးဖြစ်သော သရဲဘုရင်ဂိုဏ်းအကြီးအကဲတစ်ဦးထံ ဆက်သလိုက်လေ၏။
ယခု သူမ၏ဒုတိယဦးလေးကိုယ်တိုင် သရဲဘုရင်ဂိုဏ်းမှ ကျင့်ကြံသူများကို ဦးဆောင်ပြီး သူမနောက်သို့ မနားတမ်းလိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။
အလွန်ကြီးမားသော အမုန်းတရားပါပင်။
တစ်ဖက်မှဂိုဏ်းသည် အလွန်အစွမ်းထက်ပြီး နောက်မှလိုက်လာသူများလည်းရှိနေသေးရာ သူမအနေဖြင့် တစ်ကယ်ကိုဆက်ပြီးတောင့်ခံနိုင်တော့မည်မဟုတ်ပေ။
"ငါ သေရတော့မှာလား"
ကမ္ဘာကြီးမှာကျယ်ပြောလှပေသိ ခိုလှုံစရာနေရာတစ်နေရာမှမရှိပါပေ။
ဝမ်လော့လီသည် နောက်မှလိုက်လာသူများရှိရာဘက်သို့ လှည့်ကြည့်လိုက်ပြီး သူမမျက်လုံးများတွင် ဤကမ္ဘာကြီးကို စွဲလမ်းမှုနှင့် မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်နေလေ၏။
........
ထိုအချိန်တွင် ဒုက္ခပင်လယ်အတွင်း၌ ကျန်းပေချန်ခေါင်းမော့ကြည့်လိုက်ရာ
သောက်ဂွဟ
ပညာမျက်လုံးဖြင့် သူကြည့်လိုက်ပြီး အလွန်ဝမ်းသာသွားရသည်။
"တင် A အဆင့်ပါရမီရှိသော ကံတရားသားတော် ဝမ်မိသားစု၏သခင်မလေး ဝမ်လော့လီကို တွေ့ရှိပါတယ်။
တာဝန်ထုတ်ပြန်ချက် - ဝမ်လော့လီကို ဘေးကင်းရာသို့လွတ်မြောက်အောင် ကူညီပေးပါ။
ဆုလာဘ် - နတ်ဘုရားအိမ်မွေးတိရစ္ဆာန် ငါးကြင်းနဂါး"
အချက်ပေးသံဆုံးသွားသည်နှင့် ကျန်းပေချန်မျက်လုံးများ အရောင်တောက်လာသည်။
တစ်ကယ်ကြီး A အဆင့် ပါရမီရှိတဲ့ ကံတရားသားတော်တဲ့လား။
ဒါ သူလိုအပ်နေတဲ့အရာပဲလေ။
ကျန်းပေချန်လှမ်းကြည့်လိုက်သောအခါ ဒုက္ခပင်လယ် နယ်နိမိတ်ကျောက်တိုင်အောက်တွင် မိန်းမလှလေးတစ်ဦးကို တွေ့လိုက်ရသော်လည်း သူမသည် သွေးများဖြင့်ဖုံးလွှမ်းနေပြီး အလွန်သနားစရာကောင်းနေကာ ဤနေရာထိ ထွက်ပြေးလာရပုံပေါ်သည်။
ဒီလိုဆိုမှတော့ အိမ်တံခါးဝထိရောက်လာတဲ့ ကံတရားသားတော်ကို ဒီဂိုဏ်းချုပ်ကြီးက ဝမ်းမြောက်ဝမ်းသာနဲ့ပဲ လက်ခံရမှာပေါ့။
မွားဟားဟားဟား
ဝမ်လော့လီသည် ယိုင်နဲ့နဲ့ဖြင့်ဂိုဏ်းတံခါးဝဆီသို့ ရောက်ရှိလာသည်။ရေကန်လေးတစ်ဖက်ခြမ်းတွင် ငါးမျှားနေသော ကျန်းပေချန်ကိုဝမ်လော့လီလှမ်းမြင်လိုက်၏။
အဝေးမှကြည့်လိုက်လျှင် တစ်ဖက်လူ၌မည်သည့်ကျင့်ကြံခြင်း အငွေ့အသက်မှမရှိဘဲ သာမန်လူသားတစ်ဦးလိုဖြစ်နေသဖြင့် သူမသည် ထိုနေရာမှအမြန်ထွက်ခွာရန်ခြေလှမ်းအရှိန်တင်လိုက်သည်။
နောက်မှလိုက်လာသူများရောက်ရှိလာပြီး ထိုလူ့ကိုပါဒုက္ခပေးကာ အသက်ဆုံးရှုံးစေမည်ကို စိုးရိမ်သောကြောင့်ပင်။ဝမ်လော့လီသည် ကျန်းပေချန်ကို ကျော်ဖြတ်ပြီး ရှေ့သို့ဆက်လက်ပြေးလွှားသွားသည်။
မွှေးပျံ့သော လေပြေညှင်းလေးတစ်ချက် တိုက်ခတ်သွားပြီး စိတ်ကိုလန်းဆန်းစေသည်။ ကျန်းပေချန်သည် မိန်းမလှလေးထံတစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင်ပြောလိုက်လေ၏။
"မိန်းကလေး ခဏလောက်နေပါဦး"
သူ့အသံသည် ကျောက်စိမ်းကဲ့သို့နွေးထွေးချောမွေ့သော်လည်း ဝမ်လော့လီနားထဲရောက်သွားသောအခါ အနည်းငယ်အေးစက်စက်အငွေ့အသက်များ ပါဝင်နေသည်။
ဝမ်လော့လီရပ်တန့်သွားပြီး ကျန်းပေချန်ထံတွန့်ဆုတ်ဟန်ဖြင့်ကြည့်လိုက်၏။သူမအသာမျက်မှောင်ကြုံ့လိုက်ပြီး သူ့အားအကဲခတ်ကာ အလောတကြီးလေသံဖြင့် မေးလိုက်သည်။
"အရှင် ဘာကိစ္စများရှိလို့လဲ"
ကျန်းပေချန် ဝမ်လော့လီထံကြည့်လိုက်ပြီး တည်ငြိမ်စွာပင်ပြောလိုက်သည်။
"မင်း အလိုက်ခံနေရတာလား"
ဝမ်လော့လီမျက်နှာထားတင်းမာသွားပြီး ချက်ချင်းဆိုသလို အလွန်တရာတုန်လှုပ်သွားရပြီး ရင်ထဲတင်းကြပ်သွားရသည်။ကျင့်ကြံခြင်းကမ္ဘာသည် သဘာဝအလျောက်ပင် ရက်စက်ကြမ်းကြုတ်လှသည်။ဘိုးဘေးအချို့သည် သူတို့ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားပြီး သာမန်လူများအဖြစ် ဟန်ဆောင်နေတတ်သည်မှာ မဆန်းချေ။ဒီလူ သူမကိုလှမ်းခေါ်တာ ရည်ရွယ်ချက်တစ်ခုခုရှိလို့များလား။
ဝမ်လော့လီ သူမနှုတ်ခမ်းနီတာရဲလေးကိုကိုက်လိုက်ပြီး ဘယ်လိုပြန်ဖြေရမည်မှန်း မသိဖြစ်နေသည်။
"ဒီဂျူနီယာက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံနေရတာပါ၊မကြာခင် သူတို့ ရောက်လာကြတော့မှာ၊စီနီယာနဲ့သာ ရေစက်ပါရင် ပြန်တွေ့ကြတာပေါ့"
ထိုသို့ပြောပြီး ဝမ်လော့လီလှည့်ထွက်သွားလေ၏။
ချက်ချင်းဆိုသလို ထိုဝတ်ရုံဖြူဝတ်သာမန်လူထံမှ ရယ်သံသဲ့သဲ့ကိုကြားလိုက်ရပြီး တည်ငြိမ်စွာပြောလာသည်ကို ကြားလိုက်ရသည်။
"မင်း ငါ့ရဲ့ရှန်းတာအိုဂိုဏ်းကို ရောက်လာတာက ငါတို့ကြားမှာရေစက်ရှိလို့ပဲ၊အခု မင်းထွက်သွားရင် သေလမ်းပဲရှိတယ်၊ဘာလို့ ဂိုဏ်းထဲဝင်ပြီး ခိုလှုံမှုမယူရတာလဲ"
သူ့စကားများသည် အံ့သြဖွယ်ကောင်းလှပေသည်။
သို့သော် ဝမ်လော့လီနားထဲတွင်မူ အဓိပ္ပာယ်တစ်မျိုး သက်ရောက်သွားစေသည်။
ငါ့ကို ကာကွယ်ပေးမယ်ဟုတ်လား။ငါ ပြဿနာဖြစ်ထားတာက သာမန်လူတွေနဲ့ မဟုတ်ဘဲ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ ဖြစ်ထားတာလေ။
ဝမ်လော့လီ ခေါင်းယမ်းလိုက်သည်။ဤကြင်နာတတ်သောလူကို သူမကြောင့် ဒုက္ခမရောက်စေချင်ပေ။ထို့ကြောင့် ယဉ်ကျေးစွာပင် ပြောလိုက်လေ၏။
"လေးစားရတဲ့စီနီယာရဲ့ စေတနာကို ကျေးဇူးတင်ပေမဲ့ ဒီမိန်းကလေးမှာ အရေးကြီးကိစ္စလုပ်စရာရှိသေးလို့ နှုတ်ဆက်ခဲ့ပါတယ်"
ထိုသို့ပြောပြီး သူမသည်လေထဲသို့ပျံတက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
ဟမ့် ငါ့လက်ထဲရောက်နေတဲ့တပည့်မလေးကို ဒီအရှင်သခင်ရဲ့လက်ခုပ်ထဲကနေ ဘယ်လိုလုပ်ပျံထွက်သွားခွင့်ပေးမှာလဲ။
ကျန်းပေချန်စိတ်ထဲတွင် လှုပ်ရှားသွားပြီး အကြံတစ်ခုရထားပြီးဖြစ်သည်။
"မိန်းကလေး ငါ့မှာအဲ့လောက်အစွမ်းအစမရှိဘူးလို့ မင်းထင်နေတာလား"
ကျန်းပေချန် အသာပြောလိုက်သည်။
ထိုစကားကြားလိုက်ရသောအခါ ဝမ်လော့လီ ရပ်တန့်မိသွားပြန်ပြီ။
ဝမ်လော့လီပြန်မဖြေနိုင်ခင်မှာပင် တောင်ကုန်းပေါ်ရှိသက်ကယ်အိမ်လေးဆီမှ ဝိညာဉ်ချီတစ်ခုပေါက်ကွဲထွက်လာပြန်သည်။
ဟေးထန်အဆင့်ထပ်တက်သွားပြန်ပြီလားဟ။
ကျန်းပေချန် နှုတ်ခမ်းတွန့်သွားရသည်။
ချန်ဟေးထန်သည် တံခါးကိုတွန်းဖွင့်လိုက်ပြီး အတန်ငယ်ပျော်ရွှင်နေမိသည်။အဘယ်ကြောင့်ဆိုသော် သူသည်ချီကျင့်ကြံခြင်း အဆင့်၄သို့ ယခုလေးတင်ရောက်ရှိသွားသောကြောင့်ပင်။