အခန်း (၆)
Vol. 1 Ch. 6
အပိုင်း (၆)
ရှန်းတောင်နဲ့ဒုက္ခပင်လယ်အပြင် ဂိုဏ်းအပြင်ဘက်မှလှည့်စားမှုများနှင့် ဂိုဏ်းနယ်နိမိတ်အတွင်းရှိကောင်းကင်နှင့်မြေကြီးတို့သည်ကအစ သာမန်ဂိုဏ်းတစ်ခုပိုင်ဆိုင်နိုင်သည့် ရှန်းနည်းလမ်းများလုံးဝမဟုတ်ကြချေ။
ဒါက ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ကိုတောင် ဂရုမစိုက်တဲ့လျှို့ဝှက်ဂိုဏ်းတစ်ခုပဲဖြစ်ရမယ်။
ဂိုဏ်းချုပ်ကြီးကလည်း လက်တစ်ဖက်လှုပ်ရှားလိုက်ရုံနဲ့ ကြယ်တွေကိုခူးဆွတ်နိုင်သလို လကိုဖမ်းယူပြီး တောင်ကိုရွှေ့ ပင်လယ်ကိုဖြည့်နိုင်တဲ့လျှို့ဝှက်အစွမ်းထက်ကျင့်ကြံသူကြီးဖြစ်မှာ သေချာတယ်။
ချန်ဟေးထန်သည် သူ့အနာဂတ်လင်းလက်တောက်ပနေပြီဟု ခံစားလိုက်ရပြီး စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်၏။
"ဆရာသခင် ကျွန်တော် နောက်ထပ်ဘာဆက်လုပ်ရမလဲ"
ကျန်းပေချန်သည် ချန်ဟေးထန်ကို လက်ညှိုးထိုးပြပြီး ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။
"အရင်ဆုံး အဝတ်အစားဝတ်လိုက်ပါဦး"
ချန်ဟေးထန်သည် မေးခွန်းမေးဖို့သာအာရုံစိုက်လွန်းနေသဖြင့် ကိုယ်လုံးတီးဖြစ်နေသည်ကိုမေ့နေခဲ့ရာမှ အလျင်အမြန် အဝတ်အစား ပြန်ဝတ်လိုက်ရသည်။အဝတ်အစားဝတ်ရင်းပင် သူ့ပါရမီအကြောင်း သတိရသွားပြီး စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်လေ၏။
"ကျွန်တော့်မှာ ပြောပလောက်စရာပါရမီဆိုတာ မရှိပါဘူး၊ဆရာသခင့်ကို အောက်ဆွဲချသလိုဖြစ်သွားမှာ စိုးရိမ်မိပါတယ်"
ကျန်းပေချန်ပြုံးလိုက်ပြီး ခေါင်းယမ်းပြလိုက်သော်လည်း ရင်ထဲတွင်ခါးသီးနေမိသည်။မင်းကပါရမီမရှိဘူးလို့ ပြောတာလား။မင်းမှာ နဂါးနက်အရှင်သခင်ကိုယ်ခန္ဓာရှိနေတယ်ဆိုတာရော သိရဲ့လား။
မင်းမှာပါရမီမရှိဘူးဆိုရင် ငါကရောဘာလဲ။
အမှိုက်လား။
ရင်ထဲမှခါးသီးမှုကိုမြိုသိပ်ပြီး ကျန်းပေချန်သည် သူ့အနားသို့လျှောက်သွားကာ ပုခုံးကိုပုတ်လျက် နှစ်သိမ့်ပေးလိုက်သည်။
"ငါတို့ရှန်းတာအိုဂိုဏ်းက ဘယ်တော့မှပါရမီကိုမကြည့်ဘူး၊ကျင့်ကြံခြင်းဆိုတာ ပါရမီအပေါ်ပဲမူတည်တာ မဟုတ်ဘူး၊ကြိုးစားအားထုတ်မှုအပေါ် မူတည်တာ"
ကျန်းပေချန်သည် ငြင်းဆန်၍မရနိုင်သော စကားလုံးများဖြင့် ပြတ်သားစွာပြောလိုက်လေ၏။ချန်ဟေးထန်မျက်လုံးများ တောက်ပလာပြီး လျှို့ဝှက်ဂိုဏ်းတစ်ခုသည် တစ်ကယ်ကိုထူးခြားလွန်းလှသည်ဟု တွေးလိုက်မိသည်။တပည့်လက်ခံရာတွင် ပါရမီကိုထည့်မစဉ်းစားဘူးတဲ့လေ။
ဤသို့တွေးပြီး ချန်ဟေးထန်သည်ကျန်းပေချန်ကို ရိုသေစွာဖြင့်ဦးညွှတ်လိုက်လေ၏။ကျန်းပေချန်သည် ရှန်းလမ်းစဉ်စာအုပ်ကိုထုတ်ယူပြီး သူ့အားပေးလိုက်သည်။သူကိုယ်တိုင်နားမလည်မှတော့ သူ့တပည့်ကိုပဲလေ့လာခိုင်းလိုက်တာပိုကောင်းပေမည်။ချန်ဟေးထန်သည် လက်နှစ်ဖက်ဖြင့်ရိုသေစွာ လှမ်းယူလိုက်ပြီး သူ့မျက်နှာတွင်ပျော်ရွှင်မှုများဖြာထွက်နေလေ၏။
ရောက်ရောက်ချင်း ကျင့်ကြံခြင်းနည်းစနစ်စာအုပ်ပေးတယ်ဆိုတော့ ဒါကလျှို့ဝှက်ဂိုဏ်းတစ်ခုရဲ့ ရက်ရောမှုပဲလား။
ကြိုက်တယ်ကွာ အရမ်းမိုက်တာပဲ။
သာမန်ဂိုဏ်းများသည် တပည့်လက်ခံပြီးသည့်တိုင် ကျင့်ကြံခြင်းနည်းလမ်းများကို ချက်ချင်း သင်ပေးလေ့မရှိသလို သင်ပေးလျှင်လည်း နည်းနည်းချင်းစီသာ သင်ပေးတတ်သည်ကို သိထားရမည်။ရှိထားသည့်ဆိုရိုးအတိုင်းပင် တပည့်ကိုသင်ပေးလိုက်လျှင် ဆရာငတ်သွားတတ်သည်လေ။
သို့သော် ကျန်းပေချန်သည် ပြီးပြည့်စုံသောကျင့်ကြံခြင်း နည်းစနစ်စာအုပ်ကို သူ့ထံတိုက်ရိုက်ပေးခဲ့သည်။
ဒါက ဘာကိုပြနေတာလဲ။
သူ့ဆရာသည် သဘောထားကြီးပြီး သာမန်ထက်ထူးကဲကြောင်း ပြသနေခြင်းဖြစ်သည်။အစပိုင်းစိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားပြီးနောက် ချန်ဟေးထန်သည် ကျန်းပေချန်ထံမော့ကြည့်ကာ မေးလိုက်လေ၏။
"ဆရာသခင် ဒီရှန်းလမ်းစဉ်ကို ကျွန်တော် ဘယ်လိုကျင့်ကြံရမလဲ"
ဘာကွ မင်းကငါ့ကို ကျင့်ကြံခြင်းနည်းလမ်းအကြောင်း လာမေးနေတာလား။
ငါကိုယ်တိုင်တောင် နားမလည်ပါဘူးဆို မင်းကို ဘယ်လိုလုပ်သင်ပေးရမှာလဲ။ငါသာဘယ်လိုကျင့်ကြံရမယ်ဆိုတာသိရင် သိပ်ကောင်းမှာပဲကွာ။ဒါဆိုမင်းကို ကျင့်ကြံခြင်း နည်းစနစ်စာအုပ် ပေးစရာမလိုတော့ဘူး။ငါ့ဘာသာငါသိမ်းပြီး ကျင့်ကြံလိုက်တော့မှာပေါ့။
ကျန်းပေချန် စိတ်ထဲမှနေတွေးလိုက်သော်လည်း ပါးစပ်မှာတော့ အခြားညွှန်ကြားချက်တစ်ခုသာထွက်လာလေ၏။
"ရှန်းကျင့်ကြံခြင်းလမ်းကြောင်း အင်း ရှန်းလမ်းစဉ်ဆိုတာကျယ်ပြောပြီး အဆုံးအစမရှိဘူး၊ကျင့်ကြံခြင်းနည်းစနစ်တွေဆိုတာ ကိုယ့်ဘာသာကိုယ်နားလည်သဘောပေါက်အောင်လုပ်ဖို့ လိုအပ်တယ်၊မင်းရဲ့ဆရာက ပျိုးပင်လေးတွေကို ကြီးထွားလာအောင်ဆွဲဆန့်ပေးလို့ မရဘူးကွ၊မင်းဘာသာ ကိုယ်တိုင်သွားလေ့လာပြီး သဘောပေါက်အောင်လုပ်ချေ၊ညာဘက်ရဲ့ ပထမဆုံးသက်ကယ်အိမ်လေးက မင်းနေရမယ့်နေရာပဲ"
ထိုစကားပြောပြီးနောက် ကျန်းပေချန်သည် အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ရာ ချန်ဟေးထန်လည်း နားလည်သွားပြီး ရိုသေစွာပင်ထွက်သွားလေ၏။ချန်ဟေးထန် သက်ကယ်အိမ်လေးဆီသို့ပြန်သွားသည်ကိုကြည့်ရင်း ကျန်းပေချန် ရင်ဘတ်ကိုအသာပုတ်လိုက်မိသည်။
သောက်ကျိုးနည်း လူမိတော့မလို့။
ထိုအချိန်တွင် စနစ်၏အသံသည် ကျန်းပေချန်နားထဲတွင် ပေါ်လာပြန်လေ၏။
"တင် စနစ်မှ တာဝန်ထုတ်ပြန်လိုက်ပါပြီ။
သုံးရက်အတွင်း အိမ်ရှင်သည် နောက်ထပ်ကံတရားသားတော်တစ်ဦးကို ထပ်မံလက်ခံရပါမယ်။
တာဝန်ပြီးမြောက်ပါက
ဂိုဏ်းအဆောက်အဦးများနဲ့ ဂိုဏ်းအဓိကခန်းမတို့ကိုဖွင့်လှစ်နိုင်ပါမယ်။
အကယ်၍ တာဝန်မအောင်မြင်ပါက
အိမ်ရှင်သည် ရွှေကမ်းခြေသို့ ပို့ဆောင်ခံရပြီး မြက်စကပ်ဝတ်ကာ ကပြရပါမယ်"
"သောက်ကျိုးနည်း ဒီစနစ်ကတော့ တစ်ကယ်ကိုထိန်းမရတော့ဘူးပဲ၊ဘုရားရေ ငါလိုဒီလောက်ချောမောတဲ့ ကျန်းပေချန်ကများ ဒီလိုစနစ်နဲ့ လာငြိနေရတယ်လို့"
ကျန်းပေချန် မကျိန်ဆဲဘဲမနေနိုင်တော့ပေ။ရှန်းတောင်က လူသူကင်းမဲ့တဲ့နေရာမှာရှိနေတာလေ။မိုင်တစ်ရာပတ်လည်လောက်မှာ တောကြက်တစ်ကောင်ဖမ်းဖို့တောင် ခက်ခဲနေတာ လူတစ်ယောက်ရှာတွေ့ဖို့ဆို ပိုတောင်ဝေးသေး။
ဒီလိုအခြေအနေမျိုးမှာ ကံတရားရဲ့သားတော်ကို ဘယ်နားသွားရှာရမှာလဲ။
.........
ညဉ့်နက်သန်းခေါင်အချိန်
ချန်ဟေးထန်သည် ဒုက္ခပင်လယ်ဘေးရှိ ကျန်းပေချန်နှင့် မလှမ်းမကမ်းတွင်ရှိသော သက်ကယ်အိမ်လေးတွင် နေထိုင်သည်။ကျန်းပေချန်သည် ကောက်ရိုးဖျာပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး ရှန်းလမ်းစဉ်လျှို့ဝှက်ကျမ်းစာအုပ်ထဲမှ ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံရန် ကြိုးစားနေလေ၏။သူသည် ဤကျင့်ကြံခြင်းနည်းစနစ်ကို သူလိုချင်သည့်အချိန်တိုင်း ထုတ်ယူနိုင်ပေသည်။သို့သော် သူသည် နားပင်မလည်နိုင်ဖြစ်နေရာ ကျင့်ကြံဖို့ဆိုသည်မှာ ဝေးစွ။
လျှို့ဝှက်ကျမ်းထဲရှိစကားလုံးတိုင်းကို သူဖတ်တတ်သော်လည်း စာကြောင်းဆက်လိုက်သောအခါ အဓိပ္ပာယ်လုံးဝဖော်မရတော့ချေ။ရှေးဟောင်းကဗျာကို လေ့လာနေရသည့်အလားပင်။စာလုံးတစ်လုံးချင်းစီကို သိသော်လည်း တွဲဖတ်လိုက်လျှင်တော့ဘာမှန်းမသိတော့ပေ။
"ဟူး"
ကျန်းပေချန် တိတ်တဆိတ်သက်ပြင်းချလိုက်ပြီး လုံးဝစိတ်ဓာတ်ကျသွားမိသည်။ငါ့ရဲ့ရှန်းကျင့်ကြံမယ့်အိပ်မက်တွေ၊ဓားစီးပြီး ပျံသန်းမယ့် အိပ်မက်တွေ၊ကောင်းကင်နဲ့မြေကြီးကြားမှာ လေဟုန်စီးပြီး ပျံဝဲမယ့် အိပ်မက်တွေ........
သူ့ကျင့်ကြံခြင်းအဆင့်သာမတက်နိုင်ရင် ဒီအိပ်မက်တွေကို ဘယ်လိုလုပ် အကောင်အထည်ဖော်နိုင်မှာလဲ။တစ်ကယ်စိတ်ပျက်စရာ ကောင်းလိုက်တာ။
ထိုအချိန်တွင် တံခါးအပြင်ဘက်မှနေ ဝိညာဉ်ချီလှိုင်းတစ်ခု ဝင်ရောက်လာသည်။
ဘာဖြစ်တာပါလိမ့်။
ကျန်းပေချန် ထရပ်ပြီး အပြင်ဘက်သို့ကြည့်လိုက်၏။ချန်ဟေးထန်၏သက်ကယ်အိမ်အပေါ်တွင် ဝိညာဉ်ချီများစုဝေးနေပြီး ဝဲကတော့ငယ်တစ်ခုအလားဖြစ်ပေါ်နေသည်မှာ အံ့သြဖွယ်မြင်ကွင်းတစ်ခုပင်ဖြစ်ပေသည်။
မဖြစ်နိုင်တာ...
မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး...
ရေနွေးကြမ်းတစ်ခွက်သောက်စာအချိန်လေးအတွင်းမှာ သူသဘောပေါက်သွားပြီလို့တော့ မပြောနဲ့နော်။
ကျန်းပေချန်တွေးနေစဉ်မှာပင် ချန်ဟေးထန်သည် တံခါးကိုဖွင့်ပြီးပြေးထွက်လာလေ၏။သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့်ပျော်ရွှင်မှုများပြည့်နှက်နေပြီး သူ့ထံလက်သီးဆုပ်ကာ အရိုအသေပေးလျက်ပြောလာသည်။
"ဆရာသခင် ကျွန်တော်အဆင့်တက်သွားပါပြီ၊ရှန်းလမ်းစဉ်ရဲ့ ပထမအဆင့်၃ဆင့်ကို နားလည်သဘောပေါက်သွားပြီး ခုလေးတင် ပထမအဆင့်ချီကျင့်ကြံသူဖြစ်သွားပါပြီ"
ချန်ဟေးထန်စကားကို ကြားလိုက်ရသောအခါ ကျန်းပေချန်၏မျက်နှာသည် ညအမှောင်ထုနှင့် ရောထွေးသွားသကဲ့သို့ ချက်ချင်းမည်းမှောင်သွားတော့သည်။သူကိုယ်တိုင်တောင် ရှန်းလမ်းစဉ်ရဲ့ ပထမအဆင့်ကိုအပြည့်အဝနားမလည်သေးဘူးကို ဒီတပည့်ကတတိယအဆင့်ထိတောင် ကျင့်ကြံပြီးသွားပြီတဲ့လား။ဒီလောကကြီးမှာ တရားမျှတမှုဆိုတာရောရှိသေးရဲ့လား။
ဒီလိုပြိုင်ဘက်ကင်း ပါရမီရှင်၊ဒီလိုကံတရားရဲ့သားတော်က တစ်ကယ့်ကိုယုံကြည်နိုင်စရာမရှိအောင် သန်မာလွန်းနေတော့ ငါတို့လိုသာမန်လူလေးတွေက ဘယ်လိုလုပ်အသက်ဆက်ရှင်နိုင်တော့မှာလဲ။
ဤအကြောင်းကိုတွေးမိပြီး ကျန်းပေချန်ရင်ထဲတွင် ထူးဆန်းသောခါးသီးမှုဝေဒနာကို ခံစားလိုက်ရသည်။သူ့ဆရာမှစကားပြန်မပြောသည်ကိုမြင်သောအခါ ချန်ဟေးထန်တွေးလိုက်မိသည်မှာ
ငါ့ပါရမီကအရမ်းညံ့လွန်းလို့ ဆရာစိတ်ဆိုးသွားတာများလား။ဆရာက ငါ့ကိုဂိုဏ်းကနေထုတ်ပယ်လိုက်မှာတော့ မဟုတ်ပါဘူးနော်။ချန်ဟေးထန် စိတ်မသက်မသာဖြစ်သွားရပြီး သတိထားကာမေးလိုက်လေ၏။
"ဆရာသခင် တပည့်ရဲ့ပါရမီက မကောင်းပါဘူး၊တပည့်အမှားလုပ်မိတာရှိခဲ့ရင် ဆရာသခင်အပြစ်ပေးလို့ရပါတယ်"
ဤစကားအားကြားလိုက်ရသောအခါ ကျန်းပေချန်မျက်နှာ ထပ်မံမည်းမှောင်သွားပြန်သည်။ရင်ထဲရှိဒေါသကိုမြိုသိပ်ပြီး တည်ငြိမ်စွာဖြင့်သူပြောလိုက်လေ၏။
"အဆင့်လေးနည်းနည်းတက်လဲ တက်တာပါပဲကွာ၊မင်းရဲ့စိတ်နှလုံးသဘာဝကိုသာ ဂရုစိုက်ပါ၊ကျင့်ကြံခြင်းလမ်းစဉ်မှာ စိတ်မြန်လက်မြန် မဖြစ်သင့်ဘူး"
"ဆရာသခင်ရဲ့သင်ကြားမှုက မှန်ကန်ပါတယ်"
ချန်ဟေးထန် ချက်ချင်းသတိဝင်သွားသည်။