← Chapters

”စာမေးပွဲအောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ လက်ထပ်ပွဲကိစ္စကို ဦးစွာဆွေးနွေးထားရမည်”

Vol. 4 Ch. 35

”စာမေးပွဲအောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ လက်ထပ်ပွဲကိစ္စကို ဦးစွာဆွေးနွေးထားရမည်”

Vol. 4 Ch. 35

လော်ယွီရှို့က ခင်ပွန်းဖြစ်သူ၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ ဆက်ပြောသည်။

“ပြီးတော့ ကျွန်မ မနေ့က ရှောင်စစ်ရဲ့ ဇနီးဆီကို ဖုန်းဆက်လိုက်တယ်.. အဲဒီ မူဝါဒက နှစ်သစ်ကူးပြီးတာနဲ့ စတင် အကောင်အထည် ဖော်တော့မှာတဲ့

ဝေ့ဟိုင်က အခု ပုံမှန် အလုပ်သမား ဖြစ်နေပြီ၊ လက်ထပ်လည်း လက်ထပ်ပြီးပြီဆိုတော့ ကျွန်မတို့ စိတ်ပူစရာ မလိုတော့ဘူး.. ဒါပေမဲ့ ဝေ့ဖန်းနဲ့ ဝေ့ချင်းတို့ နှစ်ယောက်လုံးက လက်မထပ်ရသေးဘူး..

တစ်ယောက်ကတော့ ကျေးလ််ဒေသကို ဆင်းသွားရမှာ သေချာတယ်.. ဝေ့ဖန်းကတော့ သူ့ရဲ့ယောက်မ ရှောင်အာ့ရဲ့ ဇနီးသည်မှာ ကိုယ်ဝန်နဲ့ဆိုတော့ သူမကို ပြုစုဖို့ စစ်တပ်ကို သွားလို့ အဆင်ပြေနိုင်တယ်

နောက်ပိုင်းကျရင် အနုပညာအဖွဲ့ထဲကို ဝင်တာဖြစ်ဖြစ်၊ ဒါမှမဟုတ် စစ်တပ်ထဲက လူတစ်ယောက်နဲ့ လက်ထပ်လိုက်ရင် ရပြီ

ဒါပေမဲ့ ဝေ့ချင်းရဲ့အခြေအနေကတော့ တကယ်ကို ကျေးလက်ကို ဆင်းသွားရနိုင်တယ်.. ကျွန်မရဲ့စိတ်ထဲမှာတော့ သူ ဆေးဝါးစက်ရုံ စာမေးပွဲအောင်ရင် အကောင်းဆုံးပဲ..

မအောင်ရင်တော့ အမြန်ဆုံး လက်ထပ်ပေးဖို့ မိန်းကလေး ရှာပေးရမယ်”

“မင်း ဘာတွေ ပြောနေတာလဲ။ အများဆုံးဆို ကျေးလက်ဒေသကို ဆင်းရုံပဲလေ၊ ဒီလိုမျိုး လိမ်လည်လို့ မရဘူး”

စုဝေ့မင်အနေဖြင့် လော်ယွီရှို့၏ နည်းလမ်းကို အနည်းငယ် စိတ်ပျက်မိသည်။

သို့သော် လူများက ထိုသို့ပင် ဖြစ်သည်။

မိမိကိုယ်တိုင် မကြုံတွေ့ရသေးသရွေ့ ၊ အများအကျိုးအတွက်ဆိုသည့် စကားလုံးများကို ပြောဆိုနိုင်သော်လည်း တကယ်တမ်း ကြုံတွေ့လာရသောအခါတွင်တော့ အခြားသူများထက် ပို၍ ကိုယ်တိုင်အတွက်စဉ်းစားတတ်ကြသည်။

သူ ထိုသို့ပြောပြီးနောက်တွင် အနည်းငယ် နောင်တရသွားပြီး စဉ်းစားပြီးနောက် ထပ်မံပြောလိုက်သည်။

“စက်ရုံထဲမှာ မိန်းကလေးတွေက နည်းနည်းပဲ ရှိတာ.. ဝေ့ချင်းကလည်း မျက်နှာသာ မပေးတတ်တဲ့သူဆိုတော့ သူသာ စိတ်မကျေနပ်ရင် အလျှော့ပေးပြီးလက်ထပ်တာထက် ကျေးလက်ဒေသကို ဆင်းသွားတာက ပိုကောင်းတယ်လို့တောင် ထင်နိုင်တယ်”

ပြောရင်းဖြင့် သူ တခြားကိစ္စတစ်ခုကို ပြန်သတိရလာသည်။

“မင်း အရင်တစ်ခေါက်က ဝေ့ချင်းက မိန်းကလေးတစ်ယောက်ကို သဘောကျနေတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား.. မင်း သွားစုံစမ်းတာ ဘာတွေသိခဲ့ရလဲ”

“သူမက သနားစရာ ကောင်းတဲ့ ကောင်မလေးပါ”

လော်ယွီရှို့ကိုယ်တိုင် သွားစုံစမ်းထားခြင်း ဖြစ်သောကြောင့် သူမ သိလိုသည့် အရာများကို သေချာပေါက် သိလာခဲ့သည်။

လီရှန်း၏ အကြောင်းများကို အခြေခံအားဖြင့် အားလုံး နားလည်ခဲ့ရပြီး အထူးသဖြင့် လွန်ခဲ့သည့် တစ်လခန့်က မိထွေးဖြစ်သူ ထုန်လင်းနှင့် တိုက်ခိုက်ခဲ့သော မင်္ဂလာပွဲနှင့်ပတ်သက်သည့် တိုက်ပွဲကို ကြားခဲ့ရချိန်တွင် အမျိုးသမီးရေးရာတွင် အလုပ်ကို လုပ်နေသည့် လော်ယွီရှို့တစ်ယောက် သည်းမခံနိုင်ဘဲ ဒေါသထွက်ခဲ့ရသည်။

“ကောင်မလေးက အတော်လေးကောင်းတယ် ..တိုးတက်ချင်စိတ်လည်း ရှိတယ်.. ဒါပေမဲ့ မိသားစုက မပြေလည်ဘူး.. တကယ်လို့ ချစ်ကြိုက်သွားရင် သူမရဲ့မိဘဘက်က ရှုပ်ထွေးတာတွေ များပြီး နောက်ပိုင်း စကားများတာတွေ ဖြစ်လာနိုင်မှာကို စိုးရိမ်တယ်”

စုဝေ့မင်သည်က မိန်းကလေးက ကောင်းမွန်သည်ဟု ကြားသောအချိန်တွင် မည်သည့် ကန့်ကွက်လိုစိတ်မှ မရှိတော့ဘဲ ချက်ချင်း ထောက်ခံလိုက်သည်။

“မိန်းကလေး ကောင်းဖို့သာ အရေးကြီးတယ်.. မိဘဘက်က ကိစ္စတွေကိုတော့ တတိယသားကိုပဲ ကိုယ်တိုင် စီမံခိုင်းလိုက်.. မိဘဘက်က ကိစ္စတွေ ဘယ်လောက်ပဲ များများ၊ အကြီးဆုံးသားရဲ့ ဇနီးသည်ဘက်က ကိစ္စတွေလောက် များနိုင်ပါ့မလား”

ချွေးမအသစ်သည်က အိမ်ထောင်ကျသည်မှာ တစ်လသာ ရှိနေသေးသော်လည်း စုဝေ့မင်ကတော့ အမြင်သစ်များ ရရှိခဲ့ပေပြီ။

ထူးဆန်းသော ဆွေမျိုးများ ဤလောက် များပြားသည့် မိသားစုကို သူ မမြင်ဖူးသကဲ့သို့ သားကြီး၏ ဇနီးသည်လောက် စွမ်းဆောင်ရည်ရှိသည့် မိန်းကလေးကိုလည်း သူ မမြင်ဖူးပေ။

ဆေးဝါးစက်ရုံထဲတွင် ထိန်းသိမ်းရေးသာ မရှိခဲ့ပါက သူတို့ စုမိသားစုမှာ ဆေးဝါးစက်ရုံ၏ ထိပ်တန်းသတင်းစာရင်းထဲသို့ ရောက်ပြီး ဆေးဝါးစက်ရုံ၏ နံပါတ်တစ် အတင်းအဖျင်းဗဟို ဖြစ်သွားနိုင်ခြေ ရှိသည်။

“အဲဒါတော့ ဟုတ်တယ်”

သားကြီး၏ ဇနီးသည် ဝူလီနှင့် နှိုင်းယှဉ်ပါက ဤလီရှန်းက များစွာ ပိုကောင်းသည်။

ဝူလီမှာ မြို့တွင်းရှိ ကုန်တိုက်ကြီးတွင် အရောင်းဝန်ထမ်းလုပ်နေသောကြောင့် မိသားစုနှင့် ရင်းနှီးသော ဆွေမျိုးများကို ရှောင်လွှဲ၍ မရနိုင်သော်လည်း လီရှန်းကတော့ ဆေးဝါးစက်ရုံ စာမေးပွဲ ဖြေဆိုရန်လုပ်နေသည်။

သူမသာ ဆေးဝါးစက်ရုံထဲသို့ ရောက်သွားပါက တံခါးကို ပိတ်လိုက်လျှင် လီရှန်းကိုယ်တိုင်က ကရုဏာ မလွန်ကဲသရွေ့ မည်သူမှ သူမကို ရှာတွေ့မည် မဟုတ်ပေ။

“ဒါဆို ကျွန်မ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်ရမလား”

လော်ယွီရှို့ စိတ်ဝင်စားလာခဲ့သည်။

သူမ၏ ယခင်ချွေးမသုံးယောက်၏ စရိုက်များသည်က သူမနှင့် မကိုက်ညီခဲ့ကြပေ။

ယခု သူမ၏ အချစ်ဆုံးသားငယ်အတွက်တော့ သူမနှင့် စရိုက်တူသော ချွေးမငယ်လေးကို ရှာဖွေချင်နေခဲ့သည်။ ဤလီရှန်းကို သူမ မြင်တွေ့ခဲ့သည်။

သူမက နူးညံ့ပြီး တိုးတက်လိုစိတ် ရှိကာ သူမ၏ စိတ်ကူးထဲမှ ချွေးမပုံစံနှင့် အပြည့်အဝကိုက်ညီနေသည်။အမြဲတစေ တက်ကြွသည့် လော်ယွီရှို့တစ်ယောက် ချက်ချင်း ထိုင်မနေနိုင်တော့ဘဲ စက်ရုံတွင်းရှိ ရွှေတံဆိပ် စေ့စပ်သူကို ရှာဖွေကာ လက်ထပ်ပွဲအတွက် စကားပြောရန် စီစဉ်ချင်လာရသည်။

စုဝေ့မင် သူမကို အမြန်တားလိုက်ရသည်။

“ဘယ်လောက် အလျင်လိုနေပါစေ ဒီနှစ်ရက်ကိုတော့ မရွေးနဲ့ဦး”

သူတို့က စာမေးပွဲ ဖြေဖို့လုပ်နေကြတာလေ!

လော်ယွီရှို့ စိတ်ဆိုးချင်သော်လည်း သူမ အလျင်စလို ဖြစ်နေသည်ကို သိသောကြောင့် တိတ်ဆိတ်နေခဲ့ပြီး စာမေးပွဲပြီးသည်အထိ စောင့်ဆိုင်းနေခဲ့တော့သည်။

စာမေးပွဲအောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ လက်ထပ်ပွဲကိစ္စကို ဦးစွာဆွေးနွေးထားရမည်။

အကယ်၍ စာမေးပွဲအောင်သွားလျှင် သူမ အနည်းငယ်ပိုကြိုးစားရဦးမည်။

ဆိုရလျှင် စက်ရုံထဲထဲ အိမ်ထောင်ပြုရန် အဆင်သင့် ဖြစ်နေသော လူငယ်များစွာရှိပြီး အားလုံးက စက်ရုံထဲသို့ အသစ်ရောက်လာမည့် မိန်းကလေး အလုပ်သမားများကို စောင့်ကြည့်နေကြသည်။

စုဝေ့ချင်းသည်က ရုပ်ချောရုံသာ ရှိပြီး စွမ်းရည်ပိုင်းအရ တခြားသူများထက် အမှန်တကယ် မသာလွန်ပါချေ။

တကယ်လို့ သူမတွင် ရွေးချယ်စရာ များသွားပါက သူမ၏ သားကို စိတ်မဝင်စားတော့မည်ကို စိုးရိမ်မိသည်။

လော်ယွီရှို့တစ်ယောက် အောင်သွယ်ကို မဖိတ်ခေါ်ရသေးခင်ကတည်းက စိတ်ပူပန်နေသည်။

ဇနီးဖြစ်သူ၏ စိုးရိမ်ပူပန်မှုကို သိနေသောကြောင့် စုဝေ့မင်လည်း မျက်လုံးကိုသာ လှန်လိုက်နိုင်လေသည်။

သူ၏ သားငယ်သည်က ပုံမှန်အားဖြင့် အချစ်ရေးကို စိတ်မဝင်စားသူတစ်ယောက် ဖြစ်သော်လည်း မိန်းကလေး တစ်ယောက်ကို လိုက်သည့်အချိန်တွင်တော့ ပြဿနာ မရှိနိုင်ပါချေ။

သူ အဘယ်ကြောင့် ယခင်က ချစ်သူ မရှိနိုင်ခဲ့သနည်း။

ဒါက သူ စိတ်ဝင်စားတဲ့လူ မရှိသေးလို့ပဲလေ။

စာပေတွေ ရေးနေတဲ့ပညာရှင်တစ်ယောက်က ဇနီးတစ်ယောက်ကိုယူဖို့ ဘယ်လိုများ စိုးရိမ်နေစရာ ရှိမှာလဲ။

တစ်နေ့လုံး အလွန်အကျွံ စိုးရိမ်ပူပန်နေသည့် ဇနီးနှင့် မတူဘဲ စုဝေ့မင် သည်က သူ၏ သားငယ်ကို အပြည့်အဝ ယုံကြည်မှုရှိနေခဲ့သည်။

*

သုံးရက်ကြာပြီးနောက် လီရှန်းတစ်ယောက် လန်းဆန်းတက်ကြွစွာဖြင့် အလုပ်ဝင်ခွင့် စာမေးပွဲဖြေရန် သွားခဲ့သည်။

ကျောင်းစာမေးပွဲများနှင့် မတူဘဲ ဆေးဝါးစက်ရုံ၏ စာမေးပွဲကို နေ့လယ်ဘက်တွင် စီစဉ်ထားသည်။

နေ့လယ်စာအတွက် ဖန်ချင်းက နိုင်ငံပိုင်စားသောက်ဆိုင်မှ ဝယ်ယူခဲ့လေသည်။ စာမေးပွဲ သွားဖြေရတော့မည် ဖြစ်သောကြောင့် လီရှန်းကို ချက်ပြုတ်ခိုင်း၍ မရနိုင်သကဲ့သို့ သူမကိုယ်တိုင် ချက်ပြုတ်ထားသော ဟင်းလျာများကိုလည်း ဤသို့သောအရေးကြီးသောနေ့မျိုးတွင် မစားခိုင်းသင့်ပေ။

ဤရက်ပိုင်းအတွင်း လီရှန်း ချက်ပြုတ်ထားသော အစားအစာများကို အလွန်အကျွံ စားသုံးလာရသောကြောင့် သူမကိုယ်တိုင် ချက်ပြုတ်သော အစားအစာများက အရသာမရှိဟုပင် သူမ ထင်မြင်လာခဲ့သည်။

လီရှန်း၏လက်ရာကိုစားပြီးနောက် လီရှန်းကို ထပ်မံသနားနေမိရပြန်သည်။ လီမိသားစုက လီရှန်းကို နှိပ်စက်ခဲ့သောကြောင့်သာ လီရှန်းက ဤမျှလောက် ကောင်းမွန်သော ဟင်းချက်စွမ်းရည်ကို သင်ယူနိုင်ခဲ့ခြင်း ဖြစ်ရမည်။

သူတို့ ကျန်းမိသားစုတွင် ကလေးများကို ဟင်းချက်ခိုင်းခဲ့ခြင်း မရှိခဲ့ပါချေ။

ဆေးဝါးစက်ရုံ၏ စာမေးပွဲခန်းက အလွန် ကျယ်ဝန်းပြီး စာမေးပွဲခန်းအဖြစ် ပြောင်းလဲထားသော ခန်းမကြီးတစ်ခုသာ ဖြစ်သည်။ စားပွဲနှင့် ထိုင်ခုံများမှာ အသစ်မဟုတ်သော်လည်း အဟောင်းကြီးလည်း မဟုတ်ပေ။

လီရှန်း စာမေးပွဲခန်းထဲသို့ လျှောက်သွားရင်း ဘေးမှစာမေးပွဲ ဖြေသူများ၏ ကြွားလုံးထုတ် စကားများကို နားစွင့်လိုက်သည် ။

“... ဒီစာမေးပွဲခန်းက စားပွဲခုံတွေက သမိုင်းရှိတယ်လေ.. စက်ရုံ စဆောက်တုန်းကတည်းက လုပ်ခဲ့တာလို့ ပြောတယ်

ဒီလောက် နှစ်ပေါင်းများစွာ စာမေးပွဲတွေ အများကြီး ဖြေပြီးခဲ့တာတောင် အသစ်တွေလို ရှိနေတုန်းပဲ

ဒါကိုကြည့်ရင်ဆေးဝါးစက်ရုံက ခေါင်းဆောင်တွေက ဘယ်လောက်တောင် အကာအကွယ် ပေးနေလဲဆိုတာကို ပြသနေတာပဲ... #$&#_&$”

လီရှန်းသည်လည်း ဤသတင်းအချက်အလက်ကို ပထမဦးဆုံးအကြိမ်အဖြစ် ရရှိခဲ့သည်။ ဤစားပွဲခုံများနှင့် ကုလားထိုင်များက အသစ်မဖြစ်နေခြင်းမှာ ၎င်းတို့ကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့သောကြောင့်သာ ဖြစ်သည်။

စာမေးပွဲခန်းထဲသို့ ဝင်ရောက်လာပြီးနောက် လီရှန်းက စာရွက်စာတမ်းများကို ခေါင်းငုံ့ကြည့်နေဆဲဖြစ်သော၊ အချိန်နောက်ကျမှ လေ့လာနေသည့် လီလင်းကို တွေ့လိုက်ရသည်။

သူမက ဦးစွာ ဝင်ပေါက်ရှိ စာရင်းသွင်းဌာနသို့ သွားရောက်စာရင်းပေးသွင်းခဲ့ပြီးနောက် သူမ၏ ထိုင်ခုံနံပါတ်ကို သိလိုက်ရသည်။

ထိုနံပါတ်သည်က လီလင်း၏ဘေးဘက်တွင်ရှိနေပြီး လီလင်း၏ နောက်တစ်ဖက်တွင်တော့ ထိုအချိန်တုန်းက သူမတို့၏ရှေ့မှ လျှောက်လွှာတင်ရန်မေးမြန်းခဲ့ကြသည့် ရဲဘော်အချို့ ရှိနေသည်။

ထို့ကြောင့် ထိုင်ခုံနံပါတ်များကို စာရင်းပေးသွင်းသည့် အစဉ်အတိုင်း စီစဉ်ထားခြင်းဖြစ်ကြောင်း တွေ့နိုင်ခဲ့သည်။

လီလင်းက ပတ်ဝန်းကျင်ကို လုံးဝဂရုမမူသည် မဟုတ်ပေ။ လီရှန်း ထိုင်လိုက်သည်နှင့် သူမက လှည့်ကြည့်လာခဲ့သည်။

သူမ၏မျက်လုံးအောက်တွင် လီရှန်းရင်းနှီးသော မဲညစ်ညစ်အကွင်းများ ရှိနေပြီး ဤရက်များအတွင်း လီလင်းတစ်ယောက် ကောင်းကောင်းမအိပ်ရသေးသည်ကို ထင်ရှားစွာ မြင်ရသည်။

လီရှန်းအနေဖြင့် လီလင်း၏ မိသားစုက ယုံကြည်စိတ်ချရမှု မရှိခြင်းအတွက် အနည်းငယ် အထင်သေးသွားခဲ့ရသည်။လီလင်း သမ်းဝေလိုက်ပြီး ညည်းညူလာသည်။

“... ငါ အိမ်ပြန်ရောက်တော့ သည်းမခံနိုင်လို့ ကုတင်ပျဉ်ပြား အဟောင်း နှစ်ချပ်ကို သွားသယ်ပြီး လှေကားခုံအောက်ခြေမှာ ခုတင်လုပ်ပြီး၊ ဘေးဘက်တွေမှာ ကုလားကာစိုက်ပြီး သုံးည အိပ်ခဲ့ရတယ်

ဒါပေမဲ့ နင် သိတဲ့အတိုင်းပဲ၊ ငါတို့ တိုက်ခန်းမှာ လူတွေ များပြီး ပါးစပ်တွေလည်း များတယ်.. ငါ ကောင်းကောင်း မအိပ်ရဲဘူးလေ

နှစ်နာရီလောက်ပဲ မှိန်းလိုက်၊ စာအုပ် ထိုင်ဖတ်လိုက်နဲ့ စာမေးပွဲ ဖြေရတဲ့အထိ အောင့်အီးခဲ့ရတာ”

All Chapters