← Chapters

ပြည့်စုံသူနှင့် မပြည့်စုံသူ

Vol. 1 Ch. 40

ပြည့်စုံသူနှင့် မပြည့်စုံသူ

Vol. 1 Ch. 40

ရက်ပေါင်းများစွာ ကျဆင်းနေခဲ့သည့် နှင်းများမှာ ယခုတော့ ရပ်တန့်သွားပြီ ဖြစ်ကာ နေရောင် ပေါ်ထွက်လာပြီ ဖြစ်လေသည်။

နေရောင် ပေါ်ထွက်လာပြီ ဖြစ်သည့်အတွက် လောကကြီး တစ်ခုလုံး ပုံမှန်ပြန်ဖြစ် သွားလေ သည်။

သို့သော်… ဤနေ့ကတော့ ထူးခြားသည့် နေ့တစ်နေ့ ဖြစ်လေသည်။

ပိုင်ယွိဖေးမှာ ခန်းမထဲရှိ စားပွဲများကို အဝတ်တစ်ထည်ဖြင့် သုတ်နေလေသည်။ အလုပ် လုပ်နေရသည့် အတွက် သူ့မှာ အချိန်အားသည်ဟု မရှိ သလောက်ပင်။ အိမ်တော်ထိန်း ဝူမှာ သူ့ကိုကြည့်ပြီး မျက်လုံးများ တောက်ပသွားသည်။ တကယ်တမ်း အလုပ် ဖြုတ်ပစ်သင့်သည့် သူမှာ ဆန်းလျန် ဖြစ်သည်ဟု အိမ်တော်ထိန်း ဝူက စဉ်းစား နေမိလေသည်။

အိမ်တော်ထိန်းဝူ တွေးသည်မှာ မမှားပေ။ ဆန်းလျန်မှာ မည်သည့် အလုပ်မျှ လုပ်ခြင်း မရှိပါ။ လက်ဖက်ရည် ထိုင်သောက်နေလေသည်။ ပုံမှန် လက်ဖက်ခြောက်ကိုပင် နံနက်ခင်း နှင်းရည်နှင့် ဖျော်ထားသည့် လက်ဖက်ရည် ဖြစ်လေသည်။ လက်ဖက်ရည် ပန်းကန်မှ အငွေ့လေးများ ထွက်နေလေသည်။

ဘေးမှ ကြည့်နေသည့် သာမန်လူများကတော့ ပိုင်ယွိဖေးကို အလုပ် ကြိုးစားသူ တစ်ယောက်ဟု မြင်ပြီး ဆန်းလျန်ကတော့ ပိုင်ယွိဖေး အလုပ်လုပ်နေသည်မှာ သိုင်းပညာ လေ့ကျင့်နေခြင်း ဖြစ်သည်ဟု မြင်မိလေသည်။

သူ၏ ခန္ဓာကိုယ်မှ ဆွဲအားမှာ သာမန်လူများထက် နည်းနေလေသည်။ သူ့ခြေတစ်ဖက် ချလိုက်သည်နှင့် သူ၏ ခြေဖနောင့်ရိုးဖြင့် အရင်ချလိုက် ကိုယ်က အရှေ့သို့ ရောက်သွားလေသည်။ သူ၏ လှုပ်ရှားပုံမှာ ထူးဆန်းလေသည်။ သို့သော် မည်သူမျှ သတိ ပြုမိကြခြင်း မရှိပေ။

ထိုကဲ့သို့သော သိုင်းပညာမျိုးမှာ ခန္ဓာကိုယ် လှုပ်ရှားမှု အပေါ်တွင် မူတည်ပြီး ဟန်ချက်ညီအောင် လေ့ကျင့်ရသည့် သိုင်းပညာမျိုး ဖြစ်လေသည်။

ရှေးဟောင်းဆိုရိုး တစ်ခု ရှိလေသည်။

"သိုင်းပညာလေ့ကျင့်ပါ။ တိုင်းပြည်ကို သစ္စာတရားနှင့် အုပ်ချုပ်ပါ။ စကြဝဠာကြီး တစ်ခုလုံး ငြိမ်းချမ်း ပါလိမ့်မည်။ ထိုငြိမ်းချမ်းခြင်း ဆိုသည်မှာ ဟန်ချက် ညီခြင်းမှ ဖြစ်ပေါ်လာသည်"

ဟူ၍ ဖြစ်လေသည်။

လောကကြီး တစ်ခုလုံး ဟန်ချက် ညီနေနိုင်ဖို့ ကတော့ ရှားပါးသည့် ကိစ္စဖြစ်လေသည်။

ထိုသို့သော ခန္ဓာကိုယ် ဟန်ချက်ညီညီ လှုပ်ရှားနေမှုမှာ ပိုင်ယွိဖေးနှင့် အံဝင်ခွင်ကျ ဖြစ်နေလေသည်။ အဘယ်ကြောင့်ဆိုသော် ပိုင်ယွိဖေး၏ ကျောရိုး ဖွဲ့စည်းပုံမှာ သာမန် လူများထက် ထူးခြားသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် သူ၏ ကိုယ်ဖော့ပညာမှာ အခြားသူများနှင့် မတူဘဲ ထူးခြားနေခြင်း ဖြစ်လေသည်။ သူ့ကိုယ်သူ ဟန်ချက်ညီအောင် ကြိုးစားနေရင်း ဟန်ချက် မညီသလို ဖြစ်နေသည့် ပုံမျိုးဖြစ်လေသည်။ သို့သော် သူ၏သိုင်းပညာနှင့်တော့ တစ်သားတည်းကျနေလေသည်။

"သူ့ဓားချက်က လျင်မြန်မှု မရှိဘူး။ ဒါပေမယ့် သူ့အစွမ်းနဲ့ ပေါင်းစပ်လိုက်ရင်တော့ အရမ်းကို လျင်မြန်သွားမှာပဲ"

ပိုင်ယွိဖေး၏ လှုပ်ရှားမှုများကို ကြည့်ပြီး ဆန်းလျန် ပုံဖော်နေမိခြင်း ဖြစ်လေသည်။ သူ၏ ဓားသိုင်းပညာမှာ ကွင်းဆက်များကဲ့သို့ ချိတ်ဆက်နေပြီး ရှောင်တိမ်းဖို့ ခက်ခဲမည် ဖြစ်လေသည်။

သို့သော် ပိုင်ယွိဖေး၏ ဓားသိုင်းပညာမှာ ဓားနှင့်လူ တစ်ထပ်တည်း ကျသည်အထိ အဆင့်မမြင့် သေးသောကြောင့် ခန္ဓာကိုယ် လှုပ်ရှားမှုနှင့် ဓားသိုင်း ပေါင်းစပ်မှုမှာ ပြည့်စုံခြင်း မရှိသေးကြောင်း ဆန်းလျန် ရိပ်မိလိုက်လေသည်။

ပိုင်ယွိဖေးမှာ အလုပ်များ လုပ်နေရသော်လည်း ပင်ပန်းသည့်ပုံ မပေါ်ပေ။ သူ့ဘဝတစ်ခုလုံးတွင် မည်သည့် အလုပ်မျှ လုပ်ခဲ့ဖူးခြင်း မရှိပေ။ မည်သည့်အခါမှလည်း နေထိုင် စားသောက်ဖို့အတွက် ဝင်ငွေ ရသည့်အလုပ် မလုပ်ခဲ့ဖူးပေ။ သူသိုင်းလောကသို့ ဝင်ရောက်လာပြီး သူစိတ်တိုင်းကျ နေခဲ့ခြင်း ဖြစ်လေသည်။ သို့သော် သူ့တွင် အန္တရယ်ရှိသည်ဟု ခံစားနေရပြီး ဆန်းလျန် ရှိနေသည့်အတွက် အကာအကွယ် ရှိသလို ခံစားနေရသည်။ သူ့ဘဝတွင် ပထမဆုံးအကြိမ် ထိုကဲ့သို့ ခံစားမိခြင်း ဖြစ်လေသည်။ ဆန်းလျန်မှာ လေးစားထိုက်သူ တစ်ယောက် ဟူ၍လည်း သူခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်မှာ အခြားသူများတွင် မရှိသည့် အစွမ်းအစများ ရှိသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်မှာ တွေးရင်း အတွေးထဲ နစ်မြောကာ ငေးနေမိသလို ပိုင်ယွိဖေးမှာလည်း ထိုနည်းတူပင် ဖြစ်လေသည်။ သူတို့ မျက်လုံးများထဲတွင် မည်သည့် မနာလိုစိတ်မှ ကိန်းအောင်း မနေကြပေ။

ပိုင်ယွိဖေးမှာ သိုင်းလောကထဲတွင် လှည့်လည် သွားလာနေပြီး လူပေါင်းများစွာနှင့် တွေ့ဖူး လေသည်။ ဆန်းလျန်မှာ ထိုသူများနှင့် မတူဘဲ အလွန်ထူးခြားသည့် လူတစ်ယောက်ဖြစ်ပြီး သူ့ ကိုယ်ပိုင်ဟန်ဖြင့် အသက်ရှင်သူ ဖြစ်လေသည်။

"သခင်လေး ... သခင်ကြီး သိပ်နေမကောင်းဘူး။ သခင်လေး အမြန်ပြန်သွား ကြည့်သင့်တယ်"

မီးခိုးရောင် ဝတ်ဆင်ထားသူ တစ်ယောက်က တံခါးဝမှ အော်ပြောလိုက်သည်။ ထိုသူမှာ ဝါးရွက်စိမ်း ဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက် ဖြစ်ပြီး သူက "သခင်လေး" ဟု ခေါ်လိုက်သည့် သူမှာ ဆန်းလျန်ကို ခေါ်ခြင်း မဟုတ်ဘဲ အန်းရန်ကျယ်ကို ခေါ်လိုက်ခြင်း ဖြစ်လေသည်။

"အဘိုးကြီးက နေမကောင်းချင်ယောင် ဆောင်ပြီး ငါ့ကို ပြန်လာအောင် လှည့်စားနေတာ မဟုတ်လား"

အန်းရန်ကျယ်က ပြန်အော် ပြောလိုက်လေသည်။

"ဒီတစ်ခါ တကယ် အရေးကြီးပါတယ် သခင်လေး။ မင်ကျန်းတောင်က သခင်လေး ရောက်လာပြီး ဂိုဏ်းရဲ့ ရတနာကို ယူသွားပါတယ်။ ဂိုဏ်းချုပ်လည်း ဒဏ်ရာ ရသွားပါတယ်။ သခင်လေး ပြန်လိုက်ခဲ့ သင့်တယ်"

ဝါးရွက်စိမ်း ဂိုဏ်းသားက ပြောလိုက်လေသည်။

အန်းရန်ကျယ် မျက်နှာ ပျက်သွားလေသည်။ သူက သိုင်းလောကမှ ကိစ္စများကို စိတ်ဝင်စားသူ မဟုတ်သော်လည်း မင်ကျန်းတောင် အကြောင်းကိုတော့ သူ ကောင်းကောင်းသိလေသည်။

ပိုင်ယွိဖေးမှာလည်း မျက်နှာ ပျက်သွားလေသည်။

"နောက်ဆုံးတော့ သူတို့ လိုက်လာပြီပေါ့"

ဟုပြောလိုက်လေသည်။

"ပန်းချီကားကို သိမ်းမထား သင့်ဘူးလို့ ငါပြောသားပဲ။ အဲဒါကို မီးရှို့ပစ်လိုက်ရင် ကိစ္စပြတ်ပြီ။ ဒါပေမယ့် အဘိုးကြီးက အဲဒါကို ရတနာတစ်ပါးလို တန်ဖိုးထားနေတာ။ အဲဒီပစ္စည်းက နတ်ဘုရားတွေနဲ့ ပတ်သက်နေတယ် ဆိုရင်တောင် ငါတို့မိသားစုထဲမှာ ဒီလောက်နှစ်တွေ ကြာနေပြီ ဘယ်သူမှ နတ်ဘုရား ဖြစ်မလာကြဘူး။ ငါ့မှာလည်း ဘာစွမ်းအားမှ ရမလာဘူး။ ခုတော့ အဲဒီပစ္စည်း ဆုံးရှုံးလိုက်ရပြီ။ အဲဒါ ကောင်းတာပေါ့။ ဘယ်သူ လာယူမလဲဆိုတာ ကြောက်နေစရာ မလိုတော့ဘူး"

အန်းရန်ကျယ်ကို ကြည့်ရသည်မှာ ဒေါသ မထွက်သည့်အပြင် ဝမ်းတောင် သာနေသည့်ပုံ ဖြစ်လေသည်။

သူက ဆန်းလျန်ကို လှည့်ပြောလိုက်သည်။

"ဆန်းသခင်လေး အဲဒီလို ပစ္စည်းမျိုးကို မင်း စိတ်ဝင်စားတယ် မလား။ ခုတော့ အခွင့်အရေး ရပြီ။ အဲဒီပစ္စည်းကို မင်းယူလိုက်ရင် အဘိုးကြီးက မင်းဆီက ပြန်တောင်းရဲမှာ မဟုတ်တော့ဘူး"

"ရှာနေဖို့ မလိုပါဘူးကွာ။ သူ့ဟာသူ ရောက်လာမှာပါ"

ဆန်းလျန်က တည်ငြိမ်စွာ ပြောရင်း ပြုံးလိုက်လေသည်။

ရယူခြင်းနှင့် ဆုံးရှုံးခြင်းမှာ ခန့်မှန်းရ ခက်လေသည်။ အရာအားလုံးသည် ကံတရား အတိုင်းသာ ဖြစ်လေသည်။

ကံကောင်းခြင်း ဆိုသည်မှာလည်း ကံတရား အတိုင်းပင် ဖြစ်သလို ကံဆိုးခြင်း ဆိုသည်မှာလည်း ကံတရားအတိုင်းပင် ဖြစ်လေသည်။ တွေ့ဆုံခြင်း ဆိုသည်မှာလည်း ကံတရား အတိုင်းပင် ဖြစ်ပြီး ခွဲခွာရခြင်း မှာလည်း ကံတရား အတိုင်းပင် ဖြစ်လေသည်။ မည်သူမျှ ကံတရားကို မသိနိုင်ပေ။

မီးခိုးရောင်ဝတ် ဂိုဏ်းသား၏ မျက်နှာတွင် ကြောက်ရွံ့ ထိတ်လန့်မှုများ အထင်းသား ပေါ်လွင် သွားလေသည်။

သူက အရှေ့ဘက်သို့ လက်ညှိုးညွှန်ပြရင်း…

"သခင်လေး အဲဒီဝေါယာဉ်က မင်ကျန်းတောင် သခင်လေးရဲ့ ဝေါယာဉ်ပဲ"

အစိမ်းရောင် ဝေါယာဉ်မှာ မြေပြင်မှလည်း လာခြင်းမဟုတ်သလို နှင်းတောထဲမှ ဖြတ်လာ ခြင်းလည်း မဟုတ်ပါ။ ကောင်းကင်ပေါ်မှ ရောက်လာခြင်း ဖြစ်လေသည်။

အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားကြသည့် ဓားသမားနှစ်ယောက်က ဝေါယာဉ်ကို ထမ်းကာ ပျံသန်း လာကြခြင်း ဖြစ်လေသည်။ ဝေါယာဉ်မှာ မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆိုက်ရောက်လာသည်။ နေရောင်မှာ လင်းလက်တောက်ပ နေသောကြောင့် သူတို့၏ အရိပ်များမှာ ထင်ရှားနေလေသည်။ ထိုအရိပ်များက တည်းခိုရိပ်သာ၏ တံခါး ဝင်ပေါက်ကို ပိတ်ဆို့ သွားလေသည်။

"သခင်လေး ဒီနေရာက "အန်း တည်းခိုရိပ်သာ" ပါပဲ"

အရှေ့ဘက်မှ ဝေါယာဉ်ထမ်းသူ ကျန်းရှီစန်းက ပြောလိုက်သည်။

“ယဉ်ကျေး သိမ်မွေ့သော ဧည့်သည်များသာ မကြာခဏ လာကြသည်”

ယဉ်ကျေး သိမ်မွေ့ခြင်း မရှိသော ဧည့်သည်များကိုလည်း အမြဲတမ်း ကြိုဆိုလျက်ပါ”

တံခါးတိုင်များတွင် ရေးသားထားသည့် ကဗျာက ဆွဲဆောင်မှု ရှိလေသည်။

ဒီဆန်းလျန် ဆိုသည့်လူက ကဗျာရေးလည်း တော်သည်ဟု ကျန်းရှီစန်း တွေးလိုက်မိလေသည်။

"ပိုင်ယွိဖေးလည်း ဒီမှာ ရောက်နေတာကိုး"

ကျန်းရှီစစ်က ပြောလိုက်ခြင်း ဖြစ်လေသည်။ ပိုင်ယွိဖေးကို သူလေးစားသည်မှာ ထင်ရှား နေလေသည်။

အမှန်တော့ ကျန်းရှီစန်းနှင့် ကျန်းရှီစစ်တို့ နှစ်ယောက်မှာ ပိုင်ယွိဖေးကို ချင်ပြည်နယ် နယ်စပ်အထိ လိုက်လံ တိုက်ခိုက် ခဲ့ကြသည့် လူများ ဖြစ်လေသည်။

***

မင်ကျန်းတောင် သခင်လေးမှာ ဘီးတပ် ကုလားထိုင်နှင့် သွားလာနေရသည့် လူတစ်ယောက်ဟု မည်သူမျှ ထင်မည် မဟုတ်ပေ။

ပိုင်ယွိဖေးမှာ ရဲ့လျိုယွင်ကို တွေ့လိုက်ရသည်နှင့် သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့သည့်အတွက် မုန်းတီးမိသည့် အာဃာတ တရားများမှာ  မီးခိုးငွေ့ကဲ့သို့ လွင့်စဉ်ပပျောက် သွားရလေသည်။

ရဲ့လျိုယွင်မှာ မိသားစု နောက်ခံ အသိုင်းအဝိုင်း ကောင်းမွန်ပြီး ရုပ်ရည်လည်း ချောမောသလို သူ၏ သိုင်းစွမ်းမှာလည်း အလွန် ထက်မြက်လေသည်။ ထိုသို့ ပြည့်စုံလွန်းသည့် အတွက် နတ်ဘုရား များက မနာလို ဖြစ်သောကြောင့် ဤသို့ ဖြစ်ရသည်လားဟု တွေးစရာပင်။

လုံးဝ ပြည့်စုံနေသည့် လူတစ်ယောက်ပင်လျှင် ပြစ်ချက်ကတော့ ရှိနေစမြဲပင်။ ရှောင်လွဲ၍ မရသော ကံတရားပင် ဖြစ်လေသည်။ ကံတရားဆိုသည်မှာ စိတ်ဝိညာဉ် အပေါ်တွင် မူတည်ပြီး ရုပ်ဝတ္ထု ပစ္စည်းများနှင့် မသက်ဆိုင်ပေ။

သာမန် ကျောက်တုံးတစ်တုံးတွင် အပြစ် အနာအဆာလေး ရှိပါက မည်သူမျှ အရေး ထားလိမ့်မည် မဟုတ်ပေ။

သို့သော် … တန်ဖိုးကြီး ကျောက်စိမ်းတစ်တုံးတွင် အပြစ် အနာအဆာလေး ရှိနေပါက အားလုံးက စိတ်မကောင်း ဖြစ်ကြမည် ဖြစ်လေသည်။

ပိုင်ယွိဖေးက ရဲ့လျိုယွင်ကို သနားနေချိန်တွင် အန်းရန်ကျယ်ကတော့ သတိ လစ်သွားပြီ ဖြစ်လေသည်။

အန်းရန်ကျယ်ကို သတင်းလာပေးသည့် မီးခိုးရောင်ဝတ် ဂိုဏ်းသားမှာ ရဲ့လျိုယွင်ကို မမြင်ဖူးပါ။ အဘယ်ကြောင့်ဆိုသော် ဝါးရွက်စိမ်း ဂိုဏ်းကို ကျန်းရှီစန်း တစ်ယောက်တည်း တိုက်ခိုက်ရုံဖြင့် အနိုင် ရခဲ့သောကြောင့် ဖြစ်လေသည်။

"အစ်ကိုပိုင် အဲဒီနေ့က မင်း အမြန် ထွက်သွားတာနဲ့ နှုတ်ဆက်စကားတောင် မပြောလိုက်ရဘူး။ မင်းရဲ့ဓားလည်း ကျန်ခဲ့တယ်လေ။ ဓားဆိုတာ သူ့ပိုင်ရှင်ဆီကို ပြန်သွားရမှာပဲ။ ဒီနေ့တော့ ဓားပိုင်ရှင်ကို ရှာတွေ့ပြီ"

ရဲ့လျိုယွင်၏ လက်ထဲတွင် အဖြူရောင် ဓားတစ်လက်ကို ကိုင်ထားလေသည်။ အဖြူရောင်ဓား ဆိုသော်လည်း လက်ကိုင် ဓားရိုးကတော့ အနက်ရောင် ဖြစ်လေသည်။ ဓားမှာ ရဲ့လျိုယွင်၏ လက်ထဲတွင် အလင်းတန်းလေး တစ်ခု ကိုင်ထားသလို ဖြစ်နေလေသည်။

ဤကဲ့သို့သော ဓားမျိုးကို ညဘက်ကိုင်လျှင် အလွန်ပင် သိသာထင်ရှားမည် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ပိုင်ယွိဖေးမှာ စောရတစ်ယောက် ဖြစ်သော်လည်း သိုင်းပညာ ယှဉ်ပြိုင်သည့် အခါတွင်တော့ မည်သည့် အခါမှ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းမျိုး မလုပ်ပေ။

အလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ပိုင်ယွိဖေးက သူ၏ဓားကို ဖမ်းယူ လိုက်လေသည်။

သူ၏ဓားကို ကြည့်ရင်း ပိုင်ယွိဖေးမှာ တိတ်ဆိတ်ငြိမ်သက် သွားရလေသည်။

ဓားအိမ်ပေါ်တွင် "ပိုင်ယွိ" စာလုံးလေး နှစ်လုံး ရေးထွင်း ထားလေသည်။

ယခုတော့ ထိုစာလုံး နှစ်လုံးမှာ "ပိုင်ယွိ" မဟုတ်တော့ဘဲ "စွေ့ယွိ" ဟူ၍ ဖြစ်နေလေသည်။

"စွေ့ယွိ"မှ "စွေ့" ဆိုသည့် စကားလုံးမှာ စာလုံးဆွဲချက် တိုင်းတွင် နက်နက်ရှိုင်းရှိုင်း ဖြစ်နေ လေသည်။

ဓားအိမ်ပေါ်ရှိ မူလစာလုံးဖြစ်သည့် "ပိုင်" ဆိုသည့် စာလုံးကို ဖျက်ပြီး ရေးထားခြင်းမျိုး မဟုတ်ဘဲ "ပိုင်" ဆိုသည့် စာလုံးပေါ်တွင် ထပ်ပြီး ရေးထားခြင်း ဖြစ်လေသည်။

အဖြူရောင် ကျောက်စိမ်း ပျက်စီး သွားခဲ့လေသည်။ ဘာလုပ် ရတော့မည်နည်း။

(မှတ်ချက် - ပိုင်ယွိ = အဖြူရောင် ကျောက်စိမ်း ၊ စွေ့ယွိ = ပျက်စီးသွားသော ကျောက်စိမ်း)

"ဘာများဖြစ်လို့လဲ အစ်ကိုပိုင်။ ဓားအိမ်ပေါ်က စာသားတွေက မကောင်းလို့လား။ "စွေ့ယွိ" ဆိုတဲ့ စာသားက မကောင်းဘူး ဆိုရင် ကိုယ့်ဟာကိုယ်ပဲ ပြန်ပြင် ရေးလိုက်လေ။ ဒါမှမဟုတ် တခြားသူတွေကို ကူရေးခိုင်းလိုက်ပေါ့"

ဓားကို တကယ့် သံမဏိကောင်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်လေသည်။ တာ့လိကျင်းကန်း ကဲ့သို့သော လက်ရေးသိုင်းအား ကောင်းသူသာလျှင် ဓားပေါ်တွင် ရေးထွင်းနိုင်မည် ဖြစ်လေသည်။ လူတစ်ယောက်၏ သာမန် သိုင်းစွမ်းအားဖြင့် ရေးနိုင်မည် မဟုတ်ပေ။

ရဲ့လျိုယွင် ပြောလိုက်သည့် "အခြားသူတွေကို ကူ ရေးခိုင်းလိုက်ပေါ့" ဟူသည့် စကားမှာ ဆန်းလျန်ကို ရည်ညွှန်းပြီး ပြောလိုက်ခြင်း ဖြစ်လေသည်။

အစပိုင်းတွင်တော့ ရဲ့လျိုယွင်က ဆန်းလျန်ကို စိတ်ဝင်စား ခဲ့လေသည်။

တကယ်တမ်းတွင်တော့ ဆန်းလျန်၏ ပုံစံမှာ ရဲ့လျိုယွင်၏ အတုမရှိ ပြိုင်ဘက်ကင်းသည့် ပုံစံနှင့် တစ်ပုံတည်း တူနေလေသည်။ ဆန်းလျန်မှာ ခြေထောက်များ ကျိုးနေခြင်း မရှိသည့် ရဲ့လျိုယွင်၏ ပြည့်စုံလွန်းသည့် ပုံရိပ်ဟုပင် ထင်ရ လောက်ပေတော့သည်။

***

All Chapters