← Chapters

စိတ်ရင်းနှင့်တောင်းပန်ပါတယ်

Vol. 4 Ch. 39

စိတ်ရင်းနှင့်တောင်းပန်ပါတယ်

Vol. 4 Ch. 39

စုဝေ့ချင်းတစ်ယောက် သူ၏ အမေက လီရှန်းနှင့် စကားဆက်ပြောနေသည်ကို မြင်လျှင် မလိုအပ်သည့်စကားများကို ပြောမိမည်ကိုစိုးရိမ်သောကြောင့် ကြားဖြတ်၍မိတ်ဆက်ပေးရန် ကြိုးစားခဲ့သည်။

သို့သော်လည်း လော်ယွီရှို့က သူ့ကို ဘေးသို့တွန်းထုတ်ကာ လီရှန်းကိုသာ စကားပြောနေခဲ့သည်။

“ရှန်းရှန်း... သူ့ကို ဂရုမစိုက်ပါနဲ့.. သူက ဟိုဟာစိတ်ပူ ၊ ဒီဟာစိတ်ပူဖြစ်ပြီး အန်တီတို့ကို သမီးနဲ့ မတွေ့စေချင်တာ.. အန်တီက သားရဲကြီးလည်း မဟုတ်ပါဘူး၊ သူ ဘာတွေကို ကြောက်နေတာလဲ မသိဘူး”

လော်ယွီရှို့အနေဖြင့် အမှန်တကယ်ပင် မတွေးနိုင်ခဲ့ပါချေ။

သူမကိုယ်သူမတော့ အတော်လေး ကောင်းမွန်သည်ဟုလည်း ယူဆနေခဲ့၏။

ထို့နောက် သူမက လီရှန်း၏ လက်ဖမိုးကို ပုတ်လိုက်၍ ဆက်ပြောခဲ့သည်။

“အန်တီ သမီးကိုရှန်းရှန်းလို့ ခေါ်လို့ရတယ်မလား”

“အမေက ခေါ်ပြီးမှ ခွင့်တောင်းနေတာပဲ.. ရဲဘော်လော်... အမေ သိပ်ပြီး ရိုးသားမှုမရှိတော့ဘူးနော်”

စုဝေ့ချင်းက ခေါင်းခါရမ်း၍ ပြောလိုက်သည်။

“မင်းကတော့... သွား .. ဟိုဘက်ကိုသွားပြီး မင်းအဖေနဲ့ စကားပြောနေလိုက်.. ငါတို့ အမျိုးသမီးတွေ ကြားထဲကစကားဝိုင်းမှာ လာမရှုပ်နဲ့”

လော်ယွီရှို့က စုဝေ့ချင်းကို လက်သီးထောင်ပြလိုက်သည်။

စုဝေ့ချင်းတစ်ယောက် ပို၍ပင် ကူကယ်ရာမဲ့သွားရသည်။ သူ့အနေဖြင့် လော်ယွီရှို့ကို တားဆီးချင်သော်လည်း အခွင့်အရေးမရခဲ့ပေ။

လော်ယွီရှို့မှ သူတို့၏နောက်ခံအကြောင်းများကို မဖော်ပြမိရန်သာ ဆုတောင်းနေရတော့သည်။

စုဝေ့ချင်း သူ့အစ်ကိုနှစ်ယောက်၏ အိမ်ထောင်ရေးကို ပြန်လည်စဉ်းစားလိုက်မိသည်။ အစ်ကိုနှစ်ယောက်လုံးက အိမ်ထောင်ပြုရာတွင် မည်သည့်အတွက်မှ အားစိုက်ထုတ်စရာ မလိုခဲ့ကြပေ။

သူ့အလှည့်ကျမှ အဘယ်ကြောင့် ဤမျှ ခက်ခဲနေရသနည်း။

ချစ်သူတောင် မဖြစ်ရသေးခင်မှာပင် မိဘတွေနှင့် နှစ်ခါဆက်တိုက် လူမိသွားရပြီ!

“လျှောက်တွေးမနေနဲ့၊ မင်းအမေက အသိတရားရှိပါတယ်”

စုဝေ့မင်က သားငယ်ဖြစ်သူ၏ ပုခုံးကို ပုတ်လိုက်ပြီး ပြောလာခဲ့သည်။

“မင်းအမေက ရဲဘော်လီနဲ့ ဘာတွေပြောနေမလဲဆိုတာကို စဉ်းစားကြည့်လိုက်”

အိမ်ထောင်ပြုဖို့...

စုဝေ့ချင်း၏ ပါးပြင်များက ချက်ချင်းဆိုသလို နီမြန်းသွားပြန်သည်။ ထိုစကားလုံးကို တွေးမိသည်နှင့် သွေးများဆောင့်တိုးလာပြီး တစ်ကိုယ်လုံး မူးဝေသွားသကဲ့သိာ့ ခံစားရသည်။

သို့သော်လည်း ရဲဘော်လော်ယွီရှို့သည်က စုဝေ့မင် ထင်သလောက် စိတ်မချရပေ။ သူမက စုဝေ့ချင်း၏ အကြောင်းစုံကို လီရှန်းထံသို့ အလုံးစုံပြောပြလိုက်လေပြီ။

လီရှန်းက စုဝေ့ချင်းကို အပြုံးတစ်ခုဖြင့် ကြည့်ကာ ပြောလာခဲ့သည်။

“ရှင်က ဆေးဝါးစက်ရုံက အရာရှိရဲ့သားဖြစ်နေလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး”

စုဝေ့ချင်း: “!!!”

ရဲဘော်လော်ယွီရှို့က လုံးဝ စိတ်မချရကြောင်းကို သူသိလိုက်ရလေပြီ!

သူ့အနေဖြင့် အမြန်ရှင်းပြချင်သော်လည်း သူအကြောက်ဆုံးအရာ ဖြစ်လာခဲ့သည်။ ဘတ်စ်ကားက အချိန်မီရောက်လာပြီး တံခါးပွင့်လာခဲ့သည်။

လီရှန်းလည်း ချက်ချင်းပင် ကားပေါ်သို့တက်သွားခဲ့သည်။ စုဝေ့ချင်းတစ်ယောက် မည်သည့်အရာကိုမှ မစဉ်းစားတော့ဘဲ လီရှန်း၏နောက်မှ အမီလိုက်သွားခဲ့သည်။

အလုပ်ဆင်းချိန် ကျော်လွန်သွားပြီဖြစ်သဖြင့် ကားပေါ်တွင် လူသိပ်မရှိနေခဲ့တော့ပေ။

လီရှန်းက ပြတင်းပေါက်ဘေးမှ ခုံအလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်သည်။ စုဝေ့ချင်းသည်လည်း စိုးရိမ်တကြီးဖြင့် သူမ၏ဘေးနားရှိ ခုံတွင် ဝင်ထိုင်လိုက်လေ၏။

သူ ခေါင်းငုံ့ထားရင်း လီရှန်းကို ခိုးကြည့်လိုက်သည်။

“ရဲဘော်လီရှန်း... မင်း စိတ်ဆိုးသွားတာလား”

လီရှန်း: “မဆိုးပါဘူး”

လီရီန်း၏ ပုံမှန်ပြုံးနေကျ အပြုံးပင် ပျောက်ကွယ်နေပြီဖြစ်၍ စိတ်ဆိုးနေသည်မှာ သေချာပေသည်။

စုဝေ့ချင်းတစ်ယောက် စကားမပြောတတ်တော့ဘဲ နားရွက်များကသာ နီမြန်းနေကာ နှင်းဒဏ်သင့်ထားသော ခွေးပေါက်လေးကဲ့သို့ သနားစဖွယ် ကြည့်နေခဲ့သည်။

လီရှန်းက သူ့ကို ဂရုမစိုက်တော့ချေ။

ကားပေါ်တွင် မှိန်ဖျော့သော မီးလုံးလေးသာ ရှိသည်။ သူမအနေဖြင့် ထိုမီးဖြင့် စာဖတ်နိုင်သော်လည်း စာမေးပွဲပြီးသွားပြီဖြစ်သောကြောင့် အချိန်နှင့်လု၍ ဖတ်နေရန် မလိုတော့ပေ။

ထို့ကြောင့် သူမက ပြတင်းပေါက်အပြင်ဘက်သို့သာ ငေးကြည့်နေခဲ့သည်။ ယခုခေတ်ကာလတွင် ပိုင်မားခရိုင်က နေမှောင်သွားသည်နှင့် လုံးဝအမှောင်ကျသွားတတ်သည်။

လမ်းမီးတိုင်ပင် အနည်းငယ်သာ ရှိပေသည်။ မြို့ကြီးများနှင့် နှိုင်းယှဉ်၍ မရသကဲ့သို့ နောက်ပိုင်းခေတ်များမှ မီးရောင်စုံများနှင့်လည်း ကွာခြားလှသည်။

လီရှန်း သူမ၏ ပထမဆုံး မစ်ရှင်အတွက် တာဝန်ထမ်းဆောင်ရစဥ်က ပိုင်မားခရိုင်ကို ရောက်ခဲ့ကြောင်း မှတ်မိနေသေးသည်...

သို့သော် ပိုင်မားခရိုင်ကို အလွန်ခေတ်မီအောင် တည်ဆောက်ထားခြင်းကြောင့် သူမ၏မှတ်ဥာဏ်ထဲမှ ပိုင်မားခရိုင်၏ အရိပ်အယောင်ကိုပင် သူမမှတ်မိနိုင်ခဲ့ပါချေ။

နောက်ပိုင်း မစ်ရှင်ကမ္ဘာများတွင်တော့ သူမက ပိုင်မားခရိုင်ကို မည်သည့်အချိန်တွင်မှ မရွေးချယ်ခဲ့တော့ပေ။

စုဝေချင်းက စကားမပြောလာခဲ့သော်လည်း လီရှန်း ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေချိန်တွင် လီရှန်း၏မျက်လုံးထဲမှ ဝမ်းနည်းမှုကို သေချာပေါက်မြင်လိုက်ရသည်။

လီရှန်းထံတွင် အဘယ်ကြောင့် ဤကဲ့သို့ မျက်နှာအမူအရာမျိုး ရှိနေကြောင်းကို သူ မတွေးနိုင်ခဲ့ပေ။သို့သော်လည်း သူ့၏မျက်လုံးများက လောင်ကျွမ်းသွားသကဲ့သို့ ခံစားရပြီး နှလုံးသားလည်း တင်းမာသွားရသည်။

လီရှန်းက ဒီလိုမျက်နှာမျိုးဖြစ်နေရလောက်တဲ့အထိဘယ်လိုအရာမျိုးတွေကို ကြုံတွေ့ခဲ့ရတာလဲ။

ထိုအကြောင်းကို စဉ်းစားရင်း စုဝေချင်းတစ်ယောက် ဤအခိုက်အတန့်တွင် သူမအတွက် အလွန်ဝမ်းနည်းခဲ့ရသည်။

စုဝေချင်းက လက်သီးကို တင်းတင်းဆုပ်ထားပြီး တိတ်တဆိတ်ဖြင့် သူ့ကိုယ်သူ အားပေးလိုက်သည်။

“ရဲဘော် လီရှန်း.. ကိုယ် မင်းကို စိတ်ရင်းနဲ့ တောင်းပန်ပါတယ်”

စုဝေချင်း၏ လေသံက အလွန်လေးနက်တည်ကြည်ပြီး သူ့၏ အကြည့်များကလည်း အလွန်စူးရှနေခဲ့သည်။

လီရှန်းက သူ့ကို လှည့်ကြည့်လိုက်သည်။

“ကိုယ် မင်းနဲ့ ပိုပြီးနီးစပ်ချင်လို့ ဆေးဝါးစက်ရုံစာမေးပွဲအကြောင်းကို မေးမြန်းတယ်ဆိုတဲ့ အကြောင်းပြချက်ကိုမပေးခဲ့သင့်ဘူး”

စုဝေချင်း ထိုအကြောင်းကို ပြောပြီးသည်နှင့် စိတ်အေးသွားပုံရပြီး သူ၏ နောက်ထပ်ဆက်ပြောလာသည့် စကားများက ပို၍ချောမွေ့စွာ ထွက်လာခဲ့သည်။

“မင်း ဆေးဝါးစက်ရုံစာမေးပွဲအတွက် စာရင်းသွင်းတဲ့နေ့တုန်းက ကိုယ် မင်းကို တွေ့ခဲ့တယ်”

လီရှန်း အံ့သြသွားရသည်။

အဲဒီနေ့က သူတို့ ပထမဆုံးတွေ့တဲ့နေ့ မဟုတ်ဘူးလား။

စုဝေချင်းက သူ့ကိုယ်သူ ခွဲခြမ်းစိတ်ဖြာပြနေဆဲပင်။

“ကိုယ် မင်းကို ပထမဆုံးအကြိမ်မြင်လိုက်ရတဲ့အချိန်မှာပဲ ချစ်မိသွားပေမဲ့ မင်းရဲ့အကြောင်းကို ဘာတစ်ခုမှ မသိခဲ့ဘူးလေ၊ ဒါကြောင့် ကိုယ့်ရဲ့မိသားစုကိစ္စတွေကို လျစ်လျူရှုပြီး ကားဆီကို ပြေးလာခဲ့တယ်၊

ပြီးတော့ မင်းနဲ့ စကားပြောဖို့အတွက် ဆေးဝါးစက်ရုံစာမေးပွဲကို အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့တယ်”

စုဝေချင်းက “ပထမဆုံးအကြိမ်မြင်လိုက်ရတဲ့အချိန်မှာပဲ ချစ်မိသွားတယ်” ဟု ပြောလာချိန်တွင် သူ့၏မျက်နှာက ခရမ်းချဉ်သီးကဲ့သို့ နီရဲသွားခဲ့သည်။

လီရှန်း: “...”

သူမ တကယ်ဒေါသထွက်နေခဲ့တာမဟုတ်ဘူး။

သူမက ... စုဝေချင်းနဲ့ လက်ထပ်ဖို့အတွက် ဖြစ်နိုင်ခြေကိုတောင် စဉ်းစားနေခဲ့တာပဲ။

သူမပြန်လာခဲ့ပြီ။ သူမရဲ့ကိုယ်ပိုင်ကမ္ဘာကို ပြန်ရောက်လာခဲ့ပြီ။

ဒီတော့ သူမအနေဖြင့် မစ်ရှင်ကမ္ဘာမှာလိုမျိုး မစ်ရှင်တွေကိုပဲ အာရုံစိုက်ပြီး ကိုယ်ရေးကိုယ်တာကိစ္စတွေကို လျစ်လျူရှုထားလို့မရနိုင်တော့ဘူး။

သူမက ဒီနေရာမှာ တစ်သက်လုံး ကုန်ဆုံးသွားရမှာပဲ။

တစ်သက်လုံး တစ်ကိုယ်တည်းနေပြီး အပျိုကြီးတစ်ယောက်ဖြစ်ရတာက မဆိုးဘူးလို့ ပြောပေမဲ့ အခွင့်အရေးရရင် ချောမောတဲ့ လူငယ်တစ်ယောက်နှင့်အတူရှိဖို့ ငြင်းဆန်မှာမဟုတ်ဘူး။

စုဝေချင်းကတော့ မျက်နှာနီရဲစွာဖြင့် သူ့၏ခံစားချက်များကို ရှင်းပြရန်၊ သူ၏အချစ်များကို ဝန်ခံရန် အသံကို နှိမ့်၍ ပြောနေခဲ့သည်။

ရှေ့ခုံတွင် ထိုင်နေသော ခရီးသည်များက သူတို့၏နောက်တွင် တီးတိုးပြောနေကြောင်းကိုသာ ကြားနိုင်ပြီး မည်သည့်အကြောင်းအရာများကို ပြောနေကြောင်းကိုတော့ မသိကြပါချေ။

စုဝေချင်းတစ်ယောက် စကားပြောနေရင်းဖြင့် ပို၍စိတ်အနှောင့်အယှက် ဖြစ်လာရသည်။ မည်သို့ပင်ဖြစ်စေ လီရှန်းက တိတ်ဆိတ်နေခဲ့သောကြောင့် လီရှန်းမှ သူ့ကို ခွင့်လွှတ်ခဲ့၊ မလွှတ်ကို မသိခဲ့ရပါချေ။

သူ့အနေဖြင့် စိုးရိမ်ပူပန်မှုအပြင် နောင်တလည်း ရနေခဲ့သည်။

ဆိုရလျှင် အမျိုးသားတစ်ယောက်က ပွင့်လင်းပြီး ရိုးသားရမည်၊လူကြီးလူကောင်း ဖြစ်ရမယ်။

လှည့်စားမှုများကို သုံးလျှင် အပြစ်ပေးခံရလိမ့်မည်။

ဤသို့ဖြင့် သူတို့ စက်မှုယန္တရားစက်ရုံ၏ ဝင်ပေါက်ကို ရောက်လာခဲ့ကြသည်။

စုဝေ့ချင်းက လီရှန်းတစ်ယောက်ဘတ်စ်ကားပေါ်မှ ဆင်းရန် အသင့်ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည် ။

သူတို့နှစ်ယောက် စက်ပစ္စည်းစက်ရုံ၏ ဂိတ်ကိုရောက်ချိန်တွင် လီရှန်းက ပြောလာခဲ့သည်။

“ရှင် မြန်မြန်ပြန်သွားသင့်တယ်၊ မဟုတ်ရင် နောက်ဆုံးဘတ်စ်ကားကိုလွတ်သွားနိုင်တယ်”

“ကိုယ်...”

စုဝေချင်းတစ်ယောက် မည်သည့်အရာကို ပြောရမှန်းမသိတော့ဘဲ ခေါင်းကို ရှက်ရွံ့စွာ ငုံ့ထားလိုက်ပြီး လက်နှစ်ဘက်ကို နောက်ကျောဘက်တိင်ထားကာ မြေပြင်ပေါ်တွင် ခြေထောက်များကို ပွတ်သပ်နေခဲ့သည်။

လီရှန်းအနေဖြင့် စုဝေချင်း၏ အပြုအမူက အတော်လေး ရယ်စရာကောင်းသည်ဟု ထင်မြင်မိသည်။

တကယ်တမ်းတွင် စုဝေချင်းမှ ဆေးဝါးစက်ရုံ၏ စာမေးပွဲမေးခွမ်းဟောင်းစာရွက်များကို ရှာတွေ့နိုင်ကတည်းက သူမ ကြိုတင်ခန့်မှန်းမိခဲ့သည်။

မည်သို့ပင်ဆိုစေ ဆေးဝါးစက်ရုံဆိာသည်က အမြဲတစေ တင်းကျပ်စွာ စီမံခန့်ခွဲထားစောကြောင်း စာမေးပွဲမေးခွန်းဟောင်းဆိုသည်မှာ လူတိုင်း ရှာတွေ့နိုင်သည့်အရာ မဟုတ်ပါချေ။

စုဝေချင်း၏ မိသားစုနောက်ခံက ဤမျှလောက် ကောင်းလိမ့်မည်ဟုသာ သူမ မမျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။

စာရေးသူမှာပြောစရာရှိပါတယ်:

စုဝေချင်းက ပန်းပွင့်တစ်ပွင့်ကို လှမ်းခူးလိုက်တယ်။

ရှန်းရှန်းက ငါ့ကို ကြိုက်တယ်၊ ရှန်းရှန်းက ငါ့ကို မကြိုက်ဘူး၊ ရှန်းရှန်းက ငါ့ကို ကြိုက်တယ်၊ ရှန်းရှန်းက ငါ့ကို မကြိုက်ဘူး...

ငါတို့ရဲ့ ချစ်စရာရှောင်စုရဲ့ အချစ်ရေးကတော့ မိဘနှစ်ပါးပေးတဲ့ ပြသနာတွေနဲ့ ပြည့်နှက်နေပါတယ်။

All Chapters