← Chapters

စာမေးပွဲရလဒ် ထွက်လာပြီ

Vol. 5 Ch. 42

စာမေးပွဲရလဒ် ထွက်လာပြီ

Vol. 5 Ch. 42

လီရှန်း ဦးလေးဖြစ်သူကို ပြောနေရင်းဖြင့် တွေးတောလိုက်သည်။

အကယ်၍ သူမသာ စုဝေ့ချင်းနှင့် အမှန်တကယ်လက်ထပ်ဖြစ်ခဲ့ပါက ဆေးဝါးစက်ရုံ၏ ဒုတိယညွှန်ကြားရေးမှူးသည် သူမ၏ယောက္ခမ ဖြစ်လာမည်ဖြစ်ပြီး ကျန်းကျူးရိနှင့်လည်း ခမည်းခမက်တော်စပ်သွားပေလိမ့်မည်။

ကျန်းကျူးရိက ထုတ်လုပ်ရေးပိုင်းကိုသာ တာဝန်ယူရသူဖြစ်သော်လည်း စက်ရုံစီမံခန့်ခွဲမှုပိုင်းကို စိတ်မဝင်စားသူ မဟုတ်ပါချေ။ ထို့ကြောင့် သူက စုဝေ့မင်ထံမှ အကြံဉာဏ်တောင်းခံရန် အခွင့်အရေးများစွာ ရရှိလာပေလိမ့်မည်။

ကျန်းကျူးရိကတော့ ထိုစကား၏အဓိပ္ပါယ်ကို သေသေချာချာသဘောမပေါက်လိုက်ချေ။

သို့သော် ဖန်ချင်းက ဟင်းရည်ပန်းကန်ကိုကိုင်ကာ နောက်မှ လိုက်လာခဲ့သည်။

"ဒီနေ့ ရှောင်စုနဲ့ တွေ့ခဲ့သေးတာလား"

"အင်း.. ကျွန်မရဲ့အဖြေတွေကို သူ့အဖြေနဲ့ တိုက်ကြည့်ခဲ့တယ်"

လီရှန်း ပန်းကန်များကို သွက်လက်စွာ ဆေးကြောရင်း စာမေးပွဲမေးခွန်းပုံစံအကြောင်းကို ရှင်းပြလိုက်သည် ။

"လီလင်းနဲ့ကျွန်မက ဘေးချင်းယှဉ်ထိုင်ခဲ့တာ၊ ဒါပေမဲ့ ကျွန်မတို့ရတဲ့ မေးခွန်းတွေက မတူကြဘူးလေ.. ဒါကြောင့် အဖြေတိုက်ဖို့ အတော်လေး အဆင်မပြေဖြစ်ခဲ့တယ်.. ဒါပေမဲ့ စုဝေ့ချင်းနဲ့ ကျွန်မက မေးခွန်းတူနေခဲ့တယ်လေ .. ဒါကြောင့် သူနဲ့ အဖြေတိုက်နေရင်း အခုလိုအိမ်ပြန်နောက်ကျသွားတာ"

"အိုး ... အဲဒီလိုလား"

ဖန်ချင်းက ရေရွတ်ရင်း မေးလာခဲ့ပြန်သည်။

"ဆေးဝါးစက်ရုံ စာမေးပွဲက ငါးနာရီ ခြောက်နာရီလောက်တောင်ဖြေနေရတဲ့အထိ ခက်ခဲနေတာလားလို့ထင်နေတာ"

လီရှန်း: "မဟုတ်ပါဘူး"

သူမ ငြင်းဆိုစကားကိုသာပြောခဲ့ပြီး ခေါင်းငုံ့ကာ ပန်းကန်များကို ဆက်လက်ဆေးကြောနေခဲ့သည်။

ညစာက ဟင်းကောင်းများစွာပါဝင်သကဲ့သို့ အဆီများကလည်း များပြားနေခဲ်သည်။

ဖန်ချင်း ကြည့်နေရင်းဖြင့် လီရှန်း၏ လက်များက ဟင်းဆီများကြောင့် ပေကျံ၍နာကျင်နေမည်ကိုစိုးရိမ်သောကြောင့် သူမကို ဘေးသို့ ဖယ်ခိုင်းလိုက်ပြီး ဆီများပေနေသည့် ပန်းကန်များကို ဆပ်ပြာမှုန့်ဖြင့် ကိုယ်တိုင် ဆေးကြောလိုက်သည်။

နောက်ဆုံးမှသာ သူမ သိချင်နေသော အဓိကအချက်ကို မေးလိုက်လေသည်။

"မင်းနဲ့ ရှောင်စု... အခြေအနေ ဘယ်လိုလဲ၊ ဘာတွေစဉ်းစားထားလဲ.. မင်းတို့ ဘယ်တော့လောက်ကို အတည်ပြုကြမှာလဲ"

လီရှန်း: "..."

သူတို့နှစ်ယောက်ရဲ့ကြားမှာ ဘာမှမရှိဘူးလို့ ပြောထားတာကို အန်တီက ဘာလို့ ဒီလောက်တောင် ဇွဲကောင်းနေရတာလဲ။

"ကျွန်မတို့တွေ စကားတော့ ပြောဖြစ်ကြပါတယ်၊ ဒါပေမဲ့ ကျွန်မ ဘာမှမစဉ်းစားရသေးဘူး"

သို့သော် ယခုတစ်ခေါက် သူမ၏ အဖြေမှာ ယခင်ကနှင့်မတူတော့ပေ။

ဖန်ချင်းလည်း သူမ၏ စကားအခြေအနေက ပျော့ပျောင်းလာသည်ကို သတိထားမိသောကြောင့် အမြန်မေးလိုက်သည်။

"ဘယ်လိုကိစ္စတွေရှိနေတာလဲ... သမီးမှာ စိုးရိမ်ရတာမျိုး ရှိနေလို့လား"

"ဟင်း..."

လီရှန်း သက်ပြင်းတစ်ချက်ချကာ စုဝေ့ချင်းမှာ ဆေးဝါးစက်ရုံ ဒုတိယညွှန်ကြားရေးမှူး၏ သားအငယ်ဆုံး ဖြစ်ကြောင်း ဖန်ချင်းကို ပြောပြလိုက်သည် ။

"သမီးတို့ ကြားထဲက အဆင့်အတန်း ကွာခြားချက်က အရမ်းကြီးလွန်းတယ်.. ဒါကြောင့် လက်ထပ်ပြီးရင် တစ်ဖက်လူကို အမြဲတမ်းအောက်ကျို့ပြီးအလျော့ပေးနေရမှာကို စိုးရိမ်တယ်၊

အဲဒီလိုဆိုရင် ဘဝက အရမ်းပင်ပန်းလိမ့်မယ်၊ နောက်ပြီး... အန်တီတို့ကို စိတ်အေးစေချင်တယ်.. သမီးအတွက် စိတ်မပူစေချင်တော့ဘူး"

"မင်းကတော့ တကယ်ကို တုံးအတာပဲ"

ဖန်ချင်းအနေဖြင့် ရဲဘော်ရှောင်စု၏ အခြေအနေက ထိုမျှ ကောင်းမွန်ကြောင်းကိုကြားလိုက်သောကြောင့် ပို၍ပျော်ရွှင်လာခဲ့ပြီး လီရှန်း၏ နောက်ကျောကို ပုတ်လိုက်သည်။

"ရှောင်စုလိုလူမျိုးကို မင်း ဘယ်ကနေ သွားရှာလို့ ရမှာလဲ.. သူနဲ့ တန်တယ် မတန်ဘူးဆိုတာက မင်း ပြောရမယ့်ကိစ္စလား.. မင်းရဲ့ ဦးလေးက ဌာနမှူးဖြစ်နေတာကို ထားလိုက်ဦး၊ သမီးရဲ့ ဒုတိယဦးလေးကလည်း တပ်ရင်းမှူးတစ်ယောက်ပဲ!

တစ်ဆင့်ချင်း တက်သွားရင် မင်းက ပိုမြင့်တဲ့အဆင့်ကိုတောင် ရောက်နိုင်သေးတယ်! ဘာလို့ သူနဲ့ မတန်ရမှာလဲ"

လီရှန်းက : "သမီးက လီဟုန်ကျွင်းရဲ့အကြောင်းကို ပြောတာ.. သူတို့သာ နောက်ကြောင်းကိုစစ်ဆေးရင် အထည်စက်ရုံအထိ ရောက်သွားမှာပဲလေ"

ဖန်ချင်း၏မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။ သူမက မီးဖိုချောင်သုံး ဓားကို ဆေးနေရင်းမှ ဓားကိုကိုင်ကာ နှစ်ချက်ခန့် ဝေ့ယမ်းလိုက်ပြီး ဆက်ပြောလာသည်။

"အဲဒီလူတွေကသာ မင်းရဲ့ အိမ်ထောင်ရေးကို နှောင့်နှေးအောင် လုပ်ရဲရင် အန်တီကိုယ်တိုင် သွားပြီး သူ့ကို အပိုင်းပိုင်းဖြစ်အောင် ဖြတ်ပစ်မယ်"

"အန်တီက ကျွန်မအပေါ်အရမ်းကောင်းတာပဲ"

လီရှန်းတစ်ယောက် အနောက်မှနေ၍ ဖန့်ချင်း၏ လည်ပင်းကို ဖက်လိုက်ကာ ကလေးတစ်ယောက်ကဲ့သိာ့ ချွဲနွဲ့လိုက်သည်။

ဖန့်ချင်း နှာခေါင်းရှုံ့လိုက်သည်။

"မင်းလည်း စိတ်ဓာတ်ကိုခိုင်မာအောင်ထားရမယ်.. ဘယ်သူ့ကိုမှ မကြောက်နဲ့.. တစ်ယောက်ယောက်က သမီးကို အနိုင်ကျင့်ရဲရင် အန်တီနဲ့ မင်းရဲ့ဦးလေးကို ပြန်ပြော.. မင်းဘက်က မှန်နေသရွေ့ ငါတို့မိသားစုက သေချာပေါက် အားကိုးလို့ရတယ်၊ ဘယ်သူကမှ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး"

"ကောင်းပါပြီ"

လီရှန်းက ဖန်ချင်းကို ဆက်လက် ဖက်ထားလိုက်သည်။ကျန်းကျူးရိတစ်ယောက် ထိုမြင်ကွင်းကိုကြည့်ကာ မနာလိုဖြစ်နေပြီး တစ်စုံတစ်ခုပြောချင်နေခဲ့သော်လည်း ထိုအမျိုးသမီးနှစ်ဦးကို မပြိုင်ရဲပါချေ။

ဖန်ချင်း စိတ်ဆိုးသွားလျှင် မည်သူမှ ထိန်းချုပ်နိုင်မည်မဟုတ်ကြောင်းကို သူ ကောင်းကောင်း သိထားသည်မဟုတ်ပါလား။

ထိုညက လီရှန်းတစ်ယောက် အလွန်နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့နံနက်တွင် သူမက လန်းဆန်းစွာ နိုးထလာပြီး မနက်စာ စားပြီးနောက် စာမေးပွဲရလဒ်ကို သွားကြည့်ရန် ပြင်ဆင်လိုက်လေသည်။

စက်ရုံတံခါးဝသို့ ရောက်သည်နှင့် ရင်ဘတ်ထဲတွင် တစ်စုံတစ်ခုကို ထည့်ထားပုံရသည့် စုဝေ့ချင်းက နေရာတွင်ရပ်ကာ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။

လီရှန်း သူ့ထံသို့ အမြန်သွားလိုက်လေသည်။

စုဝေ့ချင်းက သူ့၏ရင်ခွင်ထဲမှ ပေါက်စီကြီးသုံးလုံးကို အမြန်ထုတ်ပေးလိုက်သည်။

"ကိုယ် မင်းအတွက် အသားပေါက်စီတွေ ယူလာတယ်.. နိုင်ငံပိုင် စားသောက်ဆိုင်က ဝယ်လာတာလေ အခုထိပူနေတုန်းပဲ"

သူ၏ ရိုးသားလှသော အမူအရာကို မြင်လိုက်ရပြီးနောက် လီရှန်းတစ်ယောက် သူမ စားခဲ့ပြီးဖြစ်ကြောင်းကို ပြောရန် အားနာသွားခဲ့ရကာ ပေါက်ဆီတစ်လုံးကို လှမ်းယူလိုက်သည် ။

"ကျန်တဲ့ နှစ်လုံးကို ရှင်ပဲ စားလိုက်တော့လေ.. ကျွန်မအတွက် တစ်လုံးဆိုရင် လုံလောက်ပါပြီ.. ရှင်လည်း မနက်စာ မစားရသေးဘူးမလား"

"တစ်လုံးတည်းလား? မင်း စားတာ အရမ်းနည်းလွန်းတယ်"

စုဝေ့ချင်းတစ်ယောက် ချည်ထည်အင်္ကျီအောက်မှ လီရှန်း၏ သွယ်လျသော ခန္ဓာကိုယ်လေးကို ကြည့်ကာ စက္ကူအိတ်ကို သူမထံသို့ တိုးပေးလိုက်ပြန်သည် ။

"နောက်ထပ်တစ်လုံးလောက် ထပ်စားပါဦး"

လီရှန်းက ကျေးဇူးတင်စွာဖြင့် ငြင်းဆန်လိုက်သည်။

"ဟင့်အင်း... ကျွန်မ တကယ်မစားနိုင်တာ.. ရှင်ပဲ စားလိုက်တော့လေ"

စုဝေ့ချင်းလည်း မတတ်နိုင်စွာဖြင့် ပေါက်စီများကို ပြန်သိမ်းလိုက်ရသည်။

နောက်ပိုင်းတွင် သူနှင့် လက်ထပ်ပြီးပါက ရဲဘော်လီရှန်းကို ဗိုက်ပြည့်အောင်စားခိုင်းရမည်။ ထို့အပြင် ခန္ဓာကိုယ် အနည်းငယ်လောက်ပြည့်တင်းလာစေရန်အတွက် အရသာရှိသော အစားအစာများကို သူ ကိုယ်တိုင် ချက်ကျွေးရမည်။

ထို့နောက်တွင်တော့ သူတို့နှစ်ယောက်က ဘတ်စ်ကားပေါ်သို့ တက်ခဲ့ကြသည်။ ဤအချိန်က လူစည်ကားသောအချိန်ဖြစ်ပြီး ထိုင်ခုံမရှိတော့ဘဲ ကားထဲတွင် လူများဖြင့်ပြည့်နှက်နေခဲ့သည်။

လီရှန်းနှင့် စုဝေ့ချင်းတို့လည်း လူကြားထဲသို့ တိုးမဝင်တော့ဘဲ တံခါးနားရှိ လှေကားထစ်အောက်တွင်သာ ရပ်လိုက်ကြကာ ပေါက်စီကို စတင်ကိုက်စားလိုက်ကြသည်။

အသားပေါက်စီ၏ မွှေးပျံ့သော ရနံ့က ဘတ်စ်ကားတစ်တွဲလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

အနံ့ကြောင့် ဘေးဘက်လူများ၏ တံတွေးမြိုချသံများကိုပင် ကြားနိုင်လေ၏။

လူတိုင်းက မျက်စောင်းအသာထိုးကာ ဤမသိတတ်သော လူငယ်နှစ်ဦးကို အပြစ်တင်နေခဲ့ကြသည်။

အသားပေါက်စီက ဘယ်လောက်တောင် မွှေးကြိုင်နေလဲဆိုတာ သူတို့မသိကြဘူးလား။

ဘတ်စ်ကားပေါ်အထိ လာပြီး လူတိုင်းကို ဗိုက်ဆာအောင် လုပ်နေကြတာပဲ!

သို့သော် ထိုနှစ်ယောက်ကတော့ မည်သည်ကိုမှ မသိကြပါချေ။ လီရှန်းက အိမ်တွင်လည်း အစားအသောက်များကို များများ စားလာခဲ့သောကြောင့် အသားပေါက်စီတစ်ဝက်ကို ဖြစ်ညှစ်စားပြီးနောက်တွင် ကျန်တစ်ဝက်ကို မစားနိုင်တော့ဘဲ တီးတိုးပြောလိုက်သည် ။

"စုဝေ့ချင်း.. ကျွန်မ ထပ်မစားနိုင်တော့ဘူး"

သူမအနေဖြင့် စုဝေ့ချင်းထံမှ စက္ကူအိတ်ကို တောင်းပြီး ကျန်သည့် တစ်ဝက်ကိုထုပ်ပိုးကာ နေ့လယ်မှ ပြန်နွှေးပြီးစားရန် ကြံရွယ်လိုက်ခြင်းဖြစ်ပေသည်။

ယခုခေတ်ကာလတွင် အစားအစာများက အလွန်တန်ဖိုးရှိသောကြောင့် မဖြုန်းတီးသင့်ပေ။

သို့သော် စုဝေ့ချင်းက တစ်ခဏမျှ ကြောင်အသွားပြီးနောက် လီရှန်း၏လက်ထဲမှ ပေါက်စီတစ်ဝက်ကို လှမ်းလိုက်ယူကာ နှစ်ကိုက်၊သုံးကိုက်လောက်ဖြင့် အပြတ်ရှင်းပစ်လိုက်သည် ။

"အတော်ပဲ ကိုယ်လည်း ဗိုက်မပြည့်သေးဘူးဆိုတော့ နှမြောစရာမဖြစ်တော့ဘူး"

လီရှန်း: "..."

ဤတစ်ကြိမ်တွင်တော့ သူမ၏ မျက်နှာက တရားထိုင်နေသော ဘုန်းကြီးတစ်ပါးကဲ့သို့ နီမြန်းသွားခဲ့လေ၏။

စုဝေ့ချင်းသည်လည်း ပေါက်ဆီကို စားပြီးမှ သူ၏လုပ်ရပ်က အနည်းငယ် ရဲတင်းသွားကြောင်းကို သတိထားမိကာ မျက်နှာတစ်ခုလုံးနီမြန်းသွားခဲ့ရသည်။

ဤသို့ဖြင့် ခရမ်းချဉ်သီးကြီး နှစ်လုံးကဲ့သို့ နီမြန်းနေသော လူငယ်နှစ်ဦးမှာ ဆေးဝါးစက်ရုံသို့ ရောက်သည်အထိ တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်းပင် မဆုံရဲကြတော့ပေ။

သူတို့နှစ်ဦးက မျက်လုံးချင်း ရှောင်လွှဲနေကြသော်လည်း မလှမ်းမကမ်းတွင် ကပ်ထားသော အလုပာဝင်ခွင့်စာရင်းကို တပြိုင်နက်တည်း တွေ့လိုက်ကြသည်။

ထိုစာရင်းပေါ်တွင် နာမည်ပေါင်းတစ်ဒါဇင်ခန့်သာရှိပြီး အလုပ်ခန့်အပ်မည့်သူများကို ဆုံးဖြတ်ပြီးလောက်ပေပြီ။

သူတို့နှစ်ယောက် ရှက်ရွံ့နေသည်ကိုပင် မေ့ပျောက်သွားကာ စာရင်းဆီသို့ အလျှင်အမြန်သွားကြည့်ခဲ့ကြသည်။

စာရင်းနားသို့ ရောက်ချိန်တွင် အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရသော လီလင်းကို တွေ့လိုက်ရသည်။

သူမသည်လည်း စိုးရိမ်တကြီးဖြင့် စာရင်းကိုကြည့်နေပြီး လီရှန်း ရောက်လာသည်ကိုပင် သတိမထားမိခဲ့ပေ။

"ငါ အောင်တယ် !"

ရုတ်တရက် အရှေ့ဘက်တွင်ရှိနေသော လူငယ်တစ်ဦးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။နောက်ဘက်မှ လူအုပ်ကြီးက ပိုမို တိုးဝှေ့လာကြသောကြောင့် စုဝေ့ချင်းက လီရှန်းကိုဆွဲခေါ်ကာ လူအုပ်ထဲသို့ တိုးဝင်ပြီး အရှေ့ဆုံးသို့ ရောက်အောင် သွားလိုက်သည်။

အလုပ်ခေါ်စာရင်း၏ ပထမဆုံးနေရာတွင် ရေးထားသောနာမည်က အလွန်ရင်းနှီးနေသည့်နာမည်တစ်ခုဖြစ်နေခဲ့သည် ။

လီရှန်း။

ပထမဆုံးရေးသားထားသော နာမည်က 'လီရှန်း'ဟူ၍ ဖြစ်နေခဲ့လေ၏။

All Chapters