← Chapters

အခန်း (၆၁)

Vol. 7 Ch. 61

အခန်း (၆၁)

Vol. 7 Ch. 61

(61)

စုဝေ့ချင်းက သူ၏ဒုတိယအစ်ကိုတို့ ဇနီးမောင်နှံအကြောင်းကိုပြောပြလာခဲ့သည်။

“သူတို့နှစ်ယောက်အကြောင်းကို ပြောရရင်.. ကိုယ့်ရဲ့အစ်ကိုက ငယ်ငယ်ကတည်းက စကားနည်းတယ်၊ ကြီးလာတော့လည်း စစ်တပ်ထဲကိုဝင်သွားတာလေ၊

ကိုယ့်ရဲ့ ဒုတိယမရီးကတော့ လက်ထပ်ပြီးကာစတုန်းက အဆင်ပြေပါတယ်၊ ဒါပေမဲ့ နောက်ပိုင်း အစ်ကိုက တပ်ခွဲမှူးဖြစ်သွားပြီး ဇနီးသည်ကို စစ်တပ်ထဲကို ခေါ်ခွင့်ရတော့ မရီးကို ခေါ်သွားချင်ခဲ့တယ်၊

ဒါပေမဲ့ မရီးက ချမ်းသာတဲ့ မိသားစုကလာခဲ့တာဆိုတော့ ကျွန်းပေါ်က ဘဝကို အသားမကျနိုင်ဘူး၊ အဲဒီမှာ နှစ်ရက်ပဲနေပြီး ပြန်လာခဲ့တယ်၊ အဲဒီအချိန်ကတည်းက သူမက စကား ပိုနည်းသွားတာပဲ၊

မနှစ်တုန်းက ကိုယ့်ရဲ့အမေက နားချတဲ့အတွက် သူမ ကျွန်းပေါ်ကို ထပ်သွားခဲ့တယ်၊ ဒီတစ်ခေါက်ကတော့ အဲဒီမှာပဲ နေတော့တယ်”

ထိုနေရာတွင် ဆက်လက်၍ နေဖြစ်ခဲ့ခြင်းမှာလည်း အကြောင်းပြချက်ရှိပေ၏။

“ပြန်မလာတော့တာက သူမဆီမှာ ကလေးရသွားခဲ့လို့လေ၊ ကျန်းမာရေးအရလည်း ခရီးဝေးကိုသွားဖို့ မသင့်တော်တဲ့အတွက်ကြောင့် နေခဲ့တာ၊

ဒါပေမဲ့ အမေပြောတာတော့ မရီးက ကျွန်းပေါ်က ဘဝကို အသားကျနေပြီတဲ့၊ ပြန်လာချင်လို့ ငိုယိုတာမျိုး မလုပ်တော့တာတောင် ကြာပြီလို့ပြောတယ်”

လီရှန်းတစ်ယောက် မည်သို့ပြန်ပြောသင့်ကြောင်းကိုပင် မသိတော့ချေ။ ဤသည်က အေးစက်တည်ကြည်သော စစ်ဗိုလ်ကြီးနှင့် ချောမောလှပသော်လည်း အေးစက်လွန်းသည့်အလှလေးတို့ စုံတွဲမျိုး မဟုတ်ပါလား။

“ဒါဆို ရှင့်ရဲ့ အစ်ကိုကြီးနဲ့ အကြီးဆုံးမရီးကရော၊ အစ်ကိုကြီးက အိမ်ထောင်သစ်ထပ်ပြုတယ်လို့ ရှင်ပြောဖူးသလားလို့”

လီရှန်းက စုဝေ့ဟိုင်၏ အခြေအနေကို ထပ်မံမေးမြန်းလိုက်၏။ သူတို့နှစ်ဦးက မကြာမီ လက်ထပ်ကြတော့မည် ဖြစ်သည့်အတွက် စုဝေ့ချင်းကလည်း သူ၏ မိသားစုအကြောင်းကို ကြိုတင်မိတ်ဆက်ပေးရန် ဝန်မလေးနေခဲ့ပါချေ။

“ကိုယ့်ရဲ့အစ်ကိုကြီးနဲ့ အကြီးဆုံးမရီး... အာ ... မရီးဟောင်းပေါ့၊ သူတို့တွေက ပြည်နယ်မြို့တော်မှာ လက်ထပ်ခဲ့ကြတာ၊ သူတို့ လက်ထပ်ပြီး မကြာခင်မှာ ကိုယ့်ရဲ့အဖေက ပိုင်မားခရိုင်ကို စက်ရုံဒုတိယညွှန်ကြားရေးမှူးအဖြစ် ပြောင်းလာခဲ့ရတယ်၊

ဒီတော့ ကိုယ်တို့လည်း နောက်ကလိုက်လာခဲ့တယ်လေ၊ နောက်ပိုင်းကျတော့ အစ်ကိုကြီးနဲ့ မရီးဟောင်းတို့လည်း စာမေးပွဲအောင်သွားကြပြီး ဆေးဝါးစက်ရုံမှာပဲ အလုပ်ရသွားခဲ့ကြတယ်၊

ဒါပေမဲ့ မရီးဟောင်းက အဲဒီအလုပ်ကို သူ့ရဲ့အမျိုးထဲက မောင်ဖြစ်သူကို ပေးချင်ခဲ့တာလေ၊ မင်း သိတဲ့အတိုင်း ဆေးဝါးစက်ရုံရဲ့ အကဲဖြတ်စနစ်က အရင်တုန်းက ဒီလိုမျိုး မဟုတ်ခဲ့သေးဘူး...”

ဆေးဝါးစက်ရုံ၏ အလုပ်ခေါ်ဆိုမှုအတွက် အကဲဖြတ်စနစ် ပြောင်းလဲသွားခြင်းမှာ သူ၏ မရီးဟောင်းကြောင့်ဖြစ်ပေသည်။

ဆိုရလျှင် ချွေးမဖြစ်သူက အဆက်အသွယ်များဖြင့် အလုပ်သွင်းပေးရန် အတင်းအကြပ်တောင်းဆိုခဲ့ပြီး၊ ဖြောင့်မတ်သော ယောက္ခမဖြစ်သူက ကိုယ်ပိုင်အရည်အချင်းဖြင့်သာ စက်ရုံထဲသို့ ဝင်ရန် တောင်းဆိုခဲ့၏။

ဆိုရလျှင် အဆက်အသွယ်ကို အားကိုးချင်သူများက အရည်အချင်း မရှိကြသူများသာ ဖြစ်ပေသည်။

ထို့ကြောင့် ထိုချွေးမက အော်ဟစ်ငိုယိုခြင်း၊ ပြဿနာရှာခြင်းနှင့် ကလေးနှစ်ယောက်ကို ခေါ်ကာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမည်ဟူသော ခြိမ်းခြောက်ခြင်းများကိုပါ ပြုလုပ်လာခဲ့သည်။

အကယ်၍ အနောက်ပေါက်မှ အလုပ်သွင်းမပေးလျှင် ကွာရှင်းမည်ဟူ၍ပင် ပြောလာခဲ့ပေ၏။

နောက်ပိုင်းတွင်တော့ သူတို့နှစ်ယောက်က အမှန်တကယ်ပင် ကွာရှင်းခဲ့ကြသည်။

“ကိုယ့်အစ်ကိုကြီးက ကွာရှင်းပြီးလို့ နှစ်အတော်ကြာတဲ့အထိ တစ်ယောက်တည်းပဲနေခဲ့တယ်၊ ဒီနှစ်မှာပဲ အိမ်ထောင်သစ်ပြုတာ”

သို့သော်လည်း လက်ရှိအခြေအနေအရ မရီးအသစ်မှာတော့ အတော်လေး ပြသနာရှာတတ်သူဖြစ်ပေ၏။

ကံကောင်းစွာဖြင့် သူမသည်က သူမ၏ မိသားစုထဲမှ ဆိုးသွမ်းသောလူများကိုသာ တုံ့ပြန်တတ်ခြင်းဖြစ်ပြီး ယောက္ခမမိသားစုအပေါ်တွင်တော့ ကြင်နာတတ်သည်။

လော်ယွီရှို့ကို မကျေနပ်စေသည့် တစ်ခုတည်းသောအချက်မှာ သူမက သူမ၏ လင်ပါသားနှစ်ဦးအပေါ်တွင် လုံးဝ စိတ်မဝင်စားခြင်းပင်ဖြစ်သည်။

“ဒါဆို ရှင့်ရဲ့ ညီမလေးကရော”

“သူ့အတွက်ကတော့ သိပ်မပြောတတ်ဘူး၊ ပြောရရင် သူမက ကလေးပဲရှိသေးတယ်လေ၊ ဒါပေမဲ့ အမေက သူမကို စစ်တပ်ထဲမှာရှိတဲ့ ဒုတိယမရီးရဲ့ မီးဖွားပြီးစအချိန်မှာ ပြုစုနိုင်ဖို့အတွက် တမင်လွှတ်ပေးလိုက်တာ”

စုဝေ့ချင်းက လီရှန်း၏အနားသို့ တိုးကပ်လာခဲ့ပြီး လေသံတိုးတိုးဖြင့် ပြောလာခဲ့သည်။

“သူသာ အိမ်မှာရှိနေရင် ကျေးလက်ဒေသဘက်ကို အလွှတ်ခံရမှာ သေချာတယ်၊ ဒါကြောင့် အမေက ဒုတိယအစ်ကိုကို စစ်တပ်ထဲမှာ သူမအတွက် လက်တွဲဖော်တစ်ယောက် ရှာပေးဖို့ မှာထားသေးတယ်”

ချုံကျိုးက အနည်းငယ် ဝေးလံသော်လည်း ထိုနေရာတွင် နေထိုင်သည့်လူများက စားဝတ်နေရေးအတွက် ပူပန်စရာ မလိုပါချေ။

မြို့တော်နှင့်လည်း ဝေးကွာသောကြောင့် ပြင်ပအရေးအခင်းများ၏ သက်ရောက်မှုလည်းမရှိသည့်အတွက် နေချင်စဖွယ် ကောင်းသောနေရာတစ်ခုပင် ဖြစ်ပေသည်။

ထို့ပြင် စုဝေ့ယန်၏ မျက်စိကျခြင်းကို ခံရသူမှာလည်း သိမ်နုတ်ညံ့ဖျင်းသည့်လူတစ်ယောက် ဖြစ်နိုင်မည် မဟုတ်ပေ။

*

မျက်စိတစ်မှိတ်အတွင်း ဇန်နဝါရီလ (၃၁) ရက်နေ့သို့ ရောက်ရှိလာခဲ့သည်။

မနက်ဖြန်က လီမိသားစုမှ အဘိုးဖြစ်သူ၏အိမ်တွင် မိသားစုစားသောက်ပွဲ ကျင်းပမည့်နေ့ဖြစ်ပေသည်။လီရှန်းတစ်ယောက် သူမ၏ အဘိုးကို တွေ့ရတော့မည်ဖြစ်၍ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။

တစ်ဖက်တွင်လည်း စုဝေ့ချင်းအနေဖြင့် သူ၏ မိဘများက လီရှန်း၏ အိမ်သို့ သွားရောက်တောင်းရမ်းကြတော့မည်ဖြစ်သည့်အတွက် အလွန် စိုးရိမ်နေခဲ့ရသည်။

ထို့ကြောင့် တစ်နေ့လုံးတွင် သူတို့နှစ်ယောက်လုံး အလုပ်တွင် စိတ်မကပ်ဘဲ ရှိနေခဲ့ကြလေ၏။

အလုပ်ဆင်းချိန်သို့ရောက်သည်နှင့် စုဝေ့ချင်းက ပစ္စည်းများကို အလျှင်အမြန်သိမ်းဆည်းကာ နည်းပညာဌာနသို့သွားပြီး လီရှန်းကို သွားကြိုခဲ့သည်။

သူ ရုံးခန်းတံခါးဝသို့ ရောက်ချိန်တွင် လီရှန်းနှင့် အေးတိအေးစက်မျက်နှာရှိသော ရဲဘော်ဖန်တို့ ဘေးချင်းယှဉ်ပြီး ထွက်လာသည်ကို မြင်လိုက်ရ၏။

“ရဲဘော်လီရှန်း!”

စုဝေ့ချင်းက လီရှန်းကို လှမ်းခေါ်ပြီး လက်ဝေ့ရမ်းပြလိုက်သည်။

ဖန်ထုံ: “...”

ကံကောင်းစွာဖြင့် နည်းပညာဌာနသည်က သီးသန့်နေရာတွင် တည်ရှိနေပြီး သုတေသနဌာနနှင့်သာ နီးကပ်နေပေသည်။

အကယ်၍ ထုတ်လုပ်ရေးဌာနဘက်တွင် ဆိုပါက ဒုတိယညွှန်ကြားရေးမှူးစု၏ တုံးအသော သားလေးက ရည်းစားရနေကြောင်းကို နောက်တစ်နေ့တွင် စက်ရုံတစ်ခုလုံးသိသွားကြပေလိမ့်မည်။

“အမြန်သွားလိုက်လေ”

လီရှန်းလည်း ဖန်ထုံကို ခေါင်းညိတ်ပြလိုက်ပြီး စုဝေ့ချင်းရှိရာသို့ လျှောက်သွားကာ အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

“အသံကိုလျှော့ဦး!”

“ကောင်းပါပြီ”

စုဝေ့ချင်းက အပြုံးတစ်ခုဖြင့် ပြန်ဖြေလာခဲ့သည်။ သူက ငတုံးလေးတစ်ယောက်ကဲ့သို့ ရယ်မောနေခဲ့ပြီး နည်းပညာဌာန၏ အဓိကတံခါးပေါက်မှထွက်ကာ လီရှန်း၏ နောက်မှ လိုက်ပါသွားခဲ့ပေ၏။

“အခု ကိုယ်တို့ ဘယ်ကိုသွားကြမလဲ၊ သမဝါယမဆိုင်ကိုလား”

စုဝေ့ချင်းအနေဖြင့် ယနေ့ ပစ္စည်းများ ဝယ်ယူရမည်ကို သိထားသောကြောင့် သူ နှစ်ပေါင်းများစွာစုဆောင်းထားသော စာမူခများကို အိတ်ကပ်ထဲတွင် ထည့်လာခဲ့သည်။

“ကိုယ့်ဆီမှာ ယွမ်(၁၅၀၀)ပါတယ်၊ ဒါနဲ့ လောက်ပါ့မလား”

လီရှန်း: “...”

ဒီငတုံးလေးကတော့!

“ ရှင်ဆီမှာ ဘယ်လိုလုပ်ပြီး ပိုက်ဆံတွေ အများကြီးရှိနေတာလဲ”

“ကိုယ်က အမြဲတမ်း သတင်းစာတိုက်တွေဆီကို စာမူတွေ ပို့ခဲ့တယ်လေ၊ ဒါကြောင့် ဒီနှစ်တွေမှာ စုဆောင်းမိထားတာ၊ တကယ်တော့ ဒီအထဲက တော်တော်များများလည်း သုံးလိုက်မိသေးတယ်”

ထိုစကားများကိုပြောလာချိန်တွင် စုဝေ့ချင်း၏ မျက်နှာက နောင်တများနှင့်ပြည့်နှက်သွားခဲ့ရသည်။

“ဒီလိုဖြစ်မယ်ဆိုတာကိုသိရင် ဒါတွေကို မသုံးထားပါဘူး၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ နောက်ဆိုရင် ကိုယ့်ရဲ့ စာမူခတွေအားလုံးကို မင်းကိုပဲ ပေးမယ်၊ ကိုယ် တစ်ဆင့်မှ မယူဘူး”

ယွမ် (၁၅၀၀) လုံးက စာမူခတွေချည်းပဲလား။

လီရှန်း အတော်လေး အံ့သြသွားရသည်။ စုဝေ့ချင်း၏ စာရေးဆရာဖြစ်ချင်သော အိမ်မက်က လက်တွေ့ကျပေသည်။

“အဲဒါတွေကို အမြန်သိမ်းထားလိုက်ဦး၊ ကျွန်မတို့တွေ ဒီလောက်ထိ မလိုပါဘူး၊ အရင်ဆုံး သမဝါယမဆိုင်ကို သွားရအောင်”

ဆေးဝါးစက်ရုံက အလွန်ကျယ်ဝန်းသည်။ လမ်းညွန်ဆိုင်းဘုတ်ပေါ်တွင် စက်ရုံ၏ မြေပုံကို ဖော်ပြထားခဲ့သောကြောင့် လက်ရှိအချိန်တွင် ဧရိယာ ပုံသဏ္ဌာန်က ပုံမဖော်နိုင်ဖြစ်နေသော်လည်း ယခင်က စတုရန်းပုံ ဖြစ်ခဲ့ကြောင်းသိနိုင်သည်။

အကြိမ်ကြိမ် တိုးချဲ့ပြီးနောက်တွင် ပုံစံမှာ ပို၍ထူးဆန်းလာခဲ့ခြင်း ဖြစ်ပေသည်။

ဆေးဝါးစက်ရုံထဲတွင် မူလတန်းကျောင်းနှင့် ဆေးရုံရှိရုံသာမက သမဝါယမဆိုင်နှင့် ပန်းခြံတို့လည်း ရှိနေခဲ့ခြင်းက လီရှန်းကို အံ့သြစေခဲ့သည်။

စုဝေ့ချင်းမှ သူမကို သမဝါယမဆိုင်သို့ ခေါ်ဆောင်သွားချိန်တွင် သူမ ပို၍ပင် အံ့သြသင့်သွားခဲ့ရသည်။

“ဒီမှာ ရောင်းတဲ့ပစ္စည်းတွေက ခရိုင်မြို့ထဲမက ဆိုင်ထက်တောင် ပိုစုံသေးတယ်”

“သေချာတာပေါ့၊ ကိုယ်တို့က ပြည်နယ်အဆင့် စက်ရုံပဲလေ”

ထို့အတွက် ပြည်နယ်အဆင့် သမဝါယမဆိုင်မျိုးရှိနေခြင်းက ဖြစ်သင့်ပေသည်။

လီရှန်းအနေဖြင့် မူလက ဤစက်ရုံသည်လည်း ပိုင်မားခရိုင်အတွင်း တည်ရှိသောကြောင့် တခြားစက်ရုံများနှင့် ကွာခြားသည်ဟု မခံစားခဲ့ရပါချေ။

ယခုအချိန်မှသာ ဤသည်က ပြည်နယ်အဆင့် စက်ရုံကြီးတစ်ခု၏ အတိုင်းအတာဖြစ်ကြောင်းကို အမှန်တကယ် နားလည်သွားခဲ့ရသည်။

လူတိုင်းက ဤစက်ရုံကြီးတွင် အလုပ်လုပ်ချင်ကြသည်မှာ မထူးဆန်းတော့ပေ။

အကယ်၍ သူမ၏ ဦးလေးသာ ရောက်လာခဲ့လျှင်လည်း အဘွားလျို့ ပန်းခြံထဲသို့ရောက်သကဲ့သို့* အံ့သြနေပေလိမ့်မည်။

( t/n: အဘွားလျို့ ပန်းခြံထဲသို့ရောက်သကဲ့သို့ ဆိုတာက တရုတ်က စကားပုံလိုမျိုး ၊ မြန်မာမှာဆိုရင် တောသားမြို့ရောက် ဆိုတာနဲ့ဆင်တူလိမ့်မယ်)

သူတို့နှစ်ယောက် သစ်သီးဝလံများနှင့် သိုးမွှေးထည်များအပါအဝင် ပစ္စည်းအတော်များများကို ရွေးချယ်ဝယ်ယူခဲ့ကြသည်။ သားမက်အသစ်တစ်ယောက်၏ ပထမဆုံးသွားရောက်လည်ပတ်ခြင်း ခရီးစဉ်အတွက် စီးကရက်နှင့် အရက်မှာလည်း မရှိမဖြစ်လိုအပ်ပေ၏။

လီရှန်းအနေဖြင့် တခြားမည်သည့်ပစ္စည်းများကို ဝယ်သင့်ကြောင်း မသိတော့သည့်အတွက် ဝယ်ယူခြင်းကို ရပ်တန့်လိုက်ကာ ပစ္စည်းအားလုံးကို စုဝေ့ချင်း၏ အိမ်သို့ ပြန်ယူသွားခိုင်းလိုက်လေသည်။

“ကျွန်မ ဘတ်စ်ကားမှီအောင် သွားလိုက်ဦးမယ်၊ ရှင်လည်း ပြန်တော့လေ”

လီရှန်းအနေဖြင့်လည်း စုမိသားစုဝင်များလာမည့်အကြောင်းကို မိသားစုဝင်များထံသို့ တစ်ရက်ကြိုတင်အသိပေးထားရန် လိုအပ်ပေသည်။သို့မှသာ မနက်ဖြန်တွင် စုမိသားစု လာရောက်လည်ပတ်ချိန်၌ သူမ၏ မိသားစုဘက်မှ ကြိုဆင်ပြင်ဆင်ထားနိုင်လိမ့်မည်။

စုဝေ့ချင်းက သူမနှင့်အတူ လိုက်သွားချင်ခဲ့သည်။

သို့သော်လည်း ပိုမိုကောင်းမွန်သည့် အနာဂတ်အတွက်တော့ ယခုအချိန်တွင် ခဏမျှခွဲခွာရပေလိမ့်မည်။

သူက ရဲဘော်လီရှန်း ဘတ်စ်ကားပေါ်သို့ တစ်ဦးတည်း တက်သွားသည်ကို ကြည့်နေပြီးမှသာ ဝယ်ယူလာသော ပစ္စည်းများတင်ထားသည့် စက်ဘီးကို တွန်းကာ အိမ်သို့ ပြန်လာခဲ့သည်။

သို့သော်လည်း အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ရဲဘော်လော်၏အသံက ဆီးကြိုစောင့်နေခဲ့လေ၏။

“နင်တို့နှစ်ယောက် ဒီလောက်ကြာအောင် ဈေးဝယ်နေခဲ့တာ၊ ဒါတွေပဲ ဝယ်လာကြတာလား

ငါ သိသားပဲ၊ စုမိသားစုက ယောက်ျားတွေက ဘာမှအားကိုးလို့ မရဘူး၊ ငါ့တစ်ယောက်ပဲ နေရာတကာ ဝင်နေရတာ”

စုဝေ့ချင်းက အားနည်းသောအသံဖြင့် ရှင်းပြရန် ကြိုးစားလိုက်သည်။

“ဒါတွေအားလုံးက လီရှန်းက...”

“တော်လိုက်တော့၊ နင်က ဘာမှကို မသိဘူး၊ မိန်းကလေးတွေဆိုတာက အများကြီးဝယ်ဖို့ ရှက်နေကြမှာပဲလေ၊ ဒါကြောင့် ဈေးသက်သာတာတွေကိုပဲ ရွေးဝယ်နိုင်ကြတာ”

ရဲဘော်လော်ယွီရှို့က ပြတ်သားစွာ အမိန့်ပေးလိုက်၏။

“လောင်စု၊ ရှင် သိမ်းထားတဲ့ မောက်ထိုင်အရက် နှစ်ပုလင်းနဲ့ ကြာပန်းစီးကရက်တွေကို ထုတ်ပေးလိုက်၊ စုဝေ့ချင်း နင် ငါနဲ့အတူ သမဝါယမဆိုင်ကို လိုက်ခဲ့၊ ဆိုင်မပိတ်ခင် မြန်မြန်သွားဝယ်ရအောင်”

လော်ယွီရှို့က စုဝေ့ချင်း၏ စက်ဘီးနောက်တွင် ထိုင်လိုက်ပြီး စိတ်ထဲမှ ဒေါသတကြီးညီးတွားနေခဲ့သည်။

သူမသာ မရှိရင် ဒီမိသားစုက အနှေးနဲ့အမြန် ပျက်စီးသွားတော့မှာပဲ!

စာရေးသူမှာပြောစရာရှိပါတယ် :

လော်ယွီရှို့ : “ငါက လူတစ်ယောက်တည်းကို ရည်ရွယ်ပြီးပြောနေတာ မဟုတ်ဘူးနော်၊ စုမိသားစုထဲက လူတိုင်းကို အသုံးမကျဘူးလို့ ပြောတာ!”

ဖန်ထုံ : “ငါက အေးတိအေးစက်နိုင်ပြီး မာနကြီးတဲ့အမျိုးသမီးတစ်ယောက်ပဲ”

အစ်မလျို့ : “အလုပ်က နှုတ်ထွက်ဖို့ စဉ်းစားနေတဲ့ နောက်တစ်နေ့”

*

All Chapters