ဓားချင်းထိခတ်သံ
Vol. 1 Ch. 41
ဆန်းလျန်နှင့် ရဲ့လျိုယွင်တို့ နှစ်ယောက်မှာ ချောမောခန့်ညားမှု၊ ကျက်သရေ ရှိမှုနှင့် သိုင်းပညာ ထူးချွန်မှုများတွင် အင်မတန်မှ တူညီလေသည်။
ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း…
“နတ်ဘုရားတွေရဲ့ ဓားမှာ လက်ရေးနဲ့ ရေးထွင်းဖို့ဆိုတာ သိုင်းလောကမှာ ဒီလို လုပ်နိုင်တဲ့သူ ခပ်ရှားရှားရယ်။ ကျုပ် စာလုံးကို ပြန်ပြင်ရေးလို့ မရဘူးဆိုရင် ယွိဖေး သခင်လေးကို ဓားပြန် ပေးလိုက်မယ်။ အဲဒါကို ပြန်ပြင် ရေးပေးဖို့ မင်း ကူညီလိုက်ပေါ့”
ဆန်းလျန်က သူ့လက်ကို အနည်းငယ် ဆန့်တန်းလိုက်ပြီး ပိုင်ယွိဖေး၏ ဓားကို ယူလိုက်လေသည်။
ဆန်းလျန်က သူ့အတွက် ပြောပေးနေခြင်း ဖြစ်သည်ကို ပိုင်ယွိဖေး ရင်ထဲမှ နားလည် လိုက်လေ သည်။ မည်သို့ ကျေးဇူးတင်ရမှန်း မသိ ဖြစ်မိလေသည်။ ဤလောကတွင် မင်ကျန်းတောင် သခင်လေးကို ဆန့်ကျင်ပြီး မည်သူက ပိုင်ယွိဖေးကို ကူညီပေးပါမည်နည်း။
ပိုင်ယွိဖေး၏ ဓားမှာ ဆန်းလျန် လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ ဓားနာမည်မှာ “ပိုင်ယွိ” ဖြစ်စေ “စွေ့ယွိ” ဖြစ်စေ ဓားကတော့ အလွန် ထက်မြက်သည့် ဓားကောင်းတစ်လက် ဖြစ်လေသည်။
ဓားမှာ သာမန်ဓားများထက် ပိုပြီး ပါးလွှာလေသည်။ အကြည်ဓာတ် တစ်ခုဖြင့် ဖောက်မြင် နေရသည့်အလား အလွန်ပင် ပါးလွှာသည့် ဓားတစ်ချောင်း ဖြစ်ပြီး နေမင်းကိုပင် ထိုးခွဲနိုင်မည့် အလား သဏ္ဍန် ထက်မြက် လွန်းလေသည်။
“ဘာလဲ မင်းက ငါ့လည်ပင်းကို ဓားနဲ့ထောက်ပြီး ခြိမ်းခြောက် တော့မလို့လား”
ရဲ့လျိုယွင်က နှုတ်ခမ်းကို တင်းတင်း စေ့ထားရာမှ လှောင်ပြောင်သလို အပြုံးမျိုး ပြုံးပြီး မေးလိုက်လေသည်။
ဆန်းလျန်ကလည်း ပြုံးလိုက်ရင်း …
“သခင်လေး မကြားဖူးဘူးလား။ စည်းရုံးသိမ်းသွင်းတယ် ဆိုတာ ဓားနဲ့ ထောက်ပြီး ခြိမ်းခြောက်တာနဲ့ အတူတူပဲတဲ့"
“ဒါဖြင့် ဓားက ကျိုးသွားရင်ရော”
ရဲ့လျိုယွင်က သူ၏ မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။ ထိုမျက်လုံးများဆီမှ ခက်ထန် အေးစက်သည့် အရောင်များ ထွက်နေလေသည်။
“မင်းက ဘာဖြစ်လာမယ်လို့ ထင်လဲ"
ဆန်းလျန်က ရိုးရိုးရှင်းရှင်းပင် ပြန်မေးလိုက်သည်။
ညနေစောင်းပြီ ဖြစ်သောကြောင့် ဝေါယာဉ်၏ အရိပ်က ရဲ့လျိုယွင် အပေါ်သို့ ကျရောက်နေကာ ဆန်းလျန်ကိုပင် ထိုအရိပ်က ထိလုနီးပါး ဖြစ်နေလေသည်။
နေရောင်မှာ ဆန်းလျန်၏ ကိုယ်ပေါ်သို့ ဖြာကျနေသည်။
အရည် ပျော်ကျနေသည့် နှင်းရည်များမှာ ကြည်လင်နေပြီး ရေတံခွန် ငယ်လေးကဲ့သို့ တိတ်ဆိတ်စွာ စီးဆင်းနေလေသည်။
ပိုင်ယွိဖေးနှင့် အန်းရန်ကျယ်မှာ ခပ်ဝေးဝေးသို့ ဆုတ်သွားကြလေသည်။ သူတို့ ဆန်းလျန်ကို အနှောင့်အယှက် မပေးချင်သောကြောင့် ဖြစ်လေသည်။
ရဲ့လျိုယွင်က ခပ်မဆိတ် နေလိုက်လေသည်။ သူပြောသင့်တာကို ပြောပြီးပြီ ဖြစ်လေသည်။ နောက်ထပ် ထပ်ပြောစရာ စကား မရှိတော့ပေ။
ကျန်းရှီစန်းနှင့် ကျန်းရှီစစ်တို့မှာ ရဲ့လျိုယွင်၏ ဘေးတစ်ဖက် တစ်ချက်ဆီတွင် ရပ်လိုက်ကြသည်။ ဤသည်မှာ သက်တော်စောင့် ကျေးကျွန်များ လုပ်ရမည့် အလုပ်ပင် မဟုတ်ပါလား။
မင်ကျန်းတောင်၏ ဓားသိုင်းပညာမှာ အလွန်ပင် အစွမ်းထက် လေသည်။ သို့သော် ရဲ့လျိုယွင်မှာ ဓား ကိုင်ဆောင်ထားခြင်း မရှိပေ။ ဘီးတပ် ကုလားထိုင်ပေါ်တွင် ထိုင်နေရသည့် လူတစ်ယောက်၏ ဓားသိုင်းပညာမှာ အခြား သူများနှင့်တော့ တူနိုင်မည် မဟုတ်ပေ။
သို့သော် … ရဲ့လျိုယွင်ကို ယှဉ်ပြိုင် နိုင်ရန်အတွက် သူ၏ သက်တော်စောင့် နှစ်ယောက်ကို ကျော်လွန် နိုင်မှသာ ဖြစ်ပေလိမ့်မည်။
ရဲ့လျိုယွင်ကသာ ဓားကိုင်ထားခြင်း မရှိသော်လည်း သူ၏ သက်တော်စောင့် နှစ်ယောက်၏ ဓားမှာတော့ ဓားအိမ်ထဲမှ ထွက်လာကြပြီ ဖြစ်လေသည်။
ပထမဆုံး စတင် တိုက်ခိုက် လိုက်သူမှာ ကျန်းရှီစန်း ဖြစ်လေသည်။
ကျန်းရှီစန်းက ဆန်းလျန်ဆီသို့ ထိုးသွင်းလိုက်သည့် ဓားချက်မှာ စမ်းချောင်းတွင် စီးဆင်းနေသည့် ရေကဲ့သို့ တည့်မတ်နေပြီး အတိုင်းအဆ မရှိသော စွမ်းအားနှင့် ပြည့်နေလေသည်။
ထို သိုင်းကွက်မှာ “အဆုံးမရှိ စမ်းရေ” ဆိုသော သိုင်းကွက်ပင် ဖြစ်လေသည်။ စီးဆင်းနေသည့် ရေအလျင်ကို ဖြတ်တောက်ရန် ခက်ခဲသကဲ့သို့ ဓားချက်က တရကြမ်း တိုးဝင်လာခြင်း ဖြစ်လေသည်။
ဆန်းလျန်က နေရာမှပင် ရွေ့လျားခြင်း မရှိပါ။ သူ၏ မျက်လုံးများမှာ ပိုပြီးတောက်ပ လာလေ သည်။
ကျန်းရှီစန်းမှာ နေရောင်အောက်တွင် ဆန်းလျန်၏ ပုံရိပ်များစွာကို နေရာတိုင်းတွင် မြင်နေရ လေသည်။ မည်သူက ဆန်းလျန်အစစ် ဖြစ်သည်ကို ဝေခွဲ၍မရ ဖြစ်နေလေသည်။
“ပြဒါးပုံရိပ် သိုင်းကွက်”
ကျန်းရှီစစ်က အေးစက်စွာ ရေရွတ် လိုက်လေသည်။
ရဲ့လျိုယွင်က သက်ပြင်းတစ်ချက် ချလိုက်ရင်း …
“မဟုတ်ဘူး”
ဟု ပြန်ပြောလိုက်လေသည်။
“ပြဒါးပုံရိပ် သိုင်းကွက်” မှာ ကိုယ်ခန္ဓာကို လျင်မြန်စွာ လှုပ်ရှားရာမှ ပုံရိပ်ယောင်များ ကျန်ခဲ့အောင် ဖန်တီးသည့် သိုင်းကွက် ဖြစ်လေသည်။ လျင်မြန်လွန်းသည့် အတွက် ရန်သူ့ မျက်လုံးထဲတွင် အရိပ်များစွာ ဖြစ်နေသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်သွားပြီး မည်သည့် ပုံရိပ်က အစစ်အမှန်ကို ခွဲခြားနိုင်ခြင်း မရှိတော့ပေ။
ဆန်းလျန်က ထိုသိုင်းကွက်ကို အသုံးပြုနေခြင်း မဟုတ်ပါ။ ကိုယ်ခန္ဓာကို လျင်မြန်စွာ လှုပ်ရှားရာမှ ပုံရိပ်ယောင်များ ကျန်ခဲ့အောင် ဖန်တီးသည့် “ပြဒါးပုံရိပ် သိုင်းကွက်” ကို သုံးနေခြင်း မဟုတ်ပါ။ သူက ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး အခြားသူများကို လှည့်စားနေခြင်း ဖြစ်လေသည်။
ရဲ့လျိုယွင်နှင့် ကျန်းရှီစစ်တို့ နှစ်ယောက်မှာ ဆန်းလျန်၏ သုံးသည့်သိုင်းကွက်ကို မတူညီသည့် ရှုထောင့်မှ ကြည့်နေ ကြလေသည်။
တကယ်တမ်းတွင် ဆန်းလျန်မှာ မည်သည့် လှုပ်ရှားမှုမျှ ပြုလုပ်နေခြင်း မရှိပေ။ သူက ငြိမ်သက်စွာ ရပ်နေခြင်း ဖြစ်လေသည်။ သို့သော် ကျန်းရှီစန်းမှာတော့ ဘာလုပ်ရမှန်း မသိ ဖြစ်နေရ လေတော့သည်။
ကျန်းရှီစန်း၏ ဓားချက်မှာ စီးဆင်းနေသည့် ရေအလျင် ကဲ့သို့ တရကြမ်း တိုးဝင်လာခြင်း ဖြစ်လေရာ တိုက်ခိုက်ရန်အတွက် ဦးတည်ချက် တိတိကျကျ ရှိရန် လိုအပ်လေသည်။
သို့သော် …
မည်သည့် ပုံရိပ်ကို ဦးတည်ရမှန်း မသိသည့် အခါ သူ၏ ဓားချက်က လွဲချော်သွားပြီး ကျန်းရှီစန်းမှာ နှင်းတောထဲသို့ လဲကျ သွားရလေသည်။
ရဲ့လျိုယွင်က တအံ့တသြဖြင့် စိတ်ပူသည့်ပုံ မဖြစ်သွားပါ။
ညနေခင်း လေပြေလေးက တိုက်ခတ်လာပြီး နှင်းမှုံလေးများ ကျနေသည်မှာ မြူခိုးများ ဝေနေ သကဲ့သို့ပင် ဖြစ်နေလေသည်။ ထို မြူခိုးများက သူ့ကိုဝန်းရံ ထားလေသည်။
တည်တည်ငြိမ်ငြိမ်နှင့် အထိတ်တလန့် မဖြစ်သည့်သူ နောက်တစ်ယောက် ရှိသေးသည်။ ထိုသူမှာ ကျန်းရှီစစ် ဖြစ်လေသည်။
ကျန်းရှီစစ်၏ သိုင်းပညာမှာ ကျန်းရှီစန်းထက် သာလွန်ခြင်း မရှိပါ။ သို့သော် တကယ့် သေရေးရှင်ရေး ရင်ဆိုင်ရလျှင် ကျန်းရှီစစ်က အသက်ရှင်နိုင်မည့် အခွင့်အလမ်း ပိုများလေသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းရှီစစ်မှာ သူ့ဓားကို ဆွဲထုတ်လိုက်တိုင်း တည်တည်ငြိမ်ငြိမ် တိုက်ခိုက်လေ့ ရှိပြီး မသေချာလျှင် စတင် တိုက်ခိုက်ခြင်း မပြုတတ်ပေ။
သို့သော် ... ယခုအချိန်မှာတော့ သေချာမှု မရှိသည့်တိုင် ကျန်းရှီစစ်မှာ သူ၏ ဓားကို ဆွဲထုတ် ရတော့မည် ဖြစ်လေသည်။ ရဲ့လျိုယွင် ဆန်းလျန်၏ သိုင်းပညာကို လေ့လာ နိုင်ရန်အတွက် သူက တိုက်ခိုက်ရမည်ဖြစ်လေသည်။
ဆန်းလျန်က သူ၏ဓားကို အသုံး မပြုချင်ပါ။ ထို့အတူ နတ်သက်ခြွေ ဓားသိုင်းကိုလည်း အသုံး မပြုချင်ပါ။
နတ်သက်ခြွေ ဓားသိုင်းမှာ လူနှင့်ဝိညာဉ် နှစ်မျိုးလုံးကို ထိခိုက်သည့် သိုင်းပညာ ဖြစ်သည့်အတွက် တကယ် မလိုအပ်ဘဲ အသုံး မပြုချင်ပေ။ ဆန်းလျန်အနေဖြင့် ထိုသိုင်းပညာကို သုံးခဲ လေသည်။ ထို့ပြင် ဆန်းလျန်မှာ “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်ကို လေ့ကျင့်နေသည့် အတွက် စိတ်ဝိညာဉ် ငြိမ်းချမ်းခြင်းနှင့် အားဖြည့်ခြင်း အဆင့်များကို အောင်မြင်ထားသူ ဖြစ်လေရာ သူ၏ ဝိညာဉ်စွမ်းအားဖြင့် အခြားသူ၏ ဝိညာဉ်ကို တိုက်ခိုက် နိုင်လေသည်။ ထို့ကြောင့် နတ်သက်ခြွေ ဓားသိုင်းကို အသုံးပြုသည့် အကြိမ် အရေအတွက် များပါက သူ၏ဝိညာဉ်ကို ထိခိုက်နိုင်သည့် အတွက် ကောင်းခြင်းထက် ဆိုးခြင်းသာ ဖြစ်လာနိုင်လေသည်။
ထို့ပြင် သူ၏ ဓားသိုင်းကို အသုံးမပြုခြင်းမှာ သူ၏ ပုံရိပ်ယောင်များကို ထွင်းဖောက်ပြီး သူ၏ သိုင်းစွမ်းအားများကို မင်ကျန်းတောင်မှ သခင်လေး မြင်တွေ့ သွားစေလိုခြင်း မရှိသောကြောင့် ဖြစ်လေ သည်။
ဆန်းလျန် အမြင်မမှားဘူး ဆိုလျှင် မင်ကျန်းတောင်သခင်လေးမှာ ဝိညာဉ်စွမ်းအားရော အတွင်းအားရော ပြည့်ဝသူ တစ်ယောက် ဖြစ်လေသည်။ သူ၏ အသက်ရှူသံက လေးနက် ရှည်လျား လေသည်။ အသက်ရှူသံမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်ခြင်းမျိုး မရှိပေ။ ဤသည်မှာ အတွင်းအား အလွန် မြင့်မားကြောင်း ဖော်ပြနေလေသည်။
ခြေထောက်နှစ်ဖက် မကောင်းသည့်တိုင် သိုင်းပညာ ဤမျှအထိ အဆင့်မြင့်အောင် လေ့ကျင့် နိုင်ခြင်းမှာ ရည်မှန်းချက် အလွန် ကြီးမားသောကြောင့် ဖြစ်နိုင်လေသည်။
ကျန်းရှီစန်း၏ ဓားချက်မှာ စီးဆင်းနေသည့် ရေအလျင်ကဲ့သို့ ဖြစ်သော်လည်း ကျန်းရှီစစ်၏ ဓားမှာတော့ ရေကန်ထဲမှ ရေသေကဲ့သို့ ဖြစ်လေသည်။
ဓားချက်မှာ လုံးဝ လှိုင်းဂယက်မရှိ၊ အပြောင်းအလဲမရှိ၊ ရိုးရိုးရှင်းရှင်းပင် တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။
ထိုသိုင်းကွက်ကို အကြိမ်ပေါင်း ရာနှင့်ထောင်နှင့် ချီပြီး လေ့ကျင့်သည့်တိုင် သိုင်းကွက်၏ သဘောတရားက ရိုးရှင်း လွန်းလေသည်။ ထိုသိုင်းကွက်ကို ဖော်ပြရန်အတွက် စကားလုံး မရှိပေ။
ရွေးခြယ်စရာ မရှိတော့သောကြောင့် သူသေကိုယ်သေ တိုက်ခိုက်သည့် တိုက်ကွက်မျိုးလည်း မဟုတ်ပါ။ သို့သော် အနည်းငယ်တော့ ဆင်တူသယောင် ရှိလေသည်။
အောင်မြင်ဖို့အတွက် နည်းလမ်းများစွာ ရှိလေသည်။ သို့သော် ထိုနည်းလမ်းတိုင်းတွင် ဖြတ်လမ်းဟူ၍ မရှိပါ။
ဆန်းလျန် သက်ပြင်းတစ်ချက် ကြိတ်၍ ချလိုက်သည်။ ဆန်းလျန်အနေဖြင့် ဝီရိယရှိရှိ တိုက်ခိုက်နေသော ထိုဓားသမားကို ပြန်လည် တိုက်ခိုက်လိုခြင်း မရှိပါ။
သို့သော် ... သနားညှာတာနေ၍ ရမည် မဟုတ်မှန်း သူသိလေသည်။ သူ့ဘက်ကလည်း ဂုဏ်သိက္ခာ ကျဆင်းခံပြီး အလျှော့ပေးရန်မှာ မဖြစ်နိုင်ပေ။
ကျန်းရှီစစ်၏ ဓားချက်ကို ခုခံရန်အတွက် ဆန်းလျန် ဓားကိုထုတ်ရန် ဆုံးဖြတ်လိုက်ရ လေတော့သည်။
ကျန်းရှီစစ်မှာ သူ၏ဓားကို ထုတ်လိုက်သည်နှင့် ဦးတည်ချက်ကို အသေသတ်မှတ် လိုက်လေသည်။ ပြင်ပ အနှောင့်အယှက် များကြောင့် သူ၏ ဦးတည်ချက် ပျက်စီး မခံနိုင်ပါ။
ဆန်းလျန် သုံးနေသည့် ဝိညာဉ်စွမ်းအားမှာ သိသိသာသာ လျော့ကျ သွားလေသည်။ ကျန်းရှီစစ်မှာ သူ၏ အစိမ်းရောင် သံမဏိ ဓားဆီသို့ အတွင်းအား အကုန်လုံးကို ပို့လွှတ် ထားလိုက်လေသည်။ ထို့ကြောင့် ဓားသွားမှာ အစိမ်းရောင် တောက်ပ နေလေသည်။ သူ၏ ဦးတည်ချက် ရှိရာသို့ တိုးဝင် တိုက်ခိုက်လိုက်သည့် ဓားသိုင်းမှာ လွန်စွာမှ လျင်မြန်လေသည်။
သူ၏ ဓားသွားတွင် အစိမ်းရောင် တောက်ပနေခြင်းမှာ ဝိညာဉ် စွမ်းအားနှင့် အတွင်းအား ပေါင်းစပ် ထားသောကြောင့် ဖြစ်လေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ကျင့်စဉ် ကျင့်ကြံမှုကြောင့် မဟုတ်ပါ။ အတွင်းအားနှင့် ဝိညာဉ်မှာ ရုတ်တရက် ပေါင်းစည်း မိသွားပြီး အလင်းဓာတ် ထွက်ပေါ်လာရခြင်း မျှသာ ဖြစ်လေသည်။
“ခုတိုက်ခိုက်နေရတဲ့ တိုက်ပွဲမှာ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ကျန်းရှီစစ်ဟာ မင်ကျန်းတောင်မှာ အစေခံ မလုပ်သင့် တော့ဘူး”
ရဲ့လျိုယွင် တွေးနေလိုက် မိလေသည်။
ကျန်းရှီစစ်၏ ဓားစွမ်းမှာ သိုင်းလောကတွင် ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ ထိုကဲ့သို့ ဓားစွမ်း ထက်မြက်သူ တစ်ယောက် အနေဖြင့် အစေခံ တစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်ရန် မသင့် တော်တော့ပေ။ သူ့ကို အစေခံ ဆက်လုပ်ခိုင်းနေလျှင် သူ၏ ဓားသိုင်းပညာနှင့် သိုင်းစွမ်းအားကို မလေးစားရာ ရောက်ပေမည်။
ရဲ့လျိုယွင်အနေဖြင့် နောင်အနာဂတ်တွင် တောက်ပလာမည့် ပုလဲတစ်ပွင့်ကို ရွှံ့ထဲတွင် နှစ်မြှုပ် မထားနိုင်ပါ။
ထိုအတွေးမှာ ရဲ့လျိုယွင် ဖျတ်ခနဲ တွေးလိုက်မိသည့် အတွေးစ တစ်စသာ ဖြစ်လေသည်။
ကျန်းရှီစစ်၏ ဓားချက်မှာ နှေးကွေးခြင်း မရှိပါ။ ကျန်းရှီစစ်၏ ပုံရိပ်မှာ ဆန်းလျန်၏ မျက်ဝန်းထဲတွင် တဖြည်းဖြည်း ကြီးထွားလာလေသည်။
ဖြောင့်တန်းနေသည့် ဓားသွားမှာ ယိမ်းယိုင်သွားခြင်း မရှိဘဲ ဦးတည်ရာသို့ တန်းတန်းမတ်မတ် ဝင်ရောက် လာလေသည်။
ရုတ်တရက် ဆန်းလျန်၏ လက်ထဲမှ ဓားမှာ ပျံသန်း သွားလေသည်။
ထိုဓားမှာ ထူးခြားစွာ ထက်မြက်နေသည့် ဓားတစ်လက် ဖြစ်နေလေသည်။
အဆင့်မြင့် သိုင်းသမားများ မထင်မှတ်ဘဲ ဆုံတွေ့ကြလျှင် ဓားဖြင့် တိုက်ခိုက်မည့် သူနှင့် ဓားမပါဘဲ တိုက်ခိုက်မည့်သူ ဟူ၍ နှစ်မျိုး ရှိလေသည်။ ဓားဖြင့် တိုက်ခိုက်မည့်သူနှင့် ဓားမပါဘဲ တိုက်ခိုက်မည့် သူ၏ သိုင်းစွမ်းရည်မှာလည်း များစွာ ကွာခြားမည် ဖြစ်လေသည်။
ဆန်းလျန်၏ လက်ထဲမှ ဓားမှာ ပျံသန်း ထွက်ခွာသွားသလို ဆန်းလျန်မှာလည်း ရုတ်တရက် ပျောက်ကွယ် သွားလေသည်။
ဆန်းလျန်ကို လေထဲတွင်လည်း မတွေ့ရ …
မြေကြီးတွင်းသို့ ဝင်သွားသည်လည်း မဟုတ် …
အနိုင်အရှုံး ဆိုသည်မှာ ချက်ချင်းပင် အဖြေထွက်သွား လေသည်။ ယှဉ်ပြိုင် တိုက်ခိုက်သူ နှစ်ယောက်ကြားတွင် အချိန်သည် အဓိပ္ပာယ်မရှိပေ။ ပြိုင်ဘက်ရန်သူကို တိုက်ခိုက်နေသည့် အချိန်တွင် ရုတ်တရက် ပြောင်းလဲ လိုက်နိုင်သည့် ဓားသွားခြင်း ထိခတ်မှုကသာ အဖြေ ဖြစ်လေသည်။
ဆန်းလျန်မှာ ရုတ်တရက် ပျောက်ကွယ်သွားခြင်း မဟုတ်ပါ။ သူက လျင်မြန် လွန်းနေခြင်း ဖြစ်လေသည်။ သူ၏ လျင်မြန်မှုက ဓား၏ လျင်မြန်မှုကို ကျော်လွန် သွားလေသည်။
သူက ပြိုင်ဘက်ရန်သူ၏ မျက်လုံးနှင့် မြင်နိုင်စွမ်း ရှိသည်ထက် ပိုပြီး လျင်မြန်နေခြင်း ဖြစ်လေသည်။ ထို့ကြောင့် ပျောက်ကွယ် သွားသကဲ့သို့ အထင်လွဲမှား သွားရခြင်း ဖြစ်လေသည်။
လောကတွင် အလျင်မြန်ဆုံး အရာမှာ “အလင်း” ဖြစ်လေသည်။ ဆန်းလျန်မှာ အလင်းထက်လျှင်မြန်သည်ကတော့ မဖြစ်နိုင်ပေ။ သို့သော် သူက ကျန်းရှီစစ်၏ ဓားချက်ထက်တော့ လျင်မြန်နေလေသည်။ ထို့ကြောင့် ကျန်းရှီစစ်မှာ ဓားရောင် တစ်ချက် ဖျတ်ခနဲ လက်သွားသည်ကိုသာ မြင်လိုက်ရပြီး သူ၏ ဓားချက်ကတော့ လေကိုသာ ခုတ်မိ သွားလေသည်။
***