← Chapters

လရောင်ကဲ့သို့ဓားသွား

Vol. 1 Ch. 42

လရောင်ကဲ့သို့ဓားသွား

Vol. 1 Ch. 42

ဆန်းလျန်မှာ ဓားရောင်တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ပျောက်ကွယ် သွားလေသည်။ အနိုင်အရှုံး ကွဲပြားသွားပြီ ဖြစ်လေသည်။

မျှော်လင့်ထားသည့် အတိုင်းပင် အနိုင် ရရှိသူမှာ ဆန်းလျန်ပင် ဖြစ်လေသည်။ ကျန်းရှီစစ်၏ ဓားမှာ ထက်ပိုင်း ကျိုးနေပြီ ဖြစ်သလို ဆန်းလျန်၏ ဓားမှာလည်း ထက်ပိုင်း ကျိုးနေလေသည်။

သို့သော် ဓားကျိုးသော်လည်း ဓားသမား စိတ်ဓာတ်ကိုတော့ ချိုးနှိမ်၍ ရမည်မဟုတ်ပေ။

ပြိုင်ဘက် ရန်သူကိုသာ အနိုင် ယူနိုင်မည်။ ပြိုင်ဘက်ရန်သူ၏ ဓားသမား စိတ်ဓာတ်ကိုတော့ အနိုင် ယူနိုင်မည် မဟုတ်ပေ။ ထိုသို့လည်း လုပ်ရန် မလိုအပ်ပါ။

ပျက်စီးသွားသည့် အရာအတွက် အသစ်တစ်ခု ပြန်လည် ဖန်တီးရုံသာ ရှိလေသည်။

ကျန်းရှီစစ်တွင် ဓားသမားတစ်ယောက်၏ ပြင်းထန်သော စိတ်ဓာတ် ရှိလေသည်။

ကျန်းရှီစစ်မှာ နှင်းများပေါ်တွင် ဒူးထောက် ကျသွားလေသည်။

နှင်းများမှာ အရည် ပျော်နေကြသည်။ သို့သော် အရည် မပျော်သေးဘဲ ရေခဲကဲ့သို့ မာကျော နေသည့် နှင်းခဲများလည်း ရှိနေသေးသည်။

ရေခဲပြင်မှာ သံမဏိကဲ့သို့ပင် မာကျောနေလေသည်။

ကျန်းရှီစစ်မှာ သံမဏိပေါ်တွင် တွားသွားသည့် သိုင်းပညာမျိုးကို မလေ့ကျင့် ခဲ့ဘူးပါ။ သို့သော် သူ၏ လက်နှစ်ဖက်လုံးမှာ ရေခဲထဲသို့ နှစ်မြုပ် နေသည်အထိ ကုတ်ထားလေသည်။ ရေခဲပြင်ပေါ်တွင် သွေးကွက်များကို မြင်နိုင်လေသည်။ ထိုသွေးများမှာ ကျန်းရှီစစ်၏ လက်များမှ ထွက်လာသည့် သွေးများ ဖြစ်လေသည်။

သူက ကျိုးနေပြီဖြစ်သည့် ဓားငုတ်တိုလေးကို လွှင့်ပစ်လိုက်ပြီး ကျန်းရှီစန်းကို တွဲခေါ်ကာ အနောက်သို့ ဆုတ်သွားလေတော့သည်။

သူ၏ အင်္ကျီတွင် ဓားရာလေးတစ်ခု ကျန်ခဲ့လေသည်။ နှလုံးသားနေရာ တည့်တည့်တွင် ဖြစ်လေသည်။ အရာလေးမှာ တစ်လက်မခန့် ရှည်လေသည်။

"မင်းက ဓားထုတ်လိုက်ပြီ။ ဒါပေမယ့် ကျုပ်ရဲ့ ဓားကိုတော့ မင်းမမြင်ရသေးဘူး။ မင်း ကျုပ်နဲ့ဆက်ပြီး တိုက်ခိုက် ချင်သေးလား"

ရွှေဓားဘုရင် သို့မဟုတ် အစိမ်းရောင်ဝတ် လူကိုယ်တိုင် ပင်လျှင် လက်ရှိ ဆန်းလျန်၏ အဆင့်အတန်း မြင့်မားလွန်းသော ဓားသိုင်းကို မြင်လျှင် သတိ လစ်မတတ် ဖြစ်သွား နိုင်ပေသည်။ ဆန်းလျန်နှင့် ယှဉ်လျှင် သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိ ဖြစ်သွား နိုင်လေသည်။

သို့သော် ရဲ့လျိုယွင်ကတော့ အကြောက်အလန့် တစ်စက်မှ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ပြိုင်ဘက်မှာ အဘယ်မျှလောက်ထိ သိုင်းစွမ်း ထက်သည်ကို သူ နားလည် နေသောကြောင့် ဖြစ်လေသည်။ သို့သော် သူ၏ ပြိုင်ဘက်ကတော့ ရဲ့လျိုယွင်၏ သိုင်းစွမ်းကို တစ်ဝက်မျှပင် ခန့်မှန်းမိမည် ဖြစ်လေသည်။

ပြိုင်ဘက်ရန်သူကို ကြောက်ရွံ့ တုန်လှုပ်စေသည့် အချက်မှာ "မသိမှု" ပင် ဖြစ်လေသည်။ ရဲ့လျိုယွင်၏ ဓားမှာ မည်ကဲ့သို့သော အရာဆိုသည်ကို ယခုချိန်ထိ မသိရ သေးပေ။

လျိုယွင်၏ ဓားကို မြင်ဖူးသည့် သူတိုင်း အသက်မရှင် ကြပေ။ ယနေ့တွင်လည်း ခြွင်းချက်ရှိမည် မဟုတ်ပေ။

ဆန်းလျန်က ရဲ့လျိုယွင်ကို စိုက်ကြည့် နေလေသည်။ သူ့ကို ကြည့်ရသည်မှာ အလွန်တည်ငြိမ် နေလေသည်။

သူ၏ တည်ငြိမ်မှုမှာ လုပ်ယူထားခြင်း မဟုတ်။ နှလုံးသားထဲမှ လာသည့် တည်ငြိမ်မှု ဖြစ်လေ သည်။

"ကျုပ်မှာ ဓားတစ်လက်ပဲ ရှိတယ်လို့ မင်းထင်နေတာလား"

ဆန်းလျန်က ရယ်မောရင်း ပြောလိုက်လေသည်။

သူက တစ်ဝက် ကျိုးနေသော ဓားလေးကို ပစ်လွှတ်လိုက်သည်။ ရဲ့လျိုယွင်ဆီသို့ ပစ်လွှတ်လိုက်ခြင်း ဖြစ်လေသည်။ ရဲ့လျှိုယွင်က ထို ဓားကျိုးကို သူ၏ လက်ညှိုးနှင့် လက်ခလယ် ညှပ်ပြီး ဖမ်းလိုက်သည်။

ဆန်းလျန်က ဓားကျိုးလေးကို အားမပါဘဲ ပစ်လွှတ်လိုက်ခြင်း ဖြစ်သောကြောင့် ရဲ့လျိုယွင် အနေဖြင့် မဖမ်းနိုင်စရာ အကြောင်း မရှိပေ။

ရဲ့လျိုယွင်က ဓားကျိုးကို မြေပေါ်သို့ ပစ်ချလိုက်သည်။ သူ့အကြည့်ကတော့ ဆန်းလျန်ဆီမှ မခွာပေ။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်ဘက်မှ လက်ဦးမှု ရယူသွားမည်ကို သူ မလိုလားပေ။ သူ သတိကြီးစွာ ထားရမည် ဖြစ်လေသည်။

သူဆန်းလျန်ဆီမှ အကြည့် မခွာရဲပေ။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်၏ စကားအရ ဆန်းလျန်တွင် ဓားတစ်လက်တည်း ရှိသည်မဟုတ်။ သို့မဟုတ် ကျိုးသွားသည့် ဓားမှာ သူ၏ တစ်ချောင်း တည်းသော ဓားလည်း ဖြစ်နိုင်ပေသည်။

ဆန်းလျန်ထံတွင် မြင်တွေ့ လိုက်ရသည်က ထူးဆန်းသည့် ဓားပျံလေး တစ်ချောင်း ဖြစ်လေ သည်။

နေဝင်သွားပြီ ဖြစ်ပြီး ကောင်းကင်တွင် ပုစွန်ဆီရောင် တောက်ပနေသည်။ လမင်းက ကောင်းကင်ထက်တွင် နေရာယူစ ပြုနေပြီး အလင်းများကို ဖြန့်ဝေ ပေးနေလေသည်။

ရဲ့လျိုယွင်နှင့် ဆန်းလျန်မှာ တစ်ယောက်နှင့်တစ်ယောက် အတန်ကြာအောင် စိုက်ကြည့် နေကြလေသည်။ လေထုမှာ လေးလံနေပြီး ပတ်ဝန်းကျင်ရှိ လူများမှာ အသက်ပင် မရှူရဲကြသလို စကားလည်း တစ်ခွန်းမှ မပြောရဲ ကြပေ။

ရဲ့လျိုယွင်က ဆန်းလျန်၏ လက်ကို ကြည့်လိုက်သည်။ ထိုလက်ထဲတွင် ဓားပျံလေး တစ်ချောင်းကို ကိုင်ထားလေသည်။

ဆန်းလျန် သတိထားမိ သည်ကတော့ ရဲ့လျိုယွင်၏ ဘယ်ဘက် အင်္ကျီလက် ဖြစ်လေသည်။

ထိုအချိန်မှာပင် လေနု အေးလေးက ဖြတ်တိုက်လာသည်။ ဘယ်ဘက် အင်္ကျီလက်မှာ ညာဘက် အင်္ကျီလက်ထက် လေးလံနေ သယောင် ထင်ရလေသည်။

"မင်းရဲ့ဓား ဘယ်မှာလဲဆိုတာ ကျုပ်သိပြီ"

ဆန်းလျန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။ ထိုသို့ ယုံကြည်မှု ရှိသည့်ပုံမှာ ရဲ့လျိုယွင်နှင့် တစ်ပုံစံတည်း ဖြစ်နေလေသည်။

"အမှန်ပဲ"

ရဲ့လျိုယွင် မတတ်သာဘဲ ဝန်ခံ လိုက်ရလေသည်။ ဆန်းလျန်၏ အမြင်အာရုံ စူးရှမှုကို အသိအမှတ် မပြုဘဲ မနေနိုင်ပေ။

ရဲ့လျိုယွင်၏ ဓားသိုင်းမှာ အင်္ကျီလက်ထဲတွင် ဓားကိုထားပြီး တိုက်ခိုက်သည့် ဓားသိုင်း ဖြစ်လေသည်။ လက်နက်ပုန်း ပညာမှာ အရံပညာမျှသာ ဖြစ်ပြီး ဓားသိုင်းကတော့ သူစွဲစွဲလန်းလန်း လေ့ကျင့်ခဲ့သည့် ပညာ ဖြစ်လေသည်။ ထို ဓားသိုင်းပညာမှာ မင်ကျန်းတောင်၏ အထင်ကရ ပညာရပ် တစ်ခုလည်း ဖြစ်လေသည်။

သူက ဓားသိုင်း ပညာကို အသုံးပြုသည့် အပြင် ရွှေအပ် လက်နက်ပုန်းလေးများ ကိုလည်း အသုံးပြု လေသည်။

သူက ပိုင်ယွိဖေးလို လူမျိုးကို "ဓားဖြင့် တိုက်ခိုက်ရန် မလို" ဟု တွေးမိသည့် အတွက်ကြောင့် ရွှေအပ်လေးများကို အသုံးပြုပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။ ဓားကိုသာ အသုံးပြု ခဲ့ပါက ပိုင်ယွိဖေး ယခုအချိန်ထိ အသက် ရှင်နိုင်မည် မဟုတ်ပေ။

"ကျုပ် ဘယ်အချိန်မှာ ဓားကို သုံးမလဲဆိုတာ မင်း မမှန်းဆ နိုင်ဘူးမလား"

ဆန်းလျန်က ကျေနပ်စွာ ပြုံးရင်း ပြောလိုက်သည်။

"အမှန်ပဲ"

ရဲ့လျိုယွင်က အေးစက်စွာ ပြန်ဖြေလိုက်သည်။

"ဒါဆို မင်းရှုံးသွားပြီလို့ ပြောလို့ရလား"

ဆန်းလျန် မျက်လုံးများမှာ တစ်လက်လက် တောက်ပ နေလေသည်။ ကောင်းကင်ထက်ရှိ ကြယ်စင်များ ထက်ပင် လင်းလက် နေသေးသည်။

"မရဘူး"

ရဲ့လျိုယွင်က ခပ်ဖြည်းဖြည်း ပြန်ဖြေလိုက်သည်။

သူက ဆန်းလျန်၏ ဓားကို မခန့်မှန်း နိုင်သလို ဆန်းလျန်ကလည်း သူ၏ဓားကို မခန့်မှန်း နိုင်ပါ။

ကျန်းရှီစစ်သည် သူတို့ နှစ်ယောက်ကို စူးစိုက် ကြည့်နေလေသည်။ သူ့ကို ကြည့်ရသည်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေပုံ ရလေသည်။

မည်သူမျှ ထိုသူနှစ်ယောက်ကို သူ့လောက် အသေးစိတ်ကျကျ နားလည်နိုင်မည် မဟုတ်ပါ။

ဆန်းလျန် ဓားကို အသုံး မပြုသည်မှာ ကြာပြီ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဝိညာဉ်စွမ်းအားမှာ ထိပ်ဆုံးအဆင့်သို့ မရောက်သေးသလို ဓားကို အသုံးပြုရန် အခွင့်အရေး ကောင်းလည်း မကြုံ သေးသောကြောင့် ဖြစ်လေသည်။

သို့သော် ယခုတော့ ဓားကို အသုံးပြု ရတော့မည် ဖြစ်လေသည်။ မဟုတ်လျှင် မည်သည့် အခါမျှ ဓားကို အသုံးပြု နိုင်တော့မည် မဟုတ်ပေ။

စတင် တိုက်ခိုက်ရန်မှာ ဆန်းလျန်၏ ဦးတည်ချက် အတိုင်းသာ ဖြစ်လေသည်။ သို့သော် စတင် တိုက်ခိုက် လိုက်သည်နှင့် ဆန်းလျန် ထိန်းချုပ်နိုင်ခြင်း ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် ဆန်းလျန်အနေဖြင့် အခွင့်ကောင်းကို စောင့်ရန် လိုအပ်လေသည်။

ဆန်းလျန်၏ ဓားပျံလေးမှာ လက်နက်ပုန်း တစ်ခုမဟုတ်ပါ။ သူ၏ဝိညာဉ်ကို အထောက်အပံ့ ပေးသည့် အရာလေးသာ ဖြစ်လေသည်။

သူပစ်လိုက်သည့် ပစ်မှတ်ကို လွဲချော် သွားခဲ့လျှင် သူ့တွင် နောက်ထပ် အခွင့်အရေး လုံးဝ ရနိုင်မည် မဟုတ်တော့ချေ။

"မင်းရှုံးတော့မယ် ဆိုတာ မင်းသိသင့်တယ်။ ဘာလို့လဲဆိုတော့ မင်းရဲ့ အားနည်းချက်ကို ကျုပ် သိသွားလို့ပဲ"

ဆန်းလျန်က ပုံမှန် လေသံဖြင့် ပြောလိုက်လေသည်။

ထိုစကားကြောင့် ကျန်းရှီစစ်မှာ မိုးကြိုး ပစ်ခံရသလို ဖြစ်သွားလေသည်။ သူက ရဲ့လျိုယွင်၏ အားနည်းချက်ကို ချက်ချင်း စဉ်းစားလိုက်သည်။

ရဲ့လျိုယွင်၏ အားနည်းချက်မှာ ယုံကြည်မှု လွန်ကဲနေခြင်း ဖြစ်လေသည်။ သူက ဆန်းလျန်၏ ဓားပျံကို လွတ်အောင် ရှောင်နိုင်လိမ့်မည်ဟု ယုံကြည်ထားသလို သူ၏အင်္ကျီ လက်ထဲမှ ဓားဖြင့်လည်း ဆန်းလျန်ကို အပြီးသတ် အနိုင်ယူနိုင် လိမ့်မည်ဟု ယုံကြည်ထားလေသည်။

သို့သော် သူမသိသည့် အကြောင်းအရာ တစ်ခု ရှိလေသည်။ ထို အကြောင်းအရာမှာ ဆန်းလျန်မှာ အမှန် တကယ်ပင် ဓားပျံလေး တစ်ခုတည်းကိုသာ အားကိုး နေသည်လား ဆိုသည့် အချက်ပင် ဖြစ်လေသည်။

ဆန်းလျန်သည် ပျံသန်း ထွက်ခွာသွားလေသည်။

တည်းခိုရိပ်သာ တံခါးဝရှိ ဝင်ပေါက် နေရာတွင် မီးပုံးများ ချိတ်ဆွဲထားလေသည်။

ဆန်းလျန်မှာ မီးပုံးများထိပ်တွင် ရပ်နေလေသည်။ လမင်းမှာ သူနှင့် အလွန်နီးကပ် နေသယောင် ထင်ရလေသည်။

ကောင်းကင်ထက်တွင် ဆန်းလျန်တစ်ယောက် ရှိနေပြီး မြေပြင် ထက်တွင်လည်း ဆန်းလျန် တစ်ယောက် ရှိနေလေသည်။

ဆန်းလျန်၏ ဝိညာဉ်မှာ သူ၏ ရုပ်ခန္ဓာမှ ထွက်ခွာပြီး လေထဲတွင် လွင့်မျော နေလေသည်။ လမ်းမတစ်လျှောက် လွင့်မျော နေလေသည်။ စစ်မြေပြင်တွင် "ပွဲသိမ်း တိုက်ခိုက်သည့်" အနေအထားမျိုး ဖြစ်လေသည်။ ဆန်းလျန်၏ လက်ထဲတွင် စစ်ဗျူဟာမြေပုံ ရှိနေပြီးသား ဖြစ်လေသည်။

ဆန်းလျန်မှာ ဝိညာဉ်လွှင့်ခြင်း ကျင့်စဉ်ကို ကျင့်ကြံ ထားလိမ့်မည်ဟု ရဲ့လျိုယွင် လုံးဝ ထင်မထား ခဲ့မိပေ။ ရဲ့လျိုယွင်ပင်လျှင် "အုပ်ချုပ်မှုပိုင်း ဆိုင်ရာ ဆုံချက်" နှင့် "အတွေးအမြင်ပိုင်း ဆိုင်ရာဆုံချက်" ချိတ်ဆက်မိသည့် အဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်ခြင်း မရှိသေးပေ။

ဝိညာဉ်လွှင့်ခြင်း ကျင့်စဉ်မှာ "အုပ်ချုပ်မှုပိုင်း ဆိုင်ရာဆုံချက်" နှင့် "အတွေးအမြင်ပိုင်း ဆိုင်ရာဆုံချက်" ချိတ်ဆက်မိသည့် အဆင့်ထက် ဆယ်ဆပိုပြီး ခက်ခဲသော ကျင့်စဉ် ဖြစ်လေသည်။

ဆန်းလျန်၏ အသက်အရွယ်အရ သူ၏ ဝိညာဉ်စွမ်းအားနှင့် အတွင်းအားမှာ ဤမျှအထိ အဆင့် မြင့်နေခြင်းမှာ တကယ်ပင် အံ့သြ တုန်လှုပ်ဖွယ်ရာ ဖြစ်လေသည်။ အခြားအရာများကို ပြောနေစရာပင် မလိုတော့ပေ။

မြို့တော်၏ တောင်ဘက်တွင် လူမနေတော့သည့် တာအို ဝတ်ကျောင်းတော်ကြီး တစ်ခု ရှိလေသည်။

ထို ကျောင်းတော်ထဲတွင် လင်ချုန်းရှောင် နေထိုင်လေသည်။ ယခု အချိန်တွင်တော့ လင်ချုန်းရှောင်မှာ ဆန်းလျန် ကဲ့သို့ပင် လရောင်အောက်သို့ ရောက်ရှိ နေလေသည်။

သူ၏ ဦးခေါင်းမှာ ပြောင်နေသောကြောင့် ဘုန်းကြီးတစ်ပါး ဟန်ဆောင်ထားသည့် တာအိုဆရာ တစ်ပါးပုံ ပေါက်နေလေသည်။

သူ့ရှေ့တွင် ရှိသည့်လူမှာ ဆံပင်အနည်းငယ် တိုတိုနှင့် ဖြစ်လေသည်။ ထိုသူက တကယ့် ဘုန်းတော်ကြီး တစ်ပါး ဖြစ်လေသည်။

"မင်းက သိပ်ပြီး ပျင်းစရာကောင်းတာပဲ ကူဟွေ့။ မင်းက ကျုပ်နဲ့ သိုင်းပြိုင်ဖို့ ပြန်လာတာ မဟုတ်လား"

လင်ချုန်းရှောင်က သမ်းဝေလိုက်ရင်း ပြောလိုက်သည်။

သူ့မျက်နှာတွင် အလွန်အမင်း အိပ်ချင်နေသည့် အရိပ်အယောင်များ ပေါ်ထွက် နေလေသည်။

"ကျုပ် အရမ်းကောင်းတဲ့ လက်ဝါးသိုင်းပညာ တစ်မျိုး သယ်ယူခဲ့တယ်။ အရမ်းကို စိတ်လှုပ်ရှားနေတယ်။ ဒါကြောင့်မို့လို့  ဒကာကြီး လင်ချုန်းရှောင်နဲ့ ပြိုင်ချင်လို့ ရောက်လာရတာပဲ"

လင်ချုန်းရှောင်က ကူဟွေ့ကို တစ်ချက် စိုက်ကြည့်လိုက်ပြီး ပျင်းရိပျင်းတွဲဖြင့် ပြန်ပြောလိုက်သည်။

"မင်းက ဘုရားသားတော်ပဲ။ မင်းကိုကျုပ်က သေအောင် သတ်လို့မှ မရတာ"

"သေလည်းအေးတာပဲ ဒကာကြီး လင်ချုန်းရှောင်။ နောက်ဘဝကျမှ နတ်ဘုရားတွေရဲ့ ကျင့်စဉ်လမ်း လိုက်ပြီး နတ်ဘုရားတစ်ပါး ဖြစ်လာဖို့ မျှော်လင့်နိုင်မယ်။ ဒါဆို ဘုန်းကြီးဝတ် နေစရာ မလိုတော့ဘူး"

ကူဟွေ့က ဝမ်းသာအားရ ပြောလိုက်လေသည်။

"ဗုဒ္ဓဘာသာက အင်မတန်မှ ကျယ်ပြန့်နက်နဲတဲ့ လမ်းပဲ။ လူတိုင်းလည်း ကျင့်ကြံနိုင်တယ်။ နတ်ဘုရား ဖြစ်အောင် ကျင့်ကြံရတာက ဗုဒ္ဓဘာသာလောက် ဘယ်ကောင်းမှာလဲ"

လင်ချုန်းရှောင်က ပြောလိုက်လေသည်။

"ဒါဖြင့် မင်းကကျတော့ ဘာလို့ ဘုန်းကြီး မဝတ်သလဲ"

"ကျုပ်က ကိုယ်လုပ်ချင်တာ လုပ်တဲ့သူပဲ။ အဲဒါ မင်းနဲ့ ဘာဆိုင်လဲ"

လင်ချုန်းရှောင်က အပြစ် တင်လိုက်လေသည်။

လင်ချုန်းရှောင်မှာ စကားအားဖြင့်သာ နတ်ဘုရား ကျင့်စဉ်လမ်းကို နှိမ့်ချပြီး ပြောလိုက် ရသော်လည်း သူ၏ ရည်မှန်းချက်မှာ နတ်ဘုရားတစ်ပါး ဖြစ်လာအောင် ကျင့်ကြံ နိုင်ဖို့ပင် ဖြစ်လေသည်။

သို့သော် သူက ကံမကောင်းခဲ့ပါ။ ဗုဒ္ဓ၏ လမ်းစဉ်သို့ လိုက်မည် ဆိုပါက လူတိုင်း တရား ရနိုင်သော်လည်း တကယ်တမ်း တရား ရရန်မှာတော့ လွန်စွာမှ ခက်ခဲသည့်အလုပ် ဖြစ်လေသည်။ ထို့ပြင် တရားရသည် ဆိုရာ၌လည်း ချက်ချင်း တရား ရသွားနိုင်သည် မဟုတ်ပေ။ နိဗ္ဗာန် ရောက်သည်အထိ ကျင့်ကြံအားထုတ် နိုင်သူမှာ လွန်စွာမှ ရှားပါးလွန်းလှ ပေသည်။

သို့သော် နတ်ဘုရားလမ်းစဉ် လိုက်သူများမှာလည်း အနည်းငယ်သာ ကျင့်ကြံ အောင်မြင်ကြသော်လည်း နိဗ္ဗန်ရောက်ကြောင်း တရားကို ကျင့်ကြံပေါက်ရောက် သွားသူ အရေအတွက် ထက်တော့ ပိုပြီး များလေသည်။

ဗုဒ္ဓဘာသာမှာ ကျမ်းစာအုပ်များ ဖတ်ခြင်းထက် နားလည် သဘောပေါက်အောင် ကျင့်ကြံ အားထုတ်ရသည့် လမ်းစဉ် ဖြစ်လေသည်။ နတ်ဘုရားများထံ တပည့် ခံရခြင်းထက် ပိုပြီး အရည်အချင်း ရှိရန် လိုအပ်လေသည်။

ဉာဏ်ပညာ အရင်းခံ မရှိဘဲ၊ အသိဉာဏ် နုံနဲ့သည့်သူ ဖြစ်နေပါက တရားရပြီး နိဗ္ဗာန်သို့ ဝင်ရန် မဖြစ်နိုင်ပေ။

***

All Chapters