← Chapters

ရူယိအသွင်ပြောင်းသိုင်းပညာ

Vol. 1 Ch. 43

ရူယိအသွင်ပြောင်းသိုင်းပညာ

Vol. 1 Ch. 43

ပတ်ဝန်းကျင် တစ်ခုလုံးတွင် ဖုန်မှုန့်များ ပလူပျံ သွားလေသည်။ လင်ချုန်းရှောင်၏ ဦးခေါင်းပြောင်ပြောင်မှာ ဖုန်မှုန့်များကြောင့် မိုးခိုးရောင် ပြောင်းသွားလေသည်။ ဖုန်မှုန့်များ ကြားမှ လင်ချုန်းရှောင်က ထွက်လာပြီး…

"မင်း ဘာသိုင်းပညာ သုံးလိုက်တာလဲ။ ကျုပ်ရှောင်ချိန်တောင် မရလိုက်ဘူး"

လင်ချုန်းရှောင် ကျိန်ဆဲ လိုက်လေသည်။

"ရူယိ အသွင်ပြောင်းသိုင်းကွ။ ကျုပ်စိတ်ထဲ ရှိတဲ့အတိုင်း လုပ်လို့ရတယ်။ ကျုပ် ဘုန်းကြီးတော့ ကံကောင်းတာပဲ။ ဘယ်သူက ရူယိ အသွင်ပြောင်းသိုင်းကို ခုခံနိုင်မှာလဲ"

ကူဟွေ့က ဝမ်းသာအားရ လေသံဖြင့် ပြောလိုက်လေသည်။

ဗုဒ္ဓဘာသာတွင် ထူးဆန်းသည့် စွမ်းအားငါးမျိုး ရှိလေသည်။ တရားထိုင်ခြင်းဖြင့် စိတ်ထဲက တွေးထင်သည့်အတိုင်း လက်တွေ့တွင် ဖြစ်ပေါ်လာခြင်း ဖြစ်လေသည်။ မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် အစွမ်း ထက်လေသည်။

ရူယိအသွင်ပြောင်း ပညာမှာ ထိုစွမ်းအား ငါးမျိုးထဲမှ တစ်ခု ဖြစ်လေသည်။ ကူဟွေ့မှာ ဆယ်နှစ်ကြာမျှ ကျင့်ကြံ အားထုတ်ပြီးမှ အစပိုင်းလေးမျှကိုသာ နားလည် သဘောပေါက်ခြင်း ရှိသေးသည်။ သူ၏ အစွမ်းကို အသုံးချပြီး လက်ကလေး တစ်ချက် လှုပ်ရှား ရုံမျှနှင့်ပင် လင်ချုန်းရှောင်ကို ဒုက္ခကောင်းကောင်း ပေးလိုက်ခြင်း ဖြစ်လေသည်။

"မင်း အသက်အရွယ်နဲ့ ဒီလို ပညာမျိုးနဲ့ ကြုံခွင့်ရတာ ဂုဏ်ယူသင့်တယ်။ ကျုပ် တပည့်တွေကိုလည်း ဒီပညာ သင်ပေးထားတယ်။ နောက်တစ်နှစ် နှစ်နှစ်ဆိုရင် ကျုပ်တပည့်တွေတောင် မင်းကိုကောင်းကောင်း ယှဉ်ပြိုင်နိုင်ပြီ"

ကူဟွေ့၏ စကားကြီး စကားကျယ်များကြောင့် လင်ချုန်းရှောင်မှာ ဒေါသထွက်ပြီး အကြီးအကျယ် မကျေမနပ် ဖြစ်နေလေတော့သည်။

"ဒီလောက်ကျယ်ပြောတဲ့ လောကကြီးမှာ နတ်ဘုရား ကျင့်စဉ်တွေနဲ့ ကျမ်းစာအုပ်တွေက နတ်ဘုရားတွေ ရွေးခြယ်ထားတဲ့ တပည့်တွေပဲ သင်ခွင့်ရတာ။ လူအများစုကတော့ သိုင်းပညာပဲ လေ့ကျင့်ကြတာ။ နတ်ဘုရား ဖြစ်လာဖို့ ဆိုတာက လွယ်တာမှတ်လို့။ ဒါပေမယ့် သိုင်းပညာမှာတော့ ပြိုင်ဘက်ကင်း အဆင့် ရောက်အောင် လေ့ကျင့်နိုင်တာပဲလေ။ ပြီးတော့ဟို မင်ကျန်းတောင်က ရဲ့လျိုယွင် ဆိုတာရှိသေးတယ်။ အဲဒီသိုင်းလောကက နောက်ပေါက်လေးတွေ ကျုပ်ကို နိုင်မှာ မဟုတ်ပါဘူး။ မဟုတ်လို့ကတော့ သူတို့လည်း သဲမုန်တိုင်းနဲ့ တွေ့သွားမယ်"

ကူဟွေ့က သိမ်မွေ့သည့် လေသံဖြင့် ပြောလိုက်လေသည်။

စကား ဆုံးသွားသည်နှင့် သူက လင်ချုန်းရှောင်၏ ဖုန်များသဲများဖြင့် ပေတူးနေသည့် ပုံကိုကြည့်ကာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။

လင်ချုန်းရှောင်မှာ ဒေါသ ထွက်နေလေသည်။ သူက ကူဟွေ့၏ ရင်ဘတ်နေရာဆီသို့ လက်ချောင်းများဖြင့် ထောက်ကာ တိုက်ခိုက်လိုက်သည်။ သူ၏ တိုက်ခိုက်မှုကို ကူဟွေ့က အသာလေး ရှောင်ထွက် သွားလေသည်။

ကူဟွေ့လုပ်သလို လုပ်နိုင်သည့်သူ သိပ်မရှိလှပေ။ ပြိုင်ဘက်က တိုက်ခိုက်ပြီးမှ ရှောင်ထွက်သွားသည့် သိုင်းကွက်ဖြစ်လေသည်။ ပြိုင်ဘက်က တိုက်ခိုက်လိုက်သည့် အချိန်နှင့် ရှောင်ထွက်လိုက်သည့် အချိန်မှာ စက္ကန့်ပိုင်းမျှသာ ကွာလေသည်။

သို့သော် ကူဟွေ့မှာလည်း လွယ်လွယ်ကူကူနှင့် ရှောင်ထွက် လိုက်နိုင်ခြင်း မဟုတ်ပါ။ သူ၏ နဖူးတွင် ချွေးသီးချွေးပေါက်များ ကျနေလေသည်။

လင်ချုန်းရှောင်မှာ “ကျားဖြူကို ယဉ်ပါးအောင်လုပ်သည့် အဆင့်” ထိ ကျင့်စဉ် အောင်မြင်ထားသူ ဖြစ်သည့်အတွက်ကြောင့် သူ၏သိုင်းအားမှာ အလွန်ပြင်းထန် လေသည်။ ထို့ပြင် သူ၏ အတွင်းအားများမှာ အမြဲတမ်း စီးဆင်းနေပြီး သူသာ အပြင်းအထန် တိုက်ခိုက်မည်ဆိုလျှင် ပြိုင်ဘက် ရန်သူကို ကျိန်းသေ အနိုင်ရမည် ဖြစ်လေသည်။

“ဒီနေ့တော့ ဒီလောက်ပဲ။ ပျင်းစရာကောင်းလာပြီ။ တကယ်တော့ မင်ကျန်းတောင်က ရဲ့လျိုယွင် ဆိုတာ တကယ့် ပါရမီရှင်လေးပါပဲ။ ဒါပေမယ့် ကျုပ်သိတဲ့ ကောင်လေးတစ်ယောက်က ပိုတော်တယ်”

လင်ချုန်းရှောင်က ပြောလိုက်လေသည်။

လင်ချုန်းရှောင်မှာ တကယ်ပင် ပျင်းရိနေခြင်း ဖြစ်လေသည်။ သူ၏ အသက်အရွယ်အရ သူလုပ်ချင်သည့် အရာများကိုသာ လုပ်ချင်သည့် ဆန္ဒ ရှိလေသည်။ သူမရနိုင်သေးသည့် အရာများကို ရအောင် ကြိုးစားကြည့်ချင်သည်။ ထိုအရာများကို ရချင်မှလည်း ရမည် ဖြစ်လေသည်။

“ဒကာကြီး လင်ချုန်းရှောင်။ မင်းဘယ်သူ့ကို ပြောနေတာလဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်တို့ ရဲ့လျိုယွင် အရွယ်ကဆိုရင် ရဲ့လျိုယွင်လောက် မတော်တာတော့ အမှန်ပဲလေ”

ကူဟွေ့က သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။

လင်ချုန်းရှောင်မှာ အဆင့်မြင့် သိုင်းသမားတစ်ယောက် ဖြစ်လေသည်။ နတ်ဘုရားကျင့်စဉ် လမ်းသို့ တက်ရောက်နိုင်ခြင်း မရှိသည်မှာ ပါရမီ မရှိခြင်းနှင့် အခွင့်အရေး မရခြင်းကြောင့်သာ ဖြစ်လေသည်။ မဟုတ်လျှင် ယခုအချိန်တွင် လင်ချုန်းရှောင်မှာ နတ်ဘုရားတစ်ပါး ဖြစ်နေလောက်ပြီ ဖြစ်သည်။

မည်မျှပင် ဉာဏ်ရည်ထက်မြက်သည့် သူတစ်ယောက် ဖြစ်ပါစေ ကျိုးကြောင်း မညီညွှတ်ပါက နတ်ဘုရားလမ်းစဉ်သို့ လိုက်ရန်မှာ မဖြစ်နိုင်ပေ။ ကျင့်စဉ် နည်းလမ်းများကို နားမလည်ဘဲ နတ်ဘုရားလမ်းစဉ်သို့ လိုက်ပါကလည်း ပြဿနာများစွာကို အဖြေ ရှာရင်းနှင့်ပင် တဖြည်းဖြည်းနှင့် အချိန်ကုန်ကာ သေဆုံး သွားရမည် ဖြစ်လေသည်။ ကျင့်စဉ်နည်းလမ်းများကို ရှေးဟောင်း စာအုပ်များတွင် ရှာဖွေတွေ့ရှိ နိုင်လေသည်။ သို့သော် တကယ် ကျင့်ကြံမည် ဆိုလျှင်တော့ လေထဲတိုက်အိမ် ဆောက်သလို ဖြစ်နေပေလိမ့်မည်။ အတွေ့အကြုံနှင့် အခြေခံကောင်း မရှိဘဲ မည်သူမျှ တာအိုကျင့်စဉ်ကို ကျင့်ကြံနိုင်မည် မဟုတ်ပေ။

“သူ့နာမည်က ဆန်းလျန်လို့ ခေါ်တယ်။ သူက ကျင့်စဉ်လမ်းနဲ့ ပတ်သက်ပြီး ပါရမီရှိတဲ့သူ တစ်ယောက်ပဲ။ ခုဆိုရင် နတ်ဘုရား ကျင့်စဉ်လမ်းကို လိုက်ဖို့အတွက် နည်းလမ်းတောင် ရှာတွေ့ နေလောက်ပြီ”

လင်ချုန်းရှောင်က ပြောလိုက်လေသည်။ လွန်ခဲ့သည့် အချိန်များတုန်းက သူက ဆန်းလျန်ကို ချင်းရွှမ်လမ်းစဉ် အကြောင်းကို ပြောမပြဖို့ ဆုံးဖြတ်ထားခဲ့သည်။

ပါရမီရှင် အစစ်အမှန် ဆိုသည်က လူတစ်သန်းတွင် တစ်ယောက်လောက်သာ ရှိလေသည်။ လူပေါင်းများစွာ နေထိုင်သည့် လောကကြီးတွင် ပါရမီရှင် တစ်ယောက်၏ အယူအဆများကတော့ တစ်မူ ထူးခြား ဆန်းသစ်နေမည် ဖြစ်လေသည်။

သို့သော် အတွင်းအားကို လေ့ကျင့်ရန်ပင် အခွင့်အရေး မရခဲ့ကြသည့် ပါရမီရှင်များလည်း ရှိလေသည်။ ဘဝတစ်လျှောက်လုံး သူတို့၏ အရည်အချင်းများကို မတွေ့ရှိနိုင်သည့် အခြေအနေ များလည်း ရှိလေသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ပါရမီရှင် ဖြစ်ခြင်းသာမက ကံတရားမှာလည်း အရေးပါသော အချက် ဖြစ်လေသည်။

“မင်းပြောသလိုသာ သူက တကယ် အရည်အချင်းရှိတဲ့သူ တစ်ယောက်ဆိုရင်။ မင်း သူ့ကို တစ်ချက်လေးတောင် မကူညီတာ တော်တော်ရက်စက်ရာ ရောက်တာပဲ”

ကူဟွေ့က သက်ပြင်းချရင်းပြောလိုက်လေသည်။

“သူနဲ့ဘာမှ ပတ်သက်စရာမှ မရှိတာ။ ကျုပ် စိတ်ရောကိုယ်ရော နှစ်ပြီး ကူညီတော့ရော ဘာများကောင်းတာ ရှိမှာမို့လို့လဲ။ ကျုပ်ဆရာနဲ့ ညီလေးကိုပဲ ကြည့်လေ။ ကျုပ်က တာဝန်ကျေကျေနဲ့ သူ့ကို သိုင်းပညာ သင်ပေးခဲ့တယ်။ ခုတော့ သူဘယ်လို အဆုံးသတ်သွားရလဲ။ ကျုပ်လက်နဲ့ သူ့ကို သတ်လိုက်ရတယ်”

လင်ချုန်းရှောင်က အေးစက်စွာ ပြောလိုက်လေသည်။

“မဟုတ်ဘူး။ မင်းကကျုပ်ကို စိတ်ဝင်စားအောင် လုပ်လိုက်ပြီ။ ကျုပ်သူ့ကို သွားတွေ့ပြီး ဘယ်လို ပုံစံလဲ ဆိုတာကြည့်ရမယ်”

ကူဟွေ့မှာ သိချင်စိတ်ကို ထိန်းချုပ်၍မရ ဖြစ်နေလေသည်။

ကူဟွေ့မှာ လင်ချုန်းရှောင်နှင့် မတူပေ။ သူက လင်ချုန်းရှောင်ကဲ့သို့ ဂိုဏ်းတွင်း ပြဿနာများနှင့် ဝမ်းနည်း ကြေကွဲစရာ ဖြစ်ရပ်များကို ရင်ဆိုင်ခဲ့ရသူ မဟုတ်ပေ။ လင်ချုန်းရှောင် ပြောသလို ဆန်းလျန်မှာ တကယ် အရည်အချင်းရှိသူ ဖြစ်ပါက သူ့တွင်လည်း ဆရာမရှိသေးဘူး ဆိုလျှင် သူ၏ ပညာများကို အမွေပေးချင် မိလေသည်။

ဗုဒ္ဓဘာသာက သံသရာလည်ခြင်းကို ယုံကြည်လေသည်။ ထို့ကြောင့် ကူဝေ့မှာလည်း သံသရာ လည်ခြင်းနှင့် ကံကံ၏အကျိုးကို ယုံကြည်သူ တစ်ယောက် ဖြစ်လေသည်။ ဆန်းလျန်သာ တာအိုကျင့်စဉ် ကျင့်ကြံမှု အောင်မြင်သွားလျှင် သူ့ကိုလည်း ဆရာတပည့် သံယောဇဉ်ဖြင့် သံသရာ စက်ဝန်းမှ ကယ်ထုတ်သွားနိုင်မည် ဖြစ်လေသည်။

လင်ချုန်းရှောင် မဟုတ်တမ်းတရား လျှောက်ပြောခြင်း ဖြစ်လျှင်တောင်မှ သွားရောက်လည်ပတ် ကြည့်ရုံဖြင့် သူ့အတွက် အရှုံးမရှိနိုင်ပေ။

ကူဟွေ့မှာ သာမန် ဘုန်းတော်ကြီးတစ်ပါး မဟုတ်ပေ။ ဘုရင့်နန်းတော်မှ ဘုရင့်နန်းတော်၏ မင်းဆရာ ဖြစ်သောကြောင့်  “ဆန်းလျန်” ဆိုသည့် နာမည်တစ်လုံးတည်းကိုသာ သိထားသည့်တိုင် ဆန်းလျန်အကြောင်း စုံစမ်းရန်မှာ ခက်ခဲသည့် ကိစ္စတော့ မဟုတ်ပေ။

မိုင်ပေါင်းခြောက်ဆယ် အကွာအဝေးမှ ဘုန်းတော်ကြီး တစ်ပါးမှာ ဆန်းလျန်ကို စိတ်ဝင်စားနေပြီ ဖြစ်သည်ကို ဆန်းလျန်ကတော့ မသိရှာပေ။ သူ၏ဝိညာဉ်မှာ လောကကြီး တစ်ခုလုံးကို ဂရုမစိုက်ဘဲ ကောင်းကင်ထက်တွင် စီးမျောနေလေသည်။

သူက နတ်ဘုရားတစ်ပါးကဲ့သို့ ကောင်းကင်ထက်မှ ဆင်းသက် လာလေသည်။

ရဲ့လျိုယွင်မှာ ကောင်းကင်ထက်တွင် လရောင်နှင့်အတူ စီးမျောနေသည့် ဆန်းလျန်၏ ဝိညာဉ်ကို ပီပီပြင်ပြင် မမြင်ရပါ။

ရဲ့လျိုယွင်၏ အင်္ကျီလက်ထဲမှ ဓားမှာ လှစ်ခနဲ ထွက်လာလေသည်။ အင်္ကျီထဲမှ အဖြူရောင် ဓားရိပ် ထွက်လာပြီး မြွေတစ်ကောင်ကဲ့သို့ လှည့်ပတ်နေလေသည်။ လေထဲတွင် ဓား၏အရိပ်မှာ မည်သည့်နေရာမှ ထွက်လာမှန်း မသိရပေ။

အတွင်းအား အလွန် အဆင့်မြင့်သည့် အဆင့်လွန် သိုင်းသမား တစ်ယောက်မှသာလျှင် “နဂါးဖမ်း ကြိုးကြာလမ်း” ဓားသိုင်းကို အသုံးပြုနိုင်မည် ဖြစ်လေသည်။ ဓားကိုလက်ဖြင့် ထိတွေ့ ကိုင်တွယ်ခြင်း မရှိဘဲ အတွင်းအားဖြင့် လိုသလို ထိန်းချုပ်သည့်သိုင်းပညာ ဖြစ်လေသည်။

အဖြူရောင် အလင်းတန်းမှာ ဆန်းလျန်၏ ဝိညာဉ်အနားမှ ဖြတ်ကျော် သွားလေသည်။

ဓားက မည်သည့် အကွာအဝေးသို့ သွားပါစေ ခန္ဓာကိုယ်အတွင်းရှိ ထိုက်ပိုင်ကန်းကျင်း အတွင်းအားဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်လေသည်။ နတ်ဘုရားများ၏ ဓားသိုင်းပညာကဲ့သို့ ဖြစ်လေသည်။

ဤကဲ့သို့သော သိုင်းပညာမှာ လျှို့ဝှက်သိုင်းပညာ ဖြစ်လေသည်။ သာမန်လူများ သင်ယူနိုင်ခြင်း မရှိပေ။ အကယ်၍ သာမန်လူ တစ်ယောက် လေ့ကျင့်မည် ဆိုပါကလည်း အတွင်းအား မလုံလောက် မှုကြောင့် အတွင်းဒဏ်ရာ ရှိနိုင်သည့် အနေအထားတွင်ရှိလေသည်။

“သခင်လေး သတိထား”

ကျန်းရှီစစ်က အော်ဟစ် သတိပေးလိုက်သည်။

ဆန်းလျန်၏ ဝိညာဉ်မှာ အစိမ်းရောင် အခိုးအငွေ့များ အဖြစ်သို့ ပြောင်းလဲသွားသလို အဖြူရောင် ဓားရိပ်မှာလည်း လွဲချော်သွားလေသည်။ အဖြူရောင် ဓားရိပ်မှာ လျိုယွင်၏ အတွင်းအားနှင့် ပြန်လည် ချိတ်ဆက်၍ မရတော့ပေ။

အစိမ်းရောင် အခိုးအငွေ့များမှာ လေထဲတွင် မြားတစ်စင်းကဲ့သို့ ဖြစ်သွားပြီး ရဲ့လျိုယွင်၏ မျက်ခုံးနှစ်ခုကြား အလယ် တည့်တည့်သို့ တိုက်ခိုက် လိုက်လေတော့သည်။

ရဲ့လျိုယွင်မှာ လောကကြီးတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရပြီး တဖြည်းဖြည်း သတိလစ်သွား လေတော့သည်။

ရုတ်တရက် ရဲ့လျိုယွင်ကိုယ်တွင်းမှ အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ အနီရောင် အလင်းတန်းအလယ်တွင် ရှေးဟောင်း စာလုံးတစ်လုံး ပေါ်လာလေသည်။ ဆန်းလျန်၏ အစိမ်းရောင် ဝိညာဉ် အခိုးအငွေ့များမှာ တွန်းထုတ် ခံလိုက်ရပြီး ဆန်းလျန်၏ ဝိညာဉ်မှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိ သွားလေတော့သည်။

ဆန်းလျန် သူ၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူ့တွင် မည်သည့်ဒဏ်ရာမှ ရရှိထားခြင်း မရှိပေ။ သို့သော် ရဲ့လျိုယွင်မှာတော့ သတိလစ်နေပြီ ဖြစ်လေသည်။

ဆန်းလျန်မှာ သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ မည်သူ့ကိုမျှ နာကျင်အောင်လုပ်ရန် ရည်ရွယ်ထားခြင်း မရှိပါ။ သို့သော် ရဲ့လျိုယွင်မှာ စွမ်းအားထက်မြက်သူ တစ်ယောက် ဖြစ်နေသည့် အတွက် မဖြစ်မနေ တိုက်ခိုက် လိုက်ရခြင်းသာ ဖြစ်လေသည်။

ဤသို့ တိုက်ခိုက်ခြင်းက သူတို့နှစ်ယောက်လုံး ဒဏ်ရာ ရနိုင်လေသည်။ သို့သော် ရဲ့လျိုယွင် ကတော့ ပိုပြီး အခြေအနေ ဆိုးသွားနိုင်လေသည်။

ဆန်းလျန်က ရဲ့လျိုယွင်ကို ဒဏ်ရာရစေရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပါ။ ရဲ့လျိုယွင်မှာ စိတ်စွမ်းအား ကြီးမားပြီး အတွေးအမြင်နှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဆုံချက်များ ပွင့်နေသည့် လူငယ်တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်၏ တိုက်ခိုက်မှုကြောင့် ရဲ့လျိုယွင် မည်သည့် အတိုင်းအတာအထိ အခြေအနေ ဆိုးသွားနိုင်သည်ကို ဆန်းလျန်လည်း သေချာမသိပေ။

ဝူထုန် နတ်မိစ္ဆာများမှာလည်း ဝိညာဉ်စွမ်းအား ကြီးမားသူများ ဖြစ်လေသည်။ သို့သော် သူတို့၏ ဝိညာဉ်စွမ်းအားက စနစ်တကျ မရှိပေ။

ရဲ့လျိုယွင်၏ ဝိညာဉ်ကတော့ အခြားသူများထက် ပိုပြီး ဝိညာဉ်စွမ်းအား ကြီးမားလေသည်။ သူ၏ အတွေးစိတ်ကူးများက ဖျက်ဆီး၍ မရနိုင်လောက်အောင် ခိုင်မာခြင်း ရှိလေသည်။

ရဲ့လျိုယွင်၏ ဝိညာဉ်စွမ်းအားမှာ ဝူထုန် နတ်မိစ္ဆာများထက် များစွာ မြင့်မားလေသည်။

အနီရောင် အလင်းတန်းမှာ ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်ခံရမှုမှ ကာကွယ်ပေးထား လေသည်။ အလွန်ပင် အံ့သြစရာကောင်းသော ပညာရပ်တစ်ခုဖြင့် စီရင်ထားခြင်း ဖြစ်လေသည်။ မည်သူ့ထံမှ ပညာလဲဆိုသည်မှာ သိရန်ခက်ခဲလေသည်။

“ကောင်လေး မင်းက စိတ်ဝိညာဉ် ငြိမ်းအေးခြင်း အဆင့်မှာ နတ်ဘုရားတွေလို နောက်ဆုံး အဆင့်ထိ မရောက်သေးဘဲနဲ့ လူတစ်ဖက်သားကို ဝိညာဉ်စွမ်းအားနဲ့ ဒီလို မထီမဲ့မြင် ပြုရဲသလား။ မင်းက သူ့ရဲ့ စိတ်ဝိညာဉ်ကို တိုက်ခိုက်တဲ့အပြင် သူ့ရဲ့ ဝိညာဉ်ကိုလည်း တိုက်ရိုက် တိုက်ခိုက်ဖို့ ကြိုးစား သေးတယ်။ မင်း သေသွားချင်လို့လား”

အနီရောင် အလင်းတန်းမှာ ရဲ့လျိုယွင်၏ ကိုယ်ပေါ်မှ လှုပ်ရှားသွားပြီး ဆန်းလျန်၏ နားထဲတွင် ထိုစကားသံကို ကြားလိုက်ရလေသည်။

***

All Chapters