← Chapters

နှလုံးသားဖြင့်အသက်ရှင်နေထိုင်ပါ

Vol. 1 Ch. 44

နှလုံးသားဖြင့်အသက်ရှင်နေထိုင်ပါ

Vol. 1 Ch. 44

“မင်းက ဘယ်သူလဲ”

“ကျုပ်က ကျုပ်ရဲ့ သမီးကို လွှတ်ပြီး မင်းကို ဖိတ်ခိုင်းလိုက်တဲ့ သူပဲ။ ဆယ့်ငါးရက်နေ့မှာ ပြန်ဆုံ ကြတာပေါ့”

အနီရောင် အလင်းတန်းမှာ တစ်ချက်လှုပ်ရှား သွားပြီး ရဲ့လျိုယွင်၏ ခန္ဓာကိုယ်ကို ဖောက်ထွက် သွားလေသည်။ ထို့နောက် ပန်းချီကားလိပ် တစ်ခုကဲ့သို့ ကောင်းကင်ပေါ်သို့ ပျံတက်သွားကာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

အနီရောင် အလင်းတန်းဆီမှ စကားသံကို ဆန်းလျန် တစ်ယောက်တည်းသာ ကြားလိုက်ရခြင်း ဖြစ်လေသည်။

ကျန်းရှီစန်းနှင့် ကျန်းရှီစစ်တို့မှာ ရဲ့လျိုယွင်၏ ဘေးသို့ ချက်ချင်း ရောက်လာကြပြီး လရောင်က ဖောက်ထွင်း နိုင်လောက်အောင် ကြည်လင်နေသည့် ရွှေရောင်ဆေးလုံးလေး တစ်ခုကို ရဲ့လျိုယွင်၏ ပါးစပ်ထဲသို့ ထည့်လိုက် ကြလေသည်။

ရဲ့လျိုယွင် တဖြည်းဖြည်း သတိရလာလေသည်။ သူ၏ဝိညာဉ် တစ်ခုလုံးမှာ တုန်ခါနေပြီး ထိုသို့ တုန်ခါသွားခြင်းကြောင့်ပင် သတိ လစ်သွားရခြင်း ဖြစ်လေသည်။ သူသတိ ရလာသည်မှာ ဆေးသောက် လိုက်သည့်အတွက် သတိရလာခြင်း မဟုတ်ကြောင်းကိုလည်း ရဲ့လျိုယွင် ကောင်းကောင်း သိလိုက်လေသည်။

“ငါ ဘာမှမဖြစ်ဘူး။ မင်းတို့နှစ်ယောက် စိတ်မပူကြနဲ့”

ထို့နောက် သူ၏ရင်ဘတ်ကို လက်ဖြင့် ထိကြည့်ရင်း သူ၏မျက်နှာ အမူအရာ ပြောင်းလဲ သွားလေသည်။ ကျန်းရှီစန်းက သူ၏ နားနားသို့ကပ်ကာ တစ်စုံတစ်ခု ပြောကြားလိုက်လေသည်။

ထိုအခါမှ ရဲ့လျိုယွင်မှ စိတ်သက်သာရာ ရသည့်ပုံ ဖြစ်သွားပြီး ခပ်ဖြည်းဖြည်း ပြောလိုက် လေသည်။

“မင်းတကယ်ပဲ တော်ပါတယ် ဆန်းသခင်လေး။ ကျုပ်တကယ်ပဲ မင်းကိုလေးစားပါတယ်”

“အစ်ကိုရဲ့  မင်း ပိုင်ယွိဖေးကိစ္စနဲ့ ဝါးရွက်စိမ်းဂိုဏ်း ကိစ္စကို ကျေအေးပေးမှာလား”

ဆန်းလျန်က ပြုံးရင်း ပြောလိုက်လေသည်။

“ဒါမြင့် မင်းနဲ့ကျုပ်ရဲ့ ကိစ္စကရော…”

“မင်းကြိုက်တဲ့အချိန် ခေါ်လိုက်ပါ”

“နောက်နှစ် နွေဦးရာသီ ရောက်ရင် မင်းကို မင်ကျန်းတောင်ထိပ်မှာ စောင့်နေမယ်”

ရဲ့လျိုယွင်က ပြောလိုက်လေသည်။

ထို့နောက် သူက ဘီးတပ်ကုလားထိုင် ဘေးရှိ လက်ကိုင်ကို ကိုင်လိုက်လေသည်။ ဘီးတပ် ကုလားထိုင်မှာ တုန်ခါသွားပြီး မြေပြင်မှ ဝေါယာဉ်ထဲသို့ ပျံသန်းဝင်ရောက် သွားလေသည်။

ကျန်းရှီစန်းနှင့် ကျန်းရှီစစ်တို့မှာ ဝေါယာဉ်ကို ထမ်းလိုက်ပြီး ညအမှောင်ထဲသို့ တိုးဝင် ပျောက်ကွယ် သွားကြလေတော့သည်။

“သခင်လေး။ မင်ကျန်းတောင်ကို သွားတယ်ဆိုတာ မြွေပွေးသိုက်ထဲ တိုးဝင်သလိုပဲ။ ဘာလို့ သူပြောတာကို သဘောတူလိုက်ရတာလဲ”

ပိုင်ယွိဖေးက ချက်ချင်းပင် မေးလိုက်လေသည်။

“ငါသာဆိုရင်တော့ ဒီလိုမောက်မာတဲ့ အကောင်ကို ဒီအတိုင်း လွှတ်မပေးလိုက်ဘူး”

အန်းရန်ကျယ်က စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလိုက်လေသည်။

“နွေဦးရာသီဆိုတာ မင်ကျန်းတောင်ကို သွားဖို့ အချိန်ကောင်းပဲ။ ရှုခင်းတွေကလည်း လှပတယ်။ ဘာမှအန္တရာယ်ရှိမှာ မဟုတ်ပါဘူးလေ”

ဆန်းလျန်က ခေါင်းတစ်ချက် ခါယမ်းလိုက်ရင်း ပြုံးလိုက်မိလေသည်။

သိုင်းလောကတွင် ချစ်ခြင်းမုန်းခြင်း ဆိုသည်မှာ အိပ်မက်လိုပင် ဖြစ်သည်။ “မင်းက ငါ့ကို သတ်တဲ့အတွက် ငါကမင်းကို ပြန်သတ်မယ်” ဟု အဆုံးမသတ်နိုင်သော ရန်ကြွေး သံသရာ လည်နေရသည့် လောက ဖြစ်လေသည်။

ထိုအရာများကို ဆန်းလျန်က စိတ်မဝင်စားပါ။ လူသတ်ခြင်းဖြင့် လောကကြီးမှ ပြဿနာများ ပြေလည်သွားမည် ဆိုလျှင် လောကကြီး တစ်ခုလုံး စစ်မြေပြင် ဖြစ်သွား ပေလိမ့်မည်။

“ဦးလေးဝူ။ ကျွန်တော့်ကို ပစ္စည်းလေးတွေ ပြင်ဆင်ပေးပါဦး။ မနက်ဖြန် ဆန်းအိမ်တော်ကို ပြန်မလို့”

ဆန်းလျန်က ပြောလိုက်လေသည်။

ထို့နောက်သူက အေးအေးဆေးဆေးပင် တည်းခိုရိပ်သာထဲသို့ ပြန်ဝင် သွားလေသည်။ မင်ကျန်းတောင်မှ သခင်လေးနှင့် တိုက်ခိုက်ရသည်မှာ အလွန် စိတ်လှုပ်ရှားဖွယ် ကိစ္စရပ် ဖြစ်သည့်တိုင် ဆန်းလျန်ကတော့ ပုံမှန်အတိုင်း အေးအေးဆေးဆေးပင် ဖြစ်လေသည်။

***

တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားသလို ဆန်းသခင်ကြီးမှာလည်း အသက်အရွယ် ကြီးရင့် လာခဲ့လေသည်။ သူက နေထွက်သည်ကို မြင်ရသည့်တိုင် နေဝင်သည်ကို မြင်ရမည်မှာ မသေချာ တော့သည့် အခြေအနေမျိုး ဖြစ်နေလေသည်။

ကုန်လွန်ခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း မည်သည့် ကိစ္စများမှလည်း ကြီးကြီးမားမား မရှိခဲ့ပါ။ အသုံးမကျသည့် သူ၏သားကြီးနှင့် ရွှီသခင်မရသည့် ကလေးကို လွန်ခဲ့သည့် နှစ်လက မွေးဖွား ခဲ့လေသည်။ ကလေးမွေးသည့် သတင်းကို ဆန်းလျန်ကို လုံးဝ အသိမပေးခဲ့ပေ။ ဆန်းလျန်နှင့် အနီးကပ်နေသည့် အိမ်တော်ထိန်း ဝူကိုပင် ထိုအကြောင်းကို မပြောခဲ့ပေ။

သို့သော် ဆန်းအိမ်တော် တစ်ခုလုံးမှာလည်း ပျော်ရွှင်ခြင်း မရှိကြပေ။ ဆန်းသခင်ကြီးမှာလည်း မြေးလေး ရသည့်အတွက် ပျော်ရွှင်သည့်ပုံ သိပ်မပြပေ။

သို့သော် ယနေ့ ဆန်းလျန်အိမ်သို့ ပြန်ရောက်လာသည့် အချိန်တွင်တော့ ဆန်းသခင်ကြီး မျက်နှာမှာ ရွှင်ပျနေပြီး ပျော်ရွှင်စွာရယ်မော နေလေတော့သည်။ သူက ပုံမှန်ထက် ထမင်း တစ်ပန်းကန်ပင် ပိုစားလေသည်။

ဆန်းသခင်ကြီးမှာ မွေးဖွားလာသည့် မြေးအသစ်လေးကို တစ်ချက်ပင် လှည့်မကြည့်သလို မွေးကတည်းက ချီ၍ပင် မကြည့်ပေ။

ဆန်းသခင်ကြီးမှာ သမီးဖြစ်သူက မွေးသည့်မြေးကို သားဖြစ်သူက မွေးသည့်မြေးထက် အရေးပေးနေသောကြောင့် ဆန်းအိမ်တော် တစ်ခုလုံးမှာ သူ၏ အပြုအမူကို နားမလည်နိုင် ဖြစ်နေကြလေသည်။ ဤသည်မှာ အင်မတန် ထူးဆန်းသည့်ကိစ္စ ဖြစ်နေသည် မဟုတ်ပါလား။

ဆန်းလျန်၏ မျိုးရိုးနာမည်မှာ ဆန်းကို ယူထားသော်လည်း တကယ်တမ်းတွင် သူက ဆန်းအိမ်တော်၏ မျိုးနွယ်ကို ဆက်ခံရမည့်သူ မဟုတ်ပေ။

ဆန်းသခင်ကြီး စိတ်များ ရှုပ်ထွေးနေသောကြောင့် ထိုသို့ဖြစ်နေခြင်း ဖြစ်နိုင်လေသည်။

ဆန်းလျန်က ဆန်းသခင်ကြီးနှင့်အတူ ဥယျာဉ်ထဲတွင် လမ်းလျှောက်နေလေသည်။ ပန်းဥယျာဉ် ထဲရှိ ပန်းပင်များနှင့် သစ်ခက်များကြားတွင် နှင်းများက ဟိုတစ်စု ဒီတစ်စု ကွက်တိကွက်ကျား ရှိနေကြလေသည်။

"အပျင်းထူတဲ့ကောင်။ မင်းဘာလို့ လျန်သခင်လေးအတွက် အနွေးထည်လေး တစ်ထည်တောင် ယူမလာရတာလဲ။ ကျုပ်ရဲ့ မြေးလိမ္မာလေး နေမကောင်းဖြစ်ရင် မင်းတော့ နာပြီသာမှတ်"

ဆန်းသခင်ကြီးက ဆန်းလျန်နှင့် အတူပါလာသည့် အစေခံကို အပြစ်တင်လိုက်သည်။

သူ့ကိုကြည့်ရသည်မှာ တကယ်ပင် ဒေါသထွက်နေသည့်ပုံ ရလေသည်။ ဆန်းလျန်မှာ ပါးလွှာသည့် အဝတ်လေးတစ်ထပ်သာ ဝတ်ထားသည့်အတွက် ဆန်းသခင်ကြီးမှာ မြေးဖြစ်သူကို ကြည့်မိရုံနှင့်ပင် အအေးဓာတ်ကို ခံစားနေရလေသည်။

"ဘိုးဘိုး။ ကျွန်တော် ဘာမှမဖြစ်ပါဘူး။ ကျွန်တော်က အတွင်းအား ကောင်းတယ်လေ။ ဒီလောက်လေး အေးတာက ပြဿနာ မရှိပါဘူး"

ဆန်းလျန်က ပြုံးပြီး ပြောလိုက်သည်။

"အဘိုးမေ့နေတာပဲ။ မင်းက သိုင်းပညာ သင်ထားတာပဲ။ ခုမင်းပုံစံကလည်း အရင်ကထက် ပိုကြည့်ကောင်းလာတယ်။ အန်းဝမ်လီ ကျုပ်ကိုလာတွေ့တိုင်း မင်းအကြောင်းတွေ ပြောမဆုံးဘူး။ သူ့သားတောင် မင်းနဲ့ပေါင်းမှ တော်တော်လေး လူကြီးဆန်လာတယ်လို့ ပြောတယ်။ ဒါတင် မကသေးဘူး။ ဟို အဆင့်မရှိတဲ့ ရွှီမိသားစုကတောင် မင်းကိုချီးကျူးနေတာ မပြီးတော့ဘူး။ ဟို အလုပ် ထွက်သွားတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး စောကလည်း နှုတ်ထွက်စာ မတင်ခင် မင်းဘယ်လောက် တော်ကြောင်း တဖွဖွ ပြောသွားသေးတယ်"

ထိုစကားများကို ပြောနေချိန်တွင် ဆန်းသခင်ကြီး၏ မျက်နှာမှာ ပြုံးနေလေသည်။ မြေးတစ်ယောက် အဘယ်မျှ တော်ကြောင်းတတ်ကြောင်း ကြားရသည့် မည်သည့် အဘိုးမဆို မပျော်ဘဲ နေနိုင်ပါမည်နည်း။

ဆန်းလျန်၏ အောင်မြင်မှုများမှာ သာမန်လူ တစ်ယောက်အတွက်တော့ အံ့သြ၍ပင် မကုန်နိုင် ဖြစ်ရလေသည်။ ယခုကဲ့သို့ ထူးချွန်သည့် မျိုးဆက်ကို ပိုင်ဆိုင်ထားရသည်မှာ အဘယ်မျှ ကြည်နူး ဝမ်းမြောက်ဖွယ် ကောင်းပါသနည်း။

"သူတို့က အဘိုးကို လေးစားတော့ လျှောက်ပြောတာ နေမှာပါ"

"ဆန်းချင်းရှိနဲ့ ဆန်းချင်းစန်းအကြောင်း သူတို့တွေ တစ်ခါမှ အဲဒီလို မချီးကျူးပါဘူးကွာ။ ဆန်းချင်းရှိ ဆိုရင် အသုံးမကျတဲ့ အကြောင်းတောင် ကြားရသေးတယ်"

ဆန်းသခင်ကြီးမှာ သူ၏ သားကြီးဖြစ်သူ ဆန်းချင်းရှိအကြောင်း ပြောသည့် အခါတွင်တော့ ဒေါသသံများ ပါလာလေသည်။

"လက်ဖဝါးနဲ့ လက်ဖမိုးဆိုတာ အသားချင်း အတူတူပါပဲ။ ဘာလို့ ဘိုးဘိုးက စိတ်တိုနေရတာလဲ။ ခုမှ အသစ်မွေးလာတဲ့ ကျွန်တော့်ရဲ့ ညီလေးကြောင့်လား။ အဲဒီလို ဆိုရင်တော့ ဒေါသမထွက်ပါနဲ့ ဘိုးဘိုးရယ်"

ဆန်းလျန်က နူးညံ့ အေးဆေးစွာဖြင့် ပြောလိုက်လေသည်။

"ဆန်းလျန်။ မင်းက သိပ်ဉာဏ်ကောင်းတယ်"

အဘိုးအိုက သက်ပြင်းချရင်း ပြောလိုက်လေသည်။

ဆန်းသခင်ကြီးက လက်တစ်ချက် ပြလိုက်ပြီး သူတို့ အနောက်သို့ လမ်းပြန်လျှောက် လာကြသည်။

"မင်း ဘယ်လိုလုပ် သိသွားတာလဲ"

"ဘိုးဘိုး။ ခုထိ မသိသေးဘူးလား။ ကျွန်တော့်ရဲ့ ဆေးပညာက ဒီချင်ပြည်နယ် မြို့တော်က သမားတော်တွေနဲ့ ယှဉ်ရင် မညံ့ပါဘူး။ ပထမဦးလေးနဲ့ သူ့ဇနီးက ကလေးမရနိုင်ဘူး ဆိုတာ ကျွန်တော် သိတယ်လေ"

ဆန်းလျန်က ဆန်းသခင်ကြီးအား အကြာကြီး ကြည့်နေလိုက်မိသည်။ တကယ်တော့ သူ ပြန်လာခြင်းမှာ ဆန်းချင်းရှိနှင့် ဆန်းချင်းစန်းတို့ မိသားစုများအပြင် သူ၏ညီလေးကို တွေ့ရန်လည်း ပြန်လာခြင်း ဖြစ်လေသည်။ ရွှီသခင်မမှာ ဆန်းလျန်ကို မဝံ့မရဲ ဖြစ်နေသည့်တိုင် ဝမ်းသာနေသည့် ပုံတော့ ရလေသည်။

သို့သော် ဆန်းလျန်ကတော့ မည်သည့် အမူအရာမျှ မပြခဲ့ပေ။ သူက အခြေနေအရ ဦးလေးနှင့် အဒေါ်ဖြစ်သူကို အဆင်ပြေအောင်သာ နေခဲ့လေသည်။

သူ၏ ဆေးပညာစွမ်းဖြင့် သူတို့နှစ်ယောက်တွင် ချို့ယွင်းချက် လေးခုကို တွေ့ရှိခဲ့သော်လည်း သူ၏ ညီလေးမှာ ဆန်းမိသားစု၏ တရားဝင်သား ဖြစ်သည်လား မဖြစ်သည်လားတော့ သူလည်း မသိနိုင်ပါ။

"မင်း တခြားသူတွေကို ပြောထားသေးလား"

ဆန်းသခင်ကြီးက ရုတ်တရက်မေးလိုက်လေသည်။

"အဘိုးကပြောမယ် ထင်နေလို့လား"

"မင်း တခြားသူတွေကို လျှောက်မပြောဘူးလို့တော့ ဘိုးဘိုး ထင်တာပဲ။ မင်းက ဆန်းအိမ်တော်ရဲ့ ဆက်ခံသူပဲလေ"

ဆန်းသခင်ကြီးက ပြန်ပြောလိုက်လေသည်။

ဆန်းသခင်ကြီးမှာ လွန်စွာမှထက်မြက်သည့် လူတစ်ယောက် ဖြစ်လေသည်။ မွေးလာသည့် ကလေးနှင့်ပတ်သက်ပြီး ဆန်းလျန် စဉ်းစားမည့် အကြောင်းကို သူက နားလည်ထားလေသည်။ သူက ဆန်းလျန် စိတ်မဝင်စားသည့်  ဆန်းအိမ်တော်၏ ကြွယ်ဝ ချမ်းသာမှုများကို လုံးဝ ထည့်မပြောခဲ့ပေ။

"ကျင်းလင်ကို ရေကန်လေးထဲမှာ ချုပ်ထားလို့ ဘယ်ရမလဲ။ တစ်နေ့မှာ နဂါးဖြစ်လာပြီး မိုးတွေလေတွေ ရှိရာအရပ်ကို သွားမှာပဲ။ ချင်ပြည်နယ် မြို့တော်ဟာ မင်းအတွက် သေးငယ် လွန်းပါတယ်။ မင်း ထွက်မသွားခင် ဒီအဘိုးကြီးကို လာကြည့်တာပဲ တော်လှပါပြီ"

ဆန်းသခင်ကြီးမှာ ပြောရင်း စကားသံ တိမ်ဝင် သွားလေသည်။ သူက ဆန်းလျန်ကို နှစ်နှစ် လောက် ပစ်ထားခဲ့မိပြီး ထိုကောင်လေးက ယခုတော့ မုန်တိုင်းကိုပင် မကြောက်တော့သည့် လူငယ် တစ်ယောက် ဖြစ်လာခဲ့ပြီ။

"ချင်ပြည်နယ်မြို့တော်က သေးငယ်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် တခြားလုပ်ချင်တာတွေ ရှိသေးလို့ပါ။ ဘဝဆိုတာ ရင်ထဲက ဆန္ဒအတိုင်းပဲ လျှောက်လှမ်းတာ ကောင်းတယ် မဟုတ်လား"

ဆန်းသခင်ကြီး ကိုယ်တိုင် ပွင့်ပွင့်လင်းလင်း ပြောမှတော့ ဆန်းလျန်လည်း ဖုံးကွယ်ထားလိုစိတ် မရှိတော့ပေ။

တစ်ချိန်တည်းမှာပင် သူက အဘိုးဖြစ်သူအတွက် စိတ်မကောင်းသလို ခံစား လိုက်ရလေသည်။ သူ့ဘဝ အတွေ့အကြုံအရ အဘိုးဖြစ်သူမှာ အခြားသော သက်ကြီးရွယ်အိုများနှင့် မတူသည်ကို သတိထား မိလေသည်။

"ထားလိုက်ပါ။ အဘိုးမင်းကို မတားပါဘူး။ ဘယ်အရာကများ မင်းကို တားဆီးနိုင်မှာလဲ။ ဒါပေမယ့် ဘယ်နေရာပဲ ရောက်ရောက် မင်းက ဆန်းမိသားစုက ဆိုတာတော့ မမေ့နဲ့နော်"

ဆန်းအဘိုးအိုမှာ အလွန်ပင် အိုမင်းနေပြီ ဖြစ်လေသည်။ သူကပိုပြီး နားလည်မှု ရှိလာလေသည်။ ဘဝနေဝင်ချိန် နီးကပ်လာသည်နှင့် အမျှ မာန်လည်းကျနေပြီ ဖြစ်လေသည်။

ဆန်းလျန်က အဘိုးဖြစ်သူကို အသာအယာ ဖက်လိုက်သည်။ ဆန်းလျန်မှာ အင်္ကျီပါးပါးလေး ဝတ်ထားသော်လည်း အအေးဒဏ်ကို မခံစားရပါ။ သူ၏ နွေးထွေးမှုက ဆန်းသခင်ကြီး ဝတ်ဆင် ထားသည့် အင်္ကျီ အထူကြီးကိုပင် ဖောက်ဝင်သွားလေသည်။

ထို့နောက် ဆန်းလျန်က ပြုံးလိုက်ပြီး အဘိုးဖြစ်သူ၏ မျက်နှာကို ကြည့်ကာ ပြောလိုက်သည်။

"ဘိုးဘိုး။ ဘိုးဘိုး ကျွန်တော့်အပေါ် ကောင်းတာတွေကို အမြဲတမ်း မှတ်ထားပါ့မယ်။ ပြီးတော့ ကျွန်တော်က အမြဲတမ်း ဆန်းလျန်ပါပဲ"

ဆန်းလျန် နောင်တတရား ကင်းမဲ့စွာဖြင့် ပန်းဥယျာဉ်ထဲမှ လှည့်ထွက် လာခဲ့လေတော့သည်။

***

All Chapters