လူလုရန် ပြင်ဆင်ခြင်း
Vol. 21 Ch. 232
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ အင်မော်တယ်လှေကားတက်သည့် ဖြစ်စဉ်မှာ နောက်ဆုံးအဆင့်သို့ လျင်မြန်စွာ ရောက်ရှိလာတော့သည်။
ယခုအခါ ထိပ်ဆုံးမှ လူအနည်းငယ်မှာ သေမျိုးနယ်ပယ် ခရီးစဉ်တစ်ခုလုံးကို အောင်မြင်စွာ ကျော်ဖြတ်ပြီးဖြစ်ကာ နောက်ဆုံး လှေကားထစ် ၉၉ ထစ်ပေါ်သို့ စတင်ခြေလှမ်း လှမ်းနေကြပြီ ဖြစ်သည်။
ထန်ထျန်း၏ ထူးဆန်းသော "ပျောက်ကွယ်မှု" ကြောင့် လူအများမှာ မျှော်လင့်ချက်အချို့ ဆုံးရှုံးခဲ့ရသော်လည်း ပါရမီရှင် အချင်းချင်းကြားမှ ပြိုင်ဆိုင်မှုကို မြင်တွေ့ရသောအခါ စိတ်အားထက်သန်မှုများ ရှိနေဆဲပင်။
မည်သူက အမြင့်ဆုံးသို့ ရောက်ရှိမည်နည်းဟု လူအများက ဝိုင်းဝန်း ဆွေးနွေးနေကြသည်။
"ပိုင်တိဂိုဏ်းက ချောင်းလွေ့ချိုက် ပဲ ဖြစ်မှာ သေချာတယ်"
"သူက အစကတည်းက တောက်လျှောက် ဦးဆောင်လာတာ၊ အခုဆို ဒုတိယလူထက် ၁၀ ထစ်ကျော်တောင် သာနေပြီ။ အခြေခံအားဖြင့်တော့ လိုက်မီဖို့ မဖြစ်နိုင်တော့ဘူး"
လူ တစ်ဦးက ပြော သည်။
လူအတော်များများကလည်း ထိုစကားကို ထောက်ခံကြသည်။ ဤအတောအတွင်း ချောင်းလွေ့ချိုက်၏ စွမ်းဆောင်ရည်ကို အားလုံး မြင်တွေ့ခဲ့ကြပြီး ဖြစ်သဖြင့် သူ၏ ခွန်အားမှာ သံသယဖြစ်ဖွယ် မရှိပေ။
သို့သော် အချို့ကမူ မတူညီသော အမြင်များ ရှိနေကြသည်။
"ပြောရခက်တယ်"
"အဆုံးသတ်ကို မရောက်မချင်း ဘယ်သူမှ ရလဒ်ကို မသိနိုင်ဘူး"
"တပည့်သစ် ဝင်ခွင့်အခမ်းအနားတိုင်းမှာ လူတွေကို အံ့အားသင့်စေမယ့် ပါရမီရှင်တွေ အမြဲပေါ်လာတတ်တာပဲ"
"ကျီယန်ဂိုဏ်းနဲ့ ရွှမ်ယွင်မျှော်စင်က လူတွေလည်း မဆိုးဘူး၊ နောက်ကနေ ကပ်လိုက်နေကြတာပဲ။"
" ငါ့အမြင်တော့ သူတို့တွေ ချောင်းလွေ့ချိုက်ရဲ့ နေရာကို စိန်ခေါ်နိုင်ဖို့ အခွင့်အရေး ရှိနေတုန်းပဲ"
ချောင်းလွေ့ချိုက်၏ အောက်တွင် အခြားသော ပါရမီရှင် ၅ ဦး၊ ၆ ဦးခန့် ရှိနေပြီး သူတို့ကြား အကွာအဝေးမှာ သိပ်မဝေးလှပေ။
အကယ်၍ တစ်ဦးဦးက ရုတ်တရက် အစွမ်းပြနိုင်လျှင် အသာစီးရသွားရန် ဖြစ်နိုင်ခြေ ရှိနေသည်။
အစပိုင်းတွင် ချောင်းလွေ့ချိုက်နှင့် အနီးဆုံး၌ ရှိနေခဲ့သော ကုရှောင်းရွှယ် မှာမူ တဖြည်းဖြည်းနှင့် အလှမ်းဝေးကာ ကျန်ရစ်ခဲ့သည်။
သို့သော် လူအများက သူမအပေါ် အပြစ်မဆိုကြဘဲ ခွင့်လွှတ်ပေးကြသည်။
"ကုရှောင်းရွှယ်က အတိဒုက္ခဖြတ်ကျော်ခြင်း အထွတ်အထိပ် ကျင့်ကြံမှုပဲ ရှိသေးတာ၊ နောက်ဆုံးအဆင့်မှာ နောက်ကျသွားတာက သဘာဝပါပဲ"
"သူမက ဒီအဆင့်နဲ့တင် ဒီလောက်အထိ စွမ်းဆောင်နိုင်တာက လူအများကြားမှာ ဂုဏ်ယူထိုက်ပါတယ်။ "
"ပြီးတော့ မမေ့နဲ့ဦး... သူမက အသက် ၁၆ နှစ်ကျော်ပဲ ရှိသေးတာ၊ အနာဂတ်ကတော့ တကယ်ကို ဖြောင့်ဖြူးနေ မှာပဲ"
လူအများက ကုရှောင်းရွှယ်ကို အာရုံစိုက်နေကြသည်မှာ သူမ၏ စွမ်းဆောင်ရည်ကြောင့်သာမက သူမက ပိုင်တိဂိုဏ်းကဲ့သို့ ထျန်းဖူနန်းတော်ထဲမှာ အင်အားကြီးမားပြီးသား အဖွဲ့အစည်းမှ မဟုတ်သောကြောင့်လည်း ပါဝင်သည်။
သူမကို သူတို့ဘက် ပါလာအောင် စည်းရုံးရန်မှာ ချောင်းလွေ့ချိုက်ထက် ပိုမို လွယ်ကူနိုင်ပေသည်။
ချင်းယွဲ့ဂိုဏ်းမှ ရောက်လာကြသည့် အဖွဲ့နှစ်ဖွဲ့စလုံးမှာလည်း ကုရှောင်းရွှယ်ကိုသာ အဓိက ကြည့်နေကြပြီး လူလုရန် အသင့်ပြင်နေသည့် ပုံစံမျိုး ဖြစ်နေသည်။
ထန်ထျန်း၏ အကြည့်ကလည်း ရှောင်းရွှယ်ပေါ်တွင် ရှိနေသည်။
သို့သော် သူ အာရုံစိုက်သည်မှာ အခြားသူများနှင့် မတူဘဲ ရှောင်းရွှယ်၏ အခြေအနေကို ပို၍ ကြည့်နေခြင်း ဖြစ်သည်။
နောက်ဆုံး လှေကားထစ် ၉၉ ထစ်သို့ တက်သည့်အခါ ရှောင်းရွှယ်၏ အရှိန်မှာ သိသိသာသာ နှေးကွေးသွားသည်။
လူအများက သူမ၏ အကန့်အသတ်သို့ ရောက်သွားပြီဟု ထင်နေကြသော်လည်း ထန်ထျန်းကမူ ထိုသို့မဟုတ်ကြောင်း သိနေသည်။
အကြောင်းမှာ ရှောင်းရွှယ်က လှေကားတက်နေရင်း ပုတီးစေ့ အမြောက်အမြားကို တစ်ပြိုင်နက် ထုတ်ယူနေသည်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။
ပုတီးစေ့၏ အစွမ်းကို သူတို့ အနည်းငယ်သော သူများသာ သိကြသည်။
၎င်းမှာ အလွန်သန့်စင် ပြီး များပြားသော ဝိညာဉ်စွမ်းအားများကို ကိုယ်စားပြုသည်။
မည်သည့်အခြေအနေတွင် ဤမျှ များပြားသော ဝိညာဉ်စွမ်းအား လိုအပ်မည်နည်း။
အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိသည်။
အဆင့်ထိုးဖောက်ခြင်း ပင်။
ကုရှောင်းရွှယ်မှာ အင်မော်တယ်လှေကား၏ တာအိုအငွေ့အသက် နှင့် ဖိအားကို အသုံးချကာ တက်လှမ်းခြင်း အဆင့်သို့ တက်လှမ်းရန် ကြိုးစားနေခြင်း ဖြစ်သည်။
"တကယ်ကို ကြိုးစားတဲ့ ကောင်မလေးပဲ"
"ဒီလို အခွင့်အရေးမျိုးကိုတောင် ဖမ်းဆုပ်နိုင်သေးတယ်"
ထန်ထျန်းက တိတ်တဆိတ် ပြုံးလိုက်သည်။
အချိန်အတန်ကြာပြီးနောက် အင်မော်တယ်လှေကားတက်ခြင်း ပြီးဆုံးရန် အမွှေးတိုင် တစ်တိုင်စာခန့်သာ အချိန်ကျန်တော့သည်။
ထူးခြားမှု တစ်ခုခု မဖြစ်ခဲ့လျှင် ချောင်းလွေ့ချိုက်က ဤဝင်ခွင့်အခမ်းအနား၏ နံပါတ်တစ် ဖြစ်လာမည်မှာ သေချာသလောက် ရှိနေသည်။
သို့သော် ထိုအချိန်တွင် ပုံရိပ်များကြားမှ အလင်းတန်းတစ်ခု ဝင်းလက်လာသည်။
အပြင်ဘက်ရှိ အင်မော်တယ် အစွမ်းထက်သူများက ဤထူးခြားမှုကို ချက်ချင်း သတိထားမိသွားကြပြီး လှမ်းကြည့်ကာ အံ့သြတကြီး အော်ဟစ်လိုက်ကြသည်။
"ကုရှောင်းရွှယ်က လှေကားပေါ်မှာတင် အဆင့်တက်သွားတာလား"
အင်မော်တယ်လှေကားမှာ အလားအလာကို မြှင့်တင်ပေးနိုင်သည်မှာ အမှန်ဖြစ်ပြီး လူအများစုမှာ လှေကားတက်ပြီးနောက်မှသာ ဉာဏ်ပွင့် ကာ အဆင့်တက်လေ့ ရှိကြသည်။
သို့သော် လှေကားပေါ်မှာတင် တိုက်ရိုက် အဆင့်တက်နိုင်သူမှာ အလွန် ရှားပါးလှသည်။
အကြောင်းမှာ ထိုနေရာ၏ ဖိအားက အလွန်ပြင်းထန်လှပြီး ကောင်းကင်တာအို၏ အရှိန်အဝါကို ခုခံရန်အတွက် ရှိသမျှ ခွန်အားအားလုံးကို အသုံးချနေရသောကြောင့် ဖြစ်သည်။
ထိုနေရာတွင် အဆင့်တက်ရန် ရွေးချယ်နိုင်သည်ဆိုခြင်းမှာ ထိုသူက အခြေအနေအရပ်ရပ်ကို အေးအေးဆေးဆေး ကိုင်တွယ်နိုင်နေခြင်းကြောင့်သာ ဖြစ်ရပေမည်။
"ငါတို့... သူမကို အထင်သေးမိခဲ့တာပဲ"
"တက်လှမ်းခြင်း အဆင့်ကို ရောက်သွားပြီးရင် သူမက ချောင်းလွေ့ချိုက်နဲ့ အဆင့်တူသွားပြီ။ ထူးခြားတဲ့ ရလဒ်ကို ဖန်တီးနိုင်မလား"
လူအများ၏ မျှော်လင့်ချက်များအကြားတွင် ကုရှောင်းရွှယ်မှာ လျင်မြန်စွာ အဆင့်တက်သွားပြီး တက်လှမ်းခြင်း အဆင့်သို့ တရားဝင် ရောက်ရှိသွားသည်။
ထို့နောက် သူမက လှေကားထိပ်ကို ကြည့်ကာ တည်ငြိမ်စွာ တက်လှမ်းသွားတော့သည်။
တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း
သူမ၏ ခြေလှမ်းများမှာ အလွန် တည်ငြိမ်လှသည်။ သာမန်လူ လှေကားတက်သည့် အရှိန်နှင့် မခြားသော်လည်း နောက်ဆုံးအချိန်တွင် ကျန်ရှိနေသူများမှာ ရပ်တန့်နေသကဲ့သို့ ဖြစ်နေသည်။
လူတိုင်း၏ မျက်စိရှေ့မှာပင် ကုရှောင်းရွှယ်မှာ တစ်လှမ်းချင်း တက်လှမ်းရင်း တပည့်ပေါင်းများစွာကို ကျော်ဖြတ်ကာ ထိပ်ဆုံးမှ ချောင်းလွေ့ချိုက်ကို စိန်ခေါ်လိုက်သည်။
"ပြီးတော့မယ် ကိုးထစ်ပဲ လိုတော့တယ်"
နောက်ကနေ လိုက်တက်လာပြီး အနိုင်ရခြင်းမှာ မည်သည့်နေရာတွင်မဆို စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖြစ်သည်။
လူတိုင်းကလည်း ကုရှောင်းရွှယ် နောက်ဆုံးတွင် ကျော်တက်သွားနိုင်ရန် မျှော်လင့်နေကြသည်။
အချိန်ကုန်ခါနီးလေလေ၊ ကုရှောင်းရွှယ်နှင့် ချောင်းလွေ့ချိုက်ကြား အကွာအဝေးမှာ ပိုမို နီးကပ်လာလေ ဖြစ်သည်။
နောက်ဆုံး (၂) နာရီ ပြည့်သွားသည့် အချိန်တွင်မူ သူမက ချောင်းလွေ့ချိုက်နှင့် တန်းတူ အမြင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
"လှတယ်ကွာ"
လူတစ်ဦးက ဝမ်းသာအားရ အော်လိုက်သည်။
"ကျော်မတက်နိုင်ခဲ့ပေမဲ့ သူမကိုယ်သူမ သက်သေပြနိုင်ခဲ့ပြီ "
"တကယ်ကို ရှားပါးတဲ့ ပါရမီရှင်ပဲ"
လူတိုင်းက ရယ်မောကြသည်။
ဤဝင်ခွင့်အခမ်းအနားတွင် လူတိုင်းကို စိတ်လှုပ်ရှားစေသည့် မြင်ကွင်းတစ်ခုကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
ချောင်းလွေ့ချိုက်၏ ခွန်အားကို ဘယ်သူမှ လျော့မတွက်သော်လည်း နောက်ဆုံးအချိန်တွင် ပြန်လည် တိုက်စစ်ဆင်သည့် မြင်ကွင်းမျိုးက ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည် မဟုတ်ပါလား။
ဤတွင် ဝင်ခွင့်အခမ်းအနား ပြီးဆုံးသွားပြီ ဖြစ်ကာ တပည့်များ အားလုံးက မကြာမီ စင်မြင့်ထက်သို့ ရောက်ရှိလာကြတော့မည် ဖြစ်သည်။
လူတိုင်းက လှေကား၏ ထွက်ပေါက်တွင် ဝိုင်းအုံလာကြသည်။
ထူးချွန်သော တပည့်များမှာ ပထမဆုံး ထွက်လာကြမည် ဖြစ်သဖြင့် သူတို့မှာ လူလုရန် အသင့်ပြင်ထားကြရသည်။
ထိုအခြေအနေကို မြင်သောအခါ ထန်ထျန်းလည်း ထိုနေရာသို့ သွားရန် ပြင်လိုက်သည်။
"မင်းလည်း လူသွားလုမလို့လား"
ကွမ်းယိုက မေးလိုက်သည်။
ထန်ထျန်းက ကျားသဖွယ် စောင့်ကြည့်နေကြသည့် လူအုပ်ကြီးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
သူသာ မသွားလျှင် ရှောင်းရွှယ် ထွက်လာသည်နှင့် အပိုင်းပိုင်း အဆွဲခံရမည်မှာ သေချာသည်။
သို့သော် ကွမ်းယိုက ကြောင်အသွားပြီး "မင်းက ဘယ်အင်အားစုမှာမှ မရှိဘူးလို့ ပြောတယ်မဟုတ်လား"
ထန်ထျန်း ခဏမျှ တုန့်ဆိုင်းသွားပြီးမှ ပြုံးလျက် "ကျွန်တော့်အတွက် ကျွန်တော် ကိုယ်တိုင် သွားလုတာပါ"
ကွမ်းယိုက ခေါင်းခါကာ "ပထမဆုံး ထွက်လာတဲ့သူတွေက ပါရမီရှင်တွေချည်းပဲ၊ မင်းက အဲ့ဒီလူတွေကို ယှဉ်ပြီး လုနိုင်ပါ့မလား"
" မင်းရဲ့ ပစ်မှတ်က ဘယ်သူလဲ"
ထန်ထျန်းက အမှန်အတိုင်းပင် ပြောလိုက်သည်။ "ကုရှောင်းရွှယ် ပါ"
ကွမ်းယိုမှာ ထပ်မံ ကြောင်အသွားပြီးနောက် အော် ရယ်လိုက်တော့သည်။ "မင်း ရူးသွားပြီလား ကုရှောင်းရွှယ် ဟုတ်လား "
"သူမရဲ့ ခုနက စွမ်းဆောင်ရည်ကို မမြင်ဘူးလား အင်အားကြီးအဖွဲ့တွေ ဘယ်လောက်တောင် သူမကို မျက်စိကျနေလဲ။"
" မင်းက ဘာယုံကြည်ချက်နဲ့ သူတို့နဲ့ ယှဉ်လုမှာလဲ"
ကွမ်းယိုက ထန်ထျန်း စိတ်မမှန်တော့ဟု ထင်ကာ ခေါင်းကို တဆက်ဆက် ခါနေသည်။
ထိုအခါ ထန်ထျန်းက နှာခေါင်းကို ပွတ် လိုက်ကာ ပြုံးလျက် "ကျွန်တော့်မှာ... ဒီလောက် ယုံကြည်ချက်တော့ ရှိပါတယ်။"
" ကုရှောင်းရွှယ်က ကျွန်တော့်လူပဲ ဖြစ်ရမယ်"
ထန်ထျန်း၏ အတည်ပြုချက်ကို ကြားသောအခါ ကွမ်းယိုက မျက်နှာပျက်သွားပြီး "မင်း ရူးသွားပြီ။"
" သူမသာ မင်းနောက်ကို လိုက်မယ်ဆိုရင် အင်မော်တယ်အရှင် လင်းလျို့က ငါ့နောက်ကို လိုက်ပြီကွာ"
ထန်ထျန်း ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ အဝင်ဝဆီသို့ လျှောက်သွားသည်။
သူ၏ ကျောပြင်ကို ကြည့်ကာ ကွမ်းယို သက်ပြင်းချလိုက်ပြီးနောက် နောက်ကနေ လိုက်သွားတော့သည်။
"လူငယ်ဆိုတော့ စိတ်မြန်လက်မြန် ရှိလှချည်လား။"
" အကြီးအကဲတွေကို သွားမစော်ကားမိအောင် ငါပဲ ကြည့်ပေးရတော့မယ်"