ပိုင်နိုယီ
Vol. 21 Ch. 235
တောက်ပသော အလင်းတန်းများကြားတွင် ထျန်းယွီက သူ၏လက်ကို မတင်မကျဖြင့် ပြန်ရုပ်သိမ်းလိုက်ရသည်။
ရှန့်ထန်းတာအိုကျောက်စိမ်း အတုံးတစ်ထောင်နီးပါးဆိုသည်မှာ သူပင်လျှင် စိတ်ကြိုက်ထုတ်ပေးနိုင်သည့် ပမာဏမဟုတ်ပေ။
"ကြည့်ရတာ မင်းတို့ရဲ့ ကြွယ်ဝမှုက တော်တော်လေး နက်ရှိုင်းပုံရတယ့်ပုံပဲ"
ထျန်းယွီက ခါးကိုပြန်မတ်လိုက်ရင်း ပြုံးလျက်ပြောလိုက်သည်။
ဘေးနားရှိ ကျင်းဝမ်ရှင်းက နှာခေါင်းတစ်ချက်ရှုံ့ကာ "ဒီမှာ ထန်ထျန်းက ဂိုဏ်းရဲ့ သခင်လေးပဲဟာ၊ ရှန့်ထန်းတာအိုကျောက်စိမ်း တစ်တုံးတည်းနဲ့ သူ့ကို စည်းရုံးချင်နေတာကတော့ မင်းက လူကို အရမ်းအထင်သေးရာကျလွန်းတယ်"
ထျန်းယွီမှာ အနည်းငယ်ကြောင်သွားပြီး "သခင်လေးဆိုတာ ဘာလဲ"
" ဂိုဏ်းထဲမှာ ဒီလိုရာထူးမျိုး ရှိလို့လား"
ကျင်းဝမ်ရှင်းက သူ့ဘက်သို့ လှည့်ကြည့်ကာ ဘာမှပြန်မရှင်းပြတော့ပေ။
သူက ထန်ထျန်းနှင့် ကုရှောင်းရွှယ်ကို ကြည့်ရင်း ယနေ့တွင် သူတို့နှစ်ဦးကို စည်းရုံးရန် မဖြစ်နိုင်တော့ကြောင်း သိသွားသည်။
သို့သော် မည်သို့ပင်ဆိုစေကာမူ သူတို့က ထျန်းဖူနန်းတော်သို့ အခုမှတက်လှမ်းလာသည့် တပည့်အသစ်များသာ ဖြစ်သည်။
ပါရမီရှိသည်ဆိုသော်ငြား အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို မည်သူမှ အတတ်မပြောနိုင်ပေ။
သူတို့အတွက် လက်ရှိတွင် အလိုအပ်ဆုံးမှာ အလားအလာရှိသည့် တပည့်များမဟုတ်ဘဲ ခိုင်မာသည့် ခွန်အား သို့မဟုတ် နောက်ခံအင်အားရှိသူများသာ ဖြစ်သည်။
ထို့ပြင် သူယနေ့လာရသည့် အဓိကရည်ရွယ်ချက်မှာလည်း ပါရမီရှင်ရှာရန်မဟုတ်ဘဲ ချင်းယွဲ့ဂိုဏ်းမှ သူတို့နောက်သို့ လိုက်လိုသူများကို လမ်းပြရန်သာ ဖြစ်သည်။
"ထန်ထျန်း... မင်းရဲ့စိတ်က ပြတ်သားနေပြီဆိုတော့လည်း ငါ အတင်းအကျပ် မတိုက်တွန်းတော့ဘူး။ "
"ဒါပေမဲ့ နောက်ပိုင်းမှာ မင်းရဲ့စိတ်ကူး ပြောင်းလဲသွားမယ်ဆိုရင်တော့ အချိန်မရွေး ပြန်လာလို့ရတယ်။"
" မင်းရဲ့ အရင်က အဆင့်အတန်းက မင်းအတွက် နောက်ဆုံးအကာအကွယ် ဖြစ်လာလိမ့်မယ်"
ပြောပြီးသည်နှင့် ကျင်းဝမ်ရှင်းက လှည့်ထွက်သွားတော့သည်။
ထန်ထျန်းက သူထွက်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။
ထိုလူက ချင်းယွဲ့ဂိုဏ်းသားများအတွက် တကယ်ပဲ စေတနာထားခြင်း ဖြစ်နိုင်သော်လည်း သူ၏ မောက်မာသော အမူအရာကတော့ တကယ့်ကို မကျေမနပ် စရာပင်။
"ငါလည်း သွားပြီ။"
" ဟိုကောင်နဲ့ လူသွားလုရဦးမယ်"
ထျန်းယွီက ထန်ထျန်းကို ကြည့်ကာ ပြုံးလျက်ပြောသည်။ "မင်းက တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ၊ မင်းကို ငါမှတ်ထားလိုက်မယ်။ "
"နောက်ပိုင်း အခက်အခဲရှိရင် ငါ့ကိုလာရှာလို့ရတယ်၊ ဒါက ငါ့ရဲ့ ကိုယ်ပိုင်ကတိပဲ။ "
"ဒါပေမဲ့ ပြင်ဆင်ထားဦးနော်၊ ငါ့ရဲ့အကူအညီက အလကားတော့ မဟုတ်ဘူး"
ထို့နောက် သူက ကုရှောင်းရွှယ်ကို မျက်မှိတ်ပြကာ လှည့်ထွက်သွားပြန်သည်။
သူတို့နှစ်ဦးလုံး ထွက်သွားပြီးမှ ကုရှောင်းရွှယ်က ရှန့်ထန်းတာအိုကျောက်စိမ်းများကို ပြန်သိမ်းလိုက်ပြီး ထန်ထျန်းကို ကြည့်ကာ ဟိဟိခနဲ ရယ်လိုက်သည်။
ထန်ထျန်းက သက်ပြင်းချကာ "နောက်ဆို အဲ့ဒီကြောင်လေးဆီက အကောင်းတွေပဲ သင်စမ်းပါ၊ အကျင့်ဆိုးတွေ ယူမလာစေနဲ့"
ကုရှောင်းရွှယ်မှာ ကြောင်အသွားပြီး "အာ... ခုနက ကိစ္စကို ပြောတာလား "
"အဲ့ဒါ ရှင့်ဆီက သင်ထားတာလေ"
ထန်ထျန်း: ???
သူက ဘယ်တုန်းက အဲ့ဒီလို ကြွား ခဲ့လို့လဲ
စကားလက်ဆုံပြောပြီးနောက် ထန်ထျန်းက ကွမ်းယိုကို ကြည့်ကာ ရှောင်းရွှယ်အား မိတ်ဆက်ပေးသည်။ "ဒါက ငါတို့ရဲ့ စီနီယာအစ်ကို ကွမ်းယို ပဲ။"
" တစ်ချိန်တည်းမှာပဲ သူက အင်မော်တယ်အရှင် လင်းလျို့ရဲ့ ချစ်သူဖြစ်သလို ထျန်းဖူနန်းတော်ရဲ့ အရှင်လည်း ဖြစ်တယ်"
ကွမ်းယိုမှာ ကြောင်သွားပြီးနောက် အလျင်အမြဲ လက်ယမ်းကာ "မဟုတ်ဘူး၊ မဟုတ်ဘူး... သူ့စကားတွေ လျှောက်မယုံနဲ့။"
" ငါက... မင်းတို့ထက် နှစ်နည်းနည်းလေး စောရောက်နေတဲ့ တရားဝင်တပည့် တစ်ယောက်ပါပဲ"
ပြောရင်းနှင့် သူက ထန်ထျန်းကို အံ့သြတကြီး ကြည့်ကာ "မင်းက တကယ်ပဲ အဲ့ဒီ ထန်ထျန်း ပေါ့လေ"
"ဒါပေမဲ့ မင်းက ဘယ်လိုလုပ် အင်မော်တယ်လှေကားကနေ ဒီလောက်စောစော တက်လာနိုင်တာလဲ"
" မှတ်မိသလောက်ဆိုရင် နာရီဝက်လောက်ပဲ ရှိသေးတာ"
" တခြားသူတွေ မင်းကို မတွေ့လိုက်ကြဘူးလား"
ကွမ်းယို၏ မျက်နှာတွင် မယုံနိုင်စရာ ဖြစ်ရပ်တစ်ခုကို ကြုံတွေ့နေရသည့်နှယ် အံ့သြမှုများ ပြည့်နှက်နေသည်။
ဤကိစ္စမှာ တကယ့်ကို ထူးဆန်းလွန်းလှသဖြင့် အပြင်မှာပြောလျှင်ပင် မည်သူမှ ယုံကြမည်မဟုတ်ပေ။
"အင်း... ကျွန်တော်လည်း မသိဘူး။"
" လမ်းလျှောက်ရင်းနဲ့ပဲ ဒီကို ရောက်လာတာ၊ အင်မော်တယ်လှေကားမှာ ပြဿနာတစ်ခုခု ရှိနေလို့ ဖြစ်မှာပါ"
ထန်ထျန်းက အမှန်အတိုင်း မပြောပေ။ ပြောပြလျှင်လည်း ရှင်းပြစရာ တွေ အများကြီး ထပ်ပေးရမည်ဖြစ်၍ အလုပ်ရှုပ်ခံမနေတော့ခြင်း ဖြစ်သည်။
ကွမ်းယို တစ်စုံတစ်ခု ထပ်မစဉ်းစားရသေးခင်မှာပင် ထန်ထျန်းက ဆက်ပြောသည်။ "ကျွန်တော် အပြင်ကိုသွားပြီး လူစုရမယ်၊ စီနီယာကွမ်းယို အတူတူထွက်မလား"
အင်မော်တယ်လှေကား မတက်ခင်ကတည်းက ချန်ကျန်းက မှာထားခဲ့သည်။ ပွဲပြီးလျှင် အပြင်မှာ လူစုရန်နှင့် နေထိုင်စရာ နေရာများကို စီစဉ်ပေးမည်ဟု ဆိုထားသည်။
အခြားအင်အားစုများသို့ ဝင်မသွားသည့် တပည့်သစ်များကို အဓိကနန်းတော်၏ တရားဝင်တပည့်များအဖြစ် စုပေါင်းစီစဉ်ပေးမည် ဖြစ်သည်။
"ငါက မလောပါဘူး၊ တစ်ယောက်ယောက်က ကိစ္စတစ်ခု ခိုင်းထားလို့ ခဏစောင့်ရဦးမယ်"
ကွမ်းယိုက ပြော သည်။
ကြည့်ရသည်မှာ ဤနေရာသို့ လာနိုင်သူတိုင်းတွင် ကိုယ်ပိုင်ရည်ရွယ်ချက်များ ရှိနေကြပုံရသည်။
"ဒါပေမဲ့ မင်း အဓိကနန်းတော်ထဲ ဝင်မယ်ဆိုရင်တော့ ငါတို့ မကြာခင် ပြန်ဆုံကြဦးမှာပါ။ "
"အဲ့ဒီအချိန်ကျရင် မင်းက ဒီနှစ် တရားဝင်တပည့်သစ်တွေနဲ့အတူ ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူ မှာ ခဏနေရလိမ့်မယ်။"
" ငါက အဲ့ဒီမှာ စီမံခန့်ခွဲရေးကို ကူညီပေးနေတာလေ"
ကွမ်းယိုက ပြောသည်။
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။
ကြည့်ရသည်မှာ ဤ ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူက ထျန်းဖူနန်းတော်တွင် သူ၏ ပထမဆုံး အစပြုရာနေရာ ဖြစ်လာပေလိမ့်မည်။
"ဒါဆိုရင်... ပြန်ဆုံကြတာပေါ့"
ထန်ထျန်းက လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။
ကွမ်းယိုကလည်း ပြန်နှုတ်ဆက်ကာ သူတို့နှစ်ဦး လမ်းခွဲလိုက်ကြသည်။
ထို့နောက် ထန်ထျန်းက ကုရှောင်းရွှယ်ကို ခေါ်ကာ စင်မြင့်အပြင်ဘက်သို့ လျှောက်လာခဲ့သည်။
သို့သော် လမ်းတစ်ဝက်မှာပင် နောက်ထပ် လူရိပ်တစ်ခုက သူ့ရှေ့တွင် ပေါ်လာပြန်သည်။
ထိုသူမှာ ရှန်းကျို့ခန်းမမှ ခန်းမသခင် ပိုင်နိုယီ ပင် ဖြစ်သည်။
ထန်ထျန်း သက်ပြင်းတစ်ချက် ခိုးချလိုက်သည်။ လာရမည့်အရာကတော့ ရောက်လာပြီပဲ။
တောင်ကိုးလုံး စမ်းသပ်ပွဲမှာ သူလုပ်ခဲ့သည့် ကိစ္စများကို အနည်းဆုံး လူသုံးယောက် သိထားသဖြင့် ထိုသူများက သူ့ကို လိုက်ရှာကြမည်မှာ သေချာသည်။
"တောင်းပန်ပါတယ်၊ ကျွန်တော် အခုလောလောဆယ် ဘယ်အင်အားစုထဲမှ မဝင်ချင်သေးဘူး"
ထန်ထျန်းက သူမကို မသိသလို ဟန်ဆောင်ကာ ယဉ်ကျေးစွာ ငြင်းလိုက်သည်။
သို့သော် အခြေအနေမှာ သူထင်သလို မဟုတ်ခဲ့ပေ။
"ထန်ထျန်း"
ပိုင်နိုယီ၏ အသံက အလွန်နူးညံ့လှသည်။ သူမက သာယာစွာ ပြုံးပြရင်း "တကယ်တော့ ဒါ ငါတို့ ဒုတိယအကြိမ် ဆုံတာ"
ထန်ထျန်း ကြောင်သွားသည်။
သူ၏ မှတ်ဉာဏ်ထဲတွင် အသေအချာ ရှာဖွေကြည့်သော်လည်း ပိုင်နိုယီနှင့် ဆုံခဲ့ဖူးသည့် ပုံရိပ်ကို ရှာမတွေ့ပေ။
"ခင်ဗျား... လူမှားနေတာ မဟုတ်လား"
ထန်ထျန်းက မေးလိုက်သည်။
ပိုင်နုံယီက လေသံအေးအေးဖြင့် "ဂိုဏ်းပေါင်းစုံတိုက်ပွဲ ကို မှတ်မိသေးလား"
" ပိုင်တိမြို့က အဲ့ဒီ လမ်းကြား ထဲက ခြံဝင်းလေးလေ။ "
"အဲ့ဒီညက ငါက မင်းနဲ့ မလှမ်းမကမ်း မျက်နှာချင်းဆိုင်မှာ ရှိနေခဲ့တာ"
ထန်ထျန်း လုံးဝ အံ့အားသင့်သွားရသည်။
လမ်းကြား... ပိုင်နိုယီ
ဤအမည်နှစ်ခုကို သူ ဘယ်လိုမှ ဆက်စပ်၍ မရပေ။
"ခင်ဗျားက..."
ထန်ထျန်း ဘာပြောရမှန်း မသိဖြစ်သွားသည်။
အင်မော်တယ်အရှင် အထွတ်အထိပ် တစ်ယောက်က ထိုကဲ့သို့သော နေရာမျိုးမှာ အရက်လိုက်ငှဲ့နေတာလားဟု တိုက်ရိုက်မေးရမှာလည်း ခက်နေသည်။
ထန်ထျန်း၏ အံ့သြမှုကို ရိပ်မိပုံရသဖြင့် ပိုင်နိုယီက ရှင်းပြသည်။ "အဲ့ဒီနေရာက ယောကျ်ားတွေအတွက် အပန်းဖြေရုံသက်သက် မဟုတ်ဘူး၊ တေးသံသာ နားထောင်လို့ရတဲ့ နေရာလည်း ဖြစ်တယ်။ ပိုင်တိမြို့ရဲ့ အထူးခြားဆုံး တေးသံတွေက အဲ့ဒီမှာ ရှိတာလေ။"
" အဲ့ဒီအချိန်တုန်းက ငါက ဂိုဏ်းပေါင်းစုံတိုက်ပွဲကို ကြီးကြပ်ဖို့ ထျန်းဖူနန်းတော်ကနေ စေလွှတ်ခံခဲ့ရတာ။"
" မင်း ငါ့အကြောင်း မကြားဖူးရင် ရှိပါလိမ့်မယ် ဒါပေမဲ့ မင်းရဲ့နာမည်ကိုတော့ ငါ တစ်ကြိမ်ထက်မက ကြားဖူးတယ်"
ထန်ထျန်း ဆွံ့အသွားသည်။ ထိုစဉ်က ထျန်းဖူနန်းတော်မှ လာသော လူများထဲတွင် ပိုင်နိုယီ ပါနေတာကိုး။
သို့မဟုတ်လျှင် သူမက ဦးဆောင်လာသူ ဖြစ်ပေလိမ့်မည်။
"ကျွန်တော့်အကြောင်းကို... ဘယ်လိုလုပ် ကြားဖူးတာလဲ"
" ကျွန်တော် အဲ့ဒီတုန်းက တိုက်ပွဲမှာ မပါခဲ့ဘူးလေ"
ပိုင်နိုယီက ကုရှောင်းရွှယ်ကို တစ်ချက်ကြည့်ကာ ပြောသည်။ "ရှောင်းရွှယ်ရဲ့ အဲ့ဒီတုန်းက စွမ်းဆောင်ရည်က အရမ်းထူးချွန်ခဲ့တာလေ၊ သူမရဲ့ နောက်ကြောင်းကို စုံစမ်းမယ့်သူတွေ ရှိမှာပဲ။ "
"သူမရဲ့ တိုးတက်ရာ လမ်းကြောင်းမှာ အရေးပါတဲ့လူအဖြစ် မင်းရဲ့နာမည်က ခဏခဏ ပါလာတာပဲလေ။"
" ပြီးတော့... တစ်ယောက်ယောက်က ရှောင်းရွှယ်ကို စည်းရုံးဖို့ ကြိုးစားတုန်းက မင်းဆီကို သီးသန့်လာရှာခဲ့ဖူးတယ် မဟုတ်လား။ "
"သူ ရှုံးနိမ့်သွားပြီးနောက်မှာ မင်းအပေါ် ပေးတဲ့ မှတ်ချက်က တကယ့်ကို ဆိုးဝါးခဲ့တာ"
ထန်ထျန်း ခဏမျှ စဉ်းစားလိုက်ပြီးမှ ထိုနေ့က ကိစ္စကို သတိရသွားသည်။
ထိုလူနှင့် သူ တကယ်ပင် အဆင်မပြေ ဖြစ်ခဲ့ဖူးသည်။
"စစ်နတ်ဘုရားခန်းမ က ကျန်းကျဲ့ က အစကတည်းက စိတ်သဘောထား သေးသိမ် တဲ့လူမျိုးပဲ "
"မင်း ထျန်းဖူနန်းတော်ကို လာမယ်ဆိုတာကို သိပြီးကတည်းက သူ မင်းကို အမြဲစောင့်နေတာ"
ပိုင်နိုယီက ပြောလိုက်သည်။