ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူ
Vol. 21 Ch. 236
ထျန်းဖူနန်းတော်သို့ မလာခင်ကတည်းက ထန်ထျန်းသည် အင်အားစုအတော်များများနှင့် ပတ်သက်မှုများ ရှိခဲ့ပြီးသားဖြစ်သည်။
မိုရှောင်းရှောင်းရှိသည့် မိုမိသားစု၊ ထျန်းယန်ရှန်းရှိသည့် စစ်နတ်ဘုရားခန်းမ၊ လုချန်းကျီရှိသည့် ကောင်းခြင်း ဆိုးခြင်းခန်းမ တို့အပြင် ပိုင်တိမြို့တွင် တွေ့ခဲ့သည့် စစ်သူတော်စင် မျှော်စင် မှ ကျန်းကျဲ့နှင့် ချန်တာအို ခန်းမ မှ စွေ့ရှစ်ရင် တို့လည်း ရှိသေးသည်။
ဤအင်အားစုများထဲတွင် မိုမိသားစုနှင့် ချန်တာအို ခန်းမတို့မှာ ဆက်ဆံရေးကောင်းမွန်ကြသော်လည်း စစ်နတ်ဘုရားခန်းမနှင့် စစ်သူတော်စင် မျှော်စင် တို့မှာမူ ရန်ငြိုးရှိထားကြသည်။
ကောင်းခြင်း ဆိုးခြင်းခန်းမနှင့်မူ လုချန်းကျီနှင့် ကိစ္စအဝဝကို ရှင်းလင်းပြီးနောက်ပိုင်းတွင် ကြီးကြီးမားမား ပတ်သက်မှု မရှိတော့ပေ။
ထိုစဉ်က ပိုင်တိမြို့တွင် ကျန်းကျဲ့ကို သူ မျက်နှာသာမပေးခဲ့သလို ကျန်းကျဲ့ကလည်း ထန်ထျန်းသာ ထျန်းဖူနန်းတော်သို့ ရောက်လာလျှင် ပညာပေးမည်ဟု ပြောင်ပြောင်တင်းတင်း ပြောခဲ့ဖူးသည်။
ထန်ထျန်းက သူ၏ လက်စားချေမှုများအတွက် ပြင်ဆင်ထားပြီးသား ဖြစ်သော်လည်း ဤသတင်းကို ပိုင်နိုယီက ပြောပြလာလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။
သူမတွင် ဘာရည်ရွယ်ချက် ရှိနေသနည်း
"ခင်ဗျား ကျွန်တော့်ဆီ လာတာက ဒါကို သီးသန့်လာပြောဖို့လား"
ထန်ထျန်းက စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။
ပိုင်နိုယီက သာယာစွာ ပြုံးလျက် "ဒါချည်းပဲတော့ မဟုတ်ပါဘူး။ "
"ဒီနှစ် တပည့်သစ်တွေထဲမှာ အရမ်းထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ပါလာတယ်လို့ သတင်းရလို့ ငါတို့ရဲ့ ရှန်းကျို့ခန်းမမှာ လာပြီး တိုးတက်အောင် စည်းရုံးကြည့်ဖို့ လာခဲ့တာပါ။"
" အစတုန်းကတော့ အများကြီး မတွေးမိပေမဲ့ မင်းရဲ့ အချက်အလက်တွေကို ရပြီးတဲ့နောက်မှာမှ မင်းက အဲ့ဒီတုန်းက ထန်ထျန်း ဖြစ်နေမှန်း ရုတ်တရက် သိလိုက်ရတာ။"
" တကယ့်ကို ထူးဆန်းတဲ့ တိုက်ဆိုင်မှုပဲနော်"
ထန်ထျန်း နှုတ်ဆိတ်သွားသည်။ ထူးဆန်းသည့် တိုက်ဆိုင်မှုဆိုသည်မှာ ခိုင်လုံသော အကြောင်းပြချက် မဟုတ်ပေ။
"ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက်က ရင်းနှီးတာမှ မဟုတ်တာ။"
" ဘာလို့ ဒါတွေကို ကျွန်တော့်ကို ပြောပြနေတာလဲ"
ထန်ထျန်းက တိုက်ရိုက်ပင် မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ပိုင်နိုယီ၏ မျက်နှာတွင် အပြုံးဖျော့ဖျော့လေး ပေါ်လာပြီး "တကယ်တော့ အကြောင်းရင်းအချို့ ရှိတယ်။ "
"မကြာခင် အနာဂတ်မှာ ငါတို့ ပြန်ဆုံကြဦးမှာပါ။"
" ဒါပေမဲ့ ဘာကြောင့်လဲဆိုတာကိုတော့ ငါ အခု မပြောပြနိုင်သေးဘူး၊ အဲ့ဒီလူက ကိုယ်တိုင် ပေါ်လာတဲ့နေ့ကျရင် မင်း အလိုလို သိသွားလိမ့်မယ်"
ထန်ထျန်း ဆွံ့အသွားသည်။
အဲ့ဒီလူလား
ဘယ်သူလဲ
လုချန်းကျီလား
ဒါမှမဟုတ်...
ဘယ်သူဆိုသည်ကို သူ အတိအကျ ခန့်မှန်း၍ မရပေ။
သို့သော် ပိုင်နိုယီသည်လည်း ဆက်ပြောရန် အစီအစဉ် မရှိတော့ပုံရသည်။
"မင်းတို့ မကြာခင် ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူ ကို သွားကြရတော့မယ်။"
" ကျန်းကျဲ့ကလည်း သတင်းရမှာ သေချာတယ်၊ မင်း ကြိုတင်ပြီး ပြင်ဆင်ထားတာ အကောင်းဆုံးပဲ။ "
"ငါတို့ ပြန်ဆုံကြတာပေါ့"
ပြောပြီးသည်နှင့် ပိုင်နိုယီက ထွက်သွားရန် ပြင်လိုက်သည်။
သို့သော် လှည့်ထွက်ခါနီးတွင်မှ သူမက ပြန်လှည့်ကြည့်ကာ "ဪ... ဒါနဲ့ တခြားလူအချို့ကလည်း မင်းကို စည်းရုံးဖို့ အစီအစဉ် ရှိကြတယ်။ "
"မင်းက အခြားအင်အားစုတွေထဲ မဝင်ချင်ဘူးဆိုတာ ငါသိလို့ သူတို့ကို ငါကိုယ်တိုင် တားပေးထားလိုက်တယ်။"
" ဒါပေမဲ့ သူတို့ ပေးထားတဲ့ ကမ်းလှမ်းချက်တွေကိုတော့ ငါ ယူလာပေးခဲ့တယ်။"
" ကြည့်ကြည့်လိုက်ပါ၊ အဆင်ပြေတယ် ထင်ရင် သူတို့ကို ကိုယ်တိုင် ဆက်သွယ်လို့ရတယ်"
ပြောပြီးနောက် ပိုင်နိုယီက ထန်ထျန်းထံသို့ သေးငယ်သော ကျောက်စိမ်းပြား လေးတစ်ခု ကမ်းပေးလိုက်ပြီး လေထဲသို့ ပျံတက်ကာ ထွက်ခွာသွားတော့သည်။
သူမ ပျောက်ကွယ်သွားသည့် နောက်ကျောကို ကြည့်ရင်း ထန်ထျန်းက ခေါင်းကို အသာအယာ ခါယမ်းလိုက်မိသည်။
ဤမိန်းမက ရိုးရိုးရှင်းရှင်းနှင့် အသားလွတ် ကူညီမည့်သူ မဟုတ်ကြောင်း သူ ခံစားမိသဖြင့် အနာဂတ် တွင် သူမနှင့် ဆက်ဆံရာ၌ သတိထားရန် ဆုံးဖြတ်လိုက်သည်။
လက်ထဲမှ ကျောက်စိမ်းပြားလေးကို ပွတ်ရင်း ထန်ထျန်းက ဖွင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သူ၏ စိတ်အာရုံ ကို ထည့်သွင်းလိုက်သောအခါ သတင်းအချက်အလက် အပိုင်းအစများစွာ သူ၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်။
ပိုင်နိုယီ ပြောခဲ့သလိုပင် အားလုံးမှာ သူ့ကို စည်းရုံးသည့် ကမ်းလှမ်းချက်များ ဖြစ်ကြသည်။
၎င်းတို့၏ အင်အားစုများမှာ ထျန်းဖူနန်းတော်တွင် အတော်လေး နာမည်ကြီးပြီး ပေးထားသည့် အရင်းအမြစ်များမှာလည်း အလွန်ဆွဲဆောင်မှု ရှိလှသည်။
အဓိက နေရာများ၊ အဓိက လေ့ကျင့်ပေးမည့် ပစ်မှတ်များ၊ အရင်းအမြစ်မျိုးစုံနှင့် အဆက်အသွယ်များ စသည်ဖြင့် စေတနာ အပြည့်ပါလှသည်။
သို့သော် နှမြောစရာကောင်းသည်မှာ ထန်ထျန်းက စိတ်မဝင်စားခြင်းပင်။
ထျန်းဖူနန်းတော်သို့ မလာခင်ကတည်းက သူ ဆုံးဖြတ်ထားပြီးသားဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ သာမန်တပည့်တစ်ဦးအဖြစ်သာ အေးအေးချမ်းချမ်း နေသွားမည် ဖြစ်သည်။
"သွားရအောင်၊ အပြင်မှာ လူသွားစုရမယ်"
ကျောက်စိမ်းပြားကို သိုလှောင်လက်စွပ် ထဲသို့ သိမ်းလိုက်ပြီး ထန်ထျန်းသည် ကုရှောင်းရွှယ်ကို ခေါ်ကာ စင်မြင့်ထက်မှ ထွက်လာခဲ့သည်။
ခဏအကြာတွင် သူတို့က အပြင်ဘက်ရှိ ကျယ်ဝန်းသော ကွင်းပြင်တစ်ခုသို့ ရောက်ရှိလာကြသည်။
ထိုနေရာတွင် တပည့်အနည်းငယ် ရောက်ရှိနေကြပြီ ဖြစ်သည်။ ဤအဆင့်တွင် ရောက်နေသူများမှာ ခွန်အား အသင့်အတင့် ရှိကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် စည်းရုံးမှုများကို လက်မခံသည့် တပည့်များ ဖြစ်ကြသည်။
ထန်ထျန်းနှင့် ကုရှောင်းရွှယ် ပေါ်လာသည်ကို မြင်သောအခါ သူတို့က အနည်းငယ် အံ့သြသွားပုံရသော်လည်း လာမစပ်စုကြဘဲ သူတို့ဘာသာ နေကြသည်။
အထီးကျန်ဆန်ခြင်းမှာ ပါရမီရှင်များ၏ လက္ခဏာ တစ်ခု ဖြစ်ပုံရသည်။
Fa တွေကိုပြောတာ🙄🙄
ခဏအကြာတွင် အခြားတပည့်သစ်များလည်း တသုတ်ပြီး တသုတ် ရောက်လာကြသည်။
နောက်မှ ရောက်လာသူများမှာ ခွန်အား သိပ်မရှိကြသဖြင့် အင်အားစုများ၏ စည်းရုံးခြင်း မခံရသူများ ဖြစ်ကြသည်။
အများစုမှာ လက်အောက်ခံဂိုဏ်းပေါင်း ရာချီထဲမှ အဆင့်နောက်ဆုံးနားရှိ ဂိုဏ်းသားများ ဖြစ်ကြသည်။
ဤလူများကတော့ ပို၍ တက်ကြွကြပြီး အုပ်စုဖွဲ့ကာ ထျန်းဖူနန်းတော်၏ ထူးခြားသော ကျင့်ကြံခြင်း ပတ်ဝန်းကျင်အကြောင်းကို တအံ့တဩ ပြောနေကြသည်။
ထိုစဉ် အခြားအရပ်မှ လူအုပ်ကြီး တစ်အုပ် ပျံသန်းလာကြသည်။
ထန်ထျန်း သေချာကြည့်လိုက်သောအခါ ဝင်ခွင့်စမ်းသပ်ပွဲ (အင်မော်တယ်လှေကား) တွင် မပါဝင်ခဲ့ရသူများ ဖြစ်နေသည်။
ဤတပည့်များက မိစ္ဆာ စမ်းသပ်မျှော်စင် မှတစ်ဆင့် ဝင်လာသူများ သို့မဟုတ် အသက် ၂၅ နှစ်ကျော်သည့် ဂုဏ်ထူးဆောင်တပည့်များ ဖြစ်ကြသည်။
သူတို့က ဝင်ခွင့်စမ်းသပ်ပွဲ ဖြေဆိုခွင့်မရှိသဖြင့် တိုက်ရိုက်ဝင်လာကြခြင်း ဖြစ်သည်။
လီဟုန်နှင့် လန်ယွီ ညီအစ်မတို့လည်း ထိုအုပ်စုထဲတွင် ပါဝင်သည်။
သူတို့ ဆင်းသက်လာသောအခါ ထန်ထျန်းက တွေ့သွားပြီး လှမ်းခေါ်လိုက်သည်။
"အကြီးအကဲရွှမ်ရော"
ထန်ထျန်းက မေးလိုက်သည်။
"အကြီးအကဲရွှမ်က ကျွန်တော်တို့ကို တည်နေရာကူးပြောင်း အစီအရင် ဆီ ခေါ်လာပေးပြီးတာနဲ့ ထွက်သွားတယ်"
လီဟုန်က ပြော သည်။
"အဲ့ဒီမှာ ခဏစောင့်နေတုန်း ထျန်းဖူနန်းတော်က လူတွေ ရောက်လာပြီး အစီအရင် ကို ဖွင့်ပေးတာနဲ့ ကျွန်တော်တို့ ရောက်လာတာ။ "
"သခင်လေးရော အဆင်ပြေရဲ့လား"
ထန်ထျန်းက ခေါင်းညိတ်ပြကာ "အင်း... အဆင်ပြေပါတယ် အကုန်လုံး ချောချောမွေ့မွေ့ပါပဲ"
သူ ပြောပြီးနောက် ဝင်ခွင့်အခမ်းအနား၏ အခြေအနေနှင့် ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များကို လီဟုန်တို့အား ပြောပြလိုက်သည်။
"လောလောဆယ်တော့ ခြေကုပ်မယ့် နေရာရ အောင် အရင်လုပ်ကြတာပေါ့၊ နောက်ကိစ္စတွေကိုတော့ အခြေအနေကြည့်ပြီးမှ ဆုံးဖြတ်မယ်"
သူ ထျန်းဖူနန်းတော်သို့ လာရခြင်းမှာ ကျင့်ကြံရန်အပြင် နောက်ထပ် ရည်ရွယ်ချက်တစ်ခုမှာ ထျန်းရှထုန် ကုန်သွယ်ရေးအသင်း ကို ဤနေရာအထိ ချဲ့ထွင်ရန် ဖြစ်သည်။
သို့သော် ဝမ်ကန်းဘက်တွင် အခြေအနေ တည်ငြိမ်ရန် အချိန်လိုအပ်သေးသဖြင့် အချိန်စောင့်ရဦးမည် ဖြစ်သည်။
စကားပြောနေစဉ်မှာပင် တပည့်များ ပိုမိုများပြားလာသည်။
လူစုံသွားသောအခါ ချန်ကျန်း ပေါ်လာတော့သည်။
"ဒီနေ့ကစပြီး မင်းတို့အားလုံး ထျန်းဖူနန်းတော်ရဲ့ တရားဝင်တပည့်တွေ ဖြစ်သွားကြပြီ"
ချန်ကျန်းက လူအုပ်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ "အခု မင်းတို့အားလုံး ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူ ကို သွားပြီး ခေတ္တနေကြရမယ်။"
" အဲ့ဒီမှာ မင်းတို့ကို ကြိုဆိုလက်ခံပြီး စီစဉ်ပေးမယ့်သူတွေ ရှိလိမ့်မယ်။"
"ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူ ဆိုတာ ကျင့်ကြံဖို့ အရမ်းကောင်းတဲ့ နေရာတစ်ခုပဲ။ "
"မင်းတို့ ဒီအခွင့်အရေးကို လက်မလွှတ်ဘဲ အင်မော်တယ်လှေကားမှာ ရခဲ့တဲ့ အတွေ့အကြုံတွေကို သေချာအသုံးချပြီး အဆင့်တွေ ထပ်တက်နိုင်အောင် ကြိုးစားကြပါ။"
" နောက်တစ်လလောက်နေရင် နဂါးတံခါးစမ်းသပ်ပွဲ ကို စတင်တော့မယ်။ အဲ့ဒီစမ်းသပ်ပွဲ ပြီးသွားတဲ့အခါမှာတော့ ထျန်းဖူနန်းတော်က မင်းတို့ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ရာထူးနေရာတွေကို အတည်တကျ သတ်မှတ်ပေးသွားမှာ"
"ကြိုးစားကြပါ ကလေးတို့... "
"ထျန်းဖူနန်းတော်မှာ အံ့ဖွယ်ဖြစ်ရပ်တွေက အပေါဆုံးပဲ၊ လူတိုင်းမှာ အံ့ဖွယ်ဖြစ်ရပ်တွေ ဖန်တီးနိုင်တဲ့ အစွမ်းရှိတယ်၊ ဒါပေမဲ့ မင်းတို့ရဲ့ မူလနှလုံးသားကိုတော့ မမေ့ကြနဲ့"
လူကြီးတစ်ဦးက လူငယ်များအား ဆုံးမသည့် စကားများကို ပြောကြားပြီးနောက် ချန်ကျန်းက ထန်ထျန်းကို မသိမသာ တစ်ချက် ကြည့်လိုက်သည်။
ထန်ထျန်းဆီမှ မည်သည့် တုံ့ပြန်မှုမှ မရှိသည်ကို မြင်သောအခါ သူက နှမြောတသစွာ ခေါင်းခါယမ်းလိုက်ပြီး လက်ကို ဝေ့ယမ်းလိုက်သည်။
"ကဲ... ငါ့နောက်ကို လိုက်ခဲ့ကြတော့"