အခန်း (၄၅၁)
Vol. 46 Ch. 451
တုပိုင် အမှန်တကယ် အံ့ဩသွားမိသည်။
အဘယ်ကြောင့်ဆိုသော် ဧကရာဇ်မင်းမြတ် လက်ထပ်ပေးလိုက်သည့် အမျိုးသမီးမှာ အကြွင်းအကျန် သွေးဂိုဏ်း၏ ခေါင်းဆောင် ၊ မိုမိသားစု အကြွင်းအကျန် အင်အားစုများ၏ သခင်မ ၊ စိတ်မနှံ့သည့် ဘုရင်မ 'မိုဟန်' ဖြစ်နေသောကြောင့်ပင်။
ပိုင်ဆယ်သည် မြို့လွတ်ကြီး ဖြစ်လာပြီ ဖြစ်သော်လည်း မိုဟန်ကတော့ ရှိနေဆဲပင်။ သူမ၏ ပိုင်ဆယ်နန်းတော်လည်း ရှိနေဆဲ ဖြစ်သည်။ သူမသည် သူမ၏ ဘုရင်မအိမ်တော်ထဲတွင် ဘုရင်လုပ်တမ်း ကစားကာ ကိုယ့်ကိုယ်ကိုယ် ဖျော်ဖြေနေဆဲ ဖြစ်၏။
တုပိုင် သူမကို ပြန်တွေ့လိုက်ရချိန်တွင် သူမသည် ကြမ်းပြင်ပေါ်၌ ထိုင်ချပြီး သူမ၏ နဂါးပလ္လင်ကို ထွင်းထုနေလေသည်။ ရွှေတုံးများပင် ချထားလိုက်သေး၏။ ဤရွှေများ မည်သည့်နေရာမှ ရရှိလာသည်ကို တုပိုင် အမှန်တကယ် မသိတော့ပေ။ လွန်ခဲ့သော တစ်ခေါက်က တုပိုင် သူမကို ပေးခဲ့သည့် ရွှေများမှာ ကုန်သွားပြီ မဟုတ်ပါလော။
ထို့အပြင် ဤစိတ်မနှံ့သည့် ဘုရင်မ ၊ ဤဖြုန်းတီးတတ်သော သမီးပျိုသည် ရွှေရသည်နှင့် စစ်သားစုဆောင်းရန် ၊ အင်အားကြီးထွားအောင် လုပ်ရန် စိတ်မဝင်စားပေ။ ရွှေများကို ကြမ်းပြင်တွင် ကပ်ရန် သို့မဟုတ် နဂါးပလ္လင်လုပ်ရန်သာ စိတ်ဝင်စားလေသည်။ ဤဘုရင်မ ကစားပွဲတွင် သူမ၏ သရုပ်ဆောင်ချက်များက ရူးသွပ်နေပြီဖြစ်၏။
သူမသည် လှပနေဆဲပင်။ သူမ၏ ရုပ်ရည်သည် မိုချိုနှင့် အလွန် တူညီသော်လည်း ကျီပြောင်ပြောင်ထက် ပိုမို ဖြူစင်ကာ လှပသည်။ သူမ၏ အလှသည် မိစ္ဆာမ လီဝမ်ဝမ်ထက်ပင် မလျော့နည်းပေ။ ထို့ပြင် အေးစက်သော အမူအရာနှင့် ခေါင်းမကောင်းသည့် ပုံစံလေး ပေါင်းစပ်လိုက်သောအခါ အသက်ဝင်နေသော ရှောင်လုံနွီလေး တစ်ယောက်လိုပင်။
သူမသည် ကြမ်းပြင်တွင် ထိုင်ချလိုက်သောကြောင့် ခါးအောက်ပိုင်းမှ ဖြူဝင်းသော ခြေသလုံးသားလေးများသည် အထူးတလည် ဝိုင်းစက်နေလေသည်။ တုပိုင် ဝင်လာသည်ကို မြင်သောအခါ သူမသည် ခေါင်းမော့၍ တစ်ချက်သာ ကြည့်ပြီးနောက် လျစ်လျူရှုကာ သူမလုပ်လက်စ အလုပ်ကိုသာ ဆက်လုပ်နေသည်။
တုပိုင်သည် အမိန့်တော်ပြန်တမ်းကို ချက်ချင်း မထုတ်ပြန်သေးဘဲ ကြမ်းပြင်ပေါ်တွင် ထိုင်ချကာ သူမ နဂါးပလ္လင် ထွင်းထုနေသည်ကို ထိုင်ကြည့်နေလိုက်သည်။ သူမ၌ အနုပညာရှင်တစ်ယောက်၏ ပါရမီ ရှိပေသည်။ ဤနဂါးရုပ်တုသည် အသက်ဝင်နေပြီး ခန့်ညားထည်ဝါသော အရှိန်အဝါများနှင့် ပြည့်နှက်နေသည်။ မျက်လုံးများပင် လှုပ်ရှားနေသယောင် ရှိ၏။
"ဘာကိစ္စလဲ" မိုဟန်က မေးလိုက်သည်။
တုပိုင်က ပြောလိုက်၏။ "ဧကရာဇ်မင်းမြတ်က မင်းအတွက် အမိန့်တော်ပြန်တမ်း နှစ်စောင် ပေးလိုက်တယ်... မင်း မမြင်ဘူးလား"
မိုဟန် အံ့ဩသွားပြီး သူမ၏ မျက်လုံးများ တောက်ပလာကာ ပြောလိုက်သည်။ "ငါ့ကို ပိုင်ဆယ်ဘုရင်မအဖြစ် ခန့်အပ်လိုက်တာများလား"
တုပိုင် ဆွံ့အသွားရသည်။ စိတ်မနှံ့သည်မှာ အမှန်တကယ်ပင် ဖြစ်တော့သည်။
'ဧကရာဇ်မင်းမြတ်က တိုင်းပြည်ပျက်ရင် ပျက်ပါစေ ၊ ဘုရင်ဘွဲ့တော့ ပေးမှာ မဟုတ်ဘူး။ မင်းလို ခေါင်းမကောင်းတဲ့ ကောင်မလေးကို ဘယ်လိုလုပ် ပိုင်ဆယ်ဘုရင်မ ပေးမှာလဲ။ အဲဒီတုန်းက မင်းအဖေ စစ်သည် တစ်သိန်းကျော်နဲ့တောင် မအောင်မြင်ခဲ့တဲ့ ရည်မှန်းချက်ကို မင်းက အိမ်မှာ နေ့တိုင်း ကစားရုံနဲ့ အောင်မြင်ချင်နေတာလား'
တုပိုင်သည် ပထမ အမိန့်တော်ပြန်တမ်းကို တိုက်ရိုက် ဖတ်ပြလိုက်သည်။
"ဖုန်းထျန် အမိန့်တော်အရ... ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲနိုင်သော စွမ်းဆောင်ရည်ကြောင့်... မိုဟန်ကို ပိုင်ဆယ်မြို့စား ၊ ပိုင်ဆယ်လက်ထောက်စစ်သူကြီး ၊ မြို့စားတုပိုင်၏ ဇနီးအဖြစ် အထူး ချီးမြှင့်လိုက်သည်..."
ဤအမိန့်တော်ကို ကြားလိုက်ရသောအခါ မိုဟန်သည် နားမလည်နိုင်သကဲ့သို့ လှပစွာ ပြုံးလိုက်သည်။ မိုင်ပေါင်းထောင်ချီဝေးသော နေရာမှ ဧကရာဇ်သည် တိုင်းပြည် ပျက်သုဉ်းလုနီးပါး ဖြစ်နေချိန်တွင် မိုမိသားစု အကြွင်းအကျန်များနှင့် လက်ထပ်ထိမ်းမြားခြင်းကို ဂရုစိုက်နေသေးသည်လော။
ချက်ချင်းပင် တုပိုင်သည် ဒုတိယ အမိန့်တော်ပြန်တမ်းကို ဆက်ဖတ်လိုက်သည်။
"ဖုန်းထျန် အမိန့်တော်အရ... တုပိုင်၏ ဇနီး မိုဟန်အား မျိုးရိုးစဉ်ဆက် ပိုင်ဆယ်စော်ဘွားအဖြစ် ခန့်အပ်ပြီး အင်ပါယာ၏ အနောက်ပိုင်း ငြိမ်းချမ်းရေး နယ်စားမင်းဘွဲ့ ပေးသနားလိုက်သည်"
ရုတ်တရက် မိုဟန် နားလည်သွားသည်။
ဧကရာဇ်သည် အပေးအယူ လုပ်နေခြင်း ဖြစ်သည်။ သူမအနေဖြင့် တုပိုင်နှင့် လက်ထပ်ရန် ကတိပြုပြီး တောင်တန်းများအနှံ့ ပြန့်ကျဲနေသော မိုမိသားစု၏ လူဟောင်းများကို တုပိုင်အား သစ္စာခံစေပါက မိုဟန်ကို ပိုင်ဆယ်စော်ဘွားအဖြစ် ခန့်အပ်ကာ သူမ၏ ဘိုးဘွားပိုင် ဘွဲ့ထူးကို ပြန်လည် ပေးအပ်မည် ဖြစ်သည်။
ဤသည်မှာ သူမ အိပ်မက်မက်နေသော အရာပင်။
ညတိုင်း အိပ်မက်မက်တိုင်း သူမသည် ဘိုးဘွားများ၏ ဘုန်းအသရေကို ပြန်လည်ရယူရန် ၊ ဘွဲ့ထူးကို ပြန်လည်ရယူရန်နှင့် မိုမိသားစု စော်ဘွားရာထူးကို ပြန်လည်ရယူရန် ဆန္ဒရှိခဲ့သည်။ ပို၍ ဝေးဝေး တွေးရလျှင် ပိုင်ဆယ်ဘုရင်မ ဖြစ်လာရန် ၊ ထို့ထက် ပိုဝေးဝေး တွေးရလျှင် လွန်ခဲ့သော နှစ်ရာပေါင်းများစွာက မိုမိသားစု၏ အန်နမ်ဘုရင် ထီးနန်းကို ပြန်လည် ရယူရန် ဖြစ်သည်။
သို့သော် သူမသည် အိပ်မက်မက်ရုံသာ တတ်နိုင်ပေသည်။ နေ့ဘက်တွင်လည်း မက်သည် ၊ ညဘက်တွင်လည်း မက်သည် ၊ နေ့တိုင်း ဘုရင်မ ကစားတမ်း ကစားနေသည်။ စိတ်ကူးကို လက်တွေ့အဖြစ် ပြောင်းလဲရန် ကြိုးစားရသည်မှာ အလွန် ဒုက္ခများလှ၏။
သို့သော် ယခုအခါ ကောင်းကင်မှ မုန့်ဟင်းခါး ကျလာသကဲ့သို့ အကျိုးအမြတ်များ ကျရောက်လာခဲ့ပြီဖြစ်၏။ သူမ တုပိုင်နှင့် လက်ထပ်ရန် ဆန္ဒရှိရုံဖြင့် ဧကရာဇ်က သူမကို ပိုင်ဆယ်စော်ဘွားအဖြစ် တိုက်ရိုက် ခန့်အပ်ကာ ဘိုးဘွားပိုင် နယ်စားဘွဲ့ကို ပြန်လည် ပေးအပ်နေပြီ ဖြစ်သည်။
တောင်တန်းများနှင့် ကျေးရွာများတွင် ပြန့်ကျဲနေသော မိုမိသားစု၏ အင်အားစုဟောင်းများကို ဧကရာဇ် အလိုရှိနေကြောင်း သူမ သိသည်။ ထိုလူအများစုသည် ယခုအခါ ဓားပြဘုရင်များ ဖြစ်နေကြ၏။ သူမအနေဖြင့် လူလွှတ်ပြီး ဆက်သွယ်ခဲသော်လည်း မိုယဲ့ကမူ ထိုအင်အားစုဟောင်းများနှင့် ဆက်သွယ်ရန် သံတမန်များကို မကြာခဏ စေလွှတ်လေ့ရှိသည်။
ဤအင်အားစုဟောင်းများကို အသုံးချခံရမည်ကို သူမ ဂရုမစိုက်ပေ။ သူမ ဂရုစိုက်သည်မှာ ပိုင်ဆယ်စော်ဘွား ၊ ပိုင်ဆယ်ဘုရင်မ ရာထူးသာ ဖြစ်သည်။
မိုဟန်က ပြောလိုက်၏။ "တုပိုင်... ရှင်နဲ့ ဧကရာဇ်က တောင်ပေါ်မှာရှိတဲ့ မိုမိသားစု အကြွင်းအကျန်တွေကို မျက်စိကျနေတယ်ဆိုတာ ငါသိတယ်... ဒါပေမဲ့ ငါ ဂရုမစိုက်ဘူး... ငါ ဂရုစိုက်တာက ပိုင်ဆယ်စော်ဘွား ၊ ပိုင်ဆယ်ဘုရင်မ နေရာပဲ"
တုပိုင် စကားမပြောဘဲ မိုဟန်၏ လှပသော မျက်နှာကို ကြည့်ကာ သူမ၏ နောက်ထပ် စကားများကို စောင့်နေလိုက်သည်။
"ဒါပေမဲ့ ငါ ရှင်နဲ့ လက်ထပ်ဖို့ ကတိမပေးနိုင်ဘူး... ဒါကြောင့် ရှင်နဲ့ ဧကရာဇ်က ငါ့ဆီကနေ ဘာမှ မမျှော်လင့်နဲ့တော့"
မိုဟန် ငြင်းပယ်လိုက်သော်လည်း တုပိုင်က သူမကို ဆက်ကြည့်နေပြီး အကြောင်းပြချက်ကို စောင့်နေသည်။
"ငါလည်း မကြာခင် ပိုင်ဆယ်စီရင်စု ၊ ကွမ်ရှီးနဲ့ တာ့နင်အင်ပါယာကနေ ထွက်ခွာတော့မှာ... ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က ငါ့ကို ဘုရင်မနေရာ ပေးထားလို့ပဲ... တကယ့် ထီးနန်းအစစ်နော်"
"အရင်တုန်းက ရှောင်မူကျစ်နဲ့ ပတ်သက်တာလား"
"ဒါကိုတော့ ငါ ရှင့်ကို ပြောပြစရာ မလိုဘူး"
တုပိုင်သည် စိတ်မနှံ့သည့် ဘုရင်မ မိုဟန်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်၏။
"နှုတ်ဆက်ပါတယ်"
ထို့နောက် တုပိုင်သည် တစ်ခွန်းမှ တောင်းပန်ခြင်း မပြုဘဲ သူမ၏ ပိုင်ဆယ်ဘုရင်မ အိမ်တော်ဆိုသည်မှ ထွက်ခွာလာခဲ့သည်။ မိုဟန်၏ လမ်းကြောင်း ပြတ်တောက်သွားပြီ ၊ မိုမိသားစု အင်အားစုဟောင်းများ၏ လမ်းကြောင်း ပြတ်တောက်သွားပြီ ၊ ဧကရာဇ်၏ ကြိုးပမ်းအားထုတ်မှုများ အချည်းနှီး ဖြစ်သွားခဲ့ပြီ။
သို့သော် ဤရလဒ်အတွက် တုပိုင် မအံ့ဩမိသလို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု အတိုင်းအတာ တစ်ခုအထိပင် ရှိထားပြီး ဖြစ်သည်။
**--**--**--**--**--**--**--**
လူသူကင်းမဲ့နေသော လမ်းမကြီးပေါ်တွင် လျှောက်လှမ်းနေမိသည်။ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ အိမ်များတွင် လူတစ်ယောက်မျှ မရှိ ၊ ဆိုင်မရှိ ၊ အစားအစာလည်း မရှိတော့ပေ။ သူတို့၏ ရိက္ခာလက်ကျန်သည် ၁၇ ရက်သာ ခံတော့မည် ဖြစ်ကြောင်း တုပိုင် မေးမြန်းထားသည်။ ပိုင်ဆယ်မြို့တစ်ခုလုံးသည် အထီးကျန် ဆန်သော မြို့လွတ်ကြီး ဖြစ်လာပြီး ၁၀ ရက်ကျော်လျှင် အစားအစာ ပြတ်လပ်တော့မည် ဖြစ်သည်။
တုပိုင် စိတ်ထဲမှ မေးလိုက်၏။ "စနစ်... ငါ့ရဲ့ စစ်သည် တစ်သိန်း ဘယ်ရောက်သွားပြီလဲ"
အိပ်မက်စနစ်က ခေတ္တမျှ တိတ်ဆိတ်နေပြီး ပြောလိုက်သည်။ "အဲဒီလမ်းကြောင်းကို မင်းကိုယ်တိုင် ဖျက်ဆီးခဲ့တာလေ"
"မိုဟန်ရဲ့ လမ်းကြောင်းကရော... မင်းပြောတော့ သူက ကျီပြောင်ပြောင်ထက် ပိုအရေးကြီးတယ်ဆို"
"ဟုတ်တယ်... သူက ကျီပြောင်ပြောင်ထက် အများကြီး ပိုအရေးကြီးတယ်... သူ့ရဲ့ လမ်းကြောင်းက လက်ရှိအချိန်ထိ ပုံမှန်ပဲ"
တုပိုင် အံ့ဩသွားသည်။ 'မိုဟန်၏ လမ်းကြောင်းက အရာအားလုံး ပုံမှန်ပဲ ဟုတ်လား။ အခြေအနေက ဒီလို ဖြစ်နေတာကို အရာအားလုံး ပုံမှန်ပဲတဲ့လား'
အိပ်မက်စနစ်က ပြောလိုက်၏။ "စနစ်ရှင်... အခုကြည့်ရတာ လမ်းကြောင်းအားလုံး ပြတ်တောက်သွားသလိုပဲ... မျှော်လင့်ချက် လုံးဝ မရှိတော့သလိုပဲနော်"
"ဟုတ်တယ်... လမ်းတွေအားလုံး ပိတ်ဆို့နေတယ်... သွားစရာလမ်း မရှိတော့သလိုပဲ"
"အရင်တုန်းကဆိုရင် မင်း ငါ့ကို ဘယ်လိုသွားရမလဲ ၊ ဘာလုပ်ရမလဲလို့ မေးနေလောက်ပြီ"
"ဟုတ်တယ်"
"ဒါပေမဲ့ အခု မင်း ငါ့ကို ဘာလုပ်ရမလဲလို့ မမေးသေးဘူး"
"မင်းမှာ အစီအစဉ် ရှိလို့လား... မင်းမှာ နည်းလမ်း ရှိလို့လား"
"ဒါပေါ့... အစီအစဉ် ရှိတာပေါ့... ဘာလို့ မမေးတာလဲ"
တုပိုင်က ပြောလိုက်၏။ "မင်းရဲ့ လတ်တလော စွမ်းဆောင်ရည်တွေက ငါ့ကို နည်းနည်း စိတ်ပျက်စေတယ်... ပြီးတော့ မင်းရဲ့ လမ်းကြောင်းကိုလည်း ငါ ဝိုးတဝါး သိနေတယ်... ရလဒ်ထွက်ဖို့နဲ့ အခြေအနေကို ပြောင်းလဲဖို့ဆိုရင် အချိန် ခြောက်လကျော် ကြာလိမ့်မယ်မလား"
အိပ်မက်စနစ် အံ့ဩသွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဟုတ်တယ်"
ချက်ချင်းပင် အိပ်မက်စနစ်က အံ့ဩတကြီး ပြောလိုက်၏။ "မင်းမှာ ကိုယ်ပိုင် အစီအစဉ် ရှိနေပြန်ပြီလား"
တုပိုင် ခေါင်းညိတ်လိုက်၏။ အိပ်မက်စနစ်က တုပိုင်၏ ဦးနှောက်ကို စစ်ဆေးလိုက်ပြီး မေးလိုက်၏။
"မြေအောက်ကမ္ဘာ အစီအစဉ်အကြောင်းလား... တခြားကမ္ဘာက စွမ်းအင်တွေနဲ့ မြေအောက်ကမ္ဘာကို ဖန်တီးမှာလား"
"ဟုတ်တယ်... ဒါက ထိပ်တန်းလျှို့ဝှက်ချက်ပဲ... ဒါပေမဲ့ ခွေးအိမ်သခင်ကြီးရဲ့ မှတ်ဉာဏ်ထဲကနေ ငါ ဖတ်ခဲ့ရတာ"
"မဖြစ်ဘူး..." အိပ်မက်စနစ် တုန်လှုပ်သွားသည်။ "စနစ်ရှင်... လုံးဝ မလုပ်ရဘူး... အန္တရာယ် အရမ်းများလွန်းတယ်"
"ဒါပေမဲ့ အကျိုးအမြတ်ကလည်း ပိုကြီးမားတယ်... မင်းရဲ့ လမ်းကြောင်းထက် အများကြီး ပိုကြီးမားပြီး အများကြီး ပိုမြန်ဆန်တယ်... အချိန်တိုအတွင်း အခြေအနေကို ပြောင်းပြန်လှန်နိုင်ပြီး ရှုံးနိမ့်မှုကို ကယ်တင်နိုင်တယ်"
တုပိုင်က ထပ်ပြောလိုက်သည်။
"ဧကရာဇ်မင်းမြတ်က အင်ပါယာရဲ့ တောင်ဘက်ပိုင်း ကျဆုံးတော့မယ့် အန္တရာယ်နဲ့ အမြဲ ရင်ဆိုင်နေရတယ်... သူ ထီးနန်းမစွန့်ဘဲ တောင့်ခံနိုင်ရင်တောင် သူ့အသက်က လအနည်းငယ်လောက်ပဲ ခံတော့မှာကို ငါ စိုးရိမ်တယ်... ဒါကြောင့် ငါ ဒီအကျိုးအမြတ် ပိုများတဲ့ လမ်းကြောင်းကို စွန့်စားရွေးချယ်မှ ဖြစ်မယ်"
အိပ်မက်စနစ်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "လုံခြုံမှုက အဓိကပဲ... အချိန်ကြာရင်လည်း ကြာပါစေ... ဧကရာဇ်ရဲ့ အသက်ရှင်ခြင်း သေခြင်းက မင်းနဲ့ ဘာဆိုင်လို့လဲ"
တုပိုင်က ပြတ်သားစွာ ပြောလိုက်၏။
"စနစ်... ဒါက ငါ မင်းကို စိတ်ပျက်တဲ့ အချက်ပဲ... ငါ မင်းကို အပြစ်မတင်ပါဘူး... ဘာလို့လဲဆိုတော့ ဒါက မင်းရဲ့ သဘာဝပဲလေ... မင်းကို ပြောင်းလဲဖို့ ငါ အတင်းအကျပ် မလုပ်ပါဘူး... ဒါပေမဲ့ မင်း ပြောဖူးတယ်မလား... အနာဂတ် မစ်ရှင် အစီအစဉ်တွေကို ငါပဲ ဦးဆောင်ရမယ်... အတိအကျ ပြောရရင် ဘယ်လမ်းကြောင်းကို ရွေးချယ်မလဲ ဆိုတာ ငါ့သဘောပဲ မဟုတ်လား"
အိပ်မက်စနစ်သည် အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ "စနစ်ရှင်... မင်း ရင့်ကျက်လာပြီပဲ"
"နားလည်ပေးတဲ့အတွက် ကျေးဇူးပါ... မင်းရဲ့ ကမ္ဘာက မလွယ်ကူသလို ငါ့ရဲ့ ကမ္ဘာကလည်း မလွယ်ကူပါဘူး... မင်းနဲ့ ငါက အဆုံးထိ ရောက်ဖို့နဲ့ နောက်ဆုံး မစ်ရှင်ကို ပြီးမြောက်ဖို့အတွက် အပြန်အလှန် ကူညီရုံပဲ ရှိတယ်... အန္တရာယ်တွေနဲ့ ပတ်သက်ပြီးတော့... မင်း ပြောဖူးတယ်မလား... ငါက ကံတရားရဲ့ သားတော် ၊ ငါ့နာမည်က တုပိုင် ၊ ငါက ကံကောင်းတဲ့လူလို့ ငါလည်း ယုံကြည်တယ်"
အိပ်မက်စနစ် အချိန်အကြာကြီး တိတ်ဆိတ်နေပြန်သည်။ ထို့နောက် ပြန်ပြောလာသည်။ "ကောင်းပြီ စနစ်ရှင်... ငါ နာခံပါ့မယ်... မြေအောက်ကမ္ဘာ အစီအစဉ်ကို ပြီးမြောက်အောင် ငါ အစွမ်းကုန် ကူညီပေးပါ့မယ်"
"ကျေးဇူးအများကြီး တင်ပါတယ်"
ထိုအချိန်တွင် တုပိုင်သည် အလွန် အားကောင်းသော စွမ်းအင်တစ်ခု၏ လွှမ်းခြုံမှုကို ခံစားလိုက်ရသည်။
သူ မော့ကြည့်လိုက်၏။
ရင်းနှီးသလိုလို စိမ်းသက်သလိုလို ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ မျက်စိရှေ့တွင် နီးကပ်စွာ ရှိနေသော်လည်း မိုးကုပ်စက်ဝိုင်းတွင် ရှိနေသကဲ့သို့ ထင်ရသော နတ်သမီး ပုံရိပ်တစ်ခု။ မျက်လုံးတစ်စုံကိုသာ ဖော်ပြထားသော အမျိုးသမီး ၊ သူမသည် မိစ္ဆာမ မိုချိုထက်ပင် ပိုမို လှပနေသေးသည်။ ပေမင်ဓားဂိုဏ်းချုပ်၏ မွေးစားသမီး ၊ ပေမင်၏ နံပါတ်တစ် အလှမယ် ၊ နီရှန် နတ်မိမယ်။
"တုပိုင်... ငါ့မှာ ရန်လိုစိတ် သိပ်မရှိပါဘူး... ငါ မင်းကို ပေမင်ဓားဂိုဏ်းဆီ ပြန်ခေါ်သွားချင်ရုံပါ"
နီရှန် နတ်မိမယ်က ပြောလိုက်သည်။
"မင်း ဒဏ္ဍာရီလာ သိုင်းကျမ်း သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကို တကယ် တတ်မြောက်ထားတယ်ဆိုတဲ့ နောက်ဆုံးရ သက်သေအထောက်အထား ရှိတယ်... ဒါကြောင့် ဒီကိစ္စကို ရှင်းလင်းဖို့ ပေမင်ဓားဂိုဏ်းကို လိုက်ခဲ့ရမယ်... လိုအပ်ရင် သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကျင့်စဉ်ကို ပြန်အပ်ရမယ်... ဘာလို့လဲဆိုတော့ သွေးကြောခြောက်သွယ် နတ်ဓားသိုင်းရှေးဟောင်းကျမ်းက မူလက ပေမင်ဓားဂိုဏ်းပိုင် ဖြစ်လို့ပဲ"
တုပိုင် လန့်သွားပြီး မေးလိုက်၏။ "ပြန်အပ်ရမယ် ဟုတ်လား"
နီရှန် နတ်မိမယ်က ပြောလိုက်၏။ "စိတ်စွမ်းအင် နည်းစနစ်ကို သုံးပြီး ဒီကျင့်စဉ်ကို မင်း လုံးဝ မေ့သွားအောင် လုပ်မှာပါ... စိတ်ချပါ... မင်းရဲ့ အသက်ကို အန္တရာယ် မဖြစ်စေပါဘူး... မင်းရဲ့ ဦးနှောက် စိတ်ဝိညာဉ်ကိုပဲ အနည်းငယ် ထိခိုက်စေမှာပါ"
တုပိုင် လှောင်ရယ်လိုက်ပြီး ပြောလိုက်သည်။
"ရယ်စရာပဲ... ဆရာသခင် ကျီချင်းကျူက သွေးကြောခြောက်သွယ် နတ်ဓားသိုင်း ဓားသိုင်းကျမ်းကို ပိုင်ဆိုင်လာတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီ... မင်းတို့ ဂရုမစိုက်ခဲ့ကြဘူး... အခုကျမှ ငါ့ဆီ လာရှာနေတာလား"
"ဘာလို့လဲဆိုတော့ အရင်တုန်းက ဘယ်သူမှ မသင်ယူနိုင်ခဲ့လို့လေ... အခု မင်း သင်ယူပြီးသွားပြီ ဆိုတော့ ပြဿနာက အရမ်း ကြီးလေးသွားပြီ... ငါနဲ့ လိုက်ခဲ့ပါ... ပေမင်ဓားဂိုဏ်းကို ပြန်ပြီး အဲဒါကို မေ့ပစ်လိုက်ပါ"
ထို့နောက် သူမသည် တံဆိပ်ပြားတစ်ခုကို ထုတ်လိုက်ပြီး ပြောလိုက်၏။
"တုပိုင်... ထျန်တောက်အဖွဲ့ရဲ့ နာမတော် ၊ ပေမင်ဓားဂိုဏ်းရဲ့ နာမတော်နဲ့ ငါ မင်းကို တရားဝင် ဖမ်းဆီးပြီး ပေမင်ဓားဂိုဏ်းကို ပြန်ခေါ်သွားမယ်"
သူမသည် အမြဲတမ်း ဖြောင့်မတ်မှန်ကန်သူအဖြစ် ဟန်ဆောင်နေတတ်သည်။
တုပိုင်က ပြောလိုက်၏။ "နီရှန်... ငါ အခု မလိုက်နိုင်ဘူး... ငါ့စစ်တပ်က ငါ့ကို လိုအပ်တယ်... ပိုင်ဆယ်စီရင်စုက ငါ့ကို လိုအပ်တယ်... အင်ပါယာက ငါ့ကို လိုအပ်တယ်... ဧကရာဇ်က ငါ့ကို လိုအပ်တယ်... ငါ ထွက်သွားတာနဲ့ အခြေအနေတွေ အားလုံး ပြိုလဲသွားပြီး အင်ပါယာရဲ့ အနောက်တောင်ပိုင်း လုံးဝ ကျဆုံးသွားလိမ့်မယ်"
နီရှန်က အေးစက်စွာ ပြောလိုက်၏။ "လောကီကမ္ဘာရဲ့ ကိစ္စတွေက ငါနဲ့ မဆိုင်ဘူး... ပေမင်ဓားဂိုဏ်းနဲ့လည်း မဆိုင်ဘူး"
ထို့နောက် သူမ၏ လှပသော နတ်သမီး ပုံရိပ်သည် ရုတ်တရက် လှုပ်ရှားသွားပြီး တုပိုင်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။ သူမ လက်လှမ်းလိုက်ပြီး တုပိုင်ကို ဖမ်းချုပ်ကာ ပျံသန်း ထွက်ခွာသွားလေသည်။
အရင်တုန်းက သူမ ကျီချင်းကျူကို ဖမ်းဆီးခဲ့၏။ ယခု သူမ တုပိုင်ကို တစ်ခွန်းမှ မပြောဘဲ ဖမ်းဆီးပြန်၏။ ထျန်တောက်အဖွဲ့က ဤမျှလောက်တောင် အာဏာပြသည်လော။ ပေမင်ဓားဂိုဏ်းက ဤမျှလောက်တောင် အာဏာပြသည်လော။
တုပိုင် လိုက်သွား၍ မဖြစ်ပေ။ ထွက်သွား၍ မဖြစ်ပေ။ သူ အခြေအနေကို ပြောင်းပြန်လှန်ပစ်ရမည်။ အင်ပါယာ အနောက်တောင်ပိုင်း ကျဆုံးမည့်ဘေးမှ ကယ်တင်ရမည်။ မြေအောက်ကမ္ဘာ အစီအစဉ်ကို အကောင်အထည် ဖော်ရမည်။
"အားးး"
တုပိုင်သည် နီရှန် နတ်မိမယ်၏ နောက်ကျောကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး သူမ၏ ပန်းရောင် ကျောပြင်ကို ဖိကပ်လိုက်သည်။
"ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်... ဝါးမြိုစမ်း..."
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၅၁ ပြီး။