အခန်း (၄၅၃)
Vol. 46 Ch. 453
တုပိုင် ခေါင်းမော့ကြည့်လိုက်ရာ သူ၏ အမြင်အာရုံများသည် မြို့ရိုးကို ကျော်လွန်သွားပြီး လယ်ကွင်းများ ၊ တောင်တန်းများနှင့် သစ်တောများကို ဖြတ်ကျော်ကာ ပတ်ဝန်းကျင် မြို့များရှိ ပြည့်နှက်နေသော စစ်သည်များနှင့် မြင်းများကို မြင်တွေ့နေရသကဲ့သို့ ခံစားလိုက်ရသည်။
လီရူဟိုင်သည် မကြာမီ တိုင်းပြည်ထူထောင်ပြီး ဘုရင်အဖြစ် ကြေညာတော့မည် ဖြစ်သည်။
လီရူဟိုင် တိုင်းပြည်ထူထောင်ပြီးသည်နှင့် စစ်သည်သောင်းပေါင်းများစွာ ၊ သို့မဟုတ် သိန်းပေါင်းများစွာသည် မိုးကြိုးမုန်တိုင်းကဲ့သို့ အရှိန်အဟုန်ဖြင့် ပိုင်ဆယ်မြို့ကို နင်းခြေပြီး တုပိုင်၏ ပြည်သူထောင်ပေါင်းများစွာကို သတ်ဖြတ်ကာ ပထမဆုံးသော သစ္စာရှိအမတ်၏ သွေးများဖြင့် သူ့သရဖူကို ရဲရဲနီအောင် ဆိုးပေလိမ့်မည်။
ထောင်ပေါင်းများစွာသော ခေါင်းပြတ်များကို စုပုံပြီး လူခေါင်းပုံတောင် လုပ်ကောင်းလုပ်နိုင်သလို တုပိုင်၏ ခေါင်းသည်လည်း ထိုလူခေါင်းပုံတောင်၏ ထိပ်ဆုံးတွင် ရောက်ရှိသွားပေလိမ့်မည်။
တုပိုင် ဖြည်းညင်းစွာ ပြောလိုက်၏။
‘စနစ်... လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၆၀၀ ကျော်တုန်းက တခြားကမ္ဘာက ကြယ်ကြွေတွေ ကမ္ဘာမြေကို ဝင်တိုက်ခဲ့တယ်။ အကြီးဆုံး ကြယ်ကြွေတွေကြောင့် ဖြစ်ပေါ်လာတဲ့ တွင်းနက်ကြီးတွေထဲမှာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။ အဲဒီ မြေအောက်ကမ္ဘာက ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်နေတာ ဘယ်လောက်ကြာပြီလဲ’
အိပ်မက်စနစ်ဖြစ်သည့် အလင်းရောင်အရိပ်က ပြောလိုက်၏။
‘နှစ်ပေါင်း ရာချီ ကြာမြင့်ခဲ့ပါပြီ’
တုပိုင်က ပြောလိုက်၏။ ‘ဒါက အလွန် စွမ်းအားကြီးမားတဲ့ မြို့တော်တစ်ခုပဲ။ ဘယ်လိုမှ ဖြိုခွင်းလို့ မရနိုင်တဲ့ မြို့တော်တစ်ခု မဟုတ်လား’
အိပ်မက်စနစ်က ပြောလိုက်၏။
‘ဟုတ်ပါတယ်။ ဒါက ဖျက်ဆီးလို့မရ ၊ ဘယ်တော့မှ မပြိုလဲနိုင်တဲ့ မြေအောက်မြို့တော်ကြီးပါ။ ဒါ့အပြင် တခြားကမ္ဘာက ကြယ်ကြွေကြီးတွေ မြေကြီးကို ဝင်တိုက်မိတဲ့အတွက် အစွမ်းထက်တဲ့ စွမ်းအင်တွေ ပါလာခဲ့ပါတယ်။ ဒါကြောင့် ဒီမြေအောက်ကမ္ဘာမှာ အလွန် အစွမ်းထက်တဲ့ စွမ်းအင်တွေ ရှိနေပြီး ၊ ဒီအထီးကျန်မြို့တော်ထဲက လူတွေက ပြင်ပကမ္ဘာက လူတွေထက် ပိုသန်မာကြပါတယ်။ သူတို့ကိုယ်သူတို့ ကြယ်ကြွေမျိုးနွယ်လို့ ခေါ်ကြပါတယ်’
‘ခွေးအိမ်သခင်ကြီးရဲ့ မှတ်ဉာဏ်ကို ဖတ်ရှုခြင်းအားဖြင့် ဒါက တစ်သက်မှာ တစ်ခါသာ ရနိုင်တဲ့ အခွင့်အရေးမှန်း ငါ သိလိုက်ရပြီ’
တုပိုင်က ဆက်ပြောလိုက်၏။
‘သွားစို့... ဘယ်တော့မှ မပြိုလဲနိုင်တဲ့ အဲဒီမြို့တော်ကို သွားသိမ်းပိုက်မယ်။ အဲဒီ အစွမ်းထက်တဲ့ လူအုပ်စုကို သိမ်းသွင်းပြီး ငါ့ရဲ့ ပြိုင်ဘက်ကင်း စစ်တပ်အဖြစ် ဖွဲ့စည်းမယ်။ ပြီးရင် အနောက်တောင်ပိုင်း တစ်ခုလုံးကို ဖြတ်ကျော်ပြီး အင်ပါယာ အနောက်တောင်ပိုင်းက ပုန်ကန်မှု အားလုံးကို ချေမှုန်းပစ်မယ်’
ထိုအချိန်တွင် အိပ်မက်စနစ်သည် ရုတ်တရက် လင်းလက်သွားပြီး အလွန် လေးနက်သော လေသံဖြင့် ပြောလိုက်၏။
‘စနစ်ရှင် နဂါးအဖြစ် အသွင်ပြောင်းခြင်း အစီအစဉ်ကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ’
‘မစ်ရှင် ရည်မှန်းချက် - ပြိုင်ဘက်ကင်း မြေအောက်ကမ္ဘာကို သိမ်းပိုက်ရန်နှင့် ကြယ်ကြွေမျိုးနွယ်ကို သိမ်းသွင်းရန်’
‘မစ်ရှင် ဆုလာဘ် (၁) - ပြိုင်ဘက်ကင်း မြေအောက်ကမ္ဘာ၏ သခင်ဖြစ်လာပြီး ဘယ်တော့မှ မပြိုလဲနိုင်သော မြို့တော်ကို ပိုင်ဆိုင်ရမည်’
‘မစ်ရှင် ဆုလာဘ် (၂) - အလွန် အစွမ်းထက်သော ကြယ်ကြွေစစ်တပ်ကို ရရှိမည်’
‘မစ်ရှင် အောင်မြင်နိုင်စွမ်း - ၃၁ ရာခိုင်နှုန်း’
‘ကျရှုံးသွားပါက အာဏာရှင်မစ်ရှင် လုံးဝ ပြီးဆုံးသွားမည် ဖြစ်သည်။ အောင်မြင်ပါက အာဏာရှင်သည် ကိုယ်ပိုင်နယ်မြေ ၊ ကိုယ်ပိုင်စစ်တပ်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့နဂါးအဖြစ် လုံးဝ အသွင်ပြောင်းလဲသွားမည် ဖြစ်သည်’
ရေကန်အိုင်ထဲမှ ရွှေငါးကြင်းသည် မိုးလေပြင်းထန်လာပါက နဂါးဖြစ်လာတတ်ပေသည်။
အောင်မြင်နိုင်စွမ်း ၃၀ ရာခိုင်နှုန်းတဲ့လား။ ၃၀ ရာခိုင်နှုန်းဆိုလျှင် တိုက်ခိုက်ကြည့်ရန် လုံလောက်ပြီ ဖြစ်သည်။
“ဟားဟားဟား... ကံတရားက ငါ တုပိုင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာ ငါ အခိုင်အမာ ယုံကြည်တယ်”
တုပိုင်၏ ရင်ထဲတွင် မခံချင်စိတ်များ ၊ ပြိုင်ဘက်ကင်း သူရဲကောင်းဆန်သော စိတ်ဓာတ်များ ပြည့်နှက်သွားပြီး တောရိုင်းမြင်းဘုရင်ပေါ်သို့ ခုန်တက်ကာ ပိုင်ဆယ် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးဆီသို့ ဒုန်းစိုင်း နှင်သွားလေတော့သည်။
**--**--**--**--**--**--**--**
တုပိုင် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးသို့ ရောက်ရှိလာခဲ့သည်။ လူတိုင်း၏ မျက်နှာများသည် မှိုင်တွေနေပြီး မျှော်လင့်ချက် ကင်းမဲ့နေကာ မကြာမီ သေဆုံးရတော့မည့် ခံစားချက်များ ပြည့်နှက်နေသည်ကို တုပိုင် မြင်လိုက်ရသည်။
တုပိုင် စိတ်အားထက်သန်စွာ အော်ပြောလိုက်၏။
“စစ်သည်တွေ အားလုံး... မိသားစုဝင်တွေ အားလုံး... စုစည်းကြ။ အပြာရောင်နဂါးဂိုဏ်းမှာ လူစုကြ။ အပြာရောင်နဂါးဂိုဏ်းသားတွေ အားလုံးလည်း စုစည်းကြ။ ငါတို့ လှုပ်ရှားမှုကြီးတစ်ခု လုပ်ရတော့မယ်”
ထိုစကား ထွက်လာသည်နှင့် လူတိုင်း၏ မျက်နှာအမူအရာများ အနည်းငယ် လှုပ်ခတ်သွားပြီးနောက် စစ်သည် တစ်ထောင်ကျော်သည် တပ်မှူးများ၏ အမိန့်အောက်တွင် စတင် စုရုံးလာကြသည်။
မိသားစုဝင်များ အားလုံးလည်း ပစ္စည်းများကို သိမ်းဆည်းပြီး စတင် စုရုံးလာကြသည်။
တုပိုင်သည် အမြင့်ဆုံးနေရာတွင် ရပ်ကာ အပြာရောင်နဂါးဂိုဏ်း ကွင်းပြင်ဆီသို့ တန်းစီ လျှောက်လှမ်းလာနေကြသော သူ၏ စစ်သည် ၁,၀၀၀ ကျော်ကို ကြည့်လိုက်သည်။
သူ့ဘေးတွင် ခြောက်နှစ် ၊ ခုနစ်နှစ် အရွယ်အဖြစ် ပြောင်းလဲသွားသော ကျီယင်ယင် ရပ်နေသည်။
“ကျီယင်ယင်... မင်း အသက် ဘယ်လောက်ရှိပြီလဲ” တုပိုင် မေးလိုက်၏။
ကျီယင်ယင်က တိုးတိုးလေး ပြောလိုက်၏။ “ကျွန်မက ကလေးပဲ ရှိပါသေးတယ်”
တုပိုင်က ပြောလိုက်၏။
“မင်းရဲ့ အစ်မ ၊ အမွှာအစ်မ ကျီကျန်ယန်က နင်တောက်ရွှမ်ရဲ့ ဇနီးလေ။ သူက ဒီနှစ်ဆို အသက် ၇၀ ကျော်နေပြီ။ ဒါပေမဲ့ သူ့ကို မြင်ဖူးတဲ့ သူတိုင်းက သူ့ရဲ့ ရင်သပ်ရှုမောဖွယ် အလှအပကြောင့် မှင်သက်သွားကြတယ်။ အများဆုံးမှ ၃၃ နှစ်လောက်ပဲ ရှိဦးမယ်လို့ ထင်ရတယ်။ အသားအရေက တင်းရင်းချောမွေ့ပြီး အရေးအကြောင်း တစ်ခုမှ မရှိဘူး။ ဆံပင်တွေကလည်း သဘာဝအတိုင်း နက်မှောင်နေတယ်။ အလှအပအပြင် အရေးအကြီးဆုံးက လူမျိုးမတူတာလို့ ငါ ထင်တယ်။ ကျီကျန်ယန်တင် မကဘူး ၊ မင်းရဲ့အစ်ကို ကျီချန်ချိုဆိုရင်လည်း ဒီနှစ် အသက် ၈၀ နီးပါး ရှိနေပြီ။ ဒါပေမဲ့ လူတိုင်းက အများဆုံးမှ အသက် ၄၀ လောက်ပဲ ရှိမယ်လို့ ထင်ကြတယ်”
ထိုစကားများ ကြားလိုက်ရသောအခါ ကျီယင်ယင်၏ မျက်နှာလေး ပြောင်းလဲသွားသည်။
တုပိုင်က ဆက်ပြောလိုက်၏။
“ကျီယင်ယင်... မင်းတို့ မောင်နှမ သုံးယောက်က ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က ကြယ်ကြွေမျိုးနွယ်တွေ မဟုတ်လား”
ကျီယင်ယင် တိတ်ဆိတ်သွားသည်။
တုပိုင်က ပြောလိုက်၏။
“မင်းတို့ ကြယ်ကြွေမျိုးနွယ်ရဲ့ သက်တမ်းက နှစ်ပေါင်း ၁၅၀ လောက် ရှိတယ်။ ဒါကြောင့် အသက် ၆၀ ၊ ၇၀ ဆိုတာ ပြင်ပကမ္ဘာက လူသားတွေရဲ့ အသက် ၃၀ ကျော်နဲ့ ညီမျှတယ်။ ဒါကြောင့် မင်းတို့က အရမ်း ငယ်ရွယ်နေသေးတာ။ ပြီးတော့ မင်းတို့က ပြင်ပလူတွေနဲ့ မတူဘူး။ မင်းတို့ရဲ့ နားရွက်တွေက နည်းနည်း ပိုချွန်တယ်”
တုပိုင်သည် ဤအချက်အလက်များကို ခွေးအိမ်သခင်ကြီး၏ မှတ်ဉာဏ်ထဲမှ ဖတ်ရှုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ခွေးအိမ်သခင်ကြီး၏ ဝိညာဉ်အမွေအနှစ်သည် အလွန် တန်ဖိုးရှိသော ဘဏ္ဍာတိုက်ကြီး တစ်ခု ဖြစ်သည်။
“မင်းတို့ရဲ့ ပါရမီက အလွန် မြင့်မားတယ်။ ဒါကြောင့် ပေမင်ဓားဂိုဏ်းမှာ ကျီချန်ချို ၊ ကျီယန်ကျန်းနဲ့ မင်း ကျီယင်ယင်တို့ရဲ့ သိုင်းပညာ ကျင့်ကြံမှုအဆင့်က လုံးဝ ပြိုင်ဘက်ကင်း ဖြစ်နေတာ။ မင်း ကျီယင်ယင်ဆိုရင် တာ့နင်အင်ပါယာရဲ့ အသန်မာဆုံးလူ ဖြစ်လုနီးပါး ဖြစ်ခဲ့တယ်”
ကျီယင်ယင် ခေါင်းမော့လိုက်ပြီး ပြောလိုက်၏။
“ဟုတ်တယ်... ကျွန်မတို့ သုံးယောက်က ပြိုင်ဘက်ကင်း မြေအောက်ကမ္ဘာက ကြယ်ကြွေမျိုးနွယ်တွေပါ။ ရှင်က... ရှင်က စစ်တပ်ကို ခေါ်ပြီး ပြိုင်ဘက်ကင်း မြေအောက်ကမ္ဘာကို သွားချင်လို့လား”
တုပိုင်က ပြောလိုက်၏။ “ဟုတ်တယ်... ငါ အဲဒီမြို့ကို လိုချင်တယ်”
ကျီယင်ယင်က လေစုပ်သံတစ်ချက် ပြုလိုက်ပြီး ပြောလိုက်၏။
“မဖြစ်ဘူး... မဖြစ်ဘူး... ရှင် သေသွားလိမ့်မယ်။ ကြယ်ကြွေမျိုးနွယ်က အရမ်း သီးသန့်ဆန်တယ်။ နှစ်ပေါင်းရာချီအတွင်း ဘယ်သူမှ ပြိုင်ဘက်ကင်း မြေအောက်ကမ္ဘာထဲကို ဝင်လို့ မရဘူး။ ကျွန်မတို့က အဲဒီမြေကို သီးသန့် ခံစားချင်လို့ လောကကြီးနဲ့ လုံးဝ အဆက်အသွယ် ဖြတ်ထားတာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၆၀၀ တုန်းက ကြီးမားတဲ့ ကြယ်ကြွေကြီး ကျရောက်ခဲ့လို့ အဲဒီနေရာမှာ မှော်ဆန်တဲ့ စွမ်းအင်တွေ ပြည့်နှက်နေတယ်။ အဲဒီမှာ နေထိုင်သရွေ့ လူတိုင်းက အသက်ရှည်မယ် ၊ နုပျိုမယ် ၊ လှပမယ် ၊ သိုင်းပညာ ပါရမီ အလွန် မြင့်မားမယ်။ ကြယ်ကြွေမျိုးနွယ်က ဘယ်သူ့ကိုမှ ဝေစုခွဲမပေးဘူး။ ပြိုင်ဘက်ကင်း မြေအောက်ကမ္ဘာကို ဝင်ချင်တဲ့ သူတိုင်းကို ကျူးကျော်သူအဖြစ် သတ်မှတ်ပြီး သတ်ပစ်ကြလိမ့်မယ်”
ထိုသည်က မက်မွန်ပွင့်ရွာနှင့်ပင် သွားဆင်တူ၏။ (တရုတ်ပုံပြင်ထဲမှ ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်ထားသော ရွာကလေး - ဘာသာပြန်သူအချောကြီး)
တုပိုင်က ပြောလိုက်၏။ “အခု အခြေအနေတွေ ပြောင်းလဲသွားပြီ”
**--**--**--**--**--**--**--**
အပြာရောင်နဂါးဂိုဏ်း၏ ကြီးမားသော စစ်ရေးလေ့ကျင့်ကွင်းတွင် လူပေါင်း ငါးထောင်ကျော် စုရုံးရောက်ရှိနေကြ၏။ စစ်သည် တစ်ထောင့်ခြောက်ရာ ၊ အပြာရောင်နဂါးဂိုဏ်းသား နှစ်ထောင် ၊ တုပိုင်၏ အထိန်းတော် ၊ ချန်ဖိန်၏ မိဘများ အပါအဝင် မိသားစုဝင် နှစ်ထောင်တို့ ဖြစ်ကြသည်။
လူတိုင်းသည် မျှော်လင့်ချက် ကင်းမဲ့နေပုံ ပေါ်သော်လည်း သူတို့၏ မျက်လုံးများက တုပိုင်ကို မျှော်လင့်ချက်ဖြင့် ကြည့်နေကြသည်။
ဤမျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် တုပိုင် အံ့ဖွယ်အမှုတစ်ခု ထပ်မံ ဖန်တီးဦးမည်ဟု သူတို့ မျှော်လင့်နေကြသည်။
တုပိုင်သည် အမြင့်ဆုံးနေရာတွင် ရပ်ကာ ကျယ်လောင်စွာ ပြောလိုက်၏။
“လီမိသားစုက အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ကို ပေါင်းစည်းလိုက်ပြီ။ ပုန်ကန်သူ ဖန်းအုပ်စုက ကွမ်တုံနဲ့ ကွမ်ရှီးကို ဝင်ရောက်လာပြီ”
“ကွမ်ရှီးနဲ့ ကွမ်တုံ ပြည်နယ်တွေက တကယ်တမ်း ကျဆုံးသွားခဲ့ပြီ”
“အင်ပါယာအပေါ် သစ္စာရှိတဲ့ ၊ ဧကရာဇ်မင်းမြတ်အပေါ် သစ္စာရှိတဲ့ တစ်ခုတည်းသော အင်အားစုက ငါတို့ပဲ ရှိတော့တယ်”
“ငါတို့က အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးနဲ့အတူ ကွမ်ရှီးပြည်နယ်ရဲ့ အမြင့်ဆုံး အရာရှိတွေ ဖြစ်လာခဲ့ပြီ”
“ပိုင်ဆယ်က မြို့ပျက်ကြီး ၊ အထီးကျန်မြို့ ၊ သေမင်းမြို့တော် ဖြစ်လာခဲ့ပြီ”
“ငါတို့မှာ လူ ၄,၀၀၀ ပဲ ရှိတယ်။ ဒါပေမဲ့ ၃၀၀,၀၀၀ ကျော်လောက် ရှိမယ့် စစ်တပ်ကို ရင်ဆိုင်ရမယ်”
“ငါတို့မှာ ဆယ်ရက်ကျော်စာပဲ ရိက္ခာကျန်တော့တယ်။ တစ်နေ့ကို နှစ်နပ်ပဲ စားပြီး ၊ တစ်နပ်ကို ဆန်ပြုတ်ပဲ သောက်ခဲ့ရတယ်”
“မြို့တိုင်း ကျဆုံးကုန်ပြီ ဖြစ်တဲ့အတွက် ငါတို့မှာ သွားစရာ နေရာ မရှိတော့ဘူး”
“ပိုင်ဆယ်မြို့ကို ဝိုင်းရံထားပြီး ၊ အခု ငါတို့ကို ဝိုင်းရံထားတဲ့ စစ်တပ်က ၅၀,၀၀၀ ကျော်နေပြီ။ ထပ်ပြီးတော့လည်း တိုးလာနေတုန်းပဲ”
“လီရူဟိုင်က ထီးနန်းတက်ပြီး တာ့ယန်တိုင်းပြည်ကို တည်ထောင်ပြီးတာနဲ့ ပထမဆုံး လုပ်မယ့် အလုပ်က ငါတို့ကို သတ်ဖြတ်ပြီး ငါတို့ခေါင်းတွေကို လူခေါင်းပုံတောင် လုပ်ပစ်ဖို့ပဲ။ ငါက အဲဒီ လူခေါင်းပုံတောင်ရဲ့ ထိပ်ဆုံးခေါင်း ဖြစ်လာလိမ့်မယ်”
“ငါတို့ သေရတော့မယ်လို့ လူတိုင်း ခံစားနေကြရတယ်။ ငါတို့မှာ သွားစရာ လမ်းမရှိတော့ဘူးလို့ လူတိုင်း ခံစားနေကြရတယ်။ အင်ပါယာ အနောက်တောင်ပိုင်း ကျဆုံးခြင်းက ပြောင်းလဲမရနိုင်တဲ့ အမှန်တရား ဖြစ်လာပြီလို့ လူတိုင်း ခံစားနေကြရတယ်။ တာ့နင်အင်ပါယာ ပျက်သုဉ်းတော့မယ်လို့တောင် ခံစားနေကြရတယ်”
ဤစကားကို ပြောလိုက်ပြီးနောက် လူတိုင်း၏ မျှော်လင့်ချက် ကင်းမဲ့မှုသည် ဆုံးဖြတ်ချက်တစ်ခု ၊ သေခြင်းတရားကို ရင်ဆိုင်မည့် ဆုံးဖြတ်ချက်တစ်ခု အဖြစ် ပြောင်းလဲသွားသည်။
မျက်ရည်များ ဝဲလျက် ပြတ်သားနေကြသည်။
“ဒါပေမဲ့... ငါက မဖြစ်ရဘူးလို့ ပြောမယ်”
“ငါတို့ သေမှာ မဟုတ်ဘူး”
“ငါတို့ မသေဘူးဆိုရင် ကွမ်ရှီးပြည်နယ် လုံးဝ ကျဆုံးမှာ မဟုတ်ဘူး။ အင်ပါယာ အနောက်တောင်ပိုင်း လုံးဝ ကျဆုံးမှာ မဟုတ်ဘူး”
“ငါတို့ မသေရုံတင် မကဘူး ၊ မကြာခင်မှာ ငါတို့က စစ်သည် ထောင်ပေါင်းများစွာကို ဦးဆောင်ပြီး လီမိသားစုရဲ့ ပုန်ကန်မှုကို ချေမှုန်းပစ်မယ်”
“ငါ မင်းတို့ကို ဘယ်တော့မှ မပြိုလဲနိုင်တဲ့ ပြိုင်ဘက်ကင်း မြို့တော်တစ်ခုဆီ ခေါ်သွားမယ်”
“ဒီနေရာမှာ မိသားစုဝင်တွေ အများကြီး ရှိတယ်။ ငါ့ရဲ့ မွေးစားမိဘတွေ အပါအဝင်ပေါ့။ သူတို့ကို မရေမရာ အခြေအနေနဲ့ ဆက်ပြီး ခေါ်သွားလို့ မဖြစ်ဘူး။ ဒီနေရာမှာ ရှိနေတဲ့ မိဘတွေ ၊ ကလေးတွေ အားလုံးကို အဲဒီမြို့တော်မှာ ပျော်ရွှင်တဲ့ ဘဝကို ခံစားစေချင်တယ်”
“အဲဒီမြို့တော်မှာ မရေမတွက်နိုင်တဲ့ အစားအစာတွေ ၊ မရေမတွက်နိုင်တဲ့ လှပတဲ့ ရှုခင်းတွေ ရှိတယ်။ သေမင်းမြို့တော် ပိုင်ဆယ်နဲ့ ယှဉ်ရင် အဲဒါက နတ်ဘုံနတ်နန်းလိုပဲ”
“အဲဒီမြို့တော်မှာ မရေမတွက်နိုင်တဲ့ အစွမ်းထက်တဲ့ လူတွေ ရှိတယ်။ သူတို့က ငါတို့နဲ့ ပူးပေါင်းပြီး ငါတို့နဲ့အတူ တိုက်ခိုက်မယ့် တပ်မတော်ကြီး ဖြစ်လာလိမ့်မယ်”
“အဲဒီ မဟာမြို့တော်ကြီးက ငါတို့ရဲ့ နောက်တန်း ၊ ငါတို့ရဲ့ ခိုင်မာတဲ့ အခြေစိုက်စခန်း ဖြစ်လာလိမ့်မယ်”
“မကြာခင်မှာ ငါတို့က စစ်သည် သောင်းပေါင်းများစွာကို ဦးဆောင်ပြီး အပြင်ကို ထွက်တိုက်မယ်။ အနောက်တောင်ပိုင်း တစ်ခုလုံးကို ရှင်းလင်းပစ်မယ်”
“သွားကြစို့... လမ်းခရီးက ဘယ်လဲဆိုတာ မမေးနဲ့... ငါ့နောက်ကိုသာ လိုက်ခဲ့ကြ”
“ငါ မင်းတို့ကို နတ်ဘုံမြို့တော်ဆီ ခေါ်သွားမယ်။ မျှော်လင့်ချက်နဲ့ အောင်ပွဲဆီကို ခေါ်သွားမယ်။ ထွက်ခွာကြမယ်”
တုပိုင်က ကျားမာန်ဟန်သောက်ထားသကဲ့သို့ မာန်ဖြင့်အမိန့်ပေးလိုက်သည်။
ထောင်ပေါင်းများစွာသော လူအုပ်ကြီးသည် ခမ်းနားထည်ဝါစွာဖြင့် တုပိုင်နောက်သို့ လိုက်ကာ တောင်ဘက်သို့ ဦးတည်သွားကြသည်။ သေဆုံးနေသော ပိုင်ဆယ်မြို့ကြီးကို စွန့်ခွာပြီး အစားအစာအားလုံး ၊ လက်နက်အားလုံး ၊ ရွှေငွေအားလုံးနှင့် ထောက်ပံ့ရေး ပစ္စည်းအားလုံးကို ယူဆောင်သွားကြသည်။
ဤအချိန်မှစ၍ ပိုင်ဆယ်သည် လုံးဝ မြို့ပျက်ကြီး ဖြစ်သွားလေတော့၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၅၃ ပြီး။