← Chapters

အခန်း (၄၅၆)

Vol. 46 Ch. 456

အခန်း (၄၅၆)

Vol. 46 Ch. 456

ဤနေရာသည် မှောင်မိုက်ခြင်း မရှိလေဘဲ နေရောင်ခြည် ဝင်ရောက်နိုင်လေ၏။

ထို့ပြင် ဤနေရာရှိ မြက်ခင်းစိမ်းများသည် တစ်နှစ်ပတ်လုံး နွေဦးပေါက်ရာသီကဲ့သို့ စိမ်းလန်းစိုပြည်နေလျက်ရှိသည်။

အခြားကမ္ဘာမှ စွမ်းအင်များသည် အလွန် အစွမ်းထက်သောကြောင့် မွေးမြူထားသော တိရစ္ဆာန်များသည် ပြင်ပကမ္ဘာရှိ တိရစ္ဆာန်များထက် နှစ်ဆ ၊ သုံးဆ ပိုကြီးထွားကြသည်။ စိုက်ပျိုးထားသော သီးနှံများနှင့် အသီးအနှံများသည်လည်း ပြင်ပကမ္ဘာထက် အဆပေါင်းများစွာ ပိုကြီးမားကြလေ၏။

ထို့ပြင် ပြင်ပကမ္ဘာတွင် မရှိသော အပင်များ ၊ ပန်းများ ၊ ဆေးဖက်ဝင် ပစ္စည်းများနှင့် တိရစ္ဆာန်များ များစွာသည်လည်း ဤနေရာ၌ တည်ရှိနေသေးသည်။

တွင်းနက်ကြီးတစ်ခုလုံး၏ အနားသတ်ကို မီတာ ၁၀၀ မြင့်သော ချောက်ကမ်းပါးဖြင့် ဝိုင်းရံထားပြီး ယင်းသည် သဘာဝ အတားအဆီးတစ်ခု ဖြစ်သည်။ မည်သည့် စစ်တပ်မဆို ဤမီတာ ၁၀၀ မြင့်သော ချောက်ကမ်းပါးကို ကျော်ဖြတ်ရန် မဖြစ်နိုင်သလောက်ပင်။ အပြင်ဘက်တွင် တောင်တန်းများဖြင့် ဝိုင်းရံထားပြီး လူသူအရောက်အပေါက်မရှိသော တောင်တန်းများနှင့် သစ်တောများတွင် အဆိပ်မြူများ ပြည့်နှက်နေလေ၏။

ထို့ကြောင့် ဤသည်မှာ ဘယ်တော့မှ မပြိုလဲနိုင်သော မြို့တော်ဖြစ်သည်။

ဤသည်မှာ စစ်မှန်သော နိဗ္ဗိာန်ပင်ဖြစ်လေ၏။

ဤမြို့သို့ ရောက်ပြီးနောက် တုပိုင်သည် ဤမျှ လှပသော မြို့တော်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ဤမြင်ကွင်းသည် အမှန်တကယ် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။

ကြယ်ကြွေမျိုးနွယ်သည် ဤနေရာကို မည်သူနှင့်မျှ မဝေမျှလိုကြသည်မှာ မဆန်းပေ။ ကမ္ဘာနှင့် အဆက်အသွယ် ဖြတ်ထားခြင်းမှာလည်း အံ့သြစရာ မဟုတ်တော့ပေ။

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး တုပိုင်ထံ လျှောက်လာသည်။ သူသည် အရပ် ၁.၉ မီတာခန့် ရှိပြီး အနက်ရောင်ဆံပင်နှင့် အနက်ရောင်မုတ်ဆိတ်များ ရှိလေ၏။

“ဧည့်သည်တော် နာမည် ဘယ်လိုခေါ်လဲ” လူလတ်ပိုင်း အမျိုးသားက မေးလိုက်၏။

“တုပိုင်”

“ကျွန်တော်က ကျီထျန်နုံပါ” လူလတ်ပိုင်း အမျိုးသားက ပြောလိုက်၏။ “ကျွန်တော့်အသက် ဘယ်လောက်ရှိပြီလို့ ထင်လဲ”

တကယ်ပင် ကျီယင်ယင်၏ မျိုးနွယ်စုဝင် ဖြစ်ပေသည်။

တုပိုင်က ခဏလောက် စဉ်းစားလိုက်ပြီး ဖြေလိုက်၏။ “ငါးဆယ်”

“ဟားဟားဟား...” လူလတ်ပိုင်း အမျိုးသား ကျီထျန်နုံက ရယ်မောလိုက်ပြီး ပြောလိုက်၏။ “ကျွန်တော့်အသက် ၇၉ နှစ် ရှိပြီ”

တုပိုင် အံ့သြသွားသည်။ အသက် ၇၉ နှစ် ရှိနေပြီဖြစ်သော်လည်း လူလတ်ပိုင်းအရွယ်သာ ရှိသေးသည်လား။ အများဆုံးမှ အသက် ၄၀ ဝန်းကျင်သာ ရှိဦးမည်ဟု ထင်ရသည်။

ကျီထျန်နုံက ပြောလိုက်၏။ “ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို ဘယ်လိုမြင်လဲ”

တုပိုင်က ပြောလိုက်၏။ “နတ်ဘုံနတ်နန်းလိုပဲ။ အံ့ဖွယ်မြို့တော်ကြီးပါ”

ကျီထျန်နုံက ပြောလိုက်၏။ “ဧည့်သည်တော် အနေနဲ့ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တံခါးဝကို ရှာတွေ့ဖို့ အများကြီး ကြိုးစားခဲ့ရမှာပဲ။ တန်ကြေးတွေ အများကြီး ပေးဆပ်ခဲ့ရမှာပဲ”

တုပိုင်က ပြောလိုက်၏။ “ကြီးမားတဲ့ တန်ကြေး ပေးဆပ်ခဲ့ရတယ်။ လူတစ်ထောင်ကျော် သေဆုံးခဲ့ရတယ်”

ကျီထျန်နုံက ပြောလိုက်၏။ “ဒါဆိုရင် ဧည့်သည်တော်က ကျွန်တော်တို့ဆီက ဘာလိုချင်လို့လဲ။ ရွှေ ၊ လက်နက် ၊ ရတနာ... ခင်ဗျားက နှစ်ရာချီအတွင်း မကြုံဖူးတဲ့ ဧည့်သည်တော်ပဲ။ ခင်ဗျားတောင်းဆိုတာက သိပ်မများလွန်းဘူးဆိုရင် ကျွန်တော်တို့ ဖြည့်ဆည်းပေးပြီး ကျေကျေနပ်နပ် ပြန်လွှတ်ပေးနိုင်ပါတယ်”

ကျေကျေနပ်နပ် ပြန်လွှတ်ပေးမည် ဆိုသည့် စကားက တုပိုင်အတွက် နားဝင်‌တော့ သိပ်မချိုလှချေ။

တုပိုင်သည် လူထောင်ပေါင်းများစွာကို ပြောင်းရွှေ့ပေးရန် ရည်ရွယ်ထားသော်လည်း ဤကျီထျန်နုံက တုပိုင်ကိုပင် လက်ခံထားချင်ပုံ မရပေ။ ရက်အနည်းငယ် လည်ပတ်ခွင့်ပြုပြီး ရတနာ သို့မဟုတ် ရွှေများ ပေးကာ ပြန်လွှတ်လိုက်ချင်ပုံ ရသည်။

လူထောင်ပေါင်းများစွာကို ဝင်ရောက်နေထိုင်ခွင့် ပေးရန်မှာ အမှန်တကယ် ခက်ခဲလှသည်။

တုပိုင်က ပြောလိုက်၏။ “ခင်ဗျားတို့ရဲ့ မြို့စားမင်းကို တွေ့ချင်တယ်”

ကျီထျန်နုံက ပြောလိုက်၏။ “မလိုပါဘူး။ အားလုံးက ကျွန်တော် ပြောတဲ့အတိုင်းပါပဲ”

တုပိုင်က ပြောလိုက်၏။ “ကျွန်တော့်မှာ သူ့ကို ပြောပြစရာ အရေးကြီးကိစ္စ ရှိတယ်။ ခင်ဗျားတို့ မြို့တော်ရဲ့ အသက်ရှင်သန်ရေး ၊ ခင်ဗျားတို့ မျိုးနွယ်စုတစ်ခုလုံးရဲ့ အသက်ရှင်သန်ရေးနဲ့ ဆက်စပ်နေတဲ့ ကိစ္စပါ”

ထိုစကား ကြားလိုက်ရသောအခါ ကျီထျန်နုံ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။

“ပြင်ပလူ... ခင်ဗျားကို ကျွန်တော်တို့ မြို့ထဲ ဝင်ခွင့်ပေးလိုက်တာက ကြီးမားတဲ့ ကျေးဇူးပြုမှုပဲ။ ခင်ဗျားက လွန်ခဲ့တဲ့ နှစ်ရာချီအတွင်း ဝင်ရောက်ခွင့်ရတဲ့ တတိယမြောက် လူသားပဲ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ မဟုတ်မဟပ်တွေ လျှောက်မပြောပါနဲ့”

တုပိုင်က ပြောလိုက်၏။ “ခင်ဗျားတို့ရဲ့ မြို့စားမင်းကို သွားပြောပေးပါ။ အခြေအနေကို မကယ်တင်နိုင်ရင် ခင်ဗျားတို့ မျိုးနွယ်စုတစ်ခုလုံး နောက်နှစ် ၂၀ ၊ ၃၀ အတွင်း သေဆုံးကုန်ကြလိမ့်မယ်”

ဤစကားက အရမ်း ကြောက်စရာ ကောင်းလွန်းသည်။

ကျီထျန်နုံက အေးစက်စွာ ပြောလိုက်၏။

“တုပိုင်... မင်း ငါတို့ကို ကျိန်ဆဲရဲတယ်ပေါ့။ ငါ မင်းကို ပြောပြမယ်။ ငါတို့ ကြယ်ကြွေမျိုးနွယ်က ငြိမ်းချမ်းပေမဲ့ အလွန် အစွမ်းထက်တယ်။ မင်းတို့ ပြင်ပလူတွေထက် အများကြီး ပိုသန်မာတယ်။ ငါတို့လည်း လူသတ်တတ်တယ်။ ကျေးဇူးပြုပြီး စကားကို ဆင်ခြင်ပါ။ ဓားတွေမာ မျက်စိမပါဘူး”

တုပိုင်က ပြောလိုက်၏။

“ကျွန်တော် ဒီမှာ ရှိနေပါတယ်။ ကျွန်တော် ပြောတာ မှားနေရင် ခင်ဗျား ကျွန်တော့်ကို အကြိမ်တစ်ထောင် ခုတ်ပိုင်းသတ်ပစ်လို့ ရတယ်။ ဒါပေမဲ့ ကျွန်တော် ပြောတာ မှန်နေရင် ၊ ခင်ဗျားက ကျွန်တော့်ကို မြို့စားမင်းနဲ့ တွေ့ခွင့် မပေးရင်... ခင်ဗျားက ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ ထာဝရ အပြစ်သား ဖြစ်သွားလိမ့်မယ်”

ကျီထျန်နုံ၏ မျက်နှာသည် ခန့်မှန်းရခက်သော အမူအရာ ဖြစ်သွားသည်။

တုပိုင်သည် နဂါးနတ်ဘုရား၏ စစ်ဆေးမှုကို အောင်မြင်ရုံသာမက အစိမ်းရောင် အဆိပ်ရည်ကို ရွှေရောင်ပြောင်းသွားအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ဤသည်မှာ အလွန် ထူးဆန်းပြီး အံ့ဖွယ်ကောင်းလှသည်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကျီထျန်နုံက ပြောလိုက်၏။

“ကျွန်တော့်နောက် လိုက်ခဲ့။ မြို့စားမင်းအိမ်တော်ကို ခေါ်သွားပေးမယ်။ ဒါပေမဲ့ မြို့စားမင်းက ခင်ဗျားကို တွေ့မတွေ့ ဆိုတာတော့ ကျွန်တော့် အပိုင်း မဟုတ်ဘူး”

ထို့နောက် ကျီထျန်နုံ လေချွန်သံ ပေးလိုက်သည်။

ခဏအကြာတွင် ဝံပုလွေဖြူနှစ်ကောင်က အမြန် ရောက်ရှိလာပြီး ရပ်တန့်လိုက်ကြ၏။

ဤသည်မှာ ဝံပုလွေများ စစ်များဖြစ်ကြလေပြီး တစ်ကိုယ်လုံးရှိ အမွေးဖြူများသည် အပြစ်အနာအဆာ ကင်းစင်လှသည်။ တုပိုင်၏ တောရိုင်းမြင်းဘုရင်ထက်ပင် ပိုမြန်ပြီး အသံလည်း မထွက်သလောက်ပင်။ ကြောက်စရာကောင်းလှ၏။

ထို့ပြင် ဝံပုလွေဖြူနှစ်ကောင်သည် အလွန် ကြီးမားပြီး အရပ်အမြင့် ၁.၈ မီတာ ၊ အလျား သုံးမီတာကျော် ရှိသည်။

တိုက်ခိုက်နိုင်စွမ်းရည် အလွန် အံ့သြဖွယ်ကောင်းမည်မှာ သေချာသည်။

ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရှိ ကြယ်ကြွေမျိုးနွယ်သည် ဤမျှ အစွမ်းထက်သော ဝံပုလွေများကို စီးနင်းရန် ယဉ်ပါးအောင် မွေးမြူထားခဲ့သည်။

“တက်စီးလိုက်” ကျီထျန်နုံ ပြောလိုက်၏။

တုပိုင် သတိထားပြီး ဝံပုလွေဖြူကြီးပေါ်သို့ တက်စီးလိုက်သည်။

လေချွန်သံ တစ်ချက် ပေးလိုက်ပြီးနောက် ဝံပုလွေဖြူကြီးနှစ်ကောင်သည် တွင်းနက်ကြီး အောက်ခြေရှိ မြို့စားမင်းအိမ်တော်ဆီသို့ ရူးသွပ်မတတ် ပြေးထွက်သွားကြသည်။

သူတို့၏ အရှိန်သည် အလွန် မြန်ဆန်ပြီး တုပိုင်၏ တောရိုင်းမြင်းဘုရင်ထက် ၃၀ ရာခိုင်နှုန်းခန့် ပိုမြန်သည်။ သို့သော် အလွန် တည်ငြိမ်ပြီး လှုပ်ခါမှု သိပ်မရှိပေ။

တုပိုင်သည် လမ်းဘေးဝဲယာရှိ လယ်ကွင်းများ ၊ သစ်သီးခြံများနှင့် စားကျက်မြေများကို သေသေချာချာ လေ့လာခဲ့လေ၏။

တုပိုင်သည် နှစ်မီတာကျော် မြင့်မားသော စပါးပင်များကို မြင်လိုက်ရပြီး စပါးနှံများသည် ပြင်ပကမ္ဘာထက် နှစ်ဆကျော် ပိုကြီးမားသည်။

လက်သီးဆုပ်လောက် ရှိသော စတော်ဘယ်ရီသီးများ ၊ ကန်စွန်းဥများ ၊ သရက်သီးများနှင့် လိုင်ချီးသီးများကိုလည်ူ မြင်လိုက်ရသည်။

ထိုသည်များသာက သစ်သီးပေါင်း ဒါဇင်များစွာကို မြင်လိုက်ရပြီး အားလုံးသည် အသီးများဖြင့် ပြည့်ဝေနေကာ တစ်လုံးစီသည် ပြင်ပကမ္ဘာထက် နှစ်ဆကျော် ပိုကြီးမားသည်။

စားကျက်မြေထဲတွင် မြင်းများ ၊ ဝက်များ ၊ သိုးများ ၊ နွားများ စသည်တို့ များစွာ ရှိသည်။ တိရစ္ဆာန်တိုင်းသည်လည်း ပြင်ပကမ္ဘာထက် ပိုကြီးမားကြသည်။

ဝံပုလွေဖြူကြီး ပြေးလွှားနေစဉ် တုပိုင် ကျေးလက်ဒေသကို မြင်လိုက်ရသည်။ အိမ်အားလုံးကို သစ်သားဖြင့် ဆောက်လုပ်ထားပြီး အားလုံးနီးပါး အလွန် သက်တောင့်သက်သာ ရှိပုံရသည်။

တွင်းနက်ထဲသို့ ရောက်လာသည်နှင့် အိမ်များ ပိုမို များပြားလာပြီး လူများလည်း ပိုမို များပြားလာသည်။

ဤနေရာရှိ လူများသည် အရပ်ရှည်ပြီး သန်မာကြသည်။ အားလုံးနီးပါး အလွန် ငယ်ရွယ်နုပျိကြုပုံ ပေါ်သည်။

ယခုအချိန်တွင် ပြင်ပကမ္ဘာ၌ ကပ်ဘေးဆိုးကြီး ကျရောက်နေပြီး အရပ်သား အများအပြားသည် အဝါရောင်သန်းကာ ပိန်လှီပြီး ပုညှက်နေကြသည်။

ဤနေရာရှိ အမျိုးသား အများစုသည် ၁.၇ မီတာ သို့မဟုတ် ၁.၈ မီတာကျော် အရပ်ရှိကြသည်။ အမျိုးသမီး အများစုသည် ၁.၆ မီတာ သို့မဟုတ် ၁.၇ မီတာကျော် အရပ်ရှိကြသည်။

တစ်ယောက်စီတိုင်း အသားအရေ စိုပြေနေပြီး ဝတ်ဆင်ထားသော အဝတ်အစားများသည် အလွန် သပ်ရပ်ကာ တောက်ပြောင်နေလျက်ရှိ၏။

ဤနေရာရှိ အမျိုးသားရော အမျိုးသမီးပါ အလွန် သန်မာပြီး ကြွက်သားများ ထွားကြိုင်းကာ ပိန်လှီခြင်းနှင့် အဝလွန်ခြင်းတို့ ရှားပါးကြောင်း တုပိုင် ရှင်းလင်းစွာ ခံစားမိလိုက်သည်။

သိသာလှစွာပင် ဤနေရာရှိ အမျိုးသားများသည် သန်မာသော ခွန်အားနှင့် လျင်မြန်ဖျတ်လတ်မှု ရှိကြပြီး မွေးရာပါ တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။

တုပိုင်သည် ဝံပုလွေဖြူကြီးကို စီးကာ တွင်းနက်ကြီးကို တစ်လွှာပြီးတစ်လွှာ ပတ်၍ ဆင်းလာရာ မြို့နှင့် ပိုမို နီးကပ်လာသည်။

ဤနေရာရှိ လူများ၏ အဝတ်အစားများသည် ပိုမို ခမ်းနားထည်ဝါလာပြီး သံချပ်ကာ ဝတ်ဆင်ထားသော စစ်သည် အများအပြား အဖွဲ့လိုက် ကင်းလှည့်နေကြသည်။

မြင်းစီးတပ်ဖွဲ့များသည် မြို့နှင့် ကျေးလက်ဒေသကြားတွင် ကင်းလှည့်နေကြပြီး ဥပဒေစိုးမိုးရေး အလွန် တင်းကြပ်ပုံရလေ၏။

မြင်းစီးတပ်သားများနှင့် ခြေလျင်တပ်သားများ နှစ်ဖွဲ့စလုံးသည် အလွန် ထူးချွန်ကြပြီး ၊ သံချပ်ကာများသည် လှပပြီး ခိုင်ခံ့ကာ ၊ လက်နက်များသည်လည်း အလွန် ထက်မြက်ပြီး အစွမ်းထက်သည်။

ဤသည်မှာ အလွန် အစွမ်းထက်သော စစ်တပ်ဖြစ်သည်။

ဤသည်မှာ အပြင်လူများအတွက် နိဗ္ဗာန်ဘုံ ဖြစ်သော်လည်း စိတ်ကူးယဉ်ကမ္ဘာတော့ မဟုတ်ပေ။

ဤနေရာတွင် အလွန် တင်းကြပ်သော ဥပဒေများ ရှိပြီး အလွန် တင်းကြပ်သော အဆင့်အတန်း ခွဲခြားမှုများ ရှိသည်။

မြို့ထဲသို့ ဝင်ရောက်ပြီးနောက် အိမ်များသည် ပိုမို ထူထပ်လာပြီး ပိုမို ကြီးမားကာ ခမ်းနားထည်ဝါလာသည်။

လမ်းတိုင်းကို ကျောက်ပြားများ ခင်းထားသည်။

မြို့သည် အလွန် စည်ကားပြီး ချမ်းသာကြွယ်ဝသည်။ ပြင်ပကမ္ဘာရှိ မြို့များထက် များစွာ သပ်ရပ်ပြီး ခမ်းနားထည်ဝါသော်လည်း သက်ဝင်လှုပ်ရှားမှု သိပ်မရှိပေ။

လမ်းပေါ်တွင် လူအများအပြား မရှိပေ။ လူတိုင်း ကိုယ်ပိုင်အလုပ်ကိုယ် လုပ်နေကြပြီး လမ်းပေါ်တွင် လျှောက်သွားနေသူ နည်းပါးသည်။

တုပိုင်သည် ပြင်ပလူ ဖြစ်သဖြင့် လူအများအပြား စူးစမ်းသော မျက်လုံးများဖြင့် ကြည့်နေကြသော်လည်း ထိုမျှသာ ဖြစ်သည်။ လူတိုင်း၏ မျက်နှာသည် အနည်းငယ် အေးစက်နေပုံ ရသည်။ သို့မဟုတ် အေးစက်ခြင်း မဟုတ်ဘဲ တည်ငြိမ်နေခြင်း ဖြစ်နိုင်သည်။

ဤသည်ကလည်း သာမှန်သာဖြစ်လေ၏။ မထူးဆန်းချေ။ အစွမ်းထက်သော မျိုးနွယ်စု ၊ အထူးသဖြင့် အသက်ရှည်သော မျိုးနွယ်စုတိုင်းသည် စိတ်အားထက်သန်မှု နည်းပါးတတ်ကြသည်။

အေးစက်ခြင်း ၊ ဂရုမစိုက်ခြင်း ၊ မာနကြီးခြင်းနှင့် တစ်ယူသန်ခြင်းတို့သည် ဤအစွမ်းထက်သော မျိုးနွယ်စု၏ သင်္ကေတများ ဖြစ်သည်။

တွင်းနက်ကြီး၏ အောက်ခြေ ၊ အလယ်ဗဟို အကျဆုံး နေရာတွင် ကျောက်ပြားခင်းထားသော ရင်ပြင်တစ်ခု ရှိနေ၏။

ရှေ့တွင်ရှိသော ခမ်းနားထည်ဝါသည့် အဆောက်အအုံ အစုအဝေးသည် အရှေ့တိုင်း နန်းတော်နှင့် အနောက်တိုင်း ရဲတိုက် ပေါင်းစပ်ထားသကဲ့သို့ တကယ်ကို မျက်စိပဒေသာဖြစ်လေပြီး ကြီးကျယ်ခမ်းနားလှသည်။

ဤသည်မှာ မြို့စားမင်းအိမ်တော် ဖြစ်သည်။

အပြင်ဘက်တွင် တစ်ကိုယ်လုံးကို သံချပ်ကာဖြင့် ဆာမူရိုင်းအစောင့် ရာပေါင်းများစွာ စောင့်ကြပ်နေကြလေ၏။

သူတို့၏ တစ်ကိုယ်လုံးကို သံချပ်ကားများဖြင့် ဖုံးအုပ်ထားပြီး တစ်ယောက်စီတိုင်း နှစ်မီတာကျော် အရပ်ရှိကာ မြေကြီးပေါ်တွင် စိုက်ထားသော သံမှိုများကဲ့သို့ မလှုပ်မယှက် ရပ်နေကြသည်။

“အပြင်မှာ စောင့်နေ။ ကျွန်တော် ဝင်ပြီး သတင်းပို့လိုက်ဦးမယ်” ကျီထျန်နုံ ပြောလိုက်၏။

ထို့နောက် သူသည် ဝံပုလွေဖြူကြီးပေါ်မှ ဆင်းလိုက်ပြီး ခါးကို ကိုင်းကာ ခမ်းနားထည်ဝါသော မြို့စားမင်းအိမ်တော်ထဲသို့ ဝင်ရောက်သွားလေသည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၅၆ ပြီး။

All Chapters