အခန်း (၄၅၇)
Vol. 46 Ch. 457
တုပိုင်သည် အပြင်ဘက် ရင်ပြင်တွင် စောင့်ဆိုင်းနေလေ၏။
စစ်သည် ရာပေါင်းများစွာသည် သူ့ကို စိုက်ကြည့်နေကြပြီး သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြကြောင်း တုပိုင် သတိထားမိသည်။ ၁၅ မိနစ်ခန့် ကြာသည်အထိ သူတို့၏ ခန္ဓာကိုယ်များသည် လုံးဝ မလှုပ်မယှက်ဘဲ ကျောက်ရုပ်များကဲ့သို့ ငြိမ်သက်နေကြလေသည်။
ဤသည်မှာ ဥပဒေ အလွန် တင်းကြပ်သော မြို့တော်တစ်ခု ဖြစ်ပြီး စစ်စည်းကမ်းသည် အထူး တင်းကြပ်လှသည်။
နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် ကျီထျန်နုံ ထွက်လာသည်။
“ဝင်သွားလိုက်ပါ... မြို့စားမင်းလေးက ခင်ဗျားကို စောင့်နေတယ်။ ပြင်ပလူ တုပိုင်... မြို့စားမင်းလေး ရှေ့ရောက်ရင် မဟုတ်မဟပ် ကောလာဟလတွေ လျှောက်မပြောနဲ့နော်။ ခင်ဗျား ပြောချင်ရာ ပြောလို့ရပေမဲ့ ၊ ကျွန်တော်တို့က စည်းကမ်းကြီးတဲ့ မြို့တော်ပါ။ မြို့စားမင်းလေး စိတ်ဆိုးသွားရင် ခင်ဗျား သေချာပေါက် သေရလိမ့်မယ်”
ထို့နောက် ကျီထျန်နုံသည် တုပိုင်ကို မြို့စားမင်းအိမ်တော်ထဲသို့ ခေါ်ဆောင်သွားသည်။
ခြံဝင်းတစ်ခုပြီးတစ်ခု ဖြတ်သန်းပြီးနောက် ကြီးမားသော ခံတပ်ကြီးတစ်ခုသို့ ရောက်ရှိလာကြလေ၏။
အပြင်ပန်းကသာ ခမ်းနားထည်ဝါခြင်းမဟုတ်လေဘဲ အတွင်းဘက်၌သည်လည်း အလားတူသာဖြစ်လေ၏။ အပြင်ဘက် လှေကားထစ်များပေါ်တွင် နူးညံ့သော ကတ္တီပါကောဇောကို တိုက်ရိုက် ခင်းကျင်းထားသည်။
ဤသည်မှာ တုပိုင်ကို ကြိုဆိုရန် ခင်းကျင်းထားခြင်း မဟုတ်ဘဲ မူလကပင် ဤမျှ ဇိမ်ခံပစ္စည်းများ အသုံးပြုထားခြင်း ဖြစ်ကြောင်း သိသာလေ၏။ တုပိုင်သည် သူတို့အတွက်တော့ ဘာဆို ဘာမှမဟုတ်သည့် အပြင်လူတစ်ယောက်သာ ဖြစ်လေ၏။
မြို့စားမင်းအိမ်တော်ထဲသို့ ဝင်ရောက်ရာ လမ်းတစ်လျှောက်တွင် တုပိုင်သည် မရေမတွက်နိုင်သော လှပသည့် မိန်းကလေးများ ၊ မိန်းမစိုးများနှင့် အစေခံများကို မြင်တွေ့ခဲ့ရသည်။
အမှန်တကယ်ပင် တိမ်တိုက်သဖွယ် များပြားလှသော အပျိုတော်များ ဖြစ်ကြသည်။
ထို့ပြင် လူတိုင်းသည် အသံမထွက်စေဘဲ လမ်းလျှောက်ကြပြီး ၊ စကားမပြောကြသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေကြလေ၏။ ဤသည်မှာ ရက်စက်အေးစက်သော မြို့စားမင်းအိမ်တော်ပင် ဖြစ်သည်။
အတွင်းသို့ ဝင်ရောက်ပြီးနောက် တုပိုင်သည် ခန်းမဆောင်ဟု ခေါ်ရမလား ၊ နန်းတော်ဟု ခေါ်ရမလား မသဲကွဲသော နေရာသို့ ရောက်ရှိသွားသည်။
အကယ်၍ ခန်းမဆောင်ဟု ခေါ်မည်ဆိုလျှင်လည်း ဤနေရာသည် ကွေ့မင်းသားအိမ်တော်၏ ခန်းမဆောင်ထက် ပိုမို ကြီးမားကျယ်ဝန်းနေသည်။
ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီး၏ လှေကားထစ်များပေါ်တွင် ချောမောခန့်ညားပြီး ၊ မာနကြီးကာ မြင့်မြတ်သော လူငယ်တစ်ဦး ရပ်နေသည်။ သူသည် တောက်ပသော ငွေရောင်ပိုးထည် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ငွေရောင်သရဖူကို ဆောင်းထားသည်။
ဤလူမှာ အမှန်တကယ်ပင် ပြိုင်ဘက်ကင်း ချောမောလှပသော အမျိုးသားတစ်ဦး ဖြစ်သည်။ နီရှန်၏ စီနီယာအစ်ကို ကျီလန်ထင်းထက်ပင် သာလွန်ပေသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အစွမ်းထက်သော စွမ်းအားများ ၊ အေးစက်သော စွမ်းအားများဖြင့် ပြည့်နှက်နေလျက်ရှိသည်။ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် တုပိုင်ကိုပင် ကြီးမားသော ဖိအားများ ပေးစွမ်းရှိလေသည်။
သူသည် ဤမြို့တော်၏ မြို့စားမင်းလေး ဖြစ်ပုံရသည်။
“ပြင်ပလူ... မင်းက သမိုင်းတစ်လျှောက် နဂါးနတ်ဘုရားရဲ့ စစ်ဆေးမှုကို အောင်မြင်ပြီး ၊ အစိမ်းရောင် အဆိပ်ရည်ကို ရွှေရောင်ပြောင်းသွားအောင် လုပ်နိုင်ခဲ့တဲ့ တတိယမြောက် လူသားပဲ။ မင်းနာမည် တုပိုင် တဲ့လား”
မြို့စားမင်းလေး၏ အသံသည် အလွန် အေးစက်ပြီး ခံစားချက် လုံးဝ မပါဝင်သလောက်ပင်။
“ဟုတ်ပါတယ်” တုပိုင် ပြန်ဖြေလိုက်၏။
မြို့စားမင်းလေးက ပြောလိုက်၏။ “မင်းက... မိန်းမစိုး…. မဟုတ်သေးဘူး။ မိန်းမစိုးအစစ် မဟုတ်ဘူးလား”
တုပိုင် အံ့သြသွားသည်။ အကြည့်တစ်ချက်ဖြင့် မြင်နိုင်စွမ်းရှိသည်လား။ အစွမ်းထက်လှပေမည်။
မြို့စားမင်းလေးက ဆက်ပြောလိုက်၏။ “မင်းက ငါတို့ အန္တရာယ် ကျရောက်တော့မယ် ၊ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က လူတွေ အနှစ် ၂၀ အတွင်း သေဆုံးကုန်ကြလိမ့်မယ်လို့ ကျီထျန်နုံကို ပြောလိုက်တယ်ဆို”
တုပိုင်က ပြောလိုက်၏။ “ဟုတ်ပါတယ်... ကျွန်တော် ပြောခဲ့ပါတယ်”
“အင်း ၊ မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားကြောင့် ငါ အရမ်း ဒေါသထွက်နေတယ်။ နောက်ဆက်တွဲ အကျိုးဆက်တွေက အရမ်း ပြင်းထန်လိမ့်မယ်” မြို့စားမင်းလေးက ပြောလိုက်၏။ “မင်းရဲ့ အဲဒီ ကောလာဟလ စကားတွေကြောင့်ပဲ ငါ မင်းကို ကိုယ်တိုင် တွေ့ဆုံခွင့် ပေးလိုက်တာ။ ငါ့ရင်ထဲမှာ ဒေါသတွေ ပြည့်နေတယ်”
ထိုစကား ပြောလိုက်သည်နှင့် ခန်းမဆောင်ကြီး တစ်ခုလုံး၏ အပူချိန်သည် ဒီဂရီအနည်းငယ် ကျဆင်းသွားသကဲ့သို့ တုပိုင် ခံစားလိုက်ရသည်။
မြို့စားမင်းလေးက အေးစက်စွာ ပြောလိုက်၏။
“ပြင်ပလူ တုပိုင်... မင်းမှာ စကားသုံးခွန်း ပြောခွင့် ရှိတယ်။ စကားသုံးခွန်းအတွင်း ငါ့ကို ယုံကြည်အောင် မပြောနိုင်ရင် ၊ ငါ့မျိုးနွယ်စုကို ကျိန်ဆဲပြီး စော်ကားတဲ့ အပြစ်နဲ့ မင်းကို သေဒဏ်ပေးမယ်။ တကယ်လို့ စကားသုံးခွန်းနဲ့ ငါ့ကို ယုံကြည်အောင် ပြောနိုင်ရင်တော့ အရာအားလုံး ဆွေးနွေးလို့ ရနိုင်တယ်”
ပြောပြီးသည်နှင့် မြို့စားမင်းလေးက လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင် စစ်သည် ရာပေါင်းများစွာသည် အုံနှင့်ကျင်းသဖွယ် ဝင်ရောက်လာပြီး တုပိုင်ကို ဝိုင်းရံထားလိုက်ကြသည်။
တုပိုင်သည် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို ချက်ချင်း ခံစားမိလိုက်သည်။ ဤစစ်သည် ရာပေါင်းများစွာထဲတွင် သိုင်းပညာ အညံ့ဆုံးလူသည်ပင် တုပိုင်နှင့် အတူတူလောက် ရှိသည်။ ကျန်လူများသည် တုပိုင်ထက် ပိုသန်မာကြပြီး ၊ အမိန့်တစ်ချက် ပေးလိုက်ရုံဖြင့် တုပိုင်ကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် လုပ်ပစ်နိုင်စွမ်းရှိသည်မှာ သံသယဝင်စရာမလိုပေ။
မြို့စားမင်းလေးက ဆက်လက်ပြီး ပြောလိုက်၏။
“မင်းမှာ အခွင့်အရေးအနေနဲ့ စကားသုံးခွန်းပဲ ရှိတယ်။ မင်းရဲ့ ပါရမီတွေ ၊ ကံတရားတွေ အားလုံးကို ထုတ်သုံးပြီး ငါ့ကို ယုံကြည်အောင် ပြောပါ။ မဟုတ်ရင်... သေပေတော့”
တုပိုင်ကို စမ်းသပ်မည့်အချိန် ရောက်ရှိလာပြီဖြစ်လေ၏။
တုပိုင်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။
“ပထမတစ်ခွန်း... ကျုပ်ရဲ့ လူ ၄,၀၀၀ ကျော်က ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှာ နေချင်ကြတယ်”
ထိုစကား ထွက်ပေါ်လာသည်နှင့် မြို့စားမင်းလေး၏ ချောမောခန့်ညားသော မျက်နှာသည် ရုတ်တရက် တွန့်သွားပြီး ၊ ကြောက်မက်ဖွယ် လူသတ်အငွေ့အသက်များ ထွက်ပေါ်လာသည်။
တုပိုင်က ဆက်ပြောလိုက်၏။
“ဒုတိယတစ်ခွန်း... ခင်ဗျားတို့ရဲ့ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှာ သစ္စာဖောက်တစ်ယောက် ရှိနေသည်။ ခင်ဗျားတို့ကို မျိုးဖြုတ်သတ်ဖြတ်ချင်နေတဲ့ သစ္စာဖောက်တစ်ယောက်”
တုပိုင်၏ အရည်အချင်းမှာ မနည်းလှချေ၊ စကားနှစ်ခွန်းတည်းဖြင့် မြို့စားမင်းလေးထံမှ လူသတ်အငွေ့အသက်များအား ပိုမိုပြီးတော့ ပြင်းထန်လာစေသည်။
ထို့နောက် ရုတ်တရက် မြို့စားမင်းလေး ညာလက်ကို မြှောက်လိုက်ပြီး ခက်ထန်စွာဖြင့် ပြောလိုက်၏။
“ပြင်ပလူ တုပိုင်... မင်းရဲ့ ပထမ စကားနှစ်ခွန်းက ငါ့ကို ယုံကြည်အောင် မလုပ်နိုင်တဲ့အပြင် ငါ့ကို ပိုပြီး ဒေါသထွက်စေတယ်။ ငါ့ရဲ့ ညာလက် အောက်ကို ကျသွားတာနဲ့ ၊ ငါ့ရဲ့ အစွမ်းထက်တဲ့ စစ်သည် ရာပေါင်းများစွာက မင်းကို အပိုင်းပိုင်းအစစ ဖြစ်အောင် သတ်ပစ်ကြလိမ့်မယ်။ မင်းမှာ နောက်ဆုံး စကားတစ်ခွန်း ပြောခွင့် ကျန်သေးတယ်။ တစ်ခွန်းတည်းပဲနော်။ ငါ့ကို ယုံကြည်အောင် မပြောနိုင်ရင် မင်း သေပြီလို့သာ မှတ်လိုက်တော့။ အလောင်းတောင် ကျန်မှာ မဟုတ်ဘူး”
နောက်ဆုံး စကားတစ်ခွန်း။
တုပိုင်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည် ဖြစ်သလို ၊ သူ၏ လက်အောက်ရှိ လူထောင်ပေါင်းများစွာ၏ ကံကြမ္မာကိုလည်း ဆုံးဖြတ်ပေးတော့မည် ဖြစ်သည်။
တုပိုင်၏ နှလုံးခုန်သံသည် မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်နေသည်။ သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး မတ်မတ်ရပ်ကာ မာနကြီးသော ဟန်ပန်ဖြင့် နောက်ဆုံး စကားတစ်ခွန်းကို ပြောလိုက်၏။
“ဒီနှစ် ၊ သုံးနှစ် အတွင်းမှာ ကလေးသေဆုံးနှုန်း မြင့်မားလာတယ်။ မွေးလာတဲ့ ကလေး အများအပြားက ပုံပျက်ပန်းပျက် ဖြစ်နေတယ်။ ရှင်းပြလို့ မရနိုင်တဲ့ အကြောင်းရင်းနဲ့ နှာခေါင်းသွေးယိုပြီး သေဆုံးတဲ့လူတွေ ရှိလာတယ်။ တချို့နေရာတွေက ဟင်းသီးဟင်းရွက်တွေ ၊ သစ်သီးတွေက ပိုပိုကြီးလာပြီး ပုံပျက်ပန်းပျက် ဖြစ်လာတာတွေ ရှိနေတယ် မဟုတ်လား”
တုပိုင်၏ တတိယ စကားတစ်ခွန်းသည် အလွန် ရှည်လျားပြီး ၊ တိတိကျကျ ပြောရလျှင် စကားတစ်ခွန်းတည်း မဟုတ်ပေ။
သို့သော် ဤစကားကို ကြားလိုက်ရသောအခါ မြို့စားမင်းလေး လုံးဝ မှင်သက်သွားသည်။
သူသာ အမိန့်ပေးလိုက်လျှင် စစ်သည် ရာပေါင်းများစွာသည် တုပိုင်ကို အပိုင်းပိုင်းအစစ လုပ်ပစ်နိုင်သော်လည်း သူ၏ လက်သည် အောက်သို့ ကျမလာခဲ့ပေ။ ထိုအစား သူသည် ကိုယ်ကို အနည်းငယ် လှည့်လိုက်ပြီး စစ်သည် ရာပေါင်းများစွာကို လူစုခွဲရန် အချက်ပြလိုက်သည်။
အချိန်အတော်ကြာပြီးနောက် မြို့စားမင်းလေးသည် တုပိုင်ကို ကြည့်ကာ မေးလိုက်၏။ “မင်း ဘယ်လိုသိတာလဲ”
တုပိုင်က ရဲတင်းစွာ ပြောလိုက်၏။
“ဘာလို့လဲဆိုတော့ ကျွန်တော်က ဗေဒင်ပညာရှင် တစ်ယောက် ဖြစ်လို့ပါပဲ။ အရေးအကြီးဆုံးက ကျွန်တော် ဒီအခြေအနေကို ကယ်တင်ပေးနိုင်လို့ပါ။ မဟုတ်ရင် အများဆုံး အနှစ် ၂၀ အတွင်း ဒီနေရာက သေမင်းတောင်ကြား ဖြစ်သွားလိမ့်မယ်။ ခင်ဗျားတို့ မြို့တစ်မြို့လုံး ပျက်စီးသွားပြီး ကြယ်ကြွေမျိုးနွယ်စု တစ်ခုလုံး လုံးဝ မျိုးသုဉ်းပျောက်ကွယ်သွားလိမ့်မယ်”
မြို့စားမင်းလေးသည် တုပိုင်ကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက် ပြောလိုက်၏။ “ငါ မင်းကို ဘယ်လို ယုံရမလဲ”
တုပိုင် မျက်လုံးမှိတ်လိုက်ပြီး ဗေဒင်ဟောနေသကဲ့သို့ ဟန်လုပ်လိုက်၏။ (ဟန်ထုတ်စနစ်တောင် သွားသတိရတယ်)
“ကျွန်တော် ဟောတာ မမှားဘူးဆိုရင်... မြို့စားမင်းလေးက အခုတလော အစာစားချင်စိတ် မရှိတော့ဘူး။ သွားဖုံးတွေ မကြာခဏ သွေးယိုတယ်။ မျက်လုံးထောင့်တွေမှာ သွေးစတွေ ပေါ်လာပြီး အမြင်အာရုံ သိပ်မရှင်းတော့ဘူး။ သိုင်းပညာကအဆင့်က မနိမ့်ကျသွားဘူးဆိုပေမဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်းပိုပိုပြီးတော့ လေးလံထိုင်းမှိုင်းလာတယ် မဟုတ်လား”
မြို့စားမင်းလေးသည် တုပိုင်ကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။
ဤရောဂါလက္ခဏာများကို သူ မည်သူ့ကိုမျှ မပြောပြခဲ့ပေ။ သူတစ်ယောက်တည်းသာ သိထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြို့စားမင်းလေးတစ်ပါး၏ ကျန်းမာရေးတွင် ပြဿနာ ရှိနေပါက နောက်ဆက်တွဲ အကျိုးဆက်များ အလွန် ပြင်းထန်မည် ဖြစ်ပြီး ၊ သူ့ဖခင်တွင် သားတစ်ယောက်တည်း ရှိသည် မဟုတ်သောကြောင့် ဖြစ်သည်။ အခြားသူများသာ သိသွားပါက အမွေဆက်ခံသူနေရာမှ ကန်ထုတ်ခံရလိမ့်ပေမည်။
ယခုအခါတွင် ဤတုပိုင်ဟုခေါ်သည့် အပြင်လူက မည်သို့လုပ်ပြီး သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်အား သိရှိနေသည်နည်း။
ဤသည်မှာ သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ် အကြောင်းဖြစ်နေသဖြင့် ၊ တုပိုင်ကို ကြည့်နေသော မြို့စားမင်းလေး၏ မျက်လုံးများတွင် မျှော်လင့်ချက်နှင့် လေးစားအားကျမှုများ ပြည့်နှက်လာသည်။
မြို့စားမင်းလေးက အသုံးအနှုန်းများပင် ပြောင်းလဲသွားပြီး ယဉ်ကျေးစွာဖြင့် မေးမြန်းလိုက်လေ၏။ “ဆရာတုပိုင်... ကျွန်တော် ဒီတိုင်း ဆက်သွားရင် အကျိုးဆက်က အရမ်း ဆိုးရွားနိုင်သလား”
တုပိုင်က မေးလိုက်၏။ “မြို့စားမင်းလေးက အခုတလော သိုင်းကျင့်ဖို့ ဟေးယဲ့ရေကန်ကို မကြာခဏ သွားသလား”
မြို့စားမင်းလေး ပို၍ အံ့သြသွားသည်။
“ဟုတ်ပါတယ်... ဆရာ ဘယ်လိုလုပ် သိတာလဲ။ ကျွန်တော်က ရေနက်ပိုင်းမှာ သိုင်းကျင့်ဖို့ လိုအပ်တယ်။ လေ့လံတဲ့ ရေဖိအားကို အသုံးပြုပြီး ခန္ဓာကိုယ်ရဲံ အလားအလာတွေကို အတင်းညစ်ထုတ်ယူရတာ။ ဟေးယဲ့ရေကန်က မီတာ ၁၀၀ ကျော် နက်တော့ ကျွန်တော်အတွက် သိုင်းကျင့်ဖို့ အရမ်း သင့်လျော်တယ်လေ”
တုပိုင်က ဆရာကြီးဟန်ဖြင့် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
“ဒါကြောင့်ပေါ့။ အခုလောလောဆယ် မြို့စားမင်းလေးရဲ့ အခြေအနေက သိပ်မဆိုးရွားသေးပါဘူး။ ဒါပေမဲ့ အကြောင်းရင်းကို မရှာဖွေနိုင်ရင် တစ်လထက် မပိုပါဘူး... မြို့စားမင်းလေး သေဆုံးရလိမ့်မယ်။ နောက်ထပ် ဖြစ်လာမယ့် လက္ခဏာတွေကတော့ သွေးမတိတ်တာ ၊ မျက်လုံးသွေးကြောပေါက်တာ ၊ အရေပြားပေါ်မှာ သွေးစတွေ ထွက်လာတာ ၊ ဆံပင်ကျွတ်တာ ၊ သွားကျွတ်တာ ၊ ခေါင်းမူးတာ ၊ အစာအိမ် သွေးယိုတာ ၊ နောက်ဆုံးမှာ ဦးနှောက်ပျက်စီးပြီး သေဆုံးသွားလိမ့်မယ်။ ဒီလို ဥပမာမျိုးကို မြို့စားမင်းလေး တစ်ကြိမ်မက ကြားဖူးလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”
တုပိုင်၏ စကားကို ကြားလိုက်ရသောအခါ မြို့စားမင်းလေး၏ မျက်နှာသည် ထိတ်လန့်မှုကြောင့် ပြောင်းလဲသွားသည်။
တုပိုင် ပြောသည်မှာ အလွန် မှန်ကန်နေသဖြင့် သူ မယုံဘဲ မနေနိုင်တော့ပေ။ ထို့ပြင် ပြောလိုက်သော စကားများမှာ အလွန် ထိတ်လန့်ဖွယ် ကောင်းနေသဖြင့် ဂရုမစိုက်ဘဲ မနေနိုင်တော့ချေ။
ရုတ်တရက် မြို့စားမင်းလေးသည် လှေကားထစ်များပေါ်မှ ဆင်းလာပြီး သူ၏ မာနများကို ဘေးဖယ်ထားကာ တုပိုင်ကို ပြောလိုက်၏။
“ဆရာတုပိုင်... ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။ ကယ်တင်လို့ ရနိုင်မလား”
တုပိုင်က ပြောလိုက်၏။
“ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ဆီမှာ လူယုတ်မာတစ်ယောက် ရှိနေလို့ပါပဲ။ ကြောက်စရာကောင်းတဲ့ လူယုတ်မာတစ်ယောက်ပေါ့။ သူက ခင်ဗျားတို့ကို လုံးဝ မျိုးဖြုတ်သတ်ဖြတ်ဖို့ ကြံစည်နေပြီး ကြောက်မက်ဖွယ် ကပ်ဘေးဆိုးကြီးကို သယ်ဆောင်လာခဲ့တာပါ”
မြို့စားမင်းလေးက မေးလိုက်၏။ “အဲဒီ သစ္စာဖောက်က ဘယ်သူလဲ”
တုပိုင် ခေါင်းခါပြီး ပြောလိုက်၏။
“သူ ဘယ်သူလဲ ဆိုတာတော့ ကျွန်တော် တကယ် မသိဘူး။ ဒါပေမဲ့ သူက ခင်ဗျားတို့ကြားမှာ ပုန်းအောင်းနေပြီး ၊ ရာထူး အဆင့်အတန်းလည်း မြင့်မားနိုင်တယ်။ ဗေဒင်ကမ္ဘာထဲမှာ သူ့ရဲ့ ကျောပြင်ကို မြင်ဖူးထားလို့ လူချင်းတွေ့ရင်တော့ ကျွန်တော် မှတ်မိနိုင်ပါတယ်”
မြို့စားမင်းလေးက မေးလိုက်၏။ “ဆရာတုပိုင်... ခင်ဗျား ကျွန်တော်တို့ကို ကယ်တင်ပေးနိုင်မလား”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၅၇ ပြီး။