← Chapters

အခန်း (၄၅၈)

Vol. 46 Ch. 458

အခန်း (၄၅၈)

Vol. 46 Ch. 458

တုပိုင် ဆရာကြီးဟန်ဖြင့် ခေါင်းညိတ်၍ ဆက်လက်ပြီး ပြောလိုက်၏။

“ကျွန်တော်က ခင်ဗျားတို့ရဲ့ မျိုးနွယ်စုတစ်ခုလုံး ၊ မြို့တော်တစ်ခုလုံးကို ကံဆိုးမိုးမှောင်ကျမယ့် ကပ်ဘေးကနေ ကယ်တင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ကျွန်တော့်လူတွေကို မြို့ထဲမှာ နေခွင့်ပေးရမယ်”

မြို့စားမင်းလေး တိတ်ဆိတ်သွားသည်။

ကြယ်ကြွေမျိုးနွယ်သည် ဤရတနာသိုက်ကို မည်သူနှင့်မျှ မဝေမျှလိုကြပေ။ သို့သော် တုပိုင်က မျိုးနွယ်စုတစ်ခုလုံးကို ကယ်တင်ပေးနိုင်မည် ဆိုပါက မတူညီသည့် ကိစ္စများဖြစ်သွားပြီဖြစ်၏။ အပြလူများဖြင့် မျှမသုံးချင်ဘူးဆိုသော်ငြား အသုံးပြုဖို့အတွက် အရင်ဆုံး အသက်ရှင်လျက်ရှိနေရဦးမည် ဖြစ်လေ၏။

“ဆရာတုပိုင်... ဒီကိစ္စက ကျွန်တော်တစ်ယောက်တည်း ဆုံးဖြတ်လို့ မရပါဘူး။ ဖခမည်းတော်ကို သွားပြောရမယ်။ ပြီးရင် အကြီးအကဲများကောင်စီနဲ့ မြို့စားမင်းများ ညီလာခံက အစည်းအဝေးထိုင်ပြီးတော့ ဆုံးဖြတ်ပါလိမ့်မယ်” မြို့စားမင်းလေးက ပြောလိုက်၏။

တုပိုင် မှင်သက်သွားသည်။ မြို့စားမင်းများ ညီလာခံ ဟုတ်လား။ မည်သည့် သဘောနည်း။ မြို့စားမင်းက တစ်ယောက်တည်းမဟုတ်ဘူးလော။

ထို့နောက် မြို့စားမင်းလေးသည် တုပိုင်ကို ဇိမ်ခံဧည့်ခန်းတစ်ခုတွင် နေရာချထားပေး၏။

“ဒီမှာ စာအုပ်တွေ အများကြီး ရှိပါတယ်။ ဆရာတုပိုင် အပျင်းပြေတာပေါ့။ ကျွန်တော် ဖခမည်းတော်ကို သွားပြီး သတင်းပို့လိုက်ဦးမယ်”

မြို့စားမင်းလေးက ဆက်ပြောလိုက်၏။

“ကျွန်တော်တို့ ကျီမြို့တော် အနေနဲ့ မြို့စားမင်းများ ညီလာခံနဲ့ အကြီးအကဲများ ကောင်စီကို အမြန်ဆုံး အချိန်အတွင်း ခေါ်ယူနိုင်အောင် အစွမ်းကုန် ကြိုးစားပါ့မယ်”

ကျီမြို့တော်လား။ ထိုသို့ဆိုလျှင် လက်ရှိ တုပိုင်ရောက်ရှိနေသည့် မြို့က မည်သည့်မြို့ဖြစ်သည်နည်း။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော် မဟုတ်ဘူးလော။

ထိုအခိုက် အိပ်မက်စနစ်၏ ထူးဆန်းသော အလင်းရောင်နှင့် အရိပ်က ရုတ်တရက် ပြောလိုက်၏။

‘အခုအချိန်မှာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို မြို့ကြီးငါးမြို့နဲ့ ဖွဲ့စည်းထားတာပါ။ ဒီဧရိယာမှာ တွင်းနက်ကြီး ဒါဇင်နဲ့ချီ ရှိတယ်။ ကြီးတာတွေရော ၊ သေးတာတွေရောပေါ့။ အကြီးဆုံး တွင်းနက်ကြီးက အချင်း ၁၀ ကီလိုမီတာလောက် ရှိပြီး ၊ အသေးဆုံးကတော့ မီတာ ၁,၀၀၀ ကျော်ပဲ ရှိတယ်’

တုပိုင်က တအံ့တဩဖြင့် ပြောလိုက်၏။

‘အချင်း ၁၀ ကီလိုမီတာ ရှိတဲ့ တွင်းနက်ကြီး ဟုတ်လား။ ဒီလောက် အရွယ်အစားရှိတဲ့ ကြယ်ကြွေ ဝင်တိုက်တာက မိုင်ထောင်ချီ ပတ်လည်မှာ ကပ်ဘေးဆိုးကြီး ဖြစ်စေနိုင်တယ်မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီးတော့ မြို့တည်နိုင်မာလဲ’

အိပ်မက်စနစ်က တုပိုင်အား ရှင်းပြလိုက်သည်။

‘အဲဒီတုန်းက တခြားကမ္ဘာက လာတိုက်တဲ့ ကြယ်ကြွေက အဲဒီလောက် မကြီးပါဘူး။ ဒီလောက် ကြီးမားတဲ့ တွင်းနက်ကြီး ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းက စွမ်းအင် ပေါက်ကွဲမှုကြောင့်ပါ’

ထိုစကား ကြားလိုက်ရသောအခါ တုပိုင် နားလည်သွားသည်။

အိပ်မက်စနစ်က ဆက်ပြောလိုက်၏။

‘ဝင်တိုက်ပြီး နှစ်ရာချီ ကြာတဲ့အခါ ၊ ဒီတွင်းနက်ကြီးတွေထဲမှာ အခြားကမ္ဘာက စွမ်းအင်တွေကြောင့် အလွန် ထူးခြားတဲ့ ဂေဟစနစ်တစ်ခု ဖြစ်ပေါ်လာခဲ့တယ်။ ဒီကမ္ဘာမြေနဲ့ မတူဘဲ အခြားကမ္ဘာက ဂေဟစနစ်နဲ့ တော်တော်လေး တူညီတယ်။ စစ်ဘေးရှောင်ရင်းနဲ့ မျိုးနွယ်စု ခြောက်စုက မတော်တဆ ဒီနေရာကို တွေ့ရှိခဲ့ကြပြီး အခြေချ နေထိုင်ခဲ့ကြတယ်။ အဲဒီ မျိုးနွယ်စု ခြောက်စုကတော့ ကျီ ၊ လင်း ၊ ရှု ၊ စစ်ခုန်း ၊ ထူ နဲ့ ဖူ တို့ခြောက်ခုပဲ”

တုပိုင်က ဆက်မေးလိုက်၏။ ‘ပြီးတော့ ဘာဖြစ်လဲ’

အိပ်မက်စနစ်က ဆက်ပြောလိုက်၏။

‘ဒီမျိုးနွယ်စု ခြောက်စုက တစ်စုစီ တွင်းနက်ကြီး တစ်ခုစီကို ရွေးချယ်ပြီး နေထိုင်ခဲ့ကြတယ်။ ဒါကြောင့် မူလ ပြိုင်ဘက်ကင်း မြေအောက်မြို့တော် ဆိုတာ မြို့တစ်မြို့ မဟုတ်ဘဲ မြို့ခြောက်မြို့ရဲ့ စုပေါင်းအမည် ဖြစ်တယ်။ စနစ်ရှင် အခု ရောက်နေတဲ့ တွင်းနက်ကြီးက ကျီမျိုးနွယ်စုပိုင် ဖြစ်ပြီး ၊ ကျီမြို့တော်လို့လည်း ခေါ်တယ်။ ရာစုနှစ်ပေါင်းများစွာ အတွင်းမှာ မျိုးနွယ်စု ခြောက်စုက ပေါ်တင် တစ်မျိုး ၊ နောက်ကွယ်ကနေ တစ်မျိုး အချင်းချင်း တိုက်ခိုက်ခဲ့ကြတယ်။ လက်နက်ကိုင် ပဋိပက္ခတွေတောင် အများကြီး ဖြစ်ခဲ့တယ်။ ဒါကြောင့် စနစ်ရှင် လမ်းတစ်လျှောက်မှာ စစ်တပ်တွေ အများကြီး မြင်ခဲ့ရတာပေါ့။ မြို့ရဲ့ ဥပဒေတွေလည်း အရမ်း တင်းကြပ်နေတာ အဲဒါကြောင့်ပဲ’

တုပိုင် သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်လေ၏။

ပြည်တွင်းစစ် ဆိုသည့်အရာမှာ မည်သည့်နေရာ၌မဆို ချွင်းချက်မရှိ ဖြစ်တတ်သည်။ ရိုးရိုးသားသား ပြောရလျှင် ဤကဲ့သို့သော ဘယ်တော့မှ မပြိုလဲနိုင်သည့် အလုံပိတ်မြို့တော်တွင် ပြည်တွင်းစစ်သာ မရှိလျှင် ကြယ်ကြွေမျိုးနွယ်စု တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။

ပြည်တွင်းစစ်နှင့် ယှဉ်ပြိုင်မှုများကြောင့်သာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သည် ယခုလက်ရှိ အချိန်အထိ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

ဒုက္ခကြားမှာ မွေးဖွားပြီး သာယာမှုကြားမှာ သေဆုံးရခြင်း... ဤသည်မှာလည်း တောတွင်းဥပဒေကဲ့သို့ လောက၏ ဥပဒေတစ်မျိုးဖြစ်လေသည်။

ပြင်ပရန်သူ မရှိလျှင် နည်းပညာဖြစ်စေ ၊ သိုင်းပညာဖြစ်စေ တိုးတတ်ရန်အတွက် ပြည်တွင်းစစ်ကို ဖန်တီးရလေမည်။ သက်တောင့်သက်သာ ရှိလွန်းလျှင် မတိုးတတ်တော့ဘဲ ပျက်စီးခြင်းသို့ကိုသာ ဦးတည်သွားပေလိမ့်မည်။ သို့သော် ပြင်ပရန်သူရှိလျှင်တော့ စည်းလုံးညီညွှတ်သင့်လေ၏။

အိပ်မက်စနစ်က ဆက်ပြောလိုက်၏။

‘ကြာရှည် ခွဲခွာနေလျှင် ပြန်ပေါင်းစည်းရမည်။ ကြာရှည် ပေါင်းစည်းနေလျှင် ပြန်ခွဲခွာရမည်။ လွန်ခဲ့တဲ့ နှစ်တစ်ရာက ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြီးတစ်ခုကြောင့် စစ်ခုန်းမျိုးနွယ်စု လုံးဝ ပျက်စီးသွားခဲ့တယ်။ ကျန်ရှိနေတဲ့ မျိုးနွယ်စု ငါးစုက ဆွေးနွေးတိုင်ပင်ပြီး မြို့စားမင်းများ ညီလာခံကို ထူထောင်ဖို့ ၊ မဟာမြို့စားမင်း တစ်ဦးကို ရွေးချယ်ဖို့ ၊ မျိုးနွယ်စုကြီး ငါးစုရဲ့ မြို့တွေကို စီမံခန့်ခွဲဖို့ အကြီးအကဲများကောင်စီ ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီနည်းနဲ့ ငြိမ်းချမ်းရေးကို နှစ်တစ်ရာကျော် ထိန်းသိမ်းထားနိုင်ခဲ့တယ်’

ဤသည်မှာ တကယ်ပင် စိတ်ကူးယဉ်ကမ္ဘာ မဟုတ်ပေ။ ဤသောက်ကျိုးနည်းလောကတွင် စစ်မှန်သော နိဗ္ဗာန်ဘုံ ဆိုသည်မှာ မရှိချေ။

တုပိုင်က မေးလိုက်၏။ “ဒါဆို ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ မျိုးနွယ်စုကြီး ငါးစုမှာ လူဦးရေ ဘယ်လောက်ရှိလဲ”

အိပ်မက်စနစ်က ပြောလိုက်၏။

‘နှစ်သိန်း ဝန်းကျင်လောက် ရှိတယ်။ အထွတ်အထိပ် ရောက်တုန်းကတော့ သုံးသိန်းလောက် ရှိခဲ့တယ်’

လူဦးရေ နှစ်သိန်းသည် တွင်းနက်ကြီး ငါးခုတွင် နေထိုင်ကြသည်။ ဤနေရာရှိ ဂေဟစနစ်သည် အမှန်တကယ်ပင် ကောင်းမွန်လှသည်။

တုပိုင်သည် လူဦးရေ နှစ်သိန်းကျော်မှ စစ်သား မည်မျှ ထွက်လာနိုင်မည်ကို တွက်ချက်နေမိသည်။

သုံးသောင်းလား... ငါးသောင်းလား...။

ထို့နောက် တုပိုင်သည် အခန်းထဲရှိ စာအုပ်များကို လှန်လှောကြည့်ရှုနေလိုက်သည်။

မကြာမီ လှပသော အပျိုတော်အချို့သည် အစားအစာ ပန်းကန်ပြား တစ်ဒါဇင်ကျော် ၊ ဝိုင်ငါးမျိုးနှင့် သစ်သီးဖျော်ရည် ခြောက်မျိုးတို့ကို ယူဆောင်လာကြသည်။

ဤနေရာရှိ ဘဝသည် အမှန်တကယ်ပင် ဇိမ်ကျလှသည်။

ကွေ့မင်းသားအိမ်တော်၌ပင် ဧည့်သည်များအား ဤမျှ များပြားသော သရေစာများဖြင့် ဧည့်ခံနိုင်ခြင်း မရှိပေ။ ဤသည်မှာ ညစာ မဟုတ်သေးပေ။ သရေစာသက်သက်သာဖြစ်၏။ ခေတ်သစ်စကားအရဆိုလျှင် မုန့်ကျွေးခြင်းသာဖြစ်သည်။ သို့သော် တော်တော်များပြီးတော့ ဈေးကြီးသည့် မုန့်များပင် ဖြစ်လေ၏။

သို့သော် တုပိုင် မထိခဲ့ပေ။ သို့သော် မွှေးပျံ့လွန်းလှသည့် အနံ့၏ ဆွဲဆောင်မှုတို့ကြောင့် တုပိုင် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အသားအနည်းငယ်ကို စမ်းပြီးတော့ စားကြည့်လိုက်သည်၊

သူ၏ လူထောင်ပေါင်းများစွာသည် အပြင်ဘက်တွင် ငတ်မွတ်ခေါင်းပါးပြီး အေးခဲနေကြဆဲ ဖြစ်သည်။ မြို့စားမင်းလေး အနေဖြင့် လိုအပ်နေသည့် စားစရာများကို စီစဉ်နိုင်မည်ဟု မျှော်လင့်ရသည်။

သူ၏ လူထောင်ပေါင်းများစွာတွင် အစားအစာ ကုန်ခမ်းနေပြီဖြစ်ကာ ၊ ရက်အနည်းငယ် ကြာပြီးနောက် အထူးသဖြင့် အမျိုးသမီးများ ၊ ကလေးများ ၊ သက်ကြီးရွယ်အိုများနှင့် အားနည်းသူများ အစုလိုက်အပြုံလိုက် အစာငတ်ကြပြီး သေဆုံးမှုများ ဖြစ်ပေါ်လာတော့မည် ဖြစ်သည်။

လူထောင်ပေါင်းများစွာကို ဦးဆောင်ပြီး တောင်ဘက်သို့ မထွက်ပြေးမီ ၊ လီမိသားစု၏ လိုက်လံသတ်ဖြတ်ခြင်းကို မခံရမီ တုပိုင်သည် ရက်ပေါင်းများစွာ အိပ်စက်ခြင်းမရှိခဲ့ချေ။

ထို့အတွက်ကြောင့် ယခုအချိန်တွင် သူသည် မျက်လုံးများ မှိတ်ကာ ကြမ်းပြင်ပေါ်တွင် ထိုင်လျက် တိုက်ရိုက် အိပ်ပျော်သွားလေတော့သည်။

နာရီအနည်းငယ် ကြာပြီးနောက်တွင် ရုတ်တရက် တံခါးပွင့်လာပြီး လူတစ်ယောက် ဝင်လာသည်ကို တုပိုင် ခံစားလိုက်ရသည်။ ချက်ချင်းပင် တုပိုင်နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။

လက်ရှိအချိန်တွင် အပြင်ဘက်တွင် မှောင်နေပြီဖြစ်ပြီး ခမ်းနားထည်ဝါသော အခန်းထဲတွင် ဖယောင်းတိုင်များ ထွန်းညှိထားသည်။ သာမန်ဖယောင်းများမဟုတ်လေဘဲ မွှေးပျံ့သော ဖယောင်းတိုင်များ ဖြစ်ကြသည်။

မြို့စားမင်းလေးက ပြောလိုက်၏။

“ဧည့်သည်တော်တုပိုင်... ကျွန်တော့်နောက် လိုက်ခဲ့ပါ။ ပြိုင်ဘက်ကင်း ရဲတိုက်ကို သွားပြီး ဆုံးဖြတ်ချက်ချမယ့် အစည်းအဝေးကို တက်ရောက်ရမယ်။ မြို့စားမင်းတွေ အားလုံးနဲ့ အကြီးအကဲတွေ အားလုံး အဲဒီမာ ရှိနေကြပါပြီ”

တုပိုင်ပျော်ရွှင်ထားလေပြီး ခပ်မြန်မြန် ထလိုက်၏။ တုပိုင်နှင့် မြို့စားမင်းလေးတို့ နှစ်ယောက်သား နှင်းကဲ့သို့ ဖြူဖွေးသော ဝံပုလွေဖြူကြီးများကို စီးကာ အနောက်ဘက်သို့ ဒုန်းစိုင်း နှင်သွားကြသည်။ သူတို့၏ နောက်တွင်လည်း လက်ရွေးစင် မြင်းစီးတပ်ဖွဲ့ ရာဂဏန်းခန့်သည် အစောင့်အရှောက်အဖြစ် လိုက်ပါလာကြသေး၏။

ဤတွင်းနက်မြို့တော်သည် ညဘက်တွင် အလွန် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ ညဘက် ပျော်ပွဲရွှင်ပွဲများ မရှိသလို ညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားသည်။ ထို့အတွက်ကြောင့် ပြည်သူများကို မတွေ့ရလေဘဲ ထိုအစား လမ်းပေါ်တွင် ကင်းလှည့်နေသော စစ်သည် သုံးသုတ်ကိုသာ တွေ့လိုက်ရ၏။

ဤနေရာရှိ လုံခြုံရေးသည် ချင်းမင်းဆက်ထက်ပင် ပိုမို၍ တင်းကြပ်နေသေးသည်။

တုပိုင်သည် မြို့စားမင်းလေးနောက်သို့ လိုက်ကာ တွင်းနက်မြို့တော်၏ ထိပ်ဆုံးသို့ တိုက်ရိုက် ပြေးတက်သွားပြီးနောက် ကျောက်သားဥမင်လိုဏ်ခေါင်းတစ်ခုမှတစ်ဆင့် ကျီမျိုးနွယ်စု မြို့တော်မှ ထွက်ခွာလာခဲ့သည်။

ဤကျောက်သားဥမင်လိုဏ်ခေါင်းသည် သဘာဝလှိုင်ဂူမဟုတ်လေဘဲ လူအင်အား သက်သက်ဖြင့် တူးဖော်ထားခြင်း ဖြစ်လေ၏။ ဆန်းကြယ်လှသည်။

ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တစ်ခုလုံးတွင် တွင်းနက်ကြီး တစ်ဒါဇင်ကျော် ရှိပြီး အားလုံးကို ဤကဲ့သို့သော ဥမင်လိုဏ်ခေါင်းများဖြင့် ချိတ်ဆက်ထားလေသည်။

တုပိုင်တို့ နှစ်ယောက်သား နှစ်ကီလိုမီတာ ရှည်လျားသော ဥမင်လိုဏ်ခေါင်းကို ဖြတ်သန်းပြီးနောက် နောက်ထပ် တွင်းနက်ကြီး တစ်ခု ပေါ်လာသည်။ သို့သော် ဤတွင်းနက်ကြီးသည် အလွန် သေးငယ်ပြီး အချင်း မီတာတစ်ထောင်ခန့်သာ ရှိကာ ၊ အနက် မီတာတစ်ရာအောက်သာ ရှိလေ၏။

“ရောက်ပြီ” မြို့စားမင်းလေးက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

ဤတွင်းနက်မြို့တော် အသေးလေးတွင် သစ်သီးခြံများ ၊ ပန်းဥယျာဉ်များနှင့် အဆောက်အအုံ ရာပေါင်းများစွာဖြင့် ပြည့်နှက်နေသည်။

သို့သော် အဆောက်အအုံတိုင်းသည် လှပပြီး အလွန် ခမ်းနားထည်ဝါကာ အပျိုတော်များသည်လည်း တိမ်တိုက်သဖွယ် များပြားလှသည်။

တွင်းနက်ကြီး၏ အောက်ခြေတွင် အလွန် ကြီးမားသော နန်းတော်ဟု ယူဆရမည့် အဆောက်အအုံကြီး တစ်ခု ရှိသည်။

ဤသည်မှာ ပြိုင်ဘက်ကင်း ရဲတိုက်ဖြစ်ပြီး ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရှိ မျိုးနွယ်စုကြီး ငါးစု၏ အုပ်ချုပ်ရေး ဗဟိုချက်မ ဖြစ်ပုံရလေ၏။ ဤနေရာသည် တော်တော်ကြီးကို ခမ်းနားလှသည်။

အကြီးအကဲများကောင်စီသည် ဤနေရာတွင် ရှိပြီး မဟာမြို့စားမင်းသည်လည်း ဤနေရာတွင် ရှိလေ၏။

ပြိုင်ဘက်ကင်း ရဲတိုက်ရှေ့ရှိ ရင်ပြင်သို့ ရောက်ရှိလာသောအခါ တုပိုင်နှင့် မြို့စားမင်းလေး ကျီချန်တို့သည် ဝံပုလွေဖြူကြီးများပေါ်မှ ဆင်းလိုက်ပြီး လက်နက်များ အားလုံးကို အပ်နှံလိုက်ကြသည်။

အနီးကပ်ရောက်လာသောအခါ တုပိုင်သည် ဤပြိုင်ဘက်ကင်း ရဲတိုက်၏ ခမ်းနားထည်ဝါမှုကို သေချာမြင့်လိုက်ရလေ၏။ ဤနေရာသည် ကျီမျိုးနွယ်စု မြို့တော်ရှိ မြို့စားမင်းအိမ်တော်ထက်ပင် များစွာ သာလွန်နေသည်။

ပြိုင်ဘက်ကင်း ရဲတိုက် တံခါးဝသို့ မဝင်မီ ကြီးမားသော သားရဲကြီးနှစ်ကောင်သည် တုပိုင်ကို လာရောက် အနံ့ခံကြသည်။ ခြင်္သေ့လည်း မဟုတ် ၊ ကျားလည်း မဟုတ်သော သားရဲဆန်းကြီးများသည် အရပ် သုံးမီတာကျော် မြင့်မားကြလေ၏။

ခဏတာလောက် စစ်ဆေးပြီးနောက်တွင် ကြီးမားသော သားရဲကြီးနှစ်ကောင်သည် လေမှုတ်ထုတ်လိုက်ပြီး တုပိုင်အား ဝင်ခွင့်ပြုလိုက်သည်။

ချက်ချင်းပင် ကြီးမားသော တံခါးကြီး ဖြည်းညင်းစွာ ပွင့်လာလေပြီး အတွင်းရှိ ခန်းမဆောင်ကြီးကို တုပိုင် မြင်လိုက်ရသည်။

အတွင်း၌ လူရာပေါင်းများစွာ ထိုင်နေကြပြီး အားလုံးသည် ခမ်းနားသော အဝတ်အစားများကို ဝတ်ဆင်ထားကာ အလွန်အစွမ်းထက်သော သိုင်းပညာရှင်များ ဖြစ်ကြသည်။ ဤလူများသည် မျိုးနွယ်စုကြီး ငါးစု၏ အကြီးအကဲများကောင်စီ အဖွဲ့ဝင်များ ဖြစ်ပုံရလေ၏။

မျိုးနွယ်စု တစ်ခုစီတွင် အကြီးအကဲ ဒါဇင်နှင့်ချီ ရှိပြီး စုစုပေါင်း လူ ၃၀၀ ခန့် ရှိသည်။ သူတို့သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တစ်ခုလုံး၏ သာမန် အကြီးအကဲများ အစည်းအဝေးကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဤလူများ၏ နေရာများသည် အောက်ဘက်တွင် ရှိပြီး ပတ်လည် ဝိုင်းရံထားကြသည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၅၈ ပြီး။

All Chapters