အခန်း (၄၆၀)
Vol. 46 Ch. 460
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
တုပိုင်၏ နှုတ်ဖျားမှ ထိုစကားထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပရောဖက်၏ မျက်ဝန်းအစုံသည် တုန်လှုပ်သွားရပြီး တုပိုင်အား မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိ၏။
ကျီယင်ယင်နှင့် ကျီကျန်ယန်တို့သည် အမြွှာများ ဖြစ်ကြသည်။ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်၏ ဆက်ခံသူ စစ်ခုန်းဝေ ၊ ပရောဖက် စစ်ခုန်းယဲ့နှင့် မြေအောက်မြို့တော်မှ စစ်ခုန်းလင်း တို့သည် သုံးမွှာပူးများ ဖြစ်ကြသည်။
ဤအရာသည် တိုက်ဆိုင်မှုသက်သက် မဟုတ်ပေ။ အကြောင်းအရင်းကို မသိရသော်လည်း ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၌ အမြွှာမွေးဖွားခြင်းနှင့် သုံးမွှာပူးမွေးဖွားခြင်း ဖြစ်နိုင်ခြေသည် ပြင်ပကမ္ဘာထက် များစွာ ပိုမိုမြင့်မားနေ၏။
သို့သော် စစ်ခုန်းမိသားစု၏ သုံးမွှာပူးများမှာ အနည်းငယ် ကွဲပြားခြားနားနေသည်။ စစ်ခုန်းမိသားစုတွင် တစ်ယောက်က ပုံမှန်လူ ဖြစ်ပြီး ကျန်နှစ်ယောက်မှာ လူပုများ ဖြစ်နေခြင်းပင်။
ဤလျှို့ဝှက်ချက်ကို ပရောဖက် စစ်ခုန်းယဲ့မှလွဲ၍ မည်သူမျှ မသိရှိကြချေ။ ထိုသို့ဆိုလျှင် တုပိုင်က အဘယ်ကြောင့်သိရှိနေရသနည်း။
တုပိုင်သည် ၇၀ ရာခိုင်နှုန်းသော ဆင်ခြင်သုံးသပ်မှုနှင့် ၃၀ ရာခိုင်နှုန်းသော ခန့်မှန်းမှုကို အားပြုထားခြင်း ဖြစ်ပေသည်။
ပထမဦးစွာ သူသည် ခွေးအိမ်သခင်ကြီး၏ မှတ်ဉာဏ်များကို ဖတ်ရှုလိုက်စဉ်က ကျောဘက်မှ လူပုတစ်ယောက် ပေါ်လာပြီး ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ ရေလှောင်ကန်ထဲသို့ အလွန် ထူးဆန်းသောအရာတစ်ခု ပစ်ချလိုက်သည်ကို မြင်တွေ့ခဲ့ရသည်။ ထိုအရာသည် အမှောင်ထဲ၌ အစိမ်းရောင် အလင်းများဖြင့် တောက်ပနေလေသည်။
ခွေးအိမ်သခင်ကြီးအနေဖြင့် ထိုအရာက မည်သည်နည်းဆိုသည်ကို မသိသော်လည်း ဤအစိမ်းရောင်အရာဝတ္ထုသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး မိစ္ဆာဆန်ကြောင်း သူ၏ ဗီဇစိတ်က ခံစားမိခဲ့သည်။
ထိုအချိန်တွင် တုပိုင်သည် ပရောဖက်ကို ထပ်မံ မြင်တွေ့လိုက်ရပြီး သူ၏ ပုံစံမှာ သူ့အား ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ပေးခဲ့သော လူပုဆရာသခင်နှင့် တစ်ပုံစံတည်း တူညီနေကြောင်း တွေ့ရှိလိုက်ရသည်။ ထို့ကြောင့် သူ၏ စစ်မှန်သော မူလဇစ်မြစ်ကို ချက်ချင်းပင် ကောက်ချက်ချနိုင်ခဲ့ခြင်း ဖြစ်လေသည်။
--------------
ပရောဖက်လူပု အံ့အားသင့်နေချိန်မှာပင် တုပိုင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ပရောဖက်က သစ္စာဖောက်ပဲ။ သူ့နာမည်က စစ်ခုန်းယဲ့... လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က မျိုးပြုန်းသတ်ဖြတ်ခံခဲ့ရတဲ့ စစ်ခုန်းမျိုးနွယ်စုရဲ့ အသက်ရှင်ကျန်ရစ်သူပဲ ၊ သူက ခင်ဗျားတို့ဆီကို မိစ္ဆာန်ပြီး မှောင်မိုက်တဲ့ စွမ်းအင်တွေ ပေးခဲ့တယ်။ သူက လက်စားချေချင်နေတာ... ခင်ဗျားတို့အားလုံးကို သတ်ပစ်ချင်နေတာ။ မြို့ထဲက လူနှစ်သိန်းစလုံးကို အသေသတ်ဖို့ ကြံစည်နေတာ"
ပရောဖက်လူပုသည် တုပိုင်က သူ၏ ဇစ်မြစ်ကို အော်ဟစ်ဖွင့်ချလိုက်သည်ကို ကြားလိုက်ရသောအခါ မျက်နှာပျက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"မီးရှို့စမ်း... မီးရှို့သတ်လိုက်စမ်း"
ချက်ချင်းပင် စစ်သည်တော်တစ်ဦးက တုပိုင်၏ ခြေရင်းရှိ ထင်းပုံများပေါ်သို့ မီးတုတ်ဖြင့် ပစ်ပေါက်လိုက်သည်။
ဤထင်းများသည် ခြောက်သွေ့နေသည့်အပြင် ဆီများပါ လောင်းထားသဖြင့် ပြင်းထန်သော မီးတောက်များ ထကာ တုပိုင်အား ပြာကျသွားစေရန် လုံလောက်ပေသည်။
"ဝုန်းးးး" ချက်ချင်းပင် လူတစ်ယောက် ဝင်တားလိုက်၏။
ဝင်ရောက်တားဆီးလိုက်သူမှာ အခြားသူမဟုတ်လေဘဲပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ မဟာမြို့စားမင်း ဖူထျန်ယာ ပင်ဖြစ်သည်။
သူက လက်ဝါးဖြင့် ရိုက်ထုတ်လိုက်လေသည်။
တစ်ခဏအတွင်းမှာပင် မီးတုတ်သည် ငြိမ်းသတ်ခြင်းခံလိုက်ရပြီး တုပိုင်၏ ခြေရင်းရှိ ထင်းပုံများမှာလည်း လွင့်စဉ်ထွက်သွားလေသည်။
ပရောဖက်လူပုက အေးစက်စွာ ပြောလိုက်၏။
"မဟာမြို့စားမင်း... ခင်ဗျား ဘာသဘောလဲ"
မဟာမြို့စားမင်းက အပြုံးတုဖြင့် ပြန်ပြောလိုက်သည်။
"ပရောဖက်... မလောပါနဲ့ဦး"
ထို့နောက် သူသည် ကျီမြို့စား ကျီထျန်အန်းဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်၏။
"ညီလေးထျန်အန်း... ပရောဖက်က မင်းတို့မိသားစုဝင်ဖြစ်ပြီး မင်းရဲ့ ဦးလေးတော်တယ်လို့ သတ်မှတ်ထားကြတယ်။ ဒါဆိုရင် လူတိုင်းကို ပြောပြပေးပါ... ပရောဖက်က မင်းရဲ့ အဘိုးနဲ့ အဘွားကနေ မွေးဖွားလာတာ ဟုတ်ပါသလား"
ကျီမြို့စား ကျီထျန်အန်းသည် ပရောဖက်လူပုအား အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် ခေါင်းခါလျက် ပြောလိုက်သည်။
"မဟုတ်ပါဘူး"
ထိုစကား ထွက်ပေါ်လာသည်နှင့် ကောင်စီဝင်အပေါင်းမှာ ဆူညံပွက်လောရိုက်သွားကြတော့သည်။
ပရောဖက်၏ နာမည်မှာ ကျီခုန်းယဲ့ ဖြစ်ပြီး လူတိုင်းက သူ့ကို ကျီမျိုးနွယ်စုဝင်ဟု ထင်မှတ်ထားကြသည်။ ထို့ပြင် သူသည် ကျီမြို့စား၏ ဦးလေးလည်း ဖြစ်ပေသည်။ ယခုအခါ ကျီမြို့စားကိုယ်တိုင်က အရှင်ပရောဖက်သည် သူ၏ ဦးလေးအရင်း မဟုတ်ကြောင်း ပြောကြားလာသောအခါ အားလုံးက အံ့ဩသွားကြ၏။
ဟိုးယခင်အချိန်က ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ မျိုးနွယ်စုကြီးငါးခု ပူးပေါင်းကာ စစ်ခုန်းမျိုးနွယ်စုကို မျိုးပြုန်းချေမှုန်းခဲ့ကြစဉ် စစ်ခုန်းမြို့စားကတော်သည် မီးဖွားလုနီးပါး ဖြစ်နေခဲ့သည်။ ပထမဆုံး မွေးဖွားလာသူမှာ စစ်ခုန်းမြဲ့ ဖြစ်ပြီး ဒုတိယမြောက်မှာ စစ်ခုန်းလင်း ဖြစ်သည်။
ကလေးနှစ်ယောက် မွေးဖွားပြီးနောက် စစ်ခုန်းမြို့စားသည် သူ၏ လူများကို ကလေးနှစ်ယောက်နှင့်အတူ မြေအောက်မြို့တော်မှ ထွက်ပြေးစေခဲ့သည်။
သို့သော် စစ်ခုန်းမြို့စားကတော်၏ ဝမ်းဗိုက်ထဲတွင် တတိယမြောက် ကလေးကျန်ရှိနေသေးကြောင်း မည်သူမျှ မထင်မှတ်ထားခဲ့ပေ။ ထိုကလေးကို မွေးဖွားချိန်၌ မျိုးနွယ်စုကြီးငါးခုသည် ဝင်ရောက်စီးနင်းမိနေပြီ ဖြစ်သည်။ ပထမဆုံး ဝင်ရောက်လာသူမှာ ယခု ကျီမြို့စား ကျီထျန်အန်း၏ အဘိုးဖြစ်သူ ရှန်ကျီမြို့စား ပင်ဖြစ်သည်။
စစ်ခုန်းမြို့စားကတော်မှာမူ အသတ်ခံရပြီသားဖြစ်သည်။
ရှန်ကျီမြို့စားသည် ကလေးငယ်တစ်ဦးကို လက်စဖျောက်ရန် ရက်စက်မှု မရှိခဲ့သည့်အပြင် ထိုအချိန်၌ သူ၏ ဇနီးသည်မှာလည်း မီးဖွားလုနီးပါး ဖြစ်နေသဖြင့် ထိုကလေးငယ်ကို တိတ်တဆိတ် မွေးစားခဲ့ပြီး ကျီခုန်းယဲ့ ဟု အမည်ပေးခဲ့လေသည်။ ထိုသူမှာ ယခုလက်ရှိ ပရောဖက်လူပုပင် ဖြစ်လေ၏။
မျိုးနွယ်စုထဲမှ လူနည်းစု အလွန်အမင်းမှလွဲ၍ ပရောဖက်လူပုသည် ကျီမျိုးနွယ်စုက မွေးစားထားသော ကလေးဖြစ်ကြောင်း မည်သူမျှ မသိရှိခဲ့ကြပေ။
--------------
မဟာမြို့စားမင်း ဖူထျန်ယာနှင့် ကျီမြို့စား ကျီထျန်အန်းတို့သည် တုပိုင်ကို ကြည့်ကာ ပြောလိုက်သည်။
"ပြင်ပလူ တုပိုင်... မင်း ဆက်ပြောပါ။ ဒါပေမဲ့ မှတ်ထားရမှာက မင်းပြောတဲ့စကားအတွက် မင်းမှာ တာဝန်ရှိတယ်ဆိုတာပဲ"
တုပိုင်က ပြောလိုက်၏။
"လွန်ခဲ့တဲ့ သုံးလ... ဒါမှမဟုတ် ကိုးလလောက်က ညတစ်ညမှာ ပရောဖက် စစ်ခုန်းယဲ့ဟာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ ဟေးယဲ့ရေကန်ထဲကို အစိမ်းရောင် တောက်ပနေတဲ့ စွမ်းအင်တုံးတစ်တုံး ပစ်ချခဲ့တယ်။ အဲဒါက ဒီလောကမှာ အကြောက်မက်ဖွယ်အကောင်းဆုံး ၊ အဆိုးယုတ်ဆုံးနဲ့ အမှောင်မိုက်ဆုံး အရာပဲ။ ဟေးယဲ့ရေကန်ဆိုတာ မြေအောက်မြို့တော်တစ်ခုလုံးက လူပေါင်း သိန်းချီအတွက် ရေအရင်းအမြစ် တစ်ခုလေ။ လူတွေနဲ့ တိရစ္ဆာန်တွေ အားလုံးက ဒီရေကန်ထဲက ရေကို သောက်သုံးကြတယ်။ မိုးခေါင်တဲ့ အချိန်တွေမှာဆိုရင် စိုက်ပျိုးရေးခြံတွေ အားလုံးကို ဟေးယဲ့ရေကန်က ရေနဲ့ပဲ ရေသွင်းကြတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီယုတ်မာတဲ့မိစ္ဆာ အမှောင်စွမ်းအင်တွေက လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာကြတယ်။ ဒါကြောင့် လူတွေအများကြီး အကြောင်းမဲ့ သေဆုံးကြရတယ် ၊ သစ်သီးဝလံတွေ အများကြီးကလည်း အရောင်တွေ ပိုတောက်လာတယ် ၊ အသီးတွေက ပုံမှန်ထက် ပိုကြီးလာတယ် ၊ ပုံပျက်ပန်းပျက် အသီးတွေတောင် ထွက်လာခဲ့တယ်။ လူအများစုက အကြောင်းမဲ့ ဆံပင်တွေ ကျွတ်တယ် ၊ သွားဖုံးတွေ သွေးယိုတယ် ၊ ပြီးတော့ အကြောင်းမဲ့ သွေးအန်ကြတယ်"
ပရောဖက်လူပုက အေးစက်စွာ ပြောလိုက်၏။
"မင်းမှာ ဘာသက်သေရှိလဲ။ ပြီးတော့ မင်း ခုနက ကောင်းကင်နတ်ဘုရားတွေကို ဒေါသထွက်အောင် လုပ်လိုက်လို့ မြေကြီးတွေ အက်ကွဲပြီး တုန်ခါသွားတာ ၊ မိုးကြိုးတွေ ပစ်ပြီး မိုးချုန်းတာတွေကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်တာပဲ"
တုပိုင်က ပြန်လည်ချေပလိုက်သည်။
"မြေကြီးတုန်ခါပြီး အက်ကွဲသွားတဲ့ ဧရိယာက သိပ်မကျယ်ဘူး။ သိသာထင်ရှားတာက ဒါဟာ ငလျင်အစစ် မဟုတ်ဘူး။ ဒီမြေအောက်မှာ အလွန်စွမ်းအားကြီးတဲ့ သားရဲတစ်ကောင် ရှိနေတာ။ ခင်ဗျား ကျွန်တော့်ကို လာမသတ်ခင်မှာ အဲဒီသားရဲကို သွားပြီး ဒေါသထွက်အောင် လုပ်လိုက်တာလေ။ အဲဒါကြောင့် သားရဲက သောင်းကျန်းပြီး မြေကြီးတွေ တုန်ခါအက်ကွဲကုန်တာပဲ။ မိုးကြိုးပစ်တာနဲ့ မိုးချုန်းတာကတော့ ခင်ဗျားလိုလူအတွက် ရာသီဥတုကို ကြိုတင်ခန့်မှန်းဖို့ဆိုတာ ထမင်းစားရေသောက်လောက်ပဲ လွယ်ကူတဲ့ ကိစ္စလေ"
ထို့နောက် တုပိုင်က ဆက်ပြောလိုက်၏။
"ခင်ဗျား ယုတ်ညံ့တဲ့ မိစ္ဆာစွမ်းအင်တုံးကို ထည့်ခဲ့တယ်ဆိုတဲ့ သက်သေလား... ကျွန်တော် ခန့်မှန်းတာ မမှားဘူးဆိုရင် ခင်ဗျားရဲ့ ညာဘက်လက်က လွန်ခဲ့တဲ့ သုံးလ ၊ ဒါမှမဟုတ် ကိုးလလောက်က ဖြတ်တောက်ခံခဲ့ရတာ မဟုတ်လား"
ထိုစကားကို ကြားလိုက်သည်နှင့် ပရောဖက်လူပု၏ မျက်နှာ ပျက်သွားလေသည်။
ကျီမြို့စား၏ မျက်နှာထားသည်လည်း အနည်းငယ် ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် တုပိုင် ပြောသည်မှာ မှန်ကန်နေသောကြောင့်ပင်။ ထိုညမတိုင်ခင်က ပရောဖက်၏ ညာဘက်လက်မှာ ကောင်းမွန်နေသေးကြောင်း သူ တွေ့ခဲ့ရသော်လည်း နောက်တစ်နေ့တွင် ပြတ်သွားခဲ့သည်။ လက်ဘာကြောင့် ပြတ်သွားသလဲဟု မေးသောအခါ လျှို့ဝှက်ချက်ဟုသာ ပြောဆိုခဲ့လေသည်။
တုပိုင်က အပြုံးဖြင့် ဆက်ပြောလိုက်၏။
"ခင်ဗျား ညာဘက်လက်မောင်းကို ဖြတ်ပစ်လိုက်ရတဲ့ အကြောင်းရင်းက... ကျွန်တော့်ဆရာ ခွေးအိမ်သခင်ကြီးက ခင်ဗျား ရေလှောင်ကန်ထဲကို အစိမ်းရောင် စွမ်းအင်တုံး ပစ်ချနေတာကို မတော်တဆ တွေ့သွားလို့ပဲ။ အကွာအဝေး ဝေးတာကြောင့် ခင်ဗျား ခွေးအိမ်သခင်ကြီးကို မမြင်လိုက်ရပေမဲ့ တစ်စုံတစ်ယောက်က ခင်ဗျားကို ချောင်းကြည့်နေတယ်ဆိုတာကိုတော့ ဝိုးတဝါး ခံစားမိခဲ့တယ်။ ဒါကြောင့် ခင်ဗျား အဲဒီ ယုတ်ညံ့တဲ့ စွမ်းအင်တုံးကို ညာဘက်လက်နဲ့ မတော်တဆ ထိမိသွားတာပေါ့။ အစက ခင်ဗျား ခွေးအိမ်သခင်ကြီးကို လိုက်သတ်ဖို့ ကြံရွယ်ခဲ့ပေမဲ့ ယုတ်ညံ့တဲ့ စွမ်းအင်တုံးကို ထိတွေ့မိတာက အလွန်အန္တရာယ်များလွန်းလို့ ချက်ချင်း ထွက်ပြေးပြီး လက်မောင်းကို ဖြတ်ပစ်လိုက်ရတာပဲ။ ခွေးအိမ်သခင်ကြီး အပါအဝင် တခြားလူတွေအားလုံးက အဲဒီ အစိမ်းရောင် စွမ်းအင်တုံးက ဘာလဲဆိုတာ မသိကြဘူး ၊ ခင်ဗျား အစိမ်းရောင် စွမ်းအင်တုံး ပစ်ချတာကိုလည်း ထူးဆန်းတယ်လို့ မထင်ခဲ့ကြဘူး။ ဘာလို့လဲဆိုတော့ နှစ်တိုင်း လူတွေအများကြီးက ဆုတောင်းပွဲ အခမ်းအနားတွေအတွက် ရေလှောင်ကန်ထဲကို မျိုးစေ့ပုံဆောင်ခဲ အမျိုးမျိုး လာပစ်ချလေ့ရှိကြလို့ပဲ"
ဤအရာများအားလုံးသည် တုပိုင်က ခွေးအိမ်သခင်ကြီး၏ မှတ်ဉာဏ်များကို ဖတ်ရှုပြီးနောက် သူ၏ ကိုယ်ပိုင် ဆင်ခြင်သုံးသပ်မှုများနှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။
တုပိုင်သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သို့ တတိယမြောက် ဝင်ရောက်လာသူ ဖြစ်ပြီး ခွေးအိမ်သခင်ကြီးသည်လည်း အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သူ ဖြစ်သည်။
သူ ဝင်ရောက်လာနိုင်ခြင်းမှာ နဂါးနတ်ဘုရား၏ စစ်ဆေးမှုကို အမှန်တကယ် အောင်မြင်ခဲ့သောကြောင့် ဖြစ်သည်။ ရေနဂါးကျောင်းသားရဲကြီးသည် သူ၏ လုံးဝ မြင့်မြတ်သော အရှိန်အဝါ ၊ မည်သည့် မကောင်းသော ရည်ရွယ်ချက်မျှ မရှိခြင်းနှင့် လောဘကင်းမဲ့ခြင်းတို့ကို ခံစားမိသောကြောင့် သူ့ကို ဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
မဟာမြို့စားမင်း ဖူထျန်ယာနှင့် ကျီထျန်အန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပြောလိုက်၏။
"ပရောဖက်က အလွန် လေးစားခံရသူဖြစ်လို့ စွပ်စွဲပြောဆိုလို့ မရဘူး။ ဒါပေမဲ့ ပရောဖက်က ငါတို့အားလုံးကို သုတ်သင်ချင်နေတဲ့ သစ္စာဖောက်ဆိုတာသာ မှန်ခဲ့ရင်တော့ ဒါက သာမန်ကိစ္စ မဟုတ်တော့ဘူး"
ကျီမြို့စား ကျီထျန်အန်းက ခေါင်းညိတ်လိုက်ပြီး ရှိနေကြသော မြို့စားမင်းကြီးများ အားလုံးကလည်း ခေါင်းညိတ်လိုက်ကြသည်။
မဟာမြို့စားမင်း ဖူထျန်ယာက ဆက်ပြောလိုက်သည်။
"တုပိုင်... အကယ်၍ ဟေးယဲ့ရေကန်အောက်ခြေမှာ အဲဒီလို အစိမ်းရောင် တောက်ပနေတဲ့ ယုတ်မာတဲ့ စွမ်းအင်တုံး ရှိနေတယ်ဆိုတာ သက်သေပြနိုင်ရင်... ပြီးတော့ အဲဒီအရာက ငါတို့အားလုံးရဲ့ အသက်စွမ်းအင်တွေကို တကယ်ပဲ ဝါးမျိုနေတယ်ဆိုတာ သက်သေပြနိုင်ရင် မင်းက ငါ့ရဲ့ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က မရေမတွက်နိုင်တဲ့ လူတွေရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာပဲ။ ကျေးဇူးဆပ်တဲ့အနေနဲ့ ငါတို့က မင်းရဲ့လူတွေကို ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ထဲ ပြောင်းရွှေ့နေထိုင်ခွင့် ပြုပြီး စစ်ခုန်းမျိုးနွယ်စု နေထိုင်ခဲ့တဲ့ တွင်းနက်ကြီးကို မင်းတို့လက်ထဲ အပ်နှင်းမယ်"
တုပိုင် ဝမ်းသာအားရဖြင့် ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် မဟာမြို့စားမင်း"
မဟာမြို့စားမင်း ဖူထျန်ယာက ဆက်ပြောသည်။
"ဒါပေမဲ့ ဟေးယဲ့ရေကန်အောက်ခြေမှာသာ ယုတ်ညံ့တဲ့ စွမ်းအင်တုံး မရှိဘူးဆိုရင်တော့ မင်းက အရှင်ပရောဖက်ကို စွပ်စွဲပုတ်ခတ်တာ ဖြစ်သွားမယ်။ မင်းကို လင်းချီ (အရှင်လတ်လတ် အသားကို တစ်လွှာချင်းလှီးဖြတ်ခြင်း) ပြစ်ဒဏ်နဲ့ ကွပ်မျက်ရလိမ့်မယ်။ မင်း လက်ခံနိုင်လား"
တုပိုင်က ပြတ်သားစွာ ဖြေလိုက်၏။ "ကျွန်တော် လက်ခံပါတယ်"
မဟာမြို့စားမင်း ဖူထျန်ယာက လူပုဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။ "ပရောဖက်... ခင်ဗျားကော ဒီအစီအစဉ်ကို သဘောတူလား"
လူပုပရောဖက်က ပြောလိုက်၏။ "ကျွန်တော်က သဘောမတူလို့ ရမှာမို့လို့လား"
သူသည် တုပိုင်အား သူ၏ မျက်လုံးသေးသေးလေးများဖြင့် စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ "တုပိုင်... အကယ်၍ မင်းသာ အဲဒီ အစိမ်းရောင် တောက်ပနေတဲ့ ယုတ်မာတဲ့ စွမ်းအင်တုံး ဆိုတာကို ရှာမတွေ့ရင် မင်း လင်းချီပြစ်ဒဏ်နဲ့ အသတ်ခံရလိမ့်မယ်"
တုပိုင် အံ့အားသင့်သွားရသည်။ 'ဒီပရောဖက်က ဘာလို့ ဒီလောက်တောင် ယုံကြည်မှု ပြင်းထန်နေရတာလဲ။ အစိမ်းရောင် စွမ်းအင်တုံးက ရေလှောင်ကန်အောက်မှာ မရှိတော့လို့များလား။ မဖြစ်နိုင်ပါဘူးလေ...'
မဟာမြို့စားမင်း ဖူထျန်ယာက အမိန့်ပေးလိုက်သည်။
"သွားကြစို့... မင်းရဲ့စကား မှန်မမှန် သက်သေပြဖို့ ဟေးယဲ့ရေကန်ကို အခုပဲ သွားကြမယ်"
ထို့နောက် မြို့စားမင်းငါးပါး ၊ အကြီးအကဲရှစ်ပါး ၊ ပရောဖက် စစ်ခုန်းယဲ့ ၊ တုပိုင်နှင့် အခြားသူများသည် ဟေးယဲ့ရေကန်သို့ ထွက်ခွာလာခဲ့ကြလေ၏။
--------------
ဟေးယဲ့ရေကန်၏ တစ်ဝက်သည် သဘာဝအတိုင်း ဖြစ်တည်နေပြီး ကျန်တစ်ဝက်ကို လူများကတည်ဆောက်ထားခြင်း ဖြစ်သည်။ ယင်းကိုယ်တိုင်ကလည်း တွင်းနက်ကြီးတစ်ခု ဖြစ်ပြီး သန့်စင်သော ကျောက်သားတွင်းနက်ကြီး ဖြစ်သည်။ အောက်ခြေသည် လေလုံရေလုံ ဖြစ်ပြီး ထို့အတွက်ကြောင့်ပင် အချိန်ကြာလာသည်နှင့်အမျှ ရေကန်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ မျိုးနွယ်စုကြီးများ ပြောင်းရွှေ့လာပြီးနောက် ယင်းကို ပြုပြင်မွမ်းမံခဲ့ကြပြီး ရေစီးကြောင်းအားလုံးကို စုစည်းကာ ကြီးမားသော ရေလှောင်ကန်ကြီးအဖြစ် ဖန်တီးခဲ့ကြသည်။
ထို့နောက် ရေလမ်းကြောင်းကြီးအများအပြားကို ဖောက်လုပ်ချဲ့ထွင်ခဲ့ကြပြီး ရေလှောင်ကန်မှ ရေများကို မျိုးနွယ်စုအသီးသီး၏ တွင်းနက်မြို့တော်များဆီသို့ သွယ်တန်းပေးခဲ့ကြသည်။
ထို့ကြောင့် ဤရေလှောင်ကန်သည် လူဦးရေ နှစ်သိန်းကျော် အသုံးပြုသော ရေပမာဏ၏ တစ်ဝက်ကို ထောက်ပံ့ပေးထားလေသည်။
ဤဟေးယဲ့ရေကန်သည် မျိုးနွယ်စုမြို့တော် အသီးသီး၏ အလယ်ဗဟိုတွင် တည်ရှိသည်။ မူလက ရေကန်ဧရိယာသည် စတုရန်းကီလိုမီတာ ဆယ်ဂဏန်းခန့်သာ ရှိသော်လည်း ယခုအခါ စတုရန်းကီလိုမီတာ ရာပေါင်းများစွာ ကျယ်ဝန်းသော ရေလှောင်ကန်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထို့အတွက်ကြောင့် ယင်းသည် ဤနေရာ၌ အလှပဆုံး နေရာတစ်ခုလည်း ဖြစ်လာခဲ့သည်။
ယခုအချိန်တွင် ညအချိန်ရောက်နေပြီ ဖြစ်ရာ ရေလှောင်ကန်သည် မြေကြီးပေါ်တွင် မြှုပ်နှံထားသော ကြေးမုံပြင်ကြီးသဖွယ် ဖြစ်နေပြီး ကောင်းကင်မှ ကြယ်တာရာများသည် ရေပြင်ပေါ်တွင် ထင်ဟပ်နေကြရာ အလွန်ပင် လှပနေတော့သည်။
ခွေးအိမ်သခင်ကြီး၏ မှတ်ဉာဏ်ထဲတွင်လည်း ဤဟေးယဲ့ရေကန်သည် အလှပဆုံး ရှုခင်းတစ်ခုအဖြစ် တည်ရှိခဲ့၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၀ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team