← Chapters

မက်မွန်ပန်းနှင်ချယ်ရီပန်းကဗျာ

Vol. 1 Ch. 45

မက်မွန်ပန်းနှင်ချယ်ရီပန်းကဗျာ

Vol. 1 Ch. 45

ဆန်းလျန် ဥယျာဉ်ထဲမှ ထွက်ခွာလိုက်သည်နှင့် ဥယျာဉ်နားတွင် ရပ်နေသည့် မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရလေသည်။ သူမကို ဆန်းလျန် သိပါသည်။ ဆန်းရော့ရှီပင် ဖြစ်လေသည်။

ဆန်းလျန်မှာ တည်းခိုရိပ်သာကို ဦးစီးပြီးသည့် နောက်ပိုင်း ဆန်းအိမ်တော်သို့ မကြာခဏ ပြန်လာလေ့ မရှိသော်လည်း သူ၏ ဂုဏ်သတင်းကတော့ ဆန်းအိမ်တော်တွင် ပြောမဆုံး ဖြစ်နေရ လေသည်။ ဦးလေးများဖြစ်သော ဆန်းချင်းရှိနှင့် ဆန်းချင်းစန်းတို့ပင် ဆန်းလျန်ကို လေးလေးစားစား ဆက်ဆံ လာကြလေသည်။

ဆန်းလျန်က မာနကြီးခြင်း မရှိသော်လည်း သူ၏ အရှိန်အဝါက ကြီးမား လာသောကြောင့် အခြားသူများက လေးစားလာကြခြင်း ဖြစ်လေသည်။

ဆန်းရော့ရှီမှာ အစပိုင်းတွင် ဆန်းလျန်အား အကြောင်းမရှိဘဲ အမြင်ကတ် နေမိသော်လည်း ယခု အချိန်တွင်တော့ ဆန်းလျန်ကို နားလည်သွားပြီ ဖြစ်လေသည်။ ထို့ပြင် သိုင်းလောကတွင် ဆန်းလျန်၏ ဂုဏ်သတင်း ကျော်ကြားမှုများကြောင့် သူမက ဆန်းလျန်ကို ချစ်ခင်လေးစား နေမိပြီ ဖြစ်လေသည်။

ဝူထုန် နတ်မိစ္ဆာ၏ အိပ်မက်ထောင်ချောက် အတွင်းမှ သူမကို ကယ်တင်ခဲ့သည့် သူမှာ ဆန်းလျန်မှန်း သူမ ယခုချိန်ထိ သိရှိခြင်း မရှိသေးပေ။ အချိန်တွေလည်း များစွာ ကုန်လွန်ခဲ့ပြီ ဖြစ်သလို ထို အဖြစ်အပျက်ကို ပြန်လည်မှတ်မိ သတိရဦးမည် ဆိုလျှင်တောင်မှ မှုန်ဝါးဝါးပင် ဖြစ်နေပေတော့မည်။

ထို့ပြင် သူမကိုယ်တိုင်လည်း အစအဆုံး ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို မသိရှိခဲ့ပေ။

“ရော့ရှီ ငါ့ကို စောင့်နေတာလား”

ဆန်းလျန်က သူမကို အရင်စပြီး နှုတ်ဆက်လိုက်သည်။ ဆန်းရော့ရှီ၏ အသက်မှာ ဆယ့်ခြောက်နှစ်ခန့် ရှိပြီ ဖြစ်လေသည်။ အရွယ်ကောင်းလေး ဖြစ်ပြီး သူမ မတ်တတ်ရပ်နေသည့် ပုံစံမှာ ပွင့်လန်းနေသည့် ကြာပန်းလေး တစ်ပွင့်ကဲ့သို့ ကျက်သရေ ရှိလှပေသည်။

“ငါက ဝင်လာမလို့ပဲ။ အဘိုးက ဝင်ခွင့် မပေးဘူးလေ။ ဒါကြောင့် ဒီမှာလာစောင့် နေတာ”

ဆန်းရော့ရှီက သူမ၏အောက်နှုတ်ခမ်းကို ကိုက်လိုက်ရင်း ပြောလိုက်လေသည်။ ဆန်းရော့ရှီထံမှ ရေမွှေးရနံ့လေးက သင်းပျံ့နေပြီး သူတို့နှစ်ယောက်လုံး တိတ်ဆိတ်နေမိ ကြလေသည်။

ဆန်းလျန်၏ မျက်ဝန်းထဲတွင်တော့ ဆန်းရော့ရှီ၏ အသားအရေမှာ အလွန် နူးညံ့သည့်တိုင် ရှင်းစစ်စစ်နျန်လောက်တော့ အပြစ်ကင်းစွာ နူးညံ့ ပြည့်စုံနေခြင်း မရှိပေ။ သို့သော် ဆန်းရော့ရှီက ပိုပြီး အစစ်အမှန်ကဲ့သို့ ခံစားရလေသည်။

ထို့ပြင် ဆန်းလျန်မှာ ခေတ်ပေါ်ကမ္ဘာတွင် နေခဲ့သည့် အချိန်တုန်းက ကလေးတစ်ယောက်သာ ယူရမည်ဆိုသည့် တိုင်းပြည်၏ ဥပဒေကြောင့် သူ့တွင် မောင်နှမ မရှိပေ။ သူက မောင်နှမ အလွန် လိုချင်ခဲ့သူ ဖြစ်လေသည်။

ဆန်းလျန်မှာ ဆန်းရော့ရှီနှင့် အမှန်တကယ် သွေးသားတော်ဆပ်ခြင်း မရှိသည့်တိုင် သူ၏ စိတ်ထဲတွင် ဆန်းရော့ရှီကို တကယ့် ညီမလေးအရင်း တစ်ယောက်လို ခံစားနေရ လေသည်။ ဆန်းရော့ရှီ သူ့အပေါ် ဆက်ဆံပုံမှာလည်း သူဆန်းအိမ်တော်သို့ ပထမဆုံးအကြိမ် ပြန်လာသည့် အချိန်ကနှင့် မတူတော့ပေ။

“ကိစ္စတစ်ခုခုများ ရှိလို့လား”

ဆန်းလျန်က သွယ်ဝိုက် မနေတော့ပဲ တည့်တည့်ပင် မေးလိုက်လေသည်။ သူက ကျင့်ကြံသူ လမ်းစဉ်သို့ လျှောက်လှမ်းပြီး မသေမျိုးဖြစ်သည့် နတ်ဘုရားတစ်ပါး ဖြစ်အောင် ကျင့်ကြံတော့မည် ဖြစ်သည့် အတွက်ကြောင့် လက်ရှိဘဝကို သူ ပြန်မရောက်ချင် တော့ပေ။ ဆန်းရော့ရှီတွင် တောင်းဆို စရာ ရှိခဲ့လျှင်လည်း သူတတ်နိုင်သည့် ကိစ္စဆိုလျှင် ကူညီမည် ဖြစ်လေသည်။

“မက်မွန်ပန်းတွေကို ချစ်လို့ ကဗျာလေးတွေ စပ်ချင်လို့"

ဆန်းရော့ရှိက ခြေဖျားလေး ထောက်ကာ ပန်းကိုခူးလိုက်ရင်း ပြောလိုက်သည်။ ဆန်းရော့ရှီမှာ မိန်းကလေးဆန်ပြီး နူးညံ့သိမ်မွေ့ လွန်းလေသည်။

“စပ်လေ။ ကဗျာစပ်တာနဲ့တော့ ဦးလေးက မင်းကို သမီးအဖြစ်က စွန့်လွှတ်မှာ မဟုတ်လောက် ပါဘူး”

ဆန်းလျန်ပြုံးရင်း ပြောလိုက်လေသည်။

“ဒါပေမယ့် ငါက ကဗျာစပ်တာ သိပ်မတတ်ဘူးလေ။ နင်များ ကူညီပေးနိုင် မလားလို့”

ဆန်းရော့ရှီက ဆန်းလျန်၏ အင်္ကျီလက်ကို ဆွဲရင်း ပြောလိုက်သည်။

“ငါလည်း ကဗျာရေးတာ သိပ်မတတ်ပါဘူး။ နင့်ကို အားနာလိုက်တာ"

ဆန်းလျန်ကခေါင်းခါယမ်းရင်းပြောလိုက်လေသည်။

“ဘာလို့ မရေးတတ်ရမှာလဲ။ တကယ်ဆိုရင် ငါ့ကိုတော့ သင်ပေးသင့်တယ် မလား"

ဆန်းရော့ရှီမှာ ဆန်းလျန်၏ လက်မောင်းကို ဖက်လိုက်တော့မည့် အလား ကိုင်လှုပ်ရင်း ပြောလိုက်လေသည်။ လောလောဆယ် သူမက အလယ်ခေတ် သူရဲကောင်းများ အကြောင်း ဝတ္ထုများကို ဖတ်နေသည့် အတွက် ထိုစာအုပ်များကို အတုခိုးကာ ကဗျာရေးချင်နေခြင်း ဖြစ်လေသည်။

“ငါတကယ်ပဲ ကဗျာ မရေးတတ်ပါဘူး။ ဒါပေမယ့် တခြားသူတွေ ရေးတဲ့ ကဗျာတွေတော့ သိတယ်။ နင် အဲဒီကဗျာတွေကို ရေးမယ် ဆိုရင် ဘယ်သူမှ မသိစေရဘူးလို့ အာမခံတယ်”

ဆန်းလျန် ပုံမှန်ပင် ပြောလိုက်လေသည်။

“တကယ်လား”

ဆန်းရော့ရှီက မသင်္ကာသလို မော့ကြည့်ရင်း ပြောလိုက်သည်။ သူမ စာ သိပ်မဖတ်နိုင်သည့် အတွက် ဆန်းလျန်က သူမကို လှည့်စားမည်ကို စိတ်ပူ နေလေသည်။

“တကယ်ပေါ့။ နင်ယုံချင်မှ ယုံနော်။ မယုံချင်လည်း ရတယ်”

ဆန်းလျန်က ထွက်သွားမည့်ဟန် ပြင်ရင်း ပြောလိုက်သည်။

“ကောင်းပြီ။ ငါနင့်ကို ယုံပါတယ်။ နင့်မှာ တစ်ခါဖတ်ဖူးတာနဲ့ မှတ်မိတဲ့ မှတ်ဉာဏ်မျိုး ရှိတာပဲ။ ဒါဆို နင်ပြောတဲ့ ကဗျာကိုယူပြီး လူတွေကို ငါ ကဗျာရေးတယ်ဆိုပြီး လျှောက်ပြောလို့ ရပြီ”

ဆန်းလျန်၏ မှတ်ဉာဏ် အကြောင်းကို ဆန်းရော့ရှီက မထင်မှတ်ဘဲ သိရှိခဲ့ခြင်း ဖြစ်လေသည်။

လွန်ခဲ့သည့်နှစ်က သူမ စာသင်နေစဉ် သူမကို သင်ပေးသည့် ဆရာက မေးခွန်းတစ်ခု မေးလေသည်။ ထိုမေးခွန်းကို သူမက မဖြေနိုင်သောကြောင့် ဆရာဖြစ်သူက အဖြေကို စာအုပ်များထဲမှ ရှာကာ အကြိမ်တစ်ရာ ရေးခိုင်းခဲ့သည်။ အမှတ်မထင် ထိုနေ့က ဆန်းလျန် ဆန်းအိမ်တော်သို့ အလည် ရောက်လာ လေသည်။

ဆန်းလျန်က သူ၏ အတွင်းအားကို အသုံးပြုကာ ဆန်းရော့ရှီကို စိတ်ချင်း ဆက်သွယ်ပြီး အဖြေမှာ မည်သည့်စာအုပ်။ စာကြောင်းရေဘယ်လောက်မှ အကြောင်းအရာ ဖြစ်သည်ကို သူမကို ပြောပြခဲ့လေသည်။

ဆရာဖြစ်သူက မေးသည့်မေးခွန်း မည်သည့် စာအုပ်ထဲတွင် ရှိသည်ကို ဆန်းလျန် ချက်ချင်း သိနေသည်မှာ အံ့သြစရာပင် ဖြစ်လေသည်။

ထို့ကြောင့် ဆန်းလျန်၏ အလွန်ကောင်းသော မှတ်ဉာဏ်ကို သူမသိခဲ့ရခြင်း ဖြစ်လေသည်။

ဆန်းအိမ်တော်မှာ စာပေပညာတွင် တော်သည့်အထဲတွင် မပါဝင်ပါ။ သို့သော် ချင်ပြည်နယ် မြို့တော်တွင် စာအုပ်အများဆုံး ဝယ်ယူ စုစောင်းထားသည်မှာ ဆန်းအိမ်တော် တစ်ခုသာ ရှိလေသည်။

ဆန်းလျန်မှာ စာအုပ်များ မည်သည့် စာအုပ်က မည်သည့်နေရာတွင် ထားသည်က အစ မှတ်မိနေသည်ကို ဆန်းရော့ရှီ သိလေသည်။ ထို့ကြောင့်ပင် ဆန်းလျန်အနေဖြင့် သိပ်ပြီး မထင်ရှားသည့် ကဗျာများကို မှတ်မိနေသည် ဆိုပါကလည်း အံ့သြစရာတော့ မရှိပေ။

ထို့ပြင် ဆန်းလျန်မှာ ဆန်းအိမ်တော်မှ စုဆောင်းထားသည့် စာအုပ်များ အားလုံးကို ဖတ်ထားခြင်း မရှိသည့်တိုင် သူက  အခြားသူများ မသိသည့် ထူးဆန်းသော သတင်းများနှင့် ဆန်းကြယ်သည့် အဖြစ် အပျက်များကို သိလေသည်။

“သေချာနားထောင်။ ငါတစ်ခါပဲ ဆိုပြမှာ”

ဆန်းလျန်က ဆန်းရော့ရှီ ခေါင်းလေးကို ပုတ်ရင်း ပြောလိုက်သည်။

“အရှည်ကြီးတော့ မလုပ်နဲ့နော်။ ငါသိပ်ပြီး မမှတ်နိုင်ဘူး”

“တိုတိုလေးရယ်…”

“ဒါဖြင့် အမြန်ပြောတော့”

ဆန်းလျန်မှာ စာဖတ်အားကောင်းသူ ဖြစ်လေသည်။ သူ နေထိုင်ခဲ့သည့် ခေတ်ပေါ် ကမ္ဘာမှာ ကဗျာစာပေများနှင့် အလှမ်းဝေးသည့်တိုင် သူကတော့ စာပေနှင့်စိမ်းသူ မဟုတ်ခဲ့ပေ။

သူ ဆန်းရော့ရှီကို ဆိုပြမည့် ကမ္ဘာမှာ ခေတ်ပေါ်ကမ္ဘာမှ ကဗျာတစ်ပုဒ် ဖြစ်လေသည်။

သူရောက်ရှိနေသည့် လောကနှင့် ခေတ်ပေါ်ကမ္ဘာမှ ယဉ်ကျေးမှုများမှာ အနည်းငယ် ဆင်တူသည့် အတွက် စာပေများမှာလည်း အနည်းငယ် ဆင်တူသလို ဖြစ်နေသောကြောင့် အဆင်ပြေနေလေသည်။

ထိုကဗျာလေးမှာ မက်မွန်ပန်းအကြောင်း ရေးထားသည့် ကဗျာလေးတစ်ပုဒ် ဖြစ်လေသည်။ ဆန်းလျန်က အလွတ်ရွတ်ပြ လိုက်လေသည်။

“ဆောင်းတွင်းကာလ တောထဲမှာ ပွင့်လန်းနေတဲ့ မက်မွန်ပန်းတွေ…

ကြုံတောင့်ကြုံခဲ ပွင့်နေကြတဲ့ မက်မွန်ပွင့်တွေနဲ့ ချယ်ရီပွင့်တွေဟာ မတူညီပါဘူး…

ရုတ်တရက် ညကို ဖြတ်သန်းလာတဲ့ လေပြေလေးနဲ့

မွှေးရနံ့လေးတွေ မျောပါလာတော့….

နွေဦးက ဖြည်းညင်းစွာ ဝင်ရောက်လာပါရောလား…"

ဆန်းလျန်မှာ အတွင်းအား ပြည့်ဝသူ တစ်ယောက် ဖြစ်လေသည်။ သူက ကဗျာကို ခပ်တိုးတိုး ရွတ်နေခြင်း ဖြစ်သော်လည်း သူ့ကဗျာရွတ်ဟန်က တကယ့် ကဗျာရွတ် ကျွမ်းကျင်သည့် အနုပညာရှင် တစ်ယောက်နှင့်ပင် တူနေလေသည်။

ကဗျာမှာ အရမ်းကောင်းသော ကဗျာတစ်ပုဒ်တော့ မဟုတ်ပေ။ သို့သော် မူလအရင်းအမြစ် အဓိပ္ပာယ်က မြင့်မားပြီး အယူအဆက ထက်မြက်လေသည်။ ထိုကဗျာမှာ ဆန်းလျန်၏ အရည် အချင်းနှင့် တစ်ထပ်တည်း ကျနေလေသည်။

ကဗျာဆုံးသွားတော့ ဆန်းလျန်က အသက်တစ်ချက် ရှူလိုက်လေသည်။ သူ၏ အာရုံနှင့် စိတ်များထိခတ် သွားသလို ခံစားလိုက်ရပြီး ဆုံချက်များမှ စီးဆင်းသွားသော စွမ်းအားများကို ရုတ်တရက် ခံစား လိုက်ရလေသည်။

“ဒီကဗျာက အလုပ်မဖြစ်ဘူး”

ဆန်းရော့ရှီက ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ”

“ဒီကဗျာက ကောင်းလွန်းနေတော့ တခြားသူတွေက ငါရေးတာ မဟုတ်ဘူးဆိုတာ သိကုန် မှာပေါ့။ ဒါပေမယ့် နင်က ဒီကဗျာလေးကို လက်ဆောင်ပေးတာ ဆိုရင်တော့ ငါ့ဟာငါပဲ သိမ်းထား လိုက်ပါ့မယ်”

ဤကဗျာမှာ ဆန်းရော့ရှီ ရေးသား နိုင်သည်ထက် ပိုနေသည် မှန်သော်လည်း လွယ်လွယ်ကူကူနှင့် နားလည်နိုင်သည့် ကဗျာတစ်ပုဒ် ဖြစ်လေသည်။ ထို့ပြင် ကာရံလည်း ညီလေသည်။ တကယ် ကောင်းသည့် ကဗျာလေးတစ်ပုဒ် ဖြစ်ပြီး လူများလည်း နားလည်လွယ်မည် ဖြစ်လေသည်။

“နင်ငါ့ကို ယုံတယ်ဆိုရင် သုံးပေါ့။ မဟုတ်ရင်လည်း မသုံးနဲ့တော့။ နင့်ဟာနင် နောက်တစ်ပုဒ် ထပ်စဉ်းစား လိုက်ပေါ့”

“ကောင်းပြီလေ။ ဒီကဗျာက နင်ရေးတဲ့ ကဗျာလို့ပဲ ပြောလိုက်မယ်။ ပေါ်သွားတော့လည်း နင်ပဲ နာမည်ပျက်မှာပေါ့”

ဆန်းရော့ရှီက စူပုပ်ပုပ်ဖြင့် ပြောလိုက်သည်။

“ပေါ်သွား ပါစေလို့တောင် ငါက ဆုတောင်းနေသေးတယ်”

ဆန်းလျန်က သူ့ဟာသူ တွေးလိုက်ခြင်း ဖြစ်လေသည်။ ဆန်းရော့ရှီကြောင့်ပင် လင်ချုန်းရှောင် ပြောပြသည့် စာလုံးငါးလုံးဖြင့် ဝမ်ချုန်းယန်၏ ကဗျာကို သတိရသွားမိသေးသည်။

လင်ချုန်းရှောင် ပြောပြသည့် လျှို့ဝှက်နေရာမှာ မည်သည့် နေရာလည်းကို သူသိချင် နေမိသည်။

***

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ဆယ့်ငါးရက်နေ့သို့ ရောက်လာ ခဲ့လေသည်။ ရာသီဥတု ကတော့ သာသာယာယာ မရှိလှပေ။ နှစ်ရက်လောက်သာ ရာသီဥတု ကြည်ကြည်လင်လင် ဖြစ်နေပြီး ယခုတော့ လေအေးများက ဝင်ရောက်လာပြန်သည်။

ကြယ်ရော လရော အလင်းရောင် မတောက်ပ နိုင်တော့ဘဲ မီးအိမ်များသာ ထွန်းညှိ ထားကြ ရလေသည်။

ချယ်လန်း ဝတ်ကျောင်းတော်ကြီးမှာတော့ မီးများ ထိန်ထိန်လင်းကာ နေ့ခင်းဘက်ထက်ပင် တောက်ပ နေသေးသည်။

ဆန်းလျန် ရှင်းစစ်စစ်နျန်နှင့် ဒုတိယအကြိမ် တွေ့ဆုံသည်မှာတော့ ချယ်လန်းတောင်ပေါ်ရှိ ချယ်လန်း ဝတ်ကျောင်းတော်ကြီး၏ ခြံဝန်း အတွင်းတွင် ဖြစ်လေသည်။

အလင်းရောင်မှာ လင်းထိန်နေပြီး ရေများ စီးဆင်းသလို တံခါးဝမှပင် ဖြာထွက်နေပြီး ထို အလင်းရောင်မှာ နှင်းများနှင့် ပေါင်းစပ်သွားသည့် အခါ ရေကဲ့သို့ပင် ကြည်လင် နေလေတော့သည်။

ဟိုနည်းနည်း ဒီနည်းနည်း ပွင့်လန်းနေသည့် မက်မွန်ပန်းပွင့်များနှင့် ညှို့ယူဖမ်းစား နိုင်သည့် မိန်းမလှလေး တစ်ယောက်….

ပန်းနုရောင် မက်မွန်ပွင့်များနှင့် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေး…

"မင်းက ဒီကိုရောက်နေတော့ ပန်းလေးတွေကို ကြည့်ရမှာလား မိန်းမလှလေးကို ကြည့်ရမှာလား မသိတော့ဘူး"

ဆန်းလျန်က ပြုံးရင်း ပြောလိုက်လေသည်။

လလည်းမသာ ကြယ်လည်း မမြင်ရသည့် တောထဲတောင်ထဲတွင်ပင် ဆန်းလျန်မှာ အေးအေး ဆေးဆေး ရှိလှလေသည်။

"တစ်အချက် အနေနဲ့ ကျွန်မက လူသားမဟုတ်ဘူး။ နှစ်အချက် အနေနဲ့ မက်မွန်ပန်းတွေက ကျွန်မလောက် မလှဘူး။ ဆန်းသခင်လေးက တကယ့်ကို မဆီလျော်ဘူးပဲ"

ရှင်းစစ်စစ်နျန်က ရယ်မောရင်း ပြောလိုက်လေသည်။

"မက်မွန်ပန်းတွေကလည်း လှပလွန်းပါတယ်။ နှင်းတွေကလည်း လှတယ်။ နှစ်ခုလုံးက တကယ့်ကို လှပတာပါပဲ။ ငေးကြည့်နေရ လောက်အောင်ကို လှတာပါ"

"ကျွန်မ ရဲ့လျိုယွင်နဲ့ တွေ့တုန်းက သူက ရှင့်လိုပဲ တကယ် သဘောကောင်းတယ်လို့ ထင်မိတယ်။ ဒါပေမယ့် ခုတော့ ရှင်က သူ့လောက် သဘောမကောင်း တော့ဘူး"

သူမကပြောရင်း မက်မွန်ပန်းလေး တစ်ပွင့်ကို လက်ချောင်းလေးဖြင့် တို့လိုက်လေသည်။ မက်မွန် ပင်ကြီး၏ သစ်ကိုင်းများမှာ ယိမ်းထိုးလှုပ်ခတ် သွားကြလေသည်။

"အိုး ကျုပ်ကဘာလို့ သဘောမကောင်း ရတာလဲ"

ဆန်းလျန်က မေးလိုက်လေသည်။

"ရဲ့လျိုယွင်က ရှင့်လို အကန်းတစ်ယောက် မဟုတ်ဘူးလေ"

"ကျုပ်ဘဝမှာ တွေ့ခဲ့ဖူးသမျှ မိန်းကလေးတွေထဲမှာ မင်းက စိတ်ဝင်စားစရာ အကောင်းဆုံးပဲ"

ဆန်းလျန်က ရယ်မောရင်း ပြောလိုက်သည်။

"ဒါပေမယ့် ရှင်က စိတ်မဝင်စားဘူးလေ။ ရှင်က အဘိုးအိုလေး ကျနေတာပဲ။ ဒါနဲ့ ရှင် ကျွန်မမွေးနေ့မှာ လက်ဆောင် ယူလာမယ်လို့ ပြောထားတာ လက်ဆောင်ရော ပါခဲ့ရဲ့လား"

ရှင်းစစ်စစ်နျန်က သူမ၏ လက်နှစ်ဖက်ကို ဆန့်တန်းရင်း ပြောလိုက်လေသည်။

သူမ၏ အမူအရာမှာ ဆန်းလျန်က သူမ လိုချင်သည့် လက်ဆောင်ကို ပေးမှာလား မပေးဘူးလား ဆိုသည့် ပုံမျိုး ဖြစ်နေလေတော့သည်။

***

All Chapters