နောက်နှစ်ပေါင်း တစ်ရာမှာ ပြန်ဆုံကြမယ်
Vol. 1 Ch. 47
ပန်းချီကားချပ်လိပ်လေးကို ဖွင့်လိုက်သည့် အခါတွင်တော့ ဆန်းလျန်က သိချင်စိတ်ဖြင့် ကြည့်ရှု လိုက်လေသည်။ သို့သော် ပန်းချီကားချပ်လေးမှာ အဖြူရောင် သက်သက် ပန်းချီကား တစ်ခု ဖြစ်နေလေသည်။
“ဒီပန်းချီကားက ဝါးရွက်စိမ်းဂိုဏ်းက ဟိုပစ္စည်းလား”
ဆန်းလျန်က မသင်္ကာသလို မေးလိုက်လေသည်။
“အမှန်ပဲ။ ဒီပစ္စည်းကို လင်ချုန်းရှောင်က ချင်းရွှမ် နတ်တံခါးကနေ ယူလာတာပဲ”
ရှင်းချွိပင်းကျိရှောင်အန်းက ပေါ့ပေါ့ပါးပါး ရယ်မောရင်း ပြောလိုက်လေသည်။
“ဒီပန်းချီကားရဲ့ နောက်ကွယ်က ထူးခြားချက်က ဘာများလဲ”
ဆန်းလျန်က သိချင်စိတ်ဖြင့် စပ်စုလိုက်သည်။ ဤပန်းချီကားကို အစိမ်းရောင်ဝတ် လူကလည်း လက်မလွှတ်နိုင် ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ အဖြူရောင်ပြောင် ဖြစ်နေသည့်တိုင် လျှို့ဝှက်ချက် တစ်ခုတော့ ရှိရမည် ဖြစ်လေသည်။
ရှင်းချွိပင်း၏ မျက်နှာတည်သွားပြီး ပန်းချီကားကို မီးလင်းဖိုထဲသို့ ပစ်ထည့် လိုက်လေသည်။
မီးတောက်များကြားတွင် လောင်ကျွမ်းနေသည့် ပန်းချီကားကို ကြည့်နေရင်း ဆန်းလျန် မျက်နှာတွင် အံ့သြမှုများဖြင့် ပြည့်နှက် သွားလေသည်။
မီးလင်းဖိုထဲမှ မီးတောက်များမှာ ပန်းချီကားကို လောင်ကျွမ်းသွားခြင်း မရှိပါ။ ပန်းချီကားကို မည်သည့် ပညာဖြင့် စီရင်ထားသည်ကို ဆန်းလျန် သိချင်နေမိသည်။
ရှင်းချွိပင်းကျိရှောင်အန်းက မီးလင်းဖိုထဲမှ ပန်းချီကားကို ပြန်ယူလိုက်သည်။
“ဆန်းသခင်လေး။ မင်းရဲ့ ဓားပျံလေးကို ထုတ်ပြီး ဒီပန်းချီကားပေါ် ထိုးကြည့်လိုက်ပါ။ ဒီလို လုပ်တဲ့အချိန်မှာ မင်းရဲ့ အတွင်းအားကို အသုံးပြုဖို့ မမေ့ပါနဲ့”
အဘိုးအိုက ပြောလိုက်လေသည်။
အဘိုးအို ပြောသည့်အတိုင်း ဆန်းလျန်က လုပ်လိုက်လေသည်။ ဆန်းလျန်၏ ဓားပျံလေးမှာ သာမန် သံမဏိဖြင့်သာ ပြုလုပ်ထားခြင်း ဖြစ်သော်လည်း အလွန်ပင် ထက်မြက်လေသည်။
ဆန်းလျန်၏ အတွင်းအားမှာတော့ အလွန်ပင် မြင့်မားသည့် အနေအထားတွင် ရှိလေသည်။ သူက အာရုံစူးစိုက်လိုက်ပြီး အတွင်းအားကို အသုံးပြုလိုက်သည့် အတွက် သူ၏ အတွင်းအားမှာ အလွန် ပြင်းထန်သည့် အဆင့်သို့ ရောက်ရှိ သွားလေသည်။
ဤမျှ မြင့်မားသော အတွင်းအားနှင့် ဆိုလျှင် ကျောက်ဆောင်ကြီးများကိုပင် သခွားသီးကို လှီးဖြတ်သကဲ့သို့ ခုတ်ဖြတ်နိုင်မည် ဖြစ်လေသည်။
သို့သော် ဆန်းလျန်၏ ဓားပျံလေးမှာ ပန်းချီကားပေါ်သို့ ထောက်လိုက်မိသည်နှင့် ခြစ်ရာလေး တစ်ခုပင် ထင်ခြင်း မရှိပေ။
“ဒါတကယ့်ကို ထူးခြားတဲ့ ပစ္စည်းပဲ။ နတ်ဘုရားတွေနဲ့ ပတ်သက်နေတယ် ဆိုတာ မအံ့သြတော့ ပါဘူး”
ဆန်းလျန်က လေးလေး နက်နက်ဖြင့် ပြောလိုက်လေသည်။
“ဒီပန်းချီကားက ချင်းရွှမ် နတ်တံခါးက ပန်းချီကားပဲ။ ဒါပေမယ့် ဘယ်သူမှ ဒီပစ္စည်းကို အလေးမထားကြဘူး။ မင်းက ဆန်းကျူ ကျင့်စဉ်ကျမ်းကို စပြီးကျင့်တဲ့ အတွက် တာအိုကျင့်စဉ် လမ်းဘက်ကို ရောက်ရှိသွားပေမယ့် အခု မင်းရောက်နေတဲ့ အဆင့်က ဘာမှသုံးလို့ မရသေးဘူး။ အဲဒီလိုပဲ မသိရင်ဘာမှ လုပ်လို့မရဘူး။ ဒီ ပန်းချီကားကို လင်ချုန်းရှောင်တို့ ဂိုဏ်းက တပည့် တစ်ယောက်က ဘာမှ မစဉ်းစားဘဲ ဝါးရွက်စိမ်း ဂိုဏ်းကို လက်ဆောင်ပေးခဲ့တာ။ ကျုပ် လူ့လောကထဲ လျှောက်သွားနေတုန်း ဒီ သတင်းတွေကို ကြားခဲ့တာ”
မီးနဲ့လည်း ဖျက်ဆီးလို့မရ။ ရေနှင့်လည်း ဖျက်ဆီးလို့ မရ။ ဓားဖြင့်လည်း ဖျက်စီးလို့ မရသည့် ပန်းချီကား တစ်ချပ်၏ နောက်ကွယ်တွင် မည်သည့် ထူးခြား ဆန်းကြယ်မှုများ ရှိနေပါသနည်း။
အစိမ်းရောင်ဝတ်လူ ယန်ရွှမ်သာ ဤပစ္စည်းကို ဝါးရွက်စိမ်း ဂိုဏ်းမှာ သွားမခိုးဘူး ဆိုလျှင် မည်သူမျှ ထိုအကြောင်းကို သိရှိကြမည် မဟုတ်ပေ။
ဝါးရွက်စိမ်းဂိုဏ်းမှာ ချင်ပြည်နယ် မြို့တော်တွင် အင်အား ကြီးမားသည့် ဂိုဏ်းတစ်ခု ဖြစ်လေသည်။ အန်းဝမ်လီမှာ အတွေ့အကြုံများပြီး ဦးဆောင်နိုင်စွမ်း ရှိသည့် အဆင့်မြင့် သိုင်းသမား တစ်ယောက် ဖြစ်လေသည်။ သူက ပန်းချီကားအကြောင်း ကောင်းကောင်း မသိသည့်တိုင် ပန်းချီကားကို လျှို့ဝှက်စွာဖြင့် သိမ်းဆည်း ထားခဲ့လေသည်။
ရဲ့လျိုယွင်ကသာ အန်းဝမ်းလီထံတွင် ရှိသည့် ပန်းချီကားအကြောင်း သတင်းရခဲ့ခြင်း ဖြစ်လေ သည်။ သို့သော် ထိုပန်းချီကား ရရုံမျှနှင့် သိုင်းလောက အဆင့်(၁) သိုင်းသမား အဖြစ် ချက်ချင်း ဖြစ်သွားမည်တော့ မဟုတ်ပေ။
“ကျုပ်အထင် အန်းဝမ်လီက ပန်းချီကားကို မကာကွယ်နိုင်မှာ တော်တော် စိတ်ပူခဲ့တဲ့ ပုံပဲ။ ဒါပေမယ့် အခုတော့ ပန်းချီကားမှာ ဝါးရွက်စိမ်း ဂိုဏ်းမှာ မရှိတော့ပါဘူးလေ"
ရှင်းချွိပင်းက ဇာတ်ရည်လည်အောင် ဆန်းလျန်ကို ရှင်းပြ လိုက်လေသည်။ ရှင်းချွိပင်း သိထားသည့် လျှို့ဝှက်ချက်များ မည်မျှ ရှိနေဦးမည်ကို မည်သူမျှ မသိနိုင်ပေ။
“ရှောင်အန်းသခင်ကြီး။ ဒီပန်းချီကားရဲ့ ထူးခြားချက်ကို သိနေမှတော့ ဘာလို့ စောစော ကတည်းက ရှာပြီး လေ့လာ မထားရတာလဲ။ ဘာလို့ ရဲ့လျိုယွင်က ဝါးရွက်စိမ်းဂိုဏ်းကို လာယူတာကို စောင့်နေပြီးမှ ဘာလို့ သူ့ဆီက ပြန်ယူ ထားရတာလဲ”
ဆန်းလျန်က အဓိကသော့ချက်ကို မေးလိုက်ခြင်း ဖြစ်လေသည်။ ဝံပုလွေနတ်ဘုရား တစ်ပါး ဖြစ်သည့် ရှင်းချွိပင်းကျိရှောင်အန်းကဲ့သို့ ပုဂ္ဂိုလ်မျိုးက ပန်းချီကားကို ကိုယ်တိုင် မယူဘဲ ရဲ့လျိုယွင်ထံမှ တစ်ဆင့် ပြန်လည်ခိုးယူ ထားသည်ကို ဆန်းလျန် နားမလည်နိုင်ပါ။ ရှင်းချွိပင်း စိုးရိမ်သည့် ကိစ္စ တစ်ခုခုများ ရှိနေမည်လားဟု ဆန်းလျန် တွေးနေမိလေသည်။
“နောက်တော့ မင်းနားလည်လာမှာပါ။ ပန်းချီကားရဲ့ နောက်ကွယ်မှာ တကယ် ထူးဆန်းတဲ့ ကိစ္စတွေရှိတယ်။ တချို့ ကိစ္စတွေကို ချင်းရွှမ်နတ်တံခါးက တပည့်တွေတောင် မသိလောက်ဘူး။ ကျုပ်လည်း ပန်းချီကားအကြောင်း အမှတ်မထင် သိခွင့်ရခဲ့တာ။ ဒါပေမယ့် ဒီပန်းချီကားက ကျုပ် အတွက်တော့ အသုံးမဝင်ဘူး။ မင်းအတွက်တော့ အလွန်မှ တန်ဖိုးရှိတယ်”
“ခင်ဗျားက ဒီပန်းချီကားကို ကျွန်တော့်ကို ပေးမလို့လား”
ဆန်းလျန်က ပြုံးရင်း မေးလိုက်လေသည်။
“အဲဒါက ရှင့်ရဲ့အဖြစ်ချင်ဆုံး အိပ်မက်ပဲ မဟုတ်ဘူးလား”
ရှင်းစစ်စစ်နျန်က အလိုမကျသည့် ဟန်ဖြင့် ဝင်ပြော လိုက်လေသည်။
“ကျုပ် မင်းကို ဒီပန်းချီကားပေးလည်း ကိစ္စမရှိပါဘူး။ ဒါပေမယ့် အချိန်ကောင်း မဟုတ်သေးဘူး။ နတ်ဘုရားလမ်းစဉ်ကို ကျင့်ကြံအားထုတ်တယ် ဆိုတာ နည်းလမ်းမျိုးစုံ ရှိတယ်။ မင်းနဲ့ အသင့်တော်ဆုံး ကတော့ ချင်းရွှမ် နတ်တံခါးပါပဲ။ ဘာလို့လဲဆိုတော့ လင်ချုန်းရှောင်လည်း မင်းကို ပြောပြဖူးတယ်လေ။ အဲဒီ နေရာက မင်းနဲ့ နီးစပ်မှု ရှိတယ်။ နောက်နှစ် ကိုးလပိုင်း ကိုးရက်နေ့ ဆိုရင် ချင်းရွှမ် နတ်တံခါး ဖွင့်လိမ့်မယ်။ ခြောက်လတိတိ တပည့်အသစ် ရွေးချယ်တဲ့ပွဲကို ကျင်းပလိမ့်မယ်။ မင်းဒီအကြောင်းကို အသေးစိတ် သိချင်ရင်တော့ ရဲ့လျိုယွင်ကိုသာ သွားရှာပါ”
ရှင်းချွိပင်းကျိရှောင်အန်းမှာ နောက်ဆုံးတော့ ယနေ့ဆန်းလျန်နှင့် တွေ့ဆုံရသည့် အကြောင်းကို ထုတ်ဖော် ပြောလိုက်ပြီ ဖြစ်လေသည်။
“ကျွန်တော် နတ်ဘုရားလမ်းစဉ်ကို လျှောက်ပြီးရင် ဘာလုပ်ရမလဲ မသိသေးဘူး။ ခင်ဗျား ပြောတာတွေကို ကျွန်တော် အကြမ်းဖျင်းတော့ နားလည်ပါတယ်။ ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ဆီက ဘာအကူအညီ လိုချင်လို့ ကျွန်တော့်ကို ဒီလို ကူညီပေးနေတာလဲ ဆိုတာ မသိရသေးဘူး”
“မင်းသာ ချင်းရွှမ်နတ်တံခါးကို ရောက်သွားရင် ကျုပ်မှာ တကယ့်ကို လိုအပ်နေတဲ့ အကူအညီ တစ်ခု တောင်းစရာ ရှိပါတယ်။ ဒါပေမယ့် အရမ်းခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ မင်းချင်းရွှမ် နတ်တံခါးကို ရောက်သွားလို့ ကျုပ်ကို ပြန်လှည့် မကြည့်ဘူး ဆိုရင်လည်း ကျုပ် ဘာတတ်နိုင်မှာလဲ။ ဒါပေမယ့် မင်းက အဲဒီလို လူစားမျိုး မဟုတ်ဘူးဆိုတာ ကျုပ်ယုံတယ်”
ရှင်းချွိပင်းက ဆန်းလျန်ကို ယုံကြည်ထားပုံ ရလေသည်။ ဆန်းလျန်မှာ ကိုယ်ကျင့်တရား ကောင်းသူတစ်ယောက် အဖြစ် သူသိထား လေသည်။ သူက ဆန်းလျန်ကို လွန်ခဲ့သည့်ရက်များ ကတည်းက လေ့လာထားခြင်း ဖြစ်လေသည်။
ထို့ကြောင့် သူက ရှင်းစစ်စစ်နျန်ကို တောင်ပေါ်သို့ ချက်ချင်း လာခဲ့ဖို့ ဆန်းလျန်ကို ဖိတ်ခေါ် ခိုင်းခြင်း မျိုးမလုပ်ခဲ့ဘဲ ဆယ့်ငါးရက်နေ့မှ ဖိတ်ခေါ်ခိုင်းခဲ့ခြင်း ဖြစ်လေသည်။ ထိုသို့လုပ်ခြင်းအားဖြင့် ဆန်းလျန်ရော ရှင်းချွိပင်းပါ ပြင်ဆင်ချိန်ရမည် ဖြစ်လေသည်။
“ကျွန်တော့်ကို ယုံပါ အဘိုး။ ခင်ဗျားက ကျွန်တော့်ကို ဒုက္ခရောက်အောင် လုပ်မှာ မဟုတ်သလို။ ကျွန်တော်ကလည်း ခင်ဗျားကို မေ့မထားပါဘူး။ ဒါပေမယ့် ကျွန်တော် ကြားခဲ့တာတွေကို ပြန်သုံးသပ်ဖို့ အချိန် နည်းနည်းတော့ လိုအပ်ပါတယ်”
ဆန်းလျန်က တောင်းပန်သည့် လေသံဖြင့် ပြောလိုက်လေသည်။
“ရှင်ကလည်း မပြတ်မသားနဲ့။ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်”
ရှင်းစစ်စစ်နျန်က အေးစက်စက်ဖြင့် ပြောလိုက်လေသည်။
“ဘဝဆိုတာ ရွေးခြယ်စရာတွေ အများကြီးရှိတယ်လေ။ ကျုပ် ဘယ်လိုလုပ် လွယ်လွယ်နဲ့ ဆုံးဖြတ်ချက် ချနိုင်မှာလဲ။ ပြီးတော့ ကျုပ်က ကျုပ်ဆန္ဒမရှိတဲ့ အလုပ်ဆို လုပ်လေ့မရှိဘူး”
ဆန်းလျန်က ရှင်းစစ်စစ်နျန်ကို အေးဆေး တည်ငြိမ်စွာဖြင့် ပြန်ပြော လိုက်လေသည်။
“ဒီလိုကိစ္စတွေ ဖြစ်လာမှတော့ မင်းကိုဒီည ဒီမှာနေဖို့လည်း မတိုက်တွန်းတော့ပါဘူး။ သခင်လေး ပြန်ချင်ရင် ပြန်လို့ရပါတယ်"
ရှင်းချွိပင်းကျိရှောင်အန်းက ပြောလိုက်လေသည်။
ဆန်းလျန်ကလည်း လက်ကြီးဗလာတော့ ထွက်မသွားနိုင်ပါ။
ဝံပုလွေနတ်ဘုရား သားအဖက သူ့ကို “ဝိညာဉ်နိုးထစေသည့် ဆေးရည်” ဖော်စပ်နည်းကို ပေးလိုက်ကြလေသည်။
ယနေ့ညတွင် သူတို့စကားတွေ အများကြီး ပြောခဲ့ကြသော်လည်း အဓိက အကြောင်းအရာမှာ နတ်ဘုရား ကျင့်စဉ်လမ်းသို့ လိုက်လျှောက်ရန် ကိစ္စဖြစ်လေသည်။
ဝံပုလွေနတ်ဘုရားများက သူ့ကို ဒုက္ခရောက်စေလိုသည့် ရည်ရွယ်ချက် မရှိသည်ကို သိသည့်တိုင် မရိုးမသားကိစ္စ တစ်ခုရှိနေသည် ဟုတော့ ဆန်းလျန် ခံစား နေမိလေသည်။
ရှင်းစစ်စစ်နျန်နှင့် ရှင်းချွိပင်းကျိရှောင်အန်းတို့ နှစ်ယောက်လုံးမှာ နားလည်ရန် လွန်စွာမှ ခက်ခဲသည့်သူများ ဖြစ်သည် မဟုတ်ပါလား။
ဆန်းလျန် သူ့ကိုယ်သူ မေးခွန်းထုတ်နေ မိသည်။ သူတို့သာ ဆန်းလျန်ကို ဒုက္ခပေးလိုစိတ် ရှိလျှင် အားစိုက်စရာ မလိုဘဲ အလိုလို ပျက်စီးသွားအောင် လုပ်၍ရလေသည်။
ထူးခြားသည့် အချက်မှာ ထို ဝံပုလွေနတ်ဘုရား၏ စိတ်ခံစားချက်များမှာ နက်နက်ရှိုင်းရှိုင်း ရှိလှလေသည်။ သူတို့က သာမန်နတ်မိစ္ဆာများတော့ မဟုတ်ပေ။ ထို့ပြင် ဉာဏ်ပညာ အဆင့်မြင့်လည်း လွန်းလေသည်။
ဆန်းလျန်က ချယ်လန်းတောင်ကြီးကို နောက်ပြန်လှည့်ကြည့် လိုက်မိသည့် အခါတွင်တော့ ရှင်းချွိပင်း၏ လေးနက်သည့် အကြည့်များနှင့် ရှင်းစစ်စစ်နျန်၏ လှပသည့် မျက်နှာလေးကို တွေ့လိုက် ရလေသည်။
ဆန်းလျန်၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း သူ၏ စိတ်ထဲတွင်တော့ အတွေးများစွာ လွှမ်းမိုး နေလေသည်။ ရှင်းချွိပင်းသာ လိမ်ပြောခြင်း မဟုတ်လျှင် ချင်းရွှမ်နတ်တံခါး ဖွင့်သည့် အချိန်မှာ သူ့အတွက် အခွင့်အရေးကောင်းပင် ဖြစ်လေသည်။
ကျင့်စဉ်လမ်းမှန်ကို မည်သို့ ကျင့်ကြံရမည်ကို သိရှိရန် အကောင်းဆုံး နည်းလမ်းမှာ နတ်ဘုရား တံခါးသို့ ဝင်ရောက်နိုင်အောင် ကြိုးစားခြင်းပင် ဖြစ်လေသည်။
သွားရမည့် ခရီးလမ်းမှာ တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်သန်းကောင်း ဖြတ်သန်းရမည် ဖြစ်လေသည်။ နှစ်ပေါင်းတစ်ရာခန့်လည်း ကြာချင်ကြာသွား နိုင်လေသည်။ သို့သော် ဆန်းလျန် မည်သည့်အခါမျှ နောင်တ ရလိမ့်မည် မဟုတ်ပါ။
ဆန်းလျန်မှာ အပျင်းကြီးသူ တစ်ယောက် ဖြစ်သော်လည်း သူလုပ်မည်ဟု ဆုံးဖြတ်လိုက်ပြီ ဆိုလျှင်တော့ နောက်ပြန်လှည့် မကြည့်စတမ်း လုပ်တတ်သူ ဖြစ်လေသည်။
နတ်ဘုရားကျင့်စဉ် လမ်းမှာ အတိုင်းအတာ မရှိသည့်လမ်း ဖြစ်လေသည်။ အခွင့်အရေး နည်းသည်ဖြစ်စေ။ များသည်ဖြစ်စေ မည်သည့် အခွင့်အရေးကိုမဆို သူလက်လွှတ်မခံနိုင်ပေ။
ဆန်းလျန် တည်းခိုရိပ်သာသို့ ပြန်လည်ရောက်ရှိသည့် အချိန်တွင် အလွန်ပင် ညဉ့်နက်နေပြီ ဖြစ်လေသည်။
ညဉ့်နက်သည်ထိ မအိပ်တတ်ဘဲ အလုပ်ကြိုးသည့် အိမ်တော်ထိန်း ဝူပင်လျှင် ဆန်းလျန် ပြန်ရောက်သည့် အချိန်တွင် အိပ်ပျော်နေပြီ ဖြစ်လေသည်။
ဆန်းလျန် တည်းခိုရိပ်သာအတွင်းသို့ ဝင်လိုက်သည်နှင့် အိမ်တော်ထိန်း ဝူအစား ပိုင်ယွိဖေးကို တွေ့လိုက်ရလေသည်။
“ဒီနေ့ညပိုင်း အလုပ်လုပ်ရတာလား”
ဆန်းလျန်က မေးလိုက်လေသည်။ အိမ်တော်ထိန်းဝူကသာ ညဘက်တွင် လုပ်ရမည့် အလုပ်များ ကို အစီအစဉ် ရေးဆွဲနေတတ်ပြီး ပိုင်ယွိဖေး ညဘက် အလုပ်လုပ်သည်ကို သူတစ်ခါမှ မမြင်မိပေ။
“ညပိုင်းအလုပ် မဟုတ်ပါဘူး။ မင်းပြန်လာတာကို စောင့်နေတာ”
ပိုင်ယွိဖေးက ပြုံးပြလိုက်ရင်း အဖြေပေးလိုက်လေသည်။
“မင်း ငါ့ကို ပြောစရာ ရှိလို့လား”
“မင်းမကြာခင် ခရီးထွက်တော့မှာ ငါသိနေလို့။ မင်းကို အရက်ဝယ်တိုက်မလို့ အိမ်တော်ထိန်း ဝူဆီက လစာကြိုထုတ် ထားတယ်။ မင်းငါနဲ့အတူ အရက်သောက်မလား”
“အလကား သောက်ရတာပဲ ငြင်းစရာလားကွ”
ဆန်းလျန်က ပြုံးရင်း ပြန်ပြောလိုက်လေသည်။
ပိုင်ယွိဖေးမှာ တကယ်တော်သည့် လူတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် တည်းခို ရိပ်သာတွင် ပိုင်ယွိဖေး ရှိနေပါက ဆန်းလျန်အနေဖြင့် စိတ်ချနိုင်မည် ဖြစ်လေသည်။
“ဘာမှတော့ မဟုတ်ပါဘူးကွာ။ မင်းနဲ့ အရက်သောက်ချင်ရုံ လေးပါ။ မင်းကို တစ်ခါလောက် မူးအောင် တိုက်လိုက်ချင်တာ”
ပိုင်ယွိဖေးက ရယ်မောရင်း ပြောလိုက်လေသည်။
***