← Chapters

အရက်မူးသည့်ည

Vol. 1 Ch. 48

အရက်မူးသည့်ည

Vol. 1 Ch. 48

“ဒီအရက်က ဓားတစ်လက်လိုပဲ။ မျိုချလိုက်တိုင်း မင်းရဲ့လည်ပင်းထဲ ပူဆင်း သွားလိမ့်မယ်”

“မီးဓား” ဆိုသည်မှာ အလွန် ဈေးကြီးသော အရက်၏ အမည်ဖြစ်လေသည်။

သာမန်အားဖြင့် အရက်ကောင်းများမှာ ဈေးကြီးပြီး မကောင်းသည့် အရက်များက ဈေးပေါသည်ဟု လူအများစု သိထားကြသည်။ သို့သော် ထိုယူဆချက်က အမြဲတမ်းလည်း မမှန်ကန်နိုင်ပါ။ သောက်၍ မကောင်းပါက ဈေးကြီးသည့်တိုင် အရက်ကောင်းဟု မခေါ်နိုင်ပေ။

ဆန်းလျန်က အရက်သောက်လေ့ ရှိပါသည်။ သို့သော် သူက အစိမ်းရောင် အမြှုပ်လေးများ ပါသည့် “လွိယီ” ဆန်အရက်ကိုသာ သောက်တတ်လေသည်။ ထိုအရက်က အရက်ပမာဏ ပါဝင်မှု နည်းလေသည်။

လည်ချောင်းထဲသို့ မီးစကြီး တိုးဝင်သွားသလို စီးဝင်သွားသည့် အရက်မှာ လုံးဝသောက်၍ ကောင်းသည့်အရက် မဟုတ်ပေ။  ထို့ပြင် “မီးဓား” အရက်မှာ အရက်ပါဝင်မှုနှုန်း အလွန်မြင့်မား လေသည်။

သို့သော် ဆန်းလျန်ကတော့ ထိုအရက်ကို အငမ်းမရ သောက်ချ လိုက်လေတော့သည်။ နူးညံ့ သိမ်မွေ့စွာ နေတတ်သည့် ဆန်းလျန်ကဲ့သို့သော လူမျိုးသည် ထိုကဲ့သို့ အသောက်ကြမ်းလိမ့်မည်ဟု မည်သူမျှ ထင်ကြလိမ့်မည်မဟုတ်ပေ။ ပိုင်ယွိဖေးမှာ အလွန်ပင် အံ့အားသင့်နေလေတော့သည်။

သူက ဆန်းလျန်အတွက် အရက်နှင့် မြေပဲကြော်သာ ဝယ်ထားခြင်း ဖြစ်လေသည်။

သူရသည့် လစာနှင့် ထိုမျှလောက်ပဲ တတ်နိုင်သောကြောင့် ဖြစ်လေသည်။

ဆန်းလျန်မှာ တည်းခိုရိပ်သာ ပိုင်ရှင်ဖြစ်သောကြောင့် သူစားချင်သည့် ဟင်းလျာများကို မှာယူ စားသောက်လို့ ရလေသည်။ သို့သော် သူက ပိုင်ယွိဖေး ဝယ်ကျွေးသည့် အရက်နှင့် မြေပဲကြော်ကိုသာ စားဖို့ဆုံးဖြတ် ထားလေသည်။

ပိုင်ယွိဖေးမှာလည်း ထို့အတူပင် ဖြစ်လေသည်။

“မင်းဒီလောက် အသောက်ကြမ်းမယ်လို့ ငါထင်မထားဘူး”

ပိုင်ယွိဖေးက ဆန်းလျန်၏ ပခုံးကို ပုတ်ရင်း ပြောလိုက်လေသည်။ ပိုင်ယွိဖေးမှာ အခြားသူများနှင့်လည်း အရက်သောက်ဖူးပါသည်။ သို့သော် ဆန်းလျန်နှင့် အရက်သောက်ရသည်က တစ်မူထူးခြားလေသည်။ ဆန်းလျန်မှာ အရှိန်အဝါ ကြီးမားသူတစ်ယောက် ဖြစ်ပြီး သူ့အနားတွင် ရှိသည့် လူများကို စိတ်ငြိမ်းချမ်းစေသည့် ခံစားချက်ကို ပေးစွမ်းနိုင်လေသည်။ ဆန်းလျန်နှင့်သာ သူငယ်ချင်း ဖြစ်ခွင့်ရပါက သူ့ကို အမြဲတမ်း မှီခိုသွားနိုင်သည့် မိတ်ဆွေကောင်းမျိုး ဖြစ်လေသည်။

ပိုင်ယွိဖေးမှာ အခြားသူများနှင့် အရက်သောက်လျှင် အထူး သတိထားလေသည်။ သို့သော် ဆန်းလျန်နှင့် ဆိုလျှင်တော့ သတိထားစရာ မလိုပေ။ အားလုံးက အဆင်ပြေသွားမည် ဖြစ်လေသည်။ ဆန်းလျန်ဆိုသည်မှာ စကြာဝဠာ တစ်ခုလုံးတွင် တစ်ယောက်တည်းရှိသည့် ဆန်းလျန်ဖြစ်သည် မဟုတ်ပါလား။

“ငါဘယ်မှာ အသောက်ကြမ်းလို့လဲ”

ဆန်းလျန်က ခပ်ထွေထွေဖြင့် မေးလိုက်သည်။ အရက်မူးနေသည့်တိုင် သူ၏ မျက်ဝန်းများကတော့ စူးရှ ထက်မြက်နေဆဲ ဖြစ်လေသည်။

“အေးပါ မင်း အသောက်မကြမ်းပါဘူးကွာ”

ပိုင်ယွိဖေးက ရယ်ရင်း ပြန်ပြောလိုက်သည်။

“ဒါဖြင့် မင်းကရော….”

ဆန်းလျန်က ပြန်မေးလိုက်သည်။

“ဘာတုန်း….”

ပိုင်ယွိဖေးမှာလည်း မူးနေပြီ ဖြစ်လေသည်။

သူ့ဘေးတွင် အရက်အိုးဆယ်အိုးခန့် တန်းစီနေလေသည်။ သာမန်လူ တစ်ယောက် အရက်အိုး ဆယ်အိုးခန့် သောက်ထားပါက ကျိန်းသေ မှောက်နေမည် ဖြစ်လေသည်။

သို့သော် ပိုင်ယွိဖေးမှာတော့ မတ်မတ်ရပ်နိုင်သည့် အနေအထား ရှိနေသေးသည်။ သူက ကိုယ်ဖော့ပညာ အလွန်တော်သည့်အတွက် အရက်မူးနေသည့်တိုင် ဟန်ချက်ညီညီ ရပ်နေနိုင်ခြင်း ဖြစ်လေသည်။

“မင်းလည်း အသောက်ကြမ်းတဲ့ ကောင်ပဲ မဟုတ်လားလို့ ငါမေးနေတာ”

ဆန်းလျန်က အသံကျယ်ကျယ်ဖြင့် ထပ်မေးလိုက်လေသည်။ ဒီတစ်ခါတော့ ဆန်းလျန်မေးသည့် မေးခွန်းကို ပိုင်ယွိဖေး သေချာကြားရပြီ ဖြစ်လေသည်။

“ငါက အသောက် မကြမ်းရဲပါဘူးကွာ”

ပိုင်ယွိဖေးက ရယ်မောရင်း ပြန်ဖြေလိုက်လေသည်။ အရက်မူးနေသည့် အချိန်တွင် မလိုအပ်ဘဲနှင့် အသံက ပိုပြီးကျယ်ကြလေသည်။ ထို့ကြောင့် ဆန်းလျန်မှာလည်း ပိုင်ယွိဖေး၏ အဖြေကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။

ဆန်းလျန်က ဘာမှမပြောတော့ဘဲ ပိုင်ယွိဖေး၏ ပခုံးကို လှမ်းပုတ်လိုက်သည်။ သူတို့ကြားတွင် ပြောစရာစကား သိပ်မရှိတော့။ အရက် ဆက်သောက်ကြရန်သာ ရှိလေသည်။

ဆန်းလျန်မှာ တကယ်ပင် မူးနေပြီ ဖြစ်လေသည်။

အရက်မူးအောင် သောက်ရသည့် ညတစ်ည၏ အရသာမှာ ကမ္ဘာကြီးကို အုပ်စိုးရသည် ထက်ပင် ကောင်းသေးသည်။

သူပိုင်သည့် တည်းခိုရိပ်သာတွင် သူ့ဆိုင်မှ အလုပ်သမား တစ်ယောက်နှင့်အတူ မူးနေရသည့် အရသာမှာ ပို၍ ကောင်းလေသည်။

ပိုင်ယွိဖေးတွင် မည်သည့်လျှို့ဝှက် အကြံအစည်မှ ရှိမနေပါ။ သူက ဆန်းလျန်နှင့် အရက်အတူ သောက်ချင်သည့် ဆန္ဒ တစ်ခုတည်းသာရှိခြင်း ဖြစ်လေသည်။ ထို့ကြောင့်လည်း ဆန်းလျန်က သူနှင့်အတူ အရက်သောက်ခြင်း ဖြစ်လေသည်။

ဆန်းလျန်က မည်သည့်အခါမှ အရက်မူးအောင် မသောက်တတ်ပေ။ အဘယ်ကြောင့်ဆိုသော် သတိထားခြင်းက မှားသည်ဟူ၍ မရှိဟု သူက ခံယူထားသောကြောင့် ဖြစ်လေသည်။

ပိုင်ယွိဖေးမှာတော့ အရက်အလွန် အသောက်ကြမ်းသည့် သူတစ်ယောက် ဖြစ်လေသည်။ သို့သော် သူ့တွင် မိတ်ဆွေ အပေါင်းအသင်း အများကြီး မရှိပေ။ ရန်သူသာလျှင် ရှိလေသည်။ ထို့ကြောင့် သူက မူးအောင် မသောက်ရဲခြင်း ဖြစ်လေသည်။ တစ်ခါလောက် အရက်မူးအောင် သောက်လိုက် မိသည်နှင့် နောက်တစ်ခါ သောက်ခွင့် မရတော့အောင် အသက်ပျောက်သွား နိုင်ချေ ရှိလေသည်။

သို့သော် ယနေ့ညတော့ ထိုသူနှစ်ယောက်မှာ အမူးလွန်အောင် သောက်နေ ကြလေတော့သည်။

ဆန်းလျန် သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့် အချိန်တွင်တော့ နေ့လည်ခင်း အချိန်သို့ပင် ရောက်နေပြီဖြစ်လေသည်။

နှစ်နှစ် အတွင်းတွင် ပထမဆုံးအကြိမ် နေဖင်ထိုးသည်အထိ အိပ်မိခြင်း ဖြစ်လေသည်။ အသက် အမူးလွန်ပြီး မအီမသာ ဖြစ်နေရလေသည်။

မနေ့ညက သူ အရက် အလွန်အကျွံ သောက်ခဲ့သည်ကို သတိရလိုက်မိသည်။

ပိုင်ယွိဖေးမှာ အရက်ဆယ့်နှစ်အိုး သောက်ပြီးသည့် အချိန်တွင်တော့ မူးပြီး မှောက်သွား လေသည်။ ပိုင်ယွိဖေး မှောက်သွားသည့် အချိန်ထိ ဆန်းလျန်မှာ အေးအေး ဆေးဆေးပင် ရှိနေ သေးသည်။

သို့သော် ဘယ်လောက်ထိ သောက်ပြီးမှ မှောက်သွားသည်လဲ ဆိုသည်ကိုတော့ ဆန်းလျန် ကိုယ်တိုင်လည်း မသိတော့ပေ။

ဆန်းလျန် တစ်ခုသိလိုက်သည်မှာ ပိုင်ယွိဖေး တစ်ယောက်တည်းသာ အရက်ကို ဒကာခံသည် မဟုတ်။ အိမ်တော်ထိန်း ဝူကလည်း ပိုက်ဆံ ပေးထားသေးသည် ဆိုသည့် အချက်ပင်။

အိပ်ရာမှာ အလွန်နူးညံ့ပြီး သက်သောင့်သက်သာ ရှိလေသည်။ သို့သော် အပြင်ဘက်တွင်တော့ ရာသီဥတုက အလွန်အေးစိမ့် နေလေသည်။

ဤကဲ့သို့သော ရာသီဥတုမျိုးတွင် လူအများစုမှာ အိပ်ရာထဲတွင်သာ အနေများကြ လေသည်။

အလွန် နာမည်ကြီးသည့် ဆိုရိုးစကား တစ်ခု ရှိလေသည်။

“သေလျှင် ထာဝရအိပ်ရမည် ဖြစ်သောကြောင့် အကြာကြီး အိပ်မနေသင့်”

ဟူသည့် စကားပုံ ဖြစ်လေသည်။

အမှန်တော့ ဆန်းလျန်မှာ အအိပ်အနေ နည်းသည့် လူတစ်ယောက် ဖြစ်လေသည်။

သူ တည်းခိုရိပ်သာသို့ ဆင်းလာသည့် အချိန်တွင်တော့ ပိုင်ယွိဖေးမှာ အလုပ်ပင် လုပ်နေပြီ ဖြစ်လေသည်။ သူက အလုပ်ကြိုးစားသူ တစ်ယောက်ဖြစ်ပြီး မည်သူမျှ သူ့ကို သိုင်းလောကတွင် ကျော်ကြားသည့် စောရ တစ်ယောက်ဟု ထင်မည်မဟုတ်ပေ။

အမြင့်သို့ရောက်လေ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလေ ဆိုသည့် စကားနှင့် ပိုင်ယွိဖေးမှာ ကိုက်ညီ လေသည်။

ပိုင်ယွိဖေးမှာ အဆင့်မြင့် သိုင်းသမားတစ်ယောက် ဖြစ်သော်လည်း ထိပ်ဆုံးအဆင့်သို့ ရောက်ရှိခြင်း မရှိသေးပေ။ သို့သော် နောက်ထပ် ဆယ်နှစ်။ အနှစ်နှစ်ဆယ် ကြိုးစားလိုက်ပါက ထိပ်ဆုံး အဆင့်သို့ ရောက်ရှိနိုင်မည်ဟု ဆန်းလျန် ယုံကြည်ထားလေသည်။

ပိုင်ယွိဖေးမှာ တာအို ကျင့်စဉ်လမ်းနှင့် ကံမစပ်သည်မှာတော့ စိတ်မကောင်းစရာပင် ဖြစ်လေ သည်။ သို့သော် တကယ်တမ်း တွေးကြည့်လျှင် စိတ်မကောင်းစရာလည်း မရှိပါ။

တာအို ကျင့်စဉ်လမ်းရော။ သိုင်းလောက လမ်းကိုပါ မလျှောက်နိုင်သည့် သူတွေ တစ်ပုံကြီး ရှိလေသည်။ သာမန်ဘဝဖြင့်ပင် နေထိုင်သွားကြသည့် လူများမှာ ဒုနှင့်ဒေး ဖြစ်လေသည်။

အိမ်တော်ထိန်းဝူက ဆန်းလျန်ကို ဖိတ်စာလေးတစ်စောင် လာပေးလေသည်။ ဆန်းရော့ရှီ၏ ကဗျာစုစည်းမှု ပြပွဲလေးအတွက် ဖိတ်စာ ဖြစ်လေသည်။

ဖိတ်စာလေးမှာ ခရမ်းရောင်လေး ဖြစ်နေလေသည်။

ခရမ်းရောင်ဖိတ်စာ ဆိုသည်မှာ အထူးဧည့်သည်တော်များကို ဖိတ်သည့်ဖိတ်စာ ဖြစ်လေသည်။

ဆန်းရော့ရှီ၏ ကဗျာစုစည်းမှု ပြပွဲလေးမှာ ချင်ပြည်နယ် မြို့တော်တွင် သတင်းကြီး နေလေတော့သည်။

တကယ်တော့ ဆန်းရော့ရှီက သူမ၏ ကဗျာစုစည်းမှု ပြပွဲလေးအတွက် မိသားစုနှစ်စု လောက်ကိုသာ ဖိတ်ကြားထားခြင်း ဖြစ်လေသည်။ သို့သော်လည်း လူများ အလယ်တွင် မထင်မှတ်ပဲ ရေပန်းစားသွားပြီး နာမည် ကြီးသွားခဲ့ခြင်း ဖြစ်လေသည်။

မက်မွန်ပန်းပွဲတော်နှင့် ကဗျာစုစည်းမှု ပြပွဲလေးကို ဆန်းအိမ်တော်တွင် ပြုလုပ်မည် ဖြစ်လေသည်။ လမ်းပေါ်တွင် မြင်းလှည်းများဖြင့် ပြည့်နေပြီး လူပေါင်းများစွာ စည်ကားလျက် ရှိလေသည်။

အရည်အချင်း ရှိသော ယောက်ျားလေးများကတော့ ချမ်းသာသည့် ကုန်သည် သူဌေးကြီး၏ အိမ်မှ လှပသည့် မိန်းကလေးကို ပိုးပန်းရန်အတွက် ရောက်လာ ကြလေသည်။ သို့သော် မင်းမျိုးမင်းနွယ် များတော့ ရောက်လာကြခြင်း မရှိပါ။

လူဆင်းရဲများမှာ မင်းမျိုးမင်းနွယ်များ ကဲ့သို့ တိုင်းပြည်ကိစ္စများကို စိတ်မဝင်စားနိုင်ပေ။ ဖျော်ဖြေရေး ပွဲများလည်း မရှိသောကြောင့် ငြီးငွေ့စရာ ကောင်းသော ဘဝကို ပိုင်ဆိုင်ထားကြ ရလေသည်။ လူတစ်ယောက်သည် ဆင်းရဲပြီဆိုလျှင် အသားတစ်တုံးနှင့် အရက်တစ်ခွက်မျှ စားသောက် ရလျှင်လည်း ပျော်ရွှင်စရာပင် ဖြစ်လေသည်။

ဆန်းရော့ရှီမှာ ချမ်းသာသည့် မိသားစုမှ သမီးပျိုတစ်ယောက် ဖြစ်လေသည်။ သူမ၏ ဘဝတစ်ယောက်လုံး ဆင်းရဲ ချို့တဲ့ခြင်းကို မသိမြင်ခဲ့ရပေ။

မိန်းမပျိုလေးများမှာ များသောအားဖြင့် ကဗျာများကို စိတ်ဝင်စားကြလေသည်။ သို့သော် ဆင်းရဲသည့် မိသားစုမှ မိန်းမပျိုလေးများမှာတော့ ကဗျာစာပေများကို စိတ်ဝင်စားသည့်တိုင် လိုက်စား နိုင်ခြင်း မရှိကြပေ။

ဆန်းရော့ရှီမှာ အလွန်ကံကောင်းသည့် မိန်းကလေးပင် ဖြစ်လေသည်။ သူမက ကိုယ်ပိုင်ကဗျာ ရေးစပ်နိုင်စွမ်း ရှိလေသည်။ သို့မဟုတ် သူမအတွက် ကဗျာရေးပေးမည့် လူတစ်ယောက် ရှိလေသည်။

ချင်ပြည်နယ်မှာ စာပေပညာ အားနည်းသည့် ဒေသတစ်ခု ဖြစ်လေသည်။ ကဗျာစုစည်းမှု ပြပွဲလေး ပြီးသွားသည့် အချိန်တွင်တော့ မည်သူမျှ ကဗျာ စာပေများကို သိပ်ပြီးနားလည် သုံးသပ် နိုင်ကြသည့်ပုံ မပေါ်ပေ။ သို့သော်လည်း အားလုံးမှာ စိတ်များ ပျော်ရွှင် နေကြသည်မှာတော့ သိသာ လေသည်။

“ဆောင်းတွင်းကာလ တောထဲမှာ ပွင့်လန်းနေတဲ့ မက်မွန်ပန်းတွေ…

ကြုံတောင့်ကြုံခဲ ပွင့်နေကြတဲ့ မက်မွန်ပွင့်တွေနဲ့ ချယ်ရီပွင့်တွေဟာ မတူညီပါဘူး…

ရုတ်တရက် ညကိုဖြတ်သန်းလာတဲ့ လေပြည်လေးနဲ့

မွှေးရနံ့လေးတွေ မျောပါလာတော့….

နွေဦးက ဖြည်းညင်းစွာ ဝင်ရောက် လာပါရောလား…"

ဆန်းရော့ရှီက ကဗျာလေးကို ဖြည်းဖြည်းမှန်မှန်ဖြင့် အလွတ်ရွတ်ဆို သွားခြင်း ဖြစ်လေသည်။ သို့သော်လည်း ကဗျာ၏ ရသမြောက်ခြင်းမှာ ပေါ်လွင်နေလေသည်။

ကဗျာကို ကြားသည်နှင့် နားထောင်နေကြသည့် လူအုပ်ကြီး၏ မျက်နှာတွင် ကြည်နူးပီတိ ဖြစ်သည့် အရိပ်အယောင်များဖြင့် ဖုံးလွှမ်းသွားလေသည်။

စာပေပညာရှင် လူငယ် နှစ်ယောက်လောက်က ဤသို့ အသက် ငယ်ငယ်ရွယ်ရွယ်နှင့် မိန်းကလေး တစ်ယောက်က ဤမျှ ကောင်းမွန်သော ကဗျာကို ရွတ်ဆိုရေးဖွဲ့ နိုင်သည့်အတွက် အထင်ကြီး လေးစား စွာဖြင့် ဦးညွှတ် အရိုအသေ ပေးသွားကြလေသည်။

ကဗျာ၏ အဓိပ္ပာယ်က စွဲဆောင်မှု ရှိရုံသာမက ကဗျာ၏ ယဉ်ကျေးမှု အဆင့်အတန်းလည်း မြင့်မားလေသည်။

လူဆိုသည်က မွေးဖွားလာစတွင် ဖြူစင်ကြသည့်တိုင် ဥစ္စာဓန ကြွယ်ဝလာကြသည့် အခါ တွင်တော့ စိတ်ကြီးဝင် မာန်တက် လာတတ်ကြလေသည်။

သို့သော် နှစ်ပေါင်းများစွာ ကြာရှည်ခံသည့် သီချင်းကဗျာ တစ်ပုဒ်၏ အနှစ်သာရကတော့ လူသားဆန်မှုကို ပြန်လည်သယ်ဆောင် ပေးလေသည်။

ဆန်းရော့ရှီမှာ စင်မြင့်ထက်တွင် မျက်နှာကို ပဝါစလေးဖြင့်ဖုံးထားပြီး ရပ်နေလေသည်။ သူမက ဆန်းလျန်သင်ပေးသွားသည့် ထိုမက်မွန်ပန်း ကဗျာလေးကို နောက်ဆုံးကျမှ ရွတ်ခြင်း ဖြစ်လေသည်။

ကဗျာ ဖွဲ့စည်းပုံမှာ ငြိမ်သက်ပြီး အေးဆေးလေသည်။ လူများက ကဗျာကို အလွန်နှစ်သက် ကြလေသည်။ ဆန်းရော့ရှီမှာ ဆန်းလျန် ကဗျာလေးကို ဒုတိယအကြိမ် ရွတ်ပြသည်ကို ထပ်ပြီး ကြားချင်နေမိသည်။

ထိုကဗျာလေးက သူမ၏ အစ်ကိုဝမ်းကွဲ ဖြစ်သူကို ပိုပြီး နားလည်လာသလို ခံစားလိုက်ရသည်။

သို့သော် ဆန်းလျန်ကတော့ သူမအနားတွင် ရှိမနေခဲ့ပါ။ လူအုပ်ထဲတွင် ဆန်းလျန်ကိုများ တွေ့ရ မလားဟု သူမ ရှာကြည့်လိုက်မိ လေသည်။

သို့သော် သူမကို လက်ဝှေ့ယမ်း ပြသွားပြီး ဆောင်းည အမှောင်ထဲတွင် ပျောက်ကွယ် သွားသည့် လူတစ်ယောက်ကိုတော့ သူမ သတိပြုမိလိုက်ခြင်း မရှိပါ။

တရုတ်နှစ် ဆယ့်နှစ်လမှာ ကုန်ဆုံးခါနီးပြီ ဖြစ်ပြီး သိပ်မကြာခင် နွေဦးသို့ ရောက်တော့မည် ဖြစ်လေသည်။

***

All Chapters